← Chapters

အခန်း (၁၃၉၉-၁၄၀၁)

Vol. 94 Ch. 1399-1401

အခန်း (၁၃၉၉-၁၄၀၁)

Vol. 94 Ch. 1399-1401

အခန်း (၁၃၉၉)

ကောင်းကင်တောင်တန်း ခန်းမ၏ သဘောထား

အလွန် မနှစ်မြို့ဖွယ်ရာ အရာတစ်ခုခုကို မျိုချလိုက်ရသကဲ့သို့ လျန်ဟုန် ခံစားလိုက်ရသည်။ လျန်ဟုန်၏ ရုတ်တရက် ပြောင်းလဲသွားသော မျက်နှာအမူအရာကို သတိပြုမိပြီးနောက် ယွဲ့ကျန်းကျယ်၏ အကြည့်က လျန်ဟုန်၏ နောက်မှ တပည့်များထံသို့ ရောက်ရှိသွား၏။

ဖြစ်ပျက်နေသည့်အရာကို ရိပ်မိသွားသဖြင့် ယွဲ့ကျန်းကျယ်က ပြုံးလိုက်ပြီး

“အကြီးအကဲ လျန်က... လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာအတွင်း ပြန်လည်ပျက်စီးခြင်းအဆင့်ကို ရောက်တဲ့ တပည့်အမြောက်အမြားကို စုဆောင်းနိုင်ခဲ့တာ တကယ့်ကို ကံကောင်းတာပဲ။”

၎င်းကို ကြားလျှင် လျန်ဟုန် ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားသည်။

“ထွီ... ငါတို့ ကောင်းကင်တောင်တန်း ခန်းမက ဘာလို့ ဒီလို ကံကောင်းခြင်းမျိုး မရှိရတာလဲ။ အသက်တစ်ဆယ့်ခြောက်နှစ်နဲ့ ပြန်လည်ပျက်စီးခြင်းအဆင့်ကို ရောက်တဲ့ နတ်မျိုးစေ့မျိုးနဲ့ ဘာလို့ ငါတို့ မတွေ့ခဲ့ရတာလဲ”

ဟု လျန်ဟုန် စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်၏။

မကြာမီ လနှလုံးသား ခန်းမမှ လူများကတော့ ပါးစပ်နားရွက်ချိတ်မတတ် ပြုံးပျော်နေကြတော့မည် ဖြစ်သည်။ လနှလုံးသား ခန်းမနှင့် ကောင်းကင်တောင်တန်း ခန်းမတို့သည် အဆင့်အတန်းအားဖြင့် အောက်ဆုံးတွင် ရှိနေကြ၏။ ၎င်းတို့သည် အမြဲတမ်း ပြိုင်ဆိုင်နေကြသော အဖွဲ့အစည်းများ ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ ခန်းမသခင် နှစ်ဦး၏ ဆက်ဆံရေးကလည်း မကောင်းလှပေ။ ထို့ကြောင့် ခန်းမနှစ်ခုမှ တပည့်များနှင့် အကြီးအကဲများ တွေ့ဆုံသည့်အခါတိုင်း အားပြိုင်မှုများ အမြဲ ရှိနေတတ်၏။ သူတို့သည် တွေ့တိုင်း တစ်ဖက်ကို တစ်ဖက် လှောင်ပြောင် နှိမ့်ချပြောဆိုလေ့ ရှိကြသူများဖြစ်သည်။

သို့သော် လနှလုံးသား ခန်းမသည် ‌ကောင်းကင်တောင်တန်းခန်းမ၏ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရသည်။ အကယ်၍ လနှလုံးသား ခန်းမှ သူတော်စင် အမွေခံ တစ်ဦး ထွက်ပေါ်လာပါက သူတို့သည် အတိတ်က အရှက်ရမှုအားလုံးကို ဧကန်မုချ ဆေးကြောပစ်ပေလိမ့်မည်။ လနှလုံးသား ခန်းမ၏ လက်စားချေနိုင်မှုကို တွေးမိကာ လျန်ဟုန် ကျောချမ်းသွား၏။

သတိပြန်ဝင်လာပြီးနောက် လျန်ဟုန်က ချက်ချင်းပင် အပြုံးမျက်နှာဖြင့် လုချန်းကို ကြည့်လိုက်သည်။ ထို့နောက်

“မိတ်ဆွေလေးက ဘယ်ကြယ်နယ်မြေက လာတာလဲဆိုတာ မေးလို့ရမလား။”

လျန်ဟုန်က လုချန်းကို ပြုံးပြနေသည်ကို မြင်လျှင် ယွဲ့ကျန်းကျယ် ချက်ချင်းပင် သတိထားလိုက်သည်။ လျန်ဟုန်၏ အကြံအစည်ကိုလည်း သူ ချက်ချင်း ရိပ်မိသွား၏။ သူက လုချန်းကို

“လုချန်း... သွားကြစို့... ဆရာသခင် ရန်ယွဲ့ ဧကရာဇ်က ကျုပ်တို့ကို စောင့်နေတယ်။”

ယွဲ့ကျန်းကျယ်၏ စကားက လုချန်းသည် ရန်ယွဲ့ ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိထားသူ ဖြစ်ကြောင်း သတိပေးလိုက်ခြင်း ဖြစ်၏။ ကောင်းကင်တောင်တန်း ခန်းမအနေနှင့် သူ့ကို ခေါ်ယူရန် မကြံစည်သင့်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

သို့သော် လျန်ဟုန်က ဂရုမစိုက်ဟန်ဖြင့် လုချန်းကို တိုက်ရိုက်ပင်

“မိတ်ဆွေလေး... ကျုပ်တို့ရဲ့ ထျန်းစန်း ခန်းမကို ဘာလို့ မလာတာလဲ။ လနှလုံးသား ခန်းမဆိုတာ နယ်မြေတစ်ခုလုံးမှာ အားအနည်းဆုံး ခန်းမဖြစ်သလို ကျင့်ကြံခြင်း အရင်းအမြစ်လည်း အနည်းဆုံးပဲ။”

“ခင်ဗျားသာ ကျုပ်တို့ ထျန်းစန်း ခန်းမကို လာမယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ သူတော်စင် အဆင့်ရောက်မယ်လို့ ကျုပ်တို့ အာမခံတယ်။”

လျန်ဟုန်က သူ့ရှေ့တွင်ပင် ဗြောင်ကျကျ လူစုဆောင်းနေသည်ကို မြင်လျှင် ယွဲ့ကျန်းကျယ်က

“လျန်ဟုန်... ခင်ဗျား လွန်သွားပြီ”

“ကျုပ်တို့ ခန်းမသခင် ကိုယ်တိုင် ခေါ်လာတဲ့ တပည့်က ခင်ဗျားတို့ ခန်းမကို ဘာလုပ်ဖို့ သွားမှာလဲ။”

လျန်ဟုန်က နှာခေါင်းရှုံ့ကာ

“သူသာ လနှလုံးသား ခန်းမမှာ နေမယ်ဆိုရင် သူ့ရဲ့ ပါရမီတွေ အလဟဿ ဖြစ်သွားလိမ့်မယ်။”

“ကျုပ်တို့အားလုံးက ယန်ယန် နန်းတော်ရဲ့ အစိတ်အပိုင်းတွေပဲ။ ခန်းမတစ်ခုက ခေါ်လာတဲ့ အရည်အချင်းရှိသူက အဲ့ဒီခန်းမမှာပဲ နေရမယ်လို့ နန်းတော်သခင်က ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူး။”

