← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

“ဗျာ?”

ဂျောင်ဂု၏ အပြုံးများ အေးခဲသွားသည်။

ဂျယ်ဂန်းက သူ၏သောက်စရာကို တစ်ငုံသောက်လိုက်ပြီး ထပ်ပြီးမေးလိုက်သည်။

“ဝတ္ထုအသစ်ရဲ့ ဘယ်အပိုင်းတွေကို အယ်ဒီတာအနေနဲ့ သဘောကျတာလဲဆိုတာ သိချင်မိလို့ပါ။”

“အင်း... ဟုတ်ပါပြီ။ အဲ... ပထမဆုံးအနေနဲ့ ဇာတ်လမ်းစီးဆင်းမှုက ကောင်းတယ်... အင်း... ပြီးတော့ အရေးအသားကလည်း ရှင်းလင်းပြတ်သားတယ်... တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်ဗျာ။ ဟုတ်တယ်၊ အဲဒါပဲ။”

“ဪ... အဲလိုလား။”

ဂျယ်ဂန်းက အသာအယာပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။

ဂျောင်ဂု၏ အမူအရာကို ကြည့်ရုံနှင့် သူ၏ဝတ္ထုကို တစ်ကြောင်းမျှပင် မဖတ်ရသေးမှန်း ဂျယ်ဂန်း ရိပ်မိပြီးသား ဖြစ်သည်။

ဂျောင်ဂု လူမိသွားသလိုဖြစ်သဖြင့် ချောင်း တစ်ချက်နှစ်ချက် အသာဟန့်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။

“ဒါနဲ့ စာရေးဆရာဟာရဲ့ ဝတ္ထုသစ်ကိစ္စပေါ့ စာချုပ်မချုပ်ခင် ကျွန်တော် ပြောစရာလေး တစ်ခုရှိတယ်။”

“ဝက်ဘ်တွန်း ကိစ္စကို အရင်ပြောလို့ ရမလားခင်ဗျ။”

“ဝက်ဘ်တွန်း...?”

“Comic KT နဲ့ လုပ်မယ့် ဝက်ဘ်တွန်းလေ။ အဲဒါက ပထမဆုံးဆိုတော့ အဲဒီအကြောင်း အရင်ပြောချင်ပါတယ်။”

“အာ... ဟုတ်ကဲ့။ အဲဒါကတော့ အဆင်ပြေပြေ ဖြစ်နေပါတယ်။ ဟုတ်တယ်မလား ဆိုမီ?”

ဂျောင်ဂုသည် အနည်းငယ် အံ့အားသင့်သွားကာ ဆိုမီဘက်သို့ လွှဲချလိုက်သည်။ သူသည် ကုမ္ပဏီအတွင်းရှိ အလုပ်ကိစ္စများကို ဘာမှမသိသေးသဖြင့် ဆိုမီကပင် ဂျယ်ဂန်းကို အသိပေးပြီးသား အချက်အလက်များကို တစ်ဖန်ပြန်လည်ရှင်းပြရတော့သည်။

“သူတို့ဘက်က ဝက်တွန်းဆွဲဆရာနဲ့ ဇာတ်ညွှန်းရေးဆရာကို ရှာနေတုန်းပါ။ တစ်ပတ်လောက်တော့ ကြာဦးမယ်လို့သိရတယ်။”

ဂျယ်ဂန်းက နားလည်ကြောင်း ခေါင်းညိတ်ပြသည်။ ဆိုမီသည် ဘေးတိုက်အကြည့်ဖြင့် ဂျယ်ဂန်းကို ကြည့်ရင်း ဝေခွဲမရဖြစ်နေမိ၏။

ဤကဲ့သို့သော နေရာမျိုးတွင် ဝက်ဘ်တွန်းအကြောင်းကို အဘယ်ကြောင့် ထုတ်မေးရသနည်း။

‘စာရေးဆရာဟာ ဘာတွေ တွေးနေတာပါလိမ့်...’

