အခန်း (၄၈)
Vol. 5 Ch. 48
‘တကယ် ကောင်းတာပဲ...!’
စာမျက်နှာ ၃၀ မြောက်ကို လှန်လိုက်ရင်း ဆိုမီ ပြုံးလိုက်မိသည်။
ဤဝတ္ထုသည် ဂျယ်ဂန်း၏ ယခင်ဝတ္ထုများနှင့် လုံးဝမတူပဲ ဟန်တစ်မျိုးကွဲထွက်နေသည်။ ဇာတ်လမ်းအသွားအလာမှာ မြန်ဆန်လှပြီး အကြောင်းအရာများမှာလည်း ခိုင်မာသဖြင့် ဖတ်ရသည်မှာ အလေးအနက်ရှိပြီး အတော်လေး ကောင်းမွန်လှ၏။
‘ဒါကြောင့် နဂါးစီးသူရဲကောင်း လို့ အမည်ပေးထားတာပဲ။ ဇာတ်လိုက်က တကယ်ပဲနဂါးကို စီးတာ။ ဒါပေမဲ့ တကယ်ပါပဲ... စာရေးဆရာဟာက ခေါင်းစဉ်ပေးတဲ့နေရာတော့ သိပ်မတော်ဘူးထင်တယ်... ငါတစ်ယောက်တည်းပဲ အဲလိုထင်တာလားမသိဘူး။’
ရုံးတံခါးကို လက်ဗွေနှိပ်၍ ဖွင့်ရမည့်အချိန်မှသာ သူမ စာအုပ်ဖတ်ခြင်းကို ခေတ္တရပ်လိုက်သည်။ ထို့နောက် သူမ၏အလုပ်နေရာတွင် ထိုင်ကာ ကွန်ပျူတာဖြင့် ဆက်လက်ဖတ်ရှုလေသည်။ စခရင်အကြီးဖြင့် ဖတ်ရသည်မှာ ပို၍ အဆင်ပြေသည် မဟုတ်ပါလား။
“ဆိုမီ၊ စောလှချေလား။”
လက်ထောက်မန်နေဂျာ လီက သူမကို လှမ်းနှုတ်ဆက်လိုက်သည်။ ဆိုမီက မော်နီတာမှ မျက်တောင်မခတ်ဘဲ ပြန်ဖြေ၏။
“ဪ... မင်္ဂလာပါအမ။”
အမလီသည် ဤကုမ္ပဏီတွင် သူမနှင့် အရင်းနှီးဆုံးလူ ဖြစ်သည်။ သူမသည် ဖော်ရွေသော စရိုက်ရှိပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတတ်သူ မဟုတ်ချေ။ ထို့ကြောင့် သူတို့နှစ်ဦးမှာ အသက် ၁၀ နှစ်ခန့် ကွာခြားသော်လည်း ခင်မင်သော သူငယ်ချင်းများ ဖြစ်နေကြသည်။
“ဒါနဲ့ အမလီလည်း စောစောရောက်နေတာပဲလား။”
“အလုပ်ခွင်အသစ်နဲ့ အသားကျအောင် စောစောလာနေရတာပါ။”
အမလီက သမ်းဝေရင်း သူမ၏နေရာသို့ သွားလိုက်သည်။ သူမသည် တဲဝမ်၏ နေရာတွင် အစားထိုးဝင်ရောက်လာမည့် အယ်ဒီတာအသစ်၏ ပုံစံကို လေ့လာလိုနေခြင်း ဖြစ်သည်။
“ဒါနဲ့ လက်ထောက်မန်နေဂျာ ဂိုက တကယ့်ကို ရယ်ရတယ်နော်၊ မဟုတ်ဘူးလား။”
အမလီက ဆိုမီဘက်သို့ လှည့်ကာ မေးလိုက်သည်။
“သူက တကယ့်ကို အဆီပြန်တဲ့လူပဲ (ဖော်လံဖားတတ်တဲ့သူ)။ ဒီအတိုင်းဆို သူက ဥက္ကဌရဲ့ ကိုယ်ရေးအရာရှိတောင် ဖြစ်တော့မယ့်ပုံပဲ။ သူ ဖော်လံဖားတတ်သလောက် အလုပ်ကို တစ်ဝက်လောက်ပဲ ကြိုးစားလုပ်ရင် ကောင်းမှာ။ ဘာလို့ အဲလိုဖြစ်နေတာလဲ မသိဘူး။”