လျန်ဟုန်က လုချန်းကို အရယူရန် ဆုံးဖြတ်ထားသည်ကို မြင်လျှင် ယွဲ့ကျန်းကျယ်၏ ဧကရာဇ်လောင်း အဆင့် အရှိန်အဝါများ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ တစ်ဖက်က ပါရမီရှိသူကို လုယူရန် ကြိုးစားနေသဖြင့် ယဉ်ကျေးနေရန် မလိုတော့ပေ။

လုချန်းသည် လနှလုံးသား ခန်းမ ပြန်လည် အင်အားကြီးလာရန်အတွက် မျှော်လင့်ချက် ဖြစ်၏။ ထို့ကြောင့် သူ့ကို ကောင်းကင်တောင်တန်း ခန်းမထဲ အဝင်မခံနိုင်ပေ။

ယွဲ့ကျန်းကျယ်က တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်ကို မြင်လျှင် လျန်ဟုန်ကလည်း တွန့်ဆုတ်မနေပဲ သူ၏ ဧကရာဇ်လောင်း အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် အရှိန်အဝါ နှစ်ခု ထိပ်တိုက်တွေ့သွားကာ ပတ်ဝန်းကျင်ရှိ တပည့်များလည်း သူတို့၏ ကိုယ်တွင်းအင်္ဂါများ ဖိသိပ်ခံရသကဲ့သို့ ခံစားလိုက်ရ၏။ လျန်ဟုန်က ပြုံးလျက်

“အကြီးအကဲ ယွဲ့... ခင်ဗျား တကယ်ပဲ ဒီမှာ တိုက်ခိုက်တော့မှာလား။ ဒါက ကောင်းကင်တောင်တန်း ခန်းမရဲ့ နယ်မြေနော်။”

ယွဲ့ကျန်းကျယ်က အေးစက်စွာ နှာခေါင်းရှုံ့ကာ

“လုချန်းကို မျက်စိကျတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ကျုပ်ကို အရင် ကျော်ဖြတ်ရမယ်။”

ယွဲ့ကျန်းကျယ်၏ ခိုင်မာသော ရပ်တည်ချက်ကို မြင်လျှင် လျန်ဟုန်က သူ၏ ဖိအားကို ပြန်ရုပ်သိမ်းလိုက်၏။ သူက လုချန်းထံသို့ အကြည့်ကို ပြန်လှည့်လိုက်ကာ

“မိတ်ဆွေလေး...စိတ်ပြောင်းသွားရင်တော့ ကျုပ်တို့ ထျန်းစန်း ခန်းမက ခင်ဗျားကို အမြဲ ကြိုဆိုနေမှာပါ။ ကျုပ်တို့ရဲ့ တံခါးတွေက ခင်ဗျားအတွက် အမြဲ ပွင့်နေတယ်။”

ထိုသို့ ပြောပြီးနောက် လျန်ဟုန်သည် ထျန်းစန်း ခန်းမမှ အခြားတပည့်များနှင့်အတူ ယွဲ့ကျန်းကျယ်၏ ဘေးမှ ဖြတ်ကျော်ကာ ထွက်ခွာသွား၏။ ထိပ်တိုက်တွေ့မှုက တိုက်ပွဲအဖြစ်သို့ ပြောင်းလဲမသွားသည်ကို မြင်မှသာ ဘေးမှကြည့်နေသော တပည့်များလည်း သက်ပြင်းချနိုင်တော့သည်။ ကောင်းကင်လမ်းစဉ်၏ ကန့်သတ်ချက်များ ရှိနေသော်လည်း ဧကရာဇ်လောင်း နှစ်ဦး တိုက်ခိုက်ပါက အပျက်အစီးများနိုင်၏။ ပတ်ဝန်းကျင်ရှိ တပည့်များ၏ အသက်အန္တရာယ်လည်း စိုးရိမ်ရလောက်သည်။

လျန်ဟုန် ထွက်ခွာသွားသည်နှင့် ယွဲ့ကျန်းကျယ်လည်း လုချန်းကို ကောင်းကင်တောင်တန်း ခန်းမ နယ်မြေအတွင်းမှ အမြန် ခေါ်ထုတ်သွားသည်။ အပြန်လမ်းတွင် ယွဲ့ကျန်းကျယ်က လုချန်းကို ဆက်လက် သတိပေးနေခဲ့၏။

“လုချန်း... အဲ့ဒီလူရဲ့ စကားကို ဘယ်တော့မှ နားမယောင်နဲ့။ ကောင်းကင်တောင်တန်း ခန်းမရဲ့ စုစုပေါင်းအင်အားက လနှလုံးသား ခန်းမထက် သာပေမဲ့ သူတို့မှာ သူတော်စင် အမွေခံ လျာထားတဲ့သူ ရှိပြီးသား။”

“ခန်းမတစ်ခုက သူတော်စင် အမွေခံ နှစ်ယောက် ထွက်ပေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ခင်ဗျားသာ ကောင်းကင်တောင်တန်း ခန်းမကို သွားမယ်ဆိုရင် ကျင့်ကြံခြင်း အရင်းအမြစ်တွေ မရရုံတင်မကပဲ အသက်အန္တရာယ်နဲ့တောင် ရင်ဆိုင်ရနိုင်တယ်။”

၎င်းကို ကြားလျှင် လုချန်းက ဇဝေဇဝါဖြင့်

“သူတို့မှာ ကိုယ်ပိုင် သူတော်စင် အမွေခံ ရှိတယ် ဟုတ်လား။ သူတော်စင် အမွေခံဆိုတာ နန်းတော်သခင်က သတ်မှတ်တာ မဟုတ်ဘူးလား။”

ယွဲ့ကျန်းကျယ်က

“ကောင်းကင်တောင်တန်း ခန်းမသခင်ရဲ့ သားက နှစ်ပေါင်းတစ်ရာ မပြည့်ခင်မှာပဲ ပြန်လည်ပျက်စီးခြင်းအဆင့်ကို ရောက်ခဲ့တယ်။ အဲ့ဒါကြောင့် သူဟာ ယန်ယန် နန်းတော်ရဲ့ နှစ်ပေါင်းထောင်ချီအတွင်း အရည်အချင်းအရှိဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခံခဲ့ရတယ်။”

“ကောင်းကင်တောင်တန်း ခန်းမသခင်က သူ့သားကို သူတော်စင် အမွေခံ ဖြစ်စေချင်ခဲ့တာ။ ဒါပေမဲ့ အရင် သူတော်စင်မက သူ့သားရဲ့ စံချိန်ကို ချိုးဖျက်ပြီး အလားအလာ အရှိဆုံး ပါရမီရှင် ဖြစ်လာခဲ့တယ်။”

“အခု အရင် သူတော်စင်မ အကြောင်းအမျိုးမျိုးကြောင့် ရာထူးက ဖယ်ရှားခံခဲ့ရပြီးနောက်မှာ နန်းတော်သခင်က တခြား သူတော်စင်မ တစ်ယောက်ကို ထပ်ရွေးခဲ့တယ်။”

