သံသရာနတ်ဆေးလုံး
Vol. 26 Ch. 406
"ဪ... ဒါကြောင့်ကိုး..."
စီနီယာအစ်မစု ခေါင်းညိတ်လိုက်သည်။
မူလက သူမသည် ရှေးဟောင်းဆေးပညာလမ်းစဉ်ကို သိပ်အထင်မကြီးခဲ့ပေ။ ခေတ်နောက်ကျနေပြီ ဖြစ်သောကြောင့် လက်ရှိ ဆေးပညာလမ်းစဉ်ကသာ အကောင်းဆုံးဖြစ်ပြီး၊ ရှေးဟောင်းနည်းစနစ်ကို ကိုးကားရုံလောက်သာ အသုံးဝင်သည်ဟု ယူဆခဲ့သည်။
ဒါပေမဲ့ အခု လီချန်ဆီကနေ ရှေးဟောင်းဆေးပညာလမ်းစဉ် မှာလည်း အားသာချက်တွေ အများကြီးရှိကြောင်း တွေ့ရှိလိုက်ရသည်။
"တာအိုရောင်းရင်းလီ... ရှင့်မှာ တာအိုအဖော်ရှိလား" ရုတ်တရက် စီနီယာအစ်မစု က မေးလိုက်သည်။
လီချန် ကြောင်အသွားသည်။ ဒီစီနီယာအစ်မစုက စကားလမ်းကြောင်းလှည့်တာ မြန်လှချည်လား။
တကယ်ကို တစ်သီးတစ်သန့်နေတတ်တဲ့ လူပါပဲ။
သူမ ဘာသဘောနဲ့မေးလဲမသိပေမဲ့ သူ အမှန်အတိုင်း ဖြေလိုက်သည်။ "ရှိပါတယ်"
"ရှိနေပြီလား" စီနီယာအစ်မစု ကြားတော့ စူးစမ်းစွာ မေးလိုက်သည်။ "သူလည်း အဂ္ဂိရတ်ဆရာပဲလား"
"မဟုတ်ပါဘူး" လီချန် ခေါင်းခါလိုက်သည်။
"အဂ္ဂိရတ်ဆရာ မဟုတ်ရင် ပြီးတာပဲ... တာအိုရောင်းရင်းလီ၊ ကျွန်မတို့နှစ်ယောက် ဆေးပညာတာအိုအဖော်အဖြစ် ပေါင်းဖက်ကြမလား" စီနီယာအစ်မစု က ဝမ်းသာအားရ ပြောလိုက်သည်။
လီချန် ကြောင်တောင်တောင် ဖြစ်သွားသည်။
ဆေးပညာတာအိုအဖော်?
သူ တစ်ခါမှ မကြားဖူးဘူး။
ပြီးတော့ ဒီကမ္ဘာက လူတွေရဲ့အယူအဆက ဒီလောက်တောင် ပွင့်လင်းနေပြီလား။
သူ့မှာ တာအိုအဖော်ရှိမှန်း သိရက်နဲ့၊ ဆေးပညာတာအိုအဖော် လုပ်ဖို့ ကမ်းလှမ်းလာတယ်ပေါ့။
"စီနီယာအစ်မစု... ကျွန်တော့်မှာ တာအိုအဖော် ရှိနေပါပြီ..." လီချန် ထပ်မံ အလေးပေး ပြောလိုက်သည်။
"သိပါတယ်... ဒါပေမဲ့ ရှင့်ဟာက ကျင့်ကြံခြင်းတာအိုအဖော် ဆက်ဆံရေးလေ။ ကျွန်မတို့က ဆေးပညာတာအိုအဖော် လုပ်ကြမှာ။ ဘာမှ မတိုက်ဆိုင်ပါဘူး" စီနီယာအစ်မစု က ပြောလိုက်သည်။
"စီနီယာအစ်မစု... တော်ပါတော့။ ကျွန်တော့်စိတ်ထဲမှာ တာအိုအဖော်တစ်ယောက်တည်းပဲ ထားချင်ပါတယ်" လီချန် ခေါင်းခါပြီး ငြင်းလိုက်သည်။
"ကောင်းပါပြီလေ... ရှင်က ဒီလောက် သစ္စာရှိတဲ့သူဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး" စီနီယာအစ်မစု က ပြုံးလိုက်သည်။ "အခုခေတ်ကြီးမှာ အစွမ်းထက်နတ်ဘုရားတွေ၊ ပညာရှင်တွေဆိုရင် တာအိုအဖော် အများကြီး ရှိတတ်ကြတာပဲလေ"
သူမလည်း ဒီကိစ္စကို ဆက်မပြောတော့ပါဘူး။
သူမက စရိုက်ထူးဆန်းပြီး လူပေါင်းရခက်ပေမဲ့၊ ဆေးပညာပိုင်းမှာတော့ လီချန်နဲ့ အရမ်း အပေးအယူတည့်တာ တွေ့ရလို့၊ တာအိုအဖော်ဖွဲ့ချင်တဲ့ စိတ်ကူး ပေါ်လာတာပါ။
ဆေးပညာတာအိုအဖော်ဖြစ်သွားရင် ဆေးပညာဖလှယ်ရတာ ပိုအဆင်ပြေမယ်လို့ တွေးမိလို့လေ။
ဒါပေမဲ့ လီချန်က စိတ်မဝင်စားဘူးဆိုတော့ သူမလည်း အတင်းအကျပ် မလုပ်တော့ပါဘူး။
....
