အတိတ်မှတ်ဉာဏ်
Vol. 26 Ch. 408
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
လီချန် ဆေးဖော်ခန်းထဲတွင် အလုပ်ရှုပ်နေသည်။
ဒီတစ်ခေါက်လည်း စည်းမျဉ်းနတ်ဆေးလုံးကိုပဲ ဖော်စပ်နေခြင်း ဖြစ်သည်။
ဒါပေမဲ့ အဓိက ကုန်ကြမ်းက နတ်သလင်းကျောက် မဟုတ်တော့ဘဲ၊ နတ်ဘုရားအမြုတေဖြစ်နေပြီ။
နတ်ဘုရားအမြုတေထဲမှာ ပါဝင်တဲ့ စည်းမျဉ်းမူလအနှစ်သာရ က အရည်အသွေး အလွန်မြင့်မားပြီး၊ အထူးသဖြင့် ပြင်ပနတ်ဘုရားမူလအနှစ်သာရ အငွေ့အသက်လေး တစ်စွန်းတစ်စ ပါဝင်နေသေးတယ်။
ဒါက အရေးအကြီးဆုံးပဲ။
လီချန်က စည်းမျဉ်းနတ်ဆေးလုံး ဖော်စပ်နေစဉ်မှာ၊ ဒီပြင်ပနတ်ဘုရားမူလအနှစ်သာရ လေးကို သီးသန့် သန့်စင်ထုတ်ယူလိုက်ပြီး ဆေးဖော်တဲ့အထဲ မထည့်လိုက်ပါဘူး။ ဒီလို တန်ဖိုးကြီးတဲ့ အရာကို ဆေးဖော်ဖို့သုံးလိုက်ရင် နှမြောစရာကြီးလေ။ သူ့ဘာသာ တိုက်ရိုက်စုပ်ယူလိုက်တာက ပိုတန်တယ်။
ရလဒ်ကတော့ အလွန်ကောင်းမွန်ပါတယ်။
ပြင်ပနတ်ဘုရားမူလအနှစ်သာရကို စုပ်ယူပြီးနောက်၊ သူ့ရဲ့ လောကမျိုးစေ့နဲ့ ကျီဟန့်စည်းမျဉ်း တိုးတက်မှုနှုန်းက အများကြီး ပိုမြန်လာတယ်။
အချိန်မည်မျှ ကြာသွားသည်မသိ။ ဆေးပေါင်းဖို တုန်ခါသွားပြီးနောက်၊ သင်းပျံ့သော ဆေးနံ့များ လှိုင်လှိုင် ထွက်ပေါ်လာသည်။
လီချန် ဒီအနံ့ကို ရှူရှိုက်လိုက်ပြီး ပြုံးလိုက်သည်။
လုံးဝအောင်မြင်တယ်။
အနံ့ကို ခွဲခြားကြည့်ရုံနဲ့တင် နတ်ဘုရားအမြုတေကိုသုံးပြီး ဖော်စပ်ထားတဲ့ စည်းမျဉ်းနတ်ဆေးလုံးက သာမန် နတ်သလင်းကျောက်နဲ့ ဖော်စပ်တာထက် အများကြီး သာလွန်ကောင်းမွန်မှန်း သိသာတယ်။
တကယ်လို့များ ပြင်ပနတ်ဘုရားမူလအနှစ်သာရကိုပါ ထည့်သုံးလိုက်ရင် ဘယ်အဆင့်ထိ ရောက်သွားမလဲ မသိဘူး။
ခဏအကြာတွင် လီချန် ဆေးပေါင်းဖိုထဲမှ စည်းမျဉ်းနတ်ဆေးလုံး ၉ လုံးကို ဆွဲယူလိုက်သည်။
သာမန် စည်းမျဉ်းနတ်ဆေးလုံးဖော်စပ်ရင် ကုန်ကြမ်းအများကြီး ထည့်ပြီး တစ်ပြိုင်နက်တည်း အများကြီး ဖော်စပ်လို့ရပေမဲ့၊ နတ်ဘုရားအမြုတေကို သုံးထားတာမို့ ဂရုစိုက်တဲ့အနေနဲ့ တစ်သုတ်စာပဲ ဖော်စပ်လိုက်တာ။
သူ ဆေးလုံးတစ်လုံးကို မျိုချပြီး စမ်းသပ်ကြည့်လိုက်ရာ၊ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
သူ့လို လူအတွက်တောင်မှ ဒီစည်းမျဉ်းနတ်ဆေးလုံးက အာနိသင် မဆိုးလှဘူး။
သူ ကျန်တဲ့ ဆေးလုံးတွေကို သိမ်းဆည်းလိုက်ပြီး ဆက်လက်ဆေးဖော်နေလိုက်သည်။
....