“လက်ရှိ သူတော်စင်မရဲ့ ပါရမီကလည်း ကောင်းကင်တောင်တန်း ခန်းမသခင်ကို အကြီးအကျယ် စိတ်ပျက်စေခဲ့တယ်။ ဒါကြောင့် သူက သူတော်စင် အမွေခံ တစ်ယောက်ကို ခန့်အပ်ပေးဖို့ နန်းတော်သခင်ကို ခဏခဏ တောင်းဆိုခဲ့တယ်။ တံခါးပိတ်ကျင့်စဉ် မဝင်ခင်က နန်းတော်သခင်ကတော့ စဉ်းစားပေးမယ်လို့ ပြောခဲ့တာ။ အခုချိန်ထိ ခန်းမသခင်က သူ့သားကို သူတော်စင် အမွေခံ ဖြစ်စေချင်တုန်းပဲ။”

“ခင်ဗျား ရှိနေတာက ကောင်းကင်တောင်တန်း ခန်းမသခင်အတွက် အကျိုးမရှိဘူး။ ခင်ဗျားသာ အဲ့ဒီကို သွားမယ်ဆိုရင် သူတို့က ခင်ဗျားကို ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပေးမယ် ဒါမှမဟုတ် နန်းတော်သခင်ဆီမှာ ထောက်ခံပေးမယ်လို့ ထင်လို့လား။ ကောင်းကင်တောင်တန်း ခန်းမမှာ ရှင်သန်ဖို့က ခင်ဗျားအတွက် ခက်ခဲလိမ့်မယ်။”

လုချန်းက

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ကျွန်တော် ကောင်းကင်တောင်တန်း ခန်းမကို မသွားပါဘူး။”

လုချန်း၏ ကတိစကားကို ကြားမှသာ ယွဲ့ကျန်းကျယ် စိတ်အေးသွားရ၏။ ထို့နောက် ယွဲ့ကျန်းကျယ်က ပြုံးကာ

“ခင်ဗျား စိုးရိမ်စရာတော့ မလိုပါဘူး။ နန်းတော်သခင် တံခါးပိတ်ကျင့်စဉ်က ပြန်ထွက်လာတဲ့အထိ ခင်ဗျား လနှလုံးသား ခန်းမမှာပဲ နေသရွေ့တော့ ကောင်းကင်တောင်တန်း ခန်းမက ခင်ဗျား သူတော်စင် အမွေခံ ဖြစ်မှာကို ဘယ်လောက်ပဲ မကြိုက်ပါစေ ခန်းမသခင် ရှိနေတဲ့အတွက် ခင်ဗျားကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။”

ယွဲ့ကျန်းကျယ်၏ စကားကို နားထောင်ရင်း လုချန်း ပြုံးလိုက်မိ၏။ သူသည် လနှလုံးသား ခန်းမ၌ ငြိမ်ငြိမ်လေး နေဖို့ အစီအစဉ် မရှိပေ။ တစ်ခုခုကို မွှေနှောက်ရန် ကြံစည်နေခြင်း ဖြစ်သည်။

ထို့ပြင် ကောင်းကင်တောင်တန်း ခန်းမနှင့် လနှလုံးသား ခန်းမတို့၏ ပဋိပက္ခသည် လုချန်း၏ အကြံအစည်များကို အကောင်အထည်ဖော်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်၏။ သူ၏ စိတ်ထဲတွင်လည်း အစီအစဉ်တစ်ခု ရှိနှင့်နေပြီ ဖြစ်သည်။

…….

တစ်ချိန်တည်းမှာပင်။

အခြားတစ်နေရာ၌။

အပြန်လမ်းတွင် လျန်ဟုန်၏ မျက်နှာမှာ အလွန်မည်းမှောင်နေသည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ဖိအားများကြောင့် နောက်ကွယ်မှ တပည့်များသည် အသက်ပင် ဝဝမရှူရဲကြပေ။ ထိုအချိန်တွင် တပည့်တစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြင့်

“ဆရာ... ကျွန်တော်တို့ဆီမှာ အစ်ကို စူး ရှိနေပြီ မဟုတ်လား။ ဘာလို့ အဲ့ဒီလူကို ခေါ်ဖို့ ကြိုးစားနေရတာလဲ”

လျန်ဟုန်က အမူအရာ ကင်းမဲ့စွာဖြင့်

“ကောင်းကင်တောင်တန်း ခန်းမက လနှလုံးသား ခန်းမရဲ့ အထက်မှာ အမြဲ ရှိနေခဲ့တာ။ အကယ်၍ လနှလုံးသား ခန်းမကသာ သူတော်စင် အမွေခံ ထွက်ပေါ်လာရင် သူတို့ရဲ့ အဆင့်အတန်းက သိသိသာသာ မြင့်တက်လာပြီး ငါတို့ ကောင်းကင်တောင်တန်း ခန်းမကို မုချ လက်စားချေလိမ့်မယ်။”

“ဘယ်ခန်းမကမဆို သူတော်စင် အမွေခံ ထွက်လာလို့ ရတယ်။ ဒါပေမဲ့ လနှလုံးသား ခန်းမကတော့ မဖြစ်ရဘူး။ နောက်ပြီး ဘယ်သူက သူတော်စင် အမွေခံ ဖြစ်မလဲဆိုတာ နန်းတော်သခင်က ဆုံးဖြတ်မှာ။ အကယ်၍ နန်းတော်သခင် တံခါးပိတ်ကျင့်စဉ်က ပြန်မထွက်လာခင် အဲ့ဒီလူ တစ်ခုခု ဖြစ်သွားခဲ့ရင် သူက သခင်လေး စူးဟုန်ရွှမ်း အတွက် ခြိမ်းခြောက်မှု မဖြစ်တော့ဘူး။”

လျန်ဟုန်၏ ရည်ရွယ်ချက်ကို သိသွားသောအခါမှ တပည့်များ ချက်ချင်းပင် သဘောပေါက်သွားကြတော့သည်။ အစီအစဉ်မှာ အကယ်၍ လုချန်းသာ ကောင်းကင်တောင်တန်း ခန်းမသို့ ဝင်လာခဲ့လျှင် သူ့ကို ကျိုးကန်းသွားအောင် လုပ်ပစ်ကာ စူးဟုန်ရွှမ်း၏ သူတော်စင် အမွေခံ နေရာအတွက် ပြိုင်ဘက်ကို ဖယ်ရှားပစ်ရန်ပင် ဖြစ်သည်။

……………

အခန်း (၁၄၀၀)

သူတော်စင် အမွေခံ နေရာကို ဘယ်သူမှ လုယူလို့ မရ

လနှလုံးသား ခန်းမသို့ ပြန်ရောက်သည့်အခါ ယွဲ့ကျန်းကျယ်သည် လုချန်းအတွက် အစေခံ ရာနှင့်ချီ ရှိသော အိမ်တော်ကြီးတစ်ခုကို စီစဉ်ပေးလိုက်၏။ ထိုအရာက လုချန်းအပေါ် သူတို့ မည်မျှ အလေးထားကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ ထို့ပြင် လုချန်း၏ အိမ်တော်အောက်ခြေတွင် စိတ်ဝိညာဉ်စွမ်းအင်များ သိပ်သည်းလှသော ထိပ်တန်း စိတ်ဝိညာဉ်ကြောတစ်ခုလည်း ရှိနေသည်။

