အလွန်အေးသော
Vol. 26 Ch. 403
"ဒါက လောကမျိုးစေ့ထဲက အတွင်းကမ္ဘာလား"
လီချန်သည် ဗလာဖြစ်နေသော ဟင်းလင်းပြင်တစ်ခုထဲတွင် လျှောက်လှမ်းနေသည်။ ဧရိယာက သိပ်မကျယ်ဘဲ မီတာ ရာဂဏန်းလောက်ပဲရှိပြီး အနားသတ်မျဉ်းတွေက ထင်ရှားနေသည်။
ဒီပုံရိပ်ယောင်ကမ္ဘာထဲမှာ သူက စစ်မှန်တဲ့ ဖန်ဆင်းရှင် နတ်ဘုရားတစ်ပါးလိုပဲ စိတ်ကူးထဲက အရာရာကို ဖန်တီးနိုင်တယ်။
သေချာတာကတော့ အားလုံးက အတုတွေပါပဲ...
"ဒါကြောင့်ကိုး... ဒီပုံရိပ်ယောင်ကမ္ဘာထဲမှာ အရာအားလုံးကို တွက်ချက်လို့ ရနေတာကိုး။ ဒီမှာ တွက်ချက်ထားတဲ့အရာတွေက အတုတွေဖြစ်ပေမဲ့ လက်တွေ့ဘဝနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ရင် ဖြစ်နိုင်ချေရှိတဲ့လမ်းကြောင်းကို ရှာတွေ့နိုင်မှာ" လီချန် စိတ်ထဲ တွေးလိုက်သည်။
မကြာမီ လီချန် မော့ကြည့်လိုက်ရာ ပုံရိပ်ယောင်ကမ္ဘာ၏ ကောင်းကင်ယံတွင် ကြယ်တစ်ပွင့်လို တောက်ပနေသော အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။
အဲဒါက လောကမျိုးစေ့ကနေ မွေးဖွားလာတဲ့ စည်းမျဉ်းပင်။
စည်းမျဉ်းရဲ့ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ အလင်းတန်းတွေ ဝန်းရံနေတယ်။ အဲဒါတွေက အပြင်ကနေ စီးဝင်လာတဲ့ နတ်ဘုရားစွမ်းအားတွေပဲ။
ခဏကြာတော့ လီချန် စည်းမျဉ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အခြေခံအားဖြင့် နားလည်သွားသည်။
စနစ်မျက်နှာပြင်ပေါ်မှာလည်း နောက်ဆုံးရ အချက်အလက်တွေ ပေါ်လာသည်။
အိမ်ရှင်: လီချန်။
နတ်ဝိညာဉ် (ကောင်းကင်တာအို)။
အဆင့် ၁ ကျန်းရှန်း (၁/၁၀၀)။
အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ ၆၈၃၅၁၂၃/၁၀၀၀၀၀၀၀)။
ကောင်းကင်ဘုံအဌမဓား (အထွတ်အထိပ်)။
မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ဟွန်တွန်လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။
စည်းမျဉ်း : ကျီဟန့်စည်းမျဉ်း (အဆင့် ၁ - ၁/၁၀၀)
ချန်ယွမ်အစီအရင်ကျမ်း (၂၈အခြေခံ ၂၁/၁၀၀)။
ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ(အဆင့် ၁၅ - ၁၉/၁၀၀)။
လက်နက်သန့်စင်သူ (အဆင့် ၁၅ - ၈၂/၁၀၀)။
အဂ္ဂိရတ်ဆရာ (အဆင့် ၁၅- ၈၂/၁၀၀)။
သားရဲထိန်းကျောင်းသူ (အဆင့် ၁၄ -၂၁/၁၀၀)။
"ပထမဆုံး စည်းမျဉ်းက ကျီဟန့်စည်းမျဉ်းလား။ လောကမျိုးစေ့ကို လင့်တုန်းနိယာမကို အဓိကထားပြီး ပေါင်းစပ်ခဲ့လို့များလား" လီချန် အံ့သြသွားသည်။
သူ ကျီဟန့်စည်းမျဉ်းရဲ့ သဘောတရားကို သေချာအာရုံခံကြည့်လိုက်သည်။
