← Chapters

ကောင်းကျင့်

Vol. 6 Ch. 52

ကောင်းကျင့်

Vol. 6 Ch. 52

သို့သော် ပိုက်ဆံကို ဘယ်ကနေ ရအောင်လုပ်ရမလဲ ဆိုသည်မှာ ပြဿနာတစ်ခု ဖြစ်နေချေသည်။

'ဟူး...' ချူလျန် သက်ပြင်းချလိုက်မိသည်။

ယွမ်ချောင်ရှန်းဆီ ပြန်သွားပြီး အကူအညီတောင်းဖို့ရာလည်း မဖြစ်နိုင်ပေ၊ ထိုကိုဉာဏ်ကောင်းမှာ အဝတ်အစားဝယ်ဖို့ ပိုက်ဆံတောင် သူ့ဆီကနေ ချေးထားရသူ ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် ကူအာနျန် ပေးလိုက်သော သတင်းကသာ မှန်ကန်မည်ဆိုပါက ရွှေ၊ ငွေများ ပေးရခြင်းမှာ ဒုက္ခပေးသည်ဟု မဆိုနိုင်ပေ။ မြေအောက်လောကမှ ကျင့်ကြံသူများအတွက်မူ ပိုက်ဆံရအောင်လုပ်ဖို့မှာ အလွန် ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်သည်။

တိုက်ရိုက်ဆန်သော နည်းလမ်းဆိုလျှင် သွားလုလိုက်ရုံပင်။

သွယ်ဝိုက်သော နည်းလမ်းဆိုလျှင်မူ လှည့်စားခြင်း၊ ခိုးယူခြင်းများ ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် ယွီမင်းဆက်က နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် နှိမ်နင်းနေသော ပြစ်မှုတစ်ခု ရှိလေသည်။

ကျင့်ကြံသူများက သူတို့မွေးထားသော မကောင်းဆိုးဝါးများကို ချမ်းသာသော အိမ်များသို့ လွှတ်ကာ ဒုက္ခပေးစေပြီးနောက် မိမိတို့ကိုယ်တိုင် သွားရောက်၍ အခကြေးငွေယူကာ နှိမ်နင်းပေးခြင်းမျိုး ဖြစ်သည်။ ၎င်းသည် နာမည်ရော ငွေပါ ရရှိစေသော နည်းလမ်းပင် ဖြစ်ချေသည်။

မည်သို့ပင်ဖြစ်စေ နည်းလမ်းများစွာ ရှိနေပေသည်။ အကယ်၍ မကြာသေးမီက အစိုးရသည် မြို့ကို ပိတ်ဆို့ပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးနေခြင်း မရှိပါက ကူအာနျန်အနေဖြင့် ဤကဲ့သို့သော အသေးအဖွဲကိစ္စမျိုးအတွက် သူတစ်ပါးလက်ကို အားကိုးစရာ လိုမည် မဟုတ်ပေ။

သို့သော် မြေအောက်ကျင့်ကြံသူများအတွက် လွယ်ကူသော်လည်း ချူလျန်အနေဖြင့်မူ ထိုကဲ့သို့သော ကိစ္စများကို လုပ်ဆောင်၍ မရနိုင်ပေ။

သူ တစ်ခုခု မကောင်းတာ လုပ်မည်ဆိုလျှင်ပင် ဆိုးသွမ်းသော လူရမ်းကားများကိုသာ ပစ်မှတ်ထားရပေလိမ့်မည်။

သို့သော် ဤကျယ်ပြောလှသော ခေါင်းစန်းမြို့ကြီးတွင် ချမ်းသာသော လူဆိုးများကို ဘယ်နေရာမှာ သွားရှာရပါမည်နည်း။

အိတ်ကပ်ထဲမှ အိစက်နေသော ပိုးကောင်လေးကို စမ်းကြည့်လိုက်ရာ ထိုကောင်လေးက သူ၏ လက်ချောင်းကို မရပ်မနား ကိုက်နေသည်ကို ခံစားလိုက်ရသဖြင့် ဗိုက်ဆာနေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။

