အခန်း (၁၃၉၆-၁၃၉၈)
Vol. 94 Ch. 1396-1398
အခန်း (၁၃၉၆)
လေဟုန်ယွမ်နှင့် ပြန်လည်ဆုံတွေ့ခြင်း
လျံဟွာ ကြယ်နယ်မြေ။
ထျန်းကျိရဲတိုက်၏ အပြင်ဘက်တွင်။
ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ငါး ရှိသော လုချန်း၏ ကိုယ်ပွားသည် သူ၏ ရှေ့မှ ထျန်းကျိရဲတိုက်ကြီးကို ကြည့်ကာ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။
ပြီးခဲ့သည့် အကြိမ်တုန်းက ဗဟိုကြယ်နယ်မြေသို့ ရောက်ရှိရန်နှင့် ရှန်ယွဲ့နိုင်ငံသို့ အချိန်တိုအတွင်း ရောက်နိုင်ရန်အတွက် ထျန်းကျိရဲတိုက်၏ ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို သူ အသုံးပြုခဲ့ဖူးသည်။
အစက ယန်ယန် နန်းတော် တည်ရှိရာ ကြယ်နယ်မြေသို့ သွားရောက်ရန်အတွက် ထျန်းကျိရဲတိုက်၏ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို ဆက်လက် အသုံးပြုရန် လုချန်းက စဉ်စားထားခဲ့၏။ သို့သော်လည်း ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုနှင့် ထျန်းကျိရဲတိုက်သခင်တို့ သဘောထားကွဲလွဲခဲ့ကြပြီး သူမသည် လူတစ်စုနှင့်အတူ ထျန်းကျိရဲတိုက်မှ ထွက်ခွာသွားကြောင်း လမ်းခရီးတွင် သူ ကြားသိခဲ့ရသည်။
ပြီးခဲ့သည့် အကြိမ်က တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုနိုင်ခဲ့ခြင်းမှာ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုကြောင့် ဖြစ်၏။ ယခု သူမ ထျန်းကျိရဲတိုက်တွင် မရှိတော့ပေ။ ထို့ကြောင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို နောက်တစ်ကြိမ် အသုံးပြုရန် သူ့၌ နည်းလမ်းမရှိတော့ပေ။
ယခုအချိန်တွင် ထျန်းကျိရဲတိုက်သို့ သွားရောက်ကာ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုနှင့် သူ၏ ပတ်သက်မှုကို ထုတ်ဖော်ပြောဆိုလိုက်လျှင် ထျန်းကျိရဲတိုက်မှ လူများကိုပင် စိတ်ဆိုးဒေါသထွက်စေနိုင်သည်။
လုချန်းက
“ထားလိုက်တော့။ ဒီတစ်ခေါက်တော့ ကြယ်နယ်မြေ တစ်ခုချင်းဆီကိုပဲ ကူးပြီး ရိုးရိုး ကြယ်နယ်မြေ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကိုပဲ သုံးတော့မယ်”
ဟု တစ်ဦးတည်း ရေရွတ်လိုက်သည်။
ထိုသို့ ပြောပြီးနောက် ထျန်းကျိရဲတိုက်မှ ထွက်ခွာရန် လုချန်း လှည့်ထွက်လိုက်သည်။
လုချန်း လှည့်လိုက်သည့် ခဏ၌ လမ်းပေါ်ရှိ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး သူ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားလိုက်၏။
သူမ၏ မျက်နှာသည် အလွန်အေးစက်နေ၏။ သူမသည် အရပ်ရှည်ကာ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် ခြေတံရှည်များ ရှိသည်။ သူမသည် လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ထားရာ အမျိုးသမီးသူရဲကောင်းတစ်ဦးနှင့် တူလှသည်။
အင်အားကြီးမားသော အငွေ့အသက်များ ထွက်ပေါ်နေသည့် အဘွားအိုတစ်ဦးသည်လည်း ထိုအမျိုးသမီးနောက်မှ လိုက်ပါလာ၏။ ထို့ကြောင့် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးအနီးသို့ အခြားသူများ မချဉ်းကပ်ရဲကြပေ။
အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကို လုချန်းက ကြည့်လိုက်လျှင် သူမ၏ အကြည့်ကလည်း သူ၏ အကြည့်နှင့် ဆုံသွားသည်။ သူတို့နှစ်ဦး၏ မျက်လုံးများသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်မိသွားကြ၏။
ခဏအတွင်းမှာပင် သူတို့၏ မျက်ဝန်းများမှ လျှပ်စစ်ဓာတ်များ စီးဆင်းသွားသကဲ့သို့ ခံစားရပြီး သူတို့၏ စိတ်အာရုံများလည်း တုန်ခါသွားသည်။
လျံဟွာ ကြယ်နယ်မြေတွင် လေဟုန်ယွမ်နှင့် ဆုံတွေ့ရလိမ့်မည်ဟု လုချန်း မထင်မှတ်ထားခဲ့ပေ။ လေဟုန်ယွမ်သည် သူ့ကို ရှာရန်အတွက် ဖရိုဖရဲကြယ်ပင်လယ်သို့ ပြန်ရန် ပြင်နေပုံ ရသည်။
လုချန်းကို လေဟုန်ယွမ် ကြည့်လိုက်ပြီး သူသည် ပြန်လည်ပျက်စီးခြင်း အဆင့်ငါးတွင်သာ ရှိသေးကြောင်း သတိပြုမိသွားသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ လက်ထပ်ခြင်း ကြိုးမျှင်က လုချန်းနှင့် တစ်စိတ်တစ်ပိုင်းသာ ဆက်နွှယ်နေသည်ကို မြင်လျှင် ၎င်းသည် လုချန်း၏ ကိုယ်ပွားတစ်ခုသာ ဖြစ်ကြောင်းလည်း သူမ ချက်ချင်း သိလိုက်၏။