တဲဝမ် အလုပ်ထွက်သွားပြီဟု သူမ ပြောပြခဲ့ပြီးသားပင်။ ဂျယ်ဂန်းအနေဖြင့် ကြယ်ပွင့်စာပေ နှင့် ချိန်းဆိုမှုကို ဖျက်ပြီး တဲဝမ်ဆီကို အရင် ဆက်သွယ်လိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမ သိထားသည်မှာ တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။

ဝက်ဘ်တွန်းအကြောင်း မေးခြင်းမှာ အဓိပ္ပာယ်မရှိသလို ထင်ရသော်လည်း အမှန်တကယ်တွင် ဂျယ်ဂန်းသည် ဂျောင်ဆိုမီအတွက် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

ကြယ်ပွင့်စာပေ ဝန်ထမ်းတစ်ဦးဖြစ်သော ဆိုမီအတွက် သူလုပ်ပေးနိုင်သော နောက်ဆုံးအရာပင်။ သူ၏ တာဝန်ခံအယ်ဒီတာဖြစ်သော ဆိုမီအား မည်သူမျှ ထိပါး၍ မရကြောင်း အယ်ဒီတာချုပ်အသစ်၏ ရှေ့တွင် တိုက်ရိုက်ပြသရန် သူ လာရောက်ခဲ့ခြင်း ဖြစ်သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဂျောင်ဂုက ဂျယ်ဂန်းထံမှ အမှတ်ရရန် ထပ်မံကြိုးစားပြန်သည်။

“ကျွန်တော့်အနေနဲ့ စာရေးဆရာဟာရဲ့ ဘယ်လို ပရောဂျက်မျိုးကိုမဆို ထောက်ခံပေးသွားမှာပါ။ စာရေးဆရာဟာရဲ့ စာရေးဆရာဘဝ ရှေ့ဆက်နိုင်ဖို့ ကျွန်တော် အစွမ်းကုန် ကူညီမှာပါ။ စာချုပ်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အရင်အယ်ဒီတာချုပ်က နည်းနည်း တင်းကျပ်တယ်မလား။ ဆရာဟာ, တော်တော် ရုန်းကန်ခဲ့ရမှာပေါ့။ အဲဒီလူ နာမည်က ဘယ်သူပါလိမ့်... ဂို?”

“ကွမ်တဲဝမ် ပါ။”

“ဪ... ဟုတ်တယ်၊ ကွမ်တဲဝမ်။ သူက ကျွန်တော့်အဖေ... ဆိုလိုတာက ဥက္ကဌအောက်မှာ အကြာကြီး လုပ်ခဲ့တာလေ။ သူက စာရေးဆရာ တော်တော်များများရဲ့ အလုပ်မှာ ဝင်စွက်ဖက်တတ်တယ်လို့ ကြားမိတယ်? အဲဒီလိုလူမျိုးကို စာရေးဆရာတွေက ဘယ်လိုလုပ် သဘောကျမှာလဲ။ သူ့မှာ အရည်အချင်းမှ မရှိတာ။ အခု ကျွန်တော်နဲ့ဆိုရင် စာရေးဆရာဟာရဲ့ စာရေးတဲ့ လုပ်ငန်းစဉ်တွေ အများကြီး ပိုကောင်းလာမှာပါ။ ကျွန်တော် အစွမ်းကုန် ကူညီပါ့မယ်။ ဒါကတော့ အသေအချာပါပဲ။”

ဆိုမီမှာ အလွန်အမင်း အရှက်ရနေသဖြင့် လက်သီးကိုသာ ကျစ်ကျစ်ဆုပ်ထားမိတော့သည်။ အမှတ်ရရန် ကြိုးစားရင်း ရှိရင်းစွဲအမှတ်များကိုပင် ထပ်မံဖြုန်းတီးနေသော ထိုလူ၏ မိုက်မဲမှုမှာ တကယ့်ကို ကြည့်ရဆိုးလှ၏။ ဥက္ကဌက ဘာကြောင့် ဤကဲ့သို့သော လူမျိုးကို အယ်ဒီတာအဖြစ် ခန့်အပ်ရသနည်းဟု သူမ စဉ်းစားမရပေ။ ကုမ္ပဏီ၏ အနာဂတ်ကို စိုးရိမ်ရင်း သူမ ခေါင်းငုံ့ထားလိုက်မိသည်။

“...”

ဂျယ်ဂန်း ရေကို အေးအေးဆေးဆေးပင် သောက်နေသည်။

ထို့နောက်...

သူ ခေါင်းကို မော့လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“အယ်ဒီတာ တဲဝမ် ကြောင့်ပါ။”

“... ဗျာ?”