စည်းမျဉ်းဆိုတာ နိယာမနဲ့ မတူဘူး။ စည်းမျဉ်းဆိုတာ အမိန့်တစ်မျိုးပဲ။ စည်းမျဉ်းအောက် ရောက်နေတဲ့ ဘယ်သူမဆို၊ အင်အားကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သက်ရောက်မှုကို ခံရမှာပဲ။ ကင်းလွတ်ခွင့် မရှိဘူး။
နိယာမ အဆင့်မှာကျတော့ အင်အားကွာခြားချက်ကြီးမားရင် နိယာမရဲ့သက်ရောက်မှုကို တွန်းလှန်ကင်းလွတ်နိုင်သေးတယ်။
ဒါပေမဲ့ စည်းမျဉ်းကျတော့ မရဘူး။
အလွန်ဆုံး ခုခံနိုင်စွမ်း ပိုမြင့်မားတာလောက်ပဲ ရှိမယ်။
ဒီနှစ်တွေအတွင်း လီချန် နတ်သားရဲနဲ့ ကွေ့ရှန်း ပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးတယ်။ အဲဒီကောင်တွေမှာ စည်းမျဉ်း တစ်ခု၊ နှစ်ခုလောက်ပဲ ရှိတတ်ပေမဲ့၊ စည်းမျဉ်းရဲ့သက်ရောက်မှုကို သူ ကောင်းကောင်း နားလည်ခဲ့ရတယ်။
လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။
စည်းမျဉ်းရဲ့ လွှမ်းမိုးမှုအောက် ရောက်သွားတာနဲ့ အနည်းနဲ့အများ ထိခိုက်မှု ရှိစမြဲပဲ။
ကျီဟန့်စည်းမျဉ်းကို ထုတ်သုံးလိုက်တာနဲ့ အဲဒီအထဲမှာရှိနေတဲ့ သက်ရှိမှန်သမျှ ရွေ့လျားနှုန်း၊ တွေးခေါ်မှု၊ စွမ်းရည်ထုတ်သုံးမှုအပိုင်းတွေမှာ နှေးကွေးလေးလံသွားစေလိမ့်မယ်။
ပြီးတော့ ဒီကျီဟန့်စည်းမျဉ်းထဲမှာ လုရှန်နိယာမရဲ့လွှမ်းမိုးမှု ပါဝင်နေလို့များလား၊ နတ်ဘုရားလမ်းစဉ်လိုက်တဲ့ သက်ရှိတွေအပေါ် ပိုပြီးပြင်းထန်တဲ့ ဖိနှိပ်မှုစွမ်းအားရှိနေတယ်။
"နောက်ဆုံးတော့ နတ်ဘုရား ဖြစ်လာခဲ့ပြီ"
လီချန် အသိစိတ်ကို ပုံရိပ်ယောင်ကမ္ဘာထဲကနေ ရုပ်သိမ်းလိုက်ပြီး ခန္ဓာကိုယ်ထဲပြန်ဝင်ကာ မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် လွမ်းမောတသသ အရိပ်အယောင်များ ပေါ်လာသည်။
ဒီတစ်ခေါက် နတ်ဘုရားအဆင့် တက်လှမ်းဖို့အတွက် အချိန်အကြာကြီး ယူလိုက်ရတာကိုး။
နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းရဲ့ အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ အချိန်တောင် တစ်ဝက်ကျော် ကုန်သွားပြီ။
နောက်ထပ် နှစ် ၈၀၀၀ ကျော်လောက်ဆိုရင် အချိန်ခေါင်းလောင်း အဆင့်မြှင့်လို့ရပြီ။
အခု သူ အချိန်ခေါင်းလောင်း အဆင့်မြှင့်မယ့်အချိန်ကို မျှော်လင့်နေမိတယ်။
အချိန်ခေါင်းလောင်းသာ အဆင့်တက်သွားရင် ဘယ်လောက်တောင် အကျိုးထူးတွေရမလဲ။
အထူးသဖြင့် ကျင့်ကြံမှုနှုန်း သေချာပေါက် ပိုမြန်လာမှာ။
သူ နတ်ဘုရားဖြစ်သွားပြီးနောက်ပိုင်း ကျင့်ကြံမှုနှုန်းက ပိုပြီး နှေးကွေးသွားတော့မှာကိုး။
ရုတ်တရက် လီချန် မတ်တတ်ရပ်ပြီး နတ်ဘုရားဓားခန်းမဆောင် အပြင်သို့ ထွက်လာလိုက်သည်။
အပြင်တွင် ယွီဟွာနတ်ဘုရားနန်းတော်မှ တပည့်များစွာ စုဝေးရောက်ရှိနေကြပြီး၊ လီချန်ကို ဂုဏ်ပြုရန် စောင့်ဆိုင်းနေကြသည်။
....