အချိန်များ ကုန်ဆုံးသွားပြီး နှစ် ၃၀ ကြာမြင့်သွားခဲ့ပြီ။
ကောင်းကင်ဆေးပညာမဟာညီလာခံ ကျင်းပမည့်အချိန် ရောက်လာပြီ။
လီချန် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေမဲ့ ပွဲခင်းထဲအထိ သွားရောက်ကြည့်ရှုခဲ့သည်။ ပြောရရင် ဒါက ဆေးပညာလောကရဲ့ ရှားပါး ပွဲတော်ကြီးပါပဲ။ ဟွေ့ယွမ်တစ်ခုမှ တစ်ကြိမ်သာ ကျင်းပတာ ဖြစ်ပြီး၊ မျိုးဆက်သစ် အဂ္ဂိရတ်ဆရာတွေ အကုန်လုံး ဒီပွဲမှာ လာရောက်ပြသကြတာ။
ဒါ့အပြင် ဝါရင့် ထိပ်တန်းအဂ္ဂိရတ်ဆရာကြီးတွေလည်း ရောက်လာကြတယ်။
ဆေးပညာလောကရဲ့ တစ်ဦးတည်းသော ဆေးဧကရာဇ်ဖြစ်တဲ့ ယွမ်ချန်ဆေးဧကရာဇ်ကိုယ်တိုင်လည်း ကြွရောက်လာသည်။
လီချန် ပွဲခင်းထဲရောက်တော့ အဂ္ဂိရတ်ဆရာများစွာရဲ့ လက်ရာတွေကို ကြည့်ပြီး ဗဟုသုတတွေ အများကြီး ရလိုက်တယ်။ လာရကျိုးနပ်ပါတယ်။
အခုခေတ် ဆေးပညာက ပန်းပေါင်းတစ်ရာ ပွင့်လန်းသလို စည်ပင်နေတာပဲ။
သူ လေ့လာကြည့်ရာ စီနီယာအစ်မစုမှာလည်း ဆေးပညာ မနိမ့်တဲ့ ပြိုင်ဘက်ကောင်း တော်တော်များများရှိနေတာ တွေ့ရတယ်။
လက်တွေ့မှာလည်း ဒီအတိုင်းပါပဲ။
ညီလာခံရဲ့ နောက်ဆုံးအဆင့်ကတော့ စည်းမျဉ်းနတ်ဆေးလုံး ဖော်စပ်ခြင်းဖြစ်သည်။
စည်းမျဉ်းနတ်ဆေးလုံး ဆေးဖော်နည်းတွေက အမျိုးမျိုးရှိကြပြီး၊ ကုန်ကြမ်းတွေလည်း မတူကြဘူး။ ဒါပေမဲ့ အဓိက ကုန်ကြမ်းကတော့ စည်းမျဉ်းမူလအနှစ်သာရပါဝင်တဲ့ ပစ္စည်းတွေဖြစ်ရမယ်။
စုစုပေါင်း အဂ္ဂိရတ်ဆရာ ၇ ယောက် စည်းမျဉ်းနတ်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ကြသည်။
ဒီအရေအတွက်က ယခင် ညီလာခံတွေနဲ့ ယှဉ်ရင် အများကြီးပါပဲ။
နောက်ဆုံးမှာ ယွမ်ချန်ဆေးဧကရာဇ်ကိုယ်တိုင် ဆေးလုံးတွေကို စစ်ဆေးအကဲဖြတ်ပြီး အဆင့် သတ်မှတ်ပေးသည်။
ကံကောင်းစွာနဲ့ စီနီယာအစ်မစုက ခြေစွမ်းပြနိုင်ခဲ့ပြီး တကယ်ပဲ ထိပ်တန်း ၃ နေရာ ဝင်သွားသည်။ တတိယနေရာတိတိ ချိတ်ခဲ့သည်။
"စီနီယာအစ်မစု... ဂုဏ်ယူပါတယ်" လီချန် ဂုဏ်ပြုစကား ဆိုလိုက်သည်။
"ဂျူနီယာမောင်လေးလီ... ကျေးဇူးတင်ပါတယ်" စီနီယာအစ်မစု ပြောလိုက်သည်။
လီချန် သာ မကူညီခဲ့ရင်၊ သူမ အခုထိ စည်းမျဉ်းနတ်ဆေးလုံး ဖော်စပ်နိုင်ဦးမှာ မဟုတ်ဘူး။ ထိပ်တန်း ၃ နေရာ ဝင်ဖို့ဆိုတာ ဝေလာဝေး။
ညီလာခံ ပြီးဆုံးပြီးနောက်၊ စီနီယာအစ်မစု နှင့် အခြား ၂ ဦးတို့သည် ယွမ်ချန်ဆေးဧကရာဇ်ကို သွားရောက် တွေ့ဆုံကြသည်။
ရက်အနည်းငယ်ကြာမှ စီနီယာအစ်မစု ပြန်ထွက်လာသည်။ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အထင်းသား ပေါ်နေသည်။
"သံသရာနတ်ဆေးလုံး ဆေးဖော်နည်း ရခဲ့ပြီလား" လီချန် ပြုံးပြီး မေးလိုက်သည်။
"မရသေးဘူး... ဆေးဧကရာဇ်ကြီးက ပြန်လည်ပြုပြင်မွမ်းမံဖို့ လိုသေးတယ်တဲ့။ တစ်နှစ်၊ နှစ်နှစ်လောက် ကြာလိမ့်မယ်။ ပြီးရင် လူလွှတ်ပြီး ဆေးဖော်နည်း လာပို့ပေးမယ်လို့ ပြောတယ်" စီနီယာအစ်မစု ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း ဆေးဧကရာဇ်ကြီးက ကိုယ်တိုင် လမ်းညွှန်ပြသပေးခဲ့လို့ ငါ့ရဲ့ဆေးပညာ အများကြီး တိုးတက်လာတယ်..."
