← Chapters

နွေဦး၏ ပထမဆုံး သစ်သီးလက်ဖက်ရည်

Vol. 6 Ch. 59

နွေဦး၏ ပထမဆုံး သစ်သီးလက်ဖက်ရည်

Vol. 6 Ch. 59

လက်ပံနီတောင်ထွတ်...။

တောင်ထိပ်တွင် တစ်နှစ်ပတ်လုံး ပွင့်လန်းနေသော လက်ပံနီပန်းများကြောင့် ထိုအမည်ကို မှည့်ခေါ်ထားခြင်း ဖြစ်၏။

ဤတောင်ထွတ်ပေါ်တွင် ကွင်းပြင်တစ်ခု ရှိပြီး ယခင်က တောင်စောင့်နတ်ဘုရားကို ဆုတောင်းပူဇော်ရာ ယစ်ပုလ္လင် ဖြစ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် စွန့်ပစ်ထားခဲ့သည်။ ဘေးတစ်ဖက်တစ်ချက်တွင် စွန့်ပစ်ထားသော အဆောက်အအုံများ ရှိပြီး လမ်းများမှာ သပ်ရပ်သန့်ရှင်းလေသည်။

နောက်ပိုင်းတွင် ရှုတောင်တပည့်များက ဤနေရာတွင် ဈေးဆိုင်များ လာရောက် ခင်းကျင်းကြသဖြင့် ကြာလာသောအခါ ကုန်စုံဈေးတန်းလေး တစ်ခု ဖြစ်လာပြီး လက်ပံနီဈေးတန်းဟု ခေါ်ဆိုကြသည်။

ဈေးနှုန်းကြီးမြင့်ပြီး ပုံသေဖြစ်သော ဂိုဏ်း၏ ခန်းမဆောင်များနှင့် နှိုင်းယှဉ်လျှင် လက်ပံနီဈေးတန်းရှိ ပစ္စည်းများသည် တပည့်များကိုယ်တိုင် ရောင်းချကြခြင်း ဖြစ်သဖြင့် ပိုမို စုံလင်ပြီး ညှိနှိုင်းရလွယ်ကူသည်။

အလိမ်ခံရနိုင်သလို တန်ဖိုးကြီးပစ္စည်းကို ဈေးပေါပေါနှင့် ရရှိနိုင်ခြေလည်း ရှိသဖြင့် ရှုတောင်တပည့် အများအပြားသည် ပစ္စည်းမဝယ်လျှင်တောင်မှ ဤနေရာသို့ လာရောက် လမ်းလျှောက်လေ့ ရှိကြသည်။

သို့သော် ချူလျန်အတွက်မူ ပထမဆုံးအကြိမ် လာရောက်ဖူးခြင်း ဖြစ်ပေသည်။

ဈေးတန်းလေးထဲသို့ ဝင်လိုက်သည်နှင့် လမ်းဘေးတစ်ဖက်တစ်ချက်တွင် ကြီးကြီးငယ်ငယ် ကော်ဇောများ ခင်းထားသည်ကို တွေ့လိုက်ရသည်။ ကော်ဇောပေါ်တွင် ရောင်းချသော ပစ္စည်းမျိုးစုံ တင်ထားပြီး ဆေးလုံးများ၊ မှော်ဝင်ကိရိယာများနှင့် ကိုယ်တိုင်ရေးဆွဲထားသော အဆောင်လက်ဖွဲ့များ ပါဝင်သည်။

အရည်အသွေး ကောင်းမွန်မှုမှာ ကွဲပြားခြားနားပြီး ခန်းမဆောင်များလောက် အာမခံချက် မရှိပေ။

ဝိညာဉ်အိမ်မွေးတိရစ္ဆာန် ရောင်းချသူများလည်း ရှိပြီး ဤအရာများသည် ဂိုဏ်းခန်းမဆောင်များတွင် ဝယ်ယူ၍ မရနိုင်ပေ။

လူအချို့က ဝိညာဉ်ခွေးများကို ရောင်းချနေကြပြီး အမည်း၊ အဖြူ၊ အကွက် စသည့် ခွေးပေါက်လေးများသည် ချစ်စဖွယ်ကောင်းစွာ စုဝေးနေကြသည်။

လူများက မေးမြန်းသည့်အခါတိုင်း ဆိုင်ရှင်က ဝိညာဉ်ခွေးများ၏ ပါရမီကို သရုပ်ပြလေ့ရှိသည်။

