အုတ်ခဲသိုင်းပညာ
Vol. 6 Ch. 54
ဘုန်း...
သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ သေဆုံးသွားခဲ့ရသည်။
သို့သော် ဘေးနားရှိ နောက်လိုက်လေးယောက်မှာမူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရချေသည်။
သူ ချူလျန်ဆီသို့ ပြေးဝင်သွားချိန်တွင် ချူလျန်က ကိုယ်ကိုကိုင်းလိုက်ပြီး ဘေးသို့ တိမ်းရှောင်ကာ၊ သရဲတစ္ဆေတစ်ကောင်လို သူ့နောက်ကျောဘက်သို့ ရောက်ရှိသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ချူလျန်၏ လက်ဖဝါးထဲတွင် ရွှေအုတ်ခဲပိုင်းကို ဆုပ်ကိုင်ထားလေသည်။
ထို့နောက်…
တစ်ချက်တည်းဖြင့်...
ထို အမှောင်ရှာမန် အဘိုးအို၏ နောက်စေ့ကို ရိုက်ချလိုက်ရာ ဦးနှောက်များ ပွင့်ထွက်သွားပြီး အသက်ပါ ပါသွားတော့သည်။
ချူလျန်က သူ့ရှေ့တွင် လဲကျသွားသော အဘိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
'ဒီလောက် စကားတွေ အများကြီးပြောနေပြီးတော့... ဒီလောက်ပဲ စွမ်းတာလား...'
အမှန်စင်စစ်အားဖြင့် သူ့ကို အပြစ်တင်လို့လည်း မရပေ။ ဆိုရလျှင် သူ၏ခန္ဓာကိုယ် အချိုးအစားသည် သိုင်းပညာ လေ့ကျင့်ထားသူတစ်ယောက်နှင့် လုံးဝ မတူပေ။
အုတ်ခဲရိုက်ချက်တစ်ခုတွင် ကျားဆယ်ကောင်အား ပါဝင်မည်ဟု မည်သူက ထင်ထားမိပါမည်နည်း။
ထို့အပြင် ချူလျန်သည် ယွမ်ချောင်ရှန်းဆီမှ သိုင်းပညာအချို့ကို သင်ယူထားသေးသည်။
ထိုစဉ်က ယွမ်ချောင်ရှန်းသည် သူ့ကို အားအသန်ဆုံး လက်နက်က ဘာလဲဟု မေးခဲ့သည်။
အသုံးအများဆုံးမှာ ဓား ဖြစ်သော်လည်း၊ အားအသန်ဆုံးကို ပြောရလျှင်မူ ချူလျန်သည် အုတ်ခဲကို ပို၍သဘောကျသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ သိုင်းလောကတွင် အုတ်ခဲအတွက် သီးသန့်တီထွင်ထားသော သိုင်းပညာ မရှိခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ယွမ်ချောင်ရှန်း၏ သိုင်းပညာ အဆင့်အတန်းက မြင့်မားလှပေသည်။
သူ့ခမျာ အသဲအသန် စဉ်းစားပြီးနောက် ချူလျန်ကို 'ရေစီးလေဆန်ကိုယ်ဖော့ပညာ' ဟု ခေါ်သော သိုင်းကွက်တစ်ခု သင်ပေးခဲ့သည်။ အသုံးပြုလိုက်ပါက ခြေလှမ်းများ သွက်လက်ကာ သရဲတစ္ဆေကဲ့သို့ တည်နေရာအတိအကျအား ခန့်မှန်းရ ခက်ခဲစေသည်။
ခွန်အားများစွာ တိုးတက်လာသည်နှင့်အမျှ ကိုယ်ဖော့ပညာ၏ အမြန်နှုန်းမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
ထို့နောက် မည်သည့်အရာကိုမဆို ဖျက်ဆီးနိုင်သော ရွှေအုတ်ခဲနှင့် ပေါင်းစပ်လိုက်သောအခါ၊ ထူးခြားဆန်းသစ်လှသော အုတ်ခဲသိုင်းပညာ တစ်ရပ် ဖြစ်ပေါ်လာတော့သည်။