တစ်လကျော် ကြာပြီးနောက်။
လီချန်သည် စီနီယာအစ်မစု နှင့် ဝူလုံကျန်းရှန်းတို့၏ ပူးတွဲ ထောက်ခံချက်ဖြင့်၊ ရွှမ်မင်မြူတိုက်မှ လာသော လေလွင့်ကျင့်ကြံသူအနေဖြင့်၊ ထိုက်ရွှီဂိုဏ်း၏ ဧည့်အဂ္ဂိရတ်ဆရာ ဖြစ်လာခဲ့သည်။
ရာထူးအဆင့်ကတော့ အလယ်တန်းဧည့်အကြီးအကဲဖြစ်သည်။
ပုံမှန်အားဖြင့် အထက်တန်းဧည့်အကြီးအကဲ ဖြစ်ချင်ရင် စည်းမျဉ်းနတ်ဆေးလုံးကို ဖော်စပ်နိုင်မှ ရတာ။
လီချန်က သူ စည်းမျဉ်းနတ်ဆေးလုံး ဖော်စပ်နိုင်တယ်ဆိုတာကို ထုတ်မပြခဲ့ပါဘူး။
သူက လူတွေရဲ့အာရုံစိုက်မှုကို သိပ်မခံချင်ဘူးလေ။
သူ့ရည်ရွယ်ချက်က ဒီကမ္ဘာထဲကို ဝင်ရောက်စိမ့်ဝင်ပြီး၊ တဖြည်းဖြည်း လေ့လာကာ သမိုင်းကြောင်းရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ပဲ။
ထိုက်ရွှီဂိုဏ်းရဲ့ ဧည့်အကြီးအကဲ ဖြစ်လာတာက အထောက်အထားတစ်ခု ရလိုက်တာပါပဲ။
ထိုက်ရွှီဂိုဏ်းရဲ့ ယွင်တန်နန်းတော်က လီချန်အတွက် သီးသန့်လှိုဏ်ဂူနဲ့ အဆင့်မြင့် ဆေးဖော်ခန်း တစ်ခု စီစဉ်ပေးထားသည်။ ဆေးပညာဆိုင်ရာ မှတ်တမ်းအချက်အလက်တွေလည်း အစုံအလင်ရှိတယ်။
လီချန် လုပ်ရမယ့်တာဝန်က ထိုက်ရွှီဂိုဏ်းအတွက် ဆေးလုံးတွေ ဖော်စပ်ပေးဖို့ပဲ။ နှစ်စဉ် သတ်မှတ်ထားတဲ့ပမာဏ ပြည့်မီရင်ရပြီ။
ဒါက လီချန်အတွက်တော့ ထမင်းစားရေသောက်လောက်ပါပဲ။
သူက သူ့ရဲ့ ဆေးပညာ အစစ်အမှန်ကို ဖုံးကွယ်ဖို့အတွက် ဆေးလုံးတွေရဲ့ အရည်အသွေးကိုတောင် တမင်လျှော့ချပြီး ဖော်စပ်ပေးလိုက်သေးတယ်။
ဒီကာလအတွင်း သူ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံကို ပြန်လေ့ သိပ်မရှိဘူး။ ဒီကမ္ဘာကြီးရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ အခွင့်အရေး ရှာဖွေနေခဲ့တယ်။
ရရှိထားတဲ့ သဲလွန်စတွေအရ၊ ဒီကမ္ဘာက သမိုင်းအစစ်အမှန် ဖြစ်ပုံရတယ်။ ဟွန်တွန်ပြင်ပနတ်ဘုရားရဲ့ ကျူးကျော်မှုကို ခံခဲ့ရပေမဲ့၊ ရှန်ရှောင်မသေမျိုးဧကရာဇ်နဲ့ အခြား ဧကရာဇ်တွေ ပြင်ပဟင်းလင်းပြင်ကနေ ပြန်ရောက်လာပြီး၊ ကျူးကျော်ခံထားရတဲ့ တိုက်ကြီးတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။
ဒါပေမဲ့ အနောက်ဘက်စွန်းဆန်းကြယ်တိုက်ကိုတော့ ဘာလို့ ပြန်မသိမ်းပိုက်တာလဲ။
ပြီးတော့ နတ်ဘုရားပျက်စီးနယ်မြေကိုရော... ဘာလို့ ပြင်ပနတ်ဘုရားလက်ထဲ ဆက်ပြီး ပစ်ထားလိုက်ရတာလဲ။
လီချန် အချက်အလက်တွေ အများကြီး ရှာဖွေပေမဲ့ အကြောင်းရင်းမှန်ကို ရှာမတွေ့သေးဘူး။ ဒါက အဆင့်မြင့် လျှို့ဝှက်ချက်တွေနဲ့ သက်ဆိုင်နေပုံ ရတယ်။ အဆင့်အတန်းတစ်ခု မရောက်ရင် သိခွင့်ရှိမှာ မဟုတ်ဘူးလို့ သူ ခန့်မှန်းမိတယ်။
ဒါ့အပြင် လီချန်က အစီအရင်၊ ဝိညာဉ်စိုက်ပျိုးခြင်း၊ လက်နက်သန့်စင်ခြင်း စတဲ့ အချက်အလက်တွေကိုလည်း အချိန်ပေးပြီး စုဆောင်းခဲ့တယ်။
အကျိုးအမြတ် အများကြီးရခဲ့တယ်။
ဒီနှစ်တွေအတွင်း တိုက်ကြီးတွေမှာ အရန်ပညာရပ်တွေက အကြီးအကျယ် တိုးတက်လာခဲ့ပြီး၊ ရှေးဟောင်းနည်းစနစ်တွေနဲ့ အများကြီး ကွာခြားသွားပြီ။