ချူလျန်၏ အကြည့်များသည် လမ်းမများပေါ်တွင် လှည့်လည်ကြည့်ရှုနေပြီး ခေတ္တမျှ တွေးတောလိုက်သည်။ ရုတ်တရက် သူ တစ်ခုခုကို တွေးမိသွားသကဲ့သို့ မျက်လုံးများ လက်ခနဲ ဖြစ်သွားတော့သည်။

သူသည် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး လမ်းသွားလမ်းလာများထဲမှ လူကောင်းပုံမပေါက်ဆုံးဖြစ်သော လူထွားကြီးတစ်ဦးကို ရွေးချယ်ကာ အနားသို့ ချဉ်းကပ်သွားပြီး မေးလိုက်သည်။

"မင်္ဂလာပါ... ခေါင်းစန်းမြို့မှာ အကြီးဆုံး လောင်းကစားရုံက ဘယ်မှာလဲဆိုတာ သိချင်လို့ပါ..."

"လောင်းကစားရုံလား..." လူထွားကြီးက သူ့ကို အကဲခတ်ကြည့်လိုက်သည်။ ထိုအချိန်တွင် ချူလျန်သည် ဝတ်ရုံနက်ကို ချွတ်ထားပြီး ဖြစ်သဖြင့် ချောမောခန့်ညားသော သူဌေးသားလေးတစ်ဦးနှင့် တူနေချေသည်။

ထို့ကြောင့် လူထွားကြီးက မေးလိုက်သည်။ "မင်း လောင်းကစားချင်လို့လား..."

ချူလျန် မျက်တောင်ခတ်လိုက်ပြီး "ကျုပ်... ကျုပ် သွားပြီး အတွေ့အကြုံ ယူချင်လို့ပါ..."

"ဟဲဟဲ..." လူထွားကြီးက ရယ်မောလိုက်ပြီး "တိုက်ဆိုင်လိုက်တာ၊ ငါလည်း သွားကစားမလို့ပဲ၊ ငါ လိုက်ပို့ပေးမယ်။ ကြည့်ရတာ ညီလေးက ချမ်းသာတဲ့အိမ်က သခင်လေးတစ်ယောက်နဲ့ တူတယ်နော်..."

"မဟုတ်ပါဘူး... မဟုတ်ပါဘူး..." ချူလျန်က အိတ်ကပ်ကို တင်းတင်းဆုပ်ထားရင်း ပြုံး၍ ပြောလိုက်သည်။

လူထွားကြီးသည် သူ့ကို လမ်းကြားများစွာထဲသို့ ခေါ်ဆောင်သွားပြီးနောက် 'လောင်းကစား' ဟူသော စာလုံးကို မထင်မရှား ရေးသားထားသည့် လိုက်ကာနှစ်ခုပါသော ဆိုင်ငယ်လေးတစ်ခု ရှေ့သို့ ရောက်ရှိသွားသည်။

တံခါးဝတွင် အစောင့်နှစ်ဦး ရှိနေပြီး လူထွားကြီးကို မြင်သောအခါ အသိမိတ်ဆွေများ ဖြစ်ပုံရသဖြင့် မည်သည့်မေးခွန်းမျှ မမေးဘဲ ခေါင်းညိတ်ပြကာ ဝင်ခွင့်ပြုလိုက်ကြသည်။

လူထွားကြီးက ချူလျန်ကို အတွင်းသို့ ခေါ်ဆောင်သွားရာ အထဲ၌ လုံးဝ ကွဲပြားခြားနားသော ကမ္ဘာသစ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ဆိုင်ငယ်လေးအတွင်း၌ မယုံကြည်နိုင်လောက်အောင် ကျယ်ဝန်းသော လောင်းကစားရုံကြီး တစ်ခု ရှိနေပြီး လူပေါင်း ရှစ်ရာ၊ တစ်ထောင်ခန့် စုဝေးနေကြကာ ဆူညံသံများဖြင့် ပြည့်နှက်နေလေသည်။ လူတိုင်းသည် မျက်နှာများ နီရဲနေကြပြီး လောင်းကစားဝိုင်းအသီးသီးတွင် အာရုံစိုက်နေကြသည်မှာ ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်ပြတ်နေသကဲ့သို့ပင် ဖြစ်ချေသည်။

"ညီလေး၊ ဘာကစားချင်လဲ..."