လေဟုန်ယွမ် ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်လျှင် ဘေးနားရှိ ရန်ယွဲ့ ဧကရာဇ်က
“သူတော်စင်မ...ဘာဖြစ်လို့လဲ”
လေဟုန်ယွမ် သတိပြန်ဝင်လာပြီး မည်သည့် အမူအရာမှ မပြပဲ
“ဘာမှ မဟုတ်ပါဘူး”
ဟု တုံ့ပြန်လိုက်သည်။
ထိုသို့ ပြောပြီးနောက် လေဟုန်ယွမ်သည် ထျန်းကျိရဲတိုက်သို့ ဆက်လက် လျှောက်လှမ်းသွားပြီး လုချန်းကို မသိသလိုပင် ဖြတ်ကျော်သွားသည်။
လေဟုန်ယွမ်က သူ့အား လျစ်လျူရှုသွားသည်ကို မြင်သော်လည်း လုချန်း သူမကို စကားမပြောခဲ့ပေ။ သူမဘေးရှိ ဧကရာဇ်သည် လေဟုန်ယွမ်ကို စောင့်ကြည့်ရန် အသက်ကယ် ဧကရီက စေလွှတ်ထားသူ ဖြစ်နိုင်ကြောင်းကို သူ သိမြင်လိုက်သောကြောင့်ဖြစ်သည်။
စောင့်ကြည့်သူ ရှိနေသဖြင့် လေဟုန်ယွမ် အနေနှင့် သူနှင့် စကားပြောရန် အဆင်မပြေတာက အမှန်ပင် ဖြစ်သည်။ သို့သော်လည်း လေဟုန်ယွမ် ဖရိုဖရဲကြယ်ပင်လယ်သို့ ပြန်ရောက်သွားလျှင် ရန်ယွဲ့ ဧကရာဇ်၏ အာရုံခံမှုကို လုချန်း ပိတ်ဆို့ထားနိုင်သည်။ ထိုအခါ လေဟုန်ယွမ်လည်း သူနှင့် သီးသန့် တွေ့ဆုံနိုင်မည် ဖြစ်သည်။
လုချန်းလည်း ထိုကိစ္စကို သိပ်ဂရုမစိုက်တော့ပဲ အဝေးသို့ ဆက်လက် ထွက်ခွာခဲ့သည်။
ထိုအခိုက်အတန့်တွင် ရန်ယွဲ့ ဧကရာဇ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး
“သူတော်စင်မ...ခဏစောင့်ပါဦး”
ထိုအရာကို ကြားလျှင် လေဟုန်ယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အမူအရာမဲ့စွာဖြင့်
“ဘာဖြစ်လို့လဲ”
ရန်ယွဲ့ ဧကရာဇ်က သူမ၏ မေးခွန်းကို ချက်ချင်း မဖြေပေ။ လုချန်း၏ ကျောပြင်ကို လှည့်ကြည့်ကာ
“ရှေ့က လူငယ်...ခဏလောက် စောင့်ပါဦး”
ရန်ယွဲ့ ဧကရာဇ်က သူ့ကို ခေါ်နေသည်ကို လုချန်းသည် သတိမထားမိပဲ ဆက်လျှောက်နေ၏။ သို့သော်လည်း နောက်တစ်စက္ကန့်၌ အင်အားကြီးမားသော စွမ်းအားတစ်ခု သူ့ထံသို့ ကျရောက်လာပြီး သူ့ကို မလှုပ်ရှားနိုင်အောင် တားဆီးလိုက်သည်။
ရန်ယွဲ့ ဧကရာဇ်က လုချန်းကို ရုတ်တရက် တိုက်ခိုက်သည်ကို မြင်လျှင် လေဟုန်ယွမ်၏ မျက်နှာ ချက်ချင်း ပျက်သွားသည်။
သူမ လုချန်းကို ခဏခန့် စိုက်ကြည့်မိခဲ့လို့ ရန်ယွဲ့ ဧကရာဇ်ကို သံသယဝင်သွားစေတာလား...
လေဟုန်ယွမ် အတွေးထဲ နစ်မြောနေစဉ် လုချန်းက ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်ပြီး အတင်းပြုံးလိုက်ကာ
“ဝါစဉ်ကြီးသူ...ကျွန်တော့်ကို ဘာခိုင်းမလို့ပါလဲ”
ရန်ယွဲ့ ဧကရာဇ်က
“မင်းမှာ ကြီးမားတဲ့ ကံစွမ်းအားတွေ ရှိနေတာကို ငါ တွေ့ရတယ်။ မင်းက ဘယ်နိုင်ငံရဲ့ မင်းသားလဲဆိုတာ သိပါရစေ။”
“ဝါစဉ်ကြီးသူ... ကျွန်တော်က သာမန်မိသားစုက လာတာပါ။ ဘယ်တော်ဝင်မိသားစုကမှ မဟုတ်ပါဘူး”
ရန်ယွဲ့ ဧကရာဇ်က သံသယဖြင့်
“ဟုတ်လို့လား”
ထို့နောက် ရန်ယွဲ့ ဧကရာဇ်သည် သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုကာ လုချန်း၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ ဤခန္ဓာကိုယ်သည် ကိုယ်ပွားတစ်ခု မဟုတ်ကြောင်း သူမ တွေ့ရှိသွား၏။
ထိုအခါ သူမ ချက်ချင်းပင် အလွန် ဝမ်းသာသွား၏။
ဒါက တကယ့် ရတနာတစ်ခု ဖြစ်သည်။ ဒီလို ဝေးလံတဲ့ ကြယ်နယ်မြေမှာ ဒီလောက် အရည်အချင်းရှိတဲ့သူနှင့် ဆုံရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ရန်ယွဲ့ ဧကရာဇ်က
“မင်းရဲ့ အရိုးသက်တမ်းအရဆိုရင် မင်းက ဒီနှစ်မှာ ဆယ့်ခြောက်နှစ်ပဲ ရှိဦးမယ်”
“ဟုတ်ပါတယ် ဝါစဉ်ကြီးသူ”
ဟု လုချန်းက တုံ့ပြန်လိုက်၏။
ရန်ယွဲ့ ဧကရာဇ်က လေဟုန်ယွမ်ဘက်သို့ လှည့်ကာ
“သူတော်စင်မ...ဆယ့်ခြောက်နှစ်နဲ့ ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ငါးတဲ့။ ဒီလောက် အရည်အချင်းရှိတဲ့ နတ်မျိုးစေ့မျိုး ယန်ယန် နန်းတော်မှာ မတွေ့ရတာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ။”
ရန်ယွဲ့ ဧကရာဇ်၏ စကားကို ကြားလျှင် လေဟုန်ယွမ် ဇဝေဇဝါ ဖြစ်သွားသည်။ ၎င်းသည် လုချန်း၏ ကိုယ်ပွားတစ်ခုသာ ဖြစ်ကြောင်း သူမ ပြောနိုင်သော်လည်း ရန်ယွဲ့ ဧကရာဇ်က ဘာကြောင့် ဤခန္ဓာကိုယ်သည် ကိုယ်ပွားမဟုတ်ဟု ထင်နေရသနည်း။