လုချန်းကို သူတော်စင် အဆင့်သို့ အမြန်ဆုံး ရောက်ရှိစေရန် ရန်ယွဲ့ ဧကရာဇ်သည် ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ပေးအပ်ရုံသာမက ကျင့်စဉ်များစွာကိုလည်း လုချန်းအား ပေးအပ်ခဲ့သည်။ ရန်ယွဲ့ ဧကရာဇ်သည် လုချန်းကို သတ်မှတ်ထားသော ကျင့်စဉ်တစ်ခုခုကို ကျင့်ရန် အတင်းအကျပ် မလုပ်ခဲ့ပေ။ သူမ၏ အမြင်တွင် လုချန်းကဲ့သို့ ပါရမီရှင်တစ်ဦးသည် ကြီးမားသော ကံစွမ်းအား ရှိသည့်အတွက် လမ်းညွှန်ပေးရန် မလိုပဲ ကြီးမြတ်သူတစ်ဦး ဖြစ်လာလိမ့်မည်ဟု ယူဆထားသည်။

အကယ်၍ သူမက လုချန်း၏ ကျင့်ကြံခြင်း လမ်းစဉ်ကို အတင်းအကျပ် ဝင်ရောက်စွက်ဖက်လျှင် လုချန်း၏ တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ထို့ကြောင့် သူမသည် လုချန်းကို သူ့ဘာသာသူ ကျင့်ကြံစေပြီး အခက်အခဲရှိမှသာ သူမထံ လာရောက်တိုင်ပင်စေရန် စီစဉ်ထားသည်။

အသက် တဆယ့်ခြောက်နှစ်နှင့် ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့် ကျင့်ကြံသူတစ်ဦး လနှလုံးသား ခန်းမသို့ ရောက်ရှိလာသည့် သတင်းသည် ယန်ယန် နန်းတော် တစ်ခုလုံးသို့ အမြန်ပျံ့နှံ့သွားလေတော့သည်။ လုချန်း၏ သတင်းကို ကြားရလျှင် အခြားခန်းမသခင်များသည် ထိုသတင်း ဟုတ်မဟုတ် အတည်ပြုရန် ယန်ယန် နန်းတော်သို့ စုပြုံရောက်ရှိလာကြသည်။

လုချန်းကို မြင်လိုက်ရလျှင် အားလုံး အံ့အားသင့်သွားကြပြီး ရန်ယွဲ့ ဧကရာဇ်ကိုလည်း မနာလို ဖြစ်သွားကြသည်။ ရန်ယွဲ့ ဧကရာဇ်သည် သူတော်စင်မနှင့်အတူ အပြင်ထွက် လေ့ကျင့်ရာမှ ဤမျှ အရည်အချင်းရှိသော တပည့်တစ်ဦးကို ခေါ်ဆောင်လာနိုင်ခဲ့သည်။

နန်းတော်သခင် တံခါးပိတ်ကျင့်စဉ်မှ ထွက်လာသည်နှင့် လုချန်းသည် သူတော်စင် အမွေခံ အဖြစ် ရွေးချယ်ခံရလိမ့်မည်ဟု ခန်းမသခင် အားလုံးနီးပါးက ယုံကြည်နေကြသည်။ လက်ရှိ သူတော်စင်မနှင့် နှိုင်းယှဉ်ပါက လုချန်း၏ အရည်အချင်းက ဧကန်မုချ သာလွန်နေပေသည်။ ဤသတင်းသည် ကောင်းကင်တောင်တန်း ခန်းမ၏ ခန်းမသခင် ဖြစ်သူ ရွှမ်မင် ဧကရာဇ်၏ နားထဲသို့လည်း ရောက်ရှိသွားတော့သည်။

……..

မရဏတို့အငွေ့အသက်တို့ စုဝေးရာ တောင်ကြားတစ်ခုတွင် အမှောင်ထုများ ဝိုင်းရံနေပြီး မြေပြင်ပေါ်၌ တိရစ္ဆာန်အရိုးများ ပြန့်ကျဲနေလျက်ရှိ၏။ ထိုတောင်ကြား၏ ဗဟိုတွင် စက်ဝိုင်းပုံစံ နည်းဗျူဟာပုံစံ တစ်ခု ရှိနေပြီး ၎င်း၏ အလယ်တွင် အမည်းရောင် အငွေ့အသက်များ ထွက်ပေါ်နေသော လူရိပ်တစ်ခု ရှိနေသည်။ ထိုသူမှာ ကောင်းကင်တောင်တန်း ခန်းမ၏ ခန်းမသခင် ရွှမ်မင် ဧကရာဇ်ပင်ဖြစ်သည်။

ထိုအချိန်၌ လျန်ဟုန်သည် နည်းဗျူဟာ ပုံစံ၏ အစွန်းတွင် ဒူးထောက်နေပြီး လုချန်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ရပ်များကို ရွှမ်မင် ဧကရာဇ်အား သတင်းပို့နေသည်။ လုချန်းအကြောင်း ကြားလိုက်ရလျှင် ရွှမ်မင် ဧကရာဇ်၏ အမည်းရောင် အငွေ့အသက်များသည် အရှိန်အဟုန်နှင့် လှုပ်ခတ်လာပြီး တောင်ကြားတစ်ခုလုံးတွင် အော်ဟစ်ငိုကြွေးသံများဖြင့် ပြည့်နှက်သွားသည်။ ရွှမ်မင် ဧကရာဇ်သည် သူ၏ သွေးရောင်မျက်လုံးများကို ဖွင့်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်ကာ

“ရန်ယွဲ့... ခင်ဗျားရဲ့ ကံက တကယ်ကို ထူးခြားတာပဲ... အပြင်ထွက်ရင်းနဲ့တောင် ဒီလောက် အရည်အချင်းရှိတဲ့ တပည့်တစ်ယောက်ကို ကောက်ရလာခဲ့တယ်ပေါ့။”

ရွှမ်မင် ဧကရာဇ်၏ ဒေါသကို မြင်လျှင် လျန်ဟုန်က

“ခန်းမသခင်... သခင်လေးက သူတော်စင် အဆင့်ကို ရောက်နေပြီပဲ။ လုချန်း ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သခင်လေးနဲ့တော့ မယှဉ်နိုင်ပါဘူး။ လုချန်းက ထူးခြားတဲ့ အခွင့်အလမ်းတစ်ခုခုနဲ့ တွေ့ခဲ့လို့ အခုလို အမြန် တိုးတက်လာတာ ဖြစ်မှာပါ။”

ရွှမ်မင် ဧကရာဇ်က လျန်ဟုန်ကို အမူအရာ ကင်းမဲ့စွာ ကြည့်ပြီး

“ကျုပ်ကို ရှင်းပြနေဖို့ မလိုဘူး။ သူ့အရည်အချင်းက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ... သူတော်စင် အမွေခံ နေရာက ငါ့သားအတွက်ပဲ ဖြစ်ရမယ်”

ဟု အေးစက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် လျန်ဟုန် ခဏခန့် အံ့အားသင့်သွားသော်လည်း ရွှမ်မင် ဧကရာဇ်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားခဲ့သည်။

သူက သတိကြီးစွာနှင့်

“ခန်းမသခင်... လုချန်းက လနှလုံးသား ခန်းမမှာပဲ နေနေတာ။ နန်းတော်သခင် တံခါးပိတ်ကျင့်ကြံနေသရွေ့ သူ အပြင်ထွက်မှာ မဟုတ်ဘူး။”

လုချန်းကို ကိုင်တွယ်ရန်အတွက် ရန်ယွဲ့ ဧကရာဇ်နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ရွှမ်မင် ဧကရာဇ်အား လျန်ဟုန်က သတိပေးလိုက်ခြင်း ဖြစ်သည်။