"ကျုပ်... ကျုပ် ကြည့်ပါရစေဦး..." ချူလျန်က ကြောက်ရွံ့နေသည့်ပုံစံဖြင့် လောင်းကစားဝိုင်းများအား လှည့်ပတ်ကြည့်ရှုရင်း မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါတွေ... ဒါတွေ တစ်ခုမှ ကျုပ် မတတ်ဘူးဗျ..."

"ဒါဆို မင်း ဘာတတ်လဲ..." လူထွားကြီးက မေးလိုက်သည်။

"ကျုပ်... မာကျောက် ကစားတတ်တယ်..." ချူလျန်က ပြန်ဖြေလိုက်သည်။ "နှစ်သစ်ကူးတုန်းက အိမ်က လူကြီးတွေနဲ့ အကြိမ်နည်းနည်း ကစားဖူးတယ်..."

"ဟဲဟဲ... ကောင်းပြီလေ၊ ဒီမှာလည်း မာကျောက်ဝိုင်းတွေ ရှိပါတယ်။ ဒါပေမဲ့... မင်းမှာ ပိုက်ဆံ အလုံအလောက် ရှိမှပဲ တစ်ယောက်ယောက်က ကစားပေးမှာနော်..." လူထွားကြီးက ပြောလိုက်သည်။

"ကျုပ်... ကျုပ် ပါလာတဲ့ ပိုက်ဆံကတော့ အများကြီး မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါလေး ပါလာတယ်၊ ဒါနဲ့ကော ရမလား မသိဘူး..." ချူလျန်က စိုးရိမ်နေသည့်ပုံဖြင့် သူ၏ အင်္ကျီလက်စထဲမှ ရွှေအုတ်ခဲပိုင်းကို လူထွားကြီးကို ခေတ္တမျှ ပြသလိုက်သည်။

"ဝိုး..." လူထွားကြီး၏ မျက်လုံးများ ပြူးထွက်သွားပြီးနောက် ချက်ချင်းပင် ပါးစပ်ဖြဲကာ ရယ်မောလိုက်တော့သည်။ "ဒီနေ့တော့ ငါ ဓနနတ်မင်းနဲ့ တွေ့ပြီပဲ၊ ကောင်းပြီ... ကောင်းပြီ... ငါ သွားမေးပေးမယ်..."

ပြောပြီးသည်နှင့် သူသည် ချူလျန်ကို အပေါ်ထပ်ရှိ သီးသန့်အခန်းများဆီသို့ ခေါ်ဆောင်သွားလေသည်။

သူသည် လောင်းကစားရုံမှ လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ရှာတွေ့လိုက်ပြီး တစ်စုံတစ်ခုကို တီးတိုး ပြောဆိုလိုက်သည်။ ထို့နောက် ချူလျန်ဘက်သို့ လှည့်ကာ လက်ယပ်ခေါ်လိုက်ပြီး "ညီလေး၊ ဝင်သွားလိုက်တော့၊ ပျော်ပျော်ပါးပါး ကစားနော်..."

ချူလျန်က လူထွားကြီးကို ရိုးသားစွာ ခေါင်းညိတ်ပြလိုက်ပြီး "ကျေးဇူးတင်ပါတယ်ဗျာ..."

ထို့နောက်တွင် လူလတ်ပိုင်း အမျိုးသားက ချူလျန်ကို သီးသန့်အခန်းထဲသို့ ခေါ်ဆောင်သွားရာ၊ ထိုနေရာတွင် မာကျောက်ဝိုင်းတစ်ခု ရှိနေပြီး ကြိုတင် အသိပေးထားသည့်အတိုင်း လူတစ်ဦးက ထိုင်ခုံမှ ထပေးကာ ချူလျန်အတွက် နေရာပေးလိုက်သည်။

"ဒီသခင်လေးက ပထမဆုံးအကြိမ် လာတာ၊ အားလုံးပဲ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်ကြဦး..." လူလတ်ပိုင်း အမျိုးသားက ချူလျန်၏ ပခုံးကိုပုတ်ကာ ဝိုင်းတွင် ထိုင်နေသူများကို ပြုံး၍ ပြောလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

အခန်းအပြင်ဘက်သို့ ရောက်သောအခါ လူထွားကြီးက ထိုနေရာ၌ စောင့်ဆိုင်းနေပြီး မြှောက်ပင့်သော အပြုံးဖြင့် မေးလိုက်သည်။ "အစ်ကိုကြီး(၉)... ဘယ်လိုလဲဗျ... ဒီကောင်လေးဆီက ရတဲ့အမြတ်ထဲက ကျုပ်ကို တစ်ပုံတော့ ပေးရမယ် မဟုတ်လား..."