ဧကရာဇ်တစ်ဦး၏ စိတ်ဝိညာဉ် စွမ်းအားဖြင့်ဆိုလျှင် ကိုယ်ပွားတစ်ခုကို အလွယ်တကူ ခွဲခြားနိုင်ရမည် မဟုတ်ပါလား။
“သူက သူတော်စင် အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်ပွား ဖြစ်နေနိုင်တယ်လို့ ရှင် မသံသယဖြစ်ဘူးလား”
ဟု လေဟုန်ယွမ်က မေးလိုက်၏။
ရန်ယွဲ့ ဧကရာဇ်က
“သူတော်စင်မက နောက်နေတာပဲ...သူက သူတော်စင် အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်ပွားသာဆိုရင် ကျွန်မ ချက်ချင်း သိမှာပေါ့။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က ပြည့်စုံနေပြီး ပြင်းထန်တဲ့ စိတ်ဝိညာဉ် လှုပ်ခတ်မှုတွေလည်း မရှိဘူး။ သူက သာမန် ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲဆိုတာ ထင်ရှားပါတယ်”
လုချန်း စိတ်ထဲကျိတ်ပြုံးလိုက်၏။ ၎င်းသည် ကိုယ်ပွားတစ်ခုဖြစ်ကြောင်း သူမ မသိနိုင်တာသည် အံ့ဩစရာ မဟုတ်ပေ။
သူ၏ ခန္ဓာကိုယ်ကို ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်နှင့် မူလအစစွမ်းအားတို့ကို ပေါင်းစပ်ကာ အသစ်စက်စက် ဖန်တီးထားခြင်း ဖြစ်သည်။ တကယ်တော့ သူ၏ ခန္ဓာကိုယ်အားလုံးကို စိတ်ဝိညာဉ် တစ်ခုတည်းကသာ ထိန်းချုပ်ထားသဖြင့် အခြားသူများ၏ ကိုယ်ပွားသဘောမျိုး မဟုတ်ပေ။ ခန္ဓာကိုယ်အားလုံးသည် သူ၏ ပင်မခန္ဓာများကဲ့သို့ပင် ဖြစ်နေခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် ကိုယ်ပွားများကို ဖန်တီးလျှင် သူတို့၏ စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်လေ့ရှိကြ၏။
သို့သော် မပြည့်စုံသော စိတ်ဝိညာည်သာ ဖြစ်သဖြင့် အခြားအင်အားကြီးမားသော စိတ်ဝိညာဉ်များ အနေနှင့် ထိုခန္ဓာကိုယ်သည် ကိုယ်ပွားတစ်ခု ဖြစ်ကြောင်းကို အလွယ်တကူ ဖော်ထုတ်နိုင်၏။
လုချန်း၏ ခန္ဓာကိုယ်ပွားများ၏ ထူးခြားချက်က သူတို့၏ စိတ်အာရုံသည် သူတို့၏ ကျင့်စဉ်အဆင့်နှင့် ကိုက်ညီနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့် ခန္ဓာကိုယ်ရှိ စိတ်အာရုံသည် သာမန် ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် တူညီနေပေသည်။
ရန်ယွဲ့ ဧကရာဇ်၊ အသက်ကယ် ဧကရီ သို့မဟုတ် ရှန်ဝူဧကရာဇ်တို့ပင်လျှင် ဤအရာကို လုချန်း၏ မြောက်မြားလှသော ခန္ဓာကိုယ်များထဲမှ တစ်ခုသာ ဖြစ်ကြောင်း သိနိုင်မည် မဟုတ်ပေ။
ရန်ယွဲ့ ဧကရာဇ် အလွန် စိတ်လှုပ်ရှားနေသည်။ ဆယ့်ခြောက်နှစ်အရွယ်နှင့် ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ငါးရှိသော ဤသူသာ ယန်ယန် နန်းတော်သို့ ဝင်ရောက်လာလျှင် တစ်နေ့တွင် ယန်ယန် နန်းတော်၏ သူတော်စင် အမွေခံပင် ဖြစ်လာနိုင်သည်။
ရန်ယွဲ့ ဧကရာဇ်က တုံ့ဆိုင်းမနေပဲ
“ငါက ယန်ယန် နန်းတော်ကပါ။ ဒါက ငါတို့ရဲ့ သူတော်စင်မပဲ။ မင်းမှာ ကြီးမားတဲ့ အရည်အချင်းတွေ ရှိတယ်။
မင်းကို ငါတို့ ယန်ယန် နန်းတော်ကို ဝင်စေချင်တယ်။ မင်း သဘောတူလား။”
ဤကဲ့သို့သော အရည်အချင်းရှိသူကို အခြားအဖွဲ့အစည်းများသို့ ဝင်ခွင့်မပေးနိုင်ဟု သူမက စိတ်ထဲ တွေးနေသည်။ အကယ်၍ သူသာယန်ယန် နန်းတော်သို့ မဝင်လိုပါက သူပို၍ အင်အားမကြီးလာခင်မှာပင် သူ့ကို ရှင်းပစ်ရမည် ဖြစ်သည်။
ယန်ယန် နန်းတော်က ဤနတ်မျိုးစေ့ကို မရရှိနိုင်လျှင် အခြား မည်သည့်အဖွဲ့အစည်းကမှလည်း မရစေရပေ။
ဇဝေဇဝါ ဖြစ်နေသော အမူအရာနှင့်
“ဝါစဉ်ကြီးသူ...ကျွန်တော် ယန်ယန် နန်းတော်အကြောင်း တစ်ခါမှ မကြားဖူးပါဘူး။ အဲ့ဒါက ဘယ်လို အဖွဲ့အစည်းမျိုးလဲ။”
ရန်ယွဲ့ ဧကရာဇ် သံသယမဝင်စေရန်အတွက် လုချန်း အလွန် စိတ်ဝင်စားဟန် မပြရဲပေ။
ရန်ယွဲ့ ဧကရာဇ်က
“မင်းက ဝေးလံတဲ့ ကြယ်နယ်မြေက လာတာဆိုတော့ ယန်ယန် နန်းတော်အကြောင်း မကြားဖူးတာက သဘာဝကျပါတယ်။”
…………..
အခန်း (၁၃၉၇)
ယန်ယန် နန်းတော်၏ တပည့်တစ်ဦး ဖြစ်လာခြင်း
လုချန်း ရန်ယွဲ့ ဧကရာဇ်ကို သံသယရှိသော အမူအရာနှင့် ကြည့်ဟန်ဆောင်လိုက်၏။
လုချန်း၏ မျက်လုံးထဲမှ မယုံကြည်မှုကို မြင်လိုက်လျှင် ရန်ယွဲ့ ဧကရာဇ်က ဆက်လက်၍
