မန္တန်တားမြစ်နယ်မြေ
Vol. 6 Ch. 53
လောင်းကစားရုံမှ လူများ ကောင်းကျင့်အပေါ် ကျိန်ဆဲနေသည်များကို ချူလျန်တစ်ယောက် သေချာပေါက် အာရုံခံစားမိမည် မဟုတ်ပေ။
လောင်းကစားနှင့် မူးယစ်ဆေးကို မုန်းတီးသော တရားမျှတသူ တစ်ဦးအနေဖြင့်၊ လူပေါင်းများစွာ၏ ဘဝကို ပျက်စီးစေသော လောင်းကစားရုံမျိုးသည် သူ ငွေညှစ်ရန် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
ရွှေဒင်္ဂါးပိုးကောင်ကို ဒေါ်လေးကူထံ ပြန်ပေးပြီးနောက်၊ ချူလျန်သည် ယွမ်ချောင်ရှန်းထံ ပြန်သွားပြီး သတင်းစကား ပါးလိုက်သောအခါ ညနေစောင်းနေပြီ ဖြစ်သည်။
ချူလျန် သတင်းအစစ်အမှန် ပြန်ယူလာသည်ကို မြင်လိုက်ရသောအခါ ယွမ်ချောင်ရှန်း အလွန် အံ့အားသင့်သွားသည်။
"ဝမ်ရှန်းမျှော်စင်... မိစ္ဆာဘက်က နတ်ဘုရားစေတမန်က အဲဒီမှာ ရှိနေတာလား..."
"(၈၀)ရာခိုင်နှုန်းလောက်တော့ သေချာတယ်... အတိအကျကြီးတော့ ပြောမရသေးဘူး..."
အစောပိုင်းက ကောင်းကင်လှိုင်းအသံ မအောင်မြင်ခဲ့သဖြင့် ယွမ်ချောင်ရှန်းတစ်ယောက် လက်မှိုင်ချပြီး ရှုံးနိမ့်မှုကို လက်ခံရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။
ချူလျန်က အတွေးအခေါ်ကောင်းမွန်မှုနှင့် စုံစမ်းထောက်လှမ်းမှုအပေါ် အားကိုးပြီး သဲလွန်စ ရှာဖွေနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။
"အစ်ကိုချူ... ကျုပ်က ကျုပ်ကိုယ်ကျုပ် ဉာဏ်ကောင်းတယ်လို့ အမြဲ ထင်ခဲ့တာ... ဒီနေ့တော့ ဝန်ခံရတော့မယ်... ဉာဏ်ရည်ပိုင်းမှာ ခင်ဗျားက ကျုပ်ထက် သာတယ်ဗျာ..." သူက လေးလေးနက်နက် ပြောလိုက်သည်။
သူ၏ ရိုးသားပြီး တောက်ပသော မျက်ဝန်းများကို ကြည့်ရင်း ချူလျန်တစ်ယောက် ဝမ်းနည်းရမလား၊ ဝမ်းသာရမလား မသိအောင် ဖြစ်သွားရသည်။
ခဏတာ ရပ်တန့်လိုက်ပြီးမှ သူ ပြောလိုက်သည်။ "ဒါက ခေါင်စန်းမြို့မှာရှိတဲ့ လမ်းမှားရှာမန်တွေရဲ့ စခန်းတစ်ခုပဲ... အဲဒီ နတ်ဘုရားစေတမန် ရှိမရှိ ဆိုတာတော့ မသေချာသေးဘူး... သွားကြည့်ကြတာပေါ့..."
"ကောင်းပြီ..." ယွမ်ချောင်ရှန်း ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"တောင်ပိုင်းဒေသက လမ်းမှားရှာမန်တွေက ယုတ်မာကောက်ကျစ်ပြီး လူတွေကို ဒုက္ခပေးတယ်... မိစ္ဆာတွေနဲ့ မပတ်သက်ရင်တောင် သူတို့ကို ရှင်းပစ်သင့်တယ်..."