ပျက်စီးနေသော နတ်ဘုရားကမ္ဘာ။
လီချန်သည် မြေပြင်အနီးကပ် ပျံသန်းရင်း နတ်သားရဲနှင့် ကွေ့ရှန်းများကို လိုက်လံရှာဖွေနေသည်။
နတ်ဘုရားအဆင့် ရောက်ပြီးနောက် သူ ဒီနေရာကို ပြန်လာပြီး ဆက်လက် အမဲလိုက်နေခြင်းဖြစ်သည်။ အကြောင်းရင်းကတော့ သူတို့ ခန္ဓာကိုယ်ထဲက နတ်သလင်းကျောက်ထဲမှာပါဝင်တဲ့ နတ်ဘုရားစွမ်းအားတွေက လီချန်အတွက် ရှားပါးအရင်းအမြစ်တွေဖြစ်နေလို့ပါပဲ။
ဒီနတ်ဘုရားစွမ်းအားတွေကိုစုပ်ယူပြီး ကျီဟန့်စည်းမျဉ်း အဆင့်တက်တာကို မြန်ဆန်စေနိုင်တယ်။
စည်းမျဉ်းတွေမှာလည်း အဆင့် ၉ ဆင့် ရှိတယ်။
စည်းမျဉ်း အဆင့်မြင့်လေ၊ ဖန်တီးနိုင်တဲ့ နတ်ဘုရားသိုင်းကွက်က ပိုစွမ်းအားကြီးလေပဲ။
အဆင့် ၁ ကျန်းရှန်း မဖြစ်ခင်တုန်းကတည်းက သူ နတ်သားရဲ၊ ကွေ့ရှန်းတွေကို သတ်နိုင်ခဲ့တာ၊ အခု အင်အားအများကြီးတိုးတက်လာတော့ ပိုလို့တောင် လွယ်ကူပြီး ထိရောက်မှု ရှိလာတာပေါ့။
သေချာတာကတော့ အင်အားတိုးလာလို့ဆိုပြီး ပေါ့ပေါ့ဆဆမနေပါဘူး။ အမြဲသတိရှိနေပါတယ်။
ဘာလို့လဲဆိုတော့ ဒီပျက်စီးနေသော နတ်ဘုရားကမ္ဘာထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်သားရဲ၊ ကွေ့ရှန်းတွေ မရေမတွက်နိုင်အောင်ရှိနေလို့လေ။
သူ အမဲလိုက်နေတာက သာမန်ကောင်တွေလောက်ပါပဲ။
အရမ်းစွမ်းအားကြီးတဲ့ကောင်တွေ တွေ့ရင်တော့ သူ ရှောင်သွားလေ့ရှိတယ်။
လွန်ခဲ့တဲ့ နှစ်ထောင်ချီအတွင်းမှာ အရမ်းကြောက်စရာကောင်းတဲ့ နတ်သားရဲ၊ ကွေ့ရှန်းတွေ စုဝေးနေထိုင်တဲ့ နေရာတွေကို သူ တွေ့ခဲ့ဖူးတယ်။
နတ်သားရဲ၊ ကွေ့ရှန်းဆိုတာ နတ်ဘုရားကမ္ဘာ ပျက်စီးချိန်မှာ ကျန်ရစ်ခဲ့တဲ့ သက်ရှိတွေက ဟွန်တွန်ပြင်ပနတ်ဘုရားရဲ့ စွမ်းအား ညစ်ညမ်းမှုကို ခံလိုက်ရပြီး ဖြစ်လာတာ။ အသက်ရှင်စဉ်က စွမ်းအားကြီးလေ၊ ဖြစ်လာတဲ့ နတ်သားရဲ၊ ကွေ့ရှန်းက ပိုကြောက်စရာကောင်းလေပဲ။
....
ရက်အနည်းငယ် ကြာပြီးနောက်။
လီချန်သည် လျှို့ဝှက်သော နေရာတစ်ခုကို ရှာတွေ့ပြီး၊ ကမ္ဘာဖြတ်ကျော်ဖြတ် နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်လိုက်သည်။
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံရဲ့ တည်နေရာမှတ်သားမှုကိုချည်းပဲ အားကိုးနေလို့ မဖြစ်ဘူးလေ။ သူ လှိုဏ်ဂူကောင်းကင်ဘုံထဲကနေထွက်ပြီး အနောက်ဘက်စွန်းဆန်းကြယ်တိုက်ထဲက တခြားကမ္ဘာကြီးတစ်ခုခုကို သွားလိုက်တာနဲ့ ဒီနတ်ဘုရားကမ္ဘာထဲက တည်နေရာမှတ်သားမှုက ပျက်ပြယ်သွားရော။
အခု သူ ကျန်းရှန်းဖြစ်လာပြီဆိုတော့ ကမ္ဘာဖြတ်ကျော်ဖြတ်အစီအရင်တွေကို တရားဝင် တည်ဆောက်နိုင်ပြီ။
....
နောက်ဆက်ပြီး နှစ်အနည်းငယ်အတွင်း သူ ပျက်စီးနေသော နတ်ဘုရားကမ္ဘာထဲမှာ နေရာကူးပြောင်းခြင်းအစီအရင် ၁၀ ခုကျော်လောက် တည်ဆောက်ထားလိုက်သည်။
မကြာသေးမီက သူ နတ်သားရဲ၊ ကွေ့ရှန်းတွေကို အမဲလိုက်တာအပြင် စည်းမျဉ်းနတ်ဆေးလုံးကိုလည်း သုတေသန လုပ်နေသေးတယ်။
ဒီစည်းမျဉ်းနတ်ဆေးလုံးက နိယာမနတ်ဆေးလုံးထက် တစ်ဆင့် ပိုမြင့်တယ်။ အကြိမ်ကြိမ် စမ်းသပ်ပေမဲ့ မအောင်မြင်သေးဘူး။
သူ့ရဲ့ အဂ္ဂိရတ်ဆရာအဆင့် နိမ့်နေသေးလို့ ဖြစ်မယ်။
အခု သူက အဆင့် ၁၅ အဂ္ဂိရတ်ဆရာပဲရှိသေးတာ။
စည်းမျဉ်းနတ်ဆေးလုံးဖော်စပ်တာ ကျရှုံးသွားပေမဲ့၊ သူ့ရဲ့ အဆင့် ၁၅ အဂ္ဂိရတ်ဆရာ တိုးတက်မှုကတော့ တော်တော် မြန်လာတယ်။
