← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

“အာ... ဟုတ်ကဲ့။”

ဂျယ်ဂန်းက ထိုမိန်းကလေးကို အနေရခက်စွာဖြင့် ပြန်ဖြေလိုက်သည်။

သူ ခေါင်းကို အသာအယာမော့လိုက်သောအခါ မိန်းကလေးသည် မျက်လုံးအစုံ ပြူးကျယ်သွား၏။

“ရှင်က တကယ်ပဲ စာရေးဆရာ ဟာဂျယ်ဂန်းလားဟင်။”

“ဟုတ်ကဲ့၊ ဟုတ်ပါတယ်ဗျ။”

“အံ့ဩစရာပဲ...!”

သူ ပြန်ဖြေလိုက်သည်နှင့် တစ်ပြိုင်နက် ထိုမိန်းကလေးသည် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။ သူမသည် အလွန်အမင်း အံ့အားသင့်သွားသော်လည်း ပြုံးရွှင်နေ၏။

“ဘုရားရေ... ကျွန်မ တကယ် အံ့ဩသွားတာပဲ။ အဝေးကကြည့်တုန်းက မသိပေမဲ့ အနီးကပ် မြင်လိုက်ရတော့မှ...! ရှင်နာဗင် မှာ ပါတုန်းကလည်း ကျွန်မ မြင်လိုက်တယ်လေ။”

“ဟားဟား၊ ဟုတ်ကဲ့။”

“အပြင်မှာ တကယ်ကို ချောတာပဲနော်။ ‘တုံးအသောအမျိုးသမီး’ စာအုပ်ကို ကျွန်မ တကယ် စွဲစွဲလန်းလန်း ဖတ်နေတာ။ မနေ့က အလုပ်ဆင်းချိန်မှာ ဖတ်ရင်းနဲ့ အခုဆို အဆုံးနားတောင် ရောက်နေပြီ။ မြေအောက်ရထားပေါ်မှာတောင် ငိုမိတယ် သိလား။”

မိန်းကလေးသည် သူမ အလုပ်လုပ်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောနေတော့သည်။ ဂျယ်ဂန်းမှာ ဘာပြန်ပြောရမှန်း မသိသဖြင့် အနေရခက်စွာ ပြုံးပြနေရုံသာ တတ်နိုင်၏။

“အာ... အားနာလိုက်တာ။ ကျွန်မအတွက် လက်မှတ်လေး ထိုးပေးလို့ ရမလားဟင်။”

“အာ... ရတာပေါ့၊ ထိုးပေးပါ့မယ်။”

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ ခဏလေးနော်၊ ကျွန်မ သွားယူလိုက်ဦးမယ်။”

ဝန်ထမ်းမိန်းကလေးသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝန်ထမ်းနားနေခန်းဆီသို့ အပြေးကလေး သွားလေသည်။ စက္ကန့် ၃၀ ခန့်အကြာမှာပင် သူမသည် ‘တုံးအသောအမျိုးသမီး’ စာအုပ်ကို ကိုင်လျက် ပြန်ရောက်လာခဲ့သည်။

“ပြီးခဲ့တဲ့အပတ်ကမှ ဝယ်ထားတာ။ ဒီမှာ လက်မှတ်ထိုးပေးပါဦးနော်။”

“နာမည်က ဘယ်သူလဲဗျ။”

“ကင်မ်ဟာအွန် ပါ။”

ဂျယ်ဂန်းသည် စာအုပ်ကို နံရံတွင် မှီထားပြီး သေသေချာချာ လက်မှတ်ထိုးပေးလိုက်သည်။ ၎င်းမှာ ဆူဟီးပြီးလျှင် သူ၏ ဒုတိယမြောက် လက်မှတ်ထိုးပေးခြင်း ဖြစ်၏။

‘ကျေးဇူးတင်ပါတယ်။ ကံကောင်းပါစေ။’