စားစရာတစ်ခုခု ထုတ်ယူပြီး ဝိညာဉ်ခွေးများကို အနံ့ခံခိုင်းလိုက်လျှင် နောက်ပိုင်း မည်သည့်နေရာတွင် ဝှက်ထားသည်ဖြစ်စေ ၎င်းတို့ ရှာဖွေနိုင်ကြသည်။

ဤခြေရာခံနိုင်သော အကွာအဝေးမှာ မိုင် (၁၀၀)အတွင်း ဖြစ်ပြီး ဝိညာဉ်ခွေးများ ကြီးပြင်းလာသည်နှင့်အမျှ အနာဂတ်တွင် ခြေရာခံနိုင်သော အကွာအဝေးသည် မိုင် (၁၀၀၀)အထိ ကျယ်ပြန့်လာနိုင်သည်။

လူအချို့က အခြားပစ္စည်းများဖြင့် စမ်းသပ်ချင်ကြသော်လည်း ဆိုင်ရှင်က လက်ကာပြပြီး "စားစရာ မဟုတ်ရင် အလုပ်မဖြစ်ဘူး… ရှာမတွေ့တာ မဟုတ်ဘူး၊ သူတို့က ရှာဖို့ စိတ်မဝင်စားကြတာ…" ဟု ပြောလေ့ရှိသည်။

အခြား ဆိုင်တစ်ဆိုင်တွင် မှော်ဝင်ကိရိယာ ကြေးမုံပြင်တစ်ခု တင်ထားပြီး အလွန်ပင် ထူးခြားဆန်းပြားလှသည်။

"မှော်ကြေးမုံ... မှော်ကြေးမုံ... လောကမှာ ဘယ်သူ အလှဆုံးလဲ ပြောပြပါ…" ဟု မန္တန် ရွတ်ဆိုလိုက်ရုံပင်။

ကြေးမုံပြင်ပေါ်တွင် ကြေးမုံရှေ့ရှိ လူ၏ မျက်နှာ ပေါ်လာပေလိမ့်မည်။

စပ်စုသူ တစ်ယောက်က "ဒါပေမဲ့ မှန်တိုင်းက မျက်နှာပေါ်တာပဲ မဟုတ်ဘူးလား…" ဟု မေးလိုက်သည်။

ဆိုင်ရှင်က ခေါင်းညိတ်ပြီး "ဒီမှော်ဝင်ကိရိယာရဲ့ ထူးခြားချက်က မင်း မမေးရင် ပေါ်မလာတာပဲ…"

"ဒါဆို သုံးစားမရတဲ့ အလကားကြေးမုံကြီးပဲ မဟုတ်ဘူးလား…"

"ဘာစကား ပြောတာလဲ… သွား သွား သွား... မဝယ်ရင် မကြည့်နဲ့…"

"..."

နောက်ထပ် ဆိုင်ရှင်တစ်ယောက်က "ရတနာဖျောက်သပိတ်" ဟု ခေါ်သော သပိတ်အစုတ်တစ်ခုကို ရောင်းချနေလေသည်။

မည်သည့် ရတနာမဆို ဝိညာဉ်စွမ်းအင် ပါဝင်နေသရွေ့ ဤသပိတ်ထဲသို့ ပစ်ထည့်လိုက်လျှင် ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်၏။

စပ်စုသူ တစ်ယောက်က ရှေ့တက်ပြီး စမ်းသပ်ကြည့်ရာ ကျောက်တုံးတစ်တုံး ပစ်ထည့်လိုက်သော်လည်း ဘာမှ မဖြစ်ပေ။ ဓားဒင်္ဂါးတစ်ပြား ပစ်ထည့်လိုက်သောအခါ ချက်ချင်း ပျောက်ကွယ်သွားချေသည်။

စပ်စုသူက အံ့သြသွားပြီး ဓားဒင်္ဂါးကို ပြန်ပေးရန် ဆိုင်ရှင်ကို ပြောလိုက်ရာ ဆိုင်ရှင်က လက်နှစ်ဘက်ဖြန့်ပြပြီး ဘယ်ရောက်သွားမှန်း မသိကြောင်း ပြန်ဖြေလိုက်သည်။

ထိုလူနှစ်ယောက် ရန်ဖြစ်ကြပြီး စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်မှ တပည့်များက နေရာမှာတင် မောင်းထုတ်လိုက်ကြရသည်။

ဤကဲ့သို့သော နေရာမျိုးတွင် နေ့စဉ် ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသဖြင့် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်က တပည့်များကို အမြဲတမ်း စောင့်ကြပ်စေလွှတ်ထားလေသည်။

...