“ယန်ယန် နန်းတော်က ဗဟိုကြယ်နယ်မြေမှာ တည်ရှိတဲ့ စကြဝဠာရဲ့ အင်အားကြီး အဖွဲ့အစည်း တစ်ခုပဲ။ သူ့ရဲ့ စုစုပေါင်း အင်အားက မြင့်မြတ်နယ်မြေ အဆင့်ရှိတဲ့ အဖွဲ့အစည်း အတော်များများထက်တောင် ပိုပြီး အင်အားကြီးသေးတယ်။”
“မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ယန်ယန် နန်းတော်ကို ဝင်နိုင်ရင် အနာဂတ်မှာ အနည်းဆုံးတော့ ယန်ယန် နန်းတော်ရဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ငါ အာမခံတယ်။”
လုချန်းက မယုံကြည်နိုင်သော အမူအရာကို ပြသရင်း
“ဝါ... ဝါစဉ်ကြီးသူ... အခုပြောတာတွေက တကယ်လား။”
“ယန်ယန် နန်းတော်က တကယ်ပဲ အင်မတန် အင်အားကြီးတဲ့... အင်အားကြီး အဖွဲ့အစည်း တစ်ခုလား။”
ရန်ယွဲ့ ဧကရာဇ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
“ငါ့လို ဧကရာဇ် အဆင့် တစ်ယောက်က ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ရှိတဲ့ ကလေးတစ်ယောက်ကို လိမ်ပြောဖို့ လိုမယ်လို့ မင်းထင်လို့လား။”
လုချန်းလည်း ထပ်မံ၍ တုံ့ဆိုင်းမနေတော့ပဲ ချက်ချင်းပင်
“ဝါစဉ်ကြီးသူ ပြောတာတွေက တကယ်ဆိုရင်တော့ ကျွန်တော် ယန်ယန် နန်းတော်ကို ဝင်ပြီး ယန်ယန် နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။”
ထိုအချိန်၌ လုချန်းက
“ဝါစဉ်ကြီးသူက အခုပဲ ယန်ယန် နန်းတော်ကို ပြန်တော့မလို့လား။”
ရန်ယွဲ့ ဧကရာဇ် ခဏခန့် တုံ့ဆိုင်းသွားပြီးနောက် လေဟုန်ယွမ်ကို လှည့်ကြည့်လိုက်သည်။ မမျှော်လင့်သော ကိစ္စများ မဖြစ်ပွားစေရန် လုချန်းကို ယခုပင် သူမ ခေါ်ဆောင်သွားချင်သည်။
အကယ်၍ လုချန်းကို အခြားအဖွဲ့အစည်းများက တွေ့သွားပါက သူတို့က ဧကန်မုချ လုယူသွားကြပေလိမ့်မည်။ သို့သော်လည်း သူမသည် လက်ရှိတွင် သူတော်စင်မ လေဟုန်ယွမ်၏ စောင့်ရှောက်သူ ဖြစ်နေသည်။ ထို့ကြောင့် ပေါ့ဆစွာ ထွက်ခွာသွား၍ မရနိုင်ပေ။
လုချန်း၏ စိတ်အားထက်သန်နေသော အမူအရာကို မြင်သည်နှင့် ဖြစ်ပျက်နေသည့်အရာကို လေဟုန်ယွမ် ချက်ချင်း သိလိုက်၏။ လုချန်းသည် ငြိမ်သက်သော မျှော်စင်ရှိ အမျိုးသမီးကို ကယ်တင်ရန် ယန်ယန် နန်းတော်သို့ သွားလိုပုံ ရသည်။
ထိုအခိုက်အတန့်၌ လေဟုန်ယွမ်က ရန်ယွဲ့ ဧကရာဇ်အား
“ဝါစဉ်ကြီးသူ ရန်ယွဲ့ရဲ့ စိတ်အာရုံ အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ပြီး ဒီလူကို ယန်ယန် နန်းတော်ဆီ ပို့ပေးလိုက်လို့ ရတာပဲ။”
လေဟုန်ယွမ် ထိုသို့ပြောလာသောအခါ ရန်ယွဲ့ ဧကရာဇ်က ချက်ချင်းပင်
“ကျေးဇူးတင်ပါတယ် သူတော်စင်မ”
လေဟုန်ယွမ်က သဘောတူပြီးဖြစ်သဖြင့် စိုးရိမ်စရာ မရှိတော့ပေ။ လုချန်း၏ အရည်အချင်းကြောင့် လေဟုန်ယွမ် စိတ်အနှောင့်အယှက် ဖြစ်မည်ကို ရန်ယွဲ့ ဧကရာဇ်စိုးရိမ်နေခဲ့သည်။ အကြောင်းမှာ လုချန်းသည် ယန်ယန် နန်းတော်သို့ ရောက်လျှင် သူတော်စင် အမွေခံ ဖြစ်လာနိုင်သည့် အလားအလာ ရှိသောကြောင့် ဖြစ်သည်။
ယန်ယန် နန်းတော်၏ သူတော်စင် အမွေခံနှင့် သူတော်စင်မတို့သည် ပြိုင်ဘက် ဆက်ဆံရေးမျိုး ရှိသည်။
ထိုအချိန်၌ ရန်ယွဲ့ ဧကရာဇ်က လုချန်းကို ကြည့်ကာ
“မင်းနာမည် ဘယ်သူလဲ”
လုချန်းက ရိုသေစွာနှင့်
“ကျွန်တော့်နာမည်က လုချန်းပါ ဝါစဉ်ကြီးသူ”
ဟု တုံ့ပြန်လိုက်သည်။
စကြဝဠာကြီးသည် အလွန် ကျယ်ပြောလှ၏။ ရန်ယွဲ့ ဧကရာဇ်က သူ့ကို သိရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ၏ နာမည်ကို ဝှက်ထားရန် မလိုဟု လုချန်း ယူဆသည်။
ရန်ယွဲ့ ဧကရာဇ်က
“ကောင်းပြီ...နောက်ကျရင် မင်း ငါ့ရဲ့ ကိုယ်ပွားနောက်ကို လိုက်ပြီး ယန်ယန် နန်းတော်ကို သွားရမယ်။”
“ဟုတ်ကဲ့ ဝါစဉ်ကြီးသူ”
ဟု လုချန်းက တုံ့ပြန်လိုက်သည်။
နောက်တစ်စက္ကန့်၌ ရန်ယွဲ့ ဧကရာဇ်သည် သူမ၏ စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်လိုက်၏။ ၎င်းသည် ရန်ယွဲ့ ဧကရာဇ်နှင့် တစ်ပုံစံတည်း တူသော ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။
ထို့နောက်တွင် ရန်ယွဲ့ ဧကရာဇ်၏ ကိုယ်ပွားက လုချန်းကို ခေါ်ဆောင်ကာ ထျန်းကျိရဲတိုက်သို့ ဦးတည်လိုက်သည်။