ရှာမန်သိုင်းကွက် မည်မျှကောင်းမွန်သည် ဆိုစေ၊ အုတ်ခဲတစ်ချက် ရိုက်ထုတ်လိုက်ရုံပင်။
အမှန်စင်စစ်အားဖြင့်၊ ချူလျန်သည် ထိုအဘိုးအိုကို မြင်လိုက်ရသည့် ပထမဆုံး အခိုက်အတန့်ကတည်းက ဆရာသခင် ဆင့်ခေါ်အဆောင်ကို ချိုးဖျက်ပြီး ဆရာသခင်ကို ဆင့်ခေါ်ရန် ပြင်ဆင်ထားပြီး ဖြစ်၏။
အမှောင်ရှာမန်များသည် ယုတ်မာကောက်ကျစ်ပြီး နည်းလမ်းပေါင်းစုံ သုံးတတ်ကြသည့်အပြင်၊ တဖက်လူ၏ အဆင့်သည့် ကိုယ့်ထက် မြင့်နေသည်ဖြစ်ရာ ကိုင်တွယ်နိုင်ရန် ယုံကြည်ချက် မရှိပေ။
သို့သော်ငြား ထိုသူက မန္တန်တားမြစ်နယ်မြေကို ထုတ်သုံးလိုက်သည်။
မန္တန်တားမြစ်နယ်မြေ စတင်အသက်ဝင်လာချိန်တွင် ဆင့်ခေါ်အဆောင်ကို တားဆီးထားနိုင်မည်လောဟုပင် ချူလျန်တစ်ယောက် စိုးရိမ်ခဲ့သေးသည်။
သို့သော် ပြန်စဉ်းစားကြည့်လိုက်သောအခါတွင်မူ...။
'တကယ်လို့ တန်ခိုးစွမ်းရည်အားလုံးကို တားမြစ်လိုက်တယ် ဆိုရင်...'
'ငါ ဘာကြောက်စရာ လိုလဲ...'
'ခင်ဗျားလို အိုကြီးအိုမရဲ့ ကြွက်သားတွေကို ကြောက်ရမှာလား...'
သာမန် သိုင်းသမားများအတွက် ကျား၊ ကျားသစ်များကို သတ်ဖြတ်နိုင်သော ရှာမန်မျိုးနွယ်များကို မယှဉ်နိုင် ဆိုသည်မှာ မှန်ပေသည်။
သို့သော်ငြား ချူလျန်၏ ခွန်းအားသည်မှာမူ သာမန်နှင့် လားလားမျှ မသက်ဆိုင်ချေ။
အက၍ ကျားအမြုတေအားဖြည့်ဆေးလုံးသည် ခွန်အားတိုးစေရုံသာမက ချူလျန်၏ ခန္ဓာကိုယ်ကိုပါ ပြောင်းလဲစေပြီး ယွမ်ချောင်ရှန်းကဲ့သို့ လူထွားကြီး ဖြစ်သွားစေခဲ့ပါက၊ ဤအမှောင်ရှာမန်များ သေချာပေါက် သတိထားကြမည် ဖြစ်သည်။
ကံဆိုးစွာဖြင့် ထိုသို့ မဖြစ်ခဲ့ပေ။
ထို့ကြောင့် သူတို့သည် သူ့အား ငပျော့လေးဟု ထင်နေကြခြင်း ဖြစ်၏။
အဘိုးအို သေဆုံးသွားသော်လည်း မန္တန်တားမြစ်နယ်မြေ ပျောက်ကွယ်မသွားပေ။ သိုင်းကွက်အာနိသင်က အသုံးပြုသူ သေဆုံးသွားသည့်တိုင် ဆက်လက် တည်ရှိနေပုံရသည်။
ချူလျန်က တခြား အနက်ရောင်ဝတ်လူ လေးယောက်ကို မော့ကြည့်လိုက်သည်။ သူတို့သည် မူလက အဘိုးအိုနှင့်အတူ ချူလျန်ဆီ ပြေးဝင်လာကြသော်လည်း၊ ဝိုင်းရံလာခါနီးတွင် အဘိုးအိုတစ်ယောက် အုတ်ခဲတစ်ချက်တည်းဖြင့် လဲကျသွားသည်ကို မြင်လိုက်ရသည်။
အခြေအနေက ရုတ်တရက် အနေရခက်သွားသည်။
မတိုက်လျှင်လည်း အရှိန်ယူထားပြီးသား ဖြစ်နေချေသည်။ ဆက်တိုက်ပြန်လျှင်လည်း သွားအသေခံသလို ဖြစ်နေပေမည်။
‘ဘယ်လိုလုပ်ကြမလဲ...’
အနက်ရောင်ဝတ်လူများ အချင်းချင်း ကြည့်လိုက်ကြပြီး ပြိုင်တူ အော်လိုက်ကြသည်။ "အတူတူ တိုက်ကြ..."
