← Chapters

အခန်း (၁၄၀၅-၁၄၀၇)

Vol. 94 Ch. 1405-1407

အခန်း (၁၄၀၅-၁၄၀၇)

Vol. 94 Ch. 1405-1407

အခန်း (၁၄၀၅)

အခွင့်အရေးကို ရယူသွားသူ

ဓာတ်ပေါင်းစုံ ဧကရာဇ်၏ စကားကို ကြားရလျှင် ရွှမ်မင် ဧကရာဇ်၏ မျက်နှာ ပို၍ ပျက်ယွင်းသွားသည်။ ဤအရာအားလုံးကို အထူးဂရုပြု ကြည့်နေသော စူးဟုန်ရွှမ်းသည်လည်း သူ၏လက်သီးများကို တင်းတင်းဆုပ်ထား၏။

သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ အတိုင်းထက်အလွန် ပြည့်နှက်နေလျက်ရှိသည်။ တောက်ရွှမ် ကမ္ဘာငယ်အတွင်းသို့ ပြေးဝင်ကာ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ပစ်လိုသည့် ယနေ့ကဲ့သို့ ပြင်းပြသော စိတ်ဆန္ဒမျိုးကို သူ မွေးဖွားချိန်မှစ၍ တစ်ခါမှ မဖြစ်ဖူးသေးပေ။

လုချန်း၌ ဤကဲ့သို့ မြင့်မားသော ပါရမီရှိခြင်းက တစ်ကြောင်း၊ သူ နားလည်သဘောပေါက်သည့် လမ်းစဉ်သည် နန်းတော်သခင်ကဲ့ ဖန်တီးခြင်း လမ်းစဉ် ဖြစ်နေခြင်းကြောင့် တစ်ကြောင်း စူးဟုန်ရွှမ်း၏ မနာလိုစိတ်ကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေ၏။ လမ်းစဉ်တူညီသော ကျင့်ကြံသူများကြားတွင် အချင်းချင်း ဆက်နွှယ်မှုက ပြင်းထန်လှ၏။ ထို့ပြင် အင်အားကြီးသူများသည်တပည့်လက်ခံရာတွင် လမ်းစဉ်တူညီသူများကိုသာ ရွေးချယ်တတ်ကြကြောင်း အများသိပင် ဖြစ်သည်။

သတ်ဖြတ်ခြင်း လမ်းစဉ်ကို ရွေးချယ်သူများကဲ့သို့ပင် ဖန်တီးခြင်း လမ်းစဉ် ကျင့်ကြံသူများသည် စကြဝဠာအတွင်း၌ အလွန်ရှားပါးလှသည်။ ထို့ပြင် ၎င်းတို့သည် သတ်ဖြတ်ခြင်း လမ်းစဉ် ကျင့်ကြံသူများထက်ပင် ပို၍ ရှားပါး၏။ အနည်းဆုံးတော့ မိစ္ဆာအင်အားစုမှ ကျင့်ကြံသူများ သို့မဟုတ် နတ်ဆိုးကျင့်ကြံသူများသည် သတ်ဖြတ်ခြင်း လမ်းစဉ်ကို ရွေးချယ်ရန် အလားအလာ ပိုရှိကြသည်။ သို့သော်လည်း ထူးခြားသော ရလဒ်များ ရရှိရန် အခွင့်အရေး နည်းပါးလှပြီး သတ်ဖြတ်ခြင်း လမ်းစဉ်ဖြင့် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်သူက အလွန်ပင် နည်းပါးလှသည်။

သို့သော် ဖန်တီးခြင်း လမ်းစဉ်ကတော့ ကွဲပြားသည်။ အစကတည်းက ဖန်တီးခြင်း လမ်းစဉ်ကို ရွေးချယ်သော ကျင့်ကြံသူ အလွန်နည်းပါးလှသည်။ ထို့ပြင် လက်ရှိ၌ စကြဝဠာတစ်ခုလုံးတွင် အသက်ကယ် ဧကရီတစ်ဦးသာလျှင် ၎င်းလမ်းစဉ်ဖြင့် ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်ဟု လူအများသိကြသည်။

ယခုတော့ ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့်ခြောက်၌ပင် ဖန်တီးခြင်း လမ်းစဉ်ကို နားလည်နိုင်သော ပါရမီထူးချွန်သည့် ကျင့်ကြံသူတစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ အသက်ကယ် ဧကရီသည် သူ့ကို တပည့်အဖြစ် အဘယ်ကြောင့် လက်မခံပဲ နေပါမည်နည်း။ အကယ်၍ အသက်ကယ် ဧကရီက လုချန်းကို တပည့်အဖြစ် တကယ် လက်ခံလိုက်လျှင် သူတော်စင် အမွေခံ ရာထူးကို အခြားမည်သူက ရနိုင်တော့မည်နည်း။

လုချန်းသည် တောက်ရွှမ် ကမ္ဘာငယ်အတွင်းမှ အသက်ရှင်လျက် ထွက်လာနိုင်ပြီး အသက်ကယ် ဧကရီ တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာမည့်နေ့အထိ ဘေးကင်းစွာ စောင့်ဆိုင်းနိုင်လျှင် သူ သူတော်စင် အမွေခံရထူးရဖို့က မြေကြီးလက်ခတ် မလွဲပင်။

ခဏချင်းအတွင်း၌ပင် ရွှမ်မင် ဧကရာဇ်မှလွဲ၍ အခြားသော ဧကရာဇ်အဆင့်များသည် ပါရမီရှင်တစ်ဦးကို ရှာဖွေနိုင်ခဲ့သည့်အတွက် ရန်ယွဲ့ ဧကရာဇ်ကို စတင်၍ ဂုဏ်ပြုလိုက်ကြသည်။

“ရန်ယွဲ့...ခင်ဗျားရဲ့ လနှလုံးသား ခန်းမကတော့ ကြီးပွားတိုးတက်တော့မှာပဲ။”

“ရန်ယွဲ့...ခင်ဗျားရဲ့ ကံတရားကတော့ အံ့ဩစရာပဲ။ လုချန်းရဲ့ သူတော်စင် အမွေခံ ရာထူးကတော့ ခိုင်မာသွားပြီလို့ ထင်ရတယ်။”

“ရန်ယွဲ့...လုချန်း သူတော်စင် အမွေခံဖြစ်လာတဲ့အခါ သူ့ကို ကောင်းကင်အသံခန်းမဆီ မကြာခဏ လာလည်ခိုင်းရမယ်နော်။”

ဧကရာဇ်အဆင့်များက ရန်ယွဲ့ ဧကရာဇ်ကို မျက်နှာလုပ်နေကြသည်ကို မြင်လျှင် ရွှမ်မင် ဧကရာဇ် ဆက်၍ မကြည့်နိုင်တော့ပေ။ သူက နှာခေါင်းရှုံ့လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ အမှောင်အငွေ့အသက်များသည် ခန်းမတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။ ရွှမ်မင် ဧကရာဇ်ထံမှ အမှောင်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ခန်းမတွင်းရှိ ဆွေးနွေးသံအားလုံး ရပ်တန့်သွားတော့သည်။

ထို့နောက် ရွှမ်မင် ဧကရာဇ်က

“ခင်ဗျား တို့အားလုံး ဘာတွေ ငြင်းခုံနေကြတာလဲ”

ဟု အေးစက်စွာ ပြောလိုက်သည်။

ရွှမ်မင် ဧကရာဇ် စိတ်ဆိုးနေသည်ကို မြင်သော်လည်း အခြားသော ဧကရာဇ်အဆင့်များသည် ပြုံးရုံသာ ပြုံးလိုက်ကြပြီး သူ့ကို အပြစ်မတင်ကြပေ။ အခြားသော သူတော်စင် အ‌မွေခံတစ်ဦး သတ်မှတ်ရန် အသက်ကယ် ဧကရီအား အကြံပြုနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ရွှမ်မင် ဧကရာဇ်နှင့် သူမတို့ကြားရှိ ဆက်ဆံရေးက သာမန်မဟုတ်ကြောင်း သိနိုင်သည်။

