သူ နေ့တိုင်း လာလိမ့်မယ်လို့ ငါ မယုံဘူး
Vol. 6 Ch. 60
ကျန်းယွဲ့ပိုင် ထွက်ခွာသွားပြီးနောက် ဂယက်ရိုက်ခတ်မှုများမှာ အချိန်အတော်ကြာသည့်တိုင် ငြိမ်သက်သွားခြင်း မရှိပေ။
ချူလျန်၏ ဆိုင်လေးရှေ့တွင် လူများ ပြည့်ကျပ်နေပြီ ဖြစ်သည်။
ကျန်းနတ်သမီးကို ပြုံးရွှင်စေခဲ့သော အဖျော်ယမကာကို မြည်းစမ်းကြည့်လိုသူ အများအပြား ချက်ချင်းဆိုသလို ပေါ်ပေါက်လာခဲ့သည်။ ချူလျန်သည် အားလုံးကို ဦးရာသူစနစ်ဖြင့် တန်းစီခိုင်းပြီးမှ တစ်ဘူးချင်းစီ ရောင်းချပေးလိုက်သည်။
ချမ်းသာသူတစ်ယောက်က လက်ဝှေ့ယမ်းပြီး "ညီလေး... မင်းဆီမှာ ဘူးဘယ်လောက်ရှိလဲ... ငါ အကုန် သိမ်းကျုံး ဝယ်လိုက်မယ်…"
ချူလျန် အပြုံးဖြင့် ငြင်းပယ်လိုက်သည်။ "တောင်းပန်ပါတယ် စီနီယာအစ်ကို... တစ်ယောက်ကို တစ်ရက်မှာ နှစ်ဘူးပဲ ရောင်းပေးပါတယ်…"
ဘူး (၂၀)ကျော် ရောင်းချပြီးနောက် အနောက်တွင် တန်းစီနေသူ အများအပြား ရှိနေသေးသည်။
ချူလျန် မတ်တတ်ရပ်လိုက်ပြီး အနောက်မှ လူများကို ဦးညွှတ်လိုက်ကာ "တောင်းပန်ပါတယ် အားလုံးပဲ... ဒီနေ့ သစ်သီးလက်ဖက်ရည် ကုန်သွားပါပြီ… ဝယ်ချင်သေးရင် မနက်ဖြန် စောစော လာခဲ့ကြပါ…"
"ဟာ..." အနောက်မှ မကျေနပ်သံများ ထွက်ပေါ်လာသည်။
ထိုသို့ ဖြစ်သွားသောအခါ ဝယ်ယူရရှိသွားသူများက ပို၍ ပျော်ရွှင်သွားကြသည်။
နည်းနည်းချင်း စုပ်ယူသောက်သုံးရင်း တကယ့်ကို လူ့လောက၏ အစားအစာကောင်း ဖြစ်ကြောင်း ချီးကျူးနေကြတော့သည်။
ဖောက်သည်များ မကျေမနပ် ဖြစ်နေကြသော်လည်း ချူလျန်သည် တည်ငြိမ်စွာပင် ဆိုင်ခင်းကျင်းထားသည်များကို သိမ်းဆည်းပြီး ဖြည်းညင်းစွာ ထွက်ခွာလာခဲ့သည်။
မတတ်နိုင်ပေ။ ပြီးခဲ့သည့်တခေါက်က သတ်ခဲ့သော အဆိပ်ပျား အရေအတွက်သည် ဤမျှလောက်သာ ရှိသည်။
ဤအဆိပ်ပျားများသည် သူ့အတွက် ဓားဒင်္ဂါး (၂၀) အမြတ်အစွန်း ရရှိစေခဲ့သည်။ တွက်ချက်ကြည့်လျှင် ချီစုစည်းဆေးလုံးထက်ပင် ပို၍ တန်ဖိုးရှိသည်။
ထို့ကြောင့် တစ်ကောင်လျှင် ချီစုစည်းဆေးလုံး တစ်လုံးနှင့် ညီမျှသော မီးအိမ်မိစ္ဆာနှင့် နှိုင်းယှဉ်လျှင် အဆိပ်ပျား၏ တန်ဖိုးက သေချာပေါက် ပိုမို မြင့်မားနေလေသည်။
ချူလျန်သည် ယခင်က မလေးမစား လုပ်ခဲ့မိသည့်အတွက် စိတ်ထဲမှ တိတ်တဆိတ် တောင်းပန်လိုက်မိသည်။
'အဆိပ်ပျားလေးတွေက မီးအိမ်မိစ္ဆာထက် ပိုမိုက်တာပဲ...'
ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် သေချာပေါက် ချူလျန်၏ အစီအစဉ်များသာ ဖြစ်ပေ၏။
ဆရာသခင်နှင့် ကျန်းယွဲ့ပိုင်တို့ နှစ်ဦးစလုံး ပျားဝတ်ရည်လက်ဖက်ရည်ကို အလွန် နှစ်သက်ကြသည်ကို တွေ့ရသဖြင့်၊ ဤပစ္စည်း၏ ဈေးကွက်သည် သူ ထင်ထားသည်ထက် ပိုမို ကျယ်ပြန့်သင့်ကြောင်း ရုတ်တရက် စဉ်းစားမိလိုက်ခြင်း ဖြစ်သည်။
သို့သော် ဤပစ္စည်းသည် အမြောက်အမြား ထုတ်လုပ်၍ မရနိုင်ပေ။ ပိုက်ဆံရှာချင်လျှင် တစ်ခုချင်းဈေးနှုန်းကို ပိုမို ကြီးမြင့်အောင် ရောင်းချမှသာ ရပေလိမ့်မည်။
သို့သော် ပစ္စည်းသီးသန့်အနေဖြင့် ထိုဈေးနှုန်းနှင့် ရောင်းချ၍ မရနိုင်ပေ။
ဈေးပိုတင်၍ ရောင်းချချင်လျှင် နာမည်ကြီး အနုပညာရှင်တစ်ဦး၏ အကျိုးသက်ရောက်မှု အနည်းငယ်ကို ထည့်ပေါင်းရုံသာ ရှိသည်။
တိုက်ဆိုင်စွာပင် ချစ်စရာကောင်းသော စီနီယာအစ်မကျန်းသည် ရှုတောင်ဂိုဏ်းတွင် ငြင်းပယ်၍ မရနိုင်သော ထိပ်တန်းကြယ်ပွင့် ဖြစ်နေသည်။
ထို့ကြောင့်ပင် ယနေ့ကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သေချာပေါက် ချူလျန်က ကျန်းယွဲ့ပိုင်ကို ကူညီပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်၏။
နေ့စဉ် အကန့်အသတ်ဖြင့် ရောင်းချခြင်းသည်လည်း ဤပစ္စည်းနှင့် တွဲဖက်ပါလာသော မမြင်နိုင်သည့် လူမှုရေးတန်ဖိုးကို မြှင့်တင်ပေးနိုင်ပြီး၊ ဝယ်ယူရရှိသူများကို စိတ်ပိုင်းဆိုင်ရာ သာလွန်မှုတစ်မျိုးကို ဖြစ်ပေါ်စေနိုင်သည်။
'ငါ သဘောကောင်းလွန်းနေသေးတယ်...'