"ဆုတောင်းလေ..." လူလတ်ပိုင်း အမျိုးသားက သူ့ကို စိုက်ကြည့်လိုက်ပြီး "မင်းမှာ ရစရာရှိရင်လည်း အရင်ဆုံး မင်းရဲ့ လောင်းကစားအကြွေးတွေကို အရင် ဆပ်လိုက်ဦး..."

"ဟုတ်ကဲ့... ဟုတ်ကဲ့... ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီက ရွှေအုတ်ခဲကိုတော့ ထားခဲ့ရမှာပဲ၊ အဲဒါဆိုရင် ကျုပ် အကြွေးတွေ ဆပ်ဖို့ လုံလောက်မှာပါ..." လူထွားကြီးက တဟဲဟဲ ရယ်မောလိုက်ပြီး "ဒီလို ဝဝဖြိုးဖြိုး သိုးပေါက်လေးမျိုးကို ရှာတွေ့ဖို့ မလွယ်ဘူးဗျ၊ ကျုပ် သူ့ကို ဒီရောက်အောင် တော်တော် ဖျောင်းဖျလိုက်ရတာ..."

"ကောင်းပြီလေ၊ ဒါကို မင်းရဲ့ အောင်မြင်မှုတစ်ခုအဖြစ် မှတ်သားထားပေးမယ်..." လူလတ်ပိုင်း အမျိုးသားကလည်း ပြုံးလျက် ပြောလိုက်သည်။

...

“အာ... ကျုပ်... ကျုပ် နိုင်သွားတာလား...”

သီးသန့်အခန်းအတွင်း၌ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ချူလျန်က သူ၏ လက်ထဲမှ အတုံးများကို လှန်ပြလိုက်ပြီး ဝမ်းသာအားရ မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်..." မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ခပ်ပိန်ပိန် အမျိုးသားက ခေါင်းညိတ်ပြကာ ပြုံး၍ ပြောလိုက်သည်။ "ဒီသခင်လေးရဲ့ ကံက တော်တော် ကောင်းတာပဲ၊ ပထမဆုံးဝိုင်းမှာတင် အကြီးကြီး နိုင်သွားတာပဲ..."

ဘေးနားရှိ တက်တူးများနှင့် အပေါ်ပိုင်းဗလာ အမျိုးသားကလည်း တဟဲဟဲ ရယ်မောလိုက်ပြီး "ဒါက လူသစ်ကံလေ၊ ဒီကံကောင်းမှုလေး ရှိနေတုန်း နောက်ထပ် အကြိမ်နည်းနည်းလောက် ကစားသင့်တယ်၊ မဟုတ်ဘူးလား..."

ဝိုင်းတွင် ထိုင်နေသော အခြားအမျိုးသမီးကြီး တစ်ဦးကလည်း ပြုံးရယ်နေလေသည်။

"ခင်ဗျားတို့က တကယ့် လူကောင်းတွေပဲ..." ချူလျန်က ပိုက်ဆံများကို သိမ်းဆည်းရင်း ပြုံး၍ ပြောလိုက်သည်။

"ကျုပ် နိုင်သွားတာကိုတောင် ခင်ဗျားတို့က ကျုပ်အတွက် ဝမ်းသာပေးနေကြတယ်..."

