ပြန်လည်နိုးထခြင်း
Vol. 26 Ch. 409
"အနောက်ဘက်စွန်းရူလိုင်မသေမျိုးဧကရာဇ်လား"
လီချန် ကြောင်အသွားသည်။
အဲဒါ ကောင်မလေး အားရို့ရဲ့ အဖေ မဟုတ်လား။
ရွှီဟွေ့ရဲ့ အတိတ်ဘဝ ဆရာသခင်က အနောက်ဘက်စွန်းရူလိုင်မသေမျိုးဧကရာဇ်ဖြစ်နေတာကိုး... ဒီလိုဆိုရင် ရွှီဟွေ့မှာ မွေးရာပါနတ်ဘုရားအမြစ်ပါလာတာ မဆန်းတော့ပါဘူး။
"မင်းရဲ့ အတိတ်ဘဝ ဆရာသခင်က ရူလိုင်မသေမျိုးဧကရာဇ် ဖြစ်နေရင်တောင်၊ မင်း နတ်ဘုရားဖြစ်မယ့်ကိစ္စနဲ့ ဘာဆိုင်လို့လဲ" လီချန် စူးစမ်းစွာ မေးလိုက်သည်။
ရွှီဟွေ့က နတ်ဘုရားဖြစ်ဖို့ တံခါးဝရောက်နေပြီ။ စည်းမျဉ်းနတ်ဆေးလုံး အလုံအလောက်ရှိနေရင် နတ်ဘုရားဖြစ်ဖို့က ရေစီးကြောင်းအတိုင်း လှေလိုက်သလို လွယ်ကူတဲ့ကိစ္စလေ။
"ဆရာသခင်... တပည့်... တပည့် ပင်မကျင့်စဉ်ကို ပြောင်းချင်လို့ပါ..." ရွှီဟွေ့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
"မင်းရဲ့ အတိတ်ဘဝ ကျင့်စဉ်လား" လီချန် မေးလိုက်သည်။
"ဟုတ်ပါတယ်" ရွှီဟွေ့ ခေါင်းညိတ်လိုက်သည်။
"မင်း ပြောင်းချင်ရင် ပြောင်းလေ" လီချန် ခွင့်ပြုလိုက်သည်။
ရွှီဟွေ့ ပြောင်းချင်တယ်ဆိုကတည်းက၊ အတိတ်ဘဝက ကျင့်စဉ်က သူမနဲ့ အသင့်တော်ဆုံး ဖြစ်လို့ နေမှာပေါ့။
"ကျေးဇူးတင်ပါတယ် ဆရာသခင်" ရွှီဟွေ့ သက်ပြင်းချကာ စိတ်အေးသွားသည်။ ကျင့်စဉ်ပြောင်းတယ်ဆိုတာ ကျင့်ကြံသူတွေကြားမှာ အကြီးမားဆုံး တားမြစ်ချက်တစ်ခုလေ။ ဆရာသခင်ရဲ့ ခွင့်ပြုချက်မရဘဲလုပ်ရင် ဆရာကို ပုန်ကန်ရာကျတယ်။
"အနောက်ဘက်စွန်းရူလိုင်မသေမျိုးဧကရာဇ်နဲ့ နတ်ဘုရားကမ္ဘာ ပျက်စီးသွားတဲ့အကြောင်း၊ မင်း မှတ်မိသလောက် ပြောပြပါဦး" လီချန် စိတ်ဝင်တစား မေးလိုက်သည်။
"ဆရာသခင်... အတိတ်ဘဝ မှတ်ဉာဏ်တွေက အကွဲကွဲအပြားပြား ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့... ရူလိုင်ဆရာသခင် မသေဆုံးသေးဘူးလို့ ကျွန်မ ယုံကြည်တယ်။ နတ်ဘုရားကမ္ဘာ မပျက်စီးခင်ကတည်းက ဆရာသခင်ရဲ့ မူလခန္ဓာကိုယ်က နတ်ဘုရားကမ္ဘာကနေ ထွက်ခွာပြီး ပြင်ပဟင်းလင်းပြင်ဆီ သွားရောက်လည်ပတ်နေခဲ့တာ။ နတ်ဘုရားကမ္ဘာမှာ ကျန်ခဲ့တာက သူ့ရဲ့ ကိုယ်ပွားတစ်ခုပါပဲ" ရွှီဟွေ့ စဉ်းစားပြီး ပြောလိုက်သည်။