ရှေးဟောင်းနည်းစနစ်တွေကို အဓိကထားတဲ့ လီချန်အတွက်တော့ ဒါက ကြီးမားတဲ့ ပညာဗဟုသုတ ရလိုက်တာပါပဲ။
သူ့ရဲ့ အရန်ပညာရပ် စွမ်းရည်တွေ သိသိသာသာ တိုးတက်လာတယ်။
ကျင့်ကြံမှုအပိုင်းကတော့ နည်းနည်း နှေးကွေးနေတယ်။
မတတ်နိုင်ဘူးလေ။ ကျန်းရှန်းအဆင့်အထက် ရောက်သွားရင် အချိန်ယူပြီး ဖြည်းဖြည်းချင်း ကျင့်ကြံရတာ သဘာဝပဲ။
လီချန် ထိုက်ရွှီဂိုဏ်းမှာ နှစ်ပေါင်းရာချီ နေထိုင်ပြီးနောက်၊ လုံလောက်တဲ့ အဆက်အသွယ်တွေ ရလာတဲ့အခါ၊ ယွီဟွာနတ်ဘုရားနန်းတော်က လူတွေကို တောင်ဘက်ကျွန်းဆွယ်တိုက်ဆီ တဖြည်းဖြည်း ခေါ်သွင်းလာခဲ့သည်။
သေချာတာကတော့ တပည့် အနည်းငယ်လောက်ပါပဲ။
လီချန်က စီစဉ်ပေးပြီး သူတို့ရဲ့ အထောက်အထားတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးကာ၊ တောင်ဘက်ကျွန်းဆွယ်တိုက်မှာ အခြေချ နေထိုင်စေလိုက်သည်။
သူတို့ ဒီကို ရောက်လာပြီးရင်တော့ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံကို ခဏတာ ပြန်မှာ မဟုတ်တော့ဘူး။
အချိန်ခေါင်းလောင်းရဲ့အကူအညီ မရတော့ပေမဲ့ တောင်ဘက်ကျွန်းဆွယ်တိုက်မှာက ကျင့်ကြံရေး အရင်းအမြစ်တွေ ပေါကြွယ်ဝတာမို့၊ ကွာဟချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ပါတယ်။
.....
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
လီချန် ပြန်ရောက်လာခဲ့သည်။
သူ အခု တောင်ဘက်ကျွန်းဆွယ်တိုက်မှာ နေထိုင်တဲ့နေရာက နည်းနည်း ခေါင်တယ်။ လွတ်လပ်မှု ရှိတယ်။ ဆေးလုံးတွေကို ပုံမှန်ပေးသွင်းနေသရွေ့ ဘာပြဿနာမှမရှိဘူး။
ဒါကြောင့် သူ နေထိုင်တဲ့ မြို့လေးမှာ ယွီဟွာနတ်ဘုရားနန်းတော်က လူတွေ လာရောက် အခြေချပြီး စီမံခန့်ခွဲနေကြပြီ။
အဲဒီမှာ သူ ၂၈ အခြေခံအစီအရင်ကြီးတစ်ခု တည်ဆောက်ထားလိုက်တယ်။
ဒါပေမဲ့ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံနဲ့ ချိတ်ဆက်မယ့် ကမ္ဘာဖြတ်ကျော်ဖြတ် နေရာကူးပြောင်းခြင်းအစီအရင်ကိုတော့ မတည်ဆောက်ထားဘူး။ ကောင်းကင်နန်းတော်က ထောက်လှမ်းမိမှာ စိုးရိမ်လို့ပါ။
လုံခြုံရေးအတွက် မတည်ဆောက်တာ အကောင်းဆုံးပဲ။
ဘာပဲဖြစ်ဖြစ် အခု သူက နတ်ဘုရားပျက်စီးနယ်မြေကိုလည်း မသွားတော့ဘူး၊ အနောက်ဘက်စွန်းဆန်းကြယ်တိုက်ကိုလည်း မပြန်တော့ဘူး။ တောင်ဘက်ကျွန်းဆွယ်တိုက်နဲ့ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံကြားမှာပဲ ကူးသန်းသွားလာနေတာ။
အရင်းအမြစ်ပိုင်းမှာလည်း လုံးဝ မပူရတော့ဘူး။
သူက အစီအရင်ဆရာ၊ လက်နက်ပညာရှင်၊ အဂ္ဂိရတ်ဆရာ ဖြစ်နေတာလေ... တောင်ဘက်ကျွန်းဆွယ်တိုက်လို အရင်းအမြစ် ကြွယ်ဝတဲ့နေရာမှာ အဆင့်မြင့်ပစ္စည်းတွေရှာရတာ လွယ်ကူလွန်းတယ်။
စွန့်စားသွားရှာစရာတောင် မလိုတော့ဘူး။
လက်နက်သန့်စင်၊ ဆေးဖော်၊ အစီအရင်ဆွဲပေးရုံနဲ့တင် အမြတ်အစွန်းတွေ အများကြီးရနေပြီ။
တစ်ခုပဲရှိတာက အလုပ်တွေများလွန်းလို့ အချိန်အများကြီး ပေးရတာပဲ။
လီချန် ကျင့်ကြံမှု ပြုလုပ်ပြီးနောက်၊ ကျင့်ကြံမှုအဆင့်ရော စည်းမျဉ်းအပိုင်းပါ တိုးတက်မှု နှေးကွေးနေတာ တွေ့ရသည်။ အရင်းအမြစ်တွေ ပြည့်စုံနေတာတောင် မမြန်ဘူး။ ဒါပေမဲ့ သူ မလောပါဘူး။
နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်း အဆင့်မြှင့်တင်မယ့် အချိန်ကို စောင့်လိုက်ရုံပဲ။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး စနစ်မျက်နှာပြင်ကို ခေါ်ယူလိုက်သည်။
အိမ်ရှင်: လီချန်။
နတ်ဝိညာဉ် (ကောင်းကင်တာအို)။
အဆင့် ၁ ကျန်းရှန်း (၁၃/၁၀၀)။
အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ ၇၅၁၂၅၆၈/၁၀၀၀၀၀၀၀)။
ကောင်းကင်ဘုံနဝမဓား (အစပျိုးအဆင့် ၁၁/၁၀၀)။
မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ဟွန်တွန်လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။
စည်းမျဉ်း : ကျီဟန့်စည်းမျဉ်း (အဆင့် ၁ - ၂၂/၁၀၀)
ချန်ယွမ်အစီအရင်ကျမ်း (၂၈အခြေခံ ၉၂/၁၀၀)။
ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ(အဆင့် ၁၆ - ၂၂/၁၀၀)။
လက်နက်သန့်စင်သူ (အဆင့် ၁၆ - ၂၂/၁၀၀)။
အဂ္ဂိရတ်ဆရာ (အဆင့် ၁၆- ၅၆/၁၀၀)။
သားရဲထိန်းကျောင်းသူ (အဆင့် ၁၄ -၄၃/၁၀၀)။
"နောက်ထပ် နှစ် ၆၀၀၀ ကျော် ဆိုရင်၊ နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်း အဆင့်မြှင့်လို့ ရပြီ" လီချန် ရေရွတ်လိုက်သည်။
အခုဆိုရင် အချိန်ကုန်တာ တော်တော်မြန်နေပြီ။
ရုတ်တရက် လီချန် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး၊ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲကနေထွက်ကာ တောင်ဘက်ကျွန်းဆွယ်တိုက်က လှိုဏ်ဂူဆီ ပြန်သွားလိုက်သည်။
"ဘိုးဘေး... ထိုက်ရွှီဂိုဏ်း၊ ယွင်တန်နန်းတော်က သတင်းပို့လာပါတယ်" လှိုဏ်ဂူထဲက ထွက်လာတာ မြင်တော့ နတ်ဘုရားနန်းတော် တပည့်တစ်ဦးက ကျောက်စိမ်းပြားတစ်ခု လာပေးသည်။
လီချန် စစ်ဆေးကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် ယွီဟွာမြို့မှ ထွက်ခွာလာခဲ့သည်။
ဒီယွီဟွာမြို့က ယွီဟွာနတ်ဘုရားနန်းတော်က လူတွေ တည်ထောင်ထားတာ။ ဒီကမ္ဘာကလူတွေ ယွီဟွာနတ်ဘုရားနန်းတော်အကြောင်း မသိကြလို့ "ယွီဟွာ" နာမည် သုံးတာ အန္တရာယ်မရှိပါဘူး။
သူ အနီးနားက နတ်ဘုရားမြို့တော်တစ်ခုဆီ သွားပြီး နေရာကူးပြောင်းခြင်းအစီအရင်စီးကာ ထိုက်ရွှီဂိုဏ်း၊ ယွင်တန်နန်းတော်ဆီ အမြန်ပြန်ရောက်လာခဲ့သည်။
ယွင်တန်နန်းတော်ရောက်တော့ သူ့အပြင် တခြားအဂ္ဂိရတ်ဆရာ အများအပြား စုဝေးရောက်ရှိနေတာ တွေ့လိုက်ရသည်။ ထိုက်ရွှီဂိုဏ်းက အဂ္ဂိရတ်ဆရာတွေအပြင် လီချန်လို ဧည့်အဂ္ဂိရတ်ဆရာတွေလည်း ပါတယ်။
လီချန် စီနီယာအစ်မစုကိုလည်း တွေ့လိုက်ရသည်။
စီနီယာအစ်မစုက ပုံမှန်ဆိုရင် လှိုဏ်ဂူထဲမှာပဲ အောင်းပြီး ဆေးဖော်နည်း သုတေသန လုပ်နေတတ်တာ၊ အပြင်ထွက်ခဲတယ်။
"စီနီယာအစ်မစု" လီချန် နှုတ်ဆက်လိုက်သည်။
"တာအိုရောင်းရင်းလီ... အချိန်ရရင် ကောင်းကောင်း ဆွေးနွေးကြတာပေါ့" စီနီယာအစ်မစုက ရင်းရင်းနှီးနှီး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ... အချိန်မရွေးပါပဲ" လီချန် ပြုံးပြီး ပြောလိုက်သည်။ "စီနီယာအစ်မစု... ဒီတစ်ခေါက် ယွင်တန်နန်းတော်က ဘာကိစ္စနဲ့ လူစုတာလဲ သိလား"