“ဟားဟား။”
“ကြယ်ပွင့်စာပေ ကတော့ တကယ်ကိုကျဆင်းနေပြီ။ ဥက္ကဌက ဘာလို့ ဒီလိုဖြစ်နေတာလဲ မသိဘူး။ သူ့သား၊ သမီး၊ သားမက်... အခုဆိုရင် မြေးတွေပါ ပါလာတော့မယ်။”
“အမ... အသံနည်းနည်း ကျယ်နေပြီနော်။”
“ဘာဖြစ်လဲ၊ ငါတို့နှစ်ယောက်တည်း ရှိတာကို။ အာ... ငါလည်း မသိတော့ပါဘူး။”
အမလီ ကော်ဖီတစ်ခွက်သွားဖျော်လိုက်သည်။ ဆိုမီကတော့ ဝတ္ထုကို ဆက်လက်ဖတ်ရှုနေ၏။ အမလီက ကော်ဖီခွက်ကို ဆိုမီဘေးတွင် ချပေးရင်း မေးလိုက်သည်။
“ဘာတွေ ဖတ်နေတာလဲ။”
“ဪ... ကျေးဇူးပါအမ။ ဒါက စာရေးဆရာ ဟာဂျယ်ဂန်းရဲ့ ဝတ္ထုအသစ်လေ။”
“စာရေးဆရာဟာ? ဝတ္ထုအသစ်လား။”
အမလီသည် အံ့ဩသွားကာ ပါးလေးများ ဖောင်းသွား၏။
“တတိယစာအကြိမ်တောင် ပုံမနှိပ်ရသေးဘူးလေ။ အခုမှ စာအုပ်အသစ်ထွက်တာ ဘယ်လောက်မှ မကြာသေးဘဲနဲ့ ဒါကို ဘယ်အချိန် ရေးလိုက်တာလဲ။”
“ဟုတ်ပအမ၊ တကယ့်ကို အံ့ဩစရာပဲ။ ၃ အုပ်စာတောင် ရေးထားတာ။”
“တကယ့်ကို မယုံနိုင်စရာပဲ။ ငါ လုပ်ငန်းခွင်အမျိုးမျိုးမှာ ၇ နှစ်လောက် လုပ်ခဲ့ဖူးပေမဲ့ ဒီလောက်အမြန်ရေးနိုင်တဲ့ စာရေးဆရာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။”
“ဟုတ်လား။”
“ဒါက ကိုယ်ရေးကိုယ်တာအရ ပြောတာတော့ မဟုတ်ဘူးနော်၊ ဒါပေမဲ့ သူက အဖွဲ့လိုက် ရေးနေတာလား။ လူ ၁၀ ယောက်လောက်နဲ့ စာစီစာရိုက်ရုံးခန်း ထောင်ထားတာမျိုးလား။”
“ကျွန်မ သူ့ရုံးခန်းကို သွားဖူးတယ်အမ၊ အဲလိုမဟုတ်ပါဘူး။ သူတစ်ယောက်တည်း ကိုယ်တိုင်ကီးဘုတ်ရိုက်ပြီး ရေးတာပါ။”
ဆိုမီက ပြုံးရင်း ကော်ဖီကို တစ်ငုံသောက်လိုက်သည်။ ပူနွေးသော ကော်ဖီနံ့သင်းသင်းလေးက တကယ်ကို လန်းဆန်းစေ၏။
“ဒါနဲ့ ဘယ်လိုနေလဲ။”
“ဒါတစ်ခုလည်း အတော်လေးကောင်းတယ်အမ။ ကျွန်မရဲ့ အကြိုက်အရဆိုရင်တော့ ဒါက သူ့ရဲ့ အကောင်းဆုံးလက်ရာပဲ။”
“အဲလောက်တောင်လား။ ဒါဆို တို့ကိုလည်း ပြဦးလေ။”
“သူက အဖွဲ့လိုက် အီးမေးလ်ထဲကို ပို့ထားတာပါအမ၊ အဲဒီမှာ ကြည့်လို့ရပါတယ်။”
“အိုကေ။”
အမလီသည်လည်း ဆိုမီနှင့်အတူ ဂျယ်ဂန်း၏ ဝတ္ထုကို စတင်ဖတ်ရှုတော့သည်။
“အာ...!”