လီချန် နားမလည်နိုင် ဖြစ်သွားသည်။ ရူလိုင်မသေမျိုးဧကရာဇ်ရဲ့ မူလခန္ဓာကိုယ်က ပြင်ပဟင်းလင်းပြင်ကို ရောက်နေရင် ဘာလို့ ပြန်မလာတာလဲ။
ရှန်ရှောင်မသေမျိုးဧကရာဇ်နဲ့ တခြား ဧကရာဇ်တွေတောင် ပြင်ပဟင်းလင်းပြင်ကနေ ပြန်လာကြသေးတာပဲ။
ရူလိုင်မသေမျိုးဧကရာဇ်က ပြင်ပဟင်းလင်းပြင်မှာပဲ ကျဆုံးသွားတာများလား။
သေချာတာကတော့ ဒါတွေကို ရွှီဟွေ့ကို ပြောပြလို့ မဖြစ်သေးဘူး။
ယွီဟွာနတ်ဘုရားနန်းတော်မှာ တခြားတိုက်ကြီးတွေအကြောင်း သိတဲ့သူ အရမ်းနည်းတယ်။ သိတဲ့သူ အများစုကလည်း တောင်ဘက်ကျွန်းဆွယ်တိုက်ကို ရောက်ကုန်ကြပြီ။ နတ်ဘုရားနန်းတော်မှာ ကျန်ခဲ့တာဆိုလို့ သူနဲ့ ဝူရွှမ်း နှစ်ယောက်ပဲ ရှိတော့တာ။
ရုတ်တရက် သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာသည်။ ကောင်းကင်နန်းတော်က အနောက်ဘက်စွန်းဆန်းကြယ်တိုက်ကို ဘာလို့ ပြန်မသိမ်းပိုက်တာလဲ။
အနောက်ဘက်စွန်းရူလိုင်မသေမျိုးဧကရာဇ်နဲ့များ သက်ဆိုင်နေမလား။
ဒါကို တွေးမိတော့ လီချန် ရင်ထဲ လေးလံသွားသည်။ နောက်ကွယ်မှာ လျှို့ဝှက်ချက်ကြီး တစ်ခုခု ရှိနေမှာ သေချာတယ်။ မဟုတ်ရင် ကောင်းကင်နန်းတော်ရဲ့အင်အားနဲ့ဆိုရင် နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) လက်ထဲကနေ အနောက်ဘက်စွန်းဆန်းကြယ်တိုက်ကို ပြန်ယူဖို့ဆိုတာ မခဲယဉ်းဘူးလေ။
ဝမ်းနည်းစရာက ရွှီဟွေ့ရဲ့ အတိတ်ဘဝမှတ်ဉာဏ်တွေက မပြည့်စုံဘူး။ ပြီးတော့ သူမက နတ်ဘုရားကမ္ဘာ ပျက်စီးချိန်မှာ သေဆုံးသွားခဲ့တာဖြစ်နိုင်လို့၊ နောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကို သူမ သိမှာ မဟုတ်ဘူး။
"အကောင်းဆုံးနည်းလမ်းကတော့ ကောင်းကင်နန်းတော်ထဲဝင်ပြီး အဓိကလျှို့ဝှက်ချက်တွေကို စုံစမ်းတာပဲ" လီချန် စိတ်ထဲ တွေးလိုက်သည်။
ဒါပေမဲ့ ဒါက စိတ်ကူးသက်သက်ပါပဲ။
အခု သူ့အင်အားနဲ့ ဒါမျိုး သွားလုပ်လို့ မဖြစ်ဘူး။ ရိပ်မိသွားနိုင်တယ်။
မသေမျိုးဧကရာဇ်အဆင့်တွေမှာ ဘယ်လို စည်းမျဉ်းစွမ်းရည်တွေရှိမှန်း ဘယ်သူ သိမှာလဲ။
နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်း အဆင့်မြှင့်တင်ပြီးတဲ့အထိ စောင့်တာ အကောင်းဆုံးပဲ။
နောက်ထပ် နှစ်ထောင်ချီပဲ လိုတော့တာ။
....