"ဒါဆို စီနီယာအစ်မစု မကြာခင် ဆေးပညာအဆင့် ထပ်တက်တော့မှာပေါ့" လီချန် ပြောလိုက်သည်။
"သေချာတာပေါ့... ဂျူနီယာမောင်လေးလီ၊ နင်လည်း ကြိုးစားနော်" စီနီယာအစ်မစုက ပြုံးစစနဲ့ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ" လီချန် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ စီနီယာအစ်မစုနှင့်အတူ တောင်ဘက်ကျွန်းဆွယ်တိုက်သို့ ပြန်လာခဲ့သည်။ နှုတ်ဆက်ပြီးနောက် သူ ယွီဟွာမြို့သို့ အရင် ပြန်သွားပြီး၊ ထိုမှတဆင့် အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲ ဝင်ရောက်ကာ တံခါးပိတ်ကျင့်ကြံလိုက်သည်။
သူ ညီလာခံက ရလာတဲ့ ဗဟုသုတတွေကို ပြန်လည် သုံးသပ်ပြီး၊ ဆေးပညာ စွမ်းရည်ကို ထပ်မံ မြှင့်တင်ရမယ်။
ညီလာခံ သွားကြည့်ရတာ တကယ်တန်ပါတယ်။
ဒါ့အပြင် သူ အခွင့်ကောင်းယူပြီး နတ်ဘုရားအမြုတေတွေ အများကြီး ဝယ်ယူစုဆောင်းခဲ့သေးတယ်။
တောင်ဘက်ကျွန်းဆွယ်တိုက် မှာတုန်းက နတ်ဘုရားအမြုတေ အများကြီး ဝယ်ရတာ အဆင်မပြေပေမဲ့၊ ကောင်းကင်နန်းတော် တည်ရှိရာ အရှေ့ဘက်အောင်မြင်သောနတ်ဘုရားတိုက်မှာတော့ မတူဘူး။
အရှေ့ဘက်တိုက်က နံပါတ် ၁ မြေကမ္ဘာမိစ္ဆာတိုက် ဖြစ်သလို၊ ကောင်းကင်တာရာ ၃၆တိုက် တွေနဲ့ ယှဉ်ရင်တောင် ပြိုင်ဘက်ကင်းပဲ။
အကြောင်းရင်းက ရှင်းပါတယ်။
အရှေ့ဘက်တိုက်က ရှန်ရှောင်မသေမျိုးဧကရာဇ် မွေးဖွားရာ နေရာလေ။
နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာခဲ့လို့ အရှေ့ဘက်တိုက်က တိုက်ကြီးတွေအားလုံးထဲမှာ နံပါတ် ၁ ဖြစ်နေတာ။
ဒါကြောင့် အရှေ့ဘက်တိုက်မှာ ဘယ်လို အဆင့်မြင့်ကျင့်ကြံရေးပစ္စည်းမျိုးမဆို ဝယ်လို့ ရတယ်။
ဒီတစ်ခေါက် သူ သေချာ တံခါးပိတ်ကျင့်ကြံပြီး၊ အနည်းဆုံး အဆင့် ၂ ကျန်းရှန်း ဖြစ်အောင် လုပ်မယ်။
ဒီလိုနဲ့ တံခါးပိတ်ကျင့်ကြံမှုက နှစ်ပေါင်း ရာချီ ကြာမြင့်ခဲ့သည်။
သေချာတာကတော့ သူ မကျင့်ကြံခင် ယွင်တန်နန်းတော်အတွက် ပေးရမယ့် ဆေးလုံးတာဝန်တွေကို ကြိုတင်ပြင်ဆင်ပေးခဲ့ပါသေးတယ်။ သူ့ရဲ့ ဧည့်အကြီးအကဲ ရာထူးက အသုံးဝင်တယ်လေ။
.....