ကျရှုံးတဲ့အကြိမ်တိုင်းမှာ တိုးတက်မှု ၁ မှတ်၊ ၂ မှတ်လောက် ရနေတယ်။
ဒါကြောင့် လီချန် စိတ်မပူပါဘူး။ ကျရှုံးရင်လည်း ကျရှုံးပါစေ၊ အဂ္ဂိရတ်ဆရာအဆင့် မြင့်လာအောင် အရင်လုပ်ရမယ်။
အဂ္ဂိရတ်ဆရာ အဆင့် ၁၆ ရောက်ရင်တော့ အောင်မြင်လောက်မယ်လို့ သူ တွက်ထားတယ်။
ဆေးဖော်လိုက်တိုင်း အောင်မြင်ဖို့ နည်းနည်းလေးပဲ လိုတော့သလို ခံစားနေရတာကိုး။
ဘာပဲဖြစ်ဖြစ် သူ မလောပါဘူး။
နေ့တိုင်း ကျင့်ကြံလိုက်၊ ပုံရိပ်ယောင်ကမ္ဘာထဲမှာ နတ်ဘုရားသိုင်းကွက်တွေ တွက်ချက်လိုက်၊ ပျက်စီးနေသော နတ်ဘုရားကမ္ဘာထဲဝင်ပြီး နတ်သားရဲ၊ ကွေ့ရှန်းတွေ အမဲလိုက်လိုက်နဲ့... အလုပ်ရှုပ်နေပေမဲ့ လီချန် ပျော်နေသည်။
ဒါ့အပြင် သူ ကောင်းကင်ဘုံနဝမမြောက်ဓားကိုလည်း ဉာဏ်အလင်းပွင့်အောင် ကြိုးစားနေသည်။
ဝင်ပေါက် မတွေ့သေးပေမဲ့ အရိပ်အယောင်တော့ စ,မိနေပြီ။
ဒီ၉ ခုမြောက်ဓားကွက်က နတ်ဘုရားအဆင့်ရောက်မှ နားလည်နိုင်မှာ။
ဒီဓားကွက်က စည်းမျဉ်းနဲ့ သက်ဆိုင်နေမယ်လို့ သူ ခန့်မှန်းထားသည်။
....
နှစ် ၃၀၀ ကြာပြီးနောက် တစ်နေ့တွင်။
လီချန် ကောင်းကင်ဘုံနဝမမြောက်ဓားကို ထပ်မံဆင်ခြင်သုံးသပ်နေစဉ်...
ကြီးကျယ်ခမ်းနားပြီး တုန်လှုပ်ဖွယ်ကောင်းတဲ့ ဓားအလင်းတန်းတစ်ခုကြားမှာ၊ လီချန် ဉာဏ်အလင်းတစ်ချက် လက်ခနဲပွင့်သွားသလို ခံစားလိုက်ရပြီး၊ အရာအားလုံး ရှင်းလင်းသွားသည်။
"ဒါက ၉ ခုမြောက်ဓားကွက်ပါလား" လီချန် ရေရွတ်လိုက်သည်။
အချိန်အတော်ကြာမှ သူ အံ့သြမှုထဲကနေ ရုန်းထွက်နိုင်ခဲ့သည်။ စနစ်မျက်နှာပြင်ပေါ်တွင် ကောင်းကင်ဘုံနဝမမြောက်ဓား - ကွေ့ရီဓား (မူလသို့ပြန်လည်ပေါင်းစည်းခြင်းဓား) ဟူ၍ ပေါ်လာသည်။
ဒီ၉ ခုမြောက် ဓားကွက်ရဲ့အနှစ်သာရက... ဓား ၉ လက် ပေါင်းစည်းခြင်းပဲ။
"နေဦး... ဒီကွေ့ရီဓားက မပြည့်စုံသေးဘူး။ ရှန်ရှောင်မသေမျိုးဧကရာဇ်ကိုယ်တိုင်က ဒီဓားကွက်ကို အဆုံးထိတွက်ချက်လို့ မပြီးပြတ်ခဲ့သေးတာလား..." လီချန် စိတ်ထဲ သံသယဝင်လာပြီး ချက်ချင်း သဘောပေါက်သွားသည်။
ဒါကြောင့် သူ ဒီဓားကွက်ကို နားလည်သဘောပေါက်တဲ့အခါ တစ်ခုခုလိုနေသလို ခံစားနေရတာကိုး။
ရှန်ရှောင်မသေမျိုးဧကရာဇ်တောင် အဆုံးထိ မလုပ်နိုင်ခဲ့ဘူးဆိုရင် သူက ဒီကောင်းကင်ဘုံကိုးလွှာဓားကို ပြီးပြည့်စုံအောင် ဆက်လက်ဖြည့်စွက်ပေးလို့ရတာပေါ့။
သေချာတာကတော့ အခု သူက ဒီဓားကွက်ကို အခုမှစတင်နားလည်ကာစပဲရှိသေးလို့ ချက်ချင်း ပြီးပြည့်စုံအောင်လုပ်ဖို့ မဖြစ်နိုင်သေးဘူး။
သူ ပျက်စီးနေသော နတ်ဘုရားကမ္ဘာထဲဝင်ပြီး၊ အခုလေးတင်ရရှိထားတဲ့ ကွေ့ရီဓားကို စမ်းသပ်ကြည့်လိုက်သည်။
ပြောရရင် စွမ်းအားက အရမ်းပြင်းတယ်။ လုရှန်ဓားထက် အများကြီး ပိုစွမ်းအားကြီးတယ်။
ဘာလို့လဲဆိုတော့ ဒီဓားကွက်ထဲမှာ ရှေ့က ဓားကွက် ၈ ခုရဲ့ စွမ်းအားတွေ အကုန် ပါဝင်နေတာကိုး။
ပြီးတော့... ဒီဓားကွက်ထဲမှာ သူက ကျီဟန့်စည်းမျဉ်းကိုပါ ထည့်ပေါင်းထားလိုက်တယ်။ အရင်တုန်းက ခက်ခက်ခဲခဲသတ်ရတဲ့ နတ်သားရဲ၊ ကွေ့ရှန်းတွေကို အခုဆိုရင် တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်ပြီ။ တော်တော် အရသာရှိတာပဲ။
အရင်တုန်းက အန္တရာယ်များတဲ့ ပျက်စီးနေသော နတ်ဘုရားကမ္ဘာကြီးက အခုတော့ သူ့အတွက် စည်းမျဉ်းမူလအနှစ်သာရရှာဖွေရာ ရတနာသိုက်ကြီး ဖြစ်သွားပြီ။
.....