ချူလျန်တစ်ယောက် စိတ်ဝင်တစား ကြည့်ရှုရင်း တစ်ပတ်လောက် လျှောက်ကြည့်လိုက်သော်လည်း ဝယ်ချင်စရာ ပစ္စည်း မတွေ့ပေ။

မှန်ပေသည်... ဝယ်ချင်လျှင်ပင် သူ့တွင် မည်သည့်ပိုက်ဆံမျှ မရှိချေ။

ထို့နောက် နေရာလွတ် တစ်နေရာကို ရှာတွေ့လိုက်သည်။

သူ ယူလာသော ကော်ဇောတစ်ချပ်ကို ခင်းလိုက်ပြီး အပေါ်တွင် စားပွဲခုံတစ်ခု တင်လိုက်သည်။ လက်ဖက်ရည်ခွက်ငယ် (၆)ခွက် တင်ထားပြီး ဘေးတွင် ပျားဝတ်ရည်လက်ဖက်ရည် တစ်ဘူးကို ထောင်ထားလိုက်သည်။

ပြီးလျှင် ဆိုင်းဘုတ်တစ်ခု ထောင်လိုက်သည်။ စာလုံးကြီးကြီး နှစ်ကြောင်း ရေးထားလေသည်။

[ နွေဦး၏ ပထမဆုံး သစ်သီးလက်ဖက်ရည် ]

[ မြည်းစမ်းနိုင်သည် ]

ဤလက်ပံနီဈေးတန်းတွင် ထူးထူးဆန်းဆန်း ပစ္စည်းများ အမြဲတစေ ရှိတတ်သဖြင့် သူ၏ ဆိုင်သည် ထူးခြားနေသော်လည်း အလွန်အမင်း ထူးခြားသည်တော့ မဟုတ်ပေ။

သို့သော် ဤနေရာတွင် စပ်စုလိုသူများလည်း မနည်းလှသဖြင့်၊ ခဏအကြာတွင် လူအနည်းငယ် လာရောက် မေးမြန်းကြသည်။

"ညီနောင်... ဒါ ဘာရောင်းတာလဲ" လူငယ်တပည့်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"သစ်သီးလက်ဖက်ရည်…" ချူလျန်က ပျားဝတ်ရည်လက်ဖက်ရည်ဘူးကို ညွှန်ပြလိုက်သည်။

"လက်ဖက်ရည်လား... မင်းရဲ့ လက်ဖက်ရည်က ဘာထူးခြားချက် ရှိလို့လဲ…" ထိုလူငယ်တပည့်က ထပ်မေးလိုက်သည်။

"သောက်လို့ ကောင်းတယ်…" ချူလျန် ပြုံးပြီး ပြောလိုက်သည်။

"အမ်..." ထိုလူ ကြောင်သွားပုံရသည်။ "သောက်လို့ ကောင်းရုံပဲလား…"

"သောက်လို့ကောင်းပြီး လူကို ဝမလာစေဘူး…" ချူလျန်က ထပ်မံ ဖြည့်စွက်ပြောလိုက်သည်။

"..." ထိုလူက ထူးဆန်းသည်ဟု ထင်မြင်နေပုံရသည်။

"မြည်းစမ်းကြည့်လို့ ရပါတယ်…" ချူလျန်က သူ့အတွက် လက်ဖက်ရည်ခွက်ငယ် တစ်ခွက် ငှဲ့ပေးလိုက်ပြီး လက်ကမ်းပေးလိုက်သည်။

ကျင့်ကြံသူများသည် လက်ဖက်ရည်ခွက်ကို ကိုင်နေစရာ မလိုပေ။ ထိုတပည့်ကလည်း အားနာမနေဘဲ ပါးစပ်ဟပြီး စုပ်ယူလိုက်ရာ ရေစီးကြောင်းတစ်ခု ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။

ထို့နောက် နှုတ်ခမ်းသပ်လိုက်ပြီး မျက်လုံးများ အရောင်တောက်သွားချေသည်။

"အင်း... တကယ်ပဲ သောက်လို့ ကောင်းသား.." သူက ချက်ချင်း မေးလိုက်သည်။

"ဘယ်လို ရောင်းလဲ…"

"တစ်ဘူးကို ဓားဒင်္ဂါး တစ်ပြားပါ…" ချူလျန်က ဘေးမှ ပျားဝတ်ရည်လက်ဖက်ရည်ဘူးကို ညွှန်ပြလိုက်သည်။ "ဒီလောက် အကြီးကြီး တစ်ဘူးနော်…"

"ဘာ... ဓားဒင်္ဂါး တစ်ပြားလား…" ထိုတပည့်၏ မျက်နှာအမူအရာမှာ သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။