အော်ဟစ်လိုက်ပြီးနောက် ရှေ့ဆုံးမှ ဓားရှည်ကိုင်ထားသော အနက်ရောင်ဝတ်လူတစ်ယောက်သာ ပြေးဝင်လာပြီး၊ ကျန်သုံးယောက်မှာမူ နောက်လှည့်ပြီး ထွက်ပြေးကြလေသည်။
ဓားရှည်ကိုင်ထားသော လူမှာ မျက်လုံးပြူးသွားရသည်။ သူသည် ရှာမန်မျိုးနွယ်ထဲတွင် နောက်ဆုံးကျန်ရစ်သော ရိုးသားသူတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ကံကောင်းသည်မှာ သူ စိတ်မကောင်းဖြစ်နေရန် အချိန်မရလိုက်ပေ။
ချူလျန်က သူ့နောက်ကျောဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အုတ်ခဲရိုက်ချက်တစ်ချက်သာ…။
ဖောင်း...
ကျန်သုံးယောက်သည် နေရာသုံးခုခွဲပြီး ထွက်ပြေးကြသော်လည်း၊ ကျားဆယ်ကောင်အား ရှိသော ချူလျန်၏ ပြေးနှုန်းမှာ သူတို့နှင့် ယှဉ်၍မရနိုင်ပေ။
အကြိမ်အနည်းငယ် ခုန်လိုက်ရုံဖြင့် တစ်ယောက်ပြီးတစ်ယောက် အမီလိုက်နိုင်ခဲ့ပြီး၊ အမီလိုက်နိုင်သည်နှင့် အုတ်ခဲဖြင့် ထုလေတော့သည်။
တစ်ယောက်မှ ဝရန်တာအောက်သို့ မဆင်းနိုင်လိုက်ကြပေ။
ခဏတာ အတွင်းမှာပင် တစ်ယောက်တည်းဖြင့် ငါးယောက်ကို အနိုင်ယူလိုက်သည်။
ငါးယောက်ဆက်တိုက် သတ်ဖြတ်ခြင်း…။
တိုက်ပွဲပြီးဆုံးပြီးနောက် ချူလျန်သည် ထိုအမှောင်ရှာမန်များအတွက် အနည်းငယ် ဝမ်းနည်းမိသွားရသည်။
မိမိအား ပါရမီရှင်ဟု မသတ်မှတ်ဘဲ၊ ဤကဲ့သို့သော လှည့်ကွက်များ မသုံးခဲ့ဘူးဆိုပါက၊ သူတို့ကို တစ်ပြိုင်နက်တည်း အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်ပေ။
သို့သော်ငြား ထိုသို့ဆိုလျှင်လည်း သူတို့ခမျာ တိနွီဖုန့်၏ လက်ချက်နှင့် ကိစ္စတုံးရမည်သာ ဖြစ်သည်။
အင်း...
ဒီလို တွေးကြည့်ရင်တော့လည်း အုတ်ခဲနဲ့ အထုခံရပြီး သေတာက ပိုကောင်းတဲ့ နိဂုံးတစ်ခု ဖြစ်လောက်ပါတယ်လေ…။
...
တိုက်ပွဲပြီးဆုံးပြီးနောက် ချူလျန်သည် သူအကြိုက်ဆုံး အလောင်းကောင်များဆီမှ ပစ္စည်းရှာဖွေခြင်းကိုပင် မလုပ်ဆောင်တော့ဘဲ အောက်ထပ်သို့ တန်းပြေးလေသည်။
ဒုတိယထပ် ဝရန်တာမှ မန္တန်တားမြစ်နယ်မြေကို ကျော်လွန်သွားသည်နှင့် လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်နေသော ခံစားမှု ပျောက်ကွယ်သွားပြီး၊ ရှေ့ဘက်ခြံဝန်းထဲမှ အော်ဟစ်သံများနှင့် ကျယ်လောင်သော ပေါက်ကွဲသံများကို ကြားလိုက်ရသည်။
သံသယဖြစ်စရာ မလိုပေ၊ ယွမ်ချောင်ရှန်းလည်း တိုက်ပွဲပြင်းထန်နေပြီ ဖြစ်သည်။
ခြံဝန်းထဲသို့ ပြေးဝင်သွားရာ ကြီးမားသော သစ်ပင်မိစ္ဆာကြီးတစ်ကောင်က အလယ်တွင် မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ခန္ဓာကိုယ်တစ်ဝက်က လူပုံစံဖြစ်ပြီး ကြေးနီရောင်မျက်နှာဖုံး တပ်ဆင်ထားကာ၊ ကျန်တစ်ဝက်က သစ်ကိုင်းများ၊ သစ်ပင်များအဖြစ် ပြောင်းလဲသွားပြီး ပို၍ပို၍ ရှည်လျားလာကာ ခြံဝန်းတစ်ခုလုံးတွင် ၎င်း၏ ကြီးမားသော သစ်ကိုင်းများဖြင့် ပြည့်နှက်နေသည်။