နောက်ပိုင်း ကာလတွေမှာ ရွှီဟွေ့က အချိန်တစ်ခုကြာတိုင်း သူမရဲ့ အတိတ်ဘဝ မှတ်ဉာဏ် တချို့ကို လာပြောပြလေ့ရှိတယ်။
အချိန်ကြာလာတာနဲ့အမျှ သူမ နိုးထလာတဲ့ မှတ်ဉာဏ်တွေက ပိုများလာပြီး ပိုပြည့်စုံလာတယ်။
နှစ် ၁၀၀ ကြာပြီးနောက် တစ်နေ့တွင်၊ ရွှီဟွေ့ အချိန်ခေါင်းလောင်း ခန်းမဆောင် ဘေးက အဆောင်ငယ်ဆီ ရောက်လာသည်။
"ဆရာသခင်... ပေါင်လင်းဆရာကတော်ရဲ့ ခန္ဓာကိုယ်အစစ် ဘယ်နေရာမှာရှိလဲ" ရွှီဟွေ့ စိုးရိမ်တကြီး မေးလိုက်သည်။
"မင်း ဒါကို ဘာလို့ မေးတာလဲ" လီချန် ပြန်မေးလိုက်သည်။
"ကျွန်မ မှတ်ဉာဏ်တွေ အပြည့်အစုံ ပြန်ရလာပြီ။ ရူလိုင်ဆရာသခင်ရဲ့ကိုယ်ပွား မပျက်စီးခင်မှာ၊ ကျွန်မကို မှာခဲ့တာရှိတယ်။ ပြန်လည်ဝင်စားပြီးရင် ပေါင်လင်းဆရာကတော်ရဲ့ ခန္ဓာကိုယ်အစစ်ကိုရှာပြီး နှိုးပေးပါတဲ့..." ရွှီဟွေ့ ပြောလိုက်သည်။
"မင်း နှိုးနိုင်လို့လား" လီချန် အံ့သြသွားသည်။
"ရူလိုင်ဆရာသခင်က ကျွန်မရဲ့ စစ်မှန်ဝိညာဉ်ထဲမှာ နတ်ဘုရားစွမ်းအားတစ်ခု ပိတ်လှောင်ထည့်သွင်းပေးလိုက်ပါတယ်။ အတိတ်ဘဝကျင့်စဉ်ကို ပြန်ကျင့်ကြံရင် အဲဒီစွမ်းအားကို ဆွဲထုတ်ပြီး ပေါင်လင်းဆရာကတော်ကို နှိုးလို့ ရပါတယ်" ရွှီဟွေ့ ခေါင်းညိတ်လိုက်သည်။
ပေါင်လင်းမယ်တော်ကို နှိုးဖို့ မဟုတ်ရင် သူမ ကျင့်စဉ်ပြောင်းစရာအကြောင်း မရှိပါဘူး။
ဒါက ရူလိုင်ဆရာသခင် သူမကို ပေးအပ်ခဲ့တဲ့ တာဝန်မို့ သူမ ပြီးမြောက်အောင် လုပ်ရမယ်။
"ဪ... ဒီလိုကိုး" လီချန် သဘောပေါက်သွားသည်။ ဒါကြောင့် ကျင့်စဉ်ပြောင်းချင်ရတာကိုး။
တပည့်ငယ် ရွှီဟွေ့ ကျင့်စဉ်ပြောင်းတာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့သည်။ နောက်ဆုံးမှာ စည်းမျဉ်းနတ်ဆေးလုံးတွေရဲ့ အကူအညီနဲ့ အောင်မြင်စွာ နတ်ဘုရားဖြစ်လာခဲ့သည်။
ယွီဟွာနတ်ဘုရားနန်းတော်ရဲ့ တတိယမြောက် ကျန်းရှန်း ဖြစ်လာတာပေါ့။
တခြား တပည့်တွေကတော့ နည်းနည်းလိုနေသေးတယ်။
သူတို့ရဲ့ ပါရမီက နိမ့်ကျတော့၊ အချိန်ခေါင်းလောင်းရဲ့ အကူအညီရှိရင်တောင် နိယာမနားလည်နိုင်စွမ်းက ရွှီဟွေ့ကို မမီဘူး။
ဒါပေမဲ့ နောက်ထပ် နှစ်အနည်းငယ်လောက်ဆိုရင် တစ်ယောက်စ နှစ်ယောက်စလောက်တော့ နတ်ဘုရား ဖြစ်လာနိုင်လောက်တယ်။
.....