"အို... ကျုပ်တို့ လောင်းကစားရုံက လူတွေက အမြဲတမ်း ဒီလိုပါပဲ၊ သူတစ်ပါး နိုင်တာကို မြင်ရရင် ကိုယ်တိုင် နိုင်သလိုမျိုး ဝမ်းသာတတ်ကြတာ..." ခပ်ပိန်ပိန် အမျိုးသားက ရယ်မောလိုက်သည်။

"ဟုတ်လား၊ ဒါဆိုရင်တော့ တော်တော် ကောင်းတာပဲ၊ ကျုပ် နောက်ကို ခဏခဏ လာရမယ်..." ချူလျန်က ခေါင်းညိတ်ပြလိုက်ပြီး "ကြည့်ရတာ ဒီနေ့ ကျုပ်ရဲ့ ကံက တကယ် ကောင်းနေပုံရတယ်၊ ကျုပ် နိုင်နေလို့ ခင်ဗျားတို့က ထွက်မပြေးကြဘူး မဟုတ်လား..."

"စိတ်ချပါ ညီလေး..." ကိုတက်တူးက သူ့နောက်ကွယ်ရှိ သေတ္တာကြီးတစ်လုံးကို ညွှန်ပြလိုက်ပြီး "ကျုပ်တို့အားလုံးက လောင်းကစားရုံမှာ အာမခံချက်တွေ ရှိပြီးသားပါ၊ မင်း ကြိုက်သလောက် နိုင်အောင်သာ ကစား၊ မင်းကို ပျော်ရွှင်အောင် ထားပေးပါ့မယ်..."

"ကောင်းလိုက်တာ..." ချူလျန် ပြောနေစဉ်မှာပင် သူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး “အာ... ကျုပ် ထပ်နိုင်ပြန်ပြီ ထင်တယ်…”

"အမ်..."

"ဘာ..."

"ဘယ်လို..."

ဝိုင်းတွင် ထိုင်နေသော သုံးယောက်လုံး တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

ယခုမှ စတင်၍ မကြာသေးမီမှာပင် သူ မည်သို့ ထပ်နိုင်ရပြန်သနည်း…။

မာကျောက် ကစားခြင်းသည် ဤမျှ လွယ်ကူနေသည်လော…။

"လူသစ်ကံက တော်တော် ကြောက်စရာ ကောင်းတာပဲ၊ အဟီးဟီး..." ချူလျန်က နွေးထွေးပြီး စစ်မှန်သော အပြုံးကို ပြသထားလေသည်။

ထို့နောက် သူသည် အတုံးများကို ပြန်စီကာ စတင် ကစားပြန်သည်။ ရှေ့တွင် ထိုင်နေသော လူသုံးဦးစလုံး၏ အပြုံးများမှာ တဖြည်းဖြည်း တောင့်တင်းသွားကြရသည်။

ချူလျန်ကမူ အပြစ်ကင်းစင်သော အမူအရာဖြင့် "ဝါး... ဒီနေရာရဲ့ ဖုန်းရွှေက တကယ်ကို ကောင်းတာပဲ..." ဟု ဆိုလေ၏။

"..."

အကြိမ်အနည်းငယ် ကြာပြီးနောက် ခပ်ပိန်ပိန် အမျိုးသားက အပေါ့သွားချင်သည်ဟု အကြောင်းပြကာ အခန်းထဲမှ အလျင်အမြန် ထွက်ပြေးသွားတော့သည်။

လူလတ်ပိုင်း အမျိုးသားသည် အခန်းအပြင်ဘက်တွင် မျက်စိမျက်နှာပျက်လျက် ရပ်နေပြီး "မင်းတို့ သုံးယောက်ပေါင်းပြီး တစ်ယောက်တည်းကိုတောင် မနိုင်ဘူးလား..." ဟု မေးလိုက်လေသည်။

"အစ်ကို(၉)... ဒီကောင်လေးက တော်တော် ထူးဆန်းတယ်ဗျာ..." ခပ်ပိန်ပိန် အမျိုးသားက စိုးရိမ်တကြီး ပြောလိုက်သည်။

"ကျုပ် လောင်းကစားလာတာ နှစ်တွေ ကြာလှပြီ၊ ဒီလောက် ထူးဆန်းတာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ကျင့်ကြံသူတစ်ယောက်ယောက်က ဝင်နှောက်ယှက်နေတာများလား..."

