← Chapters

အခင်းအကျင်းကြီး၉ထပ်၊ ကျောက်စိမ်းတောင်သစ်စိတ်ဝိဉာဉ်သတ္ထုတွင်း (၂)

Vol. 33 Ch. 483

အခင်းအကျင်းကြီး၉ထပ်၊ ကျောက်စိမ်းတောင်သစ်စိတ်ဝိဉာဉ်သတ္ထုတွင်း (၂)

Vol. 33 Ch. 483

ပြီးနောက် လီရွှမ်သည် လှည့်ထွက်သွား၏။ သူသည်တပည့်များ၏ ကိစ္စများအား မည်ကဲ့သို့ စီမံမွှေနှောက်မည်နှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းအား မည်ကဲ့သို့ ဖျက်ဆီးကြမည်ကို ကြည့်လိုလေသည်။

"ဟမ်... သခင်လေးရှန်လား.."

ဖန်းဟောင်၏မျက်နှာက အံ့ဩသွားသည်။ ရွှီယန်တို့နှင့် ပူးပေါင်းလုပ်ဆောင်နေသူမှာ ရှန်ဟိုင်ကျိုး ဖြစ်နေ၏။

"ဖန်းဟောင်..."

ရှန်ဟိုင်ကျိုးလည်း မှင်သက်သွားသည်။

"မင်းတို့က တစ်ယောက်နဲ့တစ်ယောက် သိကြတာလား.."

ရွှီယန်က အံ့ဩစွာမေး၏။ ထို့နောက် ရှန်ဟိုင်ကျိုးပြောခဲ့သည့် စကားကို သူအမှတ်ရလိုက်သည်။ တစ်ဖက်လူသည် သူ့တွင် အဆင့်၃ တောင်မြိုဖားတစ်ကောင်အား မွေးမြူထားသည့် မိတ်ဆွေတစ်ဦးရှိသည်ဟု ပြောခဲ့ဖူး၏။

ဖန်းဟောင်ကလည်း အဆင့်၃ တောင်မြိုဖားတစ်ကောင်ကို ပိုင်ဆိုင်ထားရာ ဆိုလိုသည်မှာ ရှန်ဟိုင်ကျိုး၏ မိတ်ဆွေဖြစ်သူမှာ ဖန်းဟောင်ပင် ဖြစ်နေလေသည်။

ဖန်းဟောင်က ပြုံးသည်။

"သခင်လေးရှန်က ဒီနှစ်တွေထဲမှာ ကျွန်တော့်ရဲ့အကြီးမားဆုံး ဖောက်သည်တစ်ယောက် ဖြစ်ခဲ့တယ်။ သူ့ရဲ့ရက်ရောမှုကိုပဲ ကျေးဇူးတင်ရမယ်။ အဲ့ဒါကြောင့်သာ ကျွန်တော် သက်တောင့်သက်သာနေနိုင်တာ.."

ရှန်ဟိုင်ကျိုးက ရွှီယန်နှင့်မုန့်ချုံတို့ကို သံသယဖြင့်ကြည့်သည်။ ထို့နောက် ဖန်းဟောင်ကို ခဏတာ ကြည့်ရှု့ပြီးနောက် တစ်ခုခုခြားနားနေကြောင်းကို ခံစားလိုက်ရ၏။

"မင်းတို့တွေက တစ်ယောက်နဲ့တစ်ယောက် သိကြတာလား.."

ဖန်းဟောင်က ရှန်ဟိုင်ကျိုး၏ ပုခုံးကိုပုတ်ကာ တက်ကြွစွာပြောသည်။

"ဒါပေါ့... ဒီနှစ်ယောက်က ကျွန်တော့်ရဲ့စီနီယာအစ်ကိုတွေလေ.."