ချူလျန် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ဤလူကြီး၏ တရားမျှတလိုစိတ်မှာမူ ပြောစရာမလိုအောင်ပင်။
ဉာဏ်ရည်ပိုင်းကို ဖယ်ထားလိုက်လျှင် ကျန်တာအားလုံး ကောင်းမွန်သည်ဟု ဆိုရပေမည်။
ထို့နောက် သူတို့နှစ်ဦး ချက်ချင်း ထွက်ခွာလာခဲ့ကြသည်။ ယွမ်ချောင်ရှန်းသည် အပေါ်အင်္ကျီကို ဝတ်ဆင်လိုက်ပြီး ပုဆိန်လှံကြီးကို ကိုင်ဆောင်ကာ ရှေ့ဆုံးမှ ဦးဆောင်သွားလေသည်။
ဤရက်ပိုင်းထဲတွင် မြို့ကို ပိတ်ဆို့ပြီး စစ်ဆေးနေသဖြင့် လမ်းပေါ်တွင် လူသွားလူလာ နည်းပါးနေသည်။
ဝမ်ရှန်းမျှော်စင်သည် ဆေးကုန်သည်များ အရောင်းအဝယ်ပြုလုပ်ရာ နေရာဖြစ်သော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သော ဂယက်များကြောင့် ဆိုင်ပိတ်ထားရသည်။
ညအမှောင်ထုထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်။
"မလှုပ်ရှားခင် အခြေအနေကြည့်ဦး... မြွေကို ခြောက်သလို မဖြစ်စေနဲ့... ကျုပ် အပေါ်တက်ပြီး အခြေအနေ အရင် သွားကြည့်လိုက်မယ်... တစ်ခုခုဆိုရင် အချက်ပေးလိုက်မယ်..."
ချူလျန် မှာကြားလိုက်ပြီးနောက် ဒုတိယထပ် ဝရန်တာသို့ ခုန်တက်လိုက်သည်။
အမှန်တကယ်တမ်းတွင် လမ်းကြောင်းရှင်းလင်းရေးကို သိုင်းပညာ ပိုတော်သော ယွမ်ချောင်ရှန်းက လုပ်ဆောင်သင့်သော်လည်း...
ထားလိုက်ပါတော့လေ…။
ဝရန်တာသည် ကျယ်ဝန်းပြီး ဘာမှမရှိပေ။ သူသည် ဝိညာဉ်အာရုံကို သတိထားပြီး ဖြန့်ကျက်လိုက်ကာ သူ့ရှေ့ (၃)ကျန်းအကွာလောက်အထိ ထိန်းထားပြီး နံရံနားသို့ ဖြည်းညှင်းစွာ ကပ်သွားသည်။
ပြီးခဲ့သည့်အကြိမ်က ဝိညာဉ်ထိန်းချုပ်သူနှင့် ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံကြောင့် သူသည် ဝိညာဉ်အာရုံကို အဝေးကြီးသို့ မပို့လွှတ်တော့ဘဲ နေရာတစ်ခု စိတ်ချရပြီဆိုမှ ရှေ့ဆက်တိုးလေသည်။
နံရံတစ်ဖက်တွင် ကျယ်ဝန်းသော အခန်းလွတ်ကြီးတစ်ခု ရှိပုံရပြီး လူအရိပ်အယောင် မတွေ့ရပေ။ ချူလျန် ပြန်လှည့်ပြီး ယွမ်ချောင်ရှန်းကို ခေါ်ရန် ပြင်လိုက်သည်။
ရုတ်တရက် သူ့မြင်ကွင်းများ ဝေဝါးသွားလေသည်။
မူးဝေသွားခြင်းပင်။
'စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလား...'
သူ၏စိတ်အာရုံ အနည်းငယ် ကြည်လင်နေသေးသဖြင့် လျှာကို ကိုက်လိုက်ပြီး နောက်သို့ ခုန်ရှောင်လိုက်သည်။
ဘုန်း...