လုချန်း၏ စိတ်ထဲ အလွန်ဝမ်းသာသွားမိသည်။ တကယ့်ကို ကံကောင်းခြင်းပင် ဖြစ်ပေသည်။
ထျန်းကျိရဲတိုက်၏ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာကို အသုံးပြုရန် နည်းလမ်းမရှိ ဖြစ်နေစဉ် မမျှော်လင့်ပဲ ထျန်းကျိရဲတိုက်၏ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို ထပ်မံအသုံးပြုနိုင်မည့် အခြေအနေ တစ်ခုကို အလျင်အမြန် ရရှိသွားခြင်း ဖြစ်သည်။
လုချန်း မသိချင်ဟန်ဆောင်ကာ
“ဝါစဉ်ကြီးသူ... ကျွန်တော်တို့ ဘာလို့ ထျန်းကျိရဲတိုက်ကို သွားတာလဲ။”
ရန်ယွဲ့ ဧကရာဇ်
“ယန်ယန် နန်းတော်က ထျန်းကျိရဲတိုက်နဲ့ ဆက်ဆံရေး ကောင်းတယ်။ ဒါကြောင့် ငါတို့ ဗဟိုကြယ်နယ်မြေကို သွားဖို့ ထျန်းကျိရဲတိုက်ရဲ့ ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာကို တိုက်ရိုက် အသုံးပြုနိုင်တယ်။”
လုချန်းက
“ဪ... ဒီလိုကိုး”
ရန်ယွဲ့ ဧကရာဇ်၏ ဦးဆောင်မှုအောက်တွင် လုချန်းသည် ထျန်းကျိရဲတိုက်၏ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာမှတစ်ဆင့် ယန်ယန် နန်းတော်က အုပ်ချုပ်သော ကြယ်နယ်မြေသို့ မကြာမီ ရောက်ရှိသွား တော့သည်။
ယန်ယန် နန်းတော်ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်း များသည် ယေဘုယျအားဖြင့် ကြယ်နယ်မြေ တစ်ရာကျော်ကို အုပ်ချုပ်တတ်ကြသည်။ ယန်ယန် နန်းတော်၏ ပင်မကမ္ဘာသို့ သွားရာလမ်းတွင် ယန်ယန် နန်းတော်၏ နတ်လှေ အမြောက်အမြားကို လုချန်း တွေ့မြင်ခဲ့ရသည်။
လုချန်းကိုယ်တိုင်သည်လည်း အင်အားကြီး နိုင်ငံတစ်ခု၏ မင်းသားတစ်ဦး ဖြစ်သည်။ သို့သော်လည်း ယန်ယန် နန်းတော်၏ စည်ပင်ဝပြောမှုက သူ့ကို အလွန် ထိတ်လန့်သွား စေသည်။
ယန်ယန် နန်းတော်သည် ရှန်ယွဲ့နိုင်ငံထက်ပင် ပို၍ အင်အားကြီးနိုင်သည်ဟု လုချန်း ခံစားမိသည်။ အမှန်စင်စစ် အင်အားကြီး အဖွဲ့အစည်း တစ်ခု၏ အစွမ်းသည် စည်ပင်ဝပြောမှုအပေါ်တွင် မူတည်တာတော့ မဟုတ်ပေ။ ဧကရာဇ် အဆင့် မည်မျှရှိသနည်း ဆိုသည့်အပေါ်တွင်သာ မူတည်ပေသည်။
လုချန်းကို ပင်မကမ္ဘာသို့ ခေါ်ဆောင်လာပြီးနောက်တွင် ရန်ယွဲ့ ဧကရာဇ်က သူ့ကို အသက်ကယ် ဧကရီနှင့် ချက်ချင်း တွေ့ပေးခြင်း မရှိပေ။ သူမ၏ ကိုယ်ပိုင်နယ်မြေသို့သာ ခေါ်သွားခဲ့သည်။
သူမ လူငယ်တစ်ဦးနှင့်အတူ ပြန်လာသည်ကို မြင်လျှင် ရန်ယွဲ့ ဧကရာဇ် လက်အောက်ရှိ အကြီးအကဲများ လုချန်းကို ချက်ချင်းပင် စိတ်ဝင်စားသွားကြသည်။
ရန်ယွဲ့ ဧကရာဇ်၏ နန်းတော်အတွင်း၌ အကြီးအကဲတစ်ဦးက
“သခင်မ......ဒီလူငယ်က ဘယ်သူလဲ”
ရန်ယွဲ့ ဧကရာဇ်က
“ဒါက ကျွန်မခေါ်လာတဲ့ နတ်မျိုးစေ့ တစ်ခုပဲ။ သူက လောလောဆယ် ကျွန်မရဲ့ နယ်မြေမှာ ခဏနေလိမ့်မယ်။”
နတ်မျိုးစေ့ ဟုတ်လား။
ရန်ယွဲ့ ဧကရာဇ်၏ စကားကို ကြားလျှင် အကြီးအကဲများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ရန်ယွဲ့ ဧကရာဇ် ကိုယ်တိုင် ခေါ်ဆောင်လာရလောက်အောင် မည်သို့သော နတ်မျိုးစေ့မျိုး ဖြစ်သနည်း။
ရုတ်တရက် နန်းတော်အတွင်းရှိ အကြီးအကဲ အားလုံး၏ အာရုံသည် လုချန်းထံသို့ ရောက်ရှိသွားသည်။ ရန်ယွဲ့ ဧကရာဇ် ကိုယ်တိုင် ခေါ်ဆောင်လာရလောက်အောင် သူက မည်သည့်အချက်တွင် ထူးခြားနေတာလဲဟု သိချင်နေကြသည်။
မကြာမီပင် ဧကရာဇ်လောင်း အဆင့်ရှိသော အကြီးအကဲများလည်း လုချန်း ထူးခြားကြောင်း သတိပြုမိသွားကြသည်။
အကြီးအကဲတစ်ဦးက အံ့ဩတကြီးနှင့်
“ဘုရားရေ... သူ့ရဲ့ အရိုးသက်တမ်းက တကယ်ပဲ တစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာလား။”
ထိုအကြီးအကဲ၏ စကားကို ကြားလျှင် အခြား အကြီးအကဲများလည်း မအံ့ဩပဲ မနေနိုင်ကြပေ။
“ဘာ...တစ်ဆယ့်ခြောက်နှစ်ပဲလား”
“ပြန်လည်ပျက်စီးခြင်းအဆင့်ငါးရှိတဲ့ ကျင့်ကြံသူက ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ် ဟုတ်လား။”
“တကယ့်ကို မယုံနိုင်စရာ အရည်အချင်းပဲ”
“သခင်မ ကိုယ်တိုင် ခေါ်လာတာ မဆန်းပါဘူး...”
“ဒီလူငယ်မှာ ဧကရာဇ် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်”
“သူဟာ အနာဂတ်မှာ သူတော်စင် အမွေခံတောင် ဖြစ်လာနိုင်တယ်...”
