စိတ်ဝိဉာဉ်သတ္တုတွင်းအား ခိုးယူခြင်း(၂)
Vol. 33 Ch. 485
အစီအစဉ်သာ ပြီးမြောက်ကာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ တပည့်များအတွက် ထွက်ပြေးရန်လမ်းကို ဖွင့်ပေးလိုက်ပါက ဒီသတ္တုတွင်းကြီးအား ရရှိနိုင်မှာဖြစ်သည်။
နောက်ဆက်တွဲ သတ္တုတူးဖော်ခြင်းနှင့် စုဆောင်းခြင်းတာဝန်များကို ဖန်းဟောင်၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့အား တာဝန်ပေးနိုင်၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဒုတိယမြောက် စိတ်ဝိဉာဉ်သတ္တုတွင်းကြီးအားလည်း ရွှီယန်နှင့် အဖော်နှစ်ယောက်တို့သည် တူညီသည့် နည်းလမ်းအတိုင်းပင် သိမ်းပိုက်ခဲ့ကြသည်။
ထိုနေရာတွင် အခြေချနေထိုင်သည့် စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားကို သတ်ဖြတ်ကာ အခင်းအကျင်းအား တည်ဆောက်ပြီး စိတ်ဝိဉာဉ်ပန်းကို တူးယူ၏။
"စိတ်ဝိဉာဉ်ပန်းနှစ်ခုတည်း ရှိတယ်.."
ဒီတစ်ကြိမ် စိတ်ဝိဉာဉ်သတ္တုတွင်းတွင် စိတ်ဝိဉာဉ်ပန်းနှစ်ခုသာလျှင် ရှိလေသည်။
"ပြီးရင် ငါတို့တွေ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကိုလှုပ်ရှားတိုက်ခိုက်ကြမယ်.."
ရွှီယန်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
"စီနီယာအစ်ကို... ကျွန်တော်တော့ အဆင်သင့်ဖြစ်နေပြီ... ဒီအလစ်အငိုက်တိုက်ခိုက်မှုမှာ ကျွန်တော်တို့တွေ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ ရတနာတိုက်ကို ရရှိဖို့သေချာတယ်.."
ဖန်းဟောင်က စိတ်လှုပ်ရှားစွာဖြင့် ပြော၏။
ဖြစ်ရပ်တစ်ခုလုံးကို ကြည့်ရှု့နေသည့် လီရွှမ်က တိတ်တဆိတ်ခေါင်းငြိမ့်သည်။ ရွှီယန်တို့ညီအကိုများသည် အစီအစဉ်ကို ဂရုတစိုက်ဖြင့် အကောင်အထည်ဖော်ကြပြီး စိတ်ဝိဉာဉ်သတ္တုတွင်းတို့အား တိတ်တဆိတ်ဖြင့် သိမ်းယူသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများအားလည်း ရှင်းထုတ်ခဲ့၏။
ရွှီယန်က စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်သည့် အကြိမ်တိုင်းတွင် တာအိုရွှေစာအုပ်က အချက်ပေးလာပြီး ဒီဗိုင်းအတတ်တစ်ခုအား ဆုကြေးအဖြစ်ပေးခဲ့၏။ ယခုအချိန်၌ သူ့တွင် ဒီဗိုင်းအတတ်၅ခုတို့ ရရှိပြီးဖြစ်သည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အပြင်ဘက်တွင် ရွှီယန်တို့အုပ်စုသည် တိတ်ဆိတ်စွာ ရောက်ရှိလာကြ၏။ အငွေ့အသက်တို့ကို ဖုံးကွယ်ကာ တောင်ချိုင့်တစ်ခုအတွင်းတွင် ပုန်းအောင်းနေသည်။
"ယွိကောင်းဆီကို အကြောင်းကြားလိုက်... လှုပ်ရှားဖို့အချိန်ကျပြီ.."