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
လီချန် နှင့် ဝူရွှမ်းတို့ နတ်ဘုရားနန်းတော်ရဲ့ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။
ပုံမှန်အားဖြင့် နတ်ဘုရားနန်းတော်ကို အောက်ခြေတပည့်တွေကပဲ စီမံခန့်ခွဲကြကာ သူတို့နှစ်ယောက်ကတော့ မဟာဗျူဟာပိုင်းလောက်ပဲ ဆုံးဖြတ်ပေးတာပင်။
"လီချန်... ရှင် တကယ်ပဲ အနောက်ဘက်စွန်းဆန်းကြယ်တိုက်တစ်ခုလုံးမှာ ရှေးဟောင်းကျင့်စဉ်လမ်းကို ဖြန့်ဝေချင်တာလား" ဝူရွှမ်း က ပြောလိုက်သည်။ "ဒါက ဖိအားအရမ်းများလွန်းမနေဘူးလား"
"ဖိအားများတာတော့ များတယ်... ဒါပေမဲ့ ရေရှည်ကြည့်ရင် ဒါက အကောင်းဆုံးပဲ" လီချန် ပြောလိုက်သည်။
နတ်ဘုရားနန်းတော်ရဲ့အင်အားနဲ့ဆိုရင် အနောက်ဘက်စွန်းဆန်းကြယ်တိုက်တစ်ခုလုံးကို သိမ်းပိုက်အုပ်ချုပ်ဖို့ ဖြစ်နိုင်ပေမဲ့၊ ဒီလောက် ကျယ်ပြောတဲ့ နယ်မြေ၊ ကမ္ဘာကြီးတွေ အများကြီးကို စီမံခန့်ခွဲဖို့က အရမ်းခက်ခဲတယ်။ နည်းနည်းလေးမှားတာနဲ့ ပြဿနာကြီးတွေ တက်လာနိုင်တယ်။
ယွီဟွာနတ်ဘုရားနန်းတော်ကို အဓိကထား၊ လက်အောက်ခံဂိုဏ်းတွေကို အထောက်အကူပြု အနေနဲ့ထားပြီး၊ အရင်းအမြစ်တချို့ကို ဖြန့်ဝေပေးကာ၊ ရှေးဟောင်းကျင့်စဉ်လမ်း ကို မြှင့်တင်ပေးလိုက်ရင်... သာမန်လမ်းစဉ်လိုက်နေတဲ့ အင်အားစုတွေ တဖြည်းဖြည်း လမ်းကြောင်းပြောင်းလာကြလိမ့်မယ်။
တကယ်တမ်းကျတော့ အခုအနောက်ဘက်စွန်းဆန်းကြယ်တိုက်မှာ ရှေးဟောင်းကျင့်စဉ်လမ်း က ရေပန်းစားနေပါပြီ။ ဒါပေမဲ့ အရင်းအမြစ်ရှားပါးမှုကြောင့် တခြားအင်အားစုတွေမှာ အခက်အခဲရှိနေကြတာ။
ဥပမာ အခြေခံတည်ဆောက်ခြင်းဆေးလုံးဆိုပါစို့... ဖော်စပ်နိုင်တဲ့ အဂ္ဂိရတ်ဆရာတွေ အများကြီး ရှိပေမဲ့၊ အာနိသင်နဲ့ အောင်မြင်မှုနှုန်းမှာ လီချန် ဖော်စပ်တာကို ဘယ်သူမှမမီဘူး။
အချိန်ခေါင်းလောင်းရဲ့အကူအညီကြောင့်တင် မဟုတ်ဘူး။
ဆေးလုံးကိုယ်တိုင်ရဲ့ အာနိသင်ကြောင့်လည်းပါတယ်။
သူက အချိန်တိုင်းဉာဏ်အလင်းပွင့်နေသလို အခြေအနေမျိုးရှိနေတော့၊ ဖော်စပ်လိုက်တဲ့ ဆေးလုံးတွေက ပြီးပြည့်စုံနေတာ။
တခြားအဂ္ဂိရတ်ဆရာတွေ ဖော်စပ်တာကျတော့ ဘယ်လောက်ပဲကျွမ်းကျင်ပါစေ အပြစ်အနာအဆာ ပါနေတတ်တယ်။ အဲဒီအပြစ်အနာအဆာတွေကြောင့် အခြေခံတည်ဆောက်ခြင်း အာနိသင်က လျော့ကျသွားတာ။
ဒါကြောင့် ယွီဟွာနတ်ဘုရားနန်းတော်သုံးတဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေကို အခုထိ လီချန်ကိုယ်တိုင် ဖော်စပ်ပေးနေရတုန်းပဲ။
သူ နှစ်တိုင်း ဆေးမီးဖိုဖွင့်ပြီး အများကြီး ဖော်စပ်ပေးတယ်။