ယွမ်ချောင်ရှန်းသည်မှာမူ အရေးကြီးဆုံးအဆင့်ကို စောစောစီးစီး လုပ်ဆောင်ပြီး ဖြစ်သည်။
အင်္ကျီများ စုတ်ဖြဲပစ်လိုက်ခြင်းပင်။
မှန်ပေသည်၊ သူသည် အပေါ်ပိုင်းဗလာဖြင့် လောကလွှမ်းမိုးပုဆိန်လှံကို ဝှေ့ယမ်းနေသည်။
ကျောပြင်ပေါ်ရှိ သွေးရောင်တက်တူးများမှာ မှိန်ဖျဖျ ပေါ်လာပြီး၊ နတ်ဘုရားလက်နက်ကို ဝှေ့ယမ်းလိုက်တိုင်း လေပြင်းများ တိုက်ခတ်လာသည်။ ဟင်းသီးဟင်းရွက်များကို လှီးဖြတ်သကဲ့သို့ ထိုကြီးမားသော သစ်ကိုင်းများကို ခုတ်ထစ်ကာ နတ်ဘုရားစေတမန်၏ မူလခန္ဓာကိုယ်ဆီသို့ တိုးဝင်တိုက်ခိုက်နေသည်။
ယွမ်ချောင်ရှန်း ကျင့်ကြံထားသော 'နက်ရှိုင်းကြယ်တာရာ ခန္ဓာကိုယ်မာကျောခြင်းကျင့်စဉ်' မှာ မဟာကြယ်တာရာဂိုဏ်း၏ ထိပ်တန်းကျင့်စဉ်များထဲမှ တစ်ခုဖြစ်ထိုက်ပေသည်။ ခွန်အား အထွတ်အထိပ် ရောက်တိုင်း ကျောဘက်တွင် နတ်ဘုရားတံဆိပ်တစ်ခု ပေါ်လာပြီး၊ အကန့်အသတ်ကို ချက်ချင်း ကျော်ဖြတ်ကာ တိုက်လေ ပိုသန်မာလေ ဖြစ်လာသည်။
ပုဆိန်လှံကြီးကို ဝှေ့ယမ်းလိုက်ရာ (၅)ကျန်း ပတ်လည်တွင် လေပြင်းများ တိုက်ခတ်သွားပြီး၊ မည်မျှပင် ကြီးမားသော နွယ်ပင်သစ်ကိုင်းများ ဖြစ်စေ ချက်ချင်း ကြေမွသွားရသည်။
ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် ယွမ်ချောင်ရှန်းသည် နတ်ဘုရားစေတမန်၏ သစ်ပင်ခန္ဓာကိုယ်နားသို့ ကပ်သွားပြီး၊ ကြုံးဝါးလိုက်ကာ ပုဆိန်လှံဖြင့် ခုတ်ချလိုက်တော့သည်။
ဝုန်း...
ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သော်လည်း ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
အသားကို ခုတ်မိသော အထိအတွေ့မျိုး မရှိပေ။
သူ၏ ပုဆိန်လှံ ကျရောက်သွားသည့် အခိုက်အတန့်တွင် နတ်ဘုရားစေတမန်၏ အပေါ်ပိုင်းခန္ဓာကိုယ်ကလည်း သစ်ပင်ပင်စည်အဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး၊ ပုဆိန်လှံ ကျရောက်သွားရာတွင် သစ်ပင်ပင်စည်ထဲသို့သာ စိုက်ဝင်သွားသည်။
ထိုသစ်ပင်ပင်စည်က သာမန်သစ်ကိုင်းများကဲ့သို့ ကျိုးပဲ့လွယ်ခြင်း မရှိဘဲ၊ လောကလွှမ်းမိုးပုဆိန်လှံကို ခဏတာ ညှပ်ထားလိုက်တော့သည်။
ထို့နောက် နတ်ဘုရားစေတမန်၏ အပေါ်ပိုင်းခန္ဓာကိုယ်သည် သစ်ကိုင်းဖျားတစ်ခုတွင် ရုတ်တရက် ပြန်ပေါ်လာပြီး၊ ထူးဆန်းစွာ ရယ်မောလိုက်၍ လက်ဝှေ့ယမ်းလိုက်ရာ၊ သစ်ကိုင်းများစွာက ယွမ်ချောင်ရှန်းကို ဝိုင်းရံလိုက်ပြီး ပေါင်းစပ်တိုက်ခိုက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ချူလျန် ခုန်ထွက်လာပြီး အော်ဟစ်လိုက်သည်။
"ဓားတစ်သောင်းတံဆိပ်..."
