← Chapters

အခန်း (၁၄၀၂-၁၄၀၄)

Vol. 94 Ch. 1402-1404

အခန်း (၁၄၀၂-၁၄၀၄)

Vol. 94 Ch. 1402-1404

အခန်း (၁၄၀၂)

ရန်ယွဲ့ ဧကရာဇ်၏ အကျပ်အတည်း

စင်မြင့်ထက်တွင် ယန်ယန် နန်းတော်၏ ခန်းမသခင် ဆယ့်သုံး ဦးစလုံး ရှိနေကြသည်။ သူတို့ကိုယ်တိုင် မလာရောက်နိုင်လျှင်ပင် ကိုယ်ပွားတစ်ခုကို စေလွှတ်ထားကြသည်။

ထိုအချိန်တွင် ရွှေဖလားတစ်လုံး ကိုင်ဆောင်ထားသော ခန့်ညားထည်ဝါသည့် ဧကရာဇ်အဆင့်တစ်ဦးက ရန်ယွဲ့ ဧကရာဇ်ဘက်သို့ လှည့်လိုက်ကာ

“ရန်ယွဲ့... ခင်ဗျားက အသက် ဆယ့်ခြောက်နှစ်နဲ့ ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့် ငါးကို ရောက်တဲ့ ပါရမီရှင်တစ်ယောက်ကို ခေါ်လာတယ်ဆိုတာ ဟုတ်သလား။”

ရန်ယွဲ့ ဧကရာဇ်က ပြုံးလျက်

“ဟုတ်ပါတယ်... အဲ့ဒါ အမှန်ပဲ”

ဟွမ်ယွမ် ဧကရာဇ်က

“ခင်ဗျား တကယ့်ကို ကံကောင်းတာပဲ။ သူတော်စင်မကို ကာကွယ်ပေးနေရင်းနဲ့တောင် ဒီလောက်ကောင်းတဲ့ အရာကို တွေ့ခဲ့တယ်ပေါ့။ နန်းတော်သခင် တံခါးပိတ်ကျင့်စဉ်က ထွက်လာရင် အဲ့ဒီကလေးက သူတော်စင် အမွေခံ အဖြစ် သတ်မှတ်ခံရဖို့ များတယ်”

ဟု မှတ်ချက်ပေးလိုက်သည်။

ထိုစကားများက ရွှမ်မင် ဧကရာဇ်အား မရည်ရွယ်ပဲ စိတ်ထိခိုက်သွားစေသည်။ သူ၏ မရဏ အငွေ့အသက်များလည်း မသိမသာ တုန်ခါသွားပြီး ပျံ့နှံ့မည့် အရိပ်အယောင်များ ပြသလာသည်။

ရန်ယွဲ့ ဧကရာဇ်က

“သူ သူတော်စင် အမွေခံ ဖြစ်လာမလားဆိုတာကတော့ နန်းတော်သခင်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။”

ထိုအချိန်တွင် အချို့သော ဧကရာဇ်များသည် ရွှမ်မင် ဧကရာဇ်ထံသို့ အကြည့်များ ပို့လိုက်ကြ၏။ သူ၏သား စူးဟုန်ရွှမ်းသည် အစက ယန်ယန် နန်းတော်၏ ထိပ်တန်းပါရမီရှင်အဖြစ် ချီးကျူးခံခဲ့ရသူ ဖြစ်သည်။ စူးဟုန်ရွှမ်းသည် ယန်ယန် နန်းတော်၏ သူတော်စင် အမွေခံ ဖြစ်လာလိမ့်မည်ဟု လူတိုင်းနီးပါး ယုံကြည်ခဲ့ကြသည်။

သို့သော်လည်း ယခင် သူတော်စင်မ ပေါ်လာပြီးနောက်တွင် စူးဟုန်ရွှမ်း၏ ထိပ်တန်းပါရမီရှင် ဘွဲ့ထူးက သူမထံသို့ ရောက်ရှိသွားခဲ့သည်။ နောက်ပိုင်းတွင် အသက်ကယ် ဧကရီက လျိုချင်းယွမ်ကို သူတော်စင်မအသစ်အဖြစ် ရွေးချယ်ခဲ့သည်။ ယန်ယန် နန်းတော်တွင် ဆက်ခံသူ တစ်ဦးသာ လိုအပ်ကြောင်းလည်း သူမက ကြေညာခဲ့သည်။ ထို့ကြောင့် သူတော်စင်မ ရှိပြီးဖြစ်၍ သူတော်စင် အမွေခံ မလိုအပ်တော့ဟု ဆိုကာ စူးဟုန်ရွှမ်း၏ အိပ်မက်များကို ရိုက်ချိုးပစ်ခဲ့သည်။

လျိုချင်းယွမ် ရာထူးမှ ဖယ်ရှားခံရသောအခါ စူးဟုန်ရွှမ်း၏ အလှည့် ရောက်လာပြီဟု ထင်ခဲ့ရသည်။ သို့သော်လည်း မမျှော်လင့်ပဲ စူးဟုန်ရွှမ်းထက် သာလွန်သော ပါရမီ ရှိသည့် လေဟုန်ယွမ် ပေါ်ထွက်လာပြန်၏။

၎င်းက ရွှမ်မင် ဧကရာဇ်ကို စိတ်မသက်မသာ ဖြစ်စေခဲ့သဖြင့် သူသည် အသက်ကယ် ဧကရီထံ တိုက်ရိုက်သွားကာ အခြား သူတော်စင် အမွေခံ တစ်ဦးကို ခန့်အပ်ရန် နားချခဲ့သည်။ ရွှမ်မင် ဧကရာဇ် မည်သည့်နည်းလမ်း သုံးခဲ့သည်ကို လူများမသိကြသော်လည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် အခြား သူတော်စင် အမွေခံ ခန့်အပ်ရန် စဉ်းစားပေးမည်ဟု အသက်ကယ် ဧကရီက သဘောတူခဲ့သည်။

အစပိုင်းတွင် ယန်ယန် နန်းတော်ရှိ လူတိုင်းက စူးဟုန်ရွှမ်း၏ သူတော်စင် အမွေခံ နေရာက သေချာနေပြီဟု ထင်ခဲ့ကြသည်။ သို့သော် ရန်ယွဲ့ ဧကရာဇ်က လျိုချင်းယွမ်နှင့် ယဲ့ဟုန်ယွမ်တို့ထက်ပင် ပို၍ ကြောက်စရာကောင်းသော အရည်အချင်းရှိသူကို ခေါ်လာခဲ့ပြန်သည်။

လုချန်း ရှိနေသဖြင့် အသက်ကယ် ဧကရီက ရွှမ်မင် ဧကရာဇ်နှင့် သဘောတူထားသည့်အတိုင်း နောက်ထပ် သူတော်စင် အမွေခံ ခန့်အပ်မည် ဆိုလျှင်ပင် ထိုသူသည် စူးဟုန်ရွှမ်း မဟုတ်ပဲ လုချန်းသာ ဖြစ်ပေလိမ့်မည်။