ချူလျန်သည် လက်ထဲရှိ ဓားဒင်္ဂါးများကို ရေတွက်ရင်း ပြန်လည် သုံးသပ်လိုက်မိသည်။
တကယ်တမ်းတွင် သူ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။ တစ်ဘူးကို ဓားဒင်္ဂါး (၁၀)ပြားနှင့် ရောင်းချလျှင်ပင် ကုန်သွားလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ထုတ်လုပ်မှုကို တိုးချဲ့၍ မရနိုင်သဖြင့် ဖောက်သည် အုပ်စုကြီးကြီးမားမားကို ရည်မှန်းရန် မလိုအပ်ပေ။
ဤကဲ့သို့ ရှားပါးပြီး အသုံးမဝင်သော ပစ္စည်းများအတွက် "ဇိမ်ခံပစ္စည်း" ဟူသော အမည်တပ်လိုက်ရုံဖြင့် ဈေးနှုန်း အဆပေါင်း (၁၀)၊ (၁၀၀) ပိုတင်လိုက်လျှင်လည်း ဝယ်ယူမည့်သူ ရှိနေမည်သာ ဖြစ်သည်။
သို့သော် ထိုသို့လုပ်လျှင် ချူလျန် အနည်းငယ် လိပ်ပြာမလုံ ဖြစ်မိပေလိမ့်မည်။
'မျက်ရည်အကျခံပြီး (၂၀)လောက်ပဲ အမြတ်ယူလိုက်ပါတော့မယ်...'
...
လက်ပံနီတောင်ထွတ်မှ ထွက်ခွာလာပြီးနောက် မိုးမချုပ်သေးသဖြင့် ယွမ်ဟွာမြို့သို့ ဓားပျံစီးနင်းပြီး တန်းသွားလိုက်သည်။
ပန်းငှက်ငါးဈေးတန်းသို့ အရင်သွားပြီး ယခင်က အဆိပ်မိထားသော ဆိုင်ရှင်ချန်ကို သွားရောက် ကြည့်ရှုလိုက်သည်။
"အိုက်ယား... သူရဲကောင်းလေးချူ…" ဆိုင်ရှင်ချန်သည် လှုပ်ရှားသွားလာမှု အပြည့်အဝ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သော်လည်း မျက်နှာပေါ်တွင် အညိုအမည်းစွဲနေဆဲသာ ဖြစ်သည်။
"ဆိုင်ရှင်ချန်..." ချူလျန်တစ်ယောက် အံ့သြသွားရသည်။ "အညိုအမည်းတွေ မပျောက်သေးဘူးလား…"
ပန်းတစ်ရာဆေးမှုန့်က အာနိသင်ပြတာ အရမ်းမြန်ပါတယ်...
ပျားဆိပ်က ပြီးခဲ့တဲ့အကြိမ်က ပန်းအဆိပ်ထက် ပိုပြင်းနေလို့များလား...
ယင်းက သူ့ကို အနည်းငယ် အံ့သြသွားစေသည်။
"မဟုတ်ပါဘူး..." ဆိုင်ရှင်ချန် ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။
"ဟိုတလောတုန်းက ကျုပ်မိန်းမက သမားတော် သွားခေါ်နေတုန်း အိမ်ပြန်ရောက်လာတော့ အိမ်ထဲမှာ အနံ့တွေက တစ်မျိုးဖြစ်နေတယ် ဆိုပြီး... သူ့ကိုတောင် မစောင့်နိုင်ဘူးပေါ့လေ ဘာညာနဲ့..."
"ကျုပ်ကို ရိုက်နှက်တော့တာပဲဗျာ..."
"ကျုပ် မတရား ခံရတာပါ သူရဲကောင်းလေးချူ..."
"ကျုပ်က လူလတ်ပိုင်း အရွယ်ရောက်နေပြီ... ဘဝဖိစီးမှုတွေကလည်း များတော့... အစောကြီးကတည်းက..."
"ကျုပ်မှာ အဲဒီလို စွမ်းဆောင်ရည်မျိုး မရှိတော့တာ ကြာပြီလေ..."
အပြစ်ကင်းစင်ကြောင်း တဗြစ်တောက်တောက် ပြောနေသော ဆိုင်ရှင်ချန်ကို ကြည့်ရင်း ချူလျန် စကားမပြောနိုင်ဘဲ ခေါင်းသာ ညိတ်လိုက်မိတော့သည်။
'ခင်ဗျား မတရားခံလိုက်ရတာ သေချာပါတယ်... ကျုပ် နားလည်တယ်... ပန်းတစ်ရာဆေးမှုန့်ရဲ့ ဘေးထွက်ဆိုးကျိုးလို့ပဲ သဘောထားလိုက်ပါတော့...'
