← Chapters

လင်းပေ့၏ ကာမဖြတ်မှတ်တမ်း

Vol. 6 Ch. 56

လင်းပေ့၏ ကာမဖြတ်မှတ်တမ်း

Vol. 6 Ch. 56

"အဆိပ်ပျားလား…"

ချူလျန် ကြားလိုက်ရသောအခါ အနားသို့ အနည်းငယ် တိုးကပ်သွားပြီး ပြောလိုက်သည်။ "ကျုပ်က ရှုတောင်ဂိုဏ်းကပါ… ကျုပ်ကို ကြည့်ခွင့်ပြုပါ့လား… ခင်ဗျားဒဏ်ရာကို ကုသပေးနိုင်မယ့် နည်းလမ်း ရှိကောင်းရှိနိုင်ပါတယ်…"

"ဗျာ... ရှုတောင်ဂိုဏ်းက သူရဲကောင်းလေးလား…" ဆိုင်ရှင်ချန်၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို ရိုသေလေးစားသွားလေသည်။

ယွမ်ဟွာမြို့မှ ဒေသခံများသည် ပုံမှန်အားဖြင့် ရှုတောင်ဂိုဏ်းသားများကို မြင်ဖူးနေကျ ဖြစ်သော်လည်း ဤမျှလောက်အထိ ရိုသေလေ့ မရှိကြပေ။ ယခုမူ ချူလျန်က သူ၏ဒဏ်ရာကို ကုသပေးနိုင်မည်ဟု မျှော်လင့်နေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

ချူလျန်သည် ဆိုင်ရှင်ချန်၏ မျက်နှာပေါ်ရှိ ရောင်ရမ်းနေသော နေရာများကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ရာ သဲ့သဲ့မျှ လွှမ်းခြုံနေသော မိစ္ဆာအငွေ့အသက်ကို အာရုံခံမိလိုက်သည်။

သာမန် သမားတော်များ ဆေးကုသ၍ မပျောက်ကင်းနိုင်သည်မှာ အဆန်းမဟုတ်ပေ။ ထိုအဆိပ်ပျားများသည် မိစ္ဆာသားရဲအမျိုးအစားတွင် ပါဝင်နေလောက်ပြီး ဤအဆိပ်သည်လည်း မိစ္ဆာအဆိပ် ဖြစ်နေချေသည်။ အဆိပ်ပြင်းအား နည်းပါးသော်လည်း သာမန်နည်းလမ်းဖြင့် ကုသရန် မလွယ်ကူပေ။

'မိစ္ဆာသားရဲ...' ဟု တွေးမိလိုက်သည်နှင့် ချူလျန်၏ အိပ်ချင်စိတ်များ ပျောက်ပြယ်သွားလေသည်။

သူသည် ပန်းတစ်ရာဆေးမှုန့် တစ်ထုတ်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "ဆိုင်ရှင်... ဒီဆေးတစ်ဝက်ကို သောက်ပြီး ကျန်တစ်ဝက်ကို အုံလိုက်ပါ… မကြာခင် သက်သာသွားပါလိမ့်မယ်…"

"တကယ်လား…" ငါးဆိုင်ပိုင်ရှင်သည် ဝမ်းသာအားရ ဖြစ်သွားပြီး ပန်းတစ်ရာဆေးမှုန့်ကို အလျင်အမြန် လှမ်းယူလိုက်သည်။

ချူလျန်သည် ဆေးသောက်ရန် ရေတစ်ခွက် ငှဲ့ပေးလိုက်သေးသည်။

ဤပန်းတစ်ရာဆေးမှုန့်သည် အဆိပ်အမျိုးအစားပေါင်း (၁၀၀)ကို ဖြေနိုင်စွမ်းရှိသည်ဟု ဆိုကြရာ အခြေခံ မိစ္ဆာအဆိပ်အချို့ကို ဖြေရှင်းရာတွင် ပြဿနာမရှိနိုင်ပေ။ နှိုင်းယှဉ်ကြည့်လျှင် ဤအဆိပ်ပျားငယ်လေး၏ အဆင့်အတန်းသည် ပြောပလောက်သည် မဟုတ်ချေ။

