← Chapters

မှော်ဝင်ကိရိယာ သန့်စင်ခြင်း

Vol. 6 Ch. 57

မှော်ဝင်ကိရိယာ သန့်စင်ခြင်း

Vol. 6 Ch. 57

ပြန်စာများ ရေးပြီးနောက် ချူလျန်သည် သစ်သားအိမ်လေးသို့ ပြန်လာပြီး ခဏတာ အိပ်စက်အနားယူလိုက်သည်။ မွန်းလွဲပိုင်းတွင် အိပ်ရာထကာ ပြင်ဆင်ပြီးနောက် ဆရာသခင်ထံသို့ သတင်းပို့ရန် ထွက်ခွာလာခဲ့သည်။

ဆရာသခင်၏ နန်းဆောင်သို့ ရောက်သောအခါ တိနွီဖုန့်သည် ရုပ်ပြစာအုပ်ကို ကိုင်လျက် ရှိုက်ကာ ရှိုက်ကာ ငိုနေသည်ကို တွေ့လိုက်ရသည်။

ချူလျန် ဝင်လာသည်ကို မြင်သောအခါ သူမသည် စာအုပ်ကို ကမန်းကတန်း ပိတ်လိုက်ပြီး မျက်လုံးများကို သုတ်လိုက်လေသည်။

"..." ချူလျန် သူမကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဆရာသခင် ငိုနေတာလား…"

"မငိုပါဘူး…" တိနွီဖုန့်သည် ရဲရဲနီနေသောမျက်လုံးများဖြင့် ခေါင်းခါလိုက်သည်။

"မင်းသားနဲ့ မင်းသမီး လမ်းခွဲသွားကြလို့လား…" ချူလျန် မေးလိုက်သည်။

"အဲဒီလောက် မဆိုးပါဘူး..." တိနွီဖုန့်က ခေါင်းခါလိုက်ပြန်သည်။ "မင်းသား သေသွားရုံပါပဲ…"

"စိတ်မကောင်းစရာပဲ…" ချူလျန် တိတ်ဆိတ်သွားမိသည်။

ရှုတောင်ဂိုဏ်း၏ ဗိုလ်ကျစိုးမိုးသူ တစ်ဦးသည် ဤမျှ ခံစားလွယ်သော အပျိုဖြန်းတစ်ဦး၏ စိတ်နှလုံးသားမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

တိနွီဖုန့်က သူ့ကို ကြည့်လိုက်ပြီး "ကိစ္စတွေ အဆင်ပြေရဲ့လား"

ချူလျန်သည် ပြောသင့်ပြောထိုက်သည်များကို ပြောပြလိုက်သည်။ ယေဘုယျအားဖြင့် အဆင်ပြေချောမွေ့ခဲ့ပြီး ဆရာသခင်၏ ဆင့်ခေါ်မန္တန် ကျောက်စိမ်းအဆောင်ကို အသုံးပြုစရာ မလိုခဲ့ကြောင်း ပြောပြလိုက်သည်။

"မဆိုးဘူး... အခုဆိုရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေပြီပဲ" တိနွီဖုန့်က ချီးကျူးလိုက်သည်။

"ဆရာသခင် ပေးထားတဲ့ ယုံကြည်မှုကြောင့်ပါပဲ…" ချူလျန်က ချက်ချင်းပင် လောကွတ်စကား ပြန်ပြောလိုက်သည်။

"ကောင်းပြီ... ဒါဆို ကျောက်စိမ်းအဆောင် ပြန်ပေးတော့…" တိနွီဖုန့်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဗျာ..." ချူလျန် မျက်မှောင်ကြုတ်လိုက်ပြီး ထိုစကားလုံးကို နားမလည်သကဲ့သို့ ပြုမူလိုက်သည်။ "ပြန်ပေးရမယ်…"

"ကိစ္စတွေ ပြီးသွားပြီဆိုမှတော့… ဘာလဲ.. ပြန်မပေးချင်တော့ဘူးလား.." တိနွီဖုန့်က မျက်တောင်ခတ်ရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ဆရာသခင် ပြောတုန်းက ဒါက တပည့်အတွက် အသက်ကယ် နတ်ဘုရားစွမ်းရည်ဆို.." ချူလျန်က ပြောလိုက်သည်။