စသည်ဖြင့် ခဏအတွင်းမှာပင် ခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။ အကြီးအကဲများသည် လုချန်းကို ရတနာတစ်ခုသဖွယ် စိုက်ကြည့်နေကြ၏။
ယန်ယန် နန်းတော်၏ လက်အောက်၌ ခန်းမဆယ့်သုံးခု ရှိ၏။ ရန်ယွဲ့ ဧကရာဇ် အုပ်ချုပ်သော လနှလုံးသား ခန်းမသည် အားအနည်းဆုံး ဖြစ်သည်။
အကယ်၍ သူတော်စင် အမွေခံသာ သူတို့၏ လနှလုံးသား ခန်းမမှ ထွက်ပေါ်လာလျှင် အနာဂတ်တွင် သူတို့၏ အဆင့်အတန်းလည်း သိသိသာသာ မြင့်တက်လာပေလိမ့်မည်။
ထို့နောက် ရန်ယွဲ့ ဧကရာဇ်က လုချန်းကို ကြည့်ကာ
“လုချန်း....ဒီနေ့ကစပြီး မင်းက လနှစ်လုံးသား ခန်းမရဲ့ တပည့်တစ်ယောက်ပဲ။ မင်းရဲ့ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မေးစရာရှိရင်ဖြစ်ဖြစ် တစ်ခုခု လိုအပ်ရင်ဖြစ်ဖြစ် လနှလုံးသား ခန်းမရဲ့ အကြီးအကဲတွေကို သွားမေးလို့ရတယ်။”
ရန်ယွဲ့ ဧကရာဇ်က သူ့ကို အလွန်တန်ဖိုးထားကြောင်း မြင်လျှင် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ ယန်ယန် နန်းတော်၏ အသိအမှတ်ပြုမှုကို အလွယ်တကူ ရရှိခဲ့သဖြင့် သူ အံ့သြဝမ်းသာ ဖြစ်သွားမိသည်။ ဤအတိုင်းဆိုလျှင် ငြိမ်သက်သော မျှော်စင်သို့ ဝင်ရောက်ရန် ပို၍ လွယ်ကူသွားပေလိမ့်မည်။
ထိုအခိုက်အတန့်၌ ရန်ယွဲ့ ဧကရာဇ်က ခန်းမအတွင်းရှိ သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို ကြည့်လိုက်ကာ
“ယွဲ့ကျန်းကျယ်... လုချန်းကို ယန်ယန် နန်းတော်တစ်ခွင် လိုက်ပြပြီး စည်းကမ်းတွေကို ရှင်းပြပေးလိုက်ပါ။”
ယွဲ့ကျန်းကျယ်က
“ဟုတ်ကဲ့ပါ”
ထို့နောက် ယွဲ့ကျန်းကျယ်က လုချန်းကို ရိုသေစွာနှင့်
“လုချန်း... ကျုပ်နောက်ကို လိုက်ခဲ့ပါ”
လုချန်းက ပြုံးပြီး
“ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ် ဝါစဉ်ကြီးသူ။”
ယွဲ့ကျန်းကျယ်က အလျင်အမြန်ပင်
“အဲ့လို မပြောပါနဲ့...မင်းကို လမ်းပြပေးရတာ ဂုဏ်ယူစရာပါ။”
သူ နောက်ပြောင်နေခြင်း မဟုတ်ပေ။ လုချန်းသည် အနာဂတ်တွင် ယန်ယန် နန်းတော်၏ သူတော်စင် အမွေခံ ဖြစ်လာနိုင်သည့်အတွက် သူ့ကို လမ်းပြပေးပြီး ဆက်ဆံရေးကောင်း တည်ဆောက်ရန် စိတ်အားထက်သန်နေကြသူ အများအပြားရှိ နေသည်။ ထိုအရာကို ဒုက္ခပေးခြင်းဟု သူ မယူဆနိုင်ပေ။
ယွဲ့ကျန်းကျယ်၏ လမ်းပြမှုဖြင့် ယန်ယန် နန်းတော်၏ နေရာအနှံ့အပြားသို့ လုချန်း လှည့်လည်ကြည့်ရှုခဲ့သည်။ လမ်းခရီးတွင် ယွဲ့ကျန်းကျယ်သည် လုချန်း၏ အကြိုက်ကို သိရန်နှင့် သူ့ကို စိတ်ကျေနပ်မှု ပေးနိုင်ရန်အတွက် လုချန်းအကြောင်း သတင်းအချက်အလက်များကို စုံစမ်းရန် ကြိုးစားခဲ့သည်။
“လုချန်း... ခင်ဗျားက ဘယ်ကြယ်နယ်မြေက လာတာလဲ”
ဟု ယွဲ့ကျန်းကျယ်က လမ်းလျှောက်ရင်း မေးလိုက်၏။
လုချန်းကဲ့သို့ အရည်အချင်းရှိသူသည် အင်အားကြီး အဖွဲ့အစည်းတစ်ခုမှ လာသည်ဟု ယွဲ့ကျန်းကျယ် ထင်မှတ်ထားခဲ့သည်။
လုချန်းက
“ကျွန်တော်က အရိုင်း ကြယ်နယ်မြေတစ်ခုက လာတာပါ။”
လုချန်း၏ အဖြေကို ကြားလျှင် ယွဲ့ကျန်းကျယ် မှင်တက်သွားသည်။ အရိုင်း ကြယ်နယ်မြေက ဟုတ်လား။
အရိုင်း ကြယ်နယ်မြေမှ လာသော လူငယ်တစ်ဦးက တစ်ဆယ့်ခြောက်နှစ်နှင့် ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်အထိ ကျင့်ကြံနိုင်ခြင်းက သူတို့ ထင်ထားတာထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရည်အချင်းပင်။
……………
အခန်း (၁၃၉၈)
ဘယ်လိုအမှားမျိုးလုပ်ရင် ငြိမ်သက်သော မျှော်စင်ကို အပို့ခံရလဲ
ယွဲ့ကျန်းကျယ်အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
သူသည် အသက် ဆယ့်ခြောက်နှစ် သာ ရှိသေးပြီး အင်အားကြီး အဖွဲ့အစည်း တစ်ခုတွင် မွေးဖွားခဲ့သူလည်း မဟုတ်ပေ။ ထို့ပြင်သာမန် ကြယ်နယ်မြေ တစ်ခုမှပင် မဟုတ်ပဲ အရိုင်း ကြယ်နယ်မြေတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ အရိုင်း ကြယ်နယ်မြေမှ လာခြင်းက လုချန်းအတွက် ကျင့်ကြံခြင်း အရင်းအမြစ်များ အလွန် ရှားပါးခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အသက် တစ်ဆယ့်ခြောက်နှစ်နှင့် ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ငါးသို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခြင်းက အလွန် အံ့ဩစရာ ကောင်းလှပေသည်။
ဤပါရမီမျိုးကို အရင် သူတော်စင်မရော၊ လက်ရှိ သူတော်စင်မပါ မယှဉ်နိုင်ပေ။
ယွဲ့ကျန်းကျယ် သတိပြန်ဝင်လာလျှင် အလွန် ဝမ်းသာသွား၏။ သူတို့၏ နန်းတော်သခင် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာလျှင် လုချန်းသည် ဧကန်မုချ သူတော်စင် အမွေခံ အဖြစ် ရွေးချယ်ခံရပေလိမ့်မည်။
သူသည် ယခုအချိန်တွင် လုချန်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားရန် အခွင့်အရေးကို အရယူရမည် ဖြစ်၏။ လုချန်း တကယ် သူတော်စင် အမွေခံ ဖြစ်လာလျှင် သူနှင့် တွေ့ဆုံရန် အခွင့်အရေးပင် ရချင်မှ ရတော့မည်။
ထိုသို့ တွေးမိပြီး ယွဲ့ကျန်းကျယ်က