သေချာတာကတော့ အခု သူ့ရဲ့ ဆေးပညာ အဆင့်အတန်းနဲ့ဆိုရင် အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်ရတာက ထမင်းစားရေသောက်လောက်ပါပဲ။
အခု သူ ပျက်စီးနေတဲ့ နတ်ဘုရားကမ္ဘာထဲမှာ အရင်းအမြစ်တွေ အများကြီး တွေ့ထားပြီလေ။ တခြားသူတွေအတွက် အဆိပ်အတောက်ဖြစ်စေနိုင်ပေမဲ့ သူ့အတွက်တော့ ပြဿနာမရှိဘူး။
ဘယ်လို ပစ္စည်းပဲဖြစ်ဖြစ် အချိန်ခေါင်းလောင်းနဲ့ သန့်စင်လိုက်ရုံပဲ။
ဒီလို ရတနာသိုက်ကြီး ရှိနေပြီမို့လို့ လီချန်က အနောက်ဘက်စွန်းဆန်းကြယ်တိုက် တစ်ခုလုံးမှာ ရှေးဟောင်းကျင့်စဉ်လမ်းကို တွင်တွင်ကျယ်ကျယ် ဖြစ်လာစေချင်တာ။
သူ နည်းနည်း ပင်ပန်းရပေမဲ့၊ သူ့ရဲ့ ရည်ရွယ်ချက်က နောင်တစ်ချိန် ဟွန်တွန်ပြင်ပနတ်ဘုရားကို တော်လှန်တဲ့အခါ အင်အားပိုရအောင်လို့ပင်။
ရှေးဟောင်းကျင့်စဉ်လမ်းကို ကျင့်ကြံသူ များလေလေ၊ နတ်ဘုရားကမ္ဘာဝိညာဉ် အတွက် အထောက်အကူ ဖြစ်လေလေပဲ။ ဒါဆို ဟွန်တွန်ပြင်ပနတ်ဘုရားက နတ်ဘုရားကမ္ဘာကို ဝါးမျိုတဲ့နှုန်း နှေးကွေးသွားလိမ့်မယ်။
သာမန်လမ်းစဉ်ဆိုတာ အနှစ်သာရအားဖြင့် ဟွန်တွန်ပြင်ပနတ်ဘုရားက ရိတ်သိမ်းဝါးမျိုဖို့အတွက် တမင်ဖန်တီးထားတဲ့ စနစ်ကြီးပဲ။
ရှေးဟောင်းကျင့်စဉ်လမ်းကသာ အဲဒါကို ရှောင်ကွင်းနိုင်တာ။
"ဘာပဲဖြစ်ဖြစ် ရှင် ဆုံးဖြတ်လိုက်ပါ" ဝူရွှမ်း ခေါင်းညိတ်လိုက်သည်။
သူမက အကြံပြုရုံပဲလုပ်မှာ၊ နောက်ဆုံး ဆုံးဖြတ်ချက်က လီချန် သဘောပဲလေ။
"မင်း ဒုတိယမြောက် နိယာမ ဘယ်အဆင့် ရောက်နေပြီလဲ" လီချန် ရုတ်တရက် မေးလိုက်သည်။
"အဆင့် ၈ ရောက်ခါနီးပြီ။ ပထမနိယာမတုန်းကထက် အများကြီး ပိုမြန်တယ်" ဝူရွှမ်း ပြောလိုက်သည်။
နိယာမနတ်ဆေးလုံးတွေ မပြတ်လပ်သလို၊ နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းရဲ့အကူအညီပါရထားတော့ ဒုတိယနိယာမကျင့်ကြံရတာ အရမ်းချောမွေ့နေလေသည်။
ဒုတိယနိယာမ အထွတ်အထိပ်ရောက်ရင် တတိယ နိယာမကို ဆက်ကျင့်ကြံရမယ်... ဘယ်နှခုထိ ကျင့်ကြံနိုင်မလဲဆိုတာကတော့ သူမရဲ့နတ်ဘုရားအမြစ် အကန့်အသတ်အပေါ် မူတည်တယ်။
အခု ယွီဟွာနတ်ဘုရားနန်းတော်မှာ ပထမနိယာမအထွတ်အထိပ်ရောက်ပြီး ဒုတိယနိယာမ စတင်ကျင့်ကြံနေသူ ၁၀ ယောက်ကျော်ရှိနေပြီ။
အမြန်ဆုံးကတော့ ဝူရွှမ်း ပါပဲ။
သူမက ပါရမီကောင်းသလို လီချန်ရဲ့တာအိုလက်တွဲဖော်ဖြစ်နေတော့ အရင်းအမြစ် အများဆုံး ရတာကိုး။
ဒါပေမဲ့ လီချန်ရဲ့တပည့်ငယ် ရွှီဟွေ့ကလည်း မွေးရာပါနတ်ဘုရားအမြစ်ပိုင်ရှင်ပီပီ ဉာဏ်အလင်းပွင့်လွယ်လွန်းလို့ အခု ဒုတိယနိယာမကို စတင် ကျင့်ကြံနေပြီ။ တပည့်တွေအားလုံးထဲမှာ အမြန်ဆုံးပဲ။