ယခင်ကထက် ပို၍ လှပသပ်ရပ်သော လက်မှတ်ကလေးက စာအုပ်ပေါ်တွင် ပေါ်လာသည်။

“ရပါပြီဗျာ။”

“အာ... ကျေးဇူးတင်ပါတယ်ရှင်။ ဒါက တကယ်ကို အံ့ဩစရာပဲ။”

ဝန်ထမ်းမိန်းကလေးက ပျော်ရွှင်စွာ ပြောလိုက်၏။

ဂျယ်ဂန်းနှင့် ဆုံတွေ့ရခြင်းမှာ သူမအတွက်တော့ ကြီးမားသောကိစ္စတစ်ခုပင်။ ပုံသေကားကျ အလုပ်ချိန်တွေနှင့် ပျင်းရိစရာကောင်းသော ဤအလုပ်ခွင်ထဲသို့ သူမ အနှစ်သက်ဆုံး စာရေးဆရာ ရောက်လာသည် မဟုတ်ပါလား။

“ဒီကို ခဏခဏ လာတတ်လားဟင်။”

“ဟုတ်ကဲ့၊ ဒီဆိုင်က အနီးဆုံးမို့ပါ။”

“အာ... ဒါဆို ကျွန်မ ဘာလို့ မတွေ့မိတာပါလိမ့်...။ ဒါနဲ့ ရှင်က စာဖတ်တာ တကယ်မြန်တာပဲနော်။ အာ... ကျွန်မ ချောင်းကြည့်တာတော့ မဟုတ်ပါဘူး။ သန့်ရှင်းရေးလုပ်ရင်း ကြည့်မိတာ ရှင်က တကယ့်ကို အမြန်ကြီး ဖတ်နေတာပဲ။ စာရေးဆရာဆိုတော့လည်း တခြားလူတွေနဲ့ မတူဘူးပေါ့နော်။”

သူမသည် အသက် ၂၀ ခန့်သာ ရှိဦးမည်။ ဆိုမီနှင့် အသက်ချင်း မတိမ်းမယိမ်း ဖြစ်ပုံရပြီး တက်ကြွဖျတ်လတ်ကာ ပျော်ရွှင်နေပုံရ၏။

“ကျွန်မ ရှင့်စာအုပ်ကို တကယ်ကြိုက်တာပါ။ စာရေးတာနဲ့ စာဖတ်တာတွေအကြောင်း ရှင့်ကို မေးချင်တာတွေ အများကြီးပဲ။ ရှင် အားတဲ့အချိန်ကျရင် ကျွန်မ ကော်ဖီတိုက်ပါရစေလားဟင်။ ကျွန်မ ညနေ ၆ နာရီဆို အလုပ်ဆင်းပါတယ်။”

“အာ...”

သူမ၏ တက်ကြွပြီး ပွင့်လင်းလှသော ကမ်းလှမ်းမှုကြောင့် ဂျယ်ဂန်း အနည်းငယ် တုန်လှုပ်သွားရသည်။

သူ မနှစ်သက်သည်တော့ မဟုတ်ပေ။ ထိုမိန်းကလေးမှာ ကိုယ်လုံးသေးသေးလေးနှင့် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိ၏။ ရည်စားအဖြစ် ထားရှိရန်အတွက်လည်း ကောင်းမွန်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။

ဂျယ်ဂန်း ချက်ချင်းတော့ ဆုံးဖြတ်ချက် မချလိုက်ချေ။ သူမနှင့် တစ်ခါလောက် တွေ့ဆုံကြည့်ရန် စိတ်ထဲတွင် အနည်းငယ် ပေါ်လာသော်လည်း ထိုစိတ်ကို ထိန်းချုပ်လိုက်သည်။

“ကျွန်တော် အားတဲ့အချိန်ကျရင် တွေ့ကြတာပေါ့ဗျာ။”

“ကျေးဇူးတင်ပါတယ်ရှင်။ ဒါဆိုရင်... ဆက်သွယ်ရမယ့်အချက်အလက်လေး...”