ရှန်ဟိုင်ကျိုးမှာ လုံးဝအံ့ဩသွားသည်။

"ဖန်းဟောင်... မင်းကို ဒီလောက်နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားမယ်လို့ ငါမထင်ထားခဲ့ဘူး။ ထူးကဲတဲ့ကိရိယာတွေကို ဖန်တီးနိုင်တာ အံ့သြစရာမရှိဘူး.."

"ကျွန်တော့်ကို အထင်မမှားပါနဲ့။ ဒီအတောအတွင်းမှာမှ ကျွန်တော်လည်း ဆရာနဲ့တွေ့ပြီး သူ့ရဲ့အသိအမှတ်ပြုမှုကို ခံခဲ့ရတာ။ တပည့်ဖြစ်တာ ကြာတောင်မကြာသေးဘူး.."

ဖန်းဟောင်က ရှန်ဟိုင်ကျိုး၏ ပုခုံးကိုပုတ်သည်။ ရှန်မိသားစု၏ သခင်လေးဖြစ်သည့် ရှန်ဟိုင်ကျိုးသည် အခြား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ အစစ်အမှန်တပည့်များနှင့် အလွန်ခြားနား၏။

တစ်ဖက်လူသည် မြင့်မားထည်ဝါစွာ ပြုမူခြင်း မရှိသလို လေလွင့်သိုင်းသမားများ အပေါ်ကိုလည်း ဖိနှိပ့်ခြင်းမပြုပါ။ စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများအကြားတွင် သူသည် လူထူးတစ်ယောက် ဖြစ်၏။

ရှန်ဟိုင်ကျိုး၏ မျက်နှာပေါ်၌ အားကျသည့် အကြည့်တစ်ခု ပေါ်လာ၏။ ပြီးနောက် သူသည် တစ်ခုခုကို အမှတ်ရလိုက်ပုံ ပေါ်သည်။ ချက်ချင်းပင် ရှက်ရွံ့သည့်အသွင် ဖြစ်သွားပြီး သိုလှောင်အိတ်အတွင်းမှ နွေဦးညမှန်ကို ထုတ်လိုက်သည်။

"ညီလေးဖန်း... ဒီနွေဦးညရတနာက အဆင့်နည်းနည်းပိုမြှင့်ထားတာ။ စမ်းကြည့်လိုက်ဦး... ပြီးတော့လက်ရာမြောက်တဲ့ ပုံအချို့လည်း ဒီအတောအတွင်းမှာ ငါစုဆောင်းထားတယ်။ ပုံစံတွေကလည်း ကွဲပြားတယ်..."

သူသည် ပြုံးရင်းနှင့် နွေဦးညမှန်ကို အသက်သွင်းလိုက်ပြီးနောက် မျက်နှာပြင်ပေါ်တွင် ပုံများစတင်ပေါ်လာ၏။

ထိုပုံကိုတွေ့ရပြီးနောက် ဖန်းဟောင်က နွေဦးညမှန်ကို ရှန်ဟိုင်ကျိုး၏ လက်ထဲမှ အလျှင်အမြန် ဆွဲယူလိုက်သည်။ ပြီးနောက် တစ်ဖက်လူ၏ လက်ကြားထဲသို့ ထိုးထည့်ရင်းက အလိုမကျစွာ ပြော၏။

"အကိုရှန်... မင်းကငါ့ကို စော်ကားနေတာပဲ... ငါဖန်းဟောင်က ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး ဒီလိုမသင့်တော်တဲ့ ကိစ္စတွေမှာ ပါဝင်မှာလဲ.."

"ဒီနွေဦးညမှန်ကို ထုလုပ်တဲ့နည်းလမ်းကို ငါပေးထားတာဆိုပေမယ့် ပစ္စည်းကတော့ ငါနဲ့ဘာမှမဆိုင်ဘူး။ ဒီလိုအရှက်မဲ့တဲ့ပစ္စည်းက ငါဖန်းဟောင်နဲ့ မထိုက်တန်ဘူး.."