ဂျောင်ဂုက ခေါင်းကို စောင်း၍ မေးသည်။ ဂျယ်ဂန်းက သူ၏ဂျာကင်အိတ်ထဲသို့ လက်နှိုက်ရင်း ဆက်ပြောလိုက်၏။

“အယ်ဒီတာ ကွမ်တဲဝမ်ရဲ့ အကြံပေးမှုတွေကြောင့်သာ ကျွန်တော် ဒီအခြေအနေကို ရောက်လာတာပါ။ ကျွန်တော့်ရဲ့ အရည်အချင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။”

လက်ထောက်မန်နေဂျာ ဂို၏ မျက်နှာမှာ ဖြူလျော့သွားသည်။ ထို့အတူ ဂျောင်ဂု၏ မျက်နှာမှာလည်း ပျက်ယွင်းသွား၏။ ဂျယ်ဂန်းသည် နေရာမှ ထရပ်လိုက်သည်။

“ကျွန်တော် ဆက်ထိုင်နိုင်တော့မယ် မထင်ဘူး။ အားနာပါတယ်ဗျာ၊ ခွင့်ပြုပါဦး။”

“စာ... စာရေးဆရာ? စာရေးဆရာဟာ? ခဏလေးပါဦး။”

ဂျောင်ဂုနှင့် ဂိုတို့မှာ အံ့ဩတုန်လှုပ်နေရာမှ သတိဝင်လာပြီး ချက်ချင်း ထရပ်လိုက်ကြသည်။ သို့သော် ဂျယ်ဂန်းကတော့ ဖိနပ်စီးပြီး အပြင်သို့ ထွက်သွားနှင့်ပြီဖြစ်သည်။

‘စာရေးဆရာဟာ?’

ဆိုမီသည်လည်း ဤနေရာတွင် ဆက်ရှိမနေနိုင်တော့ပေ။ သူမလည်း ဖိနပ်ကို အမြန်စီးလိုက်သည်။ သူမသည် ကြယ်ပွင့်စာပေ မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဤဆိုင်သို့ ခဏခဏ လာဖူးသူဖြစ်သဖြင့် မည်သူကမှ တားဆီးခြင်း မရှိခဲ့ချေ။

“ဘာဖြစ်တာလဲ၊ သူ ဘယ်ကို သွားတာလဲ။”

“ဖုန်းခေါ်တာလည်း မကိုင်ဘူးခင်ဗျ။”

ဂျောင်ဂုနှင့် ဂိုတို့မှာ အဆောက်အအုံရှေ့တွင် ရပ်ကာ သူ့ကို လိုက်လံရှာဖွေနေကြသည်။ မှောင်ရိပ်ကျနေသော လမ်းမပေါ်တွင် ဂျယ်ဂန်းကို ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။

“မန်နေဂျာဂို၊ ငါ တစ်ခုခု မှားပြောမိလို့လား။”

“မဟုတ်တာ၊ မဟုတ်တာ။ အယ်ဒီတာက ဘာမှားမှာလဲဗျာ။ စာရေးဆရာဟာ ဒီနေ့ စိတ်မကြည်လို့ ဖြစ်မှာပါ။ စာရေးဆရာတွေဆိုတာ တစ်ခါတလေ စိတ်တိုတတ်တာ အယ်ဒီတာလည်း သိသားပဲ။”

ဆိုမီသည် သူတို့နှစ်ဦး၏ ရှေ့တွင် ရပ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်မ မြေအောက်ရထားဘူတာဘက် သွားကြည့်လိုက်ပါ့မယ်။”

“အေး... ဆိုမီ၊ သူ့ကိုတွေ့ရင် ပြန်လာဖို့ ဖျောင်းဖျလိုက်ဦးနော်။ ဒါ ဘာဖြစ်တာလဲ မသိဘူး။ လာ... ဂို၊ ငါတို့ ဒီဘက် သွားကြည့်ရအောင်။”

ဂျောင်ဂုက သူ၏ နက်တိုင်ကို ဆွဲဖြေလျက် ဂိုနှင့်အတူ ထွက်သွားသည်။ သူတို့နှစ်ဦး အဝေးသို့ ရောက်သွားချိန်တွင် ဆိုမီ၏ ဖုန်းမှာ တုန်ခါလာ၏။

“စာရေးဆရာဟာ!”