"ပြီးတော့ ဟိုကိစ္စ..." ဆိုင်ရှင်ချန်က အားနာပြုံး ပြုံးလိုက်ပြန်သည်။
"အဆိပ်ပြေပြီးရင် ခင်ဗျားအတွက် ရွှေငါးကြင်း သွားဖမ်းပေးမယ်လို့ ပြောထားပေမဲ့... ဒီနေ့မနက် ကျုပ်သွားကြည့်တော့ အဲဒီ အဆိပ်ပျားတွေက တစ်ခါပြန်ပြီး ရောက်နေကြပြန်ပြီ… အဲဒါနဲ့ ကျုပ် မသွားရဲတော့ဘူးဗျာ..."
"ကိစ္စမရှိပါဘူး... ကျုပ်လည်း သူတို့ မရှိ... အဲ... သူတို့ ပြန်ရောက်လာမှာကို စိုးရိမ်လို့ လာကြည့်တာပါ… နောက်တစ်ခါ ရှိနေရင်လည်း ကျုပ် သွားရှင်းလိုက်ပါ့မယ်…" ချူလျန်က နွေးထွေးစွာ ပြောလိုက်သည်။
"ဟူး... ဒီအဆိပ်ပျားတွေက တောက်လျှောက် လာနေရင် ဘယ်လိုလုပ်ရပါ့…" ဆိုင်ရှင်ချန်ခမျာ စိုးရိမ်ပူပန်နေရှာသည်။
'သူ့ဆိုင်က ရွှေငါးကြင်း သီးသန့် ရောင်းချတာ မဟုတ်ပေမဲ့ ကျင်းဟွာမြစ်က ရွှေငါးကြင်းတွေက သူ့ရဲ့ ဆိုင်နာမည်ဂုဏ်သတင်း ဖြစ်နေတာလေ... နောင်ကျ မရှိတော့ဘူးဆိုရင် စီးပွားရေး သေချာပေါက် ထိခိုက်မှာပဲ...' ချူလျန် သဘောပေါက်လိုက်သည်။
"အင်း..." ချူလျန်လည်း လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "တကယ်လို့ သူတို့ တောက်လျှောက် လာနေရင်... ကျုပ်လည်း နေ့တိုင်း သွားရှင်းပေးရုံပဲ ရှိတော့တာပေါ့…"
ဆိုင်ရှင်ချန်ခမျာ ထငိုလုမတတ်ပင် စိတ်လှုပ်ရှားသွားတော့သည်။
"ရှုတောင်ဂိုဏ်းမှာ ခင်ဗျားလို သူရဲကောင်းလေး ရှိတာက ကျုပ်တို့ ယွမ်ဟွာမြို့ ပြည်သူတွေအတွက် ကံကောင်းခြင်းပါပဲဗျာ…"
ချူလျန် ပြုံးလိုက်သည်။ "ယဉ်ကျေးလွန်းနေပါပြီဗျာ…"
'ဒါက ကျုပ်ရဲ့ ကံကောင်းခြင်းလည်း ဟုတ်ပါတယ်...'
...
ချူလျန် ကျင်းဟွာမြစ်ကမ်းဘေးသို့ ထပ်မံ ရောက်ရှိလာသောအခါ ရင်းနှီးနေသော အဆိပ်ပျား ပုံရိပ်များ ပန်းခင်းထဲတွင် ပျံသန်းနေသည်ကို အမှန်တကယ်ပင် ထပ်မံ တွေ့လိုက်ရသည်။
သို့သော် ယခုတစ်ကြိမ် ပြန်ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဌာန်ရှိသည့် ဤအဆိပ်ပျားများသည် ယခင်ကကဲ့သို့ ရုပ်ဆိုးသည်ဟု မထင်ရတော့ဘဲ အနည်းငယ် ချစ်စရာ ကောင်းနေသည်ဟု ထင်ရသည်မှာ အဘယ်ကြောင့်နည်း…။
သူတို့က ပျံသန်းနေသော ဓားဒင်္ဂါးပြားလေးများနှင့်ပင် တူနေလေသည်။
ထို့နောက် ချူလျန်သည် ဓားပျံကို ထုတ်ဖော်လိုက်ပြီး ဤအမည်းရောင် ဆူးပါသော အကောင်ငယ်လေးများကို တစ်ကောင်ချင်းစီ ခုတ်ပိုင်းလိုက်တော့သည်။
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်...