ရန်ယွဲ့ ဧကရာဇ်၏ ပင်မခန္ဓာသည် ယန်ယန် နန်းတော်၌ မရှိသော်လည်း ရွှမ်မင် ဧကရာဇ်နှင့် ရန်ယွဲ့ ဧကရာဇ်တို့၏ ကိုယ်ပွားများ တိုက်ခိုက်ကြလျှင် တံခါးပိတ်ကျင့်ကြံနေသော နန်းတော်သခင် ဧကန်မုချ သိသွားပေလိမ့်မည်။ နန်းတော်သခင်သာ ထွက်လာပါက လုချန်းကို ဖယ်ရှားမည့် သူတို့၏ အစီအစဉ် ပျက်စီးသွားမည့်ပြင် နန်းတော်သခင်က လုချန်းကို သူတော်စင် အမွေခံအဖြစ် ရွေးချယ်သွားနိုင်သည်။

လျန်ဟုန်၏ သတိပေးချက်ကို ကြားသော်လည်း ရွှမ်မင် ဧကရာဇ်က တည်ငြိမ်နေဆဲ ဖြစ်ပြီး

“ဒါကို ခင်ဗျား စိုးရိမ်စရာ မလိုဘူး။ ကျုပ်မှာ နည်းလမ်းရှိတယ်။”

ရွှမ်မင် ဧကရာဇ်က ထိုသို့ ပြောလိုက်သောကြောင့် လျန်ဟုန်လည်း ထပ်မပြောတော့ပဲ

“ဟုတ်ကဲ့ပါ ခန်းမသခင်”

ဟု ဆိုကာ ပြန်ထွက်သွားတော့သည်။

လျန်ဟုန် ထွက်သွားပြီးနောက် ရွှမ်မင် ဧကရာဇ်သည် လနှလုံးသား ခန်းမ ရှိရာဘက်သို့ ကြည့်လိုက်ပြီး

“ငါ့သားဆီကနေ သူတော်စင် အမွေခံ နေရာကို ဘယ်သူမှ လုယူလို့ မရဘူး”

ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

ထို့နောက် ရွှမ်မင် ဧကရာဇ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး တောင်ကြားအတွင်းရှိ ဝိညာဉ်များ ပို၍ လှုပ်ခတ်လာကာ အော်ဟစ်ငိုကြွေးသံများဖြင့် ပြည့်နှက်သွားပြန်တော့သည်။

တောင်ကြားမှ ထွက်လာစဉ် နောက်ကွယ်မှ အသံများကြောင့် လျန်ဟုန် တုန်လှုပ်သွားမိသည်။ ရွှမ်မင် ဧကရာဇ် အဘယ်ကြောင့် ဤမျှ တည်ငြိမ်နေရလဲဆိုတာကို သူ နားမလည်နိုင်ပေ။ နန်းတော်သခင်က လေဟုန်ယွမ်ကို သူတော်စင်မအဖြစ် ရွေးချယ်စဉ်က ရွှမ်မင် ဧကရာဇ်သည် သိသိသာသာပင် မကျေမနပ် ဖြစ်နေခဲ့သည်။ သို့သော် ယခု သူ၏သား နေရာကိုပင် လုယူခံရတော့မည် ဖြစ်ပါလျက် ဘာကြောင့် မတုန်လှုပ်ရသနည်းဟု သူ တွေးနေမိ၏။

………

ထိုအချိန်၌ ကောင်းကင်တောင်တန်း ခန်းမရှိ ခမ်းနားသော အိမ်တော်တစ်ခုတွင် ဝတ်စုံဖြူဝတ် လူငယ်တစ်ဦးသည် မျှော်စင်ပေါ်၌ ရပ်နေပြီး အပြင်ဘက်မှ တပည့်တစ်ဦး၏ သတင်းပို့ချက်ကို နားထောင်နေသည်။ ထိုလူငယ်၏ မျက်နှာသည် မှောင်မိုက်နေပြီး တပည့်ဖြစ်သူ သတင်းပို့နေစဉ်အတွင်း ဘာမှမပြောပဲ တိတ်ဆိတ်နေခဲ့သည်။

ခဏခန့် အကြာတွင် ထိုလူငယ်က

“အသက် ဆယ့်ခြောက်နှစ်နဲ့ ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်လား... စိတ်ဝင်စားစရာပဲ”

လနှလုံးသား ခန်းမမှ လုချန်းအကြောင်းကို လျန်ဟုန်ထံမှ စူးဟုန်ရွှမ်း ကြားပြီးသား ဖြစ်သော်လည်း အစပိုင်းတွင် သူ မယုံကြည်ခဲ့ပေ။ ထိုသူမှာ ဧကရာဇ်လောင်း တစ်ဦးဦး၏ ကိုယ်ပွား ဖြစ်ပြီး တစ်ခုခုကို ကြံစည်ရန် ယန်ယန် နန်းတော်သို့ ရောက်လာခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့သည်။

သို့သော်လည်း ခန်းမသခင် အမြောက်အမြားသည် ယန်ယန် နန်းတော်သို့ သွားရောက် အတည်ပြုခဲ့ကြသည်။ ထိုအခါမှ လုချန်းသည် တကယ်ပင် အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ကိုယ်ပွား မဟုတ်ပဲ ပြည့်စုံသော နတ်ဝိညာဉ် ရှိကြောင်း သူလက်ခံလာခဲ့သည်။

ယန်ယန် နန်းတော်မှ ခန်းမသခင်များသည် ဧကရာဇ်အဆင့် များ ဖြစ်ကြ၏။ ရန်ယွဲ့ ဧကရာဇ် တစ်ဦးတည်းဆိုပါက မှားယွင်းနိုင်သော်လည်း ဧကရာဇ်အဆင့် အမြောက်အမြားက အတည်ပြုထားသဖြင့် ၎င်းသည် အမှန်တရား ဖြစ်ပေလိမ့်မည်။

ဤအချက်က စူးဟုန်ရွှမ်း စိတ်ထဲခြိမ်းခြောက်မှု ခံစားရစေသည်။ သူ၏ ဖခင်သည် နန်းတော်သခင်ကို ခက်ခဲစွာ နားချပြီး ယန်ယန် နန်းတော်တွင် သူတော်စင် အမွေခံ နေရာတစ်ခု ထပ်တိုးရန် သဘောတူညီမှု ရယူထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု ဤမျှ အရည်အချင်းရှိသူ တစ်ဦး ပေါ်လာခြင်းက သူ၏ သူတော်စင် အမွေခံ ဖြစ်လာမည့် မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်သည်။

“မဖြစ်ဘူး... လုချန်းကို အသက်ရှင်ခွင့် မပေးနိုင်ဘူး”

ဟု သူ ကြုံးဝါးလိုက်၏။

နန်းတော်သခင် တံခါးပိတ်ကျင့်ကြံရာမှ မထွက်လာခင် သူ့ကို ရှင်းပစ်ရမည် ဖြစ်သည်။ သို့သော် လုချန်းသည် လနှလုံးသား ခန်းမတွင် အမြဲ ရှိနေသဖြင့် လှုပ်ရှားရန် ခက်ခဲနေသည်။ ကံကောင်းသည်က နန်းတော်သခင် တံခါးပိတ်ကျင့်စဉ်ဝင်တာက မကြာသေးပေ။ ပုံမှန်အားဖြင့် နန်းတော်သခင်သည် နှစ်ပေါင်းတစ်ရာခန့် ကြာအောင် ကျင့်ကြံတတ်သည်။ ထို့ကြောင့် လုချန်းကို ကိုင်တွယ်ရန် အချိန်အလုံအလောက် ရှိနေသေး၏။

လုချန်းကို မည်သို့ ဖယ်ရှားရမလဲဟု စူးဟုန်ရွှမ်း တွေးတောနေသကဲ့သို့ လုချန်းသည်လည်း လနှလုံးသား ခန်းမမှ မည်သို့ထွက်ပြီး ကောင်းကင်တောင်တန်း ခန်းမတွင် ပြဿနာရှာရမည်ကို ကြံစည်နေ၏။

…….