ရှန်ဟိုင်ကျိုးက မှင်သက်သွားသည်။ မိသားစုကြီးတစ်ခုမှ သခင်လေးဖြစ်သည့် သူနှင့် ဝတုတ်သည့် လေလွင့်သိုင်းသမား ဖန်းဟောင်တို့ ထိုကိစ္စအကြောင်းကို ထိုင်ပြီးဆွေးနွေးခဲ့တာ အချိန်မည်မျှ ကြာသေးလို့နည်း။ ယခုတော့ ငြင်းဆန်နေသည်လား။

"ဖန်းဟောင်... မင်းဒီလိုပြောတာတော့ ညီအကိုမဆန်ဘူး... အစတုန်းက မင်းအတွက် သေသေချာချာ လေ့လာနိုင်ဖို့ မိန်းမလှပုံအများကြီးကို ငါငှားပေးလိုက်ရသေးတယ်လေ။ ရက်တွေတောင် အများကြီးကြာသွားသေးတယ်..."

ရှန်ဟိုင်ကျိုးက မပျော်ရွှင်စွာ ပြောသည်။

"မင်းလျှောက်ပြီးတော့ ပေါက်ကရမပြောနဲ့.."

ဖန်းဟောင်က တစ်ဖက်လူ၏ ပါးစပ်ကို လျှင်မြန်စွာပိတ်သည်။ သူ၏ အနည်းငယ်ဝတုတ်သည့် မျက်နှာက နီရဲလာခဲ့၏။ ပြီးနောက် စီနီယာအစ်ကို နှစ်ယောက်တို့ကို ကြည့်ကာ လေးနက်စွာပြောသည်။

"အကိုတို့... သူမဟုတ်တာတွေ ပြောတာကို နားမထောင်နဲ့... ဒီလူ ရှန်ဟိုင်ကျိုးက အရှက်မဲ့တဲ့ပုံတွေကို စုဆောင်းလေ့ရှိတဲ့ လူထူးဆန်းတစ်ယောက်ပဲ။ ပြီးတော့ မကြာခဏလည်း အခြားလူတွေကို အဲ့ဒီ့ပုံတွေကို သူနဲ့အတူကြည့်ဖို့ အတင်းဖိအားပေးလေ့ ရှိတယ်.."

"ကျွန်တော်တုန်းကလည်း ဒီပုံတွေကို သူနဲ့အတူလိုလိုလားလားကြည့်ခဲ့တာ မဟုတ်ဘူး။ လေလွင့်သိုင်းသမားတစ်ယောက်က သခင်လေးရှန်ရဲ့ ဖိအားပေးမှုကို ဘယ်လိုခံနိုင်မှာလဲ။ ကျွန်တော်.. စိတ်မပါဘဲ လုပ်ခဲ့ရတာ.."

ရှန်ဟိုင်ကျိုး၏ ဒေါသထွက်နေသည့် အကြည့်အောက်တွင် ဖန်းဟောင်က သူ့ကို အဝေးသို့ ဆွဲခေါ်သွား၏။

ရွှီယန်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ မီလီယံနှင့်ချီအား အသုံးပြုကာ သူ့ဆီမှရွေးယူခဲ့သည့် ရှန်ဟိုင်ကျိုး၏ ရတနာသေတ္တာအကြောင်းကို အမှတ်ရလိုက်သည်။

'ငါတို့ရဲ့ ဂျူနီယာညီမှာ ဒီလိုဝါသနာမျိုး ရှိနေမယ်လို့ ထင်မထားခဲ့ဘူး..'