"ဟူး... မင်းဘာသာ ဒီတစ်လျှောက်လုံး မသုံးဘဲနေမယ်လို့ ဘယ်သူသိမှာလဲ…" တိနွီဖုန့်က သက်ပြင်းချလိုက်သည်။

"ဒီရက်ပိုင်းတွေမှာ ငါ အမြဲတမ်း စိတ်ပူနေခဲ့ရတာ... မင်းဆီက အကူအညီတောင်းတာ ရောက်လာရင် အချိန်မီ မသွားနိုင်မှာ စိုးရိမ်လို့လေ... ပုံမှန်ဆို တစ်ရက်ကို (၁၄)နာရီ အိပ်ပေမဲ့ အခုတော့ (၁၀)နာရီပဲ အိပ်ပြီး နိုးလာခဲ့ရတယ်… ဒီတိုင်းသာ ဆက်သွားရင် ဒီဆရာသခင်မှာ အာရုံကြောအားနည်းရောဂါ ရတော့မယ်…"

ကောင်းပါလေရဲ့ဗျာ...

ခင်ဗျား တစ်ရက်ကို (၁၄)နာရီ အိပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိသေးသားပဲ...

အိပ်လွန်းလို့ အပင်ဖြစ်သွားမှာ မကြောက်ဘူးလား...

ချူလျန် စိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း အပြုံးကိုမူ ထိန်းသိမ်းထားလိုက်သည်။

ထို့နောက် စကားလမ်းကြောင်း လွှဲလိုက်ပြီး "ဆရာသခင်... တပည့် အခုမှ သတိရတယ်... တောင်အောက်မှာ အရသာရှိတဲ့ အဖျော်ယမကာတစ်မျိုး တွေ့ခဲ့လို့ ဆရာသခင် မြည်းစမ်းကြည့်ဖို့ အထူးတလည်ကို ဝယ်လာခဲ့ပါတယ်.."

ပြောရင်းနှင့် သူသည် ပျားဝတ်ရည်လက်ဖက်ရည် တစ်ဘူးကို ထုတ်ယူလိုက်တော့သည်။

"ဘာဖျော်ရည်လဲ…" တိနွီဖုန့် လှမ်းယူလိုက်ပြီး မယုံကြည်နိုင်စွာဖြင့် နှာခေါင်းနားကပ်၍ နမ်းကြည့်လိုက်သည်။ "မင်း ဆရာသခင်ကို အဆိပ်ခတ်မလို့တော့ မဟုတ်ပါဘူးနော်…"

ချူလျန် ပြုံးပြလိုက်သည်။

'သောက်ကျိုးနည်း… ဆရာသခင်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးကို အဆိပ်မိစေနိုင်တဲ့ အဆိပ်ဆိုရင် ရေထဲမှာ ဖျော်လိုက်ရင်တောင် ဆင်ရိုင်းအကောင်ရေ ထောင်ချီကို သေစေနိုင်လောက်တယ်… အဲဒီပမာဏကို ဒီဘူးလေးထဲ ဘယ်လိုလုပ် ထည့်လို့ရမှာလဲ...'

ပြောရင်းဆိုရင်းဖြင့် တိနွီဖုန့်က တစ်ငုံသောက်လိုက်ရာ မျက်လုံးများ အရောင်တောက်လာသည်ကို တွေ့လိုက်ရသည်။

"အင်း... ဒီဟာက အရသာ တကယ် မဆိုးဘူးပဲ... အရင်တုန်းက ဒီလောက်... ဒီလောက် ချိုတဲ့ရေမျိုး တစ်ခါမှ မသောက်ဖူးဘူး" တိနွီဖုန့်က နှုတ်ခမ်းသပ်လိုက်သည်။ "အရက်နည်းနည်းလောက် ရောလိုက်ရင် ပိုသောက်ကောင်းမှာ…"

"ဆရာသခင် ကြိုက်ရဲ့လား…" ချူလျန် မေးလိုက်သည်။

"မဆိုးဘူး…" တိနွီဖုန့် ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် တပည့် နောက်တစ်ခါကျရင် ဆရာသခင်အတွက် ပိုဝယ်လာခဲ့ပါ့မယ်…" ချူလျန် ပြောလိုက်ပြီး ချက်ချင်း နှုတ်ဆက်လိုက်သည်။ "ကိစ္စမရှိတော့ရင် တပည့် အရင် ပြန်ပါရစေ... ခဏနေကျရင် လက်နက်ခန်းမဆောင်မှာ သွားလုပ်စရာ ကိစ္စရှိသေးလို့ပါ.."