ဧကရာဇ် အားလုံး ရွှမ်မင် ဧကရာဇ် မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်နေကြသည်။ သူ လက်လျှော့မလား သို့မဟုတ် လုချန်းကို ပြဿနာရှာမလား ဆိုတာကို သိချင်နေကြသည်။

အဘယ်ကြောင့်ဆိုသော် နောက်ထပ် သူတော်စင် အမွေခံ ခန့်အပ်ရန် အသက်ကယ် ဧကရီကို နားချခဲ့သူမှာ ရွှမ်မင် ဧကရာဇ် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သူ၏ကြိုးပမ်းမှု ရလာဒ်များအား အခြားသူတစ်ဦးက ယူဆောင်သွားမည်ကို လက်ခံရန် သူအဖို့ အလွန်ခက်ခဲလိမ့်မည်။

သို့သော်လည်း ရွှမ်မင် ဧကရာဇ်က ယခုအချိန်တွင် ဘာမှ မပြောသေးပေသည်။ သူသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး ထိုကိစ္စကို ဘာမှ ဂရုမစိုက်သကဲ့သို့ ပြုမူနေသည်။

ထိုအချိန်တွင် ရွှမ်မင် ဧကရာဇ်က လုချန်းကို မဆင်မခြင် တိုက်ခိုက်မှာ စိုးရသဖြင့် ရင်ဆိုင်ရန် ရန်ယွဲ့ ဧကရာဇ် အသင့်ပြင်ထားသည်။ အကယ်၍ လုချန်း တစ်ခုခုဖြစ်သွားအောင်တကယ် လုပ်ကြံနိုင်ခဲ့လျှင် လုချန်း မည်မျှပင် ပါရမီရှိရှိ အသက်ကယ် ဧကရီသည် ဒုက္ခိတဖြစ်သွားသော ပါရမီရှင်တစ်ဦးအတွက်နှင့် ရွှမ်မင် ဧကရာဇ်ကို ပြဿနာ ရှာလိမ့်မည် မဟုတ်ပေ။

ရွှမ်မင် ဧကရာဇ် လှုပ်ရှားမှု မရှိသည်ကို မြင်လျှင် ရန်ယွဲ့ ဧကရာဇ် သက်ပြင်းအနည်းငယ် ချနိုင်သော်လည်း သူ အလွယ်တကူ လက်လျှော့မည် မဟုတ်နိုင်ကြောင်း သိနေသဖြင့် သတိရှိနေဆဲ ဖြစ်သည်။

လမ်းစဉ် ညီလာခံပွဲကို အပိုင်းနှစ်ပိုင်း ခွဲထား၏။ တစ်ပိုင်းကတော့ ခန်းမတစ်ခုစီမှ ပါရမီရှင် တပည့်များက အသိဉာဏ်ပွင့်လင်းရန်အတွက် တောက်ရွှမ် ကမ္ဘာငယ် ဟု ခေါ်သော ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ တောက်ရွှမ် ကမ္ဘာငယ် အတွင်းတွင် လမ်းစဉ် သုံးထောင်၏ လမ်းစဉ် အမှတ်အသားများနှင့် အသိဉာဏ်ပွင့်လင်းရန်အတွက် အခွင့်အလမ်း အမျိုးမျိုး ရှိသည်။

၎င်းသည် မိမိတို့၏ လမ်းစဉ်ကို မသတ်မှတ်ရသေးသော တပည့်များအတွက် မိမိတို့ ရွေးချယ်ထားသော လမ်းစဉ်ကို ခိုင်မာစေရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ ပါရမီရှင် အမြောက်အမြားသည် အစောပိုင်း အဆင့်များတွင် အလျင်အမြန် တိုးတက်လာသော်လည်း နောက်ပိုင်းတွင် မိမိတို့၏ လမ်းစဉ်ကို မသတ်မှတ်နိုင်သေးသဖြင့် တိုးတက်မှု နှေးကွေးသွားတတ်ကြသည်။

ကျင့်ကြံခြင်း၌ စိတ်နှလုံးသည် အဓိကကျ၏။ မည်သည့်လမ်းစဉ်ကို ကျင့်ကြံရမည်ကို ရှင်းရှင်းလင်းလင်း မသိပဲ လမ်းပျောက်နေပါက ထိုသူ၏ ကျင့်စဉ်အဆင့် တိုးတက်ရန်က သဘာဝအတိုင်း ခက်ခဲလိမ့်မည် ဖြစ်သည်။

ထိုအခိုက်တွင် ရွှမ်မင် ဧကရာဇ်က ရန်ယွဲ့ ဧကရာဇ်အား ရုတ်တရက် ပြောလိုက်သည်။

“ရန်ယွဲ့... ခင်ဗျား ခေါ်လာတဲ့ တပည့်က အခု ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့် ခြောက်ကို ရောက်နေပြီ။ သူ သူတော်စင် အဆင့်ကို ကူးပြောင်းဖို့ အခြေအနေမှာ ရှိနေပြီ မဟုတ်လား။”

ထိုအရာကို ကြားလျှင် ရန်ယွဲ့ ဧကရာဇ်က “ရှင်က ကျွန်မတို့ လနှလုံးသား ခန်းမရဲ့ ကိစ္စတွေကို ဒီလောက် စိတ်ဝင်စားလိမ့်မယ်လို့ မထင်ထားဘူး ရွှမ်မင်။”

ရွှမ်မင် ဧကရာဇ်က ရန်ယွဲ့ ဧကရာဇ်နှင့် စကား စတင်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ အခြား ခန်းမသခင်များလည်း စိတ်ဝင်တစား စောင့်ကြည့်လာကြသည်။

ရန်ယွဲ့ ဧကရာဇ်၏ လှောင်ပြောင်သော လေသံကို လျစ်လျူရှုကာ ရွှမ်မင် ဧကရာဇ်က ဆက်လက်၍

“သူတော်စင် အဆင့်ကို တက်လှမ်းဖို့ဆိုတာ ကိုယ်ကျင့်ကြံမယ့် လမ်းစဉ် ကို ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုတယ်။ ပါရမီရှင် အမြောက်အမြားဟာ အစပိုင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာပေမဲ့ သူတော်စင် အဆင့်ကို ကူးပြောင်းမယ့်အချိန်မှာ ကိုယ့်ရဲ့ လမ်းစဉ်က ဘာလဲဆိုတာ မသိကြတော့ပဲအရည်အချင်းတွေ အလဟဿ ဖြစ်သွားတတ်ကြတယ်။”

ရွှမ်မင် ဧကရာဇ်က ခပ်ဖွဖွပြုံးရင်း

“ခင်ဗျား လက်ခံထားတဲ့ တပည့်ကို သူ့ရဲ့ လမ်းစဉ်ကို ရှာဖွေနိုင်ဖို့ တောက်ရွှမ် ကမ္ဘာငယ်ထဲကို ဝင်ခွင့်‌ပေးသင့်တယ်။”