"မဖြစ်နိုင်ဘူး..." လူလတ်ပိုင်း အမျိုးသားက ခေါင်းခါလိုက်သည်။

လောင်းကစားရုံတိုင်းတွင် ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားများကို ထောက်လှမ်းနိုင်သည့် တင်းကြပ်သော အစီအရင်များနှင့် စစ်ဆေးမှုများ ရှိကြသည်။ ဝိုင်းတွင် တန်ခိုးစွမ်းအား လှုပ်ရှားမှု ရှိပါက ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။ ဤသည်မှာ ကျင့်ကြံသူများက တန်ခိုးစွမ်းရည်ဖြင့် လောင်းကစားခြင်းကို တားဆီးရန် ပြုလုပ်ထားခြင်း ဖြစ်ချေသည်။

သို့သော် တာအိုသိရှိခြင်းအဆင့်ရှိ မဟာဆရာသခင်ကြီးများအနေဖြင့် အကယ်၍ သူတို့သာ ပိုက်ဆံလိုချင်ပါက မည်သူမဆို သူတို့ထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်ကြမည် ဖြစ်ရာ ဤကဲ့သို့သော နေရာမျိုးသို့ လာရောက်ပြီး လူများကို စနောက်နေစရာ အကြောင်းမရှိပေ။

"ဒါဆို ဘာလို့လဲဗျာ၊ တကယ်ကို ထူးဆန်းတာပဲ။ ကျုပ်တို့ သုံးယောက်ပေါင်းပြီး အကွက်တွေ ဆင်ထားတာတောင် အခွင့်အရေးကို မရဘူး။ သူက စပြီး မကြာဘူး… ချက်ချင်း နိုင်သွားတာချည်းပဲ၊ ဒါကို ဘယ်လို ကစားရမှာလဲ..."

လူလတ်ပိုင်း အမျိုးသားက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "သူ့ရဲ့ အာရုံစူးစိုက်မှုက အရမ်းကောင်းပုံရတယ်၊ အတုံးတချို့ကို မှတ်မိနေတာ ဖြစ်နိုင်တယ်... ဒါက တကယ့်ကျွမ်းကျင်သူ တစ်ယောက်ပဲ..." ဟု ဆိုလေသည်။

"ဗျာ..." ပိန်ပါးသော အမျိုးသားက အံ့အားသင့်သွားပြီး "ဒါဆို သူက နတ်ဘုရားတစ်ပါးပေါ့..."

"လောင်းကစားဝိုင်းပေါ် ရောက်ရင်တော့ နတ်ဘုရားတစ်ပါးလိုပါပဲ..." လူလတ်ပိုင်း အမျိုးသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဒီနေ့တော့ ငါတို့ အတွက်မှားသွားပုံပဲ… ငါ ကိုယ်တိုင် သွားပြီး သူ့ကို စမ်းသပ်ကြည့်ရမယ်..."

ပြောပြီးသည်နှင့် သူသည် တံခါးကို တွန်းဖွင့်ဝင်သွားပြီး ဝိုင်းတွင် ထိုင်လိုက်သည်။ "ကစားပွဲက မရပ်သင့်ဘူးလေ၊ ကျုပ် သူ့အစား ဝင်ကစားပေးမယ်..."

သူသည် ချူလျန်ကို စိုက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

ချူလျန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီဗျာ..."

လူလတ်ပိုင်း အမျိုးသား ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် အခြားလူနှစ်ဦးစလုံးမှာ သိသိသာသာ စိုးရိမ်ပူပန်လာကြပြီး အမူအရာများ သဘာဝမကျ ဖြစ်လာကြသည်။ သူတို့၏ အကြည့်များမှာ စားပွဲပေါ်ရှိ လက်နှစ်စုံဆီသို့သာ ရောက်ရှိနေကြလေသည်။

ချူလျန်၏ လက်ချောင်းများမှာ သွယ်လျပြီး အမြဲတမ်း ကျင့်ကြံအားထုတ်နေသူ ဖြစ်သဖြင့် ကျောက်စိမ်းကဲ့သို့ တောက်ပသော အရှိန်အဝါ ရှိနေလေသည်။ လူလတ်ပိုင်း အမျိုးသား၏ လက်များမှာမူ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး ကြမ်းတမ်းသော အတွေ့အကြုံများ ရှိကြောင်း ပြသနေ၏။

သူနှင့် ချူလျန် အကြည့်ချင်း ဆုံလိုက်သည့် အခိုက်အတန့်တွင် လေထုမှာ တောင့်တင်းသွားပြီး လျှပ်စီးတန်းများ လက်ခနဲ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းသည် ကျွမ်းကျင်သူနှစ်ဦး ထိပ်တိုက်တွေ့ဆုံလိုက်ခြင်းပင် ဖြစ်ပေသည်။

ထို့နောက် နာရီဝက်ခန့် ကုန်လွန်သွားသောအခါ...