ရွှီယန်က ရေရွတ်သည်။ ဖန်းဟောင်နှင့် ရှန်ဟိုင်ကျိုးတို့ အတူတူရပ်နေသည်မှာ စိတ်တူကိုယ်တူ ဝတုတ်လူငယ်နှစ်ယောက်နှင့်တူပြီး ထို့ကြောင့်လည်း မိတ်ဆွေများ ဖြစ်နိုင်ကြဟန် ရသည်။

ဖန်းဟောင်က ပိုမိုအဆင့်မြင့်မားကာ နက်နဲသည့် နွေဦးညမှန်တစ်ခုကို ပြုလုပ်ပေးမည်ဟု ကတိပေးပြီးနောက် ရှန်ဟိုင်ကျိုးက ကျေနပ်မှုရသွားကာ အရှက်ရသည့်မျက်နှာဖြင့် ပြန်လှည့်လာခဲ့သည်။ ရွှီယန်နှင့် မုန့်ချုံတို့အား တောင်းပန်၏။

"ဒါတွေအားလုံးက ကျွန်တော့်ရဲ့အမှားပါ... ဖန်းဟောင်ကို အတင်းဖိအားပေးပြီး အရှက်မဲ့တဲ့ပုံတွေကို ကြည့်ခိုင်းခဲ့တယ်။ ဒီကိစ္စအတွက် တောင်းပန်ပါတယ်.."

"ဖန်းဟောင်က တကယ့်ကို ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲ။ ကျွန်တော်က ဘယ်လောက်ပဲ ဖိအားပေးပေး အချိန်တိုင်းမှာ မျက်လုံးကို အတင်းမှိတ်ထားခဲ့တယ်။ ဒါကြောင့်မို့လို့ ဘားမှတောင်မမြင်ခဲ့ဘူး.."

"ဒါတွေအားလုံးက ကျွန်တော့်ရဲ့အကျင့်ဆိုးကြောင့်ပါ။ သူနဲ့ဘာမှမဆိုင်ဘူး.."

ရွှီယန်နဲ့မုန့်ချုံ "..."

နှစ်ယောက်သားသည် ရှန်ဟိုင်ကျိုးအား ထူးဆန်းသည့်မျက်နှာဖြင့် ကြည့်မိကြ၏။ ယခုကဲ့သို့ စကားမျိုး ပြောထွက်ရလောက်အောင် ဖန်းဟောင်က သူ့ကို မည်ကဲ့သို့ လာဘ်ထိုးခဲ့သနည်းဟု စဉ်းစားနေမိ၏။

ဖန်းဟောင်က နေရခက်စွာ ရယ်သည်။

"စီနီယာအစ်ကိုတို့... သခင်လေးရှန်မှာ ထူးဆန်းတဲ့အကျင့်အချို့ ရှိတယ်။ ဒါကြောင့်မို့လို့ သူ့ကို စိတ်ထဲမထားပါနဲ့။ တကယ်တော့ သူက စိတ်ရင်းကောင်းပါတယ်.."

သူသည် ရှန်ဟိုင်ကျိုးကို နှလုံးသားထဲ၌ ကျိန်ဆဲနေမိ၏။ ယခုမျှ ချဲ့ကားပြောဆိုရန် လိုအပ်လို့လား။

"ဂျူနီယာညီလေး... အရမ်းကြီးရှက်မနေပါနဲ့... ဒါကယောက်ျားတွေအကြားမှာ ပုံမှန်ကိစ္စတစ်ခုပဲ.."

ရွှီယန်က ခဏတာတိတ်ဆိတ်နေပြီးနောက် ပြောသည်။ ပြီးနောက် ၄ယောက်သားသည် လှုပ်ရှားမှုပြုမည့် အစီအစဉ်တစ်ခုကို ဆွေးနွေးကြ၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ သတင်းအချက်အလက်များကို မျှဝေချိန်၌ ရှန်ဟိုင်ကျိုးက နောက်ဆုံးရ သတင်းအချက်အလက်တို့ကို ပြောသည်။

"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ညီအစ်ကိုရွှီနဲ့မုန့်တို့ကို လိုက်ဖမ်းနေကြတုန်းပဲ။ ပြီးတော့ အဲ့ဒီ့လျှို့ဝှက်ဆန်းကြယ်တဲ့ ‌လေလွင့်သိုင်းသမားအဖွဲ့အစည်းကိုလည်း ဖမ်းဆီးနေတယ်.."