သူ ရပ်နေခဲ့သော နေရာမှ (၉)ပေခန့် မြင့်မားသော အရိုးခေါင်းကြီးတစ်လုံး မြေကြီးထဲမှ တိုးထွက်လာသည်။ သွေးရောင်လွှမ်းသော ပါးစပ်ပေါက်ကြီးဖြင့် ကိုက်ချလိုက်သော်လည်း လွဲချော်သွားလေသည်။
ရှေ့ကို ကြည့်လိုက်သောအခါ ထူးဆန်းသော အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက် ရောက်ရှိနေပြီ ဖြစ်သည်။ သူ လက်ဝှေ့ယမ်းလိုက်ရာ အရိုးခေါင်းကြီးသည် လက်သီးဆုပ် အရွယ်အစားရှိသော အရိုးခေါင်းလေးအဖြစ် ပြောင်းလဲသွားပြီး သူ့လက်ဝါးပေါ်သို့ ကျရောက်သွားသည်။
အနက်ရောင်ဝတ်လူ တစ်ယောက်တည်း မဟုတ်ပေ။
ဘယ်ဘက်တွင်လည်း နောက်ထပ်လူတစ်ယောက် ထွက်ပေါ်လာသည်။ သူသည် ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်ပြီး သူ့လက်မောင်းသူ ဓားဖြင့် အရင်ဆုံး မွှန်းလိုက်ကာ ဓားကို သွေးစွန်းစေပြီးနောက် ချူလျန်ထံသို့ ပစ်လွှတ်လိုက်ပြန်သည်။
ရွှစ်...
ဓားမြှောင်သည် လေကို ခွင်းလျက် ရောက်ရှိလာသည်။ ချူလျန် ကိုယ်ကို စောင်းပြီး ရှောင်တိမ်းလိုက်သော်လည်း ဓားမြှောင်သည် မျက်လုံးပါသကဲ့သို့ ရုတ်တရက် ဦးတည်ချက်ပြောင်းကာ ချူလျန်ကို ထောင့်ချိုးကျကျ ထိုးစိုက်ရန် ဝင်ရောက်လာလေသည်။
ချူလျန် လက်ဝှေ့ယမ်းလိုက်ပြီး ဓားပျံကို ဆင့်ခေါ်လိုက်သည်။ ချက်ချင်းပင် ဓားတစ်ရာတံဆိပ်ကို ထုတ်သုံးလိုက်ရာ ဓားရိပ်တစ်ရာသည် ဓားဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားမြှောင်ကို ရိုက်ချိုးပစ်လိုက်သည်။
သတ္တုစများ ကြမ်းပြင်ပေါ်သို့ ကျရောက်သွားပြီးနောက်မှ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်လိုက်သည်။
"ဆုတ်လိုက်တော့..." နေရာတစ်ခုဆီမှ အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
သူ ခေါင်းလှည့်ပြီး ထိုထူးဆန်းသော လူနှစ်ယောက်ကို ကြည့်လိုက်သောအခါ ရုတ်တရက် ပျောက်ကွယ်သွားကြပြန်သည်။ မူလကတည်းက မရှိခဲ့သကဲ့သို့ပင်။
လမ်းမှားရှာမန်…။
မွေးရာပါ ထူးဆန်းဆန်းကြယ်သည့် နာမည်တစ်ခု သူ့စိတ်ထဲသို့ ဝင်ရောက်လာတော့သည်။
...