အချိန်ခေါင်းလောင်း ခန်းမဆောင်။
လီချန် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက လောကမျိုးစေ့က ဒုတိယ နှင့် တတိယမြောက် စည်းမျဉ်းတွေကို မွေးဖွားပေးလိုက်ပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူ့ကျင့်ကြံမှု အဆင့် ၂ ကို တက်လှမ်းလိုက်တာနဲ့ လောကမျိုးစေ့လည်း အထွတ်အထိပ် ရောက်သွားပြီး စည်းမျဉ်းအသစ် ၂ ခု ထပ်မံ မွေးဖွားလာတာ။
သူ စနစ်မျက်နှာပြင်ကို ခေါ်ယူပြီး အချက်အလက်များကို စစ်ဆေးလိုက်သည်။
အိမ်ရှင်: လီချန်။
နတ်ဝိညာဉ် (ကောင်းကင်တာအို)။
အဆင့် ၂ ကျန်းရှန်း (၁/၁၀၀)။
အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ ၇၇၆၈၀၆၈/၁၀၀၀၀၀၀၀)။
ကောင်းကင်ဘုံနဝမဓား (အစပျိုးအဆင့် ၆၁/၁၀၀)။
မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ဟွန်တွန်လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။
စည်းမျဉ်း :
ကျီဟန့်စည်းမျဉ်း (အဆင့် ၂ - ၁/၁၀၀)
ဝိညာဉ်စွဲမြားသွယ် - (အဆင့် ၄ - ၁/၁၀၀)
ကွယ်ဝှက်ကမ္ဘာ - (အဆင့် ၁ - ၁/၁၀၀)
ချန်ယွမ်အစီအရင်ကျမ်း (၂၈ အခြေခံ ၉၉/၁၀၀)။
လီချန် အသစ်မွေးဖွားလာတဲ့ စည်းမျဉ်း ၂ ခုကို ကြည့်ပြီး အံ့သြသွားသည်။
အဲဒီအထဲက ဝိညာဉ်စွဲမြားသွယ် စည်းမျဉ်းက စတင်မွေးဖွားကတည်းက အဆင့် ၄ ဖြစ်နေလို့ပါပဲ။ ဆိုလိုတာက ဒီစည်းမျဉ်းက မဟာစည်းမျဉ်းအဆင့် ရှိနေတာ။
ပုံမှန်အားဖြင့် စည်းမျဉ်းသစ်တွေက အဆင့် ၁ ကနေ စကြတာ။
ရှားရှားပါးပါး မဟာစည်းမျဉ်းတချို့မှသာ အဆင့် ၂၊ ၃၊ ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ အဆင့်ကနေ စတင်တတ်တာ။
အခု ဒီဝိညာဉ်စွဲမြားသွယ်က အဆင့် ၄ ကနေ စတယ်ဆိုတော့... သူက အဆင့် ၂ ကျန်းရှန်း ဖြစ်ပေမဲ့၊ အဆင့် ၄ စည်းမျဉ်းကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သဘောပဲ။
ပုံမှန်ဆိုရင် အဆင့် ၄ ရွှမ်ရှန်းတွေမှသာ အဆင့် ၄ စည်းမျဉ်း ပိုင်ဆိုင်ကြတာ။
သူ ဝိညာဉ်စွဲမြားသွယ်ရဲ့ အချက်အလက်တွေကို သေချာဖတ်ကြည့်လိုက်သည်။
ပစ်မှတ်ရဲ့ ဝိညာဉ်အငွေ့အသက်ကို မှတ်သားထားလိုက်ရုံနဲ့ ဒီဝိညာဉ်စွဲမြားသွယ်ကို ပစ်လွှတ်နိုင်တယ်။ တိုက်ကြီး ၂ တိုက် ခြားနေရင်တောင်မှ ကမ္ဘာဖြတ်ကျော်ဖြတ်ပြီး တိုက်ခိုက်နိုင်တယ်။ ဝိညာဉ်ကို တိုက်ရိုက်ထိခိုက်စေတာ။
စုစုပေါင်း မြား ၉ စင်းရှိပြီး၊ တစ်စင်းထက်တစ်စင်း ပိုပြီး ရက်စက်ကြမ်းကြုတ်တယ်။
အခုတော့ အဆင့် ၄ ပဲ ရှိသေးလို့ မြား ၄ စင်းပဲ ပစ်နိုင်သေးတာ။
နောက်ထပ် စည်းမျဉ်းတစ်ခုကတော့ ကွယ်ဝှက်ကမ္ဘာ။