"အခြားကိစ္စတွေနဲ့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ စိတ်ဝိဉာဉ်သတ္တုတွင်း အခြေအနေကတော့ ပုံမှန်အတိုင်းပဲ.."

"အဲ့ဒါဆိုရင် စလိုက်ကြတာပေါ့.."

ရွှီယန်က နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

"အကိုရှန်... ကျွန်တော်တို့သတင်းကိုသာ စောင့်နေ.."

လှုပ်ရှားမှုပြုရန်မှာတော့ သတင်းအချက်အလက်များအား ထောက်ပံ့ပေးရန် တာဝန်ယူထားသည့် ရှန်ဟိုင်ကျိုးမှာ ပါဝင်ခြင်း မရှိပေ။ မခွဲခွာခင်တွင် ရွှီယန်က ရှန်ဟိုင်ကျိုးအား အသံပို့လွှတ်ကာ ပြော၏။

"အကိုရှန်... ဒီလောက်အထိ ပူးပေါင်းချင်သွားအောင် ခုနကဖန်းဟောင်က ဘာတွေ ကတိပေးခဲ့တာလဲ.."

ရှန်ဟိုင်ကျိုးက နေရခက်စွာပြောသည်။

"ညီလေးဖန်းက ငါ့အတွက် ပိုပြီးတော့ အဆင့်မြင့်တဲ့ နွေဦးညမှန် လုပ်ပေးမယ်လို့ ကတိပေးထားတယ်။ အဲ့ဒီ့ထဲမှာ ငါ့ရတနာတွေအားလုံးကို ထည့်မှာ.."

"ညီအကိုရွှီ... ငါမင်းတို့ကို အောင်မြင်ဖို့ ဆုတောင်းပေးတယ်... အခုတော့ ရတနာလေးတွေ သွားစုဆောင်းလိုက်ဦးမယ်။ ဒီအခွင့်အရေးက တစ်ကြိမ်ပဲရမှာ။ နောင်မှာညီလေးဖန်းက နွေဦးညမှန်ကို ထပ်ပြီးတော့ ပြုလုပ်ပေးချင်လောက်မှာ မဟုတ်ဘူး.."

ရှန်ဟိုင်ကျိုးက နောင်တရစွာပြော၏။

ရွှီယန်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ဒီရှန်ဟိုင်ကျိုးသည် အမှန်တကယ်ကို မျှော်လင့်ချက်မဲ့လှ၏။

ကျောက်စိမ်းတောင်သစ်(ယွီရှင်း)သည် ယွီကျိုးရှိ အမည်မသိတောင်တစ်ခု ဖြစ်၏။ တောင်က မြင့်မားခြင်းမရှိပေ။ သီးပင်စားပင်များ နည်းပါးသဖြင့် လူပေါက်ရောက်မှုလည်း နည်းပါးသည်။

သို့ရာတွင် တောင်၏အောက်တွင် ကျယ်ပြောသည့် စိတ်ဝိဉာဉ်သတ္တုတွင်းတစ်ခု တည်ရှိနေ၏။ ဤသည်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက ပိုင်ဆိုင်သည့် အဓိကစိတ်ဝိဉာဉ်ပုံဆောင်ခဲ သတ္တုတွင်းနှစ်ခုထဲမှ တစ်ခုဖြစ်သည်။

ထိုခြောက်သွေ့တိတ်ဆိတ်ပုံပေါ်သည့် တောင်သည် တကယ့်တကယ်တွင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ တိတ်တဆိတ် ကာကွယ်မှုအောက်တွင် ရှိနေ၏။

ဒီနေရာတွင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် အထိုင်ချနေသည်။

ထို့အပြင် သတ္တုတွင်းတူးရန်အတွက် လေလွင့်သိုင်းသမားများအား ဖမ်းဆီးခိုင်းစေခြင်းပင် မပြုဘဲ ဂိုဏ်းရှိတပည့်များကိုသာ တာဝန်ပေး၏။