"ဟမ်..." နတ်ဘုရားစေတမန်တစ်ယောက် လန့်ဖျပ်သွားရသည်။
ကျားဘုရင်သည် ဓားတစ်သောင်းတံဆိပ်ဖြင့် အသတ်ခံလိုက်ရကြောင်း သူ သိထားပြီး၊ အမှောင်ရှာမန် အဘိုးအိုကိုလည်း သတိပေးထားခဲ့သဖြင့်၊ ချူလျန်ကို အစောကြီးကတည်းက သတိထားနေခဲ့သည်။
ယခု ချူလျန် ဤနေရာသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသဖြင့်၊ အမှောင်ရှာမန် အဘိုးအို ကျရှုံးသွားပြီဖြစ်ကြောင်း ထင်ရှားနေသည်။
ချူလျန်က ဓားတစ်သောင်းတံဆိပ်ဟု အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသောအခါ၊ သူ ချက်ချင်း သတိထားလိုက်ပြီး ကျားဘုရင်ကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံရမည်ကို စိုးရိမ်သွားရှာသည်။
လက်ဝှေ့ယမ်းလိုက်ရာ သစ်ကိုင်းနွယ်ပင် အများစုက ချူလျန်ရှိရာ ဘက်သို့ အထပ်ထပ်ပိတ်ဆို့လိုက်သည်။
လာတော့မည့် ကြောက်မက်ဖွယ်ရာ ဓားတစ်သောင်းတံဆိပ်ကို ကာကွယ်ရန် ဖြစ်ချေ၏။
သို့သော် သူသည် မကောင်းမှုများစွာ ပြုလုပ်ခဲ့သော်လည်း သွေးညှီနံ့ စွဲထင်နေခြင်း မရှိသေးသဖြင့်၊ ကြက်သွေးရောင်ကွပ်မျက်သူဓားက သူ့ကို စိတ်ဝင်စားခြင်း မရှိပေ။
ချူလျန် လက်မြှောက်လိုက်ရာ ဓားအလင်းရောင် (၁၀၀)ခန့်သာ ထွက်ပေါ်လာပြီး၊ သစ်ပင်တံတိုင်းကို ရိုက်ခတ်ကာ တရွှီရွှီ မြည်သံများသာ ထွက်ပေါ်လာချေသည်။
ပြောပလောက်သော ထိခိုက်မှုဟူ၍ မရှိပေ။
သို့သော် ဤလုပ်ရပ်က နတ်ဘုရားစေတမန်၏ အာရုံစိုက်မှုကို များစွာ ဆွဲဆောင်နိုင်ခဲ့ပြီး၊ ယွမ်ချောင်ရှန်းရှေ့မှ ဖိအားများ ရုတ်တရက် လျော့နည်းသွားကာ၊ သူ ခုန်တက်လိုက်သည်နှင့် နတ်ဘုရားစေတမန်၏ ရှေ့သို့ လွယ်ကူစွာ ရောက်ရှိသွားစေနိုင်ခဲ့သည်။
ချူလျန် အသုံးပြုလိုက်သည်မှာ ဓားတစ်ရာတံဆိပ် အသေးစားလေးသာ ဖြစ်ကြောင်း နတ်ဘုရားစေတမန် သတိထားမိလိုက်ချိန်တွင်မူ အရာအားလုံး နောက်ကျသွားချေပြီ။
ယွမ်ချောင်ရှန်း၏ လောကလွှမ်းမိုးပုဆိန်လှံသည် လေတိုးသံများနှင့်အတူ ဝုန်းကနဲ ခုတ်ချလိုက်တော့သည်။
ဘန်း...
ဤတိုက်ခိုက်မှုသည် နတ်ဘုရားစွမ်းပကားများဖြင့် ပြည့်နှက်နေပြီး၊ နတ်ဘုရားစေတမန်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ခုတ်ပိုင်းပစ်လိုက်တော့သည်။
ကောင်းကင်အနှံ့ မြည်ဟည်းသံများကြားတွင် လူချောလေးတစ်ယောက်၏ သက်ပြင်းချသံက မသဲမကွဲ ပေါ်ထွက်နေချေ၏။
"အိုက်ယား... နှမြောစရာကွာ..."