ပြောပြီးသည်နှင့် တိနွီဖုန့် လက်ဝှေ့ယမ်းသည်ကိုပင် မစောင့်ဘဲ ချက်ချင်း လှည့်ထွက်သွားတော့သည်။

သူ့ကျောပြင်သည် အလွန်တရာ အလျင်လိုနေပုံ ပေါက်နေချေသည်။

တိနွီဖုန့်သည် သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရုတ်တရက် မျက်ခုံးပင့်လိုက်မိသည်။

"ဟမ်... ငါ တစ်ခုခုများ မေ့ကျန်ခဲ့သလား…"

...

ချူလျန် လက်နက်ခန်းမဆောင်သို့ သွားမည်ဟု ပြောခြင်းမှာ လိမ်ညာနေခြင်း မဟုတ်ပေ။

ကောင်းကင်တက်လှမ်းတောင်ထွတ်သို့ တန်းတန်းမတ်မတ် သွားရောက်ပြီး၊ သိမ်းဆည်းရမိထားသော အသုံးမလိုသည့် ပစ္စည်းအသေးအဖွဲများကို အပ်နှံကာ ဓားဒင်္ဂါးအနည်းငယ်နှင့် လဲလှယ်လိုက်သည်။

ထို့နောက် လက်နက်ခန်းမဆောင်၏ ဒုတိယထပ်သို့ ရောက်ရှိလာခဲ့သည်။

လက်နက်ခန်းမဆောင် ဒုတိယထပ်ရှိ စင်္ကြံလမ်းတွင် ရှေးဟောင်းပန်းချီကားချပ်များစွာ ချိတ်ဆွဲထားပြီး၊ အားလုံးမှာ 'လူ့လောက ရတနာတစ်သောင်း မှတ်တမ်း' ရှိ အဆင့်မြင့် လူ့လောက၏ တန်ခိုးရှင်လက်နက်များ ဖြစ်ကြသည်။ ထိုအထဲတွင် အထင်ရှားဆုံးမှာ သေချာပေါက် ရှုတောင်၏ မိစ္ဆာနှိမ်စေတီပုံကားချပ်ပင် ဖြစ်၏။

အစပိုင်းတွင် ချူလျန်သည် သူ ရရှိထားသော စေတီတော်ဖြူမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် မိစ္ဆာနှိမ်စေတီ ဖြစ်နေမည်လောဟု သံသယဝင်ခဲ့ဖူးသည်။ သို့သော် စေတီတော်ဖြူ၏ ပုံပန်းသဏ္ဌာန်နှင့် ပန်းချီကားပေါ်ရှိ မိစ္ဆာနှိမ်စေတီတို့မှာ အလွန်တရာ ကွာခြားလွန်းလှသဖြင့် ထိုသံသယကို ဖျောက်ဖျက်လိုက်ရသည်။

စင်္ကြံလမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် သီးသန့် အခန်းငယ်များ ရှိနေသည်။

"မင်္ဂလာပါ... ကျုပ် မှော်ဝင်ကိရိယာတစ်ခု သန့်စင်ချင်လို့ပါ…" ချူလျန်သည် အခန်းတစ်ခန်းထဲသို့ ဝင်သွားပြီး ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောလိုက်သည်။

"စီနီယာအစ်ကို မင်္ဂလာပါ... ကျေးဇူးပြုပြီး ထိုင်ပါ…"

အခန်းထဲတွင် သူ့ထက် အသက်ငယ်ပုံရသော အမျိုးသားတပည့်တစ်ဦး ရှိနေသည်။ ဖြူဖျော့ပိန်ပါးပြီး မျက်နှာတွင် ကလေးဆန်မှု မပျောက်သေးသော်လည်း အကြည့်များကမူ တည်ငြိမ်ရင့်ကျက်နေသည်။