ယခု ဧကရာဇ်အဆင့်များသည် ရန်ယွဲ့ ဧကရာဇ်ကို မျက်နှာသာပေးလိုကြသော်လည်း ထိုသို့ပြုလုပ်ရန်အတွက် ရွှမ်မင် ဧကရာဇ်ကို စိတ်ဆိုးအောင် လုပ်ရခြင်းက မထိုက်တန်ပေ။ ရွှမ်မင် ဧကရာဇ် စိတ်ဆိုးနေခြင်းက သူတို့အပေါ် မည်သည့် ကောင်းကျိုးမှ မရှိနိုင်ပေ။

ထိုအခိုက်အတန့်တွင် တောက်ရွှမ် ကမ္ဘာငယ်အတွင်းရှိ လုချန်းသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။ ထို့နောက် ကောင်းကင်ယံရှိ မရေမတွက်နိုင်သော လမ်းစဉ် အငွေ့အသက်များကို မြင်ကာ သူ အံ့အားသင့်သွားရသည်။

ဤကမ္ဘာ၏ လမ်းစဉ်ကို ခဏခန့် ဆင်ခြင်မိရုံနှင့် ဤမျှ ကြီးမားသော ဆူညံပွက်လောရိုက်မှု ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤနေရာတွင် ထူးခြားဖြစ်စဉ်များ ဖြစ်နေသဖြင့် ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များ ချဉ်းကပ်လာတော့မည်ဟု လုချန်းက တွေးလိုက်သည်။

သူ ယခု လုပ်ရန် လိုအပ်သည်က သူတို့ လာမည့်အချိန်ကို ဤနေရာတွင် စောင့်ဆိုင်းနေရန်သာ ဖြစ်သည်။ ဖန်တီးခြင်း လမ်းစဉ်ကို ဆက်လက် မဆင်ခြင်တော့ပဲ လုချန်း မတ်တပ်ရပ်လိုက်သည်ကို မြင်လျှင် တောက်ရွှမ် ကမ္ဘာငယ် အပြင်ဘက်ရှိ လူများ အလွန် ဇဝေဇဝါ ဖြစ်သွားကြပေသည်။

လုချန်းက ဘာလုပ်ချင်နေသနည်း။

အဘယ်ကြောင့် ဆက်လက် နားလည်အောင် မကြိုးစားတော့သနည်း။

ဤအချိန်သည် အလွန်ကောင်းသော အခွင့်အရေး ဖြစ်၏။ အကယ်၍ သူ ဖန်တီးခြင်း လမ်းစဉ်ကို အပြည့်အဝ နားလည်သွားလျှင် သူ၏ အနာဂတ် ကျင့်စဉ်လမ်းသည် ပို၍ ချောမွေ့သွားလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရွှမ်မင် ဧကရာဇ်က “သူက နားလည်သဘောပေါက်မှုကို ဒီလောက် မြန်မြန် အဆုံးသတ်လိုက်တယ်ဆိုတော့ ဖန်တီးခြင်း လမ်းစဉ်ကို နားလည်ဖို့ အခွင့်အရေးကို စွန့်လွှတ်လိုက်တာပဲ။ သူက ဖန်တီးခြင်း လမ်းစဉ်ကို စိတ်ဝင်စားပုံမရဘူး”

ဟု အေးစက်စွာ လှောင်ပြောင်လိုက်သည်။

ရန်ယွဲ့ ဧကရာဇ်သည် ရွှမ်မင် ဧကရာဇ်၏ လှောင်ပြောင်မှုကို ဂရုမစိုက်ပေ။ လုချန်းက အဘယ်ကြောင့် ယခုကဲ့သို့ အချိန်မျိုးတွင် ဖန်တီးခြင်း လမ်းစဉ်ကို နားလည်ရန် ကြိုးစားမှုကို စွန့်လွှတ်လိုက်ရသနည်းဟုသာ သူမ နားမလည်နိုင် ဖြစ်နေသည်။

ဒါမှမဟုတ်...

လုချန်းက ဖန်တီးခြင်း လမ်းစဉ်ကို နားလည်သွားပြီမို့လို့ ရပ်လိုက်တာလား။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် လုချန်း၏ ပါရမီက တကယ်ပင် ကြောက်စရာကောင်းလှပေသည်။ ၎င်းက သူမကိုပင် ကြောက်ရွံ့မှု ဖြစ်စေနိုင်သည်အထိ ကြောက်စရာကောင်းနေသည်။

ထိုအချိန်မှာပင် ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များသည်လည်း အဝေးရှိ ထူးခြားဖြစ်စဉ်ဖြစ်မှုကို သတိထားမိသွားကြသည်။ သူတို့သည် အစက လူပြန်လည် စုစည်းရန် စီစဉ်ထားသော်လည်း လမ်းစဉ် အငွေ့အသက်များအားလုံး တစ်နေရာတည်းသို့ စုပြုံသွားသည်ကို မြင်လျှင် ထိုနေရာတွင် အခွင့်အရေး တစ်ခုခု ရှိနိုင်သည်ဟု တွေးတောကာ လုချန်းရှိရာ နေရာသို့ အားလုံး ဦးတည်လာကြသည်။

ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များသာမက အခြားသော ခန်းမများမှ တပည့်များလည်း ပါဝင်ကြ၏။ တောက်ရွှမ် ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်လာသော ဤပါရမီရှင်များထဲမှ အမြောက်အမြားမှာ ဤနေရာသို့ တစ်ကြိမ်ထက်မက ရောက်ဖူးကြသော်လည်း ယနေ့ကဲ့သို့ ထူးခြားသော ဖြစ်စဉ်မျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။

အခွင့်အရေး တစ်ခုခု ပေါ်လာသည်ဟု လူတိုင်းနီးပါးက ယုံကြည်နေသဖြင့် ခန်းမအားလုံးမှ တပည့်အားလုံးသည် လုချန်းရှိရာ နေရာသို့ ဦးတည်လာကြ၏။ မကြာမီမှာပင် ကောင်းကင်အသံခန်းမမှ အမျိုးသမီးတပည့်များ လုချန်းရှိရာ နေရာသို့ ရောက်ရှိလာ၏။

သူတို့ထက် အရင် ရောက်နှင့်နေသူ ရှိသည်ကို မြင်လျှင် လုချန်းရှိရာသို့ အားလုံး ချဉ်းကပ်သွားကြသည်။ လုချန်းသည် ယခုအခါ ယန်ယန် နန်းတော်တွင် ထင်ရှားသူ ဖြစ်နေသဖြင့် ကောင်းကင်အသံခန်းမမှ တပည့်များကလည်း သူ့ကို မှတ်မိကြသည်။

အမျိုးသမီးတပည့်တစ်ဦးက

“မောင်လေးလု...စောစောက တစ်ခုခု ရှာတွေ့ခဲ့တာ ရှိလား”

ဟု ယဉ်ကျေးစွာ မေးလိုက်သည်။

“ကျွန်တော်ဘာမှ ရှာမတွေ့ခဲ့ပါဘူး”

ဟု လုချန်းက တုံ့ပြန်လိုက်သည်။

လုချန်း၏ အဖြေကို ကြားလျှင် ကောင်းကင်အသံခန်းမမှ အမျိုးသမီးတပည့်များ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ထို့နောက် ကောင်းကင်ယံ၌ မပျောက်ကွယ်သေးသော လမ်းစဉ် အငွေ့အသက်များဆီသို့ အကြည့်များ ရောက်သွားကြသည်။ ထိုလမ်းစဉ် အငွေ့အသက်များသည် အချင်းချင်း ရောယှက်နေပြီး ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုကို ဖန်တီးနေကြသည်။

