အဆောင်ဓားသိုင်း
Vol. 6 Ch. 58
"…"
ချူလျန်တစ်ယောက် ဝမ်ယွဲ့လုံကို လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်မိတော့သည်။
ဝမ်ယွဲ့လုံက ချူလျန်ကို ပြန်ကြည့်လိုက်ပြီး ချွေးစေးများပင် ပြန်လာချေသည်။
လေထုသည် ခဏတာ တင်းမာသွားပြီးနောက် ဝမ်ယွဲ့လုံက တုန်တုန်ရီရီဖြင့် ထပ်ပြောလိုက်သည်။
"စီနီယာအစ်ကို... မှော်ဝင်ကိရိယာရဲ့ စွမ်းအားအမြင့်ဆုံးဖြစ်အောင် ကျုပ် သန့်စင်ပေးမယ်လို့ အာမခံပါတယ်… ကျုပ် သန့်စင်ပေးလိုက်တဲ့ အကျိုးသက်ရောက်မှုက တခြားလူတွေထက် သေချာပေါက် သာလွန်စေရမယ်… ဒါကြောင့် လုပ်ငန်းစဉ်မှာ အန္တရာယ် နည်းနည်း ပိုများနိုင်တာပါ… တကယ်လို့ စီနီယာအစ်ကိုက ပိုပြီး စိတ်ချရတာကို လိုချင်တယ် ဆိုရင်တော့... တခြားလူနဲ့ လဲလိုက်လို့ ရပါတယ်…"
"ဓားဒင်္ဂါး (၇၀)... ဒီအလုပ်ကို မင်းကို အပ်မယ်" ချူလျန် ရုတ်တရက် ပြောလိုက်သည်။
ဤကဲ့သို့ ကိုယ်စားလှယ်ဖြင့် လက်နက်သန့်စင်သော ပုံစံသည် လက်နက်သန့်စင်ရန် လိုအပ်သော တပည့်များအတွက် အဆင်ပြေစေရုံ သာမက၊ လက်နက်သန့်စင်ခြင်း ပါရမီရှိသော တပည့်များအတွက် အတွေ့အကြုံ ရယူနိုင်သော အခွင့်အလမ်းကောင်း တစ်ခုလည်း ဖြစ်ပေသည်။
ဝမ်ယွဲ့လုံကဲ့သို့ အသက်ငယ်ရွယ်ပြီး ကျရှုံးမှုများသော လူတစ်ယောက်ကို အလုပ်လက်ခံခွင့် ပေးထားခြင်းမှာ...
ရှုတောင်ဂိုဏ်းချုပ်က သူ၏အဖိုး မဟုတ်ခဲ့လျှင်၊ ချွမ်ကျန်းအကြီးအကဲက ဤတပည့်ကို အလွန် အထင်ကြီးလေးစားသောကြောင့်သာ ဖြစ်ရပေလိမ့်မည်။
သူ့တွင် ကောင်းမွန်သော အရည်အချင်းများ ရှိရမည်ဟု ယုံကြည်ရသည်။
ဤအသက်ရင်းမြစ် မူလသစ်ရွက်စိမ်းသည် အနည်းငယ် တန်ဖိုးရှိသော်လည်း ချူလျန်အတွက် အလွန်အမင်း အရေးကြီးသည်တော့ မဟုတ်ပေ။ ထို့ကြောင့် လောင်းကြေးထပ်ရန် သူ ဝန်မလေးချေ။
သို့တိုင်...
ဈေးကိုတော့ လျှော့ခိုင်းရပေမည်။
ဤသန့်စင်ခ၏ တစ်စိတ်တစ်ပိုင်းကို လက်နက်ခန်းမဆောင်မှ ကော်မရှင်အဖြစ် ယူသွားမည်ဖြစ်ပြီး၊ ထိုအပိုင်းကို တပည့်များက ဆုံးဖြတ်၍ မရကြောင်း သူ သိထားသည်။
သို့သော် ကျန်တစ်စိတ်တစ်ပိုင်းမှာမူ တပည့်များအတွက် လုပ်အားခ ဖြစ်သဖြင့် ညှိနှိုင်း၍ ရနိုင်သည်။
ထို့ကြောင့် သူ အနည်းငယ် ပါးပါးလှီးလိုက်ခြင်းသာ ဖြစ်သည်။
အကယ်၍ အောင်မြင်လျှင် ဓားဒင်္ဂါး (၇၀)သာ ပေးရမည်ဖြစ်ပြီး၊ ကျရှုံးလျှင် ပြန်အမ်းငွေ ရရှိနိုင်သဖြင့် ဤအန္တရာယ်ကို လက်ခံနိုင်ဖွယ် ရှိသည်။
ဝမ်ယွဲ့လုံသည် သူ၏ မျက်နှာအမူအရာကို ဖုံးကွယ်မထားနိုင်ဘဲ ငိုမဲ့မဲ့ဖြစ်သွားကာ "စီနီယာအစ်ကိုချူ... ကျုပ် ကိုယ်ပိုင်ရမယ့် လုပ်အားခက (၃၀)လောက်ပဲ ရှိတာပါ..."