ဒီစည်းမျဉ်းက မမြင်ရတဲ့နယ်ပယ်တစ်ခု ဖန်တီးပေးနိုင်ပြီး၊ ရန်သူတွေ အာရုံမခံနိုင်အောင် ကွယ်ဝှက်ထားပေးတယ်။ ဒီကွယ်ဝှက်ကမ္ဘာကို ဖောက်ထွင်းမြင်ချင်ရင် ရန်သူက အထူးမျက်လုံးစွမ်းရည် သို့မဟုတ် ထောက်လှမ်းရေး စည်းမျဉ်းတစ်ခုခု ပိုင်ဆိုင်ထားမှရမယ်။
ဒီကွယ်ဝှက်ကမ္ဘာ စည်းမျဉ်းကို ခြုံခိုတိုက်ခိုက်တဲ့နေရာမှာသုံးရင် ရလဒ်ကောင်းမှာ သေချာတယ်။
ပြီးတော့ သူက ကွယ်ဝှက်ကမ္ဘာနဲ့ ကျီဟန့် စည်းမျဉ်း ၂ ခုကို ပေါင်းစပ်ပြီး ကျီဟန်ကွယ်ဝှက်ကမ္ဘာအဖြစ် ဖန်တီးလို့ ရနိုင်သေးတယ်။
ဘယ်လိုပေါင်းစပ်မလဲဆိုတာကိုတော့ သေချာချိန်ညှိရဦးမယ်။
အခုချိန်ထိ လီချန် စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးနဲ့ တိုက်ခိုက်ဖူးတာ မရှိသေးဘူး။ ဒါကြောင့် စည်းမျဉ်းတွေကို လက်တွေ့ အသုံးချတဲ့နေရာမှာ သိပ်မကျွမ်းကျင်သေးဘူး။
သူ ထိုက်ရွှီဂိုဏ်းကနေ တိုက်ခိုက်ရေးဆိုင်ရာ မှတ်တမ်းတချို့ကိုတော့ လဲလှယ်ယူဖူးတယ်။
ဒါပေမဲ့ မှတ်တမ်းဖတ်တာနဲ့ လက်တွေ့ တိုက်တာက မတူဘူးလေ။
သေချာတာကတော့ သူက လက်တွေ့ စွန့်စားတိုက်ခိုက်ရတာကို မကြိုက်ပါဘူး။
အကောင်းဆုံး နည်းလမ်းကတော့ ကျင့်ကြံမှုအဆင့် နဲ့ ဖိနှိပ်လိုက်တာပါပဲ။
....
တံခါးပိတ်ကျင့်ကြံမှု ပြီးဆုံးပြီးနောက်၊ လီချန် တောင်ဘက်ကျွန်းဆွယ်တိုက်သို့ ပြန်လာခဲ့သည်။
စီနီယာအစ်မစုက သူ့ကို အကြိမ်ကြိမ် ဆက်သွယ်ထားတာ တွေ့ရတယ်။
ဒါကြောင့် သူ စီနီယာအစ်မစုရဲ့လှိုဏ်ဂူကို သွားလိုက်သည်။
"ဂျူနီယာမောင်လေးလီ... မင်း ကျင့်ကြံမှု တိုးတက်လာပြန်ပြီပဲ" စီနီယာအစ်မစုက လီချန်ကို ကြည့်ပြီး ပြောလိုက်သည်။ လီချန်ရဲ့ အရှိန်အဝါ မြင့်တက်လာတာ သိသာနေတယ်။
"မဆိုးပါဘူး" လီချန် ပြုံးလိုက်သည်။
"မင်း ကြည့်ချင်နေတဲ့ သံသရာနတ်ဆေးလုံး ဆေးဖော်နည်း ရပြီ။ ဒါပေမဲ့... ငါ သုံးပြီးသွားပြီမို့၊ အသုံးမဝင်တော့ဘူး ဖြစ်သွားပြီ" စီနီယာအစ်မစု က ရွှေရောင်ဖျော့ဖျော့ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးလိုက်သည်။
လီချန် ယူကြည့်လိုက်ရာ သတင်းအချက်အလက် ပမာဏက ကြီးမားလွန်းတယ်။ ကုန်ကြမ်းပစ္စည်း၊ စစ်ဆေးနည်း၊ သန့်စင်နည်း၊ မီးအပူချိန်၊ ပေါင်းစပ်နည်း... အစုံပါပဲ။
ဆေးပညာ အဆင့်နိမ့်တဲ့သူဆိုရင် ဖတ်လို့တောင် နားလည်မှာ မဟုတ်ဘူး။
ဒါပေမဲ့ လီချန်အတွက်တော့ ပြဿနာ မရှိပါဘူး။
သူ သေချာ လေ့လာကြည့်လိုက်တော့၊ ဒီဆေးဖော်နည်းက တစ်ဦးတစ်ယောက်တည်းအတွက်ပဲ သုံးလို့ရအောင် စီမံထားတာ တွေ့လိုက်ရတယ်။ တခြားလူအတွက် သုံးလို့ မရဘူး။ လူပြောင်းရင် ကုန်ကြမ်းတွေလည်း ပြောင်းရမှာမို့၊ ဆေးဖော်နည်းတစ်ခုလုံး ပြန်တွက်ချက်ရမှာ။
ဒါပေမဲ့ ဒီပြန်လည်တွက်ချက်မှု လုပ်ဖို့က သံသရာနတ်ဆေးလုံးရဲ့ အဓိက ယန္တရားကို နားလည်မှ ရမှာ။ ဒီကျောက်စိမ်းပြားထဲမှာ အဲဒါ မပါဘူး။