ရွှီယန်က ဖန်းဟောင်ကိုကြည့်ကာ ခေါင်းငြိမ့်၏။ ဖန်းဟောင်က ဆက်သွယ်ရေးအဆောင်ကို ထုတ်ကာ ယွိကောင်းအား စတင်မှုပြုရန် အမိန့်ပေးလိုက်သည်။
"မဟာမိတ်ခေါင်းဆောင် အကြောင်းကြားလာတယ်... ငါတို့တွေ လှုပ်ရှားဖို့အချိန်ကျပြီ။ မင်းတို့အားလုံး အစီအစဉ်ကို သိကြတယ်မလား။ ဒီတစ်ကြိမ်သာအောင်မြင်ရင် ငါတို့ယွီကျိုးရဲ့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က မြင့်တက်နိုင်လိမ့်မယ်.."
"စိတ်ဝိဉာဉ်သတ္တုတွင်းတွေနဲ့ဆိုရင် မဟာမိတ်အဖွဲ့က ပါရမီရှင် မျိုးဆက်တွေအတွက် ကျင့်ကြံမှုအရင်းအမြစ်တွေ အများအပြားရရှိနိုင်ပြီ။ လူငယ်မျိုးဆက်တွေအားလုံးအတွက်လည်း အရင်းအမြစ်တွေ ပိုရနိုင်မယ်.."
"အားလုံးပဲ... ဒီကိစ္စကို လုံးဝမပေါ့ဆကြနဲ့... တာဝန်ကို လွဲချော်အောင်လုပ်တဲ့ ဘယ်သူမဆို ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့.."
ယွိကောင်းက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများအား စုစည်းကာ နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"မဟာစောင့်ရှောက်သူ.. စိတ်မပူပါနဲ့... ကျွန်တော်တို့တွေ သေချာပေါက် မဟာမိတ်ခေါင်းဆောင်ရဲ့ အစီအစဉ်ကို မထိခိုက်စေရပါဘူး.."
ညာစောင့်ရှောက်သူက စိတ်လှုပ်ရှားစွာဖြင့် ပြော၏။ သူတို့သည် မဟာမိတ်ခေါင်းဆောင်အသစ်နှင့် တွေ့ဆုံပြီးခြင်း မရှိသေးပေမယ့် မြူအဆောင်နှင့် လျှပ်တပြက်နေရာပြောင်းရွှေ့ခြင်း အဆောင်တို့၏ ပေါ်ပေါက်လာမှုက ခေါင်းဆောင်သစ်သည် မဟာမိတ်အဖွဲ့အား အောင်မြင်စွာဖြင့် သေချာပေါက်ဦးဆောင်နိုင််မည်ကို ပြသနေသည်။
"ဟုတ်တယ်... ကျွန်တော်တို့တွေ စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေရဲ့ ဖိနှိပ့်မှုကို ခံထားရတာ အချိန်အတော်ကြာခဲ့ပြီ။ အခု အခွင့်အရေးရှိတဲ့အချိန်မှာ သေချာပေါက် အကောင်းဆုံးလုပ်ဆောင်ကြမှာပါ.."
အခြား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ အားလုံးကလည်း သဘောတူညီစွာ ခေါင်းငြိမ့်ကြသည်။
"အစီအစဉ်အတိုင်း လှုပ်ရှားကြ... ကိုယ့်ဘာသာခွဲခြားပြီး ဘားမှလျှောက်မလုပ်နဲ့.."
ယွိကောင်းက နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
"နားလည်ပါပြီ.."
ဘယ်စောင့်ရှောက်သူနှင့် အခြားသူများက ခေါင်းငြိမ့်ကြသည်။
"ကျူ့လျန်ကို ငါသွားတွေ့မယ်... ငါယွိကောင်း ကောင်းကောင်းမွန်မွန်နဲ့ အသက်ရှင်နေတယ်ဆိုတာကို ပြသရမယ်။ ပြီးတော့ ငါ့ရဲ့ခွန်အားကလည်း အထွတ်အထိပ်ကို ပြန်ရလာခဲ့ပြီ.."