"ကြားတာတော့ ကောင်းကင်နန်းတော်က နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) နဲ့ စစ်တိုက်တော့မယ်တဲ့။ တိုက်ပွဲဝင်ဆေးလုံးတွေ အများကြီး လိုအပ်လို့၊ ငါတို့ ယွင်တန်နန်းတော်လည်း တာဝန်တွေ အများကြီး ကျလာတယ်" စီနီယာအစ်မစုက ထိုက်ရွှီဂိုဏ်း တရားဝင်ဂိုဏ်းသားဖြစ်သလို၊ ယွင်တန်နန်းတော်ရဲ့ ဝါရင့် အဂ္ဂိရတ်ဆရာဖြစ်လို့၊ လူပေါင်းသင်းဆက်ဆံရေး မကောင်းပေမဲ့ သတင်းတော့ တော်တော်စုံတယ်။
"ဪ... ဒီလိုကိုး" လီချန် ခေါင်းညိတ်လိုက်သည်။
ဒီနတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) ဆိုတာက လက်ရှိနတ်ဘုရားကမ္ဘာကို ကျူးကျော်ဝင်ရောက်လာတဲ့ ဟွန်တွန်ပြင်ပနတ်ဘုရား ဖန်တီးထားတဲ့ နတ်ဘုရားတိုင်းပြည်ကို ပြောတာပင်။ အဲဒီပြင်ပနတ်ဘုရားမှာ လက်အောက်ခံ နတ်ဘုရားတွေ အများကြီးရှိတယ်။
ကောင်းကင်နန်းတော်က တိုက်ကြီးတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမဲ့၊ ပြင်ပနတ်ဘုရားရဲ့ နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) ကိုတော့ အနိုင်မတိုက်နိုင်၊ မဖျက်ဆီးနိုင်သေးဘူး။
အခု တိုက်ကြီးတွေထဲမှာ ပြင်ပနတ်ဘုရား ရဲ့ လက်ကျန်အင်အားစုတွေ ရှိနေတုန်းပဲ။ ကောင်းကင်နန်းတော်က သူတို့ကို နတ်ဘုရားကပ်ဘေးလို့ သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းနေပေမဲ့ အမြစ်ပြတ်အောင် မလုပ်နိုင်သေးဘူး။
"စီနီယာအစ်မစု... ကောလာဟလတွေအရ ရှန်ရှောင်မသေမျိုးဧကရာဇ်က အဆင့် ၉ မသေမျိုးဧကရာဇ်အထက်ကို ရောက်သွားပြီဆိုတာ ဟုတ်လား" လီချန် ရုတ်တရက် စူးစမ်းမေးမြန်းလိုက်သည်။
ဟွန်တွန်ပြင်ပနတ်ဘုရားကို ယှဉ်ပြိုင်နိုင်ပြီး၊ ကျူးကျော်ခံထားရတဲ့ တိုက်ကြီးတွေကို ပြန်သိမ်းနိုင်တယ် ဆိုကတည်းက၊ ပြင်ပနတ်ဘုရားနဲ့ယှဉ်နိုင်တဲ့ စွမ်းအားရှိလို့ပဲနေမှာ။
"အဲဒါတော့ မသိဘူး။ ဒါပေမဲ့ ဒဏ္ဍာရီတစ်ခုရှိတယ်... ရှန်ရှောင်မသေမျိုးဧကရာဇ်နဲ့ တခြား ရှေးဟောင်း ဧကရာဇ်တွေ ပြင်ပဟင်းလင်းပြင်ကနေ ပြန်ရောက်လာတုန်းက၊ ပြင်ပဟင်းလင်းပြင် ကနေ ကြောက်မက်ဖွယ် ဓားအလင်းတန်းတစ်ခု ပစ်ခတ်လိုက်ပြီး ဟွန်တွန်ပြင်ပနတ်ဘုရားကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်တဲ့... အဲဒီဓားကွက်က ရှန်ရှောင်မသေမျိုးဧကရာဇ်ရဲ့ ၉ ခုမြောက် ဓားကွက် ကွေ့ရီဓားဖြစ်လောက်တယ် လို့ ပြောကြတယ်..." စီနီယာအစ်မစု ပြောလိုက်သည်။
ရှန်ရှောင်မသေမျိုးဧကရာဇ်အကြောင်း ကောလာဟလတွေက တိုက်ကြီးတွေကြားမှာ အလွန်ရေပန်းစားတယ်။
လီချန် စိတ်လှုပ်ရှားသွားသည်။ ရှန်ရှောင်မသေမျိုးဧကရာဇ်က ကွေ့ရီဓားကို ပြီးပြည့်စုံအောင် လုပ်နိုင်သွားပြီလား။
ဒါမှမဟုတ် ကောင်းကင်ဘုံကိုးလွှာဓားထက် ပိုမြင့်မားတဲ့ ၁၀ ခုမြောက် ဓားကွက်ကို တွက်ချက်နိုင်သွားတာများလား။