အဓိက ယန္တရားကို ကိုယ့်ဖာသာ တွက်ချက်ဖော်ထုတ်ဖို့ဆိုတာ အခက်အခဲ ဘယ်လောက်ကြီးမားမလဲ ခန့်မှန်းလို့ရတယ်။
ဒါပေမဲ့ လီချန်က ဒီလိုစိန်ခေါ်မှုမျိုးကို သဘောကျတယ်။
အောင်မြင်သွားရင် သူလည်း သံသရာနတ်ဆေးလုံးရဲ့ အဓိကယန္တရားကို နားလည်သွားမှာလေ။
သူ သိသလောက် သံသရာနတ်ဆေးလုံးက စည်းမျဉ်းတစ်ခုနဲ့ သက်ဆိုင်နေတယ်။ သူသာ အဓိက ယန္တရားကို နားလည်သွားရင်၊ နောင်တစ်ချိန် သူ့ရဲ့ လောကမျိုးစေ့ကနေ သံသရာနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတစ်ခု မွေးဖွားပေးလာနိုင်တယ်။
သူ ထင်တာတော့ ယွမ်ချန်ဆေးဧကရာဇ်က အဲဒီလို စည်းမျဉ်းမျိုး ပိုင်ဆိုင်ထားလောက်တယ်။
"စီနီယာအစ်မစု... ကျေးဇူးတင်ပါတယ်" လီချန် ပြောလိုက်သည်။
"ရပါတယ်... အမှိုက်ပြန်သုံးတာပဲလေ။ ငါ နစ်နာတာမှ မဟုတ်တာ" စီနီယာအစ်မစု ရယ်မောလိုက်သည်။
လီချန်လည်း ပြုံးလိုက်သည်။ ဒီစီနီယာအစ်မစုက စိတ်ရင်းကောင်းပေမဲ့ စကားပြောတာတော့ နည်းနည်း ဘွင်းဘွင်းရှင်းရှင်းနိုင်တယ်...
"ပြီးတော့... ဒါက ဆေးဧကရာဇ်ကြီး ငါ့ကို လမ်းညွှန်ပေးတုန်းက မှတ်စုတချို့... နင့်အတွက် အသုံးဝင်လောက်တယ်" စီနီယာအစ်မစုက နောက်ထပ် ကျောက်စိမ်းပြားတစ်ခု ထပ်ပေးလိုက်သည်။
လီချန် မငြင်းပါဘူး။ ယွမ်ချန်ဆေးဧကရာဇ်က စီနီယာအစ်မစုကို ဘာတွေလမ်းညွှန်ပေးလိုက်လဲ သိချင်နေတာ။
......
စီနီယာအစ်မစုဆီက ပြန်လာပြီးနောက်၊ လီချန် ယွင်တန်နန်းတော်သို့သွားပြီး ဆေးဖော်တာဝန် အပ်နှံလိုက်သည်။ ပြီးတော့ နတ်ဘုရားအမြုတေတချို့ ထပ်ဝယ်လိုက်သည်။
ဝမ်းနည်းစရာက နတ်ဘုရားစစ်ပွဲ ပြီးသွားတာကြာပြီမို့ နတ်ဘုရားအမြုတေ အရေအတွက် လျော့နည်းသွားပြီး ဈေးတက်သွားပြီ။
"တာအိုရောင်းရင်းလီ... တာဝန်တစ်ခု အတူတူယူမလား" သူနဲ့ ရင်းနှီးတဲ့ အဂ္ဂိရတ်ဆရာတစ်ယောက် လမ်းမှာတွေ့တော့ နှုတ်ဆက်ပြီး ဖိတ်ခေါ်လိုက်သည်။
"တာအိုရောင်းရင်းဟယ်... ဘာတာဝန်များလဲ" လီချန် စူးစမ်းစွာ မေးလိုက်သည်။
ဒီအဂ္ဂိရတ်ဆရာတွေ သီးသန့်လက်ခံတဲ့ တာဝန်တွေက အမြတ်များတယ်ဆိုတာ သူ သိတယ်။
ဒါပေမဲ့ သူတို့က ကိုယ်ပိုင်လမ်းကြောင်းတွေ ရှိကြပြီး၊ သူများကို အလွယ်တကူ မခေါ်တတ်ကြဘူး။
အခု ဒီဟယ်မျိုးရိုး အဂ္ဂိရတ်ဆရာက သူ့ကို ဖိတ်ခေါ်တယ် ဆိုကတည်းက၊ တာဝန်က အရမ်း ခက်ခဲလို့၊ ဒါမှမဟုတ် အလုပ်အရမ်းများလို့ ဖြစ်မယ်။ မဟုတ်ရင် ဒီလောက် သဘောကောင်းမှာ မဟုတ်ဘူး။
သူတို့နှစ်ယောက်က အရမ်း ရင်းနှီးတာလည်း မဟုတ်ဘူးလေ။
"တာအိုရောင်းရင်းလီ... ထျန်းဟုန်စံအိမ်ကို ကြားဖူးလား" အဂ္ဂိရိတ်ဆရာဟယ်က မေးလိုက်သည်။