ခဏအကြာတွင် ဆိုင်ရှင်ချန်၏ မျက်နှာနှင့် ခြေထောက်ပေါ်ရှိ ရောင်ရမ်းမှုများသည် အမှန်တကယ်ပင် လျော့ကျသွားပြီး မူလနေရာ၌ အနီရောင်အမှတ်အသား တစ်ခုသာ ကျန်ရစ်တော့သည်။

"အိုက်ယား..." သူ အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်သည်။ "တကယ့်ကို ဆေးစွမ်းထက်တာပဲ... ရှုတောင်ဂိုဏ်းက အင်မော်တယ်ဆရာသခင်ဆိုတာ တကယ်ပဲ ဟုတ်နေတာကိုး"

"အဲဒီလောက်လည်း မဟုတ်ပါဘူးဗျာ... အနာနဲ့ဆေး တည့်သွားရုံပါ" ချူလျန် ပြုံး၍ ပြောလိုက်သည်။

"မဟုတ်ဘူး မဟုတ်ဘူး... ဒါ အင်မော်တယ်ဆေးပဲ... သူရဲကောင်းလေးရဲ့ ကျေးဇူးတရားက ကြီးမားလှပါတယ်... ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူး" ဆိုင်ရှင်ချန်က လေးနက်စွာ ပြောလိုက်သည်။

"ဟဟ... ကျေးဇူးဆပ်စရာ မလိုပါဘူး... ဆိုင်ရှင်က ကျုပ်ကို ရွှေငါးကြင်းကောင်းကောင်း တစ်ကောင်လောက် လက်ဆောင်ပေးရင် ရပါပြီ…" ချူလျန်က လက်ကာပြလိုက်သည်။

"အဲဒါက..." ဆိုင်ရှင်ချန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ခက်ခဲသွားပုံရသည်။ "ကျင်းဟွာမြစ်ဘက်ကို ကျုပ် ထပ်မသွားရဲတော့ဘူး... တခြားနေရာက ရွှေငါးကြင်းတွေကကျတော့ ပုံပန်းသဏ္ဌာန် သိပ်မလှဘူး ဖြစ်နေတယ်"

"ဆိုင်ရှင်ချန် စိတ်မပူပါနဲ့... ကျုပ် အခုပဲ ကျင်းဟွာမြစ်ဘက်ကို သွားကြည့်လိုက်ပါ့မယ်... တကယ်လို့ အဆိပ်ပျားတွေ သောင်းကျန်းနေတယ် ဆိုရင်လည်း ဆိုင်ရှင်အတွက် ဖယ်ရှားပေးပါ့မယ်" ချူလျန် ပြောလိုက်သည်။

"သူရဲကောင်းလေးက တကယ့်ကို ကျေးဇူးရှင်ပါပဲ…" ဆိုင်ရှင်ချန်သည် ပိုမို စိတ်လှုပ်ရှားသွားပြီး ချူလျန်ကို ဦးညွှတ်အရိုအသေ ပြုရန် ပြင်လိုက်ချေသည်။

"ဆိုင်ရှင်ချန်... နားလိုက်ပါဦး... ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး" ချူလျန် သူ့ကို တားလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။ "ကျုပ် ခဏနေရင် ပြန်လာခဲ့မယ်"

ပြောပြီးသည်နှင့် သူသည် ပန်းငှက်ငါးဈေးတန်းမှ ထွက်ခွာလာပြီး ယွမ်ဟွာမြို့ပြင်သို့ ထွက်ကာ ကျင်းဟွာမြစ်ကမ်းဘေးသို့ တောက်လျှောက် သွားရောက်လေတော့သည်။