ဤသည်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အဆင့်နိမ့်တပည့်များအတွက် တာဝန်တစ်ခု ဖြစ်သည်။ လေ့ကျင့်ခြင်းတစ်မျိုးလည်း ဖြစ်၏။

လျှို့ဝှက်ချက်အား မပေါက်ကြားစေရန်နှင့် တပည့်များအား ပျိုးထောင်ရန် အထူးစီမံထားခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဂိုဏ်းရှိ တပည့်များအတွက် သတ္တုတွင်းတူးရသည်မှာ အရမ်းကြီး ဝန်ပိခြင်းမရှိဘဲ တာဝန်ပြီးမြောက်ရန်သာ လိုအပ်၏။

ထို့အပြင် တာဝန်ပြီးမြောက်ပါက သက်ဆိုင်ရာ ဆုကြေးများကိုလည်းရရှိရာ အဆင့်နိမ့်တပည့်များအတွက် ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်လေသည်။

ယွီရှင်းတောင်ပေါ်တွင် စိတ်ဝိဉာဉ်ငှက်များကို မွေးမြူထား၏။ ထိုငှက်များကို ဆက်သွယ်ရေးအတွက် အသုံးပြုပြီး ၎င်းတို့သည် သွက်လက်မြန်ဆန်ကာ အလွန်လည်း ပါးနပ်ကြသည်။ အစောင့်များကဲ့သို့ပင် အခြေအနေတစ်ခုအထိ စွမ်းဆောင်နိုင်၏။

သို့ပေမယ့် ကင်းလှည့်ခြင်းတာဝန် အားလုံးကို စိတ်ဝိဉာဉ်ငှက်များနှင့် လွှတ်ထားခြင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် ငှက်များအား အချိန်မှီ အချက်ပေးမှုမပြုနိုင်စေသည့် နည်းလမ်းအချို့ ရှိနေ၏။

"ဂျူနီယာညီလေး... အခင်းအကျင်းတည်ဆောက်ပြီး ယွီရှင်းတောင်ကို လုံးဝချိတ်ပိတ်ဖို့အတွက် အချိန်ဘယ်လောက်လောက် ကြာမှာလဲ.."

ရွှီယန်က လေးနက်စွာမေးသည်။

"၁၅မိနစ်.."

ဖန်းဟောင်က ခဏတာစဉ်းစားပြီးနောက် ဖြေ၏။ ယွီရှင်းတောင်မှာ သေးငယ်ခြင်း မရှိပေ။ သူ့အနေနှင့် အခင်းအကျင်းကို လျှပ်တပြတ်အတွင်း စီမံလို့မရပါ။

"ငါလူကြည့်ပေးထားမယ်.."

မုန့်ချုံက ပြော၏။

"ငါကတော့ စိတ်ဝိဉာဉ်ငှက်တွေကို ဂရုစိုက်လိုက်မယ်။ အခင်းအကျင်း ခင်းကျင်းဖို့ပြင်ဆင်တော့.."

ရွှီယန်က စကားဆုံးပြီးနောက် သေးငယ်သည့် ပုလင်းတစ်ခုကိုထုတ်ကာ ယွီရှင်းတောင်တလျှောက် တိတ်ဆိတ်စွာ တစ်ပတ်ပတ်လိုက်သည်။ ပုလင်းငယ်အတွင်းတွင် စုလင်းရှုံက စိတ်ဝိဉာဉ်ငှက်များအား လှည့်ဖျားရန် ဖန်တီးထားသည့် ဆေးလုံးတစ်လုံးရှိ၏။

၎င်းသည် စိတ်ဝိဉာဉ်ငှက်များအပေါ်တွင်သာ သက်ရောက်မှုရှိပြီး အခြားလူများအနေနှင့် သတိထားမိမည် မဟုတ်ပေ။