အဆိပ်ပျား အကောင် (၃၀)ခန့် သတ်ဖြတ်ပြီးနောက် ကျင်းဟွာမြစ်ကမ်းဘေးသည် တဖန် ပြန်လည်၍ သန့်ရှင်းသွားပြန်သည်။
ချူလျန်သည် ယမန်နေ့က လမ်းကြောင်းအတိုင်း ထိုတောင်ကြားအနီးတဝိုက်ထိ လိုက်ရှာပြီး အဆိပ်ပျား နှစ်ကောင်ကို ထပ်မံတွေ့ရှိကာ သတ်ဖြတ်လိုက်သည်။
တကွဲတပြား ဖြစ်နေသော အကောင်များကို ရှာမတွေ့တော့မှသာ နှမြောတသစွာဖြင့် ထွက်ခွာလာခဲ့သည်။
သို့သော် သူ မသိလိုက်သည်မှာ သူ ကျင်းဟွာမြစ်ကမ်းဘေးမှ ထွက်ခွာသွားစဉ် ငြိမ်သက်နေသော မြစ်ရေထဲတွင် သူ့ကို စိုက်ကြည့်နေသော မျက်လုံးကြီးတစ်စုံ ရှိနေခြင်းပင် ဖြစ်၏။
ထိုသတ္တဝါမှာ ရေထဲတွင် ငုပ်လျိုးနေပြီး၊ မည်သည့် ဝဲဂယက်ပူပေါင်းကိုမျှ ထစေခြင်းမရှိဘဲ တိတ်တဆိတ် စောင့်ကြည့်နေခြင်းသာ ဖြစ်ပေသည်။
ချူလျန် ထွက်ခွာသွားပြီးမှ ထိုမျက်လုံးကြီးများက ရေထဲသို့ ဗွက်ခနဲ ပြန်မြုပ်သွားလေသည်။
(၃)ပေခန့် ရှည်လျားသော ရောင်စုံရွှေငါးကြင်းတစ်ကောင်သည် အလွန် ထူးခြားဆန်းပြားပြီး ရေလှိုင်းများကို လျင်မြန်စွာ ခွဲထုတ်လျက် မြစ်အောက်ခြေသို့ ကူးခတ်သွားသည်။
မကြာမီ မြစ်အောက်ခြေသို့ ရောက်ရှိသွားတော့သည်။
ရေညှိပင်များအကြားတွင် သဲကျင်းတစ်ခု ရှိနေပြီး သဲကျင်းထဲတွင် ခန္ဓာကိုယ် အရွယ်အစား ပိုကြီးသော ရောင်စုံရွှေငါးကြင်း နောက်တစ်ကောင် ရှိနေချေသည်။
"အစ်မ... အစ်မ..." ပထမ ရောင်စုံရွှေငါးကြင်းက ပါးစပ်ဖွင့်၍ ပူပေါင်းများကို မှုတ်ထုတ်လိုက်ပြီးနောက် လူစကားပင် ပြောလိုက်လေသည်။
"မနေ့က စိတ်ပျက်စရာကောင်းတဲ့ ကျင့်ကြံသူ ထပ်ရောက်လာပြန်ပြီ… အစ်မ ပင်ပင်ပန်းပန်း ဆင့်ခေါ်ထားတဲ့ အဆိပ်ပျားတွေကို သူ အကုန် သတ်သွားပြန်ပြီ…"
"ဘာ... သူ ထပ်လာပြန်ပြီလား…" ပိုကြီးသော ရောင်စုံရွှေငါးကြင်းက ယင်းကိုကြားလိုက်ရသောအခါ လေးနက်စွာ ပြန်ပြောလိုက်သည်။