ယွိကောင်းက နှာခေါင်းရှုံ့ကာ သူ၏ပုံရိပ်က လှုပ်ရှားသွား၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းဆီသို့ ဦးတည်ခဲ့သည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ခန်းမကြီးအတွင်းတွင် ကျူ့လျန်နှင့် အခြား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အကြီးအကဲများက အတူတူစုစည်းနေကြ၏။ နောက်ဆက်တွဲ လှုပ်ရှားမှုအတွက် ဆွေးနွေးနေခြင်းဖြစ်သည်။
ထိုလေလွင့်သိုင်းသမား အဖွဲ့အစည်းသည် ပြိုကွဲသွားခြင်းမရှိသေးဘဲ သူတို့အတွက် အန္တရာယ်အချို့ ပေးစွမ်းနိုင်သေး၏။
ရွှီယန်နှင့်မုန့်ချုံတို့မှာတော့ ဦးခေါင်းများထက်တွင် ရစ်ဝဲနေသည့် ဓားနှစ်ချောင်းကဲ့သို့ ရှိနေသည်။ အချိန်မရွေး ကျဆင်းလာနိုင်၏။
သို့ရာတွင် မြင့်မားသည့်ဆုကြေးအား ထုတ်လွှတ်ထားသည့်ကစား ထိုနှစ်ယောက်နှင့်ပတ်သက်သည့် မည်သည့်အချက်အလက်မှ ရရှိခြင်း မရှိသေးပေ။ ယွီကျိုး၏ အပြင်ဘက်တွင်ပင် သူတို့နှင့်ပတ်သက်ပြီး မည်သည့်သတင်းမှ ပေါ်လာခြင်းမရှိပါ။
"ရွှီယန်နဲ့မုန့်ချုံတို့နှစ်ယောက် သေချာပေါက် အဲ့ဒီ့လေလွင့်သိုင်းသမားအဖွဲ့အစည်းနဲ့ ပတ်သက်နေရမယ်.."
ကျူ့လျန်က နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"ငါစိုးရိမ်တာက ဝမ်ရှင်းအင်အားစုရဲ့ အကြွင်းအကျန်တွေပဲ... ငါတို့တွေအခြားဒေသက စိတ်ဝိဉာဉ်ဂိုဏ်းတွေကိုလည်း သတိထားဖို့ အကြောင်းကြားရမယ်။ ချီမင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရှင်းကို ငါဆက်သွယ်ပြီးပြီ။ သူ့ဆီကနေ အချိန်မရွေး အကူအညီတောင်းလို့ရတယ်.."
ကျူ့လျန်က လေးနက်စွာပြော၏။
"အကြီးအကဲ... အကူအညီတောင်းခံဖို့အတွက် တန်ကြေး အလဲအလှယ်က ဘာဖြစ်မလဲ.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က လေးနက်စွာမေးသည်။
"မြေဝိဉာဉ်ပန်းနှစ်ခု.."
ကျူ့လျန်၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွား၏။ သို့ပေမယ့် မကြာခင်၌ ပြောသည်။
"အခြားမြေစိတ်ဝိဉာဉ်ပန်းကို စုမိသားစုက ပေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ငါတို့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ အရေးကိစ္စချည်းပဲ မဟုတ်ဘူး.."
"အကြီးအကဲ... အကူအညီတောင်းဖို့က လိုအပ်လို့လား.."