တိတ်ဆိတ်သော ဝါးတောတစ်ခုအတွင်း။

လုချန်းသည် ကျောက်ဖျာတစ်ချပ်ပေါ်တွင် တင်ပျဉ်ပလ္လင်ခွေ ထိုင်နေ၏။ သူ၏ အနီးတွင် သူတော်စင် အဆင့် ရှိသော အစေခံမိန်းကလေး နှစ်ဦး ရှိနေသည်။ ဤအစေခံ နှစ်ဦးသည် ရန်ယွဲ့ ဧကရာဇ်က သူ့ကို ကာကွယ်ရန် အထူးစီစဉ်ပေးထားခြင်း ဖြစ်သည်။ သို့သော် လုချန်းအတွက်တော့ အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

သူ လနှလုံးသား ခန်းမမှ ထွက်ရန် ကြိုးစားလျှင် ဤအစေခံ နှစ်ဦးက ဧကန်မုချ တားဆီးကြပေလိမ့်မည်။ ကောင်းကင်တောင်တန်း ခန်းမ၏ ခန်းမသခင်သည် သူ ရှိနေခြင်းကို သိပြီးလောက်ပြီ ဖြစ်သော်လည်း ဘာကြောင့် ပြဿနာလာမရှာကြသေးသနည်းဟု လုချန်း တွေးနေမိသည်။ အချိန်အလွန်ကြာသွားလျှင် အသက်ကယ် ဧကရီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး သူ၏ ခန္ဓာကိုယ်က ကိုယ်ပွား တစ်ခုသာ ဖြစ်နေကြောင်း သိသွားမှာကို လုချန်း စိုးရိမ်နေ၏။

ယန်ယန် နန်းတော်တွင် ရှိနေစဉ်အတွင်း

အသက်ကယ် ဧကရီ အကြောင်း လုချန်း အတော်များများ သိခဲ့ရသည်။ သူမသည်လည်း ဘဝဖန်တီးခြင်း လမ်းစဉ်ကို လိုက်စားသူ ဖြစ်ကြောင်း ကောလာဟလများ ရှိနေသည်။ အသက်ကယ် ဧကရီ၏ ဖန်တီးခြင်းလမ်းစဉ်က သူနှင့် ကွဲပြားနိုင်သော်လည်း အခြေခံအားဖြင့် လမ်းစဉ်တစ်ခုတည်းကို လျှောက်လှမ်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် တူညီမှုများ ရှိနေပေလိမ့်မည်။ အခြား ဧကရာဇ်အဆင့် များက သတိမထားမိနိုင်သော်လည်း သူ၏ ခန္ဓာကိုယ်ရှိ ထူးခြားမှုတစ်ခုခုကို အသက်ကယ် ဧကရီ သတိပြုမိသွားဖို့က အလွန် ဖြစ်နိုင်ခြေ များသည်။

………….

အခန်း (၁၄၀၁)

လမ်းစဉ် ညီလာခံ

လုချန်း အတွေးများနေစဉ် နောက်ဘက်မှ အစေခံမိန်းကလေးတစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“သခင်လေး... အကြီးအကဲ ယွဲ့က တွေ့ခွင့်တောင်းနေပါတယ်”

ယခုအခါ လနှလုံးသား ခန်းမတစ်ခုလုံးက လုချန်းကို သူတော်စင် အမွေခံတစ်ဦးအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်သည်။ လုချန်းသည် နောက်ဆုံးတွင် သူတော်စင် အမွေခံ ဖြစ်မလာခဲ့လျှင်ပင် သူ၏ အရည်အချင်းအရ ယန်ယန်နန်းတော်တွင် သူ၏ အဆင့်အတန်းမှာ နိမ့်ကျလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လနှလုံးသား ခန်းမရှိ လူတိုင်းက လုချန်းအပေါ် အလွန် ကောင်းမွန်စွာ ဆက်ဆံကြ၏။

လုချန်း မျက်လုံးဖွင့်လိုက်ပြီး ထိုင်ခုံပေါ်မှ ထကာ

“အကြီးအကဲ ယွဲ့က ဘာကိစ္စရှိလို့လဲ”

အစေခံမိန်းကလေးက

“ကျွန်မလည်း မသိပါဘူး။ ဒါပေမဲ့ ကျင်းပမြဲဖြစ်တဲ့ လမ်းစဉ် ညီလာခံက စတော့မှာဆိုတော့ အကြီးအကဲ ယွဲ့က သခင်လေးကို အဲ့ဒီပွဲ တက်ဖို့ လာဖိတ်တာ ဖြစ်နိုင်ပါတယ်။”

၎င်းကို ကြားလျှင် လုချန်း စဉ်းစားခန်း ဝင်သွားသည်။

လမ်းစဉ် ညီလာခံလား....

ရန်ယွဲ့ ဧကရာဇ်သည် သူ့ကို လနှလုံးသား ခန်းမမှ ထွက်ခွာခွင့် အမြဲ ပိတ်ပင်ထားခဲ့သည်။ ထို့ကြောင့် ရန်ယွဲ့ ဧကရာဇ်က သူ့ကို ဒီပွဲ တက်ခွင့်ပြုပါ့မလားဟု သူစဉ်းစားမိသွား၏။

အကယ်၍ သူသာ လမ်းစဉ် ညီလာခံကို တက်ရောက်ခွင့်ရလျှင် ဤအခွင့်အရေးကို သုံးပြီး ပြဿနာအချို့ ရှာနိုင်သည်။ ထိုသို့တွေးမိပြီး လုချန်းက အစေခံမလေးအား

“အကြီးအကဲ ယွဲ့ကို အထဲလွှတ်လိုက်ပါ”

“ဟုတ်ကဲ့ပါ သခင်လေး”

ခဏခန့်အကြာတွင် အစေခံမလေးက ယွဲ့ကျန်းကျယ်ကို လုချန်းရှိရာ ဝါးတောထဲသို့ ခေါ်ဆောင်လာခဲ့သည်။ လုချန်း ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ခြောက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အာရုံခံမိသောအခါ ယွဲ့ကျန်းကျယ်က

“သခင်လေး ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ခြောက်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။”

လုချန်းက ပြုံးပြီး

“အကြီးအကဲ ယွဲ့ ဘာကိစ္စရှိလို့ လာတာပါလဲ။”

ယွဲ့ကျန်းကျယ်က

“သခင်လေး လမ်းစဉ် ညီလာခံ အကြောင်း ကြားပြီးပြီလား”

ဟု ပြန်မေးလိုက်သည်။

ထိုအရာကို ကြားလျှင် ယွဲ့ကျန်းကျယ်သည် လမ်းစဉ် ညီလာခံအတွက် တကယ် လာရောက်ခြင်းဖြစ်ကြောင်း လုချန်း အတည်ပြုနိုင်လိုက်သည်။ သူက