“သူရဲကောင်းဆိုတာ ငယ်ငယ်ကတည်းက အရည်အချင်း ပေါ်တယ်ဆိုတာ တကယ်ပဲကိုး။ အသက် ဆယ့်ခြောက်နှစ်နဲ့ ပြန်လည်ပျက်စီးခြင်းအဆင့်ငါးကို ရောက်တယ်ဆိုတော့ ယန်ယန် နန်းတော်ရဲ့ သူတော်စင် အမွေခံ ရာထူးက ခင်ဗျားအတွက်ပဲ ဖြစ်မှာပါ။”
လုချန်းက ခပ်ဖွဖွပြုံးကာ
“ဝါစဉ်ကြီးသူက နောက်နေတာပဲ... ကျွန်တော်က ကံကောင်းလို့ပါ။”
ယွဲ့ကျန်းကျယ်က
“ခင်ဗျားမှာ အခွင့်အလမ်းတွေ ရှိခဲ့ရင်တောင် ထိုက်တန်တဲ့ အရည်အချင်း မရှိရင် ဒီအသက်အရွယ်နဲ့ ပြန်လည်ပျက်စီးခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခွင့်အလမ်းတွေ ရခဲ့တဲ့ လူ တော်တော်များများတောင် အရည်အချင်း မရှိရင် အဲ့ဒါတွေကို အရယူနိုင်ဖို့ ခဲယဉ်းကြတယ်။ ခင်ဗျားမှာ အရည်အချင်း အလုံအလောက် ရှိလို့သာ ဒီအခွင့်အလမ်းတွေကို အရယူနိုင်ခဲ့တာပဲ။”
ယွဲ့ကျန်းကျယ်က နှမြောတသသော အမူအရာဖြင့် ဆက်လက်၍
“ကံမကောင်းတာက ခင်ဗျား ရောက်လာတာ ရက်နည်းနည်း နောက်ကျသွားတယ်။ နန်းတော်သခင် တံခါးပိတ် ကျင့်စဉ် မဝင်ခင် စောစောစီးစီး ရောက်လာရင် ယန်ယန် နန်းတော်ကို ဝင်တာနဲ့ ချက်ချင်း သူတော်စင် အမွေခံအဖြစ် ခန့်အပ်ခံရမှာပဲ။”
လုချန်းက စူးစမ်းလိုစိတ်ဖြင့်
“ယန်ယန် နန်းတော်မှာ သူတော်စင်မ ရှိနေပြီ မဟုတ်လား...ဘာလို့ သူတော်စင် အမွေခံကို ထပ်ရွေးရတာလဲ။”
ယွဲ့ကျန်းကျယ်က
“ခင်ဗျားရဲ့ အရည်အချင်းနဲ့ ယှဉ်ရင် သူတော်စင်မရဲ့ အရည်အချင်းက ဘာမှမဟုတ်တော့ဘူး။ ယန်ယန် နန်းတော်က ယှဉ်ပြိုင်မှုကို အားပေးတယ်။ သူတော်စင်မနဲ့ သူတော်စင် အမွေခံဆိုတဲ့ ရာထူးတွေက ကွာခြားချက် အသေအချာ သတ်မှတ်ထားတာ မဟုတ်ဘူး။ အခု သူတော်စင်မကိုလည်း မကြာသေးခင်ကမှ ရွေးချယ်ထားတာပါ။”
“ဪ... နားလည်ပါပြီ။ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝါစဉ်ကြီးသူ”
ယွဲ့ကျန်းကျယ်က ပြုံးလျက်
“အားမနာပါနဲ့။ ကျုပ်တို့က ယန်ယန် နန်းတာ်လက်အောက်ခံ ခန်းမတစ်ခုရဲ့ လူတွေပဲ။ ယန်ယန် နန်းတော်အကြောင်း ခင်ဗျားကို မိတ်ဆက်ပေးရတာ ကျုပ်တာဝန်ပဲ။”
သူတို့ လမ်းလျှောက်နေစဉ်အတွင်း ယွဲ့ကျန်းကျယ်က ယန်ယန် နန်းတော်၏ အင်အား ဖြန့်ကျက်မှုနှင့် စည်းကမ်းချက်များ စသည့် အမျိုးမျိုးသော အကြောင်းအရာများကို လုချန်းအား ဆက်လက် ရှင်းပြခဲ့သည်။ မကြာမီ သူတို့သည် ငြိမ်သက်သော မျှော်စင် အနီးသို့ ရောက်ရှိလာကြ၏။ လုချန်းက ရပ်တန့်လိုက်ပြီး အဝေးမှ ငွေရောင် မျှော်စင်ကြီးကို ငေးကြည့်လိုက်သည်။
လုချန်း စိုက်ကြည့်နေသည်ကို မြင်လျှင် ယွဲ့ကျန်းကျယ်လည်း ရပ်တန့်လိုက်ပြီး ဇဝေဇဝါဖြင့်
“ဘာဖြစ်လို့လဲ”
ငြိမ်သက်သော မျှော်စင် အနီးတွင် ထူးခြားသော လမ်းစဉ် အငွေ့အသက်များ ထွက်ပေါ်နေပြီး ထိုမျှော်စင်ကို ကြည့်လိုက်သူတိုင်း၏ စိတ်နှလုံးကို ငြိမ်သက် အေးချမ်းသွားစေ၏။ လုချန်းသည် မသိချင်ဟန်ဆောင်ကာ
“ဟိုမျှော်စင်က ဘာအတွက်လဲ...ကြည့်ရတာ တော်တော် ထူးခြားပုံရတယ်။”
ယွဲ့ကျန်းကျယ်က ငြိမ်သက်သော မျှော်စင်ကို တစ်ချက်ကြည့်ပြီးနောက်
“အဲ့ဒါ ငြိမ်သက်သော မျှော်စင်ပဲ”
လုချန်းက ဆက်လက်၍
“ငြိမ်သက်သော မျှော်စင်... အဲ့ဒါက ကျင့်ကြံတဲ့ နေရာလား”
ယွဲ့ကျန်းကျယ်က
“ကျင့်ကြံတဲ့ နေရာလို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ လုတိုင်း ဝင်လို့ရတာတော့ မဟုတ်ဘူး။ အမှားလုပ်မိတဲ့ တိုက်ရိုက်တပည့်တွေပဲ သူတို့ နောင်တရပြီး ဆင်ခြင်နိုင်ဖို့အတွက် ငြိမ်သက်သော မျှော်စင်ထဲကို ဝင်ခွင့်ရှိတာ။”
လုချန်းက
“ဪ... အဲ့ဒါဆို အမှားလုပ်တဲ့သူတွေကို အကျဉ်းချတဲ့ နေရာပေါ့။ ကျွန်တော်က ကျင့်ကြံတဲ့ နေရာလို့ ထင်နေတာ”
ယွဲ့ကျန်းကျယ်က ရယ်မောလျက်
“ငြိမ်သက်သော မျှော်စင်ကို ကျင့်ကြံဖို့အတွက် သုံးလို့ရတာတော့ အမှန်ပဲ။ အဲ့ဒီမှာ စိတ်လှုပ်ရှားမှုတွေကို ငြိမ်သက်စေတဲ့ ကောင်းကင်အဆင့် ငြိမ်သက်ခြင်း နည်းဗျူဟာ ပုံစံတစ်ခု ရှိတယ်။ အဲ့ဒါက အဆင့်တက်ဖို့အတွက် အကောင်းဆုံးပဲ။”
လုချန်းက
“အဲ့ဒါဆိုရင် ငြိမ်သက်သော မျှော်စင်ကို တပည့်တွေကို အကျဉ်းချဖို့ပဲ မသုံးပဲ ယန်ယန် နန်းတော် တပည့်အားလုံး ကျင့်ကြံနိုင်အောင် ဘာလို့ မဖွင့်ပေးထားတာလဲ။”
ယွဲ့ကျန်းကျယ်က
“အဲ့ဒါတော့ ကျုပ်လည်း မသိဘူး။ အရင် သူတော်စင်မက ငြိမ်သက်သော မျှော်စင်ကို ကျင့်ကြံဖို့အတွက် အသုံးပြုဖို့ နန်းတော်သခင်ကို အကြံပြုခဲ့ဖူးတယ်။ ဒါပေမဲ့ နန်းတော်သခင်က သဘောမတူခဲ့ဘူး။ ဖြစ်နိုင်တာက တပည့်တွေ အများကြီး ငြိမ်သက်သော မျှော်စင်ထဲ ဝင်လျှင် အဲ့ဒါကို ထိခိုက်မှာ စိုးလို့နေမှာပေါ့။ ငြိမ်သက်သော မျှော်စင်က မကောင်းတဲ့ အတွေးတွေကို စုပ်ယူပေးတာဆိုတော့ လူများသွားရင် မျှော်စင် ပြိုကျသွားနိုင်လို့ ဖြစ်လိမ့်မယ်။”
လုချန်းက
“ နားလည်ပါပြီ”
ထို့နောက် ထိုအကြောင်းအရာအပေါ် စကားဆက်မနေပဲ သူတကယ်သိချင်သော အကြောင်းအရာကို လုချန်း မေးလိုက်၏။
“ပုံမှန်ဆိုရင် ဘယ်လို အပြုအမူတွေ လုပ်လျှင် ငြိမ်သက်သော မျှော်စင်ကို အပို့ခံရတတ်လဲ။”
ဒါကတော့...