မိန်းကလေးက သူမ၏အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ရင်း မေးလိုက်သည်။ ဂျယ်ဂန်းက သူမကို ဘောပင် ကမ်းပေးလိုက်၏။ ထိုအခါ သူမက သူမ၏နာမည်နှင့် ဖုန်းနံပါတ်ကို ရေးကာ ပြန်ပေးလေသည်။

“ကျွန်မ စတိုခန်း သွားရှင်းရဦးမယ်။ ရှင့်ဆီက အကြောင်းပြန်လာမှာကို မျှော်နေပါ့မယ်နော်။ တကယ်ပါ။ ကျေးဇူးတင်ပါတယ်ရှင်။”

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ဗျာ။”

မိန်းကလေးသည် ပျော်ရွှင်စွာဖြင့် စတိုခန်းဘက်သို့ ထွက်သွားသည်။ သူမ မဝင်သွားခင် သူ့ကို လှမ်းကြည့်လိုက်သည်ကို ဂျယ်ဂန်း ခံစားမိသော်လည်း လျစ်လျူရှုထားလိုက်၏။

‘ဓာတ်ပုံ ရိုက်ခွင့် မပေးခဲ့သင့်ဘူး ထင်တယ်’ ဟု သူ တွေးလိုက်မိပါတော့သည်။

ကော်ဖီဆိုင်မှာ တစ်ခါ၊ အခု စာအုပ်ဆိုင်မှာ တစ်ခါ။

နောက်ဆိုလျှင် သူ သွားနေကျ စာအုပ်ဆိုင်ကို ပြောင်းမှရတော့မည်ဟု ဂျယ်ဂန်း တွေးလိုက်မိသည်။

‘အခုတော့ ပြန်မှဖြစ်မယ်။’

ဂျယ်ဂန်းသည် သူ ဆွဲဖြဲမိသည့် စာအုပ်အပါအဝင် စာအုပ်အချို့ကို ယူပြီး ငွေရှင်းကောင်တာသို့ သွားလိုက်၏။ မိန်းကလေးတစ်ယောက်က သူ့ကို မှတ်မိနေသည့်ဆိုင် ဖြစ်သောကြောင့် ဆက်နေလျှင် ရှုပ်ထွေးမှု ဖြစ်လာနိုင်သည်။

‘ဒီနေ့အတွက် အကောင်းဆုံးကတော့ ဒါပဲ။’

စက်လှေကားပေါ် တက်နေစဉ် သူ စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ ၎င်းမှာ သူ ဆွဲဖြဲမိခဲ့သော စာအုပ် ဖြစ်၏။ အလယ်ခေတ် ဥရောပနောက်ခံဖြင့် နဂါးတစ်ကောင်ကို တိုက်ခိုက်သည့် သူရဲကောင်းတစ်ယောက်အကြောင်း ရေးထားသော စိတ်ကူးယဉ်ဝတ္ထုစာအုပ်တစ်အုပ် ဖြစ်သည်။

‘နဂါးဆိုတာမျိုးက တကယ့်ကို မိုက်တာပဲ။ အတောင်ပံနှစ်ဖက်နဲ့ မြေပြင်ပေါ် ပျံသန်းပြီး မြို့တစ်မြို့ကို အေးဆေးဖျက်ဆီးနိုင်တာမျိုး။’

ဂျယ်ဂန်းသည် ယခုအခါ ဘောပင်ကို တင်းတင်းဆုပ်ကိုင်ထားမိနေသည်။

‘ဒါမျိုး ရေးရင်ကော ကောင်းမလား။’

သူ ‘နဂါး’ ဆိုသည့် စကားလုံးကို ရေးချလိုက်၏။ ထို့နောက် သူ့ခေါင်းထဲတွင် ဇာတ်ကောင်အသစ်များအကြောင်း စတင်စဉ်းစားနေမိသည်။