သို့သော် ချူလျန်သည် တဖက်လူ၏ အသက်အရွယ် ငယ်ရွယ်မှုကြောင့် အထင်သေးရဲခြင်း မရှိပေ။ ဤနေရာတွင် မှော်ဝင်ကိရိယာ သန့်စင်ခြင်းကို တာဝန်ယူရသူများသည် ချွမ်ကျန်းအကြီးအကဲ၏ ကိုယ်ပိုင်တပည့်များ ဖြစ်ကြပြီး ပညာရပ်တွင် ထူးချွန်သူများ ဖြစ်ရပေမည်။

ချွမ်ကျန်းအကြီးအကဲသည် ဂိုဏ်း၏ တောင်စောင့် အကြီးအကဲလေးဦးအနက် တစ်ဦးဖြစ်ပြီး၊ ၎င်း၏ အဆင့်အတန်းမှာ တောင်ထွတ်သခင် (၃၆)ပါး၏ အထက်တွင် ရှိသည်။ သူ၏ ကိုယ်ပိုင်တပည့် ဖြစ်လာနိုင်ရန်မှာ ပါရမီနှင့် ကြိုးစားအားထုတ်မှု နှစ်ခုစလုံး မရှိမဖြစ် လိုအပ်ပေသည်။

အသက်ငယ်ရွယ်ခြင်းသည် ပိုမို ထူးချွန်သော ပါရမီရှင်ဖြစ်ကြောင်း သက်သေပြနေခြင်းသာ ဖြစ်၏။

"ကျုပ်နာမည် ဝမ်ယွဲ့လုံပါ… စီနီယာအစ်ကိုမှာ လက်နက်သန့်စင်ခြင်းနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ၊ မေးခွန်းတွေရှိရင် ကျုပ်ကို ပြောပြလို့ ရပါတယ်…"

ဤတပည့်လေးသည် အလွန် ယဉ်ကျေးသိမ်မွေ့လှသည်။

"ကျုပ် မတော်တဆ ပစ္စည်းကောင်းတစ်ခု ရထားလို့ပါ.." ချူလျန်သည် အသက်ရင်းမြစ် မူလသစ်ရွက်စိမ်းကို ထုတ်ယူလိုက်သည်။

"ဒါကို မှော်ဝင်ကိရိယာအဖြစ် သန့်စင်ချင်လို့... အကြံပြုချက်များ ရှိမလား…"

ဝမ်ယွဲ့လုံသည် 'အသက်ရင်းမြစ် မူလသစ်ရွက်စိမ်း' ကို လှမ်းယူလိုက်ပြီး လက်ဖဝါးပေါ်တင်ကာ သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်သည်။ ထို့နောက် ချီစွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်ရာ အလင်းရောင် တောက်ပလာသည်။

"ဟမ်..." သူ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ "ဒီသစ်ရွက်စိမ်းက... အနည်းဆုံး စတုတ္ထအဆင့် ထိပ်ဆုံးရောက်နေတဲ့ သစ်ပင်မိစ္ဆာတစ်ကောင်ကနေ သန့်စင်ထားတဲ့ အသက်ရင်းမြစ်ပစ္စည်းပဲ… မပြည့်စုံသေးပေမဲ့ အရည်အသွေးကတော့ တကယ်ကို ကောင်းမွန်တယ်…"

စဉ်းစားတွေးတောရင်း သူ ဆက်ပြောလိုက်သည်။ "တကယ်လို့ မှော်ဝင်ကိရိယာအဖြစ် သန့်စင်မယ်ဆိုရင်... ကျုပ် အကြံပြုချင်တဲ့ အစီအရင် ဒီဇိုင်းနှစ်မျိုး ရှိတယ်… တစ်မျိုးက ပျံသန်းခြင်းအတွက်ပါ၊ လေဟုန်စီး မှော်ဝင်ကိရိယာအဖြစ် သန့်စင်နိုင်ပါတယ်…