မိုင်အနည်းငယ် လျှောက်ပြီးနောက် ငှက်သံများသီကျူး၍ ပန်းရနံ့မွှေးပျံ့နေသော မြစ်ကမ်းပါး တစ်နေရာသို့ ရောက်ရှိလာသည်။ နွေဦးရာသီ၏ ရှုခင်းသည် လှပနေပြီး မြက်ပင်များ ရှည်လျားကာ လည်ပတ်ပျံသန်းနေသော ငှက်များနှင့် မိုးမခပင်များက ယိမ်းနွဲ့နေကြသည်။

ပုံမှန်ဆိုလျှင် ဤအချိန်တွင် လာရောက်လည်ပတ်သူ များပြားနေသင့်သော်လည်း မကြာသေးမီက မည်သူမျှ ဤမြစ်ကမ်းနားသို့ မကပ်ရဲကြချေ။

အကြောင်းရင်းမှာ ထိုအဆိပ်ပျားများကြောင့်ပင် ဖြစ်လေ၏။

ချူလျန်သည် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ရာ လက်တဆစ်ခန့် ရှည်လျားသော အမည်းရောင် အဆိပ်ပျားတစ်ကောင် ပန်းခင်းထဲတွင် ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ ပုံသဏ္ဌာန်မှာ ကြောက်မက်ဖွယ် ကောင်းလှပေ၏။

သူ အနားသို့ တိုးကပ်သွားပြီး (၁)ကျန်းခန့် အကွာအဝေးသို့ ရောက်သောအခါ အဆိပ်ပျားသည် သတိထားမိသွားပြီး တဝီဝီ မြည်သံပေးကာ သူ့ထံသို့ စတင် တိုက်ခိုက်လာတော့သည်။

'ဒီအဆိပ်ပျားက... ရန်လိုစိတ် တော်တော် ပြင်းထန်တာပဲ...' ဟု ချူလျန် တွေးလိုက်မိသည်။

ချူလျန်အနေဖြင့် သေချာပေါက် ကြောက်ရွံ့နေမည် မဟုတ်ပေ။ သူသည် ဓားပျံကို ထုတ်ဖော်လိုက်ပြီး ဓားတစ်ချက်တည်းဖြင့် ပျားကို နှစ်ပိုင်းပြတ်အောင် ခုတ်ပိုင်းလိုက်သည်။ အဆိပ်ပျား မြေကြီးပေါ် ကျသွားသောအခါ အမည်းရောင် အရည်များ စီးကျလာပြီး တရှဲရှဲ အသံများပင် ထွက်ပေါ်လာသည်။

ဤအကောင်မျိုးကို ကျင်းဟွာမြစ်ကမ်းဘေးတွင် လွှတ်ထားလိုက်ပါက အနီးနားရှိ ပြည်သူများ ဒုက္ခရောက်ကြပေလိမ့်မည်။ အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်မှသာ ဖြစ်ပေတော့မည်။

ချူလျန် အတွေးတစ်ချက် လှုပ်ရှားလိုက်ပြီး ဓားတစ်ရာတံဆိပ် နည်းစနစ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းရောင်နှင့် ဓားရိပ် (၁၀၀)တို့ ရှေ့နောက် ဖြတ်သန်း ပျံဝဲသွားကြသည်။

သူ၏ ဝိညာဉ်အာရုံ ဖြန့်ကျက်ထားမှုနှင့် ပေါင်းစပ်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံးကို ထွင်းဖောက်မြင်နေရပြီး ခဏအတွင်းမှာပင် အဆိပ်ပျား အကောင် (၂၀)ကျော်ကို ခုတ်ပိုင်းသတ်ဖြတ်လိုက်နိုင်လေသည်။

အလွန် အားနည်းသော ဤမိစ္ဆာသားရဲလေးများသည် ချူလျန်အား မီးအိမ်မိစ္ဆာများကို ခုတ်ပိုင်းခဲ့စဉ်က ခံစားချက်မျိုးကို ပြန်လည် ရရှိစေသဖြင့် အတိတ်ကို လွမ်းဆွတ်သွားမိစေသည်။