ရွှီဟွေ့ နတ်ဘုရားဖြစ်ပြီးတာနဲ့ လီချန်က သူမကို အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ အတွင်းပိုင်း နေရာတစ်ခုဆီ ခေါ်သွားလိုက်သည်။ ပေါင်လင်းမယ်တော်ရဲ့ ကွေ့ရှန်းခန္ဓာကိုယ်ကို အဲဒီမှာ သိမ်းဆည်းထားတာ။ အားရို့လည်း သူ့အမေကို အဖော်ပြုရင်း အဲဒီမှာ နေလေ့ရှိတယ်။
"ဦးဦးလီချန်... ရောက်လာပြီလား" အားရို့က လီချန်ကို မြင်တော့ ဝမ်းသာအားရ နှုတ်ဆက်သည်။
ပြီးတော့ သူမက ရွှီဟွေ့ ကိုလည်း နှုတ်ဆက်သည်။ "မမရွှီဟွေ့... မင်္ဂလာပါ"
"မင်္ဂလာပါ အားရို့လေး" ရွှီဟွေ့ ပြုံးပြီး နှုတ်ဆက်လိုက်သည်။
အားရို့က ကွေ့ရှန်းဖြစ်နေပေမဲ့၊ အသက်ရှင်စဉ်က အသိစိတ်ကို ထိန်းသိမ်းထားနိုင်လို့ ယွီဟွာနတ်ဘုရားနန်းတော်မှာ လူချစ်လူခင် များတယ်။
အထူးသဖြင့် သူမ သီချင်း မဆိုတော့တဲ့ နောက်ပိုင်းမှာ ပိုပြီး လူချစ်လူခင် များလာတာ။
"တကယ်ပဲ ပေါင်လင်းဆရာကတော် ပါလား" ရွှီဟွေ့ ကျောက်ခေါင်းတလားရှေ့ လျှောက်သွားပြီး၊ အထဲမှာ လဲလျောင်းနေတဲ့ ကွေ့ရှန်းကိုကြည့်ကာ စိတ်လှုပ်ရှားသွားသည်။
ဒါက အတိတ်ဘဝ မှတ်ဉာဏ်တွေကြောင့် ရင်းနှီးကျွမ်းဝင်နေတာ။
"မမရွှီဟွေ့... မမက သမီး မေမေကို သိလို့လား" အားရို့ ခေါင်းလေးစောင်းပြီး စူးစမ်းစွာ မေးလိုက်သည်။
"သိတာပေါ့..." ရွှီဟွေ့ အားရို့ရဲ့ခေါင်းလေးကို ဖွဖွလေး ပွတ်ပေးလိုက်သည်။ အတိတ်ဘဝ မှတ်ဉာဏ်တွေထဲမှာ အားရို့က ရူလိုင်ဆရာသခင် နဲ့ ပေါင်လင်းဆရာကတော်တို့ရဲ့ တစ်ဦးတည်းသော သမီးလေး။ သူမနဲ့ တခြား စီနီယာအစ်ကိုအစ်မတွေအားလုံးရဲ့ အချစ်တော် မင်းသမီးလေး။
ဒါပေမဲ့ အားရို့မှာတော့ အဲဒီမှတ်ဉာဏ်တွေ မရှိတော့ဘူး။ သူမရဲ့ မှတ်ဉာဏ်တွေ အားလုံးက ဖေဖေ၊ မေမေ နဲ့ ပတ်သက်တာလောက်ပဲ ကျန်တော့တာ။
အားရို့ကိုကြည့်ပြီး ရွှီဟွေ့ ရင်ထဲ ရှုပ်ထွေးသွားသည်။
"ဆရာသခင်... တပည့် အခု ပေါင်လင်းဆရာကတော်ကို နှိုးလိုက်ပါတော့မယ်" သူမ လီချန် ဘက်လှည့်ပြီး ခွင့်တောင်းလိုက်သည်။
"ကောင်းပြီ" လီချန် ခေါင်းညိတ်လိုက်သည်။
သူလည်း ပေါင်လင်းမယ်တော် နိုးလာမှာကို မျှော်လင့်နေမိတယ်။
"မမရွှီဟွေ့... မမက သမီး မေမေကို နှိုးပေးနိုင်တယ် ဟုတ်လား" အားရို့ ကြားတော့ အံ့သြဝမ်းသာ ဖြစ်သွားသည်။
"အားရို့... မမလည်း သေချာတော့ မသိဘူး။ စမ်းကြည့်ရမှာပဲ" ရွှီဟွေ့ ပြောလိုက်သည်။
ဒါက အတိတ်ဘဝ မှတ်ဉာဏ်ထဲက အရာလေ။ တကယ်တမ်း ပေါင်လင်းမယ်တော်ကို နှိုးနိုင်မလားဆိုတာ စမ်းကြည့်မှသိမှာ။
"ဒါဆို မေမေ့ကို မြန်မြန် နှိုးပေးပါ... အားရို့ မေမေနဲ့ စကားပြောချင်လှပြီ" အားရို့ ပျော်ရွှင်စွာ ပြောလိုက်သည်။
ရွှီဟွေ့ ခေါင်းညိတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူပြီး မျက်လုံးမှိတ်ကာ လက်ညှိုးကို မျက်ခုံးနှစ်ခုကြား ထောက်လိုက်သည်။ သူမ ခန္ဓာကိုယ် တုန်ခါသွားပြီး ညည်းသံသဲ့သဲ့ ထွက်လာသည်။ မျက်နှာပေါက် ၇ ပေါက် (မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နား) ကနေ သွေးရောင် အလင်းတန်းလေးတွေ ထွက်ပေါ်လာသည်။