"ကြားဖူးတာပေါ့။ တောင်ဘက်ကျွန်းဆွယ်တိုက်ရဲ့ နာမည်ကြီး နတ်ဘုရားမိသားစုလေ။ စံအိမ်သခင် ကျွင်းဟန်ဓားနတ်ဘုရားဆိုရင် တောင်ဘက်ကျွန်းဆွယ်တိုက်ရဲ့ နံပါတ် ၁ ဓားနတ်ဘုရား၊ အဆင့် ၈ ရှန်းဝမ်ပဲ" လီချန် ခေါင်းညိတ်လိုက်သည်။
"ထျန်းဟုန်စံအိမ် ရဲ့ သခင်မလေးက အထူးဆေးလုံးတစ်မျိုး လိုအပ်နေလို့တဲ့။ ဒါပေမဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းဖို့အတွက် ဝိညာဉ်စာချုပ် ချုပ်ရမယ်။ အခကြေးငွေကတော့ အရမ်းများတယ်" အဂ္ဂိရိတ်ဆရာဟယ်က အသံပို့လွှတ်ပြီး ပြောလိုက်သည်။
လီချန် ကြားတာနဲ့ ဒီဆေးလုံးက အရမ်းထူးခြားမယ်ဆိုတာ သိလိုက်ပြီ။ မဟုတ်ရင် ထျန်းဟုန်စံအိမ်လို အင်အားကြီး မိသားစုမှာ ကိုယ်ပိုင်အဂ္ဂိရတ်ဆရာတွေ ရှိပြီးသားလေ။
ဒါကြောင့် ဒီတာဝန်က အခကြေးငွေ များပေမဲ့၊ သေချာပေါက် အန္တရာယ်ရှိတယ်။
"တာအိုရောင်းရင်းဟယ်... ဒီလို တာဝန်မျိုးတော့ မလုပ်တော့ပါဘူး။ ကျွန်တော့်မှာ အဲဒီလောက် အရည်အချင်း မရှိပါဘူး" လီချန် ချက်ချင်း ငြင်းလိုက်သည်။
အဂ္ဂိရိတ်ဆရာဟယ် သက်ပြင်းချလိုက်သည်။ သူ တခြား အဂ္ဂိရတ်ဆရာတွေ အများကြီးကို လိုက်မေးပြီးပြီ၊ ဘယ်သူမှ လက်မခံကြဘူး။
သူကတော့ အကြောင်းပြချက်တစ်ခုကြောင့် မဖြစ်မနေ လက်ခံရတော့မှာမို့၊ အန္တရာယ် မျှဝေခံစားမယ့် တာအိုရောင်းရင်း ရှာနေတာ။
ဒါပေမဲ့ အဂ္ဂိရတ်ဆရာတွေက ဉာဏ်ကောင်းကြတယ်လေ။ အန္တရာယ်ရှိမှန်းသိရင် ရှောင်ကြမှာပဲ။
လီချန် အဂ္ဂိရိတ်ဆရာဟယ်ကို နှုတ်ဆက်ပြီးနောက်၊ ယွင်တန်နန်းတော်ကနေ အမြန်ထွက်ခွာပြီး ယွီဟွာမြို့သို့ ပြန်လာခဲ့သည်။
.....
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
လီချန်သည် စီနီယာအစ်မစု ပေးလိုက်တဲ့ ယွမ်ချန်ဆေးဧကရာဇ်ရဲ့ လမ်းညွှန်ချက် မှတ်စုတွေကို ဖတ်ရှုနေသည်။ တကယ်ပဲ ဆေးဧကရာဇ် ပါပဲ။ ဆေးပညာအဆင့်အတန်းက အရမ်းမြင့်မားလွန်းတယ်။
ဒီမှတ်စုတွေကို ကြည့်ရုံနဲ့တင်၊ ဒီဆေးဧကရာဇ်ရဲ့ ဆေးပညာအဆင့်က အနည်းဆုံး အဆင့် ၁၈ လောက်ရှိမယ်လို့ လီချန် ခန့်မှန်းမိတယ်။
သူ သံသရာနတ်ဆေးလုံးရဲ့ ဆေးဖော်နည်းကိုလည်း သေချာတွက်ချက်ကြည့်လိုက်တော့၊ အခက်အခဲက အရမ်းကြီးမားတာ တွေ့ရတယ်။ အဓိကယန္တရားကို တွက်ထုတ်ချင်ရင်၊ သူ့ရဲ့ လက်ရှိ ဆေးပညာအဆင့်နဲ့ဆိုရင် နည်းနည်းလိုနေသေးတယ်။ ဆေးပညာ အဆင့် ၁၇ လောက် ရောက်ရင်တော့ ဖြစ်နိုင်ခြေရှိမယ်။
သူ အဆင့် ၂ ကျန်းရှန်း ဖြစ်လာပြီးနောက်၊ ကျင့်ကြံမှုနှုန်းက ပိုနှေးကွေးသွားသည်။
တကယ်တော့ သူ့နှုန်းက တခြား အဆင့်တူ နတ်ဘုရားတွေနဲ့ယှဉ်ရင် အရမ်းမြန်နေပါပြီ။
ဒါပေမဲ့ သူက ဒီလောက် နှေးကွေးတဲ့ အမြန်နှုန်းနဲ့ အသားမကျဘူး ဖြစ်နေတာ။
အချိန်ခေါင်းလောင်း အဆင့်မြှင့်တင်မယ့် အချိန်ကိုပဲ စောင့်ရတော့မယ်။
.....