အကြီးအကဲတစ်ယောက်က အနည်းငယ် အလိုမကျစွာဖြင့် မေး၏။
ရွှီယန်တို့မှာ ပုန်းအောင်းနေရာ အကူအညီတောင်းခြင်းက မည်သည့်ထူးခြားမှုတို့ ရှိလာနိုင်လို့နည်း။ ချီမင်ဂိုဏ်းမှာ သန်မာပေမယ့် ယွီကျိုး၌ အခြေစိုက်နေသည် မဟုတ်ပေ။ လက်ရှိ ကိုယ်ကိုယ်တိုင်ပင် ရှာဖွေနိုင်ခြင်းမရှိရာ ချီမင်ဂိုဏ်းက ဘယ်လိုလုပ်ပြီး ရှာဖွေနိုင်မည်လဲ။
"အဲ့ဒီ့အခြေအနေက လိုအပ်မှလုပ်မှာ။ အခုကလမ်းကြောင်းရှာထားရုံပဲ...ချီမင်ဂိုဏ်းရဲ့ အစစ်အမှန်ဆက်ခံသူတွေက အရမ်းကို စွမ်းအားကြီးကြတယ်။ ရွှီယန်ကလည်း ပါရမီရှင်တစ်ယောက်ပဲ။ အဲ့ဒါကြောင့်မလို့ ပါရမီရှင်အချင်းချင်း တိုက်ခိုက်တာက ပုံမှန်ပဲမလား.."
"အရင်တုန်းကလိုပဲပေါ့... ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ကြလိမ့်မယ်။ ရွှီယန်တို့သာ ဝမ်ရှင်းရဲ့အကြွင်းအကျန်တွေက လေ့ကျင့်ထားတဲ့လူတွေဖြစ်ရင် ငါတို့တွေလည်း ပြီးခဲ့တုန်းက စည်းမျဉ်းအတိုင်း ယှဉ်ပြိုင်ခိုင်းလို့ရတယ်.."
"အဲ့ဒီ့အခါ သေချာပေါက် ကိုယ်ထင်ပြလာမှာ... သူပေါ်လာတာနဲ့ သေဖို့ကသေချာပြီပဲ။ ဘာမဟုတ်တဲ့ လေလွင့်သိုင်းသမားတွေက ချီမင်ဂိုဏ်းရဲ့ အစစ်အမှန်ဆက်ခံသူပါရမီရှင်ကို ဘယ်လိုယှဥ်နိုင်မှာလဲ.."
ကျူ့လျန်က အေးစက်စွာပြောသည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲများမှာ အံ့သြသွားကြ၏။ သူတို့သည် ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူအား အကူအညီတောင်းခံမှာ ဖြစ်၏။ ဤသည်မှာ လောကကြီး၏ စစ်မှန်သည့် အနှိုင်းမဲ့ပါရမီရှင် များထဲမှ တစ်ယောက်ဖြစ်သည်။
စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ အဆင့်မတတ်သေးရင်တောင် ဖြစ်၏။ ထိုသူသည် အထွတ်အထိပ် ကောင်းကင်လူသားကြီးအဆင့်နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် လေလွင့်သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်ဖူးကာ လော့ကျိုး၏ နံပါတ်တစ်ပါရမီရှင်ဖြစ်သည်ဟု သတ်မှတ်ခြင်းခံထားရ၏။
"ချီမင်ရဲ့ အစစ်အမှန်ဆက်ခံသူတစ်ယောက်သာ ခေါ်နိုင်မယ်ဆိုရင် မြေစိတ်ဝိဉာဉ်ပန်းနှစ်ခုက တန်တယ်.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က အပြုံးတစ်ခုဖြင့် ပြောသည်။
ဒီကိစ္စနှင့်ပတ်သက်ပြီး ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူတို့ ဆက်ဆံရေးတစ်ခု ရှိလာမှာဖြစ်၏။ နောင်တွင် ထိုအစစ်အမှန်ဆက်ခံသူသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ စွမ်းအားကြီးမားသည့် နောက်ခံတစ်ခု ဖြစ်လာနိုင်သည်။
"ငါတော့ ဒီဗိုင်းအလင်းဖြာခန္ဓာက ဒီဗိုင်းဝိဉာဉ်ကြီးမြတ်မှုကို ဘယ်လိုခုခံမလဲဆိုတာ မျက်မြင် မြင်တွေ့ချင်သေးတယ်.."