ချူလျန်၏ ခပ်ပါးပါးဓားချက်သည် သွေးလွှတ်ကြောမကြီးကို တည့်တည့်ပင် ထိမှန်သွားခြင်း ဖြစ်သည်။
ချူလျန် စကားမပြောတော့ဘဲ သူ့ကို ငြိမ်သက်စွာ စိုက်ကြည့်နေလိုက်တော့သည်။
ခဏတာ တွန့်ဆုတ်နေပြီးနောက် ဝမ်ယွဲ့လုံ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ... ကောင်းပါပြီ... ဒီအလုပ်ကို ကျုပ် လက်ခံလိုက်ပါမယ်… စိတ်ချပါ... ကျုပ် သေချာပေါက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်…"
ကြည့်ရသည်မှာ သူ အလုပ်လက်မခံရသည်မှာ ကြာနေပြီဖြစ်ပြီး လက်နက်သန့်စင်ခွင့် ရရှိရန် အလွန်အမင်း ဆန္ဒရှိနေပုံ ရ၏။
ချူလျန် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် အရာအားလုံး ဂျူနီယာညီလေးဝမ်ကိုပဲ အပ်ခဲ့လိုက်တော့မယ်"
ထို့နောက် အသက်ရင်းမြစ် မူလသစ်ရွက်စိမ်းကို ထားခဲ့ပြီး ဓားဒင်္ဂါးများ ပေးချေကာ ထွက်ခွာလာခဲ့သည်။
အနည်းငယ် ဈေးလျှော့လိုက်နိုင်သော်လည်း ဤဈေးနှုန်းသည် သူ၏ စုဆောင်းငွေအားလုံးကို ကုန်ခမ်းလုနီးပါး ဖြစ်သွားစေသည်။ ခေါင်းကြီးအရုပ်၏ ချီစုစည်းဆေးလုံးများလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေသဖြင့် ပိုက်ဆံရှာရန် ကိစ္စသည် ရုတ်တရက်ဆိုသလို အရေးတကြီး လိုအပ်လာပြန်သည်။
"ဟူး..."
လက်နက်ခန်းမဆောင်မှ ထွက်လာရင်း သက်ပြင်းတစ်ချက် မချဘဲ မနေနိုင်တော့ချေ။
ဂန္တဝင်သူရဲကောင်းကြီးဆိုလျှင်ပင် လက်ထဲတွင် လှံကိုင်စွဲ၍ ပင်လယ်သမုဒ္ဒရာကို မွှေနှောက်နိုင်သော်လည်း ငတ်မွတ်ခြင်း၊ အေးစက်ခြင်းနှင့် ဆင်းရဲခြင်း ဟူသော စကားလုံးသုံးလုံးကို ရှောင်လွှဲ၍ မရနိုင်ပေ။
ပိုက်ဆံရှိလျှင် ယောကျ်ားကောင်းဖြစ်ပြီး၊ ပိုက်ဆံမရှိလျှင် လူမွဲသာ ဖြစ်ချေ၏။
'ဘယ်အချိန်မှများ ဓားဒင်္ဂါးတွေကို လွတ်လွတ်လပ်လပ် သုံးနိုင်တဲ့အဆင့် ရောက်မှာလဲကွာ...'
ငွေဓားတောင်ထွတ်သို့ ပြန်ရောက်သောအခါ စားပွဲရှေ့တွင် နောက်ထပ် စက္ကူကြိုးကြာငှက်လေး တစ်ကောင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ ဖွင့်ကြည့်လိုက်ရာ ကျန်းယွဲ့ပိုင်၏ ပြန်စာဖြစ်ပြီး ရိုးရှင်းသော စာလုံးအနည်းငယ်သာ ပါဝင်သည်။
"ဒီနေ့ မနက် (၉)နာရီ၊ နေရာဟောင်း"
...