နောက်တစ်မျိုးက ကာကွယ်ရေးအတွက်ပါ၊ သန့်စင်လိုက်ရင် ကာကွယ်ရေး မှော်ဝင်ကိရိယာ ဖြစ်လာပါလိမ့်မယ်… ဒီနှစ်မျိုးက ပစ္စည်းရဲ့ သဘာဝနဲ့ အကိုက်ညီဆုံးပါပဲ… တကယ်လို့ တခြား စွမ်းအားတွေ လိုချင်ရင်လည်း စဉ်းစားလို့ ရပါတယ်.. ဒါပေမဲ့ နှိုင်းယှဉ်ကြည့်ရင် အကျိုးသက်ရောက်မှုက အဲဒီလောက် ကောင်းမှာ မဟုတ်ဘူး…"

'ပျံသန်းခြင်း... ကာကွယ်ရေး...' ချူလျန် စဉ်းစားကြည့်လိုက်ရာ ထိုနှစ်မျိုးစလုံးသည် သူ လိုအပ်နေသော အရာများ ဖြစ်နေသည်။

သို့သော် သူသည် လက်နက်သန့်စင်ခြင်းနှင့် ပတ်သက်ပြီး သိပ်နားမလည်သဖြင့် ထပ်မေးလိုက်သည်။ "ဒါဆိုရင် ဒီအစီအရင် ဒီဇိုင်းနှစ်မျိုးထဲက ဘယ်ဟာ ပိုကောင်းမယ်လို့ ထင်လဲ…"

"ပျံသန်းခြင်း အစီအရင်က ရိုးရှင်းတယ်၊ အန္တရာယ် နည်းပါးတယ်… သန့်စင်ခြင်း ကျရှုံးသွားရင် ကျုပ်တို့ဘက်က တာဝန်မယူဘူး ဆိုတာ သိထားတယ်မလား… သန့်စင်ခကိုပဲ ပြန်အမ်းပေးမှာပါ၊ ပစ္စည်းဆုံးရှုံးမှုကိုတော့ လျော်ပေးမှာ မဟုတ်ဘူး" ဝမ်ယွဲ့လုံက ပြောလိုက်သည်။

"ကာကွယ်ရေး အစီအရင်က နည်းနည်း ရှုပ်ထွေးတယ်၊ ဒါပေမဲ့ ပိုပြီး လက်တွေ့ကျတယ်… တိုက်ပွဲမှာ အသုံးပြုနိုင်တာက သေချာပေါက် ပိုကောင်းတာပေါ့…"

ပြောရင်းနှင့် သူ တုံ့ဆိုင်းသွားပုံရပြီး စကားမဆက်ဘဲ ရပ်တန့်သွားသည်။

"ဒါပေမဲ့... ပထမဆုံးအကြိမ် သန့်စင်ခြင်းရဲ့ အကျိုးသက်ရောက်မှုက အကောင်းဆုံး ဖြစ်တဲ့အတွက်... ပထမဆုံးအကြိမ် သန့်စင်ကတည်းက အစီအရင်နှစ်မျိုးစလုံး ထည့်သွင်းလိုက်တာ အကောင်းဆုံးပါပဲ…" နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူ ဖြည့်စွက် ပြောလိုက်သည်။

"နှစ်မျိုးစလုံး ထည့်လို့ ရတယ်လား" ချူလျန် ဇဝေဇဝါ ဖြစ်သွားရသည်။ "ဒါဆိုရင်တော့ သေချာပေါက် အကုန်လိုချင်တာပေါ့…"

"နှစ်မျိုးစလုံး ထည့်တာက အကောင်းဆုံး ဖြစ်ပေမဲ့... နည်းနည်း...အဲ… နည်းနည်းတော့ ဈေးကြီးလိမ့်မယ်…" ဝမ်ယွဲ့လုံက ခပ်တိုးတိုး ပြောလိုက်သည်။

"ပြီးတော့ အခက်အခဲ ပိုများပြီး ကျရှုံးဖို့လည်း လွယ်တယ်… ဆရာသခင်က ပုံမှန်ဆိုရင် ကျုပ်တို့ကို အဲဒီလို လုပ်ခွင့်မပေးဘူး…"