ရွှီဟွေ့က စစ်မှန်ဝိညာဉ်ကို အတင်းအဓမ္မ လှုံ့ဆော်နေလို့ ဝိညာဉ်ထိခိုက်နေကြောင်း လီချန် အာရုံခံမိလိုက်သည်။
သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ပေါင်လင်းမယ်တော်ရဲ့အသိစိတ်ကို ဒီလို အတင်းအဓမ္မ နှိုးတာက ရွှီဟွေ့ကို ပြန်ပြီး ထိခိုက်စေမလား။
ဒါပေမဲ့ ရွှီဟွေ့ရဲ့ ဆန္ဒပြင်းပြနေတာ တွေ့ရလို့ သူ မတားတော့ပါဘူး။
ခဏကြာတော့ ထူးဆန်းသော စွမ်းအားတစ်ခု ရွှီဟွေ့ရဲ့ ဦးနှောက်ထဲကနေ ပေါက်ကွဲထွက်လာပြီး၊ ဟင်းလင်းပြင်ထဲမှာ ပုံရိပ်ယောင်တစ်ခုအဖြစ် ဖွဲ့တည်သွားသည်။
လျှော်ဝတ်ရုံရှည် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး။ မျက်နှာသွင်ပြင် ကြည်လင်သန့်ရှင်းပြီး ကရုဏာသက်ဝင်နေသော ဟန်ပန်ရှိသည်။
"ဖေဖေ..." အားရို့ ဒီပုံရိပ်ကို မြင်တာနဲ့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
လျှော်ဝတ်ရုံရှည်နဲ့ လူပုံရိပ်က အားရို့ရဲ့အသံကို ကြားသွားပုံရပြီး လှည့်ကြည့်လာသည်။ မျက်နှာပေါ်တွင် ချစ်ခင်ကြင်နာသော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် ကျောက်ခေါင်းတလားထဲက ပေါင်လင်းမယ်တော်ရဲ့ ခန္ဓာကိုယ်ဆီ ပြန်လှည့်သွားပြီး၊ ဖြည်းညှင်းစွာ ငုံ့ကိုင်းကာ ပေါင်လင်းမယ်တော်ရဲ့မျက်ခုံးကို လက်ညှိုးဖြင့် ဖွဖွလေး ထိလိုက်သည်။
ခွမ်း!
မှန်ကွဲသကဲ့သို့ ထိုလူပုံရိပ် ကွဲကြေပျက်စီးသွားသည်။
"ဖေဖေ..." အားရို့က သူမအဖေ ပုံရိပ် ကွဲကြေသွားတာ မြင်တော့ ငိုယိုပြီး ပြေးဖက်ဖို့ ကြိုးစားသည်။ လီချန်က အားရို့ကြောင့် ရွှီဟွေ့ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အားရို့ ကို လှမ်းဆွဲထားလိုက်သည်။ "မင်းအဖေက မင်းအမေကို နှိုးပေးနေတာ... နောက်ကျရင် သူ သေချာပေါက် ပြန်လာမှာပါ"
"တကယ်လား" အားရို့ မျက်ရည်စက်လက်နဲ့ မေးလိုက်သည်။
"တကယ်ပေါ့... ပြီးခဲ့တဲ့ တစ်ခေါက် မင်းအမေ သတိရလာတုန်းက၊ မင်းအဖေ ပြန်လာမယ်လို့ ပြောခဲ့တယ်လေ... မမှတ်မိဘူးလား" လီချန် ပြောလိုက်သည်။
"အင်း... မှတ်မိပါတယ်" အားရို့ ခေါင်းညိတ်ပြီး မျက်ရည်သုတ်လိုက်သည်။
ထိုအချိန်တွင် ပေါင်လင်းမယ်တော်၏ခန္ဓာကိုယ် တုန်ခါလာပြီး၊ ထူးဆန်းသော အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်လာသည်ကို လီချန် အာရုံခံမိလိုက်သည်။
ဒါတွေက ဟွန်တွန်ပြင်ပနတ်ဘုရားရဲ့ မူလအနှစ်သာရ စွမ်းအားတွေပဲ။
လီချန် ချက်ချင်း လှုပ်ရှားလိုက်သည်။ နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းရဲ့ နယ်ပယ်ကို အသုံးပြုပြီး ထိုပြင်ပနတ်ဘုရားမူလအနှစ်သာရတွေကို ဖမ်းယူသိမ်းဆည်းလိုက်သည်။
သူ့အာရုံက ပေါင်လင်းမယ်တော်ဆီမှာပဲ ရှိနေသည်။ သူမ ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ဖြည်းဖြည်းချင်း ပြန်လည် နိုးထလာတာ ခံစားမိတယ်။