ရုတ်တရက် လီချန် ကျင့်ကြံမှုကို ရပ်လိုက်ပြီး အပြင်ခန်းမဆောင်သို့ ထွက်လာခဲ့သည်။
"ဆရာသခင်... ဂါရဝပြုပါတယ်" အငယ်ဆုံး တပည့်မလေး ရွှီဟွေ့က လီချန်ကို လေးလေးစားစား ဂါရဝပြုလိုက်သည်။
အခုချိန်ထိ ရွှီဟွေ့က သူ့တပည့်တွေအားလုံးထဲမှာ ကျင့်ကြံမှု အမြင့်ဆုံးပဲ။
နတ်ဘုရား မဖြစ်သေးပေမဲ့ နိယာမ ၅ ခု အထွတ်အထိပ် ရောက်နေပြီ။
ဒါက အကန့်အသတ်ပဲ။ နိယာမ ၆ ခု အထွတ်အထိပ် ရောက်ဖို့က အရမ်းခက်ခဲလိမ့်မယ်။
တခြားတပည့်တွေဆိုရင် နိယာမ ၄ ခု လောက်နဲ့တင် တန့်သွားကြတာ။
ဝူရွှမ်းတောင်မှ လီချန် ရဲ့ အကူအညီကြောင့်သာ နိယာမ ၅ ခု ပြည့်သွားတာ။ မဟုတ်ရင် ၄ ခု နဲ့ ကျေနပ်ရမှာ။
"နတ်ဘုရားအဆင့် တက်လှမ်းဖို့ ပြင်ဆင်နေတာလား" လီချန် ခေါင်းညိတ်ပြီး မေးလိုက်သည်။
သေချာတာကတော့ စည်းမျဉ်းနတ်ဆေးလုံး မသုံးရင်၊ ရွှီဟွေ့လို မွေးရာပါနတ်ဘုရားအမြစ် ပိုင်ရှင်တောင်မှ နတ်ဘုရားအဆင့်တက်ဖို့ မဖြစ်နိုင်ဘူး။
တခြား တိုက်ကြီးတွေက ကျင့်ကြံသူတွေလည်း ကျန်းရှန်းဖြစ်ဖို့အတွက် စည်းမျဉ်းနတ်ဆေးလုံး လို ဆေးဝါးတွေကို သုံးကြရတာပဲ။
"ဆရာသခင်... တပည့် လောလောဆယ် နတ်ဘုရားအဆင့် မတက်ချင်သေးပါဘူး" ရွှီဟွေ့ ခေါင်းခါလိုက်သည်။
"နိယာမ ၆ ခု ကို ကြိုးစားကြည့်ချင်လို့လား" လီချန် အံ့သြသွားသည်။
"မဟုတ်ပါဘူး ဆရာသခင်... တပည့် ခံစားမိတာက နိယာမ ၅ ခု က အကန့်အသတ် ရောက်နေပါပြီ" ရွှီဟွေ့ ဆက်ပြောသည်။ "မကြာသေးခင်ကမှ တပည့်ရဲ့ ဦးနှောက်ထဲမှာ စိမ်းသက်ပေမဲ့ ရင်းနှီးနေတဲ့ ထူးဆန်းတဲ့ မှတ်ဉာဏ်တွေ ပေါ်လာလို့ပါ"
"ဝမ်းတွင်းသန္ဓေအတိတ်မေ့ရောဂါ ပျောက်ကင်းပြီး၊ ပြန်လည်ဝင်စားခြင်းအတိတ်ဘဝကို သတိရလာတာလား" လီချန် မျက်နှာပေါ်တွင် အံ့သြမှုများ ပေါ်လာသည်။
အနောက်ဘက်စွန်းဆန်းကြယ်တိုက်မှာ နတ်ဘုရားအထောက်အထားမှတ်တမ်းဝင်ထားသူတွေ ပြန်လည်ဝင်စားရင် အတိတ်ကိုမမေ့ဘူးဆိုတာရှိပေမဲ့... လက်တွေ့မှာတော့ မှတ်တမ်းတင်ထားတာ သိပ်မရှိဘူး။
"ဟုတ်ကဲ့... ဖြစ်နိုင်ပါတယ်" ရွှီဟွေ့ ခေါင်းညိတ်လိုက်သည်။
"မင်း ဘာတွေ သတိရလာလဲ" လီချန် စူးစမ်းစွာ မေးလိုက်သည်။
"တချို့တလေ သတိရလာပါတယ်... ကျွန်မရဲ့ အတိတ်ဘဝက ဆရာသခင်က... အနောက်ဘက်စွန်းရူလိုင်မသေမျိုးဧကရာဇ် ဖြစ်လောက်ပါတယ်" ရွှီဟွေ့က ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။
***