လုချန်း ငြိမ်သက်သော မျှော်စင်ကို ဒီလောက် စိတ်ဝင်စားနေလိမ့်မည်ဟု ယွဲ့ကျန်းကျယ် မထင်မှတ်ထားပေ။ ခဏခန့် စဉ်းစားပြီးနောက် ယွဲ့ကျန်းကျယ်က
“အဲ့ဒါ ပြောဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ တပည့်အချင်းချင်း ဒုက္ခမပေးသရွေ့ ယန်ယန် နန်းတော်က ခင်ဗျားကို ငြိမ်သက်သော မျှော်စင်မှာ ပိတ်လှောင်ထားမှာ မဟုတ်ပါဘူး။”
ထို့နောက် ယွဲ့ကျန်းကျယ်က လုချန်း၏ နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ခင်ဗျား အဲ့ဒီလိုမျိုး လုပ်မိရင်တောင် ဘယ်သူမှ မသိရင် ဒါမှမဟုတ် ခင်ဗျားက အရေးမပါတဲ့ တပည့်တစ်ယောက်ဆိုရင် ခင်ဗျား အကျဉ်းချခံရမှာ မဟုတ်ဘူး။”
၎င်းကို ကြားလျှင် လုချန်းက နားလည်သွားသလို ပြုံးလိုက်ပြီး
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝါစဉ်ကြီးသူ။”
ယွဲ့ကျန်းကျယ်ကလည်း ပြုံးလိုက်ပြီး
“ကောင်းပြီ...တခြားနေရာတွေကို ဆက်ကြည့်ကြရအောင်။”
သူတို့ ဆက်လက် လှည့်လည်ကြည့်ရှုနေစဉ် ရုတ်တရက် သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“ဟေး... ဒါ အကြီးအကဲ ယွဲ့ မဟုတ်လား... အကြီးအကဲ ယွဲ့က ထျန်းစန်း ခန်းမကို ဘာလာလုပ်တာလဲ။”
ထိုအသံကို ကြားသည်နှင့် ယွဲ့ကျန်းကျယ် မျက်နှာ ပျက်သွားသည်။ သူက လုချန်းကို ချက်ချင်းပင်
“လုချန်း...သွားကြစို့”
သူတို့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မီးခိုးရောင် ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦး သူတို့ရှေ့တွင် ပေါ်လာပြီး လမ်းပိတ်လိုက်သည်။ မကြာမီ ဝတ်စုံဖြူဝတ် တပည့် အနည်းငယ်လည်း သူတို့ရှေ့တွင် ပေါ်လာကြ၏။
မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသားက လုချန်းကို တစ်ချက်ကြည့်ပြီး ပြုံးလျက်
“ဒါ အကြီးအကဲ ယွဲ့ရဲ့ တပည့်သစ်လား”
ယွဲ့ကျန်းကျယ်က အေးစက်စွာဖြင့် ပြန်မေးမြန်းလိုက်၏။
“လျန်ဟုန်... ခင်ဗျားက ဘာကိုဆိုလိုတာလဲ”
လျန်ဟုန်က သူ၏ အကြည့်ကို လုချန်းထံမှ ယွဲ့ကျန်းကျယ်ထံသို့ ပြန်လှည့်လိုက်ပြီး
“အကြီးအကဲ ယွဲ့....အဲ့လောက် စိတ်မလှုပ်ရှားပါနဲ့။ ကျုပ်က ခင်ဗျားရဲ့ တပည့်သစ်ကို ကြည့်ချင်ရုံတင်ပါ”
ယွဲ့ကျန်းကျယ်က ချက်ချင်း တုံ့ပြန်လိုက်သည်။
“ဒါ ကျုပ်တပည့် မဟုတ်ဘူး...ကျုပ်တို့ ခန်းမသခင် ကိုယ်တိုင် ခေါ်လာတဲ့ နတ်မျိုးစေ့ပဲ”
ဟမ်...
ရန်ယွဲ့ ဧကရာဇ် ကိုယ်တိုင် ခေါ်လာသော နတ်မျိုးစေ့ ဖြစ်ကြောင်း ကြားလျှင် လျန်ဟုန်လည်း လုချန်းကို သေသေချာချာ ထပ်ကြည့်လိုက်ပြီးနောက် အလွန်အံ့ဩသွားသည်။ ဤလူငယ်သည် အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ငါးကို ရောက်နေပြီ ဖြစ်၏။
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။
ဤပါရမီက လက်ရှိသူတော်စင်မထက်တောင် သာနေသေးသည်။ နန်းတော်သခင်သာ တံခါးပိတ် ကျင့်ကြံရာက ထွက်လာလျှင် ဤလူငယ်သည် ဧကန်မုချ သူတော်စင် အမွေခံ ဖြစ်လာတော့မည်။
လနှလုံးသား ခန်းမဆီမှ သူတော်စင် အမွေခံ ထွက်ပေါ်လာပါက သူတို့၏ အဆင့်အတန်းသည် ကောင်းကင်တောင်တန်း ခန်းမထက် သာလွန်သွားမည်။
ထိုသို့ တွေးမိပြီး လျန်ဟုန်၏ မျက်နှာ ပျက်သွား၏။ ယွဲ့ကျန်းကျယ်က လူငယ်တစ်ဦးကို လိုက်ပြနေသည်ကို မြင်သဖြင့် လုချန်းကို ယွဲ့ကျန်းကျယ်၏ တပည့်သစ်ဟု လျန်ဟုန် ထင်မှတ်ခဲ့သည်။ သူကလည်း နှစ်ပေါင်း နှစ်ရာအတွင်း ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်သို့ ရောက်ရှိခဲ့သော သူ၏ တပည့်ကို ခေါ်ဆောင်လာပြီး ကြွားဝါရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။ သို့သော် လုချန်း၏ ပါရမီနှင့် နှိုင်းယှဉ်လျှင် သူ၏ တပည့်က ဘာမှ မဟုတ်တော့ပေ။