“တောင်းပန်ပါတယ်ဗျာ၊ ခင်ဗျား အတော်လေး လန့်သွားတယ်မလား။”

“နည်းနည်းတင် မဟုတ်ဘူး၊ အများကြီးပဲ။ အခု ဘယ်မှာလဲ။”

“ကျွန်တော် တက္ကစီပေါ်မှာပါ။ အရေးကြီးကိစ္စလေး ရှိလို့ အမြန်သွားနေရတယ်။”

ဆိုမီ ဘာမှ ပြန်မပြောနိုင်တော့ပေ။

သူ အဘယ်ကြောင့် အလျင်စလို ဖြစ်နေသည်ကိုလည်းကောင်း၊ ထိုတက္ကစီသည် မည်သည့်နေရာသို့ ဦးတည်နေသည်ကိုလည်းကောင်း သူမ ကောင်းစွာ သိရှိနေသည်။

“ဆိုမီ?”

“နားထောင်နေပါတယ် စာရေးဆရာ၊ ပြောလေ။”

“ကျွန်တော် လုပ်လိုက်တာကြောင့် ခင်ဗျား စိတ်ဖိစီးသွားလား။”

“ဟင့်အင်း၊ အဲလို မဖြစ်ပါဘူး။ ဒါနဲ့ ရှင်က ဘာလို့ ကျွန်မအတွက် စိုးရိမ်နေတာလဲ။ ရှင့်ရဲ့ အလုပ်နဲ့ ရှင့်အကြောင်းကိုပဲ ရှင် စိုးရိမ်သင့်တာပေါ့။”

“မလိုပါဘူး။ ခင်ဗျား အဆင်ပြေရင် ကျွန်တော်လည်း အဆင်ပြေပါတယ်။”

“အဲဒါက ဘာကို ဆိုလိုတာ...”

ဆိုမီ စကားရပ်သွားသည်။

သူမ၏ ခေါင်းထဲတွင် အတွေးတစ်ခုက ရှင်းလင်းသွား၏။

‘ကျွန်မကြောင့်... လား...?’

ရှုပ်ထွေးနေသော ပဟေဠိတစ်ခုမှာ နေရာတကျ ဖြစ်သွားသကဲ့သို့ပင်။ ဂျယ်ဂန်း၏ လုပ်ရပ်များမှာ ယခုမှ အဓိပ္ပာယ်ရှိလာတော့သည်။

သို့သော် မေးခွန်းအသစ်တစ်ခု ပေါ်လာပြန်၏။ သူသည် သာမန် တာဝန်ခံအယ်ဒီတာတစ်ဦးအတွက် အဘယ်ကြောင့် ဤမျှအထိ စိုးရိမ်ပေးနေရသနည်း။

“ခင်ဗျားက ကျွန်တော့်ရဲ့ တာဝန်ခံအယ်ဒီတာအဖြစ် အလုပ်တွေ အများကြီး လုပ်ပေးခဲ့တာပဲ။ ကျေးဇူးတင်ပါတယ်။ နောက်မှ ကျွန်တော် ထမင်းပြန်ဝယ်ကျွေးပါ့မယ်။”

ဆိုမီသည် စိတ်လှုပ်ရှားမှုများကို ဘေးဖယ်လိုက်ကာ ပြုံးလိုက်မိသည်။ သူမသည် ဂျယ်ဂန်းအပေါ် ဘာမှ ထူးထူးခြားခြား လုပ်ပေးခဲ့ခြင်း မရှိပါ။ သူတို့ကြားတွင်လည်း မည်သည့် ပြဿနာမျှလည်း မရှိခဲ့ဖူးချေ။ သူသည် အမှန်တကယ်တော်သော စာရေးဆရာတစ်ဦးဖြစ်ပြီး သူ၏လက်ရာများမှာလည်း ပြည့်စုံလုနီးပါး ရှိခဲ့သည်။

ယခုအခါ ဂျယ်ဂန်းဟူသော စာရေးဆရာနှင့် သူမ၏ အလုပ်သဘောအရ ဆက်ဆံရေးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ သူမ ကြယ်ပွင့်စာပေ မှ ထွက်မှသာလျှင် သူ၏စာကို ထပ်မံ တည်းဖြတ်ခွင့် ရနိုင်တော့မည် မဟုတ်ပါလား။