မိနစ် ၂၀ ခန့်အကြာတွင် သူမ ရေရွတ်လိုက်၏။
“ဒါတစ်ခုက အောင်မြင်မှာ သေချာပြီ။”
“ဟုတ်လားအမ၊ တကယ် ကောင်းတယ်မလား။”
“ဥက္ကဌတော့ တကယ် ပျော်တော့မှာပဲ။ အယ်ဒီတာ တဲဝမ်ကို စာရေးဆရာဟာရဲ့ လက်ရာ ၁-၂ ခုလောက် လွတ်သွားလို့ဆိုပြီး တောက်လျှောက် ဝေဖန်နေခဲ့တာလေ။ အခုတော့ သူ ဖြစ်ချင်တာတွေ ဖြစ်လာတော့မှာပေါ့။”
အမလီက ခနဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်သည်။
ဆိုမီ ခါးသီးစွာ ပြုံးလိုက်မိပြီး တဲဝမ်အကြောင်းကို တွေးတောနေမိသည်။ သူ တစ်နေရာရာတွင် ရုန်းကန်နေရလောက်သည်။
“ဟင်း... ဟင်း...”
နံနက် ၈ နာရီခွဲခန့်တွင် လက်ထောက်မန်နေဂျာ ဂို ရုံးသို့ ရောက်ရှိလာသည်။ သူသည် အလွန်တက်ကြွနေပြီး အလျင်အမြန်ပင် ရောက်လာခြင်းဖြစ်သည်။ သူသည် ဆိုမီအနားသို့ လာကာ ရုတ်တရက် မေးလိုက်၏။
“ဆိုမီ၊ ဘာလုပ်နေတာလဲ။”
“စာရေးဆရာ ဟာဂျယ်ဂန်းရဲ့ ဝတ္ထုသစ်ကို ဖတ်နေတာပါ။ မန်နေဂျာလည်း ဖတ်ကြည့်ချင်လား။”
“စာရေးဆရာ ဟာဂျယ်ဂန်း ဟုတ်လား။ မဟုတ်ဘူး၊ အဲဒါက ပြဿနာမဟုတ်ဘူး...! ဆိုမီ၊ နင် အပင်ကောင်းကောင်းလေးတွေ သိလား။”
“အပင်တွေ? ဘာလို့လဲဟင်။”
ဆိုမီက ပြန်မေးလိုက်သည်။ ဂိုက သူ၏အိတ်ကို ချရင်း ပြန်ဖြေ၏။
“အယ်ဒီတာအသစ်က ငါ့ကို မက်ဆေ့ချ်ပို့ထားတယ်။ ‘ရုံးခန်းထဲမှာ နည်းနည်း ခြောက်သွေ့နေသလိုပဲ၊ ပန်းလေးတွေ ထားရင် ကောင်းမယ်’ တဲ့။ ဆိုမီ၊ အနီးဆုံး ပန်းဆိုင်က ဘယ်မှာလဲ။”
ဆိုမီ ဘာဖြစ်နေသည်ကို နားလည်သွားသဖြင့် နှုတ်ဆိတ်သွားတော့သည်။ အမလီကတော့ သူမ၏နေရာတွင် တိတ်တဆိတ် ရယ်နေ၏။
“နင် ငါနဲ့ လိုက်ခဲ့ပေးလို့ ရမလား။ ငါက ပန်းတွေအကြောင်း မသိလို့၊ နင် ကူညီပေးပါဦး။”
“ဒါပေမဲ့ အလုပ်ချိန် ရောက်တော့မယ်လေ။”
ဆိုမီက ငြင်းဆန်သည့်ပုံစံဖြင့် ပြန်ဖြေသောအခါ ဂိုက ကိုယ်ကို မတ်လိုက်ပြီး သူမကို အလေးအနက် ကြည့်ကာ ပြောသည်။
“ဆိုမီ၊ ဒါက အယ်ဒီတာအသစ်ရဲ့ ပန်းတွေလေ။ ဒါက အလုပ်ပဲ။ ကဲ... လာပါ။”
ထိုစဉ် အမလီက ဆိုမီကို ကယ်တင်ရန် ထွက်လာသည်။
“လက်ထောက်မန်နေဂျာ ဂို၊ ပန်းဝယ်တာက ဘယ်လိုလုပ် အလုပ်ဖြစ်ရမှာလဲ။ ပြီးတော့ အယ်ဒီတာ မလာခင် ပန်းတွေကို အတင်းဝယ်ထားရမယ်လို့လည်း မထင်ဘူးလေ။”
“ဟုတ်ကဲ့... အာ... အဲဒါက...”