ဒါပေမဲ့ အဲဒီစွမ်းအားတွေက အဆင့်တစ်ခုရောက်တော့ ရပ်တန့်သွားသည်။
ခန့်မှန်းခြေ အဆင့် ၁ ကျန်းရှန်း အဆင့်လောက်ပါပဲ။
"ဘာဖြစ်တာလဲ" လီချန် အံ့သြသွားသည်။
ပေါင်လင်းမယ်တော် နိုးထလာရင် အထွတ်အထိပ်အဆင့်ကို ပြန်မရောက်ရင်တောင်၊ အတော်အတန် စွမ်းအားကြီးမားမယ်လို့ ထင်ထားတာ။
အခုတော့ အဆင့် ၁ ကျန်းရှန်း အဆင့်လောက်ပဲ ရှိသေးတယ်။
ဒါ နည်းနည်းတော့ ထူးဆန်းနေတယ်။
ထိုအချိန်တွင် ကျောက်ခေါင်းတလားထဲက ပေါင်လင်းမယ်တော် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"မေမေ..." အားရို့ စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။
"အားရို့... သမီးလေးလား" ပေါင်လင်းမယ်တော်က အားရို့ ကို ငေးငိုင်စွာ ကြည့်လိုက်သည်။ မူလက အသက်မဲ့နေသော မျက်ဝန်းများတွင် အလင်းရောင်များ ပြန်လည် စုစည်းလာသည်။ တင်းမာနေသော မျက်နှာထား လျော့ရဲလာပြီး၊ နူးညံ့ပျော့ပျောင်းသော အပြုံးတစ်ခု ပေါ်လာသည်။
"ဟုတ်တယ်... မေမေ... ဝူး ဝူး... မေမေ နောက်ဆုံးတော့ နိုးလာပြီပေါ့" အားရို့ ပြေးဝင်သွားပြီး ပေါင်လင်းမယ်တော်ကို ဖက်လိုက်သည်။
"လိမ္မာတဲ့ ကလေးလေး... ဒီနှစ်တွေအတွင်း သမီးလေး ပင်ပန်းခဲ့ရပြီ" ပေါင်လင်းမယ်တော် က အားရို့ ကို ဖွဖွလေး ပြန်ဖက်ထားလိုက်သည်။ သူမ၏လေသံတွင် ချစ်ခင်မှုနှင့် အားနာမှုများ ပြည့်နှက်နေသည်။
သမီးလေးရဲ့အခြေအနေ မူမမှန်တာ (ကွေ့ရှန်း ဖြစ်နေတာ) ကို သူမ ခံစားမိနေသည်။
"မေမေ... ဖေဖေ ဘယ်တော့ ပြန်လာမှာလဲဟင်... သမီး စောစောက ဖေဖေ့ကို တွေ့လိုက်တယ်" အားရို့က မေးလိုက်သည်။
"သူ... သူ သေချာပေါက် ပြန်လာမှာပါ" ပေါင်လင်းမယ်တော် ခဏတွန့်ဆုတ်သွားပြီး၊ လေသံမာမာဖြင့် ပြောလိုက်သည်။
သားအမိ နှစ်ယောက် စကားအကြာကြီး ပြောပြီးမှ၊ ပေါင်လင်းမယ်တော်က ဘေးနားက ရွှီဟွေ့ ကို လှမ်းကြည့်လိုက်သည်။
"မင်းက ရှင်းလင်လား" ပေါင်လင်းမယ်တော်က ရွှီဟွေ့ကိုကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။
ရုပ်ရည် မတူတော့ပေမဲ့၊ နိုးထလာတဲ့ အခိုက်အတန့်မှာပဲ ရွှီဟွေ့ဆီက ရင်းနှီးတဲ့ အငွေ့အသက်ကို သူမ ခံစားမိလိုက်လို့ပါ။
"ပေါင်လင်းဆရာကတော်... ကျွန်မက ရှင်းလင်ရဲ့ဝင်စားတဲ့ခန္ဓာပါ... ဒါက ကျွန်မရဲ့လက်ရှိဘဝ ဆရာသခင်ပါ" ရွှီဟွေ့ အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။
ပေါင်လင်းမယ်တော် ခေါင်းညိတ်လိုက်ပြီး၊ လီချန်ကို သေချာ စိုက်ကြည့်လိုက်သည်။
"မေမေ... သမီး ဆိုင်းငံ့လှိုဏ်ဂူထဲမှာ ပျင်းနေတုန်း၊ ဦးဦးလီချန်က သမီးကို အပြင်ခေါ်ထုတ်ပေးခဲ့တာ..." အားရို့က ဝင်ပြောလိုက်သည်။
ဒါပေမဲ့ ပေါင်လင်းမယ်တော်က လီချန်ကို စိုက်ကြည့်နေတုန်းပဲ။ သူမ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှု၊ သံသယ၊ ဇဝေဇဝါ ဖြစ်မှု၊ ရှုပ်ထွေးမှုများ တစ်လှည့်စီ ပေါ်နေသည်။