'နောက်ကျမှ မီးအိမ်မိစ္ဆာတွေဆီ သွားပြီး အလွမ်းပြေ သွားနှုတ်ဆက်ဦးမှပဲ...' ဟု သူ တွေးလိုက်သည်။

သို့သော် ချူလျန်သည် အကုန်လုံးကို သတ်ဖြတ်လိုက်ခြင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်အရပ်သို့ ပျံသန်းသွားသော အဆိပ်ပျားတစ်ကောင်ကို ချန်လှပ်ထားလိုက်သည်။

ကြည့်ရသည်မှာ ထိုအကောင်မှာ ထွက်ပြေးရန် ပြင်နေပုံရသည်။

ထိုအကောင်နောက်သို့ လိုက်ပြီး ပျားအုံတည်နေရာကို ရှာဖွေကာ အမြစ်ပြတ် သုတ်သင်လိုက်ပါက ဤအဆိပ်ပျားများ နောက်ထပ် ပေါ်လာခြင်း မရှိအောင် တားဆီးနိုင်ပေလိမ့်မည်။

အကွာအဝေးတစ်ခုအထိ လိုက်ပါသွားပြီးနောက် စိမ်းလန်းစိုပြေသော တောင်ကြားတစ်ခုသို့ ရောက်ရှိလာသည်။ ဤတောင်ကြားထဲတွင်လည်း အဆိပ်ပျား အနည်းငယ် ရှိနေသည်။ ပန်းပွင့် နည်းပါးသောကြောင့် အဆိပ်ပျား အများစုမှာ အပြင်ထွက်နေကြခြင်း ဖြစ်ဟန်တူသည်။

ချူလျန် ရောက်လာသည်ကို မြင်သောအခါ ၎င်းတို့သည် အုပ်စုဖွဲ့၍ တိုးဝင်တိုက်ခိုက်လာကြသော်လည်း ချူလျန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အားလုံးကို ခုတ်ပိုင်းပစ်လိုက်သည်။ အစောပိုင်းက ထွက်ပြေးလာသော အဆိပ်ပျားတစ်ကောင်တည်းသာ တောင်နံရံရှိ အက်ကွဲကြောင်းတစ်ခုထဲသို့ တဝီဝီမြည်ရင်း ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

ချူလျန်သည် နက်ရှိုင်းသော အက်ကွဲကြောင်းကို ကြည့်လိုက်ရာ အဆုံးကို မမြင်ရသဖြင့် အနည်းငယ် အခက်တွေ့သွားရသည်။ ဝိညာဉ်အာရုံဖြင့် စမ်းသပ်ကြည့်သော်လည်း အောက်ခြေကို မမှန်းဆနိုင်ပေ။

အကယ်၍ အဆိပ်ပျားများ အားလုံး ဤနေရာမှ ထွက်ပေါ်လာခြင်းသာ ဖြစ်ပါက အမြစ်ပြတ် ရှင်းလင်းရန် ခက်ခဲပေလိမ့်မည်။

လူ့လောကတွင် အကြီးမားဆုံးသော ကူရာမဲ့မှုဆိုသည်မှာ ဤအရာပင် ဖြစ်ချေသည်။

နက်နဲလွန်း၍ မမှန်းဆနိုင်ခြင်းနှင့် လက်လှမ်းမမီနိုင်ခြင်းတို့ပင်။

ထိုအချိန်တွင် သူရဲကောင်းကြီးခမျာ သက်ပြင်းတစ်ချက် ချလိုက်ရုံမှတပါး အခြား မတတ်နိုင်တော့ချေ။

...