"ဓားဒင်္ဂါး တစ်ပြားနဲ့ မင်းရဲ့ သကြားရည်တစ်ဘူးကို ဝယ်ရမယ် ဟုတ်လား… မင်း သွားလုတာကမှ ပိုကောင်းဦးမယ်… ဟမ့်…"

"ဟူး..." ချူလျန် ပြုံးပြီး ခေါင်းခါလိုက်သည်။ သူ့ကို ပြန်လည် ငြင်းခုံခြင်း မပြုပေ။

ထိုလူငယ်တပည့်က သူ့ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ပြီး ဆဲဆိုလျက် ထွက်ခွာသွားတော့သည်။

ဤကဲ့သို့ နှစ်ယောက် သုံးယောက်ခန့် လာကြသော်လည်း အခြေခံအားဖြင့် လုပ်ငန်းစဉ်မှာ အတူတူပင် ဖြစ်သည်။

တကယ်တမ်းတွင် သူတို့ အံ့သြသွားကြသည်မှာ မဆန်းပေ။ ဓားဒင်္ဂါးသည် ရှုတောင်ဂိုဏ်းအတွင်း အလွန် တန်ဖိုးရှိနေဆဲ ဖြစ်သည်။

ယခင်က ဖော်ပြခဲ့သလို ဝိညာဉ်အသိအမြင်အဆင့် တပည့်တစ်ဦးသည် တာဝန်များကို မည်မျှပင် မကြာခဏ ထမ်းဆောင်စေကာမူ တစ်လလျှင် ဓားဒင်္ဂါး (၁၀၀)ခန့်သာ ဝင်ငွေရှိသည်။ ပုံမှန်ဆိုလျှင် ထိုမျှလောက်ပင် မရနိုင်ပေ။

ရွှေအမြုတေအဆင့် တပည့်များက အနည်းငယ် ပိုများသော်လည်း အကန့်အသတ် ရှိနေဆဲပင်။

ပုံမှန်အားဖြင့် ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များ၊ မှော်ဝင်ကိရိယာများ၊ ဓားပျံများ...

စသည့် ပစ္စည်းကိရိယာများကို ကိုယ်တိုင် ဝယ်ယူရာတွင် လုံလောက်သည်ဟူ၍ မရှိပေ။

ဓားဒင်္ဂါး တစ်ပြားပေးပြီး သောက်လို့ကောင်းရုံမှတပါး အခြား အကျိုးသက်ရောက်မှု မရှိသော အဖျော်ယမကာကို ဝယ်ယူခြင်းသည် အမှန်တကယ်ပင် အနည်းငယ် ဇိမ်ခံလွန်းရာ ရောက်နေသည်။

သို့သော် ချူလျန် မလောပေ။ ဤအတိုင်းသာ ဆက်ထိုင်နေလိုက်သည်။

ခဏအကြာတွင် ရှေ့ဘက်မှ ရုန်းရင်းဆန်ခတ်ဖြစ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ပိုမို ကျယ်လောင်လာကာ တဖြည်းဖြည်း နီးကပ်လာလေသည်။

"နတ်သမီးကျန်း လာနေပြီ..."

အော်သံများ ကြားလိုက်ရမှသာ လူအများ ဘာဖြစ်နေသည်ကို သိရှိလိုက်ကြပြီး ချက်ချင်းဆိုသလို လှမ်းကြည့်လိုက်ကြသည်။

ဟုတ်ပေသည်...

ဟိုတစ်ဘက်တွင် ကြယ်များ ဝန်းရံထားသော လမင်းကဲ့သို့ လူတစ်ယောက်က ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်ရသည်။

ကျန်းယွဲ့ပိုင်...။

လူတစ်ယောက် ရောက်ရှိလာခြင်းကြောင့် လက်ပံနီဈေးတန်းတစ်ခုလုံး ရုတ်တရက် ဆူညံပွက်လောရိုက်သွားသည်။

နတ်သမီးကျန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ပုံမှန်အားဖြင့် ဤနေရာသို့ လာလေ့ မရှိပေ။

အဘယ်ကြောင့်ဆိုသော် သူမသည် ကျင့်ကြံခြင်း အရင်းအမြစ်များ ပြတ်လပ်နေမည် မဟုတ်သဖြင့် ဤနေရာသို့ လာရောက် လည်ပတ်စရာ အကြောင်းမရှိပေ။ ထို့အပြင် ဤကဲ့သို့ လူများသော နေရာသို့ လာရောက်ခြင်းသည် သေချာပေါက် ဝိုင်းဝန်းကြည့်ရှုခြင်းကို ခံရမည်ဖြစ်သဖြင့် ပုံမှန်အားဖြင့် သူမ ရှောင်ရှားလေ့ ရှိသည်။