‘မနာလိုဖြစ်နေတဲ့ အပေါင်းအသင်းတွေရဲ့ လှည့်စားစွန့်ပစ်ခြင်းခံရတဲ့ သူရဲကောင်းတစ်ယောက်! သူ အသတ်ခံရတော့မယ့်အချိန်မှာ တိုက်ပွဲကွင်းပြင်ထဲကို ကောင်းကင်ပေါ်ကနေ နဂါးတစ်ကောင် ပြုတ်ကျလာတာမျိုးပေါ့။’

ဂျယ်ဂန်း၏ မျက်ဝန်းများ တောက်ပလာပြီး စဉ်းစားမိသည့် ဇာတ်လမ်းကို အရှိန်အဟုန်ဖြင့် ချရေးတော့သည်။ သူ့နောက်မှ လူတစ်ယောက်က သူ့ပုခုံးကို ပုတ်ပြီး စိတ်မရှည်သောလေသံဖြင့် ပြောလိုက်၏။

“ဟယ်လို၊ နည်းနည်းလောက် ဖယ်ပေးလို့ ရမလား။”

“အာ... တောင်းပန်ပါတယ်ဗျာ။”

ဂျယ်ဂန်းက တောင်းပန်စကားဆိုရင်း ဘေးသို့ ဖယ်ပေးလိုက်သည်။ သူ တခြားလူတွေကို ပိတ်နေမိမှန်း သူ မသိခဲ့ချေ။

‘အားနာလိုက်တာ၊ တစ်နေရာရာမှာ ထိုင်ပြီးမှ ဒီဇာတ်လမ်းကို ချရေးရမယ်။’

သူ့အတွေးများ မမေ့လျော့သွားခင်မှာပဲ ဇာတ်လမ်းကို အမြန်ချရေးရန် လိုအပ်သည်။ အနီးအနားတွင် ကော်ဖီဆိုင်တစ်ဆိုင် ရှိသော်လည်း လူအလွန်များပြီး မီးရောင်ကလည်း လင်းလွန်းနေ၏။ ဂျယ်ဂန်း တခြားကော်ဖီဆိုင်တစ်ဆိုင်ကို လိုက်ရှာလိုက်ပြီး နောက်ဆုံးတွင် တစ်ဆိုင်တွေ့သဖြင့် အထဲသို့ ဝင်လိုက်သည်။

“ကြိုဆိုပါတယ်ရှင်။”

“အိုက်စ် အမေရိကာနို တစ်ခွက် ပေးပါ။”

ဂျယ်ဂန်း ကော်ဖီကို ယူပြီး ထောင့်ရှိစားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ကော်ဖီကို အနည်းငယ် သောက်လိုက်ပြီး ခေါင်းထဲရှိ ဇာတ်လမ်းကို ဆက်လက်ရေးသားလိုက်သည်။

‘အတောင်ပံ ဒဏ်ရာရထားတဲ့ နဂါးကြီး ပြုတ်ကျလာပြီးတဲ့နောက် တစ်နေရာလုံး ပရမ်းပတာ ဖြစ်သွားမယ်...။ သူရဲကောင်းက နဂါးကြောင့် အရပ်သားတွေ ထိခိုက်မှာကို စိုးရိမ်နေတာ။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ မြင်လိုက်ရတာက... သေအံ့ဆဲဆဲ ဖြစ်နေတဲ့ နဂါးကြီးက မိန်းကလေးငယ်လေးတစ်ယောက်ကို ကယ်တင်ပေးနေတာပဲ။’

ဘောပင်က မရပ်နားဘဲ စာရွက်ပေါ်တွင် လျှင်မြန်စွာ လှုပ်ရှားနေသည်။ ဂျယ်ဂန်း သူ၏ မှတ်စုစာအုပ်လေးပေါ်တွင် ဇာတ်လမ်းကို အဆက်မပြတ် ချရေးနေ၏။

‘ဇာတ်လိုက်က နားလည်သွားမယ်၊ သူ့အပေါင်းအသင်းတွေနဲ့ တခြားလူတွေက နဂါးကို အန္တရာယ်ကောင်လို့ အထင်မှားနေကြတာပဲ။ အဲဒီနောက် သူ အတောင်ပံပေါ်က ကျိန်စာကို ဖြေဖျက်ပေးပြီး အတူတူ ထွက်ပြေးကြမယ်... ဒါက အစပိုင်းပေါ့...!’