သူ ဘာကြောင့် တုံ့ဆိုင်းနေရသနည်း ဆိုသည်ကို ချူလျန်တစ်ယောက် သဘောပေါက်သွားရသည်။

လက်နက်ခန်းမဆောင်မှ တပည့်များက ဤကဲ့သို့ ဈေးပိုကြီးသော ရွေးချယ်မှုကို အကြံပြုခြင်းသည် အရောင်းမြှင့်တင်ခြင်းဟု အထင်ခံရနိုင်ပြီး အထင်လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ကျရှုံးရန် ပိုမိုလွယ်ကူသော လမ်းကြောင်းကို အကြံပြုခြင်းသည် ရေရှည်တွင် လက်နက်ခန်းမဆောင်၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည် မဟုတ်ပါလော။

သာမန် မှော်ဝင်ကိရိယာ အချို့ကိုသာ လုပ်ပေးလိုက်ခြင်းက ပိုကောင်းပြီး နှစ်ဦးနှစ်ဘက် ပျော်ရွှင်ရမည့် ကိစ္စဖြစ်၏။

သို့သော် သာမန် မှော်ဝင်ကိရိယာများသည် အဓိပ္ပာယ် သိပ်မရှိလှပေ။ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ရိုးရှင်းစွာပင် အသုံးမဝင်တော့ဘဲ ဖြစ်သွားနိုင်သည်။ သေချာ တွက်ချက်ကြည့်လျှင် အရှုံးပေါ်ခြင်းသာ ဖြစ်လေ၏။

ချူလျန် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။ "ဒါဆိုရင် နှစ်မျိုးစလုံး ထည့်လိုက်မယ်… အကောင်းဆုံး အကျိုးသက်ရောက်မှုကို လိုချင်တယ်…"

လုပ်မယ့်လုပ်တော့ အကောင်းဆုံးသာ လုပ်ရပေတော့မည်။

ဝမ်ယွဲ့လုံ၏ မျက်လုံးများ အရောင်တောက်သွားသည်။ "စီနီယာအစ်ကို အမှားအယွင်းဖြစ်မှာကို မစိုးရိမ်ဘူးလား…"

"လက်နက်သန့်စင်တယ် ဆိုတာ အန္တရာယ်တော့ ရှိမှာပဲလေ… မင်းလည်း အစွမ်းကုန် ကြိုးစားပေးမယ်လို့ ယုံကြည်ပါတယ်" ချူလျန် ပြုံးလိုက်သည်။

"ဘယ်လောက်ကျမလဲ…"

"တကယ်လို့ အစီအရင်နှစ်မျိုးစလုံး ထည့်မယ်ဆိုရင်... ဓားဒင်္ဂါး (၁၀၀)ကျပါမယ်.." ဝမ်ယွဲ့လုံက ပြန်ဖြေလိုက်သည်။

ချူလျန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရတော့သည်။

သို့သော် လက်နက်သန့်စင်ခြင်းနှင့် ယှဉ်လျှင် ၎င်းသည် မျှတသော ဈေးနှုန်းဖြစ်ကြောင်း သူ သိရှိထားသည်။ အကယ်၍ အောင်မြင်သွားပါက အရည်အသွေးကောင်းမွန်သော မှော်ဝင်ရတနာတစ်ခုကို ပိုင်ဆိုင်ရမည် ဖြစ်၏။

ထို့ကြောင့် သူ အံကြိတ်ကာ ပြောလိုက်တော့သည်။ "ဓားဒင်္ဂါး (၁၀၀)ဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူး… အောင်မြင်ဖို့ မျှော်လင့်ပါတယ်…"

"စီနီယာအစ်ကို စိတ်ချပါ... ကျုပ်က အသက်ငယ်ပေမဲ့ ကိုယ်တိုင် မှော်ဝင်ကိရိယာ (၁၂)ခုလောက် သန့်စင်ပေးဖူးပါတယ်" ဝမ်ယွဲ့လုံက လေးလေးနက်နက် ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။

"ကျုပ်လည်း တစ်ကြိမ်လောက်တော့ အောင်မြင်ချင်ပါသေးတယ်…"

All Chapters