၎င်းကို ကြားလျှင် ရန်ယွဲ့ ဧကရာဇ် မျက်ခုံးတွန့်သွားသည်။ ရွှမ်မင် ဧကရာဇ်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကိုလည်း သူမ ချက်ချင်း ရိပ်မိလိုက်သည်။

လုချန်းသာ တောက်ရွှမ် ကမ္ဘာငယ် အတွင်းသို့ တကယ် ဝင်သွားပါက ကောင်းကင်တောင်တန်း ခန်းမ၏ တပည့်များက သူ့ကို ပစ်မှတ်ထားကြပေလိမ့်မည်။ လုချန်းသည် ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့် ခြောက်တွင်သာ ရှိသေးပြီး တောက်ရွှမ် ကမ္ဘာငယ်ထဲသို့ ဝင်မည့် ကောင်းကင်တောင်တန်း ခန်းမ တပည့်အများစုကတော့ အဆင့်ကိုးတွင် ရှိနေကြသဖြင့် လုချန်း သူတို့ကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။

ယန်ယန် နန်းတော်တွင် တောက်ရွှမ် ကမ္ဘာငယ် အတွင်း အချင်းချင်း တိုက်ခိုက်ခြင်းကို တားမြစ်ထားသော စည်းကမ်းများ ရှိသော်လည်း ပဋိပက္ခများကြောင့် ထိခိုက်ဒဏ်ရာရမှုများက ဖြစ်လေ့ဖြစ်ထ ရှိ‌သော အရာသာဖြစ်သည်။ ထို့ပြင် စူးဟုန်ရွှမ်း၏ သူတော်စင် အမွေခံ နေရာကို ကာကွယ်ရန်အတွက် ရွှမ်မင် ဧကရာဇ်သည် မည်သည့်အရာကိုမဆို လုပ်ဝံ့သူဖြစ်သည်။

ကောင်းကင်တောင်တန်း ခန်းမ တပည့်အချို့ကို လုချန်းအား တိုက်ခိုက်ရန် အကြောင်းပြချက် အမျိုးမျိုးပေးကာ သူ စေခိုင်းနိုင်သည်။

ဧကရာဇ်အဆင့် တစ်ဦးအနေနှင့် ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ကိုး တပည့်အချို့ကို လုချန်းအား လုပ်ကြံခိုင်းရန်က မခက်ခဲပေ။ အလုပ်ပြီးပါကလည်း ထိုသက်သေများကို ရွှမ်မင် ဧကရာဇ် ဖျက်ဆီးပစ်နိုင်သည်။

ရန်ယွဲ့ ဧကရာဇ်က

“မလိုပါဘူး။ သူက အခုမှ ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ခြောက်မှာပဲ ရှိသေးတယ်။ သူတော်စင် အဆင့်ကို ရောက်ဖို့အချိန်အများကြီး လိုပါသေးတယ်။ သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင် သူ့ရဲ့ လမ်းစဉ်က ဘာလဲဆိုတာ သူ သိလာလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။”

အရည်အချင်းရှိသော တပည့်အချို့အတွက် မိမိတို့၏ လမ်းစဉ်ကို ရှာဖွေရန် မခက်ခဲသဖြင့် တောက်ရွှမ် ကမ္ဘာငယ် ထဲသို့ မဖြစ်မနေဝင်ရန် မလိုအပ်ပေ။ လုချန်းသည် အသက်ဆယ့်ခြောက်နှစ်နှင့် ပြန်လည်ပျက်စီးခြင်း အဆင့်ကို ရောက်ရှိလာခြင်းက သူ ဧကရာဇ်အဆင့် တစ်ဦးဦး ဝင်စားခြင်း ဖြစ်နိုင်သည်ဟု ရန်ယွဲ့ဧကရာဇ် ယူဆထားသည်။ လုချန်းကို တိုက်ရိုက် မမေးမြန်းခဲ့သော်လည်း လုချန်း၏ ကြီးမားလှသော ပါရမီ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်များ ရှိနေမည်မှာ ဧကန်မုချဖြစ်သည်။

အကယ်၍ လုချန်းသည် ဧကရာဇ်အဆင့် တစ်ဦး ဝင်စားခြင်း အမှန်ဖြစ်ပါက သူသည် သူ၏ လမ်းစဉ်ကို သိပြီးသား ဖြစ်ပေလိမ့်မည်။ သူ၏ ယခင် လမ်းစဉ်အတိုင်း ဆက်လျှောက်ရန်သာ လိုအပ်သည်။

ရွှမ်မင် ဧကရာဇ်က

“ခင်ဗျား တပည့်ရဲ့ အရည်အချင်းနဲ့ဆိုရင် သုံးနှစ်အတွင်းမှာ ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ကိုးကို ရောက်လိမ့်မယ်။”

“လမ်းစဉ် ညီလာခံက နှစ်ပေါင်းတစ်ရာမှာ တစ်ကြိမ်ပဲ ရှိတာ။ နောက်တစ်ကြိမ် တောက်ရွှမ် ကမ္ဘာငယ်ကို ဖွင့်ဖို့ဆိုတာ နှစ်ပေါင်းတစ်ရာ ကြာဦးမယ်။ အကယ်၍ သူက ဒီအခွင့်အရေးကို လက်လွတ်လိုက်လို့ သူတော်စင် အဆင့်ကို တက်တဲ့အချိန်မှာ လမ်းစဉ်စိတ်ဓာတ် မတည်ငြိမ်တာမျိုး ဖြစ်ခဲ့ရင်တော့ နောင်တမရနဲ့ဦး ရန်ယွဲ့။”

၎င်းကို ကြားလျှင် ရန်ယွဲ့ ဧကရာဇ် ခေတ္တခန့် စဉ်းစားသွားသည်။ ရွှမ်မင် ဧကရာဇ်၏ အကြံပြုချက်က လုချန်းကို ပစ်မှတ်ထားရန် ဖြစ်ကြောင်း ရန်ယွဲ့ ဧကရာဇ် သိနေသော်လည်း သူပြောသည့်အရာက အကျိုးအကြောင်း ဆီလျော်မှု ရှိနေတာကိုတော့ သူမ ဝန်ခံရပေမည်။ တောက်ရွှမ် ကမ္ဘာငယ်သည် ကျင့်ကြံသူများ၏ လမ်းစဉ်စိတ်ဓာတ်ကို တည်ငြိမ်စေရန် ကူညီပေးနိုင်သည်။ မိမိတို့၏ လမ်းစဉ်ကို ရှင်းလင်းစွာ သိထားသူများ ဝင်ရောက်လျှင်ပင် များစွာ အကျိုးရှိနိုင်သည်။

လုချန်းသာ တောက်ရွှမ် ကမ္ဘာငယ်သို့ သွားနိုင်လျှင် သူတော်စင် အဆင့်သို့ ကူးပြောင်းရန် များစွာ လွယ်ကူသွားပေလိမ့်မည်။