ဟွန်တွန်ပြင်ပနတ်ဘုရားကို ဓားတစ်ချက်တည်းနဲ့ ဒဏ်ရာအပြင်းအထန်ရစေတယ်ဆိုတော့ စွမ်းအား ဘယ်လောက်ကြီးမားမလဲ တွေးတောင် မတွေးရဲဘူး။
သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ၊ ယွင်တန်နန်းတော်သခင်က အကြီးအကဲတစ်သိုက်နဲ့ ရောက်လာသည်။
ဒီအကြီးအကဲတွေ အကုန်လုံးက ထိပ်တန်း အဂ္ဂိရတ်ဆရာတွေဖြစ်ပြီး၊ ဆေးပညာ အဆင့် ၁၆ အထက် ရှိကြတယ်။ အားလုံးက စည်းမျဉ်းနတ်ဆေးလုံးကို ဖော်စပ်နိုင်စွမ်း ရှိကြတယ်။
ယေဘုယျအားဖြင့် စည်းမျဉ်းနတ်ဆေးလုံး ဖော်စပ်နိုင်ရင် ယွင်တန်နန်းတော်မှာ အကြီးအကဲနေရာရတယ်။
တကယ်လို့ လီချန်သာ သူ့ရဲ့ ဆေးပညာစွမ်းရည်ကို ထုတ်ပြလိုက်ရင် ဧည့်အကြီးအကဲဖြစ်လာဖို့က လွယ်လွယ်လေး။
"လူတိုင်း... ကောင်းကင်နန်းတော်က အမိန့်လာတယ်၊ ဒီတစ်ခေါက် ငါတို့ ယွင်တန်နန်းတော် က တိုက်ပွဲဝင်ဆေးလုံးတစ်သုတ် ဖော်စပ်ပေးရမယ်။ ဒါကြောင့် တခြားဆေးဖော်တဲ့ တာဝန်တွေ ခဏရပ်ပြီး၊ တိုက်ပွဲဝင်ဆေးလုံး ဖော်စပ်ဖို့ပဲ အာရုံစိုက်ကြပါ" ယွင်တန်နန်းတော်သခင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
ကောင်းကင်နန်းတော်နဲ့ နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) စစ်တိုက်ပြီဆိုရင် တိုက်ပွဲဝင်ဆေးလုံး သုံးစွဲမှုက ကြောက်ခမန်းလိမ့်မယ်။ ဒါကြောင့် ယွင်တန်နန်းတော်ရဲ့တာဝန်က လေးလံတယ်။
ထို့နောက် ယွင်တန်နန်းတော်သခင်က တာဝန်တွေ စတင်ခွဲဝေပေးလိုက်သည်။
လီချန်က အလယ်တန်းဧည့်အကြီးအကဲဖြစ်တာကြောင့် တိုက်ပွဲဝင်ဆေးလုံးတစ်မျိုး ဖော်စပ်ဖို့ တာဝန်ကျသည်။ ပမာဏက မနည်းလှဘူး။
ဒါပေမဲ့ သူ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။
သူ့ရဲ့ ဆေးဖော်အောင်မြင်မှုနှုန်းနဲ့ အထွက်နှုန်းက အမြင့်ဆုံး ဖြစ်နေတာကိုး။
တိုက်ပွဲဝင်ဆေးလုံးဆိုတာ တိုက်ပွဲနဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေ... အဓိကအားဖြင့် အချိန်တိုအတွင်း တိုက်ခိုက်စွမ်းရည် မြှင့်တင်တာ၊ နတ်ဘုရားစွမ်းအား နဲ့ နတ်ဘုရားအာရုံကို မြန်မြန် ပြန်ဖြည့်ပေးတာ စတဲ့ ဆေးတွေပေါ့။
ဒီလို ဆေးတွေက အာနိသင် ချက်ချင်းပြပြီး အားးကောင်းဖို့လိုအပ်လို့ ကုန်ကြမ်းပစ္စည်းတွေက အရမ်းရှားပါးပြီး တန်ဖိုးကြီးတယ်။
လီချန်က တိုက်ပွဲဝင်ဆေးလုံးတွေကို သေချာ လေ့လာဖူးတယ်။ ဒါက ရှေးဟောင်းဆေးပညာလမ်းစဉ်မှာ မရှိဘူး။ ကောင်းကင်နန်းတော် တည်ထောင်ပြီးနောက်ပိုင်း နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) နဲ့ တိုက်ခိုက်ရင်း တဖြည်းဖြည်း တီထွင်လာခဲ့ကြတာ။
ဒီဆေးတွေက တော်တော်အသုံးဝင်တယ်လို့ သူ ထင်တယ်။
ဒါကြောင့် သူက ယွီဟွာနတ်ဘုရားနန်းတော်ရဲ့ ဆေးပညာသင်တန်းကျောင်းမှာလည်း ဒီပညာရပ်တွေကို သင်ကြားပေးနေတယ်။
တိုက်ပွဲဝင်ဆေးလုံးဖော်စပ်တဲ့ တာဝန်က အရေးကြီးတာကြောင့် အဂ္ဂိရတ်ဆရာအားလုံး ယွင်တန်နန်းတော်ထဲမှာပဲနေပြီး ဆေးဖော်ရတယ်။ အပြင်ထွက်ခွင့် မရှိဘူး။
လီချန် ကုန်ကြမ်းပစ္စည်းတွေ ထုတ်ယူပြီးနောက် ဆေးဖော်ခန်းထဲဝင်ကာ စတင်ဆေးဖော်တော့သည်။
.....