"အာ... ကျုပ် ထပ်နိုင်ပြန်ပြီ..." ချူလျန်က အံ့အားသင့်သော အမူအရာဖြင့် အတုံးများကို လှန်ပြလိုက်ပြန်သည်။

လူလတ်ပိုင်း အမျိုးသား၏ မျက်နှာထားမှာ အီးမှန်ထားသလို ဖြစ်နေချေပြီ။

ကျွမ်းကျင်သူချင်း ထိပ်တိုက်တွေ့တာလည်း မဟုတ်၊ ဘာမှလည်း မဟုတ်တော့ပေ။

သူသည် ယုံကြည်မှုအပြည့်ဖြင့် ဝင်ရောက်လာပြီး ဤလူငယ်လေးကို သင်ခန်းစာပေးရန် ကြိုးစားခဲ့သော်လည်း အကြိမ်အနည်းငယ် အတွင်းမှာတင် ငွေရာပေါင်းများစွာ ရှုံးနိမ့်သွားခဲ့ရလေသည်။

အခြားလူသုံးဦးစလုံးမှာမူ ငွေထောင်ပေါင်းများစွာ ရှုံးနိမ့်သွားကြပြီ ဖြစ်သည်။ သူတို့ ကစားနေသည့် ဝိုင်းမှာ အလွန် ကြီးမားသောကြောင့် ချူလျန် နိုင်သမျှ ပိုက်ဆံများကို ထည့်ထားသော အိတ်ကြီးမှာပင် မဆံ့တော့ပေ။

"ညီလေး၊ တော်လောက်ပြီထင်တယ်..." လူလတ်ပိုင်း အမျိုးသားက ဒေါသတကြီး ထရပ်လိုက်ပြီး စားပွဲကို ရိုက်လိုက်သည်။ ယခုအခါ ရှင်းလင်းစွာ သိရှိလိုက်ရသည်မှာ ဤလူငယ်လေးသည် အတုံးအချို့ကို မှတ်မိနေခြင်း မဟုတ်ဘဲ အတုံးအားလုံးကို မှတ်မိနေခြင်း ဖြစ်လေသည်။

လောင်းကစားဝိုင်းပေါ်တွင် သူ လိုချင်သည့် အတုံးမှန်သမျှကို ရယူနိုင်စွမ်း ရှိနေချေသည်။ သူ လာရောက် ကစားနေခြင်းမှာ သူတို့ကို စနောက်နေခြင်းသက်သက်သာ ဖြစ်၏။

"ဘာဖြစ်လို့လဲဗျ၊ ကျုပ်ကို ဆက်ပြီး မကစားစေချင်တော့ဘူးလား..." ချူလျန်က မျက်တောင်ခတ်ကာ မေးလိုက်သည်။

"မင်း ငွေထောင်ပေါင်းများစွာ နိုင်သွားပြီ၊ အခု ချက်ချင်း ထွက်သွားတာ ပိုကောင်းလိမ့်မယ်၊ နောက်ထပ် ဘယ်တော့မှ ငါတို့ လောင်းကစားရုံကို ခြေမချနဲ့တော့။ လူဆိုတာ တစ်ဖက်လူအတွက် လမ်းစ ချန်ထားပေးရတယ်ဆိုတာ မင်း သိမှာပါ..." လူလတ်ပိုင်း အမျိုးသားက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ဟဲဟဲ... ကျုပ်က ခင်ဗျားတို့နဲ့ ပျော်ချင်ရုံ ကစားတာပါ၊ ဘာလို့ စိတ်ဆိုးနေတာလဲ..." ချူလျန်က ပြုံးလျက် အိတ်ကြီးကို စားပွဲပေါ် တင်လိုက်ပြီး "ဒီပိုက်ဆံတွေ အကုန်လုံး ကျုပ် မယူသွားပါဘူး၊ ဒီမှာပဲ ထားခဲ့မယ်၊ ဒါဆို ဖြစ်မလား..."