အကြီးအကဲတစ်ယောက်က ပြော၏။
"ဟူး... ငါတို့ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှာတော့ အဲ့လိုမျိုးပါရမီရှင်တစ်ယောက် အခုထက်ထိ ပေါ်မလာသေးဘူး.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က သက်ပြင်းချသည်။ ကျယ်ပြောလှသည့် ယွီကျိုးတွင် ချီမင်ဂိုဏ်းမှ အစစ်အမှန်ဆက်ခံသူ၏ ပါရမီနှင့် နှိုင်းယှဉ်နိုင်သည့်လူ တစ်ဦးမှမရှိပေ။ ယွီကျိုးမှာ အမှန်တကယ်ကို များစွာနိမ့်ကျနေ၏။
ရုတ်တရက် ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကျူ့လျန်... ထွက်လာပြီး တိုက်ခိုက်လှည့်.."
ကျူ့လျန်၏မျက်နှာက ပြောင်းလဲသွားပြီး ရေရွတ်သည်။
"အဲ့ဒါက ဒုက္ခိတတစ်ပိုင်းဖြစ်သွားတဲ့ ဟိုစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား လေလွင့်သိုင်းသမား မဟုတ်လား.."
သူသည် လျှင်မြန်စွာရွေ့လျားသွားပြီး လျှပ်တပြက်အတွင်း ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။
ကျောက်စိမ်းနတ်ဘုရား ဂိုဏ်းချုပ်နှင့် အကြီးအကဲ အုပ်စု၏ မျက်နှာများက ပြောင်းလဲသွားကြ၏။ နောက်မှ လျှင်မြန်စွာ လိုက်ကြသည်။
ဂိုဏ်း၏အပြင်ဘက်တွင် ယွိကောင်း၏ စွမ်းအားကြီးမားသည့် အရှိန်အဝါက အရပ်မျက်နှာအားလုံးတို့ဆီသို့ ဖြာထွက်နေ၏။ ဒီဗိုင်းဝိဉာဉ်မှ ထည်ဝါသည့်စွမ်းအားက အောက်ရှိ ခေါင်းဆောင်၊ အကြီးအကဲငယ်များနှင့် တပည့်သားများအားလုံးကို ဖိနှိပ့်ထားသည်။
"အုန်း.."
အဖြူရောင်အလင်းတစ်ခု ဖြန့်ကျက်လာပြီး ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားတစ်ခု ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ ထွက်ပေါ်လာကာ ယွိကောင်း၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားကို တွန်းလှန်သည်။
"မဟာအကြီးအကဲပဲ.."
ဖိနှိပ့်ခံထားရသည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ ခေါင်းဆောင်နှင့် တပည့်များမှာ စိတ်လှုပ်ရှားလာကြသည်။
"မင်းမသေသေးဘူးလား.."
ကျူ့လျန်မှာ အံ့သြသွား၏။ သူ၏ရန်သူသည် ဒုက္ခိတတစ်ပိုင်း မဖြစ်ရုံမက ခွန်အားမှာ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ စိတ်ဝိဉာဉ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် တစ်ယောက်၏ စွမ်းအားက ထည်ဝါစွာ ထွက်ပေါ်နေသည်။ ဒီကောင်သည် သေဆုံးရပေမည်။
"ဟန့်... ကျူ့လျန်.. မင်းကိုယ်မင်း ငါ့ကိုသတ်နိုင်မယ်ထင်နေတာလား။ လာခဲ့လေ... ယွီကျိုးမှာ နှောင်းပိုင်အဆင့် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားဆိုလို့ မင်းနဲ့ငါပဲ ရှိတယ်။ ဒီနေ့မှာ ဘယ်သူက နံပါတ်တစ်လဲဆိုတာကို ကြည့်တာပေါ့.."
ယွိကောင်းက နှာခေါင်းရှုံ့သည်။ လက်ကိုမြှောက်ကာ တိုက်ခိုက်မှုကို ပြုလိုက်၏။
"ဒီနေ့မှာ မင်းသေရမယ်.."