ပတ်ဝန်းကျင်တွင် လူသူမရှိသဖြင့် ချူလျန်သည် တောထဲ၌ပင် ထိုင်ချလိုက်ပြီး မိမိကိုယ်ကို ဆုချလိုက်တော့သည်။

စေတီတော်ဖြူထဲသို့ ရောက်ရှိလာသောအခါ ဤတစ်ကြိမ်တွင် အတော်လေး စည်ကားနေချေ၏။

အဆိပ်ပျားများ၏ သေးငယ်သော ဝိညာဉ်ပုံရိပ်များသည် အကျဉ်းခန်း ဒါဇင်ပေါင်းများစွာကို နေရာယူထားကြသည်။ မီးခိုးမည်းများကြားတွင် သံတိုင်အကျဉ်းခန်း မည်မျှရှိသည်ကို မသိရသော်လည်း မိစ္ဆာကောင်ရေ ထောင်သောင်းချီ၍ ထည့်သွင်းထားနိုင်လောက်သည်ဟု ချူလျန် ခံစားမိသည်။

'သန့်စင်မည်' ကို နှိပ်လိုက်တော့သည်။

ဝုန်း...

အဖြူရောင် အလင်းတန်းတစ်ခု ပျံဝဲထွက်ပေါ်လာပြီး ချူလျန် လက်လှမ်းလိုက်ရာ ရှည်လျားသော ဝါးပိုးဝါးကျည်တောက်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

[ ပျားဝတ်ရည်လက်ဖက်ရည် - ချိုမြိန်ပြီး အရသာရှိသည်။ ]

"..."

ချူလျန် ခဏတာ တိတ်ဆိတ်သွားမိသည်။

ဤအဆိပ်ပျားများသည် တိုက်ခိုက်နိုင်စွမ်း မမြင့်မားကြောင်း သိသော်လည်း ပေးလာသည့် ဆုလာဘ်က ဤမျှလောက်အထိဆိုသည်မှာ ဖြစ်ကတတ်ဆန်း မနိုင်လွန်းပေဘူးလော။

မီးအိမ်မိစ္ဆာလောက်ပင် အဆင့်မရှိသည့် မိစ္ဆာကို ဤဘဝတွင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။

လွန်လွန်းလှချေသည်...

မိတ်ဆက်စာသားကိုပင် စာလုံးနည်းနည်း ပိုရေးပေးဖို့ရာ ဝန်လေးနေသည်လော...

သူသည် ဝါးပိုးဝါးကျည်တောက်ကို ဖွင့်လိုက်ပြီး တစ်ငုံမြည်းစမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် ချိုမြိန်ပြီး အရသာရှိကြောင်း တွေ့ရှိလိုက်ရသည်။

သစ်သီးလက်ဖက်ရည် အရသာ အနည်းငယ်ပါဝင်ပြီး သဘာဝအတိုင်း သန့်ရှင်းလတ်ဆတ်သော အငွေ့အသက်များ ပါရှိသဖြင့် သောက်ပြီးနောက် တစ်ကိုယ်လုံး လန်းဆန်းသွားစေသည်။ ဤကမ္ဘာသို့ ရောက်ရှိပြီးနောက်ပိုင်း ဤမျှ အရသာရှိသော အဖျော်ယမကာမျိုး မသောက်ရသည်မှာ ကြာပြီ ဖြစ်သည်။

သို့သော်... ထိုမျှသာ... ။

ငါက ကျင့်ကြံသူလေ...

အရသာ ဘယ်လောက်ပဲ ရှိရှိ ဘာအသုံးဝင်မှာမို့လို့လဲ...

...