ဂိုမျိုးရိုးသည် အမလီ၏ အကြည့်ကို ရှောင်လိုက်သည်။ အမလီသည် ရုံးတွင်သူ ရင်ဆိုင်ရခက်သော တစ်ဦးတည်းသောသူ ဖြစ်သည်။ သူမ၏ ငြင်းဆိုချက်များမှာ အမြဲတမ်း ချက်လက်ကျနေတတ်သဖြင့် သူ ပြန်လည် မချေပနိုင်ပါ။
“ဆိုမီက အလုပ်ရှုပ်နေတာ။ စာရေးဆရာဟာရဲ့ ဝတ္ထုသစ် ရောက်နေတယ်။ ရှင် အရမ်း အရေးကြီးနေရင် ဘေးကပ်လျက် အဆောက်အအုံ ပထမထပ်မှာ ပန်းဆိုင်ရှိတယ်။ ဆိုင်ရှင်က ရှင့်ကို ကူညီလိမ့်မယ်။”
“အင်း... အင်း... ဟုတ်သားပဲ...။ ဒါဆို ငါတစ်ယောက်တည်းပဲ သွားတော့မယ်...”
ထို့နောက်လက်ထောက်မန်နေဂျာဂို ပြန်ပြောစရာ စကားမရှိတော့သဖြင့် ရုံးခန်းထဲမှ ထွက်သွားလေသည်။ အမလီက ဆိုမီကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး သူမ၏ မော်နီတာဆီသို့ ပြန်လှည့်သွား၏။
‘ငါ ဘာလုပ်သင့်သလဲ...?’
အမလီ၏ စကားကြောင့် ဖြစ်နိုင်သော်လည်း တဲဝမ်၏ အကြောင်းက သူမ၏ အတွေးထဲမှ ထွက်မသွားပေ။ ဂျယ်ဂန်း၏ ဝတ္ထုမှာ စိတ်ဝင်စားစရာကောင်းသော်လည်း လက်တွေ့ဘဝမှ ပြဿနာများက သူမကို ပိတ်ဆို့ထားသကဲ့သို့ ရှိသည်။
‘သူ ဘာလို့ စာရေးဆရာဟာကို အခုထိ အသိမပေးသေးတာလဲ။ သူ တိုက်ရိုက်ပြောပြမယ်လို့ ငါ ထင်ထားတာ။ တကယ်လို့ စာရေးဆရာသာ သိသွားရင် သူ အယ်ဒီတာ့ဘက်ကနေ ရပ်တည်ပေးမှာပဲ...’
၎င်းမှာ ကြယ်ပွင့်စာပေ ဝန်ထမ်းတစ်ဦးအနေဖြင့် တွေးသင့်သော အတွေးမျိုး မဟုတ်ပေ။ တဲဝမ်သည် ကုမ္ပဏီမှ ထွက်သွားပြီးသား ဖြစ်သည်။ ဤကိစ္စသည် ကုမ္ပဏီ၏ အကျိုးအမြတ်နှင့် ဆိုင်သဖြင့် ထိုသို့တွေးခြင်းမှာ လက်ခံနိုင်ဖွယ်မရှိချေ။
“စာရေးဆရာ ဟာဂျယ်ဂန်းရဲ့ ဝတ္ထုလား။”
သူမ၏ နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ဆိုမီသည် လန့်သွားကာ အတွေးထဲမှ ချက်ချင်း နိုးထလာပြီး လှည့်ကြည့်လိုက်၏။
၎င်းမှာ အယ်ဒီတာအသစ် ပတ်ဂျောင်ဂု ဖြစ်သည်။ သူသည် ဆိုမီ၏ မော်နီတာကို စိုက်ကြည့်နေသည်။
“အယ်ဒီတာ... ရောက်လာပြီလား။”
“ကျွန်တော် ရောက်တာတောင် မသိလောက်အောင် ဘာတွေများ သဘောကျနေတာလဲ။ ရောက်နေတာ ကြာပြီလေ။”