“ခုနကမှ ကြားလိုက်ရတာပါ။ အကြီးအကဲ ယွဲ့က ကျွန်တော့်ကို လမ်းစဉ် ညီလာခံ တက်ဖို့ လာဖိတ်တာလား။”

ယွဲ့ကျန်းကျယ်က

“အတိအကျပါပဲ။ ယန်ယန် နန်းတော်က ထူးချွန်တဲ့ ပါရမီရှင်တွေ အားလုံး ဒီပွဲကို တက်ကြပါလိမ့်မယ်။ လနှလုံးသား ခန်းမရဲ့ ပါရမီ အရှိဆုံးသူတစ်ယောက်အနေနှင့် သခင်လေးလည်း မပျက်မကွက် တက်ရောက်ရပါမယ်။ ဒါဟာ သခင်လေးရဲ့ အနာဂတ် သူတော်စင် အမွေခံ ရာထူးအတွက် အခြေခံအုတ်မြစ် ချပေးတာလည်း ဖြစ်ပါတယ်။”

လုချန်းသည် သူတော်စင် အမွေခံ ဖြစ်လာတော့မည်ဖြစ်ရာ လနှလုံးသား ခန်းမထဲတွင်သာ အောင်းနေပြီး လူလုံးမပြဘဲ နေ၍မရပေ။ လေဟုန်ယွမ် ယန်ယန် နန်းတော်သို့ စရောက်စဉ်ကလည်း ပါရမီရှင် အမြောက်အမြားကို အနိုင်ယူပြခဲ့သည်။ ထိုအခါမှသာ သူမ၏ အရည်အချင်းနှင့် အင်အားကို လူတိုင်းက အသိအမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။

ရန်ယွဲ့ ဧကရာဇ်သည် လုချန်းကို သူတော်စင် အမွေခံ ဖြစ်စေချင်သည်။ ထို့ကြောင့် လုချန်းအနေနှင့် သူ၏ အရည်အချင်းကို လူတိုင်းရှေ့တွင် ပြသရန် လိုအပ်၏။ ထိုသို့မဟုတ်ပါက အခြားသူများကို ဆွဲဆောင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

ထိုအချိန်တွင် လုချန်းက

“ဒါပေမဲ့ ခန်းမသခင်က ကျွန်တော့်ကို လနှလုံးသား ခန်းမထဲကနေ ထွက်ခွင့်မပြုဘူးလေ။”

ယွဲ့ကျန်းကျယ်က

“စိတ်မပူပါနဲ့ သခင်လေး။ ခန်းမသခင်က သခင်လေးကို ပွဲတက်ဖို့ သဘောတူပြီးသားပါ။ ဒါ့အပြင် ခန်းမသခင် ကိုယ်တိုင်လည်း တက်မှာဖြစ်တဲ့အတွက် သခင်လေးက သူ့ဘေးမှာပဲ နေရမှာပါ။ ဘယ်သူမှ သခင်လေးကို ရန်မမူရဲပါဘူး။”

လုချန်း၏ စိတ်ထဲတွင် ဝမ်းသာသွား၏။ ရန်ယွဲ့ ဧကရာဇ်က သဘောတူထားသဖြင့် အရာအားလုံး ပိုလွယ်ကူသွားပြီဖြစ်သည်။ လမ်းစဉ် ညီလာခံတွင် သူ့ကို မနှစ်မြို့သူများ အထူးသဖြင့် ကောင်းကင်တောင်တန်း ခန်းမက လူများ ဧကန်မုချ ရှိနေပေလိမ့်မည်။ အကယ်၍ သူနှင့် ကောင်းကင်တောင်တန်း ခန်းမက လူများ ထိပ်တိုက်တွေ့လျှင် ဤအခွင့်အရေးကို သုံးပြီး သူတို့၏ တပည့်အချို့ကို မတော်တဆ သတ်ပစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် သူသည် ဧကန်မုချ ငြိမ်သက်သော မျှော်စင်သို့ အပို့ခံရပေလိမ့်မည်။

လုချန်းက

“အဲ့ဒီလိုဆိုရင်လည်း ကျွန်တော် သွားပါ့မယ်။ ပွဲက ဘယ်တော့လဲ။”

ယွဲ့ကျန်းကျယ်က

“ဆယ်လပိုင်း ဆယ့်ငါးရက်နေ့ပါ။ ဒီနေ့ကနေ နောက်ထပ် ၅ ရက်အကြာပေါ့။”

လုချန်းက

“ကျွန်တော် ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ”

ယွဲ့ကျန်းကျယ်က

“ဘာမှ ပြင်ဆင်စရာ မလိုပါဘူး။ အချိန်ကျရင် ပွဲကို လိုက်လာရုံပါပဲ။”

လုချန်းက

“ကောင်းပါပြီ....နားလည်ပါပြီ”

ထို့နောက် လုချန်းက တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ဆက်လက်၍

“ကောင်းကင်တောင်တန်း ခန်းမက စူးဟုန်ရွှမ်း လည်း တက်မှာပဲ မဟုတ်လား။”

လုချန်းက စူးဟုန်ရွှမ်း အကြောင်းကို ပြောလိုက်သဖြင့် ယွဲ့ကျန်းကျယ် ခဏခန့် အံ့အားသင့်သွားပြီး

“သေချာတာပေါ့”

စူးဟုန်ရွှမ်းက သူ့ကို ပစ်မှတ်ထားမှာကို လုချန်း စိုးရိမ်နေသည်ဟု ထင်မှတ်ကာ ယွဲ့ကျန်းကျယ်က

“သခင်လေး စိတ်မပူပါနဲ့။ သခင်လေးက လူလုံးပြဖို့ပဲ သွားတာပါ။ ကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်စရာ မလိုပါဘူး။ စူးဟုန်ရွှမ်းက အခုဆို သူတော်စင် အဆင့် ကျင့်ကြံသူ ဖြစ်နေပြီမို့ သခင်လေးကို သူ့ဘက်က စပြီးစိန်ခေါ်လာဖို့ မဖြစ်နိုင်ပါဘူး။”

လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး

“ကျွန်တော်က ဒီအတိုင်း မေးကြည့်တာပါ”

“အကြီးအကဲ ယွဲ့... တခြား ပြောစရာ ရှိသေးလား”

ယွဲ့ကျန်းကျယ်က

“မရှိတော့ပါဘူး.....သခင်လေး ကျင့်ကြံနေတာကို မနှောင့်ယှက်တော့ပါဘူး”

ဟု ဆိုကာ ဝါးတောထဲမှ လှည့်ထွက်သွား တော့သည်။

………

ရက်အနည်းငယ် ကြာပြီးနောက်...