"ရှုတောင်ဂိုဏ်း ကျင့်ကြံသူတွေက ဘာလို့ ဒီမြစ်ကမ်းဘေးက အဆိပ်ပျားတွေနဲ့ပဲ အကြိမ်ကြိမ် ရန်ဖြစ်ချင်နေရတာလဲ…"
"ဘယ်လိုလုပ်ကြမလဲ... ဘယ်လိုလုပ်ကြမလဲ... ဘယ်လိုလုပ်ကြမလဲဟင်..." ပိုငယ်သော ရောင်စုံရွှေငါးကြင်းက ထိတ်လန့်တကြား မေးလိုက်သည်။ "ညီမတို့ အိမ်ပြောင်းရတော့မှာလား"
"မလန့်ပါနဲ့..." ပိုကြီးသော ရွှေငါးကြင်းက ပြောလိုက်သည်။ "အဲဒီလို ကျင့်ကြံခြင်းအဆင့် ရှိတဲ့ ကျင့်ကြံသူတွေက အလုပ်များကြမှာ သေချာတယ်… သူ မြစ်ကမ်းဘေးကို နေ့တိုင်း လာရှင်းလင်းနေဖို့ဆိုတာ မဖြစ်နိုင်ဘူး… မနက်ဖြန်ကျရင် ငါ အဆိပ်ပျားတွေကို ထပ်ပြီး ဆင့်ခေါ်လိုက်မယ်… အဲဒီ ငါးဖမ်းသမားတွေကို ကျင်းဟွာမြစ်နား လုံးဝ ကပ်ခွင့်မပြုနိုင်ဘူး…"
"အရင်တုန်းကတော့ ထားလိုက်တော့... အခု ငါက တန်ခိုးစွမ်းအားတွေ ကျင့်ကြံရရှိထားပြီ ဆိုတော့... ငါတို့ ရွှေငါးကြင်း မျိုးနွယ်စုကို သေချာပေါက် ကာကွယ်ပေးရမယ်…" ပိုကြီးသော ရွှေငါးကြင်း၏ လေသံမှာ အလွန်ပင် ပြတ်သားနေသည်။
"ဒါပေမဲ့..." ပိုငယ်သော ရွှေငါးကြင်းက စိုးရိမ်နေဆဲပင်။ "တကယ်လို့ သူ နေ့တိုင်း လာနေရင် ဘယ်လိုလုပ်မလဲ…"
"စိတ်ချပါ... အဲဒီ လူသားကျင့်ကြံသူတွေက ကျင့်ကြံရမယ်... အရင်းအမြစ်တွေ သွားလုရမယ်... ဘယ်သူကများ ဒီလောက် အားယားနေမှာလဲ…" ပိုကြီးသော ရွှေငါးကြင်းက နှစ်သိမ့်လိုက်သည်။
"မြစ်ညှာဘက် တောင်ကြားထဲမှာ အဆိပ်ပျားတွေ အများကြီး ရှိသေးတယ်… သူ သတ်လို့ ကုန်မှာ မဟုတ်ဘူး… ငါတို့မှာ လုံလောက်တဲ့ သည်းခံစိတ်သာ ရှိရင်... ကျင်းဟွာမြစ်ကို သေချာပေါက် ကာကွယ်နိုင်မှာပါ…"
"အင်း... အစ်မပြောတာ အဓိပ္ပာယ်ရှိတယ်…" ပိုငယ်သော ရွှေငါးကြင်းက စိတ်အေးသွားပြီး ပြောလိုက်သည်။
"အဲဒီ လူဆိုးကောင် နေ့တိုင်း လာလိမ့်မယ်လို့ ညီမလည်း မယုံဘူး…"