မုန့်ချုံက အမှောင်ထဲတွင် ပုန်းအောင်းကာ ကင်းစောင့်နေသည့် ကင်းသမားတိုင်းကို တိတ်ဆိတ်စွာဖြင့် ရှင်းလင်းသည်။

ဖန်းဟောင်လည်း တောင်တလျှောက် ဟိုဟိုဒီဒီသွားရောက်ကာ ခဏအကြာတိုင်းတွင် အခင်းအကျင်းကိရိယာတစ်ခုကို နေရာချ၏။ မည်သူမှ သတိမထားမိခင်တွင် သူသည် အခင်းအကျင်းကိရိယာများအား နေရာချမှု ပြီးဆုံးခဲ့လေသည်။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် ယခုကဲ့သို့ အခင်းအကျင်းကြီးတစ်ခုကို စီမံခြင်းဖြစ်၏။

"အခင်းအကျင်းတော့ နေရာချပြီးပြီ... အခင်းအကျင်းသုံးထပ်ကို ပေါင်းစည်းထားတာဆိုတော့ အသက်သွင်းလိုက်ရင် ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး။ အပြင်ဘက်ကလူတွေလည်း ဘာမူမမှန်တာကိုမှ တွေ့ရမှာမဟုတ်ဘူး။ အတွင်းကလူတွေကတော့ သတိထားမိရင်တောင် ထွက်လို့ရတော့မှာ မဟုတ်ဘူး.."

"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို တစ်နာရီလောက် ပိတ်လှောင်ထားဖို့ ပြဿနာမရှိလောက်ဘူး.."

ဖန်းဟောင်မှာ စိတ်လှုပ်ရှားနေ၏။ ဤသည်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းအပေါ် သူ၏ ပထမဆုံးအကြိမ် ဆန့်ကျင်သည့် လှုပ်ရှားမှုဖြစ်၏။

ထို့အပြင် တစ်ဖက်ဂိုဏ်းမှာ ယွီကျိုး၏ နံပါတ်တစ် ဂိုဏ်းတစ်ခုဖြစ်ရာ အလွန်စိတ်လှုပ်ရှားစွာ ခံစားနေရလေသည်။

သူ၏ လက်ရှိခွန်အားနှင့် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ၁နာရီမျှကြာအောင် ပိတ်လှောင်ထားရန်မှာ ပြဿနာမရှိပေ။

"အဲ့ဒီ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို သွားသတ်ကြမယ်.."

ရွှီယန်က အေးစက်စွာပြောသည်။

ထိုလူကိုသာ သတ်ဖြတ်ပြီးပါက ကျန်ရှိသည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ တပည့်များမှာ စိုးရိမ်စရာမရှိတော့ပေ။ ဘာပဲဖြစ်ဖြစ် အားလုံးသည် အခင်းအကျင်းအတွင်းတွင် ပိတ်မိနေမှာ ဖြစ်၏။

၃ယောက်သားသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ကင်းသမားဝတ်စုံများကို လဲလှယ်ပြီးနောက် အငွေ့အသက်များကို ရုတ်သိမ်းလိုက်သည်။အသွင်အပြင်များကို ပြောင်းလဲကာ လျှို့ဝှက်ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်သွားကြ၏။

အတွင်းသို့ရောက်လာလေလေ ဂူအတွင်းမှ ထူထဲသည့် စိတ်ဝိဉာဉ်စွမ်းအင်တို့ ပိုမိုထွက်လာလေ ဖြစ်သည်။

"တကယ့်ကို အဓိက စိတ်ဝိဉာဉ်သတ္တုတွင်းတစ်ခုပဲ... အဲ့ဒီ့လေလွင့်သိုင်းသမားတွေ ဘယ်လောက် အနှိမ်ခံရခံရ သတ္တုသွားတူးကြတာ အံ့သြစရာမရှိဘူး.."

ဖန်းဟောင်က သက်ပြင်းချသည်။

All Chapters