ကျူ့လျန်က ပြတ်သားစွာပြော၏။ သူ၏ခန္ဓာကိုယ်မှ အဖြူရောင်အလင်းလှိုင်းတို့ ကြမ်းတမ်းစွာ ထွက်ပေါ်လာပြီး ယွိကောင်းဆီသို့ ပြေးတက်သွားသည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားလူများလည်း ပြေးတက်သွားကြပြီး ယွိကောင်းကို ဝိုင်းရန် ရည်ရွယ်ကြသည်။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက ကောက်ကျစ်ပြီး အရှက်မဲ့တဲ့ကောင်တွေ... ထုံးစံအတိုင်း ပြိုင်ဘက်ကို အရေအတွက်နဲ့ အနိုင်ယူဖို့ပဲ စဉ်းစားတယ်.."
ယွိကောင်းက နောက်သို့လှည့်ကာ ထွက်ပြေး၏။ ကျူ့လျန်က ဒေါသတကြီးဖြင့် လိုက်သည်။ ကျူ့လျန်၏နောက်တွင် အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အကြီးအကဲတစ်ယောက်ရှိ၏။
ရှင်းလင်းစွာပင် သူတို့သည် ယွိကောင်းကို ဝိုင်းဝန်းပိတ်ဆို့ရန် စီစဉ်ထားကြသည်။
"ဒီလူတော့သေပြီ.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။ လူတိုင်းက ဂိုဏ်းဆီသို့ ပြန်တော့မည့်အချိန်တွင် သူတို့၏မျက်နှာများက ကြီးစွာပြောင်းလဲသွားကြသည်။
"ဘုန်း.."
"သတ်... ကျူ့လျန်ဒီမှာမရှိဘူး။ ငါတို့တွေ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို ဒီနေ့မှာ နင်းချေပစ်မယ်.."
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် လေလွင့်သိုင်းသမားတစ်စုက မာန်ဖီကာ ပြေးဝင်တိုက်ခိုက်၏။
"ဒီစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားလေလွင့်သိုင်းသမားတွေ ဒီလောက်အများကြီး ဘယ်နေရာကနေ ရောက်လာတာလဲ.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်မျက်နှာက ကြီးစွာ ပြောင်းလဲသွားသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အကြီးအကဲအုပ်စုက တန်ပြန်တိုက်ခိုက်ပြီး ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာ၏။
လေလွင့်သိုင်းသမားများသည် ခဏအတွင်း အရေးနိမ့်လာကြပြီး ချက်ချင်းပင် ထွက်ပြေးကြသည်။
"စိတ်ဝိဉာဉ်ဂိုဏ်းကကောင်တွေ ဘာလို့ဒီလောက်တောင် စွမ်းအားကြီးရတာလဲ... ပြေးကြ... ထိပ်တိုက်ရင်မဆိုင်နဲ့... အလစ်တိုက်ခိုက်တာက အကောင်းဆုံးပဲ.."
"ဟုတ်တယ်... သူတို့မှာကြွယ်ဝတဲ့ အရင်းအမြစ်တွေရှိတယ်။ မိသားစုဝင်တွေရှိတယ်။ ငါတို့ကတော့ ခြေသလုံးတိုင်တွေပဲ။ လွတ်လွတ်လပ်လပ် လာလို့သွားလို့ရတယ်။ လုပ်ကြံတိုက်ခိုက်တာက အကောင်းဆုံးဗျူဟာပဲ.."
လေလွင့်သိုင်းသမားအုပ်စုက ကျိန်ဆဲရင်းက ထွက်ပြေးကြ၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲများ၏ မျက်နှာများက ဒေါသဖြင့်နီရဲလာခဲ့သည်။
နှလုံးသား၌ လူသတ်လိုစိတ်တို့ ပြည့်နက်နေ၏။ သူတို့သည် ထိုလေလွင့်သိုင်းသမားများကို သတ်ဖြတ်ရပေမည်။ မဟုတ်ပါက လုပ်ကြံတိုက်ခိုက်မှုတို့ ကြုံရကာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်စေနိုင်၏။
"သူတို့ကို လိုက်သတ်ကြ.."