အခန်း (၁၄၀၃)

တောက်ရွှမ် ကမ္ဘာငယ်ထဲသို့ ဝင်ရောက်လိုသူ

ရန်ယွဲ့ ဧကရာဇ်လည်း ခဏခန့် စဉ်းစားသွားပြီးနောက် တောက်ရွှမ် ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်ခြင်း ကိစ္စအား လုချန်းကိုယ်တိုင်၏ ဆန္ဒအတိုင်း ဆုံးဖြတ်ခွင့် ပေးလိုက်သည်။

သူတို့နှစ်ဦးကြား ပြောနေသော စကားများကို ကြားလျှင် ရန်ယွဲ့ ဧကရာဇ်က သူ့ကို တောက်ရွှမ် ကမ္ဘာငယ်အတွင်းသို့ ဝင်ခွင့်ပြုမည် မဟုတ်ဟု လုချန်း အစက တွက်ဆထားသည်။ သို့သော် မမျှော်လင့်ပဲ ရန်ယွဲ့ ဧကရာဇ်က သူ့ကို ကြည့်ကာ ရုတ်တရက် မေးလာခဲ့သည်။

“လုချန်း... မင်း တောက်ရွှမ် ကမ္ဘာငယ်ထဲကို ဝင်ချင်လား။”

ရန်ယွဲ့ ဧကရာဇ်က သူ့ကို ထိုသို့အရင် မေးလာသဖြင့် လုချန်း အနည်းငယ် မှင်သက်သွားသည်။ ခန်းမသခင်က သူ့ကို ဝင်ခွင့်မပြုပဲ ပြတ်ပြတ်သားသား ငြင်းဆိုလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ရွှမ်မင် ဧကရာဇ်၏ ရည်ရွယ်ချက်သည် အလွန်ပင် ထင်ရှားနေပြီး ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များက ကမ္ဘာငယ်အတွင်း၌ သူ့အား ပစ်မှတ်ထားရန် ပြင်ဆင်ထားမှာ မလွဲဧကန်ပင်။ ရန်ယွဲ့ ဧကရာဇ်သည် သူတစ်ခုခု ဖြစ်သွားမည့် အရေးကို မစိုးရိမ်ပဲ အဘယ်ကြောင့် ဤသို့ မေးရသနည်းဟု လုချန်း ဇဝေဇဝါ ဖြစ်သွားသည်။

လုချန်းက

“တပည့်ရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းက မြန်လွန်းနေတာကြောင့် မကြာသေးခင်က ကျင့်ကြံနေရင်း လမ်းစဉ်စိတ်ဓာတ် မတည်ငြိမ်တာမျိုး ခဏခဏ ဖြစ်နေပါတယ်။ ဘာအတွက်ကြောင့် ကျင့်ကြံနေလဲဆိုတာကို မသိတော့ပဲ စိတ်တွင်းမိစ္ဆာတွေ စတင် ပေါ်ပေါက်လာမယ့် အရိပ်အယောင်တွေ တွေ့နေရပါတယ်။”

ထို့ပြင် သူက ဆက်လက်၍

“ဖြစ်နိုင်မယ်ဆိုရင် တပည့်ရဲ့ လမ်းစဉ်ကို ရှာဖွေဖို့ တောက်ရွှမ် ကမ္ဘာငယ်ထဲကို ဝင်ချင်ပါတယ်။”

လုချန်း၏ စကားကို ကြားရလျှင် ရန်ယွဲ့ ဧကရာဇ် အနည်းငယ် အံ့အားသင့်သွားသည်။ လုချန်း၏ ကျင့်ကြံမှုတွင် တကယ် ပြဿနာ ကြုံတွေ့နေရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ လုချန်း တောက်ရွှမ် ကမ္ဘာငယ်အတွင်းသို့ မလွဲမသွေ ဝင်ရောက်လိမ့်မည်ဟု ရွှမ်မင် ဧကရာဇ်က အစကတည်းက တွက်ဆထားပုံရသည်။ ထို့ကြောင့်လည်း လုချန်းကို ပစ်မှတ်ထားရန် အစောကတည်းက အလောတကြီး မလုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။

ရန်ယွဲ့ ဧကရာဇ် အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။ ရွှမ်မင် ဧကရာဇ်၏ အကြံအစည်မှာ လျှို့ဝှက်ချက်တစ်ခုပင် မဟုတ်ပဲ ဗြောင်ကျကျ ဖြစ်နေသည်။ လုချန်းသာ တောက်ရွှမ် ကမ္ဘာငယ်အတွင်းသို့ ဝင်ဝံ့လျှင် သူက ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များကို ဧကန်မုချ ပစ်မှတ်ထားခိုင်းမည် ဖြစ်သည်။ သို့သော်လည်း လုချန်းကို ဝင်ခွင့်မပြုပါက သူ၏ ကျင့်ကြံမှုတွင် အခက်အခဲများ ကြုံတွေ့ရနိုင်သည်။

ရန်ယွဲ့ ဧကရာဇ် တွေးနေမိသည့် အရာက လုချန်းသည် ဧကရာဇ်အဆင့် တစ်ဦး ဝင်စားခြင်း ဖြစ်နိုင်ပါလျက် အဘယ်ကြောင့် တည်ငြိမ်မှုဆိုင်ရာ ပြဿနာ ရှိနေရသနည်း ဟူ၍ ဖြစ်သည်။ သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များ မနိုးထသေးခြင်းလား သို့မဟုတ် သူသည် ဤစကြဝဠာမှ အသစ်စက်စက် ပေါ်ထွက်လာသော ကံစွမ်းအား ကြီးမားသူတစ်ဦးလား။ အကယ်၍ လုချန်းသည် ကံစွမ်းအား ကြီးမားသူတစ်ဦး ဖြစ်ပါက လျင်မြန်သော ကျင့်စဉ်တိုးတက်မှုသည် သူ့အတွက် အမြဲတမ်း ကောင်းကျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ ထိုသို့သော သူများအတွက် လမ်းစဉ်ကို ရှာဖွေရခြင်းက ခက်ခဲသော စမ်းသပ်ချက် တစ်ခု ဖြစ်နေတတ်သည်။

စကြဝဠာသည် မျှတ၏။ ကြီးမားသော ကံစွမ်းအားကို ရရှိထားပါက အခြားကျင့်ကြံသူများထက် ပိုခက်ခဲသော အတားအဆီးများကို ရင်ဆိုင်ရမည် ဖြစ်သည်။ သို့သော် ထိုဘေးဒုက္ခကို ကျော်ဖြတ်နိုင်လျှင်တော့ အရာအားလုံး ချောမွေ့သွားပေလိမ့်မည်။

လုချန်းအတွက် အဓိက စမ်းသပ်ချက်သည် လမ်းစဉ်ရှာဖွေခြင်း ဖြစ်နိုင်သည်ဟု ရန်ယွဲ့ ဧကရာဇ် ယူဆလိုက်သည်။ သူ၏ လမ်းစဉ်ကို မရှာဖွေနိုင်ပဲ ဘာကြောင့် ကျင့်ကြံနေရကြောင်း နားမလည်ဖြစ်နေပါက နောက်ဆုံးတွင် ပြဿနာ တက်သွားလိမ့်မည်။ တောက်ရွှမ် ကမ္ဘာငယ်ထဲ၌ လမ်းစဉ် သုံးထောင် ရှိနေသဖြင့် ထိုနေရာသို့ ရောက်ပါက လမ်းစဉ်ကို မရှာဖွေနိုင်လျှင်ပင် ထိုလမ်းစဉ် အမှတ်အသားများ၏ လွှမ်းမိုးမှုကြောင့် အသိဉာဏ်အချို့ ပွင့်လင်းလာနိုင်သည်။

သို့သော်လည်း.....