လီချန် ခန့်မှန်းတာက နောက်ထပ် နှစ် ၁၀၀ မကြာခင်မှာ ရွှီဟွေ့က ဝူရွှမ်းကို ကျော်တက်သွားလိမ့်မယ်။
မတတ်နိုင်ဘူးလေ။ ပါရမီဆိုတာ တကယ်ပဲ မိုးနဲ့မြေလို ကွာခြားတာကိုး။
လီချန်ကိုယ်တိုင်လည်း နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းဆိုတဲ့ ရွှေလက်ညှိုးသာ မရှိရင်၊ သူ့ရဲ့ သာမန်အရည်အချင်းနဲ့ဆို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားလောက်ပြီ။
"ငါ မင်းနဲ့အတူ နှစ်ကိုယ်တူကျင့်ကြံပေးရမလား" လီချန် ပြုံးစစနဲ့ မေးလိုက်သည်။
"အခုထိ အာနိသင်ရှိသေးလို့လား" ဝူရွှမ်း မျက်တောင်လေးတွေ တုန်ခါသွားသည်။ လီချန် ဆိုလိုရင်းကို သူမ နားလည်ပေမဲ့ စူးစမ်းစွာ မေးလိုက်သည်။
"ရှိလောက်ပါတယ်... စမ်းကြည့်ရအောင်လေ" လီချန် ပြောလိုက်သည်။
ဝူရွှမ်း ခေါင်းညိတ်လိုက်သည်။
လီချန်က နတ်ဘုရားဖြစ်နေပြီမို့၊ အတူတူကျင့်ကြံရင် သူမအတွက် အကျိုးရှိမှာ သေချာတယ်။
လက်တွေ့မှာလည်း လီချန်လို အဆင့် ၁ ကျန်းရှန်းက ဝူရွှမ်းကို ကူညီပြီး ကျင့်ကြံပေးတော့၊ အထူးသဖြင့် နိယာမ နားလည်သဘောပေါက်မှုအပိုင်းမှာ ရလဒ်က အံ့မခန်း ကောင်းမွန်လေသည်။
"ကျွန်မ... ကျွန်မရဲ့ ဒုတိယ နိယာမ အဆင့် ၇ ကို ချိုးဖျက်ကျော်လွှားသွားပြီ" ဝူရွှမ်း အံ့သြဝမ်းသာ ပြောလိုက်သည်။
ပုံမှန်ဆိုရင် နောက်ထပ် ဆယ်စုနှစ်ချီ ကြာဦးမှာ။
လီချန်နဲ့အတူ ကျင့်ကြံလိုက်တာ ဒီလောက်ထိရောက်မယ်လို့ မထင်ထားဘူး။
"ထိရောက်ရင် ပြီးတာပဲ" လီချန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
အဲဒီနောက်ပိုင်း လီချန်က အချိန်တစ်ခုကြာတိုင်း ဝူရွှမ်းနဲ့အတူတူ ကျင့်ကြံပေးသည်။
ဝူရွှမ်းရဲ့ ကျင့်ကြံမှုနှုန်း မြန်လာရုံသာမက၊ ဒုတိယနိယာမကျင့်ကြံမှုကလည်း ဒုံးပျံစီးသလို တက်လာပြီး... ဆယ်စုနှစ် အနည်းငယ်အတွင်းမှာတင် အဆင့် ၉ အထွတ်အထိပ် ရောက်သွားသည်။
နောက်ထပ် နှစ် ၁၀၀၀ အတွင်းမှာ၊ လီချန်ရဲ့အကူအညီနဲ့ ဝူရွှမ်းဟာ တတိယ၊ စတုတ္ထ၊ ပဉ္စမ နိယာမ တွေကိုပါ အထွတ်အထိပ်ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ ဒါပေမဲ့ ဆဋ္ဌမမြောက် နိယာမ ကျတော့ အဆင့် ၇ မှာ တန့်သွားပြီး... ဆက်တက်လို့ မရတော့ဘူး။
ဆိုလိုတာက ဝူရွှမ်းရဲ့အကန့်အသတ်က နိယာမ ၅ ခု အထွတ်အထိပ်ပဲ။
ဒါတောင်မှ အချိန်ခေါင်းလောင်းနဲ့ လီချန်ရဲ့အကူအညီတွေကြောင့် ဒီလောက် ရောက်လာတာ။