ဆိုမီ ခေါင်းကို မော့လိုက်သည်။

လေကို ဝဝရှူလိုက်ပြီးနောက် သူမ၏ ခွန်အားများ ပြန်လည်ပြည့်ဝလာ၏။ သူမသည် ပုံမှန်အတိုင်း တက်ကြွရွှင်လန်းသော အသံဖြင့် ပြောလိုက်သည်။

“အဲ့အခါကျရင် ကျွန်မ အများကြီး စားမှာနော်၊ ဒါကြောင့် ရှင့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်။”

“ဒါပေါ့ဗျာ။ အဆင့်များ စီးရီး ၃ အုပ်လုံးထက် ပိုကောင်းအောင် ကျွန်တော် ရေးပြပါ့မယ်။”

“ကျွန်မ စောင့်နေပါ့မယ်။ ဂရုစိုက်သွားပါဦးနော်။”

“ခင်ဗျားလည်း ဂရုစိုက်ပါ။”

ဆိုမီသည် ဖုန်းချလိုက်ပြီး လှည့်ထွက်လာခဲ့သည်။ သူမ၏ ပုံရိပ်မှာ မှောင်ရိပ်ထဲတွင် ပျောက်ကွယ်သွား၏။

ထိုအခါမှသာ အဆောက်အအုံအနီးရှိ ပုန်းအောင်းရာနေရာမှ ဂျယ်ဂန်း ထွက်လာခဲ့ပြီး တက္ကစီတစ်စီးကို ငှားကာ ထွက်ခွာသွားတော့သည်။

— တောင်းပန်ပါတယ် အမှုဆောင်အရာရှိ တဲဝမ်။ စာအုပ်အခန်းလိုက်အကျိုးအမြတ်ခွဲတဲ့စနစ်က စာအုပ်ထုတ်ဝေတာနဲ့ နည်းနည်းကွာခြားတော့ ကျွန်မ သိပ်ယုံကြည်မှုမရှိလို့ပါ။ ဒီမှာတင်ပဲ ရပ်လိုက်ပါ့မယ်။

— ကျွန်တော်လည်း ခင်ဗျားရဲ့ စီမံခန့်ခွဲမှုအောက်မှာ စာချုပ်ကိုလက်မှတ်ထိုးချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အရင်ကုမ္ပဏီနဲ့ ပတ်သက်မှုတွေရှိနေသေးတော့ မဖြစ်နိုင်လို့ပါ။ နောက်အခွင့်အရေးရှိရင် ကျွန်တော် ပြန်ဆက်သွယ်ပါ့မယ်။ တောင်းပန်ပါတယ်ဗျာ။

— မရဘူးခင်ဗျ။ မနေ့ကလည်း ကျွန်တော် ပြောပြီးသားပဲ။ ခင်ဗျားရဲ့ စီမံခန့်ခွဲမှုအပေါ် ကျွန်တော် မယုံကြည်ဘူး။ ခင်ဗျားရဲ့ အရည်အချင်းကို သိပေမဲ့ အခုမှ အစပဲ ရှိသေးတာလေ။ လုပ်ကိုင်ထားတဲ့ အချက်အလက်တွေလည်း မရှိသေးတော့ ဒါက စွန့်စားရာကျလွန်းတယ်။ ပထမဆုံးအစကိုတော့ တခြားစာရေးဆရာတစ်ယောက်နဲ့ပဲ စမ်းကြည့်လိုက်ပါဦး။

“ဟူး...!”

သက်ပြင်းရှည်ကြီး တစ်ချက် ထွက်ပေါ်လာသည်။

၁၂ နာရီကျော်ကြာအောင် အိပ်ပျော်သွားခဲ့သော တဲဝမ်သည် နိုးလာချိန်တွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူ အလွန်ယုံကြည်ခဲ့သော စာရေးဆရာ သုံးယောက်စလုံးက သူ့ကို ငြင်းပယ်လိုက်ကြပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေ၏။

“အဆင်မပြေဘူးလားဟင်။”

သူ့ဘေးနားရှိ ကွန်ပျူတာရှေ့တွင် ထိုင်နေသော အမျိုးသမီးက မေးလိုက်သည်။ သူမသည် သူ၏ဇနီး ရှင်းဒုံမီ ဖြစ်သည်။