နှစ်အနည်းငယ် ကြာပြီးနောက်၊ လီချန် တာဝန်ပြီးဆုံးကြောင်း အပ်နှံလိုက်သည်။
သူ့အရည်အချင်းနဲ့ဆိုရင် ဒီတာဝန်ကို တစ်နှစ်၊ နှစ်နှစ်လောက်နဲ့ ပြီးနိုင်ပေမဲ့၊ သူက တခြား အဂ္ဂိရတ်ဆရာတွေနဲ့ ချိန်ကိုက်ပြီး တမင် အချိန်ဆွဲထားလိုက်တာ။ အရမ်း ထင်ပေါ်မနေအောင်လို့ပေါ့။
ပြီးတော့ ဒီတစ်ခေါက် တာဝန်မှာ သူ အမြတ်ကြီး စားလိုက်ရတယ်။
ယွင်တန်နန်းတော်က ပေးတဲ့ ကုန်ကြမ်းပစ္စည်းတွေက အရမ်းရှားပါးပြီး တန်ဖိုးကြီးတယ်။ အပြင်မှာ ဝယ်ဖို့ ခက်တယ်။ လီချန်က ဒီပစ္စည်းတွေနဲ့ ဆေးဖော်လိုက်ရာမှာ၊ ရလာတဲ့ ဆေးလုံး ၇၀ ရာခိုင်နှုန်းလောက်က သူ့အိတ်ထဲ ရောက်သွားတယ်။
ဒီဆေးဖော်တဲ့ တာဝန်က တော်တော်တွက်ခြေကိုက်တာပဲ။
သူတင် မဟုတ်ပါဘူး၊ တခြား အဂ္ဂိရတ်ဆရာတွေလည်း အမြတ်ရကြပါတယ်။
တကယ်တမ်းကျတော့ တိုက်ပွဲဝင်ဆေးလုံး တာဝန်ပဲ ဖြစ်ဖြစ်၊ ပုံမှန် တာဝန်ပဲ ဖြစ်ဖြစ်... အပ်နှံရမယ့် စံနှုန်း သတ်မှတ်ထားပြီးသား။ ကျန်တာက အဂ္ဂိရတ်ဆရာတွေရဲ့ အမြတ်ပဲ။ ဆေးပညာ မြင့်လေလေ အမြတ်များလေလေ။
ဒါပေမဲ့ လီချန်လို ၇၀ ရာခိုင်နှုန်း အမြတ်ထွက်တဲ့သူတော့ ရှိမှာမဟုတ်ဘူး။
တာဝန်ပြီးဆုံးပြီးနောက်၊ စီနီယာအစ်မစုက လီချန်ကို အတင်းဆွဲခေါ်ပြီး သူမ လှိုဏ်ဂူဆီ ခေါ်သွားသည်။
သူမက အသိဉာဏ်သစ်တစ်ခုရထားလို့၊ စည်းမျဉ်းနတ်ဆေးလုံးကို နောက်တစ်ကြိမ် ထပ်ဖော်စပ်ကြည့်ချင်တယ်တဲ့။ လီချန်ကို ဘေးကနေ ကူညီပေးစေချင်တာ။
အဂ္ဂိရတ်ဆရာတွေကြားမှာ ဒီလို ကူညီတာက ပုံမှန်ပါပဲ။
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း လီချန် ကူညီပေးဖူးတယ်။ ကျရှုံးခဲ့ပေမဲ့ပေါ့။
လီချန် ငြင်းမရလို့ လက်ခံလိုက်ရသည်။
စီနီယာအစ်မစုရဲ့လှိုဏ်ဂူ ရောက်တော့၊ ဆေးပညာ ဆွေးနွေးပြီးတာနဲ့ ဆေးဖော်ခန်းဝင်ပြီး စတင် ဆေးဖော်ကြသည်။... ဒီတစ်ခေါက်လည်း ထုံးစံအတိုင်း ကျရှုံးသွားပြန်သည်။
လီချန်ကတော့ အကြောင်းရင်း သိပါတယ်။
ဆေးပညာ အဆင့်အတန်း နည်းနည်းလိုနေသေးတာ။
အချိန်ယူပြီး ဖြည်းဖြည်းချင်း စုဆောင်းမှရမှာ။
"ဘာလို့ ကျရှုံးနေရတာလဲ" စီနီယာအစ်မစု ကျရှုံးသွားတဲ့ ဆေးအကြွင်းအကျန်တွေကို ကြည့်ပြီး အကြောင်းရင်း ရှာနေသည်။ ပုံစံက ရူးသွပ်လုနီးပါးဖြစ်နေသည်။
"စီနီယာအစ်မစု... စိတ်မလောပါနဲ့။ ဒီတစ်ခေါက် ကျရှုံးပေမဲ့ နောက်တစ်ခေါက် အောင်မြင်မှာပါ" လီချန် နှစ်သိမ့်ပေးလိုက်သည်။