ချူလျန် အောက်ထပ်ကို ငုံ့ကြည့်လိုက်ရာ ယွမ်ချောင်ရှန်း လိုက်မလာသည်ကို တွေ့လိုက်ရသည်။ စဉ်းစားနေစရာ မလိုပေ၊ သူသည်လည်း ရန်သူနှင့် တွေ့နေရသည်မှာ သေချာပေသည်။
ဝမ်ရှန်းမျှော်စင်၏ လုံခြုံရေးက အတော်လေး တင်းကျပ်ပုံရသည်။ သူတို့ ဝင်လာကတည်းက တွေ့ရှိသွားကြခြင်း ဖြစ်သည်။
ချက်ချင်းဆိုသလိုပင်…
ပိန်လှီပြီး ကိုင်းညွတ်နေသော အနက်ရောင်ဝတ် အဘိုးအိုတစ်ဦး ဝရန်တာပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဟဟ... လူငယ်လေး..." အဘိုးအို၏ ခြေလှမ်းများက နှေးကွေးသော်လည်း တည်ငြိမ်ခိုင်မာလှသည်။
"မင်း ကျားဘုရင်ကို အရမ်းကို စွမ်းတဲ့ ဓားတစ်သောင်းတံဆိပ်နဲ့ သတ်လိုက်တယ်လို့ နတ်ဘုရားစေတမန် ပြောတာ ကြားဖူးတယ်... မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနဲ့ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းထဲက ဂိုဏ်းတစ်ခုခုက ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်..."
ချူလျန်မှာ သူ့ကို တိတ်တဆိတ် ကြည့်နေပြီး ပြန်မပြောပေ။
ထိုနေ့က ကျားဘုရင်ကို သတ်ဖြတ်သည့် မြင်ကွင်းကို မိစ္ဆာငယ်လေးများ မြင်တွေ့သွားကြပြီး သတင်းပြန့်သွားခြင်းမှာ မဆန်းပေ။
သို့သော် တစ်ဖက်လူက သူ့ကို ထိပ်တန်းအဆင့် ပါရမီရှင်တစ်ဦးအဖြစ် ထင်မှတ်ပြီး ပါရမီရှင်များကို ကိုင်တွယ်သည့် နည်းလမ်းများဖြင့် တိုက်ခိုက်လာလျှင်မူ အတော်လေး မတရားရာ ရောက်ပေလိမ့်မည်။
ချူလျန် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ထွက်ပြေးရန် လမ်းကြောင်းကို တွက်ချက်လိုက်သည်။
ယခုအချိန်အထိတိုင် သူ့စိတ်ထဲတွင် တည်ငြိမ်နေဆဲပင်... ။
အချိန်မရွေး အဆင်သင့် ပြင်ထားပြီး အခြေအနေ မဟန်လျှင် ချစ်လှစွာသော ဆရာသခင်ကို ဆင့်ခေါ်လိုက်ရုံသာ…။
"ကျုပ်က စတုတ္ထအဆင့်မှာရှိတဲ့ အမှောင်ရှာမန် အသေးစားလေးပါ..." အဘိုးအိုက ဆက်ပြောလိုက်သည်။
သူ့စကားကို ကြားသောအခါ ချူလျန် စိတ်ထဲမှ ကျိတ်ကာ ကျိန်ဆဲလိုက်မိတော့သည်။
'ခင်ဗျားက တကယ်ကို ယဉ်ကျေးလွန်းနေပါပြီဗျာ...'
'ကျုပ်ကလည်း တတိယအဆင့်ပဲရှိတဲ့ ကျင့်ကြံသူ အသေးစားလေးပါဗျာ...'
"ဒါပေမဲ့ မင်းကို ကိုင်တွယ်ဖို့တော့ ကျုပ်မှာ ယုံကြည်မှု ရှိပါတယ်..." အဘိုးအိုက ပြုံးလိုက်ပြန်သည်။
ထို့နောက် သူ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ဘယ်လက်ညှိုးကို ဓားဖြင့်လှီးကာ သွေးထွက်စေလိုက်သည်။ လေထဲတွင် စာလုံးအချို့ ရေးသားလိုက်ပြီး ရွတ်ဖတ်ပူဇော်နေပုံ ရလေသည်။
ဟူးလား...
ပတ်ဝန်းကျင်တွင် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာသည်။
လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရချေသည်။
"ကျုပ် သက်တမ်းတစ်လျှောက်မှာ ဒီရှာမန်သိုင်းကွက်ကို သုံးပြီး ကျုပ်ထက် အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ အများကြီးကို သတ်ခဲ့ဖူးတယ်... မင်း ဒီမှာ သေရတာ မတရားဘူးလို့ မဆိုသာပါဘူး..."