ဂျယ်ဂန်း၏ အသက်ရှူသံများ မြန်လာပြီး နှလုံးခုန်သံများလည်း မြန်ဆန်လာသည်။ ၎င်းမှာ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှ၏။ မိမိရေးချင်သည့် ဇာတ်လမ်းမျိုးကို စဉ်းစားရေးမိသည့်အခါ ခံစားရသည့် ယခုခံစားချက်ကြောင့်ပင် သူသည် စာရေးဆရာတစ်ယောက်၏ လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

‘ဇာတ်လိုက်နဲ့ နဂါးတို့ ကတိစာချုပ်ချုပ်ကြတယ်...။ ဇာတ်လိုက်က မင်းသမီးနဲ့ အရပ်သားတွေကို ကယ်တင်ချင်တာ၊ နဂါးကတော့ သူ့ရဲ့ အသိုက်အမြုံကို ကာကွယ်ချင်တာ။ အင်း... ကတိစာချုပ်ချုပ်လိုက်ပြီ!’

ဂျယ်ဂန်းသည် သူ့ခေါင်းပေါ်တွင် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ အောင်ပွဲခံသည့်ဟန်ဖြင့် ပြုံးလိုက်မိ၏။ သူ့ဘေးတွင် ထိုင်နေသော မိန်းကလေးနှစ်ယောက်မှာ မျက်နှာပျက်သွားကြပြီး နေရာပြောင်းသွားကြလေသည်။

‘အခုတော့ ဇာတ်လိုက်ကပဲ အဲဒီနဂါးကို စီးနင်းနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်လာပြီ။ နဂါးက အရမ်းအစွမ်းထက်လွန်းနေတော့ သူ့မှာ အားနည်းချက်တစ်ခုတော့ ရှိရမယ်။ ကျိန်စာကြောင့် သူ အားနည်းနေတာမျိုး ဒါမှမဟုတ် တစ်နေ့ကို တစ်နာရီပဲ အစွမ်းသုံးနိုင်တာမျိုးပေါ့...’

ဇာတ်လမ်းက အရှိန်အဟုန်ဖြင့် ဆက်လက်စီးဆင်းနေသည်။ ပထမစာအုပ်၊ ဒုတိယစာအုပ်၊ တတိယစာအုပ်...

ဇာတ်လမ်းက ပို၍ ပို၍ အားကောင်းလာ၏။

ဂျယ်ဂန်းသည် အချိန်ကုန်သွားသည်ကိုပင် သတိမပြုမိတော့ချေ။ သူသည် ယခုအခါ ဆုဂန်းဝို၏ ဘောပင်ဖြင့် ရေးသားနေခြင်း ဖြစ်သည်ကိုလည်း သတိမထားမိတော့ပေ။

‘ဟင်... ဘယ်နှစ်နာရီ ရှိပြီလဲ။’

သူ ခေါင်းမော့ကြည့်လိုက်သောအခါ အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်သည်။ ဂျယ်ဂန်းသည် ရေခဲများ အရည်ပျော်နေသည်မှာ ကြာလှပြီဖြစ်သော ကော်ဖီခွက်ကို ကုန်အောင်သောက်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့၏။

‘အိမ်ရောက်တာနဲ့ ချက်ချင်း ရေးရမယ်။’

သူ့ခြေလှမ်းများ စိတ်စောနေသည်။ စာရေးဖို့ကလွဲပြီး တခြားဘာမှ ခေါင်းထဲမှာ မရှိတော့ချေ။ ဇာတ်လမ်းထဲတွင် အာရုံရောက်နေသဖြင့် ဘူတာကိုပင် ကျော်သွားတော့မလို ဖြစ်ခဲ့သေးသည်။

တီ တီ!