သူမ ရွှမ်မင် ဧကရာဇ်ကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်၏။ ရွှမ်မင် ဧကရာဇ်သည် လုချန်းကို ပစ်မှတ်ထားရန် ရည်ရွယ်နေကြောင်း ထင်ရှားသည်။ လုချန်း၏ လက်ရှိ အင်အားနှင့်ဆိုလျှင် တောက်ရွှမ် ကမ္ဘာငယ်အတွင်း ဝင်ရောက်လျှင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

ရန်ယွဲ့ ဧကရာဇ် ဝေခွဲမရ ဖြစ်နေစဉ် လုချန်းက

“ခန်းမသခင်... တပည့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ”

ဟု ထပ်မံ တောင်းဆိုလိုက်သည်။

လုချန်းကတော့ ပြဿနာရှာရန် ဤမျှကောင်းသော အခွင့်အရေးကို လက်လွတ်မခံနိုင်ဟု တွေးနေခြင်း ဖြစ်၏။

အတော်ကြာ စဉ်းစားပြီးနောက် ရန်ယွဲ့ ဧကရာဇ်လည်း သက်ပြင်းချကာ သဘောတူလိုက် တော့သည်။

“ကောင်းပြီ... သွားတော့”

ထို့နောက် သူမက ပုလဲတစ်စေ့ကို ထုတ်ပေးကာ လုချန်းအား

“ဒါက ကောင်းကင်အဆင့် ရတနာ ဖြစ်တဲ့

နေမီးလျှံပုလဲ ပဲ။ အထဲမှာ အန္တရာယ်နဲ့ ကြုံရင် ချက်ချင်း အသက်သွင်းလိုက်။ ဒါက သူတော်စင် အဆင့် တိုက်ခိုက်မှုတွေကိုတောင် ခံနိုင်ရည်ရှိတယ်။”

ရန်ယွဲ့ ဧကရာဇ် ထုတ်ပေးလိုက်သော ရတနာကို မြင်လျှင် ရွှမ်မင် ဧကရာဇ်၏ မျက်နှာ ချက်ချင်း မှောင်မိုက်သွားသည်။ ထိုအခိုက်တွင် အခြား ဧကရာဇ်တစ်ဦးက

“ရန်ယွဲ့... ခင်ဗျားက လုချန်းကို တကယ်တန်ဖိုးထားတာပဲ။ ခင်ဗျားရဲ့ နေမီးလျှံပုလဲကိုတောင် ပေးလိုက်တယ်ပေါ့။”

ဤပုလဲကိုယ်တိုင်က တန်ဖိုးအရမ်း မကြီးသော်လည်း ရန်ယွဲ့ ဧကရာဇ်အတွက်မူ အလွန်အရေးကြီး၏။ အဘယ့်ကြောင့် ဆိုသော် ၎င်းသည် သူမ၏ စွမ်းအားကို မြှင့်တင်ရာတွင် အလွန် အရေးကြီးသောကြောင့်ဖြစ်၏။

ရွှမ်မင် ဧကရာဇ်က မျက်နှာပျက်ပျက်ဖြင့်

“တောက်ရွှမ် ကမ္ဘာငယ်ဆိုတာ လမ်းစဉ်ကို နားလည်အောင် လုပ်တဲ့နေရာပဲ။ ဘာအန္တရာယ် ရှိမှာမို့လို့လဲ။ အန္တရာယ်ရှိရင်တောင် လမ်းစဉ်စိတ်ဓာတ် မတည်ငြိမ်တာကြောင့်ပဲ ဖြစ်မှာ။ အဲ့ဒီပုလဲက သူ့ရဲ့ လမ်းစဉ်စိတ်ဓာတ်ကို တည်ငြိမ်စေနိုင်လို့လား။”

ရန်ယွဲ့ ဧကရာဇ်က တည်ငြိမ်စွာပင်

“သတိထားတော့ မမှားဘူးပေါ့။ သူ လမ်းစဉ်ကို နားလည်အောင် ကျင့်နေတုန်း တစ်ယောက်ယောက်က တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ။ အတိတ်မှာလည်း ဒီလိုမျိုးတွေ ဖြစ်ဖူးတာပဲ။ လုချန်းရဲ့ ပါရမီက အရင်က ဘယ်သူ့မှာမှ မရှိဖူးတဲ့ပါရမီဖြစ်လို့ သူ့အတွက် ဘာအန္တရာယ်မှ မရှိစေရဘူး။”

ရွှမ်မင် ဧကရာဇ် ဘာမှ ထပ်မပြောတော့သော်လည်း သူ၏ ဘေးပတ်လည်ရှိ အမှောင်စွမ်းအားများ အရှိန်အဟုန်ဖြင့် လှုပ်ခတ်သွား၏။

စကြဝဠာကပ်ဘေး သည် နှစ်ပေါင်း တစ်သောင်းအတွင်း ရောက်လာတော့မည်ဖြစ်၏။ လုချန်းသာ နန်းတော်သခင် ဖြစ်လာပါက ရန်ယွဲ့ ဧကရာဇ်၏ အဆင့်အတန်းလည်း များစွာ မြင့်တက်လာပေလိမ့်မည်။

လုချန်းက နေမီးလျှံပုလဲကို လက်ခံကာ ရန်ယွဲ့ ဧကရာဇ်ကို ဂါရဝပြုပြီး ခန်းမသို့ ဆင်းသွားလိုက်သည်။ ထိုစဉ် ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များက သူ့ကို စိုက်ကြည့်နေကြသည်။ ရွှမ်မင် ဧကရာဇ်က လုချန်းကို အထဲတွင် ရှင်းပစ်ရန် အမိန့်ပေးထားပြီး ဖြစ်သဖြင့် လုချန်းသည် သူတို့အတွက် သေလူသာ ဖြစ်သည်။ လုချန်းကလည်း သူတို့ကို ကြည့်ကာ ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

ထိုအခိုက်တွင် ဥပ‌ဒေထိန်းသိမ်းရေး ခန်းမမှ ဧကရာဇ်က

“တောက်ရွှမ် ကမ္ဘာငယ်ထဲ ဝင်မယ့် တပည့်တွေအားလုံး ပြင်ဆင်ထားကြ။ အထဲမှာ လမ်းစဉ်အကြောင်း ဆွေးနွေးတာတွေ လုပ်လို့ရပေမဲ့ အချင်းချင်း သတ်ဖြတ်တာမျိုးတော့ မလုပ်ကြနဲ့”

ဟု သတိပေးလိုက်သည်။

…………….