"တာအိုရောင်းရင်းလီ... ငါ ကောင်းကင်ဆေးပညာမဟာညီလာခံကို ဝင်ပြိုင်ချင်ရင်၊ စည်းမျဉ်းနတ်ဆေးလုံးကို မဖြစ်မနေ ဖော်စပ်နိုင်မှရမှာ" စီနီယာအစ်မစုက ဆံပင်တွေကို ဆွဲဖွရင်း ခေါင်းခါကာ ပြောလိုက်သည်။
"စီနီယာအစ်မစု... ခင်ဗျား ဘာလို့ ကောင်းကင်ဆေးပညာမဟာညီလာခံကို ဒီလောက် တက်ချင်နေရတာလဲ" လီချန် စူးစမ်းစွာ မေးလိုက်သည်။
သူ တောင်ဘက်ကျွန်းဆွယ်တိုက်မှာနေတာကြာပြီမို့၊ ကောင်းကင်ဆေးပညာမဟာညီလာခံ အကြောင်း သိပါတယ်။ ဒါက ကောင်းကင်နန်းတော်က မျိုးဆက်သစ် အဂ္ဂိရတ်ဆရာတွေအတွက် ကျင်းပပေးတဲ့ အမြင့်ဆုံးအဆင့် ဆေးပညာပြိုင်ပွဲကြီးလေ။
"နင် မေးနေပြန်ပြီ" စီနီယာအစ်မစု နှာခေါင်းရှုံ့လိုက်သည်။ ပြောပြချင်ပုံ မရဘူး။ ဒါက သူမရဲ့ လျှို့ဝှက်ချက်လေ။
လီချန် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ဘာမှ ဆက်မမေးတော့ဘူး။
"ထားလိုက်ပါတော့... နင့်ကို ပြောပြလိုက်ပါ့မယ်" ရုတ်တရက် စီနီယာအစ်မစုက လေသံပြောင်းပြီး ပြောလိုက်သည်။
"ဟမ်..." လီချန် ဘာပြောရမှန်း မသိတော့ဘူး။
"ငါသာ ကောင်းကင်ဆေးပညာမဟာညီလာခံ ဝင်ပြိုင်ပြီး ထိပ်တန်း ၃ နေရာ ဝင်ခဲ့ရင်၊ သံသရာနတ်ဆေးလုံး ဆေးဖော်နည်းကို လေ့လာခွင့် ရနိုင်တယ်..." စီနီယာအစ်မစု ပြောလိုက်သည်။
"သံသရာနတ်ဆေးလုံး? အဲဒါ ဘာဆေးလဲ" လီချန် အံ့သြသွားသည်။
"ဒါက အရမ်းထူးခြားတဲ့ နတ်ဆေးလုံး တစ်မျိုးပဲ။ လူတစ်ယောက်ကို ပြန်လည်ဝင်စားစေနိုင်ပြီး ဝမ်းတွင်းသန္ဓေအတိတ်မေ့ရောဂါ မခံစားရစေဘဲ အတိတ်ဘဝကို မှတ်မိစေနိုင်တယ်"
စီနီယာအစ်မစု ဆက်ပြောသည်။ "ဒီဆေးကို ဖော်စပ်ရတာ အရမ်း ထူးခြားတယ်။ ပြန်လည်ဝင်စားမယ့်သူရဲ့ အသွေးအသားနဲ့ ဝိညာဉ်အငွေ့အသက်တွေကို အဓိကကုန်ကြမ်းအဖြစ် သုံးရတယ်။ ပြီးတော့ လူတစ်ယောက်ချင်းစီအတွက် ဆေးဖော်နည်းက မတူဘူး၊ ပြုပြင်ပြောင်းလဲပေးရတယ်"
လီချန် လောကကြီးမှာ ဒီလိုဆန်းကြယ်တဲ့ဆေးမျိုး ရှိမှန်းမသိခဲ့ဘူး။
သူ ရုတ်တရက် သဘောပေါက်သွားသည်။ စီနီယာအစ်မစုက သူမနဲ့ အရမ်းရင်းနှီးတဲ့ တစ်စုံတစ်ယောက်အတွက် သံသရာနတ်ဆေးလုံး ဖော်စပ်ပေးချင်နေတာဖြစ်မယ်။
ပြီးတော့ အဲဒီလူက နတ်ဘုရား မဟုတ်ဘူး။
နတ်ဘုရားအဆင့်ရောက်သွားရင် သေဆုံးပြီး ပြန်လည်ဝင်စားရင်တောင်မှ၊ ဝမ်းတွင်းသန္ဓေအတိတ်မေ့ရောဂါ မရှိသလောက် နည်းပြီး၊ အတိတ်ကို မှတ်မိကာ ပြန်လည်ကျင့်ကြံနိုင်ကြတာကိုး။
***