ချူလျန်သည် ဤနေရာတွင် အချိန်အကြာကြီး ဖြုန်းမနေတော့ပေ။ အပြင်ဘက် ပတ်ဝန်းကျင်ကို ထပ်မံ စစ်ဆေးကြည့်လိုက်ပြီး လွတ်မြောက်သွားသော အဆိပ်ပျား မရှိတော့သည်ကို သေချာစေပြီးနောက် ရှုတောင်သို့ ပြန်လာခဲ့သည်။

တောင်ပေါ်လေပြင်းများ တိုက်ခတ်နေပြီး တိမ်တိုက်ပင်လယ်ကြီး လှိုင်းထနေသော်လည်း ရှုတောင်ပေါ်တွင်မူ နှစ်သောင်းချီ ပြောင်းလဲခြင်းမရှိသော ရှုခင်းများကသာ ဆီးကြိုနေသည်။

ချူလျန်တစ်ယောက် သူ၏ သစ်သားအိမ်လေးရှေ့သို့ ဆင်းသက်လိုက်သောအခါ အိမ်တံစက်မြိတ်အောက်ရှိ စားပွဲပေါ်တွင် စက္ကူကြိုးကြာငှက် အနည်းငယ် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ရှုတောင်ပေါ်တွင် အသုံးအများဆုံး အကွာအဝေးတို ဆက်သွယ်ရေးနည်းလမ်း ဖြစ်သည်။

တစ်ဖက်လူထံတွင် ဝိညာဉ်အာရုံ အမှတ်အသား အနည်းငယ် ထားရှိခဲ့ရုံဖြင့် နောက်ပိုင်းတွင် ထိုသူကို ရှာဖွေလိုပါက စက္ကူကြိုးကြာငှက် လွှတ်လိုက်ရုံပင် ဖြစ်သည်။ သို့သော် အကွာအဝေးမှာ ရှုတောင်အတွင်း၌သာ အကန့်အသတ် ရှိလေသည်။

သို့သော် ချူလျန် ပေးထားသော အမှတ်အသားများမှာ မများလှပေ။ ဆရာသခင်အပြင် လင်းပေ့နှင့် ကျန်းယွဲ့ပိုင် နှစ်ယောက်သာ ရှိ၏။

စက္ကူကြိုးကြာငှက်များ ဤမျှအများကြီး ရောက်နေသည်ကို တွေ့ရသဖြင့် အတော်လေး အံ့သြသွားမိသည်။

ပထမဆုံး စက္ကူကြိုးကြာငှက်ကို ဖွင့်ကြည့်လိုက်ရာ ကျန်းယွဲ့ပိုင်ထံမှ ဖြစ်နေသည်။

ထိုနေ့က သူ ထွက်ခွာလာစဉ် သူမကို ထပ်မံ လာတွေ့နိုင်တော့မည် မဟုတ်ကြောင်းနှင့် တောင်အောက်သို့ ဆင်းပြီး ကိစ္စအချို့ ဆောင်ရွက်စရာ ရှိကြောင်း စာရေးပို့ခဲ့သည်။

ကျန်းယွဲ့ပိုင် ပြန်ပို့လိုက်သော စာမှာ - "ကောင်းပြီ၊ ဂရုစိုက်ပါ။" ဟူ၍ ဖြစ်သည်။

ရိုးရှင်းသော စာလုံးအနည်းငယ်သာ ဖြစ်၏။

ချူလျန် သေချာစွာ ကြည့်လိုက်ပြီး သိမ်းဆည်းလိုက်သည်။

ဒုတိယမြောက် စက္ကူကြိုးကြာငှက်ကို ဖွင့်ကြည့်လိုက်ရာ လင်းပေ့ထံမှ ဖြစ်နေသည်။

စာထဲတွင် သူသည် ကာမဖြတ်ပြီး ဝိညာဉ်အသိအမြင် အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေကြောင်း၊ ဤတစ်ကြိမ်တွင် စိတ်ကို စုစည်းထားပြီး မအောင်မြင်လျှင် အသေခံပစ်မည်ဖြစ်ကြောင်း၊ နောက်တစ်ခါ တွေ့လျှင် မင်းထက် အားနည်းတော့မည် မဟုတ်ကြောင်း၊ ဒီနေ့သည် ကာမဖြတ်ခြင်း ပထမဆုံးနေ့ဖြစ်ပြီး အောင်မြင်ရန် မျှော်လင့်ကြောင်း... စသည်ဖြင့် ရေးသားထားသည်။