အမျိုးသမီးတပည့်တစ်ဦးက

“ဒီလောက် ကြီးမားတဲ့ ထူးခြားဖြစ်စဉ် ကြီး ဖြစ်နေတာတောင် ဘာမှမရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”

ဟု ဇဝေဇဝါဖြင့် ပြောလိုက်သည်။

ကျင့်စဉ်လောကတွင် အခွင့်အရေး တစ်ခုခု ပေါ်ပေါက်လာပါက ထူးခြားဖြစ်စဉ် ကြီးမားလေလေ အခွင့်အရေးက ပို၍ ကြီးမားလေလေကြောင်း ညွှန်ပြနေတတ်သည်။ တောက်ရွှမ် ကမ္ဘာငယ်အတွင်း၌ ဤမျှ ကြီးမားသော ထူးခြားဖြစ်စဉ်ကို သူတို့ ပထမဆုံး မြင်ဖူးခြင်းဖြစ်၏။ ယုတ္တိဗေဒအရ ထိုအရာသည် အရေးကြီးသော အခွင့်အရေးတစ်ခု ဖြစ်သင့်သော်လည်း ရောယှက်နေသော လမ်းစဉ် အငွေ့အသက်များမှလွဲ၍ အခြား ဘာမှမရှိပုံ မရပေ။

ထိုအခိုက်အတန့်တွင် အခြားသော ခန်းမများမှ တပည့်များလည်း ရောက်ရှိလာကြသည်။ ကောင်းကင်အသံခန်းမမှ အမျိုးသမီးတပည့်များကို မြင်လျှင် ကောင်းကင်အသံခန်းမက အရင် ရောက်နှင့်သည်ဟု သူတို့က ထင်မှတ်ကာ မေးခွန်းများ စတင် မေးကြတော့၏။

“အစ်မလျှို...စောစောက ဒီမှာ ဘာဖြစ်ခဲ့တာလဲ”

ကောင်းကင်အသံခန်းမမှ ခေါင်းဆောင်အစ်မကြီးက

“ကျွန်မ မသိဘူး။ ကျွန်မတို့ ရောက်လာတော့ ဘာမှ မရှိတော့ဘူး”

ထိုအမျိုးသမီးတပည့်၏ အဖြေကို ကြားလျှင် အခြားသော ခန်းမများမှ တပည့်များလည်း ဇဝေဇဝါ ဖြစ်သွားကြသည်။

ဘာမှမရှိဟု ဘယ်လိုလုပ် ပြောနိုင်မည်နည်း။

ဘာမှမရှိလျှင် ဤထူးခြား ဖြစ်စဉ်ကို မည်သူက ဖြစ်ပေါ်စေခဲ့သနည်း။

ထိုအခိုက်အတန့်တွင် တပည့်တစ်ဦးက

“အစ်မလျှို...အစ်မတို့က အရင်ဆုံး ရောက်တာလား။”

ကောင်းကင်အသံခန်းမမှ ခေါင်းဆောင်အမျိုးသမီးတပည့်က

“မဟုတ်ဘူး... ကျွန်မတို့ ရောက်လာတော့ မောင်လေးလုက ဒီမှာ ရှိနှင့်နေပြီ။ သူက ကျွန်မတို့ထက် အရင် ရောက်နေတာ။”

ထိုအရာကို ကြားလျှင် လူတိုင်း၏ အကြည့်များ လုချန်းထံသို့ ကျရောက်သွားလေသည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်က လုချန်းနှင့် ဆက်စပ်နိုင်သည်ဟုလည်း သူတို့က ခံစားမိကြသည်။

ထိုအခိုက်အတန့်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က

“ကျွန်တော် သိပြီ...လုချန်းက အခွင့်အရေးကို အရယူလိုက်လို့ ဘာမှမကျန်တော့တာ ဖြစ်ရမယ်”

ဟု ရုတ်တရက် အော်ဟစ် ပြောဆိုလိုက်သည်။

ထိုစကားများ ထွက်လာသည်နှင့် လုချန်းအပေါ်ရှိ လူတိုင်း၏ အကြည့်များ ချက်ချင်းပင် စူးရှသွားသည်။ တောက်ရွှမ် ကမ္ဘာငယ်တွင် ယခင်က ဤမျှ ကြီးမားသော

ထူးခြားဖြစ်စဉ်မျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ ဤအခွင့်အရေးက အလွန်ကြီးမားရမည် ဖြစ်သည်။ အကယ်၍ သူတို့သာ ဤအခွင့်အရေးကို လုချန်းထံမှ လုယူနိုင်လျှင် သူတော်စင်အဆင့်သာမက ဧကရာဇ်အဆင့်သို့ပင် တက်လှမ်းနိုင်ပေလိမ့်မည်ဟု လူတိုင်းက တွေးတောနေကြသည်။

လုချန်း လူအုပ်ကို မျက်လုံးဝေ့ကြည့်လိုက်ရာ စကားပြောသူကို လျင်မြန်စွာ ရှာတွေ့သွားသည်။

[အမည် : ပန်ယွမ်ရွှမ်]

[အချက်အလက် : ကောင်းကင်တောင်တန်း ခန်းမ၏ တပည့်]

[ကျင့်စဉ်အဆင့် : ပြန်လည်ပျက်စီးခြင်းအဆင့်ကိုး]

[သစ္စာစောင့်သိမှု : ၀]

ကောင်းကင်တောင်တန်း ခန်းမမှ တပည့်တစ်ဦးက ဦးဆောင်၍ လှုံ့ဆော်နေသည်ကို မြင်လျှင် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးကာ ပြုံးယောင်သန်းသွား၏။

……........

အခန်း (၁၄၀၆)

ခဏလောက် စောင့်ကြည့်ပါဦး

လုချန်း တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်တောင်တန်း ခန်းမ၏ ခေါင်းဆောင်တပည့်က ရုတ်တရက် ရှေ့သို့ တိုးလာသည်။ ထို့နောက် သူက

“လုချန်း...ခင်ဗျား ရခဲ့တဲ့ အခွင့်အရေးကို အခုချက်ချင်း အပ်စမ်း။”

ထိုအရာကို ကြားလျှင် လုချန်းက ပြုံးလိုက်ကာ

“ခင်ဗျားရဲ့ ဘယ်ဘက်မျက်လုံးနဲ့ ကျုပ် အခွင့်အရေး ရခဲ့တာကို မြင်ခဲ့တာလဲ။”

လော့ရန်ဟွေက သူဒေါသထွက်အောင် တမင် လှုံ့ဆော်နေခြင်း ဖြစ်ကြောင်း လုချန်း သိသော်လည်း လုံးဝ ဂရုမစိုက်ပေ။ သူ ဖန်တီးလိုက်သော ပြဿနာ ပိုကြီးလေလေ သူ အပြင်ထွက်သွားလျှင် ငြိမ်သက်သော မျှော်စင်အတွင်း ပိတ်လှောင်ခံရဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်၏။ လက်ရှိ ကောင်းကင်တောင်တန်း ခန်းမ တပည့်များနှင့် ပတ်သက်၍တော့ သူအလေးမထားပေ။ သူတို့ထဲတွင် အမြင့်ဆုံး ကျင့်စဉ်အဆင့်သည် ပြန်လည်ပျက်စီးခြင်းအဆင့်ကိုး၌သာ ရှိသည်။

သူ၏ လက်ရှိ ကိုယ်ပွားသည် ပြန်လည်ပျက်စီးခြင်းအဆင့် ခြောက်တွင်သာ ရှိသေးသော် သူ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ကျင့်စဉ်၏ ပံ့ပိုးမှုကြောင့် သူ၏ အင်အားက ပြန်လည်ပျက်စီးခြင်းအဆင့်ကိုးထက် များစွာ ကျော်လွန်နေမည်မှာ ဧကန်မုချပင် ဖြစ်သည်။ ထိုတပည့်များကို ကိုင်တွယ်ရန် က ယခုအချိန်တွင် ဘာမှ ခက်ခဲသော အရာ မဟုတ်ပေ။

လော့ရန်ဟွေက

“ဆင်ခြေပေးမနေနဲ့။ ခင်ဗျားက ဒီနေရာကို အရင်ဆုံး ရောက်တာ။ ခင်ဗျား အခွင့်အရေး မရဘူးဆိုရင် ဘယ်သူ ရမှာလဲ။”

“ခင်ဗျားက အခွင့်အရေးကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်နေတာလား။”

“ကျုပ်တို့အားလုံးက ယန်ယန် နန်းတော်ရဲ့ တပည့်တွေပဲ... ခင်ဗျားက ဘာလို့ ဒီလောက် တစ်ကိုယ်ကောင်းဆန်ရတာလဲ။”

လုချန်း တိုက်ရိုက် ဝန်ခံလိုက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် လနှလုံးသား ခန်းမမှ တပည့်အချို့ လုချန်း၏ ရှေ့တွင် လာရပ်ကြသည်။ လနှလုံးသား ခန်းမ၏ ခေါင်းဆောင်တပည့်က

“လုချန်း အခွင့်အရေး ရခဲ့တယ်ဆိုရင်တောင် ဘာဖြစ်လဲ။ အခွင့်အရေးဆိုတာ ကံပါတဲ့သူ ရတာပဲ။ မင်းတို့က လုယူဖို့ ကြံနေတာလား။”

လုချန်းသည် သူတော်စင် အမွေခံသူ ဖြစ်လာရန် သေချာနေပြီ ဖြစ်သောကြောင့် လနှလုံးသား ခန်းမမှ တပည့်များက သူ့ဘက်မှ ကာကွယ်ပေးကြသည်။ လော့ရန်ဟွေက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ

“ကံပါတဲ့သူက အခွင့်အရေး ရမယ် ဟုတ်လား။ ကျင့်စဉ်လောကမှာ အင်အားကြီးတဲ့သူကိုပဲ အသိအမှတ်ပြုတယ်လို့ပဲ ကျုပ် ကြားဖူးတယ်။”

“လုချန်း အခုချက်ချင်း အခွင့်အရေးကို အပ်ပါ။ ခင်ဗျားရဲ့ ပြန်လည်ပျက်စီးခြင်းအဆင့်ခြောက် အစွမ်းလောက်နဲ့တော့ အဲဒီအခွင့်အရေးကို ခင်ဗျား ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့က ခင်ဗျားအစား ကာကွယ်ပေးမယ်။”

လော့ရန်ဟွေသည် ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်ပြီး အင်အားသုံး၍ လုယူရန် ပြင်ဆင်လိုက်သည်။ အခြားခန်းမများမှ တပည့်များသည်လည်း ယခုအချိန်တွင် သူ့ကို ထောက်ခံကြလိမ့်မည်ဟု သူ ယုံကြည်နေသည်။ စောစောက ကြီးမားသော ထူးခြားဖြစ်စဉ်ကြောင့် လူတိုင်းက ထိုအခွင့်အရေး အလွန်ထူးခြားသည်ဟု ထင်မှတ်နေကြပြီး အားလုံးက ဝေစုခွဲလိုနေကြသည်။

………

တောက်ရွှမ်ကမ္ဘာငယ်၏ အပြင်ဘက်တွင်။

တောက်ရွှမ်ကမ္ဘာငယ် အပြင်ဘက်ရှိ လူများသည် ဤမြင်ကွင်းကို မြင်တွေ့ရလျှင် တိတ်ဆိတ်သွားကြသည်။ အထူးသဖြင့် ခန်းမသခင်များသည် သူတို့၏ တပည့်များ ဤမျှ လောဘကြီးနေသည်ကို မြင်ရသဖြင့် မြေကြီးထဲ ဝင်ပုန်းချင်စိတ် ပေါက်သွားကြသည်။ အပြင်ဘက်ရှိ လူများသည် အထဲတွင် ဘာဖြစ်သွားသည်ကို ကောင်းကောင်း သိကြသည်။ မည်သည့် အခွင့်အရေးမှ မရှိပဲ ထိုထူးခြားသော ဖြစ်စဉ်အားလုံးက လုချန်းကြောင့်သာ ဖြစ်ခဲ့ခြင်း ဖြစ်‌ကြောင်း ကောင်းစွာနားလည်ကြ၏။

သို့သော် အတွင်းထဲမှ လူများကတော့ ဤအချက်ကို မသိကြပေ။ ကံမကောင်းစွာနှင့် တောက်ရွှမ်ကမ္ဘာငယ်သည် အပြင်ဘက်လောကနှင့် အဆက်အသွယ် မရှိပေ။ ထို့ကြောင့် တည်နေရာ ရွှေ့ပြောင်းလမ်းကြောင်း ပိတ်သွားသည်နှင့် အသံလွှင့်၍ မရတော့ပေ။ အချို့သော ခန်းမသခင်များသည် တောက်ရွှမ်ကမ္ဘာငယ်အတွင်းသို့ ပြေးဝင်ကာ သူတို့၏ တပည့်များကို ဆွဲထုတ်လာချင်နေကြသည်။

ထိုအခိုက်အတန့်တွင် ခန်းမသခင်တစ်ဦးက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ ရန်ယွဲ့ ဧကရာဇ်အား

“ရန်ယွဲ့.... ကျုပ်တကယ် အားနာပါတယ်။ ဒီကလေးတွေ အပြင်ထွက်လာရင် ကျုပ် သေချာ ဆုံးမလိုက်ပါ့မယ်။”

ထို့နောက် ဓာတ်ပေါင်းစုံ ဧကရာဇ်ကလည်း တောင်းပန်လိုက်သည်။

“ရန်ယွဲ့...စိတ်ချပါ။ ကျုပ်တို့ လုချန်းဘက်က ရပ်တည်ပေးပါ့မယ်။ စိတ်ထဲမထားပါနဲ့။ ကျုပ်တို့ တပည့်တွေက လှည့်စားခံလိုက်ရတာပါ။”

ထိုသို့ ပြောပြီးနောက် ဟွမ်ယွမ် ဧကရာဇ်၏ အကြည့်က ရွှမ်မင် ဧကရာဇ်ထံ ကျရောက်သွားသည်။ သူတို့အားလုံးသည် ထက်မြက်သူများ ဖြစ်ကြရာ တောက်ရွှမ်ကမ္ဘာငယ်အတွင်း မည်သူ၏ တပည့်များက အခြေအနေကို ဦးဆောင်နေမှန်း ကောင်းစွာသိကြသည်။ ကောင်းကင်တောင်တန်း ခန်းမက လုချန်းကို ပစ်မှတ်ထားနေတာ ထင်ရှားလှသည်။

ရန်ယွဲ့ ဧကရာဇ်ကလည်း လူအ မဟုတ်ပေ။ ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များက အခြေအနေကို ကြိုးကိုင်နေသည်ကို သူမ မြင်နိုင်သည်။ သူမက

“ကိစ္စမရှိပါဘူး... လုချန်း ဖြစ်ပေါ်စေခဲ့တဲ့ ထူးခြားဖြစ်စဉ်က အရမ်းကြီးလွန်းတော့ နားလည်မှုလွဲတာ သဘာဝပါပဲ။”

သူမ ထိုသို့ ပြောလိုက်သော်လည်း ရန်ယွဲ့ ဧကရာဇ်စိတ်ထဲတွင်တော့ စိုးရိမ်နေဆဲ ဖြစ်သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက ခန်းမကြီးများမှ တပည့်များ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို လုချန်း ခံရ နိုင်သည်။

လနှလုံးသား ခန်းမမှ တပည့်များက လုချန်းကို ကာကွယ်ကြသော်လည်း လနှလုံးသား ခန်းမသည် ခန်းမတစ်ခုတည်းသာ ဖြစ်သည်။ အခြားခန်းမများနှင့် ယှဉ်လျှင် စုစုပေါင်း အင်အားက များစွာ အားနည်း၏။ အကယ်၍ အခြားခန်းမများမှ တပည့်အားလုံး ပူးပေါင်းလိုက်ပါက လနှလုံးသား ခန်းမမှ တပည့်အနည်းငယ် အနေနှင့် လုချန်းကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။

အဓိက အချက်မှာ လုချန်းတွင် မည်သည့် အခွင့်အရေးမှ မရှိခြင်း ဖြစ်သည်။ အကယ်၍ လုချန်းက အခွင့်အရေး တစ်ခုခု ရခဲ့လျှင်တောင် ယခုအချိန်တွင် သူ၏ အသက်ကို ကယ်ရန်အတွက် ထိုအရာကို အပ်နှံနိုင်မည် ဖြစ်သည်။ သို့သော် လုချန်းသည် ယခု သူတို့အတွက် အခွင့်အရေး တစ်စုံတစ်ရာ ထုတ်မပေးနိုင်သလို ထိုလူများကလည်း သူ ဘာမှမရခဲ့ဘူး ဆိုတာကို ယုံကြည်ကြမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က လုချန်းကို တိုက်ခိုက်ဖို့ အလားအလာ အလွန်များနေသည်။

တကယ့် ပြဿနာ တစ်ခုပင်ဖြစ်၏။

ရန်ယွဲ့ ဧကရာဇ် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ မျက်နှာလည်း တင်းသွားသည်။ ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များ၏ နည်းပရိယာယ်က တကယ့်ကို ကောက်ကျစ်လွန်းလှသည်။

ဒါကိုသူမ ခွင့်မပြုနိုင်ပေ။

လုချန်း ဒဏ်ရာမရစေရပေ။

သူမ လုချန်းကို ကယ်တင်ဖို့အတွင် ဤလမ်းစဉ် ညီလာခံကို ဖျက်သိမ်းလိုက်ရမည် ဆိုလျှင်တောင် လုပ်ရမည်ဖြစ်သည်။

……

တောက်ရွှမ်ကမ္ဘာငယ် အတွင်းတွင်

ရန်ယွဲ့ ဧကရာဇ် ထိုသို့ တွေးတောနေစဉ် တောက်ရွှမ်ကမ္ဘာငယ်အတွင်းရှိ လုချန်းကတော့ အခြားတပည့်များကို အေးအေးဆေးဆေး ကြည့်နေဆဲ ဖြစ်သည်။ လုချန်းက ထပ်မံ၍

“ကျုပ် နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်။ ကျုပ် ဘာအခွင့်အရေးမှ မရခဲ့ဘူး။ ခင်ဗျားတို့ မယုံရင်လည်း ကျုပ်ဘာမှ မတတ်နိုင်ဘူး။”

လုချန်းက ခေါင်းမာနေဆဲ ဖြစ်သည်ကို မြင်လျှင် လော့ရန်ဟွေက ချက်ချင်းပင်

“လုချန်းက အခွင့်အရေးကို မအပ်ချင်ဘူးဆိုတော့ ကျုပ်တို့ ရိုင်းရိုင်းစိုင်းစိုင်း လုပ်မိတာကို အပြစ်မတင်နဲ့တော့။ အားလုံးပဲ တိုက်ခိုက်ကြစို့။ အခွင့်အရေးက သူ့အပေါ်မှာ ရှိနေမှာ အသေအချာပဲ။”

လော့ရန်ဟွေ၏ စကားကို ကြားလျှင် ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များသည် လုချန်း ရပ်နေသော ကမ်းပါးယံဆီသို့ တိုက်ရိုက် ပျံသန်းလာကြသည်။ ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များ တိုက်ခိုက်လာသည်ကို မြင်လျှင် လျန်ကျိချုန်းက ချက်ချင်း အော်ဟစ်လိုက်သည်။

“ညီလေးလုကို ကာကွယ်ကြ”

လနှလုံးသား ခန်းမမှ တပည့်များသည် သူတို့၏ ဓားရှည်များကို ဆွဲထုတ်ကာ လုချန်းကို အလယ်တွင် ထား၍ ဝိုင်းရံထားလိုက်ကြသည်။ ကောင်းကင်တောင်တန်း ခန်းမ တပည့်များ တိုက်ခိုက်သည်ကို မြင်လျှင် အခြားခန်းမများမှ တပည့်အချို့လည်း မနေနိုင်တော့ပဲ လုချန်းရှိရာသို့ တိုက်ရိုက် ပြေးဝင်လာကြသည်။

သူတို့အားလုံးသာ ဝိုင်းတိုက်လျှင် ဥပဒေစိုးမိုးရေးခန်းမက သူတို့ကို အပြစ်တင်မည် မဟုတ်ဟုလည်း ယူဆနေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များက ဦးဆောင်နေခြင်းကြောင့် ဖြစ်သည်။

တပည့်အမြောက်အမြား လုချန်းကို တစ်ပြိုင်နက်တည်း ဝိုင်းထားသည်ကို မြင်လျှင် လျန်ကျိချုန်း အလွန် စိုးရိမ်သွားသည်။ ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များသာ ဆိုလျှင် သူတို့ အတန်ကြာ ခုခံထားနိုင်ပြီး လုချန်းကို ထွက်ပြေးဖို့ အချိန်ပေးနိုင်လိမ့်မည်။ သို့သော် ယခုမူ အခြားခန်းမများမှ တပည့်များပါ တိုက်ခိုက်နေကြပြီ ဖြစ်သည်။ သူတို့လို လူနည်းစုက လုချန်းကို ကာကွယ်နိုင်ရန် မဖြစ်နိုင်ပေ။

လျန်ကျိချုန်းက လုချန်းကို အလျင်အမြန် ပြောလိုက်သည်။

“ညီလေးလု.... တို့တတွေ သူတို့ကို ခုခံထားပေးမယ်။ မင်း အမြန်ပြေးတော့”

ထိုလူများသည် လုချန်းထံမှ အခွင့်အရေးကိုသာ လိုချင်ကြခြင်း ဖြစ်သည်။ လုချန်း ထွက်ပြေးသွားလျှင် လနှလုံးသား ခန်းမမှ တပည့်များကို ဒုက္ခပေးလိမ့်မည် မဟုတ်ပေ။ လုချန်းက ပြုံး၍

“အစ်ကိုကြီးလျန်...စိတ်မပူပါနဲ့။ ခန်းမသခင်က ကျွန်တော့်ကို မှော်ရတနာ တစ်ခု ပေးထားတာ မေ့နေပြီလား။”

လုချန်း၏ စကားကို ကြားလျှင် လျန်ကျိချုန်း ရုတ်တရက် သတိရသွားသည်။

ဟုတ်သားပဲ....

ခန်းမသခင်က လုချန်းကို နေမီးလျှံပုလဲ ပုလဲကို ပေးထားခဲ့တာပဲ။ ထိုရတနာ ရှိနေလျှင် ထိုလူများ လုချန်းကို ဒဏ်ရာရအောင် မလုပ်နိုင်ပေ။ လျန်ကျိချုန်းက ချက်ချင်းပင်

“ဒါဆိုရင် နေမီးလျှံပုလဲကို အမြန်သုံးလိုက်တော့ ညီလေးလု”

လုချန်းက ပြုံးလျက်

“ခဏလောက် ထပ်စောင့်ပါဦး”

ခဏလောက် ထပ်စောင့်ဦးမယ် ဟုတ်လား.....

ဘာကို စောင့်မှာလဲ.....

လုချန်း၏ စကားကို ကြားလျှင် လနှလုံးသား ခန်းမမှ တပည့်များ ဇဝေဇဝါ ဖြစ်သွားကြသည်။ အခြားခန်းမမှ တပည့်များက တိုက်ခိုက်နေပြီ ဖြစ်သော်လည်း လုချန်းက ခဏစောင့်ရန် ပြောနေသည်။

ရတနာကို မသုံးပဲ ထိုလူများ၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်ဟု လုချန်း ထင်နေတာလား။

လုချန်းက နေမီးလျှံပုလဲ ပုလဲကို ချက်ချင်း ထုတ်မသုံးတာ မြင်လျှင် လော့ရန်ဟွေ စိတ်ထဲ တိတ်တဆိတ် ဝမ်းသာသွား၏။ မမျှော်လင့်ပဲ လုချန်းက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေသည်။

ယခုလို အခြေအနေမျိုးတွင်ပင် ရန်ယွဲ့ ဧကရာဇ် ပေးထားသော မှော်ရတနာကို မသုံးသေးပေ။ ယခု မသုံးလျှင် နောက်ပိုင်းတွင် သူ သုံးနိုင်တော့မည် မဟုတ်ပေ။

သူတို့ လုချန်းကို ချက်ချင်း အစွမ်းကုန် တိုက်ခိုက်နိုင်ပါက ထိုရတနာကို အသက်သွင်းနိုင်တော့မည် မဟုတ်ပေ။ အဆုံးတွင် နေမီးလျှံပုလဲသည် ကောင်းကင်အဆင့် မှော်ရတနာ ဖြစ်သဖြင့် ၎င်းကို အသက်သွင်းရန် စိတ်ဝိညာဉ် စွမ်းအား လိုအပ်သည်။

လော့ရန်ဟွေက သူ၏ ဓားရှည်ကို လုချန်းထံသို့ လွှဲယမ်းလိုက်သည်။

“ကြယ်ပျံဓားကွက်”

……………

အခန်း (၁၄၀၇)

သွေးမိစ္ဆာ ဝိညာဉ်ဝါးမြိုခြင်း အတတ်

လော့ရန်ဟွေ သူ၏ဓားကို လွှဲယမ်းလိုက်သည့် ခဏမှာပင် ကောင်းကင်ယံမှ မရေမတွက်နိုင်သော ဓားစွမ်းအားများ ကျဆင်းလာခဲ့သည်။ လျန်ကျိချုန်းကလည်း ၎င်းတို့ကို အလျင်အမြန် ရင်ဆိုင်လိုက်၏။

“နဂါးဟိန်း တောင်ဖြိုဓား”

လျန်ကျိချုန်း၏ ဓားကို တစ်ချက်လွှဲလိုက်ရုံနှင့် နဂါးဟိန်းသံတစ်ခု ကောင်းကင်နှင့် မြေကြီးအနှံ့ ဟိန်းထွက်သွားခဲ့သည်။ ထို့နောက် ကြီးမားသော ရွှေနဂါးတစ်ကောင် ဓားအတွင်းမှ ပျံထွက်လာခဲ့သည်။ နဂါးထံမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများသည် ဓားစွမ်းအား အားလုံးကို ဟန့်တားလိုက်၏။

လော့ရန်ဟွေ၏ နှုတ်ခမ်းများ အသာအယာ တွန့်သွားသည်။ ထိုအရာက အာရုံပြောင်းရန်အတွက် ဟန်ပြတိုက်ခိုက်မှုသာ ဖြစ်၏။ တကယ်တော့ အခြားသူများကသာ လုချန်းကို တကယ် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ လနှလုံးသား ခန်းမတွင် လျန်ကျိချုန်းသည် အစွမ်းအထက်ဆုံး ဖြစ်သည်။ သူ့ကို ထိန်းထားနိုင်သရွေ့ အခြားသူများကို ကြောက်စရာမလိုပေ။

လျန်ကျိချုန်းနှင့် လော့ရန်ဟွေတို့ တိုက်ခိုက်နေစဉ်မှာပင် ကောင်းကင်တောင်တန်း ခန်းမမှ အခြားတပည့်များသည်လည်း လနှလုံးသား ခန်းမမှ တပည့်များကို စတင်ရင်ဆိုင်ကြတော့သည်။ ခဏချင်းအတွင်းမှာပင် သူတို့ရှိနေသည့် ချောက်ကမ်းပါးထိပ်၌ ဓားစွမ်းအားများ နေရာအနှံ့ ပျံနှံ့သွားခဲ့ တော့သည်။

လုချန်းကို ကာကွယ်ရန်အတွက် လနှလုံးသား ခန်းမမှ တပည့်များက ရှေ့သို့ တိုးထွက်တိုက်ခိုက်ကြသည်။ ထို့ကြောင့် လုချန်း၏ အနီးအနားတွင် မည်သူမှ မရှိတော့ပေ။

ထိုအခိုက်အတန့်တွင် လုချန်း၏ နောက်ကျောဘက်မှ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ နောက်ကွယ်မှ တစ်စုံတစ်ယောက် ချောင်းမြောင်းတိုက်ခိုက်နေသည်ကို ခံစားမိသည်နှင့် လုချန်း ချက်ချင်း လှည့်ကြည့်လိုက်သည်။

ပန်ယွမ်ရွှမ်က ပြုံးလျက်

“ညီလေးလု။ အရိုက်မခံချင်ရင် အခွင့်အရေးကို အမြန်ဆုံး အပ်လိုက်တာ ပိုကောင်းလိမ့်မယ်။”

ပန်ယွမ်ရွှမ်၏ စကားကို ကြားလျှင် လုချန်းက အသာအယာ ပြုံးလိုက်ပြီး

“အခွင့်အရေး ရှိသည်ဖြစ်စေ... မရှိသည်ဖြစ်စေ ခင်ဗျားတို့ ကောင်းကင်တောင်တန်း ခန်းမရဲ့ ရည်ရွယ်ချက်က အခွင့်အရေး အတွက် မဟုတ်ဘူးဆိုတာ ကျုပ်သိတယ်။ အခွင့်အရေး မရှိရင်တောင် ခင်ဗျားတို့က ကျုပ်ကို တိုက်ခိုက်မှာပဲ မဟုတ်လား။ ကျုပ်ပြောတာ မှားလို့လား။”

ပန်ယွမ်ရွှမ်က လုချန်း၏ မေးခွန်းကို မတုံ့ပြန်ပေ။ မည်သည့်သက်သေမှ သူ ချန်ထားခဲ့မည် မဟုတ်ပေ။ “အခွင့်အရေး” ဆိုသည်မှာ တကယ်ပင် ကောင်းမွန်သော ဆင်ခြေတစ်ခု ဖြစ်သည်။

ကျင့်စဉ်လောကတွင် အခွင့်အရေးများ လုယူခြင်းမှာ အလွန် ပုံမှန်ဖြစ်သောကိစ္စတစ်ခု ဖြစ်၏။ အကယ်၍ အခွင့်အရေးလုယူစဉ်အတွင်း လုချန်း ဒုက္ခိတဖြစ်သွားခဲ့လျှင် သူတို့ အပြင်ရောက်သည့်အခါ ရန်ယွဲ့ ဧကရာဇ်ပင်လျှင် ဘာမှ ပြောနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ပြင် ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များသာမက အခြားသော ခန်းမများမှ တပည့်များပါ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ထိုအခါ ဥပဒေစိုးမိုးရေး ခန်းမအနေနှင့်လည်း ကောင်းကင်တောင်တန်း ခန်းမကို ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ အစက ကောင်းကင်တောင်တန်း ခန်းမသည် လုချန်းကို အတင်းရန်စ၍ တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း မထင်မှတ်ပဲ တောက်ရွှမ်ကမ္ဘာငယ်အတွင်းသို့ ဝင်လိုက်သည်နှင့် ဤမျှ ကောင်းမွန်သော ဆင်ခြေကို ရှာတွေ့ခဲ့ကြခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ပန်ယွမ်ရွှမ်က

“ညီလေးလုက ခေါင်းမာနေတုန်းဆိုတော့လည်း အစ်ကိုကြီး အင်အားသုံးရတာကို အပြစ်မတင်နဲ့တော့။”

သူ၏စကားအဆုံးတွင် ပန်ယွမ်ရွှမ်ထံမှ ထူထပ်သော သွေးရောင်အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

“သွေးမိစ္ဆာ ဝိညာဉ်ဝါးမြိုခြင်း အတတ်”

နောက်တစ်စက္ကန့်တွင် ပန်ယွမ်ရွှမ်၏ ဦးခေါင်းအထက်တွင် သွေးမိစ္ဆာ၏ ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုသွေးမိစ္ဆာသည် လုချန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

…….

တောက်ရွှမ်ကမ္ဘာငယ်၏ အပြင်ဘက်တွင်

ဤအရာကို မြင်လျှင် ရန်ယွဲ့ ဧကရာဇ်လည်း ထိုင်မနေနိုင်တော့ပေ။ သူမ၏ အရှိန်အဝါများ ချက်ချင်း ပေါက်ကွဲထွက်လာ၏။ သူမက ရွှမ်မင် ဧကရာဇ်ကို စိုက်ကြည့်လျက်

“ရွှမ်မင်.... ရှင့်ရဲ့တပည့်က တားမြစ်ထားတဲ့ အတတ်ကို သုံးနေတာပဲ။ ဒီအတွက် ကျွန်မကို ရှင်းပြချက်တစ်ခု ပေးသင့်တယ်လို့ မထင်ဘူးလား။”

သွေးမိစ္ဆာ ဝိညာဉ်ဝါးမြိုခြင်း အတတ်သည် ကောင်းကင်အဆင့် စွမ်းရည်တစ်ခု ဖြစ်သော်လည်း ၎င်းသည် မိစ္ဆာကျင့်ကြံသူများထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ရွှမ်မင် ဧကရာဇ်သည် မရဏ လမ်းစဉ်ကို လိုက်စားသူဖြစ်သဖြင့် ဤနည်းလမ်းသည် သူ့အပေါ် သက်ရောက်မှု မရှိပေ။ သို့သော် သာမန်ကျင့်ကြံသူတစ်ဦးအတွက်‌တော့ ဤအတတ်ကို ကျင့်ကြံလျှင် ရူးသွပ်သွားနိုင်ပြီး မိစ္ဆာကျင့်ကြံသူ ဖြစ်သွားနိုင်သည်။

ရွှမ်မင် ဧကရာဇ်မှလွဲ၍ မည်သူမှ ဤအတတ်ကို မကျင့်ကြံရဟူသော စည်းကမ်းကိုလည်း အသက်ကယ် ဧကရီက ထုတ်ထားသည်။ သို့သော် ကောင်းကင်တောင်တန်း ခန်းမမှ တပည့်သည် တောက်ရွှမ်ကမ္ဘာငယ်အတွင်း၌ ဤမိစ္ဆာအတတ်ကို တကယ်ပင် ထုတ်ဖော်လိုက်သည်။ ထို့ပြင် တိုက်ပွဲအစကတည်းက မိစ္ဆာအတတ်ကို ထုတ်သုံးလိုက်ခြင်းသည် လုချန်းကို အသက်ရှင်လျက် အပြင်မထွက်စေလိုသော ရည်ရွယ်ချက် ရှိကြောင်း ထင်ရှားလှသည်။

ရွှမ်မင် ဧကရာဇ်က တည်ငြိမ်သော အမူအရာဖြင့်

“ပန်ယွမ်ရွှမ်က မရဏလမ်းစဉ်ကို နားလည်ထားသူပါ။ ဒီအတတ်ကြောင့် သူဘာမှ ထိခိုက်မှာမဟုတ်ဘူး။ အဲ့ဒါဆို ဘာ့ကြောင့် သူက ဒီအတတ်ကို မကျင့်ကြံပဲ နေရမှာလဲ။”

ထိုစကားကို ကြားလျှင် ရန်ယွဲ့ ဧကရာဇ်၏ မျက်နှာလည်း ဒေါသကြောင့် အလွန်တွန့်ရှုံ့သွားခဲ့သည်။ အကယ်၍ ပန်ယွမ်ရွှမ်၏ သွေးမိစ္ဆာသာ လုချန်းကို ထိတွေ့သွားပါက လုချန်း၏ နတ်ဝိညာဉ်လည်း ဧကန်မုချ ထိခိုက်သွားမည် ဖြစ်သည်။ ထိုအခါ နေမီးလျှံပုလဲကို အသက်သွင်းရန် မဖြစ်နိုင်တော့ပေ။

ဤအရာကို ဆက်လက်ခွင့်မပြုနိုင်တော့သဖြင့် သူမက ဥပဒေစိုးမိုးရေး ခန်းမ ဧကရာဇ်ကို

“လမ်းစဉ် ညီလာခံကို အခုချက်ချင်း ရပ်ရမယ်။”

ရွှမ်မင် ဧကရာဇ်က အေးစက်စွာ ရယ်မောလျက်

“လမ်းစဉ် ညီလာခံက ခင်ဗျားရဲ့ လနှလုံးသား ခန်းမတစ်ခုတည်းက လုပ်တာလား။ ခင်ဗျား ရပ်ချင်တိုင်း ရပ်လို့ရမလား။”

ရန်ယွဲ့ ဧကရာဇ်က

“တောက်ရွှမ်ကမ္ဘာငယ်ထဲမှာ အချင်းချင်း သတ်ဖြတ်ခြင်းကို တားမြစ်ထားတယ်။ ကောင်းကင်တောင်တန်း ခန်းမရဲ့ တပည့်တွေက သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေ လုပ်နေတာဟာ ညီလာခံရဲ့ စည်းကမ်းတွေကို ချိုးဖောက်တာပဲ။ စည်းကမ်းတွေ ပျက်နေရင် ဒီပွဲကို ဆက်လုပ်ဖို့ ဘာအကြောင်းပြချက်ရှိလဲ။”

ရွှမ်မင် ဧကရာဇ်ကလည်း ပြတ်သားစွာ ပြောလိုက်သည်။

“ပန်ယွမ်ရွှမ်က စည်းကမ်းဖောက်တာ။ သူ အပြင်ထွက်လာရင် ဥပဒေစိုးမိုးရေး ခန်းမက သူ့ကို ထိုက်သင့်သလို အပြစ်ပေးလိမ့်မယ်။ တပည့်တစ်ယောက် စည်းကမ်းဖောက်တာနဲ့ပွဲကို ရပ်ရမယ်လို့ ဘယ်သူပြောလဲ။ ယန်ယန် နန်းတော်မှာ အဲ့ဒီလို စည်းကမ်း မရှိဘူး။”

ထိုစဉ် ရန်ယွဲ့ ဧကရာဇ်၏ အရှိန်အဝါသည် မထိန်းချုပ်နိုင်စွာ မြင့်တက်လာခဲ့သည်။ သူမထံမှ လွှမ်းမိုးသော ဖိအားများက ဝန်းကျင်ရှိလူများကို အသက်ရှူရ ကျပ်သွားစေ၏။ ရွှမ်မင် ဧကရာဇ်သည်လည်း အလျှော့မပေးပဲ သူ၏ မရဏ အငွေ့အသက်များကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထို့နောက် ဧကရာဇ်နှစ်ပါး၏ အရှိန်အဝါများ တိုက်မိပြီး ခန်းမထဲရှိတွင် ပရိဘောဂများ လွင့်စင်ကုန်တော့သည်။

နှစ်ဦးသား တိုက်ခိုက်တော့မည့် အရေးကို မြင်သောအခါ ဥပဒေစိုးမိုးရေး ခန်းမမှ ဧကရာဇ်က

“နေဦး...ကျုပ် တောက်ရွှမ်ကမ္ဘာငယ်ရဲ့ လမ်းကြောင်းကို ဖွင့်ပြီး လုချန်းကို အပြင်ထုတ်လိုက်မယ်။”

အသက်ကယ် ဧကရီသည် တံခါးကျင့်စဉ်စခန်း ဝင်သွားခါစသာ ရှိသေးသည်။ ဤကဲ့သို့ ဆူညံမှုက သူမ၏ ကျင့်စဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အကယ်၍ နောက်ပိုင်းတွင် သူမက တာဝန်ရှိသူကို မေးမြန်းလျှင် အားလုံးဒုက္ခရောက်သွားနိုင်ပေသည်။

ရွှမ်မင် ဧကရာဇ်က အေးစက်စွာဖြင့်

“မရဘူး။ တောက်ရွှမ်ကမ္ဘာငယ်ကို တပည့်တစ်ယောက်တည်းအတွက်နဲ့ တစ်ခါမှ မဖွင့်ပေးဖူးဘူး။”

ရန်ယွဲ့ ဧကရာဇ်က အော်ဟစ်လိုက်သည်။

“ရွှမ်မင်..... ရှင် သိပ်လွန်မလာနဲ့”

ထိုအခိုက်အတန့်တွင် အခြားသော ခန်းမသခင်များလည်း တစ်ဦးကိုတစ်ဦး ကြည့်လျက် မည်သည့်ဘက်မှ ကူညီရမည်မှန်း မသိဖြစ်နေကြသည်။ ရုတ်တရက် ဓာတ်ပေါင်းစုံ ဧကရာဇ်က

“အားလုံး ကြည့်ကြဦး။ လုချန်းပြန်တိုက်နေပြီ။”

ထိုအရာကို ကြားလျှင် လူတိုင်း၏ အကြည့်များလည်း ပုံရိပ်ဖမ်း ကျောက်တုံးကြီးထံသို့ ပြန်လည် ရောက်ရှိသွားကြသည်။

……

တောက်ရွှမ်ကမ္ဘာငယ် အတွင်းတွင်

ပန်ယွမ်ရွှမ်၏ သွေးမိစ္ဆာ ဝိညာဉ်ဝါးမြိုခြင်း အတတ်ကို လုချန်း တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွား၏။

သူ၏ အင်အားအစစ်အမှန်အရ ပန်ယွမ်ရွှမ်ကို သူ ကြောက်စရာမလိုပေ။ ထို့ပြင် ပန်းယွမ်ရွှမ်သည် မိစ္ဆာကျင့်စဉ်ကို သုံးနေသူ ဖြစ်သည်။ လုချန်း၏ ကမ္ဘာဦး မိစ္ဆာသတ် အတတ်မှာ မိစ္ဆာကျင့်ကြံသူများအပေါ် လုံးဝအသာစီးရသော အတတ်ဖြစ်၏။

ပန်းယွမ်ရွှမ် သူ့ကို ဤအတတ်ပညာနှင့် တိုက်ခိုက်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်သည်။ လုချန်းက သူ၏ဓားကိုပင် ဆွဲမထုတ်ပေ။ သူက လက်သီးတစ်ချက်ကိုသာ ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ပြင်းထန်သော လက်သီးစွမ်းအားစုတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာသည်။

“ကမ္ဘာဦး မိစ္ဆာသတ် အတတ်”

နောက်တစ်စက္ကန့်တွင် လုချန်းထံသို့ ပြေးဝင်လာသော သွေးမိစ္ဆာပုံရိပ်လည်း နာကျင်စွာ အော်ဟစ်လိုက်လေတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ပန်ယွမ်ရွှမ်လည်း သွေးမိစ္ဆာ ဝိညာဉ်ဝါးမြိုခြင်း အတတ်၏ တန်ပြန်ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး နာကျင်စွာ အော်ဟစ်လိုက်ရ၏။

“အားးးးးး”

ပန်းယွမ်ရွှမ်သည် သူ၏ဦးခေါင်းကို ကိုင်လျက် မြေပြင်ပေါ်တွင် တရစပ် လူးလိမ့်နေတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လူတိုင်း မှင်သက်သွားကြသည်။ တောက်ရွှမ်ကမ္ဘာငယ် အတွင်းရှိ တပည့်များရော အပြင်ဘက်မှ ကြည့်ရှုနေသူများပါ ခဏခန့် တိတ်ဆိတ်သွားခဲ့သည်။ သတိပြန်ဝင်လာလျှင် အပြင်ဘက်မှ ပရိသတ်များ စတင်ဆွေးနွေးကြတော့သည်။

“လက်သီးတစ်ချက်လား။ လက်သီးတစ်ချက်တည်းလား။”

“လုချန်းက ပြန်လည်ပျက်စီးခြင်းအဆင့် ခြောက်မှာပဲ ရှိတာ မဟုတ်လား။”

“လုချန်းက လက်သီးတစ်ချက်တည်းနဲ့ တားမြစ်ထားတဲ့ မိစ္ဆာအတတ်ကို ချေဖျက်ပစ်လိုက်တာပဲ။”

“လုချန်းက ဘာကျင့်စဉ်မှ သုံးလိုက်ပုံ မရဘူး။ သူ ဘယ်လိုလုပ်လိုက်တာလဲ”

“လုချန်းက ဘာလို့ နေမီးလျှံပုလဲကို မသုံးတာလဲဆိုတာ အခုမှသိပြီ။ သူ့အတွက် မလိုလို့ကိုး။”

“ဒီစွမ်းအားက တကယ်ပဲလား။ ပြန်လည်ပျက်စီးခြင်းအဆင့်ခြောက် လူတစ်ယောက်က မရဏလမ်းစဉ်ကို နားလည်ထားတဲ့ အဆင့်ကိုးက လူကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာလား။”

လုချန်းက ပန်းယွမ်ရွှမ်ကို အနိုင်ယူလိုက်သည်ကို မြင်လျှင် ရန်ယွဲ့ ဧကရာဇ်လည်း မှင်တက်စွာ ရပ်နေမိသည်။ ရွှမ်မင် ဧကရာဇ်ကို တိုက်ခိုက်ရန်ပင် သူမ မေ့သွားခဲ့သည်။ ရန်ယွဲ့ ဧကရာဇ်သာမက အခြားသော ဧကရာဇ်အဆင့်များလည်း ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။

ပါရမီရှင်တစ်ဦး အနေနှင့် အဆင့်ကျော် တိုက်ခိုက်နိုင်ခြင်းကို သူတို့ မအံ့ဩပေ။ သို့သော် လက်သီးတစ်ချက်တည်းနှင့် ပြီးမြောက်အောင် လုပ်နိုင်ခဲ့ခြင်းကိုတော့ အံ့ဩဘနန်း ဖြစ်နေကြ၏။ ပန်ယွမ်ရွှမ်သည် တားမြစ်ထားသော အတတ်ကို သုံးခဲ့သော်လည်း လုချန်းက တစ်ချက်တည်းနှင့် ချေဖျက်လိုက်ခြင်းဖြစ်၏။

ထိုအရာက ပုံမှန် ဟုတ်နိုင်ပါ့မလား။

အတန်ကြာမှ ဓာတ်ပေါင်းစုံ ဧကရာဇ်က နောက်ဆုံးတွင်

“ရန်ယွဲ့... လုချန်းရဲ့ ပါရမီက ကျုပ်တို့ ထင်ထားတာထက်တောင် ပိုပြီး ကြောက်စရာကောင်းနေပြီ ထင်တယ်။”

All Chapters