"မယ်တော်... ဘာလို့ ကျွန်တော့်ကို အဲဒီလိုကြည့်နေတာလဲ" လီချန် မနေနိုင်ဘဲ မေးလိုက်သည်။
သူက ပေါင်လင်းမယ်တော် (ကွေ့ရှန်း ခန္ဓာ) ကို ထိန်းချုပ်ဖူးပေမဲ့၊ အားရို့ရဲ့အမေ ဖြစ်နေလို့ ဘာမကောင်းကြံစည်မှုမှ မလုပ်ခဲ့ပါဘူး။
"ကျွန်မ အရင်တုန်းက မိတ်ဆွေဟောင်းတစ်ယောက်ကို မြင်လိုက်ရတယ် ထင်လို့ပါ" ပေါင်လင်းမယ်တော် သက်ပြင်းချလိုက်သည်။
ရုပ်ရည်က တူလွန်းတယ်။ မဟုတ်ဘူး၊ တစ်ပုံစံတည်းပဲ။ ဒါပေမဲ့ အရှိန်အဝါက မတူဘူး။
လုံးဝ မတူဘူး။
ပုံမှန်ဆိုရင် လူတစ်ယောက်တည်းဆိုရင် အရှိန်အဝါ မတူစရာအကြောင်း မရှိဘူး။
ပြန်လည်ဝင်စားရင်တောင်မှ၊ အဲဒီအရှိန်အဝါက ပြောင်းလဲသွားမှာ မဟုတ်ဘူး။
ဒါကြောင့် လီချန်က အဲဒီလူ မဟုတ်တာ သေချာတယ်။
ရုပ်ချင်းဆင်တူရုံ သက်သက်ပဲ။
လောကကြီးမှာ သစ်ရွက်နှစ်ရွက် ထပ်တူမကျဘူးဆိုပေမဲ့၊ ရုပ်ချင်းတူတဲ့ လူနှစ်ယောက်ရှိတာက ဖြစ်နိုင်တာပဲလေ။
"ဪ... မယ်တော်၊ ကျွန်တော်က ဘယ်သူနဲ့ တူလို့လဲ" လီချန် စူးစမ်းစွာ မေးလိုက်သည်။
သူ ဒီကမ္ဘာကို ရောက်လာတုန်းက မယ်တော် က နတ်ဘုရားစုန်းမတားမြစ်နယ်မြေထဲမှာ လဲလျောင်းနေပြီလေ။
ပြီးတော့ မယ်တော်ဆိုတာ နတ်ဘုရားကမ္ဘာ မပျက်စီးခင်က ရှန်းဝမ်အဆင့် ရှိခဲ့တဲ့သူ။
"ထားလိုက်ပါတော့" ပေါင်လင်းမယ်တော် ခေါင်းခါလိုက်သည်။
ပေါင်လင်းမယ်တော် မပြောမှတော့ လီချန်လည်း ဆက်မမေးတော့ပါဘူး။
ဒါပေမဲ့ သူမရဲ့ တုံ့ပြန်ပုံကို ကြည့်ရင် အဲဒီမိတ်ဆွေဟောင်းဆိုသူက သာမန်လူ မဟုတ်လောက်ဘူး။
မဟုတ်ရင် ဒီလောက်ထိဖြစ်သွားစရာ အကြောင်းမရှိဘူး။
လီချန်က ပေါင်လင်းမယ်တော်အတွက် လှိုဏ်ဂူတစ်ခု စီစဉ်ပေးလိုက်ပြီး၊ သားအမိတွေ လွတ်လပ်စွာ နေနိုင်အောင် ရွှီဟွေ့ကိုခေါ်ပြီး ထွက်လာခဲ့သည်။
"ရွှီဟွေ့... မယ်တော်ပြောတဲ့ ဆရာသခင်နဲ့ တူတဲ့လူက ဘယ်သူလဲဆိုတာ မင်း မှတ်မိလား" လီချန် ရွှီဟွေ့ကို မေးလိုက်သည်။
ရွှီဟွေ့ က အနောက်ဘက်စွန်းရူလိုင်မသေမျိုးဧကရာဇ်ရဲ့တပည့်ဆိုတော့ ဗဟုသုတများပြီး ထိုခေတ်က ပုဂ္ဂိုလ်ကြီးတွေကို သိလောက်တယ်လေ။
"ဆရာသခင်... တပည့်ရဲ့ အတိတ်ဘဝ မှတ်ဉာဏ်ထဲမှာ အဲဒီလိုလူမျိုး မရှိပါဘူး" ရွှီဟွေ့ ခေါင်းခါလိုက်သည်။
လီချန် တွေးမိတာက ရွှီဟွေ့ အဲဒီအဆင့်အတန်းကို မမှီလို့ မသိတာဖြစ်မယ်။ ဒါမှမဟုတ် အဲဒီလူက ရွှီဟွေ့ ရူလိုင်မသေမျိုးဧကရာဇ်ရဲ့တပည့် မဖြစ်ခင်ကတည်းက သေဆုံးသွားတာမျိုးဖြစ်မယ်။
ဒါပေမဲ့ ပေါင်လင်းမယ်တော်ရဲ့ တုံ့ပြန်ပုံအရ ဒီလောက် ရိုးရှင်းမယ် မထင်ဘူး။
ထားလိုက်ပါတော့၊ သိပ်တွေးမနေတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူနဲ့မှ မဆိုင်တာ။
သူက ကမ္ဘာကူးပြောင်းလာသူ စစ်စစ်၊ ဝိညာဉ်ကူးပြောင်းလာသူ စစ်စစ်လေ။
တကယ်လို့ ဝင်စားထားတဲ့ လူတစ်ယောက်ယောက်ဆိုရင် ဝိညာဉ်အရှိန်အဝါက တူနေမှာပဲ။ ပေါင်လင်းမယ်တော်က ခွဲခြားသိမှာ သေချာတယ်။
.....