အခန်း (၁၄၀၄)

မဟာလမ်းစဉ်သုံးထောင်

ဥပဒေစိုးမိုးရေးခန်းမ သခင်၏ စကားကို ကြားလိုက်ရလျှင် လုချန်းသည် စိတ်ထဲအလွန် ဝမ်းမြောက်သွား၏။

တစ်ယောက်နဲ့တစ်ယောက် သတ်လို့မရဘူး ဟုတ်လား.....

ထိုသို့ဆိုလျှင် အတွင်းထဲ၌ သူ စိတ်ကြိုက် သတ်ဖြတ်ပေတော့မည်။

အထူးသဖြင့် ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များကို ဖြစ်သည်။ သူ တောက်ရွှမ်ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ကောင်းကင်တောင်တန်း ခန်းမမှ တပည့် အမြောက်အမြား သူ့ကို လာရောက်ရှာဖွေကြမှက မလွဲမသွေပင်။ ထိုအချိန်တွင် တွေ့သမျှလူကို သူက သတ်ဖြတ်ပစ်မည် ဖြစ်သည်။

ထိုအခါ တောက်ရွှမ်ကမ္ဘာငယ်မှ ထွက်လာပြီးနောက် ရွှမ်မင် ဧကရာဇ်က သူ့ကို သတ်ဖြတ်ရန် ကြိုးစားမည်မှာ ဧကန်မုချဖြစ်သည်။ ထိုအခါ သူ့ကို ကာကွယ်ရန်အတွက် ရန်ယွဲ့ ဧကရာဇ်က သူ့အား ငြိမ်သက်သော မျှော်စင်အတွင်းသို့ ပို့ဆောင်ကောင်း ပို့ဆောင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် လျှိုချင်းယွမ်နှင့် နီးကပ်စွာ နေနိုင်မည် ဖြစ်သည်။

ထိုခဏ၌ ဥပဒေစိုးမိုးရေး ခန်းမသခင်က သူ၏ လက်ယာဘက်လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ နောက်တစ်ခဏတွင် ထူးဆန်းသော စွမ်းအားတစ်ခုသည် သူ၏ လက်ဖဝါးမှ ပျံ့နှံ့သွားပြီးလျှင် သူ၏ရှေ့၌ ကြီးမားသော တံခါးကြီးတစ်ခု ပေါ်လာပေသည်။ တံခါးကြီး၏ အထက်တွင် ပုံရိပ်ယောင် မျက်နှာပြင် တစ်ဒါဇင်ခန့် ပေါ်လာ၏။ မကြာမီတွင် အပြင်ဘက်ရှိ လူများသည် ထိုပုံရိပ်ဖမ်း ကျောက်သားမျက်နှာပြင်များမှတစ်ဆင့် အတွင်း၌ ဖြစ်ပျက်နေသည်များကို မြင်တွေ့နိုင်တော့မည် ဖြစ်သည်။

တောက်ရွှမ်ကမ္ဘာငယ်၏ တည်‌နေရာရွှေ့ပြောင်း တံခါး ပွင့်လာသည်နှင့်အမျှ အခြားခန်းမများမှ တပည့်များ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားကြသည်။ တပည့်အများစုအတွက် လမ်းစဉ် ညီလာခံသည် ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်၏။

အချို့သော တပည့်များသည် သူတော်စင်အဆင့်သို့ တက်လှမ်းစဉ် ကိုယ်ပိုင်လမ်းစဉ်ကို တွေ့မြင်နိုင်ရန်အတွက် သူတို့၏ အဆင့်ကို ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ကိုးတွင် တမင်တကာ ထိန်းချုပ်ထားတတ်ကြသည်။ ထိုသို့လုပ်ရခြင်းက လမ်းစဉ်အပေါ် ယုံကြည်မှု မခိုင်မာခြင်းနှင့် ကျင့်စဉ် လမ်းလွဲခြင်းတို့ကို ရှောင်ရှားရန်အတွက် ဖြစ်သည်။

လုချန်းကတော့ ချက်ချင်း မဝင်သေးပေ။ သူ၏ အကြည့်က ကောင်းကင်တောင်တန်း ခန်းမမှ တပည့်အုပ်စုထံမှ မခွာပေ။ ထိုတပည့်များသည်လည်း အခြားတပည့်များကဲ့သို့ တည်နေရာရွှေ့ပြောင်း တံခါးထဲသို့ အလုအယက် မဝင်ပဲ သူ့ကို စောင့်နေပုံရသည်။

ထိုခဏ၌ ကောင်းကင်တောင်တန်း ခန်းမမှ ခေါင်းဆောင်တပည့်က အခြားသူများကို

“သွားကြစို့...အထဲဝင်ရအောင်။ ဒီမှာ စောင့်နေလို့လည်း အပိုပဲ။ တည်နေရာ ရွှေ့ပြောင်းတာက တစ်နေရာတည်းကို မဟုတ်ဘူးလေ”

“စောစောဝင်နိုင်လေ...ကျွန်တော်တို့ စောစော ပြန်စုမိပြီး လုပ်စရာရှိတာတွေ ပြင်ဆင်နိုင်လေပဲ။”

ခေါင်းဆောင်တပည့်၏ စကားကို ကြားလျှင် အခြားတပည့်များကလည်း ယုတ္တိရှိသည်ဟု ယူဆကာ ဝင်ပေါက်တွင် ဆက်၍ မစောင့်ဆိုင်းတော့ပေ။ ထို့နောက် ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် တောက်ရွှမ်ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်သွားကြ တော့သည်။

လုချန်း မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်ကို မြင်လျှင် ရွှမ်မင် ဧကရာဇ် မျက်မှောင်ကြုတ်လိုက်၏။

ဒီကောင်လေး ကြောက်သွားတာလားဟုလည်း သူ တွေးလိုက်၏။

ရန်ယွဲ့ ဧကရာဇ်၏ ဘေးတွင်ရှိသော ဧကရာဇ်အဆင့် တစ်ဦးက သူမကို လှည့်ကြည့်ကာ

“ရန်ယွဲ့...လုချန်းက ဘာလို့ အဲဒီမှာ ရပ်နေတာလဲ။ ဘာလို့ အထဲမဝင်သေးတာလဲ။ သူက တောက်ရွှမ်ကမ္ဘာငယ်ထဲကို မဝင်တော့ဖို့ စိတ်ကူးနေတာလား။”