"စီနီယာအစ်မကျန်း... မတွေ့တာ ကြာပြီနော်... လွမ်းနေခဲ့တာ"
ရတနာစေတီတောင်ထွတ်ရှိ ရေတံခွန်လိုဏ်ဂူထဲတွင် ချူလျန်သည် ကျန်းရှောင်ပိုင်နှင့် ထပ်မံ တွေ့ဆုံလိုက်ရသည်။
သူမသည် ရိုးရှင်းသော လက်ဝကျယ်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို ခပ်မြင့်မြင့် စည်းနှောင်ထားကာ နားသယ်စပ်မှ ဆံနွယ်များသည် တိမ်တိုက်ကဲ့သို့ လှိုင်းတွန့်နေလေ၏။
မျက်ခုံးနှင့် မျက်လုံးများအကြားတွင် မြင်လိုက်တိုင်း အံ့သြမှင်သက်သွားစေနိုင်သော အလှတရားများ ရှိနေဆဲပင်။
ယခင်နှစ်ကြိမ်က တွေ့ဆုံမှုများနှင့် နှိုင်းယှဉ်လျှင် သူမသည် ချူလျန်၏ ရှေ့တွင် အတော်လေး ပွင့်လင်းလာပြီ ဖြစ်သည်။
နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြောလိုက်ချေသည်။ "ဟွန့်... နင်က နတ်ဘုရားစွမ်းရည်တွေ သင်ချင်နေတာပဲ ငါ မြင်နေရတယ်…"
"အဲဒါက စီနီယာအစ်ကို၊ အစ်မတွေရဲ့ ခြေရာကို မီအောင် လိုက်ချင်လို့ပါ.." ချူလျန်က မျက်နှာထားမပျက် ပြောလိုက်သည်။
"ရပြီ.. တော်လောက်ပြီ..." ကျန်းရှောင်ပိုင် အနည်းငယ် လေးနက်သွားပြီး "ဒီနေ့ ငါ နင့်ကို နည်းနည်း ခက်ခဲတာတစ်ခု သင်ပေးမယ်... ပြင်ဆင်ထားပေတော့.."
"ကောင်းပါပြီ…" ချူလျန် ခေါင်းညိတ်လိုက်သည်။
အမှန်စင်စစ်အားဖြင့်မူ ပြီးခဲ့သည့် အကြိမ်တုန်းက ချူလျန်ကို ဓားတစ်ရာတံဆိပ် သင်ပေးပြီးနောက် နတ်သမီးကျန်းတစ်ယောက် မိမိကိုယ်ကို သံသယဝင်ခြင်းအား ခေတ္တမျှ ခံစားလိုက်ရသည်။
ချူလျန်၏ ပါရမီ မြင့်မားခြင်းသည် သူမအတွက် ကောင်းမွန်သော ကိစ္စဖြစ်သည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ရှုတောင်ဂိုဏ်းအတွက် အလားအလာရှိသော ပါရမီရှင်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ၏ ပါရမီ လွန်ကဲစွာ မြင့်မားနေခြင်းက သူမကို စိတ်မသက်မသာ ဖြစ်စေပြန်သည်။
ယခင်က သူမသည် မိမိကိုယ်ကို ထိပ်တန်းပါရမီရှင်ဟု ယူဆထားခဲ့သည်။ ထိုအချက်ကြောင့် မာန်မာန မကြီးသော်လည်း စိတ်ထဲတွင် မိမိကိုယ်ကို ယုံကြည်မှု ရှိခဲ့ပြီး ခေတ်ပြိုင် ပါရမီရှင်များထက် မနိမ့်ကျဟု ယူဆခဲ့သည်။
သို့သော် ချူလျန်က ဓားတစ်ရာတံဆိပ်ကို နှစ်ကြိမ်တည်းဖြင့် သင်ယူတတ်မြောက်သွားသော အံ့ချီးဖွယ်လုပ်ရပ်ကို မြင်တွေ့လိုက်ရသောအခါ သူမ သံသယ ဖြစ်လာမိတော့သည်။