ဂျောင်ဂုသည် သူ၏ဖခင် ပတ်ဂျီဂုနှင့် ရုပ်ချင်းဆင်တူသည်။ အသက် ၃၀ အလယ်ပိုင်းခန့် ယောက်ျားဆန်သော အသွင်ရှိ၏။
“တောင်းပန်ပါတယ်... ကျွန်မ တစ်ခုခု တွေးနေလို့ပါ။”
ဂျောင်ဂု၏ နောက်ပြောင်သော အမူအရာကို ဆိုမီက တည့်တိုးပင် ပြန်ဖြေလိုက်သည်။ သူမသည် အယ်ဒီတာအသစ်နှင့် ဆက်ဆံရသည်ကို စိတ်မသက်မသာ ဖြစ်မိသည်။ သူ့ထံမှရရှိနေသည့် နှုတ်ခမ်းက ပြုံးနေသော်လည်း မျက်လုံးများက လုံးဝ အသက်မပါသည့် ထိုအကြည့်မျိုး၊ မျက်နှာနှင့် အတွင်းစိတ် မတူညီသော ခံစားချက်မျိုးက သူမကို ထူးဆန်းစေသည်။
“ဒါ ဝတ္ထုအသစ်ပေါ့၊ ဟုတ်လား။ ဘယ်လိုနေလဲ။”
“ဟုတ်ကဲ့၊ ကောင်းပါတယ်ရှင်။ ကျွန်မ ၂ အုပ်စာလောက် ဖတ်ပြီးပြီ၊ ဇာတ်လမ်းက တကယ်ကောင်းပါတယ်။”
“ဟုတ်လား? ဒါဆို သူ့ကို ဆက်သွယ်လိုက်ပါ။ ဒီနေ့ပဲ အဆင်ပြေအောင် ချိန်းလိုက်။ ကျွန်တော်လည်း သူ့ကို ပြောစရာတွေ ရှိတယ်။ ဟာဂျယ်ဂန်းနဲ့ တွေ့ဖို့ ကျွန်တော် ကိုယ်တိုင် သွားရမယ်။”
“ဟုတ်ကဲ့... ကောင်းပါပြီ။”
သူသည် ရုံးခန်းထဲမှ ထွက်သွားစဉ် တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေသည်။
“သူကိုယ်တိုင်သွားတွေ့မယ်ဆိုတော့ စာရေးဆရာနဲ့ စာချုပ်အသစ်ချုပ်ဖို့ နေမှာပေါ့?”
“ဟုတ်မယ်၊ ကျွန်မလည်းဘာမှမသိသေးဘူး။ ပြီးတော့ စာရေးဆရာဟာက အယ်ဒီတာတဲဝမ်ရဲ့ ကမ်းလှမ်းချက်ကိုတောင် ငြင်းခဲ့တာဆိုတော့လေ။”
“အယ်ဒီတာချုပ်အသစ်က အလကားနေရင်း ရာထူးတက်လာတယ်ဆိုတဲ့ အပြောမျိုး မခံချင်တာနေမှာပါ။ သူ အမှတ်ယူချင်နေတာ။ တကယ်လို့ ဟာဂျယ်ဂန်းကိုသာ သူ ဆွဲထားနိုင်ရင် သူ့နေရာက ခိုင်မြဲသွားပြီလေ။”
အမလီက ဆိုမီ၏ ခြေထောက်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဆိုမီ၊ နင့်ခြေအိတ်ကနည်းနည်း ပြဲနေတယ်နော်။”
“ရှင်? အို... ဟုတ်သားပဲ။”
အမလီ ပြောသကဲ့သို့ပင်။ သူမ၏ အနက်ရောင်ခြေအိတ်ရှည်မှာ ဘယ်ဘက်ပေါင်မှ ဒူးအထိ စုတ်ပြဲနေ၏။
“အသစ်လေးပဲ ရှိသေးတာကို၊ ဘယ်လိုဖြစ်ပြီး စုတ်သွားတာပါလိမ့်?”