ယန်ယန် နန်းတော်၏ ပင်မခန်းမ။

ယနေ့တွင် ခန်းမအသီးသီးမှ ထူးချွန်သော တပည့်များ စုဝေးနေကြရာ ပင်မခန်းမတစ်ခုလုံး စည်ကားလျက်ရှိ၏။ နန်းတော်သခင်သည် လက်ရှိတွင် တံခါးပိတ်ကျင့်ကြံနေသော်လည်း နှစ်ပေါင်းတစ်ရာလျှင် တစ်ကြိမ် ကျင်းပမြဲဖြစ်သော လမ်းစဉ် ဆွေးနွေးပွဲကိုတော့ ရွှေ့ဆိုင်းခြင်း မရှိပေ။

ထိုအခိုက်တွင် လူအုပ်ကြားမှ ဆူညံသံများ ထွက်ပေါ်လာသည်။

“လနှလုံးသား ခန်းမက လူတွေ လာနေပြီဟေ့”

“ကြားရတာတော့ ရန်ယွဲ့ သခင်က ကြောက်စရာကောင်းလောက်အောင် ပါရမီရှိတဲ့ တပည့်တစ်ယောက်ကို ခေါ်လာတယ်ဆိုပဲ”

“ကျုပ်လည်း ကြားတယ်။ အဲ့ဒီလူက အသက် ဆယ့်ခြောက်နှစ်နဲ့ ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ငါးကို ရောက်နေတာတဲ့။”

“တကယ်လား... ဆယ့်ခြောက် နှစ်နဲ့ပြန်လည်ပျက်စီးခြင်း အဆင့် ဟုတ်လား...အရင် သူတော်စင်မတောင် အဲ့ဒီလောက် ပါရမီ မရှိဘူး။”

“ဧကရာဇ်လောင်း တစ်ယောက်ယောက်ရဲ့ ကိုယ်ပွား များလား။”

“တကယ်ပါဆို။ ကျုပ်တို့ ခန်းမသခင် ကိုယ်တိုင် လနှလုံးသား ခန်းမကို သွားပြီး အတည်ပြုခဲ့တာ။ သူ့ရဲ့ အရိုးသက်တမ်းက ဆယ့်ခြောက်နှစ်ပဲ ရှိသေးသလို ဝိညာဉ်ကလည်း ပြည့်စုံတယ်တဲ့။ ကိုယ်ပွား မဟုတ်ဘူး။”

“ဒါဆို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက် ဝင်စားတာများလား”

“အဲ့ဒါတော့ ပြောရခက်တယ်။ ကျုပ်ထင်တာတော့ သူက ဧကရာဇ်အဆင့် တစ်ယောက်ယောက် ဝင်စားတာ ဖြစ်ရမယ်။ မဟုတ်ရင် ဆယ့်ခြောက် နှစ်နဲ့ ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ။”

…….

လုချန်းသည် ယွဲ့ကျန်းကျယ်၏ နောက်မှ လိုက်ကာ အဝေးရှိ စင်မြင့်ဆီသို့ လျှောက်သွားသည်။ ဤလမ်းစဉ် ညီလာခံတွင် ထိုင်ခုံနေရာပေါင်း တစ်သောင်းရှိပြီး လုချန်းကဲ့သို့ အဓိက တပည့်များအတွက် သီးသန့်နေရာများ ရှိသည်။ လုချန်း ခန်းမကို ဖြတ်လျှောက်သွားစဉ် လူတိုင်း၏ အကြည့်များ သူ့ထံ ရောက်နေသည်ကို ခံစားမိသော်လည်း သူ ဂရုမစိုက်ပေ။

ဤမျှ လူအမြောက်အမြား အာရုံစိုက်နေသဖြင့် နောက်ပိုင်းတွင် သူ အမှားတစ်ခုခု လုပ်မိလျှင် ရန်ယွဲ့ ဧကရာဇ်အနေနှင့် သူ့ကို ဗြောင်ကျကျ ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ သူ စိုးရိမ်နေခဲ့သည်က သူ အမှားလုပ်လျှင်ပင် ရန်ယွဲ့ ဧကရာဇ်က သူ၏ အရည်အချင်းကြောင့် သူ့ကို မသိမသာ ကာကွယ်ပေးလိုက်ပြီး သူ၏ အစီအစဉ် ပျက်သွားမည်ကို ဖြစ်သည်။

မကြာမီ လုချန်း သူ၏ ထိုင်ခုံသို့ ရောက်ရှိလာသည်။ သူသည် လနှလုံးသား ခန်းမ၏ အဓိက တပည့်များ၏ အလယ်တွင် နေရာချထားခံရ၏။ ထိုအချက်က လနှလုံးသား ခန်းမတွင် သူ၏ လက်ရှိ အဆင့်အတန်း မြင့်မားမှုကို ပြသနေသည်။ ထိုင်ခုံတွင် ထိုင်နေစဉ် ကောင်းကင်တောင်တန်း ခန်းမမှလူများရှိရာသို့ လုချန်း လှမ်းကြည့်လိုက်ရာ ရန်လိုသော အကြည့်တစ်ခု သူ့ထံ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အကြံအစည်များသော အမူအရာ ရှိသည်။ သူ၏ ရုပ်ရည်က ချောမောသော်လည်း အလွန် ယုတ်မာကောက်ကျစ်သော ခံစားချက်မျိုးကို ပေးနေသည်။ လုချန်းလည်း ချက်ချင်းပင် စနစ်ကို အသုံးပြု၍ ထိုသူအား စစ်ဆေးလိုက်သည်။

[အမည် : စူးဟုန်ရွှမ်း]

[အချက်အလက် : ကောင်းကင်တောင်တန်း ခန်းမ၏ ခေါင်းဆောင် ရွှမ်မင် ဧကရာဇ်၏ သား။

[အဆင့် : သူတော်စင် အဆင့်တစ်]

[သစ္စာစောင့်သိမှု : ၀]

စနစ်မှ အချက်အလက်များကို မြင်လိုက်ရလျှင် လုချန်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် မြင့်တက်သွားပြီး စူးဟုန်ရွှမ်းကို ရန်စသော အပြုံးဖြင့် ပြုံးပြလိုက်သည်။

ထိုအခိုက်တွင် လုချန်းက သူ့ကို ကြည့်ပြီး ပြုံးနေသည်ကို စူးဟုန်ရွှမ်း မြင်လျှင် သူ၏ မျက်ခုံးများ ပို၍ပင် တွန့်သွားသည်။ ကောင်းကင်တောင်တန်း ခန်းမ၏ ဝါစဉ်ကြီး တပည့်ခေါင်းဆောင်တစ်ဦးအနေနှင့် သူသည် ဤကဲ့သို့ မည်သည့်အခါကမှ ရန်စခြင်း မခံခဲ့ရဖူးပေ။ သူသည် သူတော်စင် အမွေခံ မဖြစ်သေးသော်လည်း သူ၏ အရည်အချင်းကြောင့် ယန်ယန် နန်းတော်တွင် သူ့ကို ရန်စရဲသူ ရှားပါးလှသည်။

သို့သော် စူးဟုန်ရွှမ်း အလျင်အမြန်ပင် ပြန်လည်တည်ငြိမ်သွားကာ သူကလည်း ပြန်ပြုံးပြလိုက်သည်။ သူ၏ အပြုံးတွင် လူသတ်လိုသော အငွေ့အသက်များ ပါဝင်နေသည်။

လုချန်းကို ခဏလောက် ထပ်ပြီး မာန်တက်ခွင့် ပေးထားလိုက်မည်။ မကြာမီ သူ ထိုသို့ မာန်တက်နိုင်တော့မည် မဟုတ်ပေ။ ရန်ယွဲ့ ဧကရာဇ်သည် လုချန်းကို ရတနာတစ်ခုလို ကာကွယ်ထားကြောင်း စူးဟုန်ရွှမ်း သိသော်လည်း လမ်းစဉ် ညီလာခံတွင် လုချန်းသည် စင်မြင့်ပေါ်တွင် ထိုင်နေပြီး ဘာမှ မစွမ်းဆောင်နိုင်ပါက အခြားခန်းမမှ တပည့်များ၏ အသိအမှတ်ပြုမှုကို ရရှိလိမ့်မည် မဟုတ်ပေ။

All Chapters