“လူတိုင်းက ကြောက်နေကြတာ ထင်ပါရဲ့။ ငါ့မှာ အရင် လုပ်ပြထားတဲ့ ရလဒ်တွေ မရှိသေးဘူးလေ။”

“ဒါပေမဲ့ တကယ်ပါပဲ။ ရှင် သူတို့အတွက် ဘယ်လောက်တောင် လုပ်ပေးခဲ့လဲ။”

“အဲဒီလိုတွေးနေရင် ပိုပြီး စိတ်ဆင်းရဲရုံပဲ ရှိမှာပါ။ အတိတ်ကို မေ့လိုက်စမ်းပါ။”

တဲဝမ်က သူမကို ပြန်လည်နှစ်သိမ့်လိုက်သည်။ သူမသည် အိမ်ထဲကို ဝမ်းနည်းရိပ်သန်းသော မျက်နှာဖြင့် ဝေ့ကြည့်လိုက်၏။ ကလေးနှစ်ယောက်ကိုတော့ သူမ၏အမေဆီမှာ ခေတ္တအပ်ထားရသည်။

“ဒါနဲ့လေ...”

“အင်း... ဘာလဲ။”

“စာရေးဆရာဟာ အကြောင်းကော?”

ဒုံမီသည် သူမခင်ပွန်း၏ စရိုက်ကို သိထားသဖြင့် ယခုအချိန်အထိ စောင့်ဆိုင်းပေးခဲ့သော်လည်း နောက်ဆုံးတွင်တော့ မအောင့်နိုင်ဘဲ မေးလိုက်ခြင်း ဖြစ်သည်။

“ရှင် ပြောတော့ သူက တော်တယ်ဆို။ သူ စာရေးတာ တကယ်ကောင်းလို့ ရှင် ခဏခဏ ချီးကျူးခဲ့တယ်မလား။ သူနဲ့အတူ အဆုံးအထိ လက်တွဲသွားချင်တယ်လို့လည်း ရှင် ပြောခဲ့တာလေ။”

တဲဝမ် ဘာမှ ပြန်မဖြေနိုင်ချေ။ ဥက္ကဌ ဂျီဂု ပြောခဲ့သော စကားများက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

— ငါတို့ရဲ့ စာရေးဆရာ တစ်ယောက်ကိုမှ ခေါ်သွားဖို့ မစဉ်းစားနဲ့။ အထူးသဖြင့် ဟာဂျယ်ဂန်းကိုပေါ့။ သူ ကလောင်အမည် ပြောင်းပြီး ရေးရင်တောင် ငါ လိုက်ရှာမှာ။ မင်းအတွက် အလုပ်ထွက်ကြေးနဲ့အတူ သုံးလစာ ပေးထားတယ်။ အဲဒါကို ကောင်းကောင်းသုံးပြီး အဆင်ပြေအောင် နေပါ။

ဒါကြောင့်လည်း သူ ဂျယ်ဂန်းကို အကူအညီမတောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ တကယ်လို့ သူ အလုပ်ထွက်သွားမှန်း ဂျယ်ဂန်း သိသွားလျှင် ကြယ်ပွင့်စာပေ အတွက် ဆက်ရေးပေးချင်တော့မည် မဟုတ်ပေ။

ဒါကလည်း ပြဿနာကြီးတစ်ခုပင်။ နယ်ပယ်တိုင်းမှာ ကြယ်ပွင့်စာပေ ရဲ့ ဩဇာက အလွန်ကြီးမားသည်။ တကယ်လို့ တဲဝမ်သာ သူတို့ကို ထိခိုက်အောင် တစ်ခုခုလုပ်မိလျှင် သူ့အပေါ် ဘယ်လို လက်တုံ့ပြန်လာမလဲ မသိနိုင်ချေ။ စီမံခန့်ခွဲရေး ဆိုသည်မှာ စာရေးဆရာ၏ လက်ရာများကို အကြီးဆုံးသော ဈေးကွက်သို့ ရောင်းချပေးနိုင်ရမည် မဟုတ်ပါလား။ ဒါကို တဲဝမ် ကောင်းကောင်းသိသည်။ သို့သော် ဘာမှမရောင်းရသေးခင်မှာတင် ဈေးကွက်ကို လက်လွှတ်လိုက်ရမည်လား။ ထိုသို့ဖြစ်လျှင် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

“