ပြောပြီးသည်နှင့် သူသည် အေးဆေးစွာ ရယ်မောလျက် ထွက်ခွာသွားလေတော့သည်။

လူလတ်ပိုင်း အမျိုးသား၏ အကြည့်များမှာ မဲမှောင်နေပြီး ချူလျန် ထွက်ခွာသွားတော့မည့်ဆဲဆဲတွင် ရုတ်တရက် မေးလိုက်သည်။ "ညီလေး၊ မင်းရဲ့ နာမည်ကို သိခွင့်ရမလား... နောင်တစ်ချိန် သိုင်းလောကမှာ ပြန်ဆုံခဲ့ရင် မိတ်ဆွေတွေ ဖြစ်နိုင်တာပေါ့..."

ချူလျန် နောက်လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းပြကာ နာမည်တစ်ခု ချန်ထားရစ်ခဲ့လေသည်။ "ကောင်းကျင့်..."

သူ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း အခန်းထဲရှိ လူတိုင်းမှာ အံ့ဩမှင်သက်နေကြရသည်။ ထိုအခိုက်အတန့်တွင် သူ၏ ကျောပြင်နောက်၌ တစ်စုံတစ်ရာသော အရှိန်အဝါများ လိုက်ပါသွားသကဲ့သို့ပင် ခံစားလိုက်ရလေသည်။ သူ ပျောက်ကွယ်သွားသည်အထိ မည်သူ့မျှ စကားမပြောနိုင်ကြပေ။

ထိုအချိန်တွင် ခပ်ပိန်ပိန် အမျိုးသား ပြန်ဝင်လာပြီး အံ့အားသင့်စွာ မေးလိုက်သည်။ "သူ ပိုက်ဆံမယူဘဲ ထွက်သွားတာလား... အမ်... ဒီငွေတွေက ဘာဖြစ်ကုန်တာလဲ..."

သူသည် အိတ်ထဲမှ ငွေတုံးကြီးများကို ထုတ်ယူလိုက်ရာ ငွေတုံးများမှာ ပုံသဏ္ဌာန် တူညီသော်လည်း အရောင်အဝါများ မှိန်ဖျော့နေပြီး မီးခိုးရောင် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ၎င်းတို့သည် သူတို့၏ အနှစ်သာရများ ဆုံးရှုံးသွားသကဲ့သို့ပင် ဖြစ်နေချေသည်။

"ဒါ... ဒါက..."

လူလတ်ပိုင်း အမျိုးသားသည် အတွေ့အကြုံရှိသူ ဖြစ်သဖြင့် တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်လိုက်ပြီး ဘေးနားရှိ ငွေသေတ္တာကြီးကို လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။

"မြန်မြန် စစ်ဆေးလိုက်ကြစမ်း..."

ပြောပြီးသည်နှင့် လူတိုင်း အလျင်အမြန် သေတ္တာကို ဖွင့်ကြည့်လိုက်ရာ သေတ္တာ၏ ဘေးဘက်တွင် အပေါက်သေးသေးလေးတစ်ခု ရှိနေပြီး အတွင်းရှိ ငွေတုံးများ အားလုံးမှာလည်း အလားတူပင် မီးခိုးရောင်များ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

"အာ..." လူလတ်ပိုင်း အမျိုးသားမှာ ခုံပေါ်သို့ ပြုတ်ကျသွားပြီး နာကြည်းစွာ ရေရွတ်လိုက်မိသည်။ "ကောင်းကျင့်... ခွေး… ခွေးမသား… သူခိုးကောင်..."

( စကားချပ် - 高进 က အနာဂတ်ကောင်းသူ လို့ အဓိပ္ပါယ်ရပြီး၊ 搞尽 ဆိုတာ ဘာမှမချန် အကုန်သိမ်းတယ်လို့ အဓိပ္ပါယ် ရပါတယ်တဲ့ ။ ဆင်တူယိုးမှာ အသံထွက် ကောင်းကျင့် လို့ ထွက်ပါတယ်တဲ့ဗျာ။)

All Chapters