ပြောရင်းဆိုရင်း အဘိုးအို၏ အသံမှာ စူးရှသွားချေ၏။
"မန္တန်တားမြစ်နယ်မြေ..."
ဘုန်း...
ပတ်ဝန်းကျင် လေထုမှာ ချက်ချင်း လေးလံသွားသည်။
ချူလျန်ခမျာ အသက်ရှူရ ခက်ခဲသွားသည်ကို ခံစားလိုက်ရသည်။
မန္တန်တားမြစ်နယ်မြေ...။
ယင်းသည် နာမည်ကြီး ရှာမန်သိုင်းကွက်တစ်ခု ဖြစ်ပြီး၊ သက်ရောက်မှု နယ်ပယ်အတွင်းတွင် အင်မော်တယ်သိုင်းပညာများနှင့် မယှဉ်သာအောင် စွမ်းအားကြီးသည်ဟု ဆိုကြသည်။
အကျိုးသက်ရောက်မှုသည် တန်ခိုးစွမ်းရည်နဲ့ မှော်ဝင်ပစ္စည်း အားလုံးကို အသုံးမပြုနိုင်အောင် တားမြစ်ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။
"ဘယ်လိုလဲ... တန်ခိုးစွမ်းရည်တွေ သုံးမရတော့ဘူး မဟုတ်လား... ဟားဟား…" အဘိုးအိုက အနားသို့ လျှောက်လာရင်း မေးလိုက်သည်။
ချူလျန် ချီစွမ်းအင်ကို ထုတ်သုံးရန် ကြိုးစားကြည့်သော်လည်း ခန္ဓာကိုယ်အပြင်ဘက် ရောက်သည်နှင့် ပျောက်ကွယ်သွားလေသည်။
"ဟုတ်တယ်..." သူ ပထမဆုံးအကြိမ် ပြန်ပြောလိုက်သည်။
"မင်းက ပါရမီရှင် ကျင့်ကြံသူ ဖြစ်နေရင်တောင်... ဒီ မန္တန်တားမြစ်နယ်မြေထဲမှာတော့... လက်မှိုင်ချပြီး သာမန်လူတစ်ယောက် ဖြစ်သွားရမှာပဲ..."
အဘိုးအို၏ လေသံမှာ ပိုမို ဝင့်ကြွားလာချေသည်။
"အဲဒါကြောင့်ပဲ ဟို သိုင်းပညာကျင့်ကြံတဲ့ လူကောင်ကြီးကို မရွေးဘဲ မင်းကို ကိုင်တွယ်ဖို့ ရွေးလိုက်တာပေါ့..."
"မင်းက သူ့ထက် ပိုစွမ်းအားကြီးကောင်း ကြီးနိုင်ပေမဲ့... မင်းက ရုပ်ပိုင်းဆိုင်ရာ အားနည်းတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကိုး... ဟားဟား…" အဘိုးအိုက ရယ်မောလိုက်သည်။
"အားနည်းတယ် ဟုတ်လား..." ချူလျန် သူ့ကိုယ်သူ ပြန်ကြည့်လိုက်မိသည်။
ခန္ဓာကိုယ်က သွယ်လျပြီး သခင်လေးတစ်ဦးကဲ့သို့ ပိန်ပိန်ပါးပါး ဖြစ်နေသည်မှာ အမှန်ပင်။
သို့သော်...။
"ကျုပ်တို့ အမှောင်ရှာမန်တွေက ငယ်ငယ်ကတည်းက ကျား၊ ကျားသစ်တွေနဲ့ တိုက်ခိုက်ပြီး ကြီးပြင်းလာကြတာ... တောင်တန်းတွေကြားမှာ ပြေးလွှားခဲ့ကြတာ... သာမန်သိုင်းသမားတွေတောင် ကျုပ်တို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး..."