ဆုဂန်းဝို၏ ဂူဗိမာန်ကို မြင်ရလုနီးပါး အချိန်တွင် ဒါဆူလ်ထံမှ ဖုန်းလာသည်။ အရင်ကဲ့သို့ စာတိုပို့နေကျမဟုတ်ဘဲ ဖုန်းခေါ်လာခြင်းဖြစ်သဖြင့် ဂျယ်ဂန်း ထူးဆန်းသွားပြီး ဖုန်းကို ဖြေလိုက်၏။

“ဟယ်လို?”

“ဟေး၊ ဘာလုပ်နေတာလဲ။”

“စာအုပ်ဆိုင်သွားပြီး အခု အိမ်ပြန်နေတာ။”

“ဪ... ထမင်းစားပြီးပြီလား။ ကျွန်မ ဒီနေ့ အလုပ်မသွားဘူးလေ။”

“အာ... ဒီနေ့ ကျွန်တော် လုပ်စရာလေးရှိလို့။”

ဂျယ်ဂန်းက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

ဒါဆူလ်၏ ကမ်းလှမ်းမှုကို အချိန်ပေးနေရန် သူ့မှာ အချိန်မရှိချေ။ ဒီနေ့ သူ စာရေးရမည်။ ညစာကိုလည်း တစ်ယောက်တည်း ရိုးရိုးရှင်းရှင်းပင် စားရန် စဉ်းစားထားသည်။

“အရက်သောက်ဖို့ မခေါ်ပါဘူး။ ထမင်းတစ်နပ်လောက်တောင် အတူတူမစားနိုင်ဘူးလား။”

“ဒီနေ့တော့ တကယ် အလုပ်ရှုပ်နေလို့ပါ။ ရှေ့အပတ်ကျမှ တွေ့ကြတာပေါ့၊ ကျွန်တော် ဝယ်ကျွေးပါ့မယ်။”

“ဟွန့်... ကောင်းပါပြီ။ ဒါဆိုလည်း အဆက်အသွယ် လုံးဝဖြတ်လိုက်ကြတာပေါ့။ ဟွန့်။”

“အားနာပါတယ်ဗျာ။ တကယ်ကို ကောင်းတာတစ်ခုခု ဝယ်ကျွေးပါ့မယ်။ ကောင်းကောင်းအနားယူပါ”

“ဟုတ်ပါပြီ ရှင်လည်းတူတူပါပဲ စာကောင်းကောင်းရေးနိုင်ပါစေ စာရေးဆရာကြီးရှင့်”

ဂျယ်ဂန်းသည် ဆုဂန်းဝို၏ ဂူဗိမာန်ကို ဒီအတိုင်း ဖြတ်ကျော်မသွားဘဲ အနားသို့ တိုးကပ်သွားလိုက်သည်။ ထို့နောက် ဂူကို ကြည့်ရင်း စကားစလိုက်သည်။

“ဆရာ... ဒီနေ့ ကျွန်တော် စာအုပ်ဆိုင် သွားခဲ့တယ်။ ဆရာ့မျက်မှန်နဲ့ ကျွန်တော် စာအုပ် ဘယ်နှစ်အုပ်တောင် ဖတ်ခဲ့လဲ သိလား။ အုပ်ရေ ၅၀ ကျော်ဗျ။ ၂ နာရီလောက်ပဲ ဖတ်ရသေးတာ၊ အုပ်ရေ ၅၀ ကျော်သွားတော့ နောက်ပိုင်း ဘယ်နှစ်အုပ်လဲတောင် မမှတ်မိတော့ဘူး။ ကျွန်တော့်ရဲ့ တစ်နှစ်စာ ဖတ်နှုန်းရဲ့ သုံးပုံတစ်ပုံကို ဒီနေ့တစ်ရက်တည်းနဲ့ တင် ဖတ်လိုက်တာဗျာ။ ဒါ တကယ်ကိုမယုံနိုင်စရာပဲ။”