တစ်ရက်တိုင် အချိန်ယူခဲ့ရသော သူမသည် နှိုင်းယှဉ်ကြည့်လျှင် အလွန်တရာ သာမန်ဆန်လွန်းနေပြီ မဟုတ်ပါလော...။
ကျင့်ကြံသူများအတွက် ယုံကြည်မှု ဆိုသည်မှာ ကြီးမားသော ကိစ္စလည်း ဖြစ်နိုင်သလို သေးငယ်သော ကိစ္စလည်း ဖြစ်နိုင်ပေသည်။ ကြီးကြီးမားမား ပြောရလျှင် တာအိုစိတ်အခြေအနေကို ထိခိုက်စေနိုင်၏။
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ကျန်းရှောင်ပိုင်သည် သူမ၏ တာအိုစိတ်အခြေအနေကို အတုန်လှုပ်မခံနိုင်ဟု ဆုံးဖြတ်လိုက်သည်။
ချူလျန်သည် ဓားတစ်ရာတံဆိပ်ကို အလွယ်တကူ သင်ယူနိုင်ခဲ့ခြင်းမှာ သူ ထိုပညာရပ်ကို နောက်ကျမှ သင်ယူခြင်းကြောင့် ဖြစ်နိုင်သလို၊ သို့မဟုတ် သူသည် ထိုကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုးနှင့် သင့်လျော်သောကြောင့်လည်း ဖြစ်နိုင်လောက်သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူမသည် ချူလျန်ကို အလွန်တရာ ခက်ခဲသော နတ်ဘုရားစွမ်းရည်တစ်ခု သင်ပေးရန် ပြင်ဆင်ထားပြီး သူ၏ အရည်အချင်းအစစ်အမှန်ကို ကောင်းစွာ စမ်းသပ်ကြည့်မည်ဟု စိတ်ကူးထားလေသည်။
"အဆောင်ဓားသိုင်း..."
ချူလျန် ထိုအမည်ကို ကြားလိုက်ရသောအခါ အနည်းငယ် ကြောင်အမ်းသွားမိသည်။
မကြားဖူးသောကြောင့် မဟုတ်ဘဲ၊ ထိုသိုင်းကွက်သည် အလွန် ကျော်ကြားလွန်းသောကြောင့်သာ ဖြစ်၏။
ဓားတစ်ရာတံဆိပ်ကဲ့သို့သော နတ်ဘုရားစွမ်းရည်များသည် ရှုတောင်ဂိုဏ်း သီးသန့်ပိုင်ဆိုင်ခြင်း မဟုတ်ဘဲ ပြင်ပမှ သာမန် ဓားကျင့်ကြံသူများလည်း တတ်မြောက်နိုင်သည်။
သို့သော် အဆောင်ဓားသိုင်းသည် ရှုတောင်ဂိုဏ်း၏ ရှေ့ဆောင်များ တီထွင်ခဲ့သော ရှုတောင်၏ စစ်မှန်သော လျှို့ဝှက်သိုင်းပညာ ဖြစ်သည်။
ရှုတောင်ဂိုဏ်းတွင် ရွှေအမြုတေအဆင့် တပည့်များအတွက် မသင်မနေရ သင်ခန်းစာ ဖြစ်သော်လည်း၊ ပုံမှန်အားဖြင့် ဓာတ်ကြီးငါးပါးအဆင့် တပည့်များမှသာ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်ကြသည်။
ပထမ အဆင့် (၃)ဆင့်ရှိ တပည့်များအနေဖြင့်မူ ဤအရာကို သင်ယူရန် လုံးဝ ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စောလွန်းနေသေးသလို၊ သင်ယူလျှင်လည်း တတ်မြောက်နိုင်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။
'ဆရာမကျန်းက ငါ့ကို ဒီလောက်တောင် အထင်ကြီးနေတာလား...'