ရက်အနည်းငယ် ကြာပြီးနောက်။
ပေါင်လင်းမယ်တော် ရုတ်တရက် လီချန်ဆီ ရောက်လာသည်။
"တာအိုရောင်းရင်းလီ... အပြင်လောက အခြေအနေကို သိလား" ပေါင်လင်းမယ်တော် လိုရင်းကို မေးလိုက်သည်။
"မယ်တော် ပြောတာ အနောက်ဘက်စွန်းဆန်းကြယ်တိုက်ကို ပြောတာလား၊ ဒါမှမဟုတ် တိုက်ကြီးရဲ့ အပြင်ဘက်ကို ပြောတာလား" လီချန် မေးလိုက်သည်။
"တိုက်ကြီးရဲ့အပြင်ဘက်ကို ပြောတာပါ" ပေါင်လင်းမယ်တော် ပြောလိုက်သည်။
လီချန်ရော ရှင်းလင် (ရွှီဟွေ့) ရော ကျန်းရှန်းဖြစ်နေတာကို သူမ အာရုံခံမိတယ်။ ပုံမှန်ဆိုရင် အခု အနောက်ဘက်စွန်းဆန်းကြယ်တိုက်မှာ နတ်ဘုရားဖြစ်ဖို့ မဖြစ်နိုင်တော့ဘူး။
သူမ အင်အား အပြည့်အဝ ပြန်မရသေးပေမဲ့၊ အဆင့် ၁ ကျန်းရှန်း စွမ်းအားတော့ ရှိနေပြီ။ သူမ နတ်ဘုရားကမ္ဘာမူလအနှစ်သာရ (Immortal Realm Origin) ကို အာရုံမခံနိုင်ဘူး။ ဆိုလိုတာက နတ်ဘုရားဖြစ်မယ့် လမ်းကြောင်း ပြတ်တောက်နေပြီ။
ဒါပေမဲ့ လီချန် နဲ့ ရှင်းလင် နှစ်ယောက်စလုံး ကျန်းရှန်း ဖြစ်နေကြတယ်။
ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်။ လီချန်က အနောက်ဘက်စွန်းဆန်းကြယ်တိုက်ရဲ့ အပြင်ဘက်ကို ရောက်ဖူးတာ ဖြစ်မယ်။
"ကျွန်တော် အနောက်ဘက်စွန်းဆန်းကြယ်တိုက် အပြင်ဘက်က တောင်ဘက်ကျွန်းဆွယ်တိုက်ကို ရောက်ဖူးပါတယ်..." လီချန်က ကောင်းကင်နန်းတော်အခြေအနေ၊ နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) သတင်းတွေကို အကျဉ်းချုပ် ပြောပြလိုက်သည်။
ပေါင်လင်းမယ်တော်က ဒါတွေကို ကြားတော့ သိပ်ပြီး အံ့သြပုံမရဘူး။ တည်ငြိမ်နေသည်။ "တာအိုရောင်းရင်းလီ... ဒီနှစ်တွေအတွင်း အားရို့ကို စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"
"အားရို့လေးကို ကျွန်တော်လည်း သဘောကျပါတယ်" လီချန် ပြောလိုက်သည်။
"ရှင်နဲ့ အရမ်းတူတယ်လို့ ကျွန်မ ပြောခဲ့တဲ့ လူတစ်ယောက် ရှိတယ်လေ... အဲဒါ ဘယ်သူလဲ သိလား" ပေါင်လင်းမယ်တော်က ရုတ်တရက် ထိုအကြောင်းအရာကို စကားစလိုက်သည်။
"အာ... မယ်တော် ပြောပြဖို့ အဆင်မပြေရင် မပြောပါနဲ့" လီချန် ယဉ်ကျေးစွာ ပြောလိုက်သည်။
တကယ်တမ်းတော့ သူ့စိတ်ထဲမှာ အဲဒီလူ ဘယ်သူလဲဆိုတာ အရမ်းသိချင်နေမိတယ်။
***