ရန်ယွဲ့ ဧကရာဇ်လည်း သိချင်စိတ် ဖြစ်နေ၏။ လုချန်းသည် စောစောက အလွန် တက်ကြွနေခဲ့သော်လည်း ယခု တောက်ရွှမ်ကမ္ဘာငယ်၏ တည်နေရာရွှေ့ပြောင်း တံခါး ပွင့်လာတော့မှ ဘာကြောင့် တွန့်ဆုတ်နေရသနည်း။

အခြားတပည့်များကတော့ နေရာကောင်းရရန် စောစောဝင်လိုကြသည်။ တောက်ရွှမ်ကမ္ဘာငယ် ပွင့်ချိန်က ကန့်သတ်ချက်ရှိသလို လမ်းစဉ်ကို နားလည်ရန် အချိန်မှာလည်း ကန့်သတ်ထား၏။ တပည့်အများစုအတွက် ထွက်သက်ဝင်သက် တစ်ချက်စာ အချိန်ကွာခြားမှုသည်ပင် လမ်းစဉ်ကို နားလည်သဘောပေါက်ရန်အတွက် အရေးကြီးလှပေသည်။

ထို့ပြင် တောက်ရွှမ်ကမ္ဘာငယ် အတွင်းရှိ နေရာတိုင်းသည် လမ်းစဉ်ကို နားလည်ရန် မသင့်တော်ပေ။ အချို့နေရာများတွင် စိတ်ဝိညာဉ် စွမ်းအားက အလွန်သိပ်သည်းပြီး လမ်းစဉ် အငွေ့အသက် ပို၍ ပြည့်စုံသည်။ ထိုကဲ့သို့သော နေရာများတွင် လေ့ကျင့်ခြင်းက အခွင့်အရေး ပို၍ ရရှိစေသည်။

တကယ်တော့ လမ်းစဉ်ကို နားလည်ရန် သင့်တော်သော နေရာဖြစ်လေလေ လူများ ပို၍ လုကြလေလေ ဖြစ်သည်။ နောက်ကျမှ ရောက်သွားပါက မတ်တပ်ရပ်စရာ နေရာပင် ရှိတော့မည် မဟုတ်ပေ။

ထိုခဏ၌ ရန်ယွဲ့ ဧကရာဇ်က

“သူက တောက်ရွှမ်ကမ္ဘာငယ်ကို ပထမဆုံးအကြိမ် ဝင်တာလေ။ အထဲမှာ ဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာ သူ မသိသေးလို့ ဖြစ်မှာပါ။”

အစက သူမသည် လုချန်းကို လမ်းစဉ် ညီလာခံတွင် မျက်နှာပြရုံသာ ပါဝင်ခိုင်းခြင်း ဖြစ်၏။ လုချန်း တောက်ရွှမ်ကမ္ဘာငယ်အတွင်းသို့ ဝင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် မည်သူကမှ တောက်ရွှမ်ကမ္ဘာငယ်၏ ထူးခြားချက်များကို သူ့အား ရှင်းမပြခဲ့ကြပေ။

လုချန်း အနေနှင့် တောက်ရွှမ်ကမ္ဘာငယ်၏ ထူးခြားမှုကို မသိနိုင်ကြောင်း တွေးတောမိကာ ရန်ယွဲ့ ဧကရာဇ် စိုးရိမ်စိတ် လျော့နည်းသွားသည်။ ထို့နောက် ရန်ယွဲ့ ဧကရာဇ်က လုချန်းအား

“တောက်ရွှမ်ကမ္ဘာငယ်ထဲမှာ လုယူရမယ့် ကျင့်စဉ်နေရာတွေ အမြောက်အမြားရှိတယ်။ စောစောဝင်တာက မင်းအတွက် ပိုကောင်းလိမ့်မယ်”

ဟု အသံလွှင့်ကာ ပြောလိုက်သည်။

ရန်ယွဲ့ ဧကရာဇ်၏ အသံကို ကြားလျှင် လုချန်းက ခပ်ဖွဖွလိုက်ပြုံးလိုက်ပြီးနောက် တည်‌ နေရာရွှေ့ပြောင်းတံခါးဆီသို့ အေးအေးလူလူ လျှောက်သွားသည်။ သူသည် တောက်ရွှမ်ကမ္ဘာငယ်အတွင်းသို့ နောက်ဆုံးမှ ဝင်ရောက်သွားသော တပည့် ဖြစ်သည်။

တောက်ရွှမ်ကမ္ဘာငယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် တောင်တန်းများ၊ ရေကန်များနှင့် စိမ်းလန်းစိုပြည်လှသည့် အဆုံးမဲ့သော သစ်တောများ၏ ရှုခင်းကို မြင်တွေ့လိုက်ရသည်။

ချောက်ကမ်းပါးယံ တစ်ခုပေါ်တွင် ရပ်လျက် ရှုခင်းများကို လုချန်း ကြည့်လိုက်သည်။ တောင်တန်းများ၏ အထက်တွင် မရေမတွက်နိုင်သော လမ်းစဉ် ပုံစံများ လွင့်မျောနေ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ၏ စိတ်များ လန်းဆန်းတက်ကြွသွားသည်ဟု ခံစားလိုက်ရသည်။

လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ တောက်ရွှမ်ကမ္ဘာငယ်၏ လမ်းစဉ် အငွေ့အသက်သည် သူကဲ့သို့ ဧကရာဇ်တစ်ဦးကိုပင် အကျိုးပြုနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့နောက် လုချန်း တင်ပျဉ်ခွေ ထိုင်လိုက်ပြီးလျှင် ပတ်ဝန်းကျင်ရှိ လမ်းစဉ် အငွေ့အသက်ကို ဆက်လက် နားလည်ရန် ကြိုးစားလိုက်သည်။ သူသည် ဖန်တီးခြင်းလမ်းစဉ်ကို လိုက်နာသူဖြစ်သော်လည်း ၎င်းသည် အခြားသော လမ်းစဉ်များနှင့် ကွဲပြားပုံရသည်။

တကယ်တော့ လုချန်း၏ လမ်းစဉ်သည် အလွန်ကျယ်ပြန့်ပြီး ဖန်တီးခြင်း လမ်းစဉ် သာမက အခြားသော လမ်းစဉ်များကိုပါ လွှမ်းခြုံထားသည်။ ဖန်တီးခြင်းနှင့် မူလအစ ဆိုသည်မှာ အသက်ဇီဝကို ဖန်တီးခြင်းသက်သက် မဟုတ်ပေ။ လုချန်း နားလည်သဘောပေါက်ထားသော လမ်းစဉ်သည် ကမ္ဘာတစ်ခုကို ဖန်တီးခြင်းမှ စတင်ခြင်းဖြစ်သည်။ ကမ္ဘာတစ်ခု ပေါ်ပေါက်လာလျှင် မရေမတွက်နိုင်သော လမ်းစဉ်များ ထိုမှတစ်ဆင့် ဆင့်ကဲတိုးတက်လာမည် ဖြစ်သည်။