ကျန်းရှောင်ပိုင်သည် သူ၏ အံ့သြနေသော မျက်နှာထားကို မြင်သောအခါ အနည်းငယ် ပြုံးလိုက်ပြီး မေးလိုက်သည်။ "ဘယ်လိုလဲ... ကောင်းကောင်း သင်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိလား…"
"ဆရာမကျန်း သင်ပေးမှတော့ ကျုပ် သေချာပေါက် ယုံကြည်မှု ရှိတာပေါ့.." ချူလျန်သည် လူမှုဆက်ဆံရေးကို အမြဲတစေ အလေးထား၏။
"အဆောင်ဓားသိုင်းက နက်နဲပြီး သင်ယူရခက်တယ်လို့ ပြောကြပေမဲ့ အင်မော်တယ်ပညာရပ်တွေနဲ့ မတူဘူး… မဟာတာအို သဘောတရားတွေကို သဘောပေါက်နားလည်ဖို့ မလိုအပ်သလို၊ အရမ်းမြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့် ရှိဖို့လည်း မလိုအပ်ဘူး… ဒါကြောင့် ဝိညာဉ်အသိအမြင်အဆင့် ဆိုရင်လည်း တတ်မြောက်နိုင်ပါတယ်…" ကျန်းရှောင်ပိုင်က ရှင်းပြလိုက်သည်။
တပြိုင်နက်တည်းမှာပင် စိတ်ထဲ၌ 'သီအိုရီအရ ဆိုရင်ပေါ့' ဟု တိတ်တဆိတ် ဖြည့်စွက်လိုက်ချေသည်။
ချူလျန် ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင်မူ ဆရာမကျန်း၏ အတန်းငယ်လေးသည်ကား တစ်ဖန်ပြန်စလေပြီ။
အဆောင်ဓားသိုင်း နတ်ဘုရားစွမ်းရည်၏ သဘောတရားမှာ နားလည်ရန် မခက်ခဲလှပေ။
ဓားပျံသိုင်းအား မထုတ်ဖော်မီ ဓားဖြင့် အဆောင်ရေးဆွဲကာ လေထဲတွင် ဝိညာဉ်သွင်းလိုက်ခြင်းသာ ဖြစ်သည်။ ဤနည်းအားဖြင့် ထုတ်ဖော်လိုက်သော ဓားပျံတွင် မူလအဆောင်စွမ်းအား ပါရှိသွားပေမည်။
ဓားချီနှင့် အဆောင်တို့ ပေါင်းစပ်လိုက်ခြင်းဖြင့် သတ်ဖြတ်နိုင်စွမ်းမှာ အလွန်ပင် ပြင်းထန်လာသည်။
ထို့အပြင် စွမ်းအား လုံလောက်ပါက ဓားသိုင်းတစ်ခုတည်းတွင် အဆောင်များစွာ ထည့်သွင်းနိုင်ပြီး ဆယ်ဆောင်ဓား၊ ရာဆောင်ဓား ဖြစ်လာနိုင်သည်။
ရှေးယခင်က ရှုတောင်ဂိုဏ်းမှ ဓားသိုင်းပါရမီရှင်တစ်ဦးသည် ဓားတစ်သောင်းတံဆိပ်နှင့် အဆောင်ဓားသိုင်းကို ပေါင်းစပ်ပြီး ဓားတစ်ကွက်တည်းဖြင့် အဆောင်ဓားတစ်သောင်း ထုတ်ဖော်နိုင်ခဲ့သည်ဟု ဆိုကြသည်။
ဓားသည် ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်နိုင်ပြီး ချီစွမ်းအင်သည် ပြည်နယ်ကိုးခုကို တုန်လှုပ်စေကာ တောင်များနှင့် ပင်လယ်များကို ဖျက်ဆီးနိုင်သော အထွတ်အထိပ် စွမ်းအား ရှိလေသည်။
ထိုအဆင့်ထိ ကျင့်ကြံထားသော အဆောင်ဓားသိုင်းသည် အင်မော်တယ်ပညာရပ်များထက် မနိမ့်ကျချေ။
ချူလျန် ကြားလိုက်ရသောအခါ စိတ်အားထက်သန်သွားမိသည်။
ထို့နောက်…
ကျန်းရှောင်ပိုင်၏ မေးခွန်းတစ်ခုက သူ့ကို စိတ်အားထက်သန်မှု ပြန်လည် ရုပ်သိမ်းသွားစေတော့သည်။
"နင် အဆောင် ရေးဆွဲတတ်လား…"
"ဟင်အင်း..."