"စုမိသားစုကို အကြောင်းကြားလိုက်... ပြီးတော့ အခြားစိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေကို ပြောခဲ့။ ဒီလေလွင့်သိုင်းသမားတွေကို ဝိုင်းဝန်းသတ်ဖြတ်ဖို့ လှုံ့ဆော်လိုက်.."
အကြီးအကဲများက နောက်မှလိုက်ကြ၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်မျက်နှာက ညှို့မှိုင်းနေသည်။
ဂိုဏ်းတွင် စောင့်ကြပ်နေမည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား မရှိလို့မဖြစ်ပေ။ ထို့ကြောင့် ဂိုဏ်းချုပ်ဖြစ်သည့် သူသည် ထွက်ခွာသွားလို့ မရပါ။
အသက်ကိုနက်ရှိုင်းစွာရှူပြီး နောက်သို့လှည့်ကာသာ ခန်းမအတွင်းသို့ ပြန်ခဲ့၏။ ပြီးနောက် အမိန့်ပေးသည်။
"ခေါင်းဆောင်နဲ့ တပည့်တွေအားလုံး ငါအမိန့်ကို နားထောင်ကြ...ရန်သူရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့အတွက် အချိန်မရွေး သတိအပြည့် ရှိနေရမယ်.."
"ဟုတ်ကဲ့ပါ.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် သတိမပြတ်ဖြင့် ရှိနေကြ၏။ ခေါင်းဆောင်နှင့် တပည့်များအားလုံး နိုးကြားစွာ စောင့်ကြပ်နေကြသည်။
အဓိကခန်းမအတွင်းရှိ ဂိုဏ်းချုပ်မှာ အလွန်လေးနက်နေ၏။ များပြားလှသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။
ထိုလူများသည် လျှို့ဝှက်ဆန်းကြယ်သည့် လေလွင့်သိုင်းသမား အဖွဲ့အစည်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ပေလိမ့်မည်။
ရည်ရွယ်ချက်မှာ ကြီးမားပြီး ယွီကျိုးရှိ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် မိသားစုကြီးများ၏ ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်၏။
"ငါစိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေကို အစည်းအဝေးခေါ်ပြီး ဒီကိစ္စအတွက် ဆွေးနွေးမှုပြုသင့်တယ်.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ကိုယ့်ကိုယ်ကိုယ်စဉ်းစားသည်။
ရုတ်တရက် သူ၏ပုံစံက ကြီးစွာ ပြောင်းလဲသွား၏။
"ဘုန်း.."
အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး ခန်းမအတွင်းမှ ထွက်ခွာလိုလေသည်။ သို့ပေမယ့် လေထဲတွင် မြူလွှာများ ပြည့်နက်လာ၏။ ပုံရိပ်ယောင်များက ပေါ်လာကာ ဖီးနစ်မီးတောက်၊ ဓားအလင်းနှင့် မိုးကြိုးများ ကျဆင်းလာခဲ့သည်။ ခန်းမတစ်ခုလုံး အန္တရာယ်အတွင်းသို့ ကျရောက်သွားသည့်ပုံ ပေါ်၏။
"ဒါက ဘယ်လိုအတတ်ပညာမျိုးလဲ.."
ဂိုဏ်းချုပ်၏မျက်နှာက သိသာစွာ ပြောင်းလဲသွားသည်။
"အုန်း.."
သူသည် ကြမ်းတမ်းသည့် တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်၏။ ခန်းမကို ပြိုလဲကုန်စေသည်။ သို့ပေမယ့် ခန်းမ၏အပြင်ဘက်တွင် ထူထဲသည့်မြူများ ရှိနေပြီး အတွင်းထဲမှ မည်သည့်အာရုံခံမှုကိုမှ ပြုလို့မရပေ။ အပြင်ဘက်ရှိ လှုပ်ရှားမှုများကို ကြည့်နိုင်ရန်ဆိုလျှင် ပိုတောင်ခက်ခဲ၏။