ဒီနှစ် ၁၀၀၀ အတွင်းမှာ အနောက်ဘက်စွန်းဆန်းကြယ်တိုက်က ကမ္ဘာကြီးတွေမှာ ရှေးဟောင်းကျင့်စဉ်လမ်းတွေ တွင်ကျယ်လာသည်။ လီချန်က လမ်းကြောင်းအမျိုးမျိုးကနေ အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေ၊ နိယာမနတ်ဆေးလုံးတွေ ဖြန့်ဝေပေးခဲ့လို့ပါပဲ။
ခြုံပြောရရင် အနောက်ဘက်စွန်းဆန်းကြယ်တိုက်မှာ ရှေးဟောင်းကျင့်စဉ်လမ်း စည်ပင်လာပြီး၊ သာမန်လမ်းစဉ်က တဖြည်းဖြည်း လူနည်းစု ဖြစ်လာသည်။
ဒါပေမဲ့ လီချန်ရဲ့ကိုယ်ပိုင်ကျင့်ကြံမှုနဲ့ စည်းမျဉ်းတိုးတက်မှုကတော့ နှေးကွေးနေတုန်းပဲ။
ပျက်စီးနေသော နတ်ဘုရားကမ္ဘာထဲကနေ နတ်သလင်းကျောက်တွေ အများကြီး ရထားတာတောင်မှ နှေးကွေးနေတာကို မပြောင်းလဲနိုင်ဘူး။
မတတ်နိုင်ဘူးလေ။ သူက အခု အဆင့် ၁ ကျန်းရှန်းဖြစ်နေပြီကိုး။
ပျက်စီးနေသော နတ်ဘုရားကမ္ဘာသာ မရှိရင် အဆင့် ၁ ကျန်းရှန်းဖြစ်ပြီးနောက်ပိုင်း ဆက်တက်လို့ မရတော့ဘဲ ဖြစ်သွားလောက်တယ်။
နောက်ထပ် ကိစ္စတစ်ခုက... သူ့ရဲ့ အဂ္ဂိရတ်ဆရာအဆင့်က ၁၆ အထိ ရောက်သွားပေမဲ့ စည်းမျဉ်းနတ်ဆေးလုံးကို မအောင်မြင်သေးဘူး။
နည်းနည်းလေး လိုနေသလိုပဲ။
အမြဲတမ်း အောင်မြင်ခါနီးမှ လွဲချော်သွားတာ။ သေချာတာကတော့ ဒါ သူ့ရဲ့ ဆေးပညာ အရည်အချင်း ညံ့လို့ မဟုတ်ဘူး။
ဆေးဖော်နည်း မှားနေတာလည်း မဟုတ်ဘူး။
အကြိမ်ကြိမ် ကျရှုံးပြီးနောက် ကျရှုံးရတဲ့အကြောင်းရင်းကို သူ ရှာတွေ့သွားသည်။
အဓိက ကုန်ကြမ်းမှာ ပြဿနာရှိနေတာပင်။
သူ ရရှိထားတဲ့ စည်းမျဉ်းနတ်ဆေးလုံး ဆေးဖော်နည်း ၁၀ မျိုးလောက်ကို နှိုင်းယှဉ်ကြည့်လိုက်တော့... ဆေးဖော်နည်းထဲမှာ သုံးထားတဲ့ စည်းမျဉ်းမူလအနှစ်သာရက နတ်ဘုရားကမ္ဘာကနေ ရတာ။ သူ သုံးနေတဲ့ စည်းမျဉ်းမူလအနှစ်သာရက နတ်ဘုရားလမ်းစဉ် (နတ်သားရဲ/ကွေ့ရှန်း) ဆီက ရတာ။
ဒါကြောင့် သူ ဆေးဖော်နည်းကို ပြုပြင်ပြောင်းလဲမှရမယ်။
စည်းမျဉ်းနတ်ဆေးလုံးကို မဖော်စပ်နိုင်ရင်၊ ဝူရွှမ်း နိယာမ ၅ ခု အထွတ်အထိပ် ရောက်နေရင်တောင်မှ အဲဒီနိယာမ ၅ ခုကို ပေါင်းစပ်ပြီး လောကမျိုးစေ့ဖွဲ့စည်းဖို့ မဖြစ်နိုင်ဘူး။
သူ ဝူရွှမ်းကို သန့်စင်တဲ့ စည်းမျဉ်းမူလအနှစ်သာရ တိုက်ရိုက်စုပ်ယူခိုင်းဖူးပေမဲ့ ထိရောက်မှု အရမ်း နည်းတယ်။
သူ့တုန်းက မြန်မြန်စုပ်ယူနိုင်ခဲ့တာက အချိန်ခေါင်းလောင်းရဲ့အကူအညီ ပါလို့လေ။ သန့်စင်ပေးရုံ သက်သက် မဟုတ်ဘူး။
ဒါကြောင့် သူ စည်းမျဉ်းနတ်ဆေးလုံး ကို မဖြစ်မနေ အောင်မြင်အောင် ဖော်စပ်ရမယ်။
မဟုတ်ရင် ဝူရွှမ်းတင်မကဘူး၊ ယွီဟွာနတ်ဘုရားနန်းတော်က တခြားလူတွေလည်း နောင်တစ်ချိန် နတ်ဘုရားဖြစ်လာဖို့ လမ်းစမရှိဘူး။
***