ချူလျန် ခေါင်းခါလိုက်သည်။
သူ၏ ဇဝေဇဝါဖြစ်နေသော ပုံစံကို မြင်သောအခါ ကျန်းရှောင်ပိုင် စိတ်ထဲတွင် ကျိတ်၍ ဝမ်းသာသွားသည်။
ထိုစဉ်က သူမသည် ရွှေအမြုတေအဆင့်ကို ရောက်မှသာ အဆောင်ဓားသိုင်းကို လေ့ကျင့်ခဲ့ပြီး အဆောင်ရေးဆွဲခြင်း လုပ်ငန်းစဉ်ကို ကျွမ်းကျင်ပြီးသား ဖြစ်၏။ ထို့ကြောင့် (၁၂)ရက်တည်းဖြင့် အဆောင်ဓားသိုင်းကို တတ်မြောက်ခဲ့ပြီး ရှုတောင်ဂိုဏ်း၏ လက်ရှိမျိုးဆက်တွင် အမြန်ဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့သည်။
ချူလျန်မှာမူ အရာရာ စလုံးရေစမှ စတင်ရမည့်ပုံ ပေါက်နေသဖြင့် (၁၂)ရက် ဆိုသည်မှာ သေချာပေါက် မဖြစ်နိုင်ပေ။ ထိုအချိန်ကာလသည် အဆောင်ရေးဆွဲခြင်းကို သင်ယူရန်ပင် ခက်ခဲနိုင်သည်။
ကြည့်ရသည်မှာ ဤတစ်ခေါက်တော့ သူမ နိုင်တော့မည့်ပုံပင်။
သို့သော် ထိုအတွေးကြောင့် ပျော်ရွှင်နေမိသည်ကို သတိပြုမိလိုက်သောအခါ သူမ ရုတ်တရက် သံသယ ဖြစ်သွားမိသည်။
‘ဟမ်... ငါ ဘာလို့ ဒီကိစ္စကို ဒီလောက် ဂရုစိုက်နေရတာလဲ... သူက ဝိညာဉ်အသိအမြင် အလယ်အလတ်အဆင့် ဂျူနီယာမောင်လေး တစ်ယောက်ပဲလေ... ငါနိုင်တာက သဘာဝကျတာပဲ မဟုတ်ဘူးလား...'
ထိုသို့ တွေးမိပြီး သူမကိုယ်သူမ ပြန်လည် တည်ငြိမ်အောင် သတိပေးလိုက်သည်။
ချူလျန်သည် ကျန်းရှောင်ပိုင်၏ မျက်လုံးများထဲတွင် အလင်းရောင်များ ပြောင်းလဲနေသည်ကို ကြည့်ရင်း သူမ ဘာတွေ တွေးနေမှန်း မသိသဖြင့် ပျားဝတ်ရည်လက်ဖက်ရည် တစ်ဘူး ကမ်းပေးလိုက်သည်။
"ဆရာမကျန်း ရှင်းပြရတာ ပင်ပန်းနေပါပြီ... ရေနည်းနည်း သောက်လိုက်ပါဦး… ဒါက ကျုပ် တောင်အောက်မှာ ဝယ်လာတဲ့ အဖျော်ယမကာပါ… အရသာ အရမ်းကောင်းတယ်"
"အမ်..." ကျန်းရှောင်ပိုင်သည် ပျားဝတ်ရည်လက်ဖက်ရည်ကို ယူလိုက်ပြီး တစ်ငုံသောက်ကြည့်ရာ ချက်ချင်း မျက်လုံးများ အရောင်တောက်လာသည်။ "တကယ် အရသာ ရှိတာပဲ…"
သူမ ပျော်ရွှင်နေသော ပုံစံကို ကြည့်ရင်း ချူလျန်သည် ယခင်က ဆရာသခင်၏ မှတ်ချက်ကို ပြန်သတိရသွားပြီး ဤကဲ့သို့ ချိုမြိန်သော အဖျော်ယမကာမျိုးကို အမျိုးသမီးများ အလွန် နှစ်သက်ကြပုံရသည်ဟု ခံစားလိုက်ရသည်။
သူ့ခေါင်းထဲတွင် ရုတ်တရက် အကြံဉာဏ်တစ်ခု ပေါ်လာချေသည်။
"ဆရာမကျန်း ကြိုက်တယ်ဆိုရင် နောက်ကျရင် ကျုပ် မကြာခဏ ယူလာပေးပါ့မယ်... ဒါပေမဲ့..." သူ မေးလိုက်သည်။
"ကျုပ်ကို အကူအညီလေးတစ်ခု ပေးနိုင်မလား…"