ဂျယ်ဂန်းသည် ဂူဘေးမှ ပေါင်းပင်အချို့ကို ရှင်းလင်းရင်း ဆက်ပြောသည်။

“စာအုပ်ဖတ်ပြီး နောက်ဆုံးတော့ ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ် ရှာတွေ့သွားပြီ။ အခု သွားပြီး ရေးတော့မလို့။ ဖန်တစီအမျိုးအစားပါပဲ ။ ဖန်တစီအမျိုးအစားကိုရေးရတာ တကယ် ပျော်စရာကောင်းတယ်။ ကောလိပ်တုန်းက ကျွန်တော်ကလွဲရင် ဘယ်သူမှ ဖန်တစီ မရေးကြဘူး။ ဒီကမ္ဘာထဲမှာပဲ ကိုယ်စိတ်ရှိသလို စိတ်ကူးယဉ်လို့ ရတာပေါ့။ စိတ်ကူးယဉ်ရတာ ကောင်းပါတယ်။” (T/N: စိတ်ကူးယဉ်ထက် ဖန်တစီဆိုပိုပြီးမြင်လွယ်မလားလို့ ပြောင်းထားပါတယ်နော်)

၎င်းမှာ သူ အသက်ရှင်နေသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောပြဖူးသည့် စကားများဖြစ်သည်။ ဂျယ်ဂန်း ဆုဂန်းဝို၏ ဂူဗိမာန်ဘေးတွင် သူ၏ လျှို့ဝှက်ချက်များကို ရင်ဖွင့်နေမိ၏။

“ကျွန်တော် သွားတော့မယ်နော်။ ရေးပြီးရင် ထပ်လာခဲ့ပါ့မယ်။ ကောင်းသောညချမ်း ဖြစ်ပါစေ ဆရာ။”

ဂျယ်ဂန်း ခါးကို ကိုင်းကာ နှုတ်ဆက်ပြီးနောက် တောင်ကုန်းပေါ်မှ ဆင်းလာခဲ့သည်။ ဆုဂန်းဝို၏ ဂူဗိမာန်သည် အိမ်သို့ ပြန်သွားသော ဂျယ်ဂန်း၏ ကျောပြင်ကို ကြည့်၍ ကျန်ရစ်ခဲ့လေသည်။

နံနက် ၇ နာရီခွဲခန့်တွင်

မြေအောက်ရထား အမှတ် ၁ မှာ အမြဲတမ်း လူပြည့်နေတတ်သည်။

‘မိနစ် ၃၀ လောက် စောပြီးထွက်လာခဲရမှာ။’

ဆိုမီတွင် ကားမောင်းလိုင်စင် ရှိသော်လည်း ကားမရှိပေ။ ထို့ပြင် ကားဝယ်နိုင်လျှင်ပင် ထိန်းသိမ်းစရိတ်အတွက် သူမတွင် မတတ်နိုင်သေးပါ။ မိဘများ၏ အကူအညီ လုံးဝမယူပဲ သူမ စတင်ခဲ့ရသော ဘဝပင် ဖြစ်သည်။

သူမ၏ မိဘများပိုင်သော မိုတယ်မှာလည်း အခြားသော ခေတ်မှီဟိုတယ်အသစ်များကို မယှဉ်နိုင်ဘဲ အခြေအနေမှာတစ်နေ့ထက်တစ်နေ့ ပိုပို၍ ဆိုးရွားလာနေသည်။

တီ တီ!