စာများစွာ ရေးထားသော်လည်း အနှစ်သာရ ကင်းမဲ့လှချေ၏။

ချူလျန် တစ်ချက်သာ ကြည့်လိုက်ပြီး ဘေးသို့ ပစ်လိုက်သည်။

တတိယမြောက် စက္ကူကြိုးကြာငှက်ကို ဖွင့်ကြည့်လိုက်ရာ လင်းပေ့ထံမှပင် ဖြစ်နေပြန်သည်။

စာထဲတွင် "ကာမဖြတ်ခြင်း ပထမဆုံးနေ့၊ အားအင်တွေ ပြည့်ဝနေသလို ခံစားရတယ်။" ဟု ရေးထားလေသည်။

စတုတ္ထမြောက် စက္ကူကြိုးကြာငှက်ကို ဖွင့်ကြည့်လိုက်ရာ လင်းပေ့ထံမှပင် ဖြစ်နေပြန်သည်။

စာထဲတွင် "နောက်ထပ် ကာမဖြတ်ခြင်း ပထမဆုံးနေ့၊ ဒီတစ်ခါတော့ သေချာပေါက် အောင်မြင်ရမယ်။" ဟု ရေးထားပြန်၏။

ပဉ္စမမြောက် စက္ကူကြိုးကြာငှက်ကို ဖွင့်ကြည့်လိုက်ရာ လင်းပေ့ထံမှပင် ဖြစ်နေပြန်သည်။

စာထဲတွင် "ကာမဖြတ်ခြင်း ပထမဆုံးနေ့ ဖြစ်ပြန်ပြီ၊ မဖြစ်မနေ အောင်မြင်ရမယ်။" ဟု ရေးထားလေသည်။

"..."

ချူလျန် တွက်ချက်ကြည့်လိုက်သည်။

ဤစာများသည် တစ်ရက်လျှင် တစ်စောင်နှုန်းဖြင့် ရောက်ရှိလာခြင်း ဖြစ်ပုံရသည်။

အင်း...

လူငယ်တွေက သွေးသားဆန္ဒ ပြင်းပြကြတာပဲ...

ချက်ချင်းပင် သူသည် ပြန်စာ စတင် ရေးသားလိုက်သည်။

ကျန်းယွဲ့ပိုင်ထံသို့ ရေးသောစာမှာ အနည်းငယ် ရှည်လျားပြီး၊ လွန်ခဲ့သော ရက်အနည်းငယ်က အတွေ့အကြုံများကို ပြောပြကာ သူမ၏ နတ်ဘုရားစွမ်းရည် သင်ကြားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။ သူမ၏ ဓားတစ်ရာတံဆိပ်သာ မပါဝင်ခဲ့ပါက သူ၏ခရီးစဉ် ဤမျှ ချောမွေ့ခဲ့မည် မဟုတ်ပေ။

ရေးသားထားသည်များမှာ ရိုးသားသော ခံစားချက်အစစ်အမှန်များ ဖြစ်၏။

နောက်ဆုံးတွင် စီနီယာအစ်မကျန်း အနေဖြင့် မည်သည့်အချိန်တွင် အားလပ်မည်နည်းနှင့် သူ့အား နတ်ဘုရားစွမ်းရည် မန္တန်များ ထပ်မံ သင်ကြားပေးနိုင်မလားဟု ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

လင်းပေ့ထံသို့ ပြန်စာမှာမူ ပို၍ ရိုးရှင်းလှသည်။

"မင်းရဲ့ အခြေအနေကို ကြည့်ပြီး ငါ အလေးအနက် ထောက်ခံပါတယ်… ဒါပေမဲ့ ငါ့မှာ အကြံဉာဏ်တစ်ခုပဲ ရှိတယ်"

"ပြဿနာကို အရင်းကနေ ဖြတ်ချလိုက်ပါ…"

All Chapters