“ငါ့ဆီမှာ အပိုတစ်ခု ရှိတယ်၊ နင့်ကိုပေးမယ်။”
“ကျေးဇူးတင်လိုက်တာအမ။ နောက်ကျရင် ဒါမျိုးလေးပဲ ပြန်ဝယ်ပေးပါ့မယ်။”
“နေပါစေ၊ နေ့လယ်စာအတူစားတဲ့အခါကျ အိုက်စကရင်ပဲ ဝယ်ကျွေးလိုက်။ ကဲ... သွားလဲလိုက်ပါဦးရှင့်။”
ဆိုမီ သန့်စင်ခန်းသို့ သွားနေစဉ် ပို၍ ပို၍ စိတ်မသက်မသာဖြစ်လာသည်။ မနက်စောစောစီးစီး ခြေအိတ်စုတ်ပြဲသွားခြင်း... သူမသည် အယူသီးတတ်သူ မဟုတ်သော်လည်း တစ်ခုခုကိုတော့ ထူးထူးခြားခြား ခံစားနေမိသည်။
သန့်စင်ခန်းထဲတွင် ဆိုမီသည် တံခါးကို ဂျတ်ထိုးလိုက်ပြီး အိမ်သာခွက်ပေါ်တွင် ထိုင်လိုက်၏။ ခေတ္တမျှ စဉ်းစားပြီးနောက် ဖုန်းကို ထုတ်ကာ ဂျယ်ဂန်းထံ ဖုန်းခေါ်လိုက်သည်။
“ဟုတ်ကဲ့၊ ဆိုမီ။”
“ကျွန်မ စာအုပ် ၂ အုပ်စာ ဖတ်ပြီးသွားပြီ။ ဒါက တကယ်ကို အံ့ဩစရာကောင်းတဲ့ လက်ရာပဲ။”
“ဆိုမီက အဲလိုပြောရင်တော့ ဒါက တကယ်ရလဒ်ကောင်းမှာပါ။”
“ကျွန်မရဲ့ အကြိုက်က အဓိက မဟုတ်ပါဘူး။ ရှင့်ရဲ့ ပရောဂျက်တွေက ကောင်းလို့ အောင်မြင်တာပါ။ ဒါနဲ့... စာရေးဆရာဟာ၊ ဒီနေ့ညနေ အားလားဟင်။”
“ဟုတ်ကဲ့၊ အားပါတယ်ဗျာ။ ဘယ်မှာ တွေ့ကြမလဲ။ ဂူရို မှာလား။ တဲဝမ်ရော လာမှာလား။ သူ အလုပ်ရှုပ်နေမှာပေါ့နော်။ သူ့ကို မတွေ့ရတာ ကြာပြီ၊ သူ့မျက်နှာတောင် မေ့တော့မယ်။”
ဂျယ်ဂန်း၏ ရယ်မောသံကို ကြားနေရသော်လည်း ဆိုမီ မရယ်နိုင်ချေ။ တဲဝမ်က ဂျယ်ဂန်းကို ဘာကြောင့် ဒီကိစ္စ မပြောပြရသေးသလဲဆိုတာ သူမ နားမလည်နိုင်ပေ။ သို့သော် အချိန်မနှောင်းခင် သူမ အသိပေးရန် လိုအပ်သည်။
ဂျယ်ဂန်း၏ ရယ်မောသံ ဆုံးသည်အထိ စောင့်ပြီးနောက် ဆိုမီက တိုးညှင်းသော အသံဖြင့် ဆက်ပြောလိုက်သည်။
“စာရေးဆရာဟာ... ကျွန်မ ပြောစရာတစ်ခု ရှိပါတယ်။”
“ဟုတ်ကဲ့၊ ပြောလေ။”
“အယ်ဒီတာ တဲဝမ်ကလေ... သူ အလုပ်ထွက်သွားပါပြီ။”
....