‘အာ... ဘယ်သူပါလိမ့်။’

လူများကြားတွင် ညှပ်နေသဖြင့် ဆိုမီ မလှုပ်ရှားနိုင်ပါ။ ကံကောင်းထောက်မစွာဖြင့် ဘူတာတွင်ရထားတံခါးပွင့်သွားပြီး လူအချို့ ဆင်းသွားကြသည်။

တခြားသူများ၏ တွန်းထုတ်မှုကြောင့် ဆိုမီမှာ ရထားပေါ်မှ ခေတ္တ ဆင်းလိုက်ရပြီး ဖုန်းကို ကြည့်လိုက်၏။ စာရေးဆရာ ဟာဂျယ်ဂန်းထံမှ ဖြစ်သည်။

“ဟယ်လို၊ စာရေးဆရာဟာ။ မနက်စောစော ဘာကိစ္စရှိလို့များလဲ။”

“အလုပ်သွားနေတာလား။”

“ဟုတ်ကဲ့၊ မြေအောက်ရထားပေါ်မှာပါ။”

လူများ ပြန်ဆင်းသွားသဖြင့် ဆိုမီသည် ရထားပေါ်သို့ ပြန်တက်ရင်း ဖြေလိုက်သည်။ ယခုတွင် လူအနည်းငယ် ရှင်းသွားပြီဖြစ်သည်။

“ဟိုလေ... ကျွန်တော် ဝတ္ထုအသစ်တစ်ပုဒ် ရေးပြီးသွားပြီ။”

“ရှင်? ဝတ္ထုအသစ်လား။ စီးရီးအသစ် ထပ်ထုတ်တော့မလို့လား။”

“ဟုတ်တယ်၊ ဖန်တစီအမျိုးအစားပဲ။ ဟိုတစ်ခေါက် တွေ့ပြီးကတည်းက စိတ်ကူးရတာနဲ့ စရေးလိုက်တာ။ အခု အီးမေးလ်ထဲကို ၃ အုပ်စာ ပို့ပေးထားပါတယ်။”

“... . !”

ဆိုမီ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။

လွန်ခဲ့သော ၂ ပတ်ခန့်ကမှ ဝတ္ထုအသစ်ရေးရန် ခက်ခဲလိမ့်မည်ဟု သူမ ကြားခဲ့ရခြင်း ဖြစ်သည်။ ၂ ပတ်အတွင်းမှာပင် စာအုပ် ၃ အုပ်စာကို သူ မည်သို့ ရေးလိုက်သနည်း။ ဂျယ်ဂန်း၏ ရေးနှုန်း မည်မျှ မြန်ဆန်နေသနည်းဆိုသည်မှာ ဆိုမီအတွက် တကယ့်ကို အံ့ဩစရာပင်။

“ဖတ်ကြည့်ပြီးရင် ဆက်သွယ်ပေးပါ။ ကောင်းတယ်ဆိုရင် ဒီနေ့ပဲ တွေ့ကြတာပေါ့။”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ စာရေးဆရာ။ ကျေးဇူးတင်ပါတယ်ရှင်။ ဖတ်ပြီးတာနဲ့ ကျွန်မ ချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်။”

“ကျေးဇူးပါ။”

ဆိုမီသည် ချက်ချင်းပင် အီးမေးလ်ထဲသို့ ဝင်ကြည့်လိုက်၏။ ဂျယ်ဂန်း ပို့ထားသော စာအုပ် ၃ အုပ်မှာ ထိုနေရာတွင် ရှိနေသည်။

‘ခေါင်းစဉ်ကနဂါးစီးသူရဲကောင်းလား။ ဇာတ်လိုက်က နဂါးစီးတာလားမသိဘူး။’

ဆိုမီ စိတ်ဝင်တစားဖြင့် ဝတ္ထုကို ဖွင့်ဖတ်လိုက်သည်။ သူမ ရထားပေါ်မှ ဆင်း၍ လမ်းလျှောက်နေချိန်မှ အလုပ်သို့ ရောက်သည်အထိ သူမ၏ အာရုံအားလုံးမှာ ထိုဝတ္ထုပေါ်၌သာ ရှိနေတော့သည်။

All Chapters