သို့သော် ယနေ့တွင် မည်သို့ဖြစ်သည်မသိ ကျန်းယွဲ့ပိုင်သည် လက်ပံနီဈေးတန်းသို့ ရောက်ရှိလာခဲ့ချေသည်။ ထို့အပြင် သူမ၏ ပုံစံမှာ ရည်ရွယ်ချက် တစ်စုံတစ်ရာ ရှိပုံမရဘဲ အရှေ့မှ အနောက်သို့ လမ်းလျှောက်လာရင်း ရိုးရှင်းစွာ လည်ပတ်နေခြင်းသာ ဖြစ်ပုံရသည်။

ဂါဝန်ရှည် ဝတ်ဆင်ထားပြီး နတ်သမီးတစ်ပါးကဲ့သို့ ပျံဝဲနေကာ ကြာပန်းပေါ်တွင် လှမ်းတက်နေသကဲ့သို့ တင့်တယ်လှပနေလေ၏။

သူမ၏ နောက်တွင် အရပ်ရှစ်မျက်နှာမှ လာရောက်ကြသော ရှုတောင်တပည့် အများအပြားသည် အဝေးမှ လိုက်ပါလာကြသည်။ အားလုံးက လေးစားခြင်း၊ ကိုးကွယ်ခြင်း၊ စူးစမ်းခြင်း၊ ယစ်မူးခြင်း စသည့် ပြင်းပြသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။

သို့သော် မည်သူမျှ ရှေ့တိုးပြီး စကားမပြောရဲကြပေ။

ကျန်းယွဲ့ပိုင်၏ အကြည့်များက ဘေးဘီဝဲယာသို့ ရွေ့လျားနေပြီး ရုတ်တရက် ဤဘက်အခြမ်းတွင် ရပ်တန့်သွားပုံ ရသည်။

ချူလျန်နှင့် သူမ အကြည့်ချင်း ဆုံသွားကြသည်။

ထို့နောက်...

သူမ၏ အေးစက်သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ချူလျန်၏ ပတ်ဝန်းကျင်တွင် တီးတိုး အော်ဟစ်သံများ ချက်ချင်းဆိုသလို ထွက်ပေါ်လာတော့သည်။

"ငါးကောင်တို့... သူမ ငါ့ကို ပြုံးပြလိုက်တာကွ…"

"ဆုတောင်းလေ... ကျန်းကျန်းလေးက ငါ့ကို ပြုံးပြတာ…"

"သွားစမ်းပါကွာ... သူ့ရဲ့အကြည့် လေးပုံသုံးပုံက ငါ့ဆီမှာပဲ ရှိနေတာကွ…"

"..."

“..”

“.”

ရှုပ်ထွေးနေသော အသံများကြားတွင် ကျန်းယွဲ့ပိုင်သည် ချူလျန်၏ ဆိုင်လေးဆီသို့ လျှောက်လာပြီး ညင်သာစွာ ကိုင်းညွှတ်လိုက်ကာ မေးလိုက်သည်။

"ဒါက ဘာလဲ…"

"သစ်သီးလက်ဖက်ရည်" ချူလျန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"မြည်းစမ်းကြည့်လို့ ရတယ်ဆို... ဒါဆို ငါ မြည်းကြည့်မယ်…" ကျန်းယွဲ့ပိုင်က မျက်တောင်ခတ်လိုက်သည်။

ချူလျန်က သူမအတွက် လက်ဖက်ရည်ခွက်ငယ် တစ်ခွက် ငှဲ့ပေးလိုက်သည်။ ကျန်းယွဲ့ပိုင်က လက်ဖက်ရည်ကို စုပ်ယူလိုက်ပြီး ချက်ချင်းပင် ပြုံးလိုက်ကာ ခေါင်းညိတ်လိုက်သည်။

"အင်း... အရသာ မဆိုးဘူးပဲ…"

"အစ်မကျန်း တစ်ဘူးလောက် ယူမလား…" ချူလျန် မေးလိုက်သည်။

"ငါ့ကို တစ်ဘူးပေး... နေဦး... နှစ်ဘူး ပေး" ကျန်းယွဲ့ပိုင်က ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ…" ချူလျန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

တပြိုင်နက်တည်းမှာပင် သိမ်မွေ့သော်လည်း ကျယ်လောင်သော အသံဖြင့်

"ဒုတိယတစ်ဘူးယူရင် တစ်ဝက်ဈေးပဲဗျ…"

All Chapters