“ဟားဟား။ နောက်ဆုံးတော့ အပြင်မှာဆုံရပြီပေါ့။ ကျွန်တော်က ပတ်ဂျောင်ဂု ပါ။”
“ဟုတ်ကဲ့၊ တွေ့ရတာ ဝမ်းသာပါတယ်။”
၎င်းမှာ ဈေးကြီးသော ဂျပန်စားသောက်ဆိုင်တစ်ခု ဖြစ်သည်။ အယ်ဒီတာချုပ်အသစ်နှင့် လက်ထောက်မန်နေဂျာ ဂိုတို့က တစ်ဖက်၊ ဂျယ်ဂန်းနှင့် ဆိုမီတို့က တစ်ဖက် ထိုင်နေကြ၏။
“ဒီဆိုင်က ဆာရှီမီက တကယ်ကောင်းတာ။ ဒီက ‘အထူးဆာရှီမီ’ ကိုသာ စားကြည့်ပြီးရင် ခဏခဏ ပြန်စားချင်နေလိမ့်မယ်။ ဈေးကတော့ ပုံမှန်ထက် နည်းနည်းကြီးတာပေါ့ဗျာ။”
အစားအသောက်ဈေးနှူန်းမှာ တစ်ဦးလျှင် ဒေါ်လာ ၁၅၀ ခန့် ကျသင့်သည်။ ဂျောင်ဂုသည် ဤနေရာကို သေသေချာချာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ ကြယ်ပွင့်စာပေ၏ ရောင်းအားအကောင်းဆုံး စာရေးဆရာကို ဧည့်ခံခြင်းလည်းဖြစ်သည်။
သာမန်စာရေးဆရာသာဆိုလျှင် ဤကဲ့သို့ တွေ့ဆုံမှုမျိုး ရှိလိမ့်မည် မဟုတ်ချေ။ မဟုတ်ပါ၊ သူ ကိုယ်တိုင်ပင် လာတွေ့မည် မဟုတ်ပါ။
“ခွင့်ပြုပါဦးရှင်။”
ကီမိုနိုဝတ်ထားသော မိန်းကလေးဝန်ထမ်း နှစ်ဦးက စားပွဲတွင် အစားအသောက်များ စတင်ပြင်ဆင်ပေးသည်။
လက်ထောက်မန်နေဂျာ ဂိုက ဘီယာပုလင်းကို လှမ်းကိုင်လိုက်၏။ ဂျောင်ဂုက သူ့ကို အကြည့်ဖြင့် တားလိုက်ပြီး ပုလင်းကို သူကိုယ်တိုင် ယူလိုက်သည်။
“သောက်ကြမလား?” ဂျောင်ဂုက မေးသည်။
၎င်းမှာ သက်သောင့်သက်သာ သောက်စားရမည့် နေရာမဟုတ်သော်လည်း ယဉ်ကျေးမှုအရ အနည်းငယ် သောက်ရန် စတင်လိုက်ခြင်း ဖြစ်သည်။
“ကျွန်တော့်မှာ အယ်ဒီတာတစ်ယောက်အနေနဲ့ လုပ်ငန်းအတွေ့အကြုံ သိပ်မရှိသေးဘူး။ ဒါကြောင့် လက်ထောက်မန်နေဂျာ ဂိုနဲ့ ဆိုမီတို့ကို လိုက်ခဲ့ဖို့ ပြောလိုက်တာပါ။ စိတ်အနှောင့်အယှက် ဖြစ်သွားရင်လည်း နားလည်ပေးဖို့ မျှော်လင့်ပါတယ်။”
၎င်းမှာ ဆိုမီနှင့် ဂိုတို့အပေါ် လေးစားမှုမရှိသော မောက်မာသည့် တုံ့ပြန်မှုမျိုးပင် ဖြစ်သည်။
‘သူပြောသလိုပဲ၊ သူ တကယ့်ကို အတွေ့အကြုံ မရှိသေးတာ သိသာတာပဲ’ ဟု ဂျယ်ဂန်း တွေးလိုက်မိသည်။
“စာရေးဆရာဟာရဲ့ ဝတ္ထုသစ်ကို ကျွန်တော် ဖတ်ပြီးပါပြီ။ ဇာတ်လမ်းက တကယ်ကောင်းပါတယ်။ ကြယ်ပွင့်စာပေ နဲ့ ဆရာဟာနဲ့ကြားက ဆက်ဆံရေးက ဒီထက်ပိုပြီး တိုးတက်လာတာ မြင်ရတာ တကယ်ဝမ်းသာစရာပဲ။”
“ကျွန်တော့်ရဲ့ အရင်လက်ရာတွေကလည်း ကောင်းတယ်လို့ အယ်ဒီတာထင်သလား။”
“ဟားဟား။ ဒါပေါ့၊ အဲဒါ ပြောစရာ လိုသေးလို့လား။”
“ဘယ်အချက်တွေက ကောင်းတယ်လို့ ထင်လို့လဲဗျ?”