လမ်းပေါင်းများစွာသည် ပန်းတိုင်တစ်ခုတည်းသို့သာ ဦးတည်၏။ မဟာလမ်းစဉ် သုံးထောင်၏ အရင်းအမြစ်သည် ဖန်တီးခြင်းလမ်းစဉ်၌သာ ရှိနေသည်။ ထို့ကြောင့်ပင်

ဤ လမ်းစဉ် အငွေ့အသက်များ၏ သက်ရောက်မှုကို လုချန်း ခံစားရခြင်း ဖြစ်သည်။

သားသမီးများ ဆုလာဘ်များ စနစ်ကြောင့် ပုံမှန်အားဖြင့် ဖန်တီးခြင်းလမ်းစဉ်၏ လွှမ်းမိုးမှုကို သူ များစွာ ခံခဲ့ရသည်။ ထို့ကြောင့် သူ၏ ဖန်တီးခြင်း လမ်းစဉ်သည် ဘဝလမ်းစဉ်၏ အဆင့်မြှင့်ထားသော အမျိုးအစား တစ်ခုသာ ဖြစ်သည်ဟု သူက ထင်မှတ်ခဲ့သည်။ သို့သော် တောက်ရွှမ်ကမ္ဘာငယ်သို့ ရောက်ရှိလာလျှင်မှသာ ဖန်တီးခြင်း လမ်းစဉ်ကို တစ်ချိန်လုံး သူ လွဲမှားစွာ နားလည်ခဲ့ကြောင်း သိမြင်သွားတော့သည်။

ဖန်တီးခြင်း လမ်းစဉ်သည် အစပျိုးရာ၊ မြစ်ဖျားခံရာနှင့် အရာအားလုံး၏ အစပင် ဖြစ်သည်။

ထိုအရာအားလုံးကို နားလည်သွားပြီးနောက် မရေမတွက်နိုင်သော စိမ်းလန်းသည့် လမ်းစဉ် အငွေ့အသက်များ လုချန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် တောက်ရွှမ်ကမ္ဘာငယ် အတွင်းရှိ လမ်းစဉ် အငွေ့အသက်အားလုံး လုချန်းဆီသို့ စုပြုံရောက်ရှိလာတော့သည်။

ပုံရိပ်ဖမ်း ကျောက်ပြားမှတစ်ဆင့် ဤမြင်ကွင်းကို မြင်တွေ့ရလျှင် တောက်ရွှမ်ကမ္ဘာငယ် အပြင်ဘက်ရှိ လူအားလုံး ငြိမ်သက်သွားကြသည်။ ခဏခန့်အကြာတွင် ခန်းမတစ်ခုလုံး အပြင်းအထန် ဆွေးနွေးသံများဖြင့် ဆူညံသွားတော့သည်။

“ဘုရားရေ...ဒါ ဘယ်လို လမ်းစဉ်မျိုးလဲ”

“ဘာတွေဖြစ်နေတာလဲ။ တခြားသူတွေက တောက်ရွှမ်ကမ္ဘာငယ်ထဲမှာ လမ်းစဉ်ကို နားလည်ဖို့ နေရာတွေ ရှာနေတုန်းပဲ။ သူက ဘယ်လိုလုပ်ပြီး ကိုယ်ပိုင်လမ်းစဉ်ကို တိုက်ရိုက် ရှာတွေ့သွားတာလဲ။”

“လမ်းစဉ် အငွေ့အသက်အားလုံးကို ဆွဲဆောင်နိုင်အောင် လုချန်းက ဘယ်လိုလမ်းစဉ်မျိုးကို နားလည်သွားတာလဲ။”

“ကျုပ် ဒီလိုလမ်းစဉ်မျိုး တစ်ခါမှ မမြင်ဖူးဘူး”

“နေပါဦး... လုချန်းဆီကနေ ထွက်ပေါ်လာတဲ့ စိမ်းလန်းတဲ့ လမ်းစဉ် အငွေ့အသက်တွေကို ကြည့်လိုက်ဦး။ ဒါက နန်းတော်သခင်ရဲ့ ဖန်တီးခြင်း လမ်းစဉ်နဲ့ နည်းနည်းတူသလိုပဲ။”

“မဟုတ်ဘူး.... ဒါက နန်းတော်သခင်ရဲ့ ဖန်တီးခြင်း လမ်းစဉ်နဲ့ မတူဘူး။ ဖန်တီးခြင်းလမ်းစဉ်က ဘယ်လိုလုပ်ပြီး တခြားလမ်းစဉ်တွေကို ဆွဲဆောင်နိုင်မှာလဲ။”

“လုချန်းရဲ့ ပါရမီက မြင့်မားလွန်းလို့ မဟာလမ်းစဉ်တွေက သူ့ကို ရွေးချယ်နေတာလား။”

ထိုခဏ၌ ယန်ယန် နန်းတော် ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။ နန်းတော် စတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်အထိ မဟာလမ်းစဉ် သုံးထောင်က လူတစ်ယောက်ကို တက်ကြွစွာ ရွေးချယ်နေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ယန်ယန် နန်းတော်တွင်သာမက စကြဝဠာတစ်ခုလုံးတွင်ပင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ခါမှ မကြားဖူးကြပေ။ ကျင့်စဉ်လမ်းဆိုသည်မှာ ကျင့်ကြံသူကသာ အမြဲတမ်း ရွေးချယ်ရခြင်း ဖြစ်သည်။ ယခု မဟာလမ်းစဉ် သုံးထောင်က ကျင့်ကြံသူတစ်ဦးကို အဘယ်ကြောင့် ပြန်လည်ရွေးချယ်နေရသနည်း။

ချက်ချင်းဆိုသလိုပင် ယန်ယန် နန်းတော်မှ ခန်းမသခင် တစ်ဒါဇင်ကျော်တို့သည် မယုံကြည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဧကရာဇ်အဆင့် တစ်ဒါဇင်ကျော်ထဲတွင်ပင် မည်သူကမှ ဤမြင်ကွင်းကို ရှင်းမပြနိုင်ကြပေ။

ထိုခဏ၌ ဓာတ်ပေါင်းစုံ ဧကရာဇ်က

“လုချန်းဆီကနေ ထွက်ပေါ်လာတဲ့ လမ်းစဉ် အငွေ့အသက်တွေကို ကြည့်ရသလောက်တော့ သူက ဖန်တီးခြင်း လမ်းစဉ်ကို နားလည်သဘောပေါက်သွားပုံရတယ်။ လုချန်းနဲ့ နန်းတော်သခင်တို့ကတော့ တကယ့်ကို ရေစက်ပါလာတာပဲ။”

“နန်းတော်သခင် ကျင့်စဉ်စခန်းကနေ ထွက်လာပြီးတော့ ဖန်တီးခြင်း လမ်းစဉ်ကို နားလည်တဲ့ ဒီလိုပါရမီရှင်မျိုးကို တွေ့ရင် သူ အရမ်းဝမ်းသာမှာပဲ။”

All Chapters