ပြောရင်းဆိုရင်း အဘိုးအိုက မာန်သွင်းလိုက်ပြီး သူ့ကိုယ်ပေါ်ရှိ အနက်ရောင်ဝတ်ရုံကို ဆွဲဖယ်လိုက်ရာ၊ ကိုယ်ကျပ်ဝတ်စုံနှင့် လက်ထဲတွင် ဓားမြှောင်နှစ်လက် ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရချေသည်။
ပြောရလျှင် သူ့အသက်အရွယ်နှင့် ကြည့်ပါက ထို ကြွက်သားအဖုအထစ်များသည် အမှန်တကယ်ပင် သန်မာပုံရသည်။ အစောပိုင်းက အနက်ရောင်ဝတ်ရုံ ဖုံးအုပ်ထားသဖြင့် မသိသာခဲ့ခြင်းသာ ဖြစ်၏။
ထို့နောက် ဝရန်တာထောင့်လေးဖက်မှ အနက်ဝတ်လူလေးယောက် ထွက်လာကြသည်။ သူတို့သည် စောစောက အဘိုးအို မောင်းထုတ်လိုက်သော နောက်လိုက်များ ဖြစ်ကြပြီး၊ ယခုအခါ လက်နက်များကိုယ်စီဖြင့် လေးဖက်လေးတန်မှ ဝိုင်းရံလာကြသည်။ ချူလျန် ထွက်ပြေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပုံရလေသည်။
မန္တန်တားမြစ်နယ်မြေအောက်တွင် မည်သည့် တန်ခိုးစွမ်းရည်မှ သုံးမရပေ။
သူတို့၏ ရှာမန်သိုင်းကွက်များကိုလည်း အသုံးပြု၍ မရသဖြင့် အားလုံးက လက်သီးချင်းယှဉ်ထိုးရန် ပြင်ဆင်ထားကြသည်။
ဤနည်းလမ်းဖြင့် ပါရမီရှင်များကို ဝိုင်းဝန်းလုပ်ကြံခဲ့ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပုံရသည်။
အဘိုးအိုက ချူလျန်၏ မျက်ဝန်းများကို ကြည့်လိုက်ရာ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။
ဤပိန်ပါးသော လူငယ်လေးသည် သူ့အတွက် အားအကိုးရဆုံးသော တန်ခိုးစွမ်းရည်များကို ရုတ်တရက် ဆုံးရှုံးလိုက်ရသော်လည်း ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ၊ မျက်ဝန်းထဲတွင် အပျော်သဘောဆန်သည် အရိပ်အယောင်များ ပေါ်နေသည်လော။
ရယ်ချင်ပက်ကျိပင် ဖြစ်နေသလိုပင်။
‘ဟမ့်... ဟန်လုပ်နေတာပဲ ဖြစ်ရမယ်...'
အဘိုးအို အေးစက်စွာ ပြုံးလိုက်ပြီး အော်ဟစ်လိုက်သည်။ "သတ်ကြစမ်း..."
ဘုန်း...
သူ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရှေ့သို့ ခုန်အုပ်လိုက်ရာ၊ သူ့ခန္ဓာကိုယ်မှာ ကျားသစ်တစ်ကောင်ကဲ့သို့ သွက်လက်လှပနေသည်။
ထို့နောက်…
သူ့မျက်စိရှေ့မှ ချူလျန်မှာ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
အမ်...။
ထို ရှာမန်မျိုးနွယ် အဘိုးအိုမှာ သံသယ ဝင်သွားလို့ပင် မဆုံးသေးချေ၊ သူ့နောက်စေ့မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရတော့သည်။
‘နာ... သောက်ရမ်းကို နာလိုက်တာ...'
'ဘဝမှာ တစ်ခါမှ မခံစားဖူးတဲ့ နာကျင်မှုမျိုးပဲ...'
သေခြင်းတရားရဲ့ နာကျင်မှုဆိုတာ ဒါများလား...