← Chapters

အခင်းအကျင်း၉ထပ်၊ ကျောက်စိမ်းတောင်သစ် စိတ်ဝိဉာဉ်သတ္တုတွင်း

Vol. 33 Ch. 482

အခင်းအကျင်း၉ထပ်၊ ကျောက်စိမ်းတောင်သစ် စိတ်ဝိဉာဉ်သတ္တုတွင်း

Vol. 33 Ch. 482

ကျောက်စိမ်းအဆောင်သည် ၁၅မိနစ်ကြာအောင် မြူအခင်းအကျင်းအား ပေါ်ပေါက်လာစေပြီးနောက် မြူ၏စွမ်းအားတို့ ပျောက်ကွယ်သွားခဲ့၏။

သို့ပေမယ့် ယွိကောင်းမှာ စိတ်လှုပ်ရှားနေဆဲ ရှိသည်။ သူသာ အရင်တုန်းက ဒီမြူအဆောင်ရှိခဲ့လျှင် အလွန်ဆိုးရွားသည့် အခြေအနေသို့ ကျရောက်ခဲ့မည် မဟုတ်ပေ။

အဆောင်ကို အသက်သွင်းပြီး ကျူ့လျန်ကို နှောင့်ယှက်ကာ ထွက်ပြေးသွားတာ ကြာပြီဖြစ်လိမ့်မည်။ ရန်သူက ဘယ်လိုလုပ်ပြီး လိုက်မှီနိုင်မည်နည်း။

ထို့အပြင် ပထမဆုံးအကြိမ် အသုံးပြုချိန်၌ ၎င်း၏ အာနိသင်မှာ အကြီးမားဆုံး ဖြစ်မှာပါ။ တစ်ဖက်လူသည် မြူအဆောင်၏ တည်ရှိမှုကို သိရှိထားခြင်းမရှိဘဲ ရုတ်တရက် ရောက်ရှိလာသည့် မြူများကြောင့် ဒီဗိုင်းဝိဉာဉ်စွမ်းအားနှင့် အာရုံခံနိုင်မှုတို့ ပျောက်ကွယ်သွားရာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်သာ အရင်ဆုံး တွေးမိကြမှာ ဖြစ်သည်။ ရန်သူကိုအရင်ဆုံး လိုက်လံသတ်ဖြတ်ရန် မဟုတ်ပေ။

"မျိုးဆက်စုံမဟာမိတ်အဖွဲ့က သိုင်းသမားဘယ်နှစ်ယောက် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်ကို ရောက်ပြီးကြပြီလဲ.."

ဖန်းဟောင်က လေးနက်စွာမေးသည်။

"စုစုပေါင်း၁၂ယောက်ရှိပါတယ်.."

"ကျွန်တော်က နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဖြစ်ပြီး ဘယ်ညာစောင့်ရှောက်သူတို့က အလယ်အလတ်.. ပြီးတော့ ကျန်သူတွေက အစောပိုင်းမှာ ရှိပါတယ်.."

ယွိကောင်းက လေးနက်စွာ ဖြေကြား၏။ လေလွင့်သိုင်းသမား မဟာမိတ်အဖွဲ့တစ်ခုတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသည့် သိုင်းသမား ၁၀ယောက်ကျော်ရှိနေပြီး နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ယွိကောင်းပါ ပါဝင်ပေါင်းစပ်ထားရာ သူတို့၏ခွန်အားသည် ပထမတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပါသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဒုတိယနောက်သာ လိုက်၏။

ယွိကောင်းသာ အနည်းငယ်ပိုမိုသန်မာပြီး ကျူ့လျန်ကို ရင်ဆိုင်တိုက်ခိုက်နိုင်လျှင် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ခွန်အားမှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းထက် အများကြီးနောက်ကျမည် မဟုတ်တော့ပေ။

သို့ပေမယ့် လေလွင့်သိုင်းသမား အဖွဲ့အစည်းတစ်ခုကို ရင်ဆိုင်ရာ၌ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအားလုံးက အတူတူပူးပေါင်းမှာ ဖြစ်သည်။

ဒီတစ်ကြိမ် မျိုးဆက်စုံမဟာမိတ်အဖွဲ့အား လိုက်လံ သုတ်သင်သကဲ့သို့ ဖြစ်၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က ဦးဆောင်ခဲ့ခြင်းဖြစ်ပေမယ့် အခြားအင်အားစုအားလုံးတို့လည်း ပါဝင်ခဲ့ကြသည်။

ထိုအကြောင်းကြောင့်ပင် မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် နှိမ့်ချစွာနေပြီး လျှို့ဝှက်စွာဖြင့် မည်သည့်လှုပ်ရှားမှုမှ မပြုရဲကြခြင်း ဖြစ်သည်။

"၁၂ယောက်... ဒါကမနည်းဘူး... မင်းတို့ရဲ့တာဝန်က ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေကို မျှားထုတ်သွားဖို့ပဲ။ ဒါပေမယ့် ကျောက်စိမ်းနတ်ဘုရားက တုံးအ နေမှာတော့မဟုတ်ဘူး။ အကုန်လုံးလိုက်မလာပဲ အစောင့်အဖြစ် ထားခဲ့ဦးမှာ။ ဒါပေမယ့် အများစုကို ခေါ်ထုတ်သွားနိုင်ရင် အဆင်ပြေပြီ.."

"အကိုယွိ... ခင်ဗျားကျူ့လျန်ကို ရအောင်လို့ ခေါ်ထုတ်သွား.."

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများအတွက် တာဝန်များကို စတင်ခွဲဝေသည်။

ဖန်းဟောင်က ကျောက်စိမ်းအဆောင် ၁၀ခုကျော်တို့ကိုထုတ်ကာ ယွိကောင်းကိုပေး၏။

"ဒါက လျှပ်တပြက် ရွှေ့ပြောင်းခြင်းအဆောင်ပဲ။ ပြုလုပ်ဖို့မလွယ်ဘူး။ ရှားပါးတဲ့ကုန်ကြမ်းတွေ အများကြီးလည်း ကုန်ကျခဲ့တယ်။ တစ်ယောက်ချင်းစီတိုင်း တစ်ခုဆီယူသွားကြ။ အရေးပေါ်အခြေအနေမှာ ထွက်ပြေးလို့ရလိမ့်မယ်။ အဲ့ဒါက မိုင်၁၀၀အတွင်းမှာ လျှပ်တပြက်နေရာပြောင်းသွားနိုင်တယ်။ သွားချင်တဲ့လားရာကိုတော့ ကိုယ့်ဘာသာ ကိုယ်ထိန်းချုပ်ပေါ့.."

ဖန်းဟောင်သည် လျှပ်တပြက် ရွှေ့ပြောင်းခြင်းအဆောင်ကို ပြုလုပ်ရန်အတွက် အချိန်များစွာ ကုန်ဆုံးခဲ့၏။

ဖြစ်စဉ်အတွင်းတွင် ရှားပါး ကုန်ကြမ်းများစွာတို့လည်း ကုန်ကျခဲ့သည်။ လီရွှမ်၏ ညွှန်ကြားချက် ရပြီးမှသာလျှင် ၎င်းတို့ကို ပြုလုပ်လာနိုင်ခြင်း ဖြစ်၏။

သို့ပေမယ့် အကြမ်းထည်နိုင်ကာ တယ်လီပို့နိုင်သည့် အကွာအဝေးမှာ အနည်းငယ် တိုတောင်းသေးသည်။ ကံကောင်းသည်မှာ အသုံးပြုနိုင်ဆဲရှိ၏။

ယွိကောင်းမှာ အံ့သြသွားပြန်သည်။ လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းအဆောင်လေလား။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်အတွက် မိုင်၁၀၀မှာ နီးပေလိမ့်မည်။ သို့ပေမယ့် အရေးကြီးသည့် အခိုက်အတန့်တွင် အသက်ကယ်နိုင်၏။

ဖန်းဟောင်အား သူ၏ရာထူးကို ပေးအပ်ခဲ့ခြင်းမှာ ဘဝတစ်လျှောက်တွင် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ယွိကောင်းတစ်ယောက် ခံစားလာရသည်။

"ဆက်သွယ်ရေးအဆောင်ကနေ တစ်ဆင့် ငါတို့ အဆက်အသွယ်မပြတ်အောင် နေကြမယ်.."

တာဝန်များကို ခွဲဝေပေးပြီးနောက် ရွှီယန်ကပြောသည်။

"အကိုယွိ... ဒီသတင်းတွေ ပေါက်ကြားမသွားဖို့ အထူးသတိထားရမယ်နော်။ အကျိုးဆက်ကို ခင်ဗျားသိပါတယ်.."

ဖန်းဟောင်က လေးနက်စွာပြောသည်။

"ကျွန်တော် နားလည်ပါတယ်... ဘာသတင်းမှ လုံးဝမပေါက်ကြားစေရပါဘူး။ ကျွန်တော်တို့အားလုံးက ယုံကြည်ရတဲ့သူတွေပါ.."

ယွိကောင်းက အနည်းငယ် တုန်လှုပ်သွားပြီးနောက် အမြန်ပြော၏။ မြူအဆောင်၊ ဆက်သွယ်ရေးအဆောင်နှင့် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းအဆောင်တို့၏ သတင်းသာ ပေါက်ကြားသွားပါက စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအားလုံး သေချာပေါက် လှုပ်ရှားမှုပြုလာမှာ ဖြစ်သည်။ အကျိုးဆက်မှာ ပြင်းထန်လှ၏။

အထူးသဖြင့် မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် လုံလောက်စွာ သန်မာခြင်း မရှိသေးပေ။

ယွိကောင်းမှာ ထွက်ခွာသွား၏။ ရွှီယန်နှင့် သူ၏ ညီအစ်ကိုနှစ်ယောက်တို့လည်း လီရွှမ်ကို သွားရောက်နှုတ်ဆက်ကာ ထွက်ခွာခဲ့ကြသည်။ သူတို့ ထွက်ခွာသွားပြီးနောက် လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချ၏။

သူ၏တပည့်များသည် အမှန်တကယ်ကို မည်ကဲ့သို့ပြဿနာရှာရမည်အား သိကြသည်။ ဒီတစ်ကြိမ်တွင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် အမှန်တကယ်ကို ရူးသွပ်သွားမှာ ဖြစ်၏။

သူသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ခွန်အားကို ဘယ်တုန်းကမှ အထင်သေးခြင်း မရှိပေ။ သို့ပေမယ့် ဆရာတစ်ယောက်အနေနှင့် နောက်ဆုံးတွင် ကိစ္စများအတွင်းသို့ ဝင်ရောက်ကာ အရာအားလုံးကို ဖိနှိပ့်ပေးရမည်မှာ မလွှဲမသွေပင်။

'ကံကောင်းစွာပဲ... ငါ့ရဲ့လက်ရှိခွန်အားနဲ့ လင်းနယ်မြေမှာ ပြိုင်ဘက်ကင်းနေပြီ။ အဆင်ပြေလောက်မှာပါ..'

အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့် များစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရလျှင်တော့ ဖိအားများသည့် အခြေအနေသို့ ကျရောက်နိုင်သည်။ အထူးသဖြင့် အဆင့်လွန်ဂိုဏ်းများရှိ ပုဂ္ဂိုလ်ကြီးများမှာ သံသယဝင်စရာ မကောင်းလောက်အောင် ပိုမိုသန်မာမှာ ဖြစ်၏။

'ငါက တစ်ယောက်တည်းဆိုပေမယ့်... သူတို့တွေ ငါ့ကို ဝိုင်းပြီးတော့ တိုက်ခိုက်ရဲရင် ငါကလည်း အခင်းအကျင်းကြီးကို တည်ဆောက်ပြီး.. ဘယ်သူကဘယ်သူ့ကို သတ်မလဲဆိုတာ ကြည့်ရတာပေါ့..'

လီရွှမ်သည် တည်ငြိမ်စွာသာ ရှိနေ၏။ အခင်းအကျင်းကြီးကို အသက်သွင်းလိုက်သည်နှင့် မည်သူကခံနိုင်ရည်ရှိမည်နည်း။

သူသည် ကုလားထိုင်ပေါ်မှ မတ်တပ်ရပ်ကာ လက်တစ်ဝှေ့နှင့်အတူ စံအိမ်၏ပတ်ဝန်းကျင်တွင် အခင်းအကျင်းကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုအခင်းအကျင်းနှင့် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ရောက်ရှိလာလျှင်တောင် သတိထားမိကာ အတွင်းထဲသို့ ထိုးဖောက်အာရုံခံနိုင်မည် မဟုတ်ပေ။

ထို့နောက် သူသည် ရှေ့သို့ခြေတစ်လှမ်း တင်လိုက်ပြီး နေရာမှ ပျောက်ကွယ်သွား၏။

"အစ်ကိုကြီးတို့တွေ ပြဿနာရှာပြီး စွမ်းအားကြီးရန်သူတွေ ရောက်လာမှာစိုးလို့ ဆရာလိုက်သွားတာ ဖြစ်မယ်.."

ဆရာဖြစ်သူ၏ ထွက်ခွာသွားမှုကို တွေ့ရပြီးနောက် စုလင်းရှုံမှာ စဉ်းစားသည်။ သူမသည် အနည်းငယ် နောင်တရနေ၏။ ဆရာ၏ တိတ်တဆိတ်စောင့်ကြပ်နေမှု ရှိရာ သူမလည်းပဲ စိတ်လှုပ်ရှားစရာ ပွဲကောင်းကို သွားရောက်ပါဝင်သင့်ပေသည်။

လီရွှမ်၏ပုံရိပ်သည် လင်းယွီဂိတ်တံခါး၏ရှေ့၌ ပေါ်လာခဲ့၏။ ဒီတစ်ကြိမ်၌ လင်းယွီဂိတ်တံခါးသည် လုံးဝပိတ်နေပြီး ခန်းမကြီးအတွင်းရှိ အစောင့်နှစ်ယောက်တို့မှာ အလွန် ပျင်းရိနေကြပါသည်။

သို့ပေမယ့် ဤသည်မှာ သူတို့၏တာဝန် ဖြစ်သည်။ လင်းယွီဂိတ်တံခါးမှာ ပိတ်သွားပြီဖြစ်ပေမယ့် တစ်ယောက်ယောက်က စောင့်ကြပ်နေရန် လိုအပ်၏။

အစောင့်နှစ်ယောက်တို့ကို သတိထားမိစေခြင်းမရှိဘဲ လီရွှမ်သည် ဂိတ်တံခါးဆီသို့ ရောက်လာကာ အခင်းအကျင်းပစ္စည်း တစ်စုံကို ပစ်ထုတ်လိုက်သည်။

ကြီးမားသည့် အခင်းအကျင်းကြီးက တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာ၏။ လင်းယွီဂိတ်တံခါးမှာ အခင်းအကျင်း၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။

၎င်းကို ဖွင့်လှစ်လျှင်တောင် မည်သူမှ ဝင်ရောက်၍ရနိုင်မည် မဟုတ်တော့ပေ။ အခြားလူများအနေနှင့် လင်းယွီဂိတ်တံခါး လုံးဝ ပျောက်ကွယ်သွားပြီဟုတောင် ထင်မှတ်နိုင်၏။

ရွှီယန်နှင့် မုန့်ချုံတို့မှာ ကိစ္စကြီးတစ်ခုကို ဆောင်ရွက်ရန် စီစဉ်နေပါသည်။ သူတို့သည် အတွင်းဘက်နယ်မြေမှ ဟူသည့် သတင်းသာ ထွက်ပေါ်သွားပါက လင်းနယ်မြေမှလူများသည် အတွင်းဘက်နယ်မြေသို့ သေချာပေါက် ဝင်ရောက်ကြမှာပါ။

အတွင်းဘက်နယ်မြေ၏ လုံခြုံရေးအတွက် လီရွှမ်သည် ဒီအခင်းအကျင်းကို ခင်းကျင်းခဲ့ခြင်းဖြစ်၏။

'ငါ့ရဲ့တပည့်တွေက တကယ့်ကို ငါ့ကို စိတ်ပူအောင်လုပ်တာပဲ..'

လီရွှမ်က သက်ပြင်းချသည်။ သို့ပေမယ့် သူ၏တပည့်များမှာ သိုင်းပညာလမ်းကြောင်း၏ ဖွင့်လှစ်သူများဖြစ်ကြပြီး သူ၏ ပြိုင်ဘက်ကင်းမှုအတွက် လမ်းဖောက်ပေးသူများ ဖြစ်ကြသည်။

'ဒီမှာ အခင်းအကျင်း၉လွှာကို တည်ဆောက်ပြီးပြီဆိုတော့ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ရောက်လာရင်တောင် ဝင်နိုင်မှာမဟုတ်တော့ဘူး..'

အခင်းအကျင်းကိုသာ နားလည်မှုမရှိပါက ခွန်အားသက်သက်ချည်း အသုံးပြုကာ ချိုးဖျက်ခြင်းက လွယ်ကူခြင်းမရှိပါ။ အခင်းအကျင်းကို တည်ဆောက်ထားသည့် လူ၏ ခွန်အားထက် များစွာ ကျော်လွန်နေမှသာလျှင် ထိုကဲ့သို့ လုပ်ဆောင်နိုင်လိမ့်မည်။

လီရွှမ်တွင် ယုံကြည်ချက်အပြည့် ရှိ၏။ သူ၏ လက်ရှိခွန်အားနှင့် ဖန်တီးထားသည့် အခင်းအကျင်းသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ၉ယောက်၁၀ယောက်လောက် တိုက်ခိုက်လျှင်တောင် ကျိုးပျက်မည် မဟုတ်ပါ။

ထို့အပြင် ဤသည်မှာ အဆင့်လွန် ဂိုဏ်းကြီးများ၏ စွမ်းအားကြီးပုဂ္ဂိုလ်များအတွက် တွက်ချက်ထားခြင်းဖြစ်သည်။

လင်းယွီဂိတ်တံခါး၏ နေရာတွင်လည်း မည်သည့် မူမမှန်မှုမှ ဖြစ်ပေါ်လာခြင်းမရှိရာ ၎င်းသည် အခင်းအကျင်း၏ လွှမ်းမိုးခြင်းကို ခံထားရသည်ဟု မည်သူမှ သိရှိမည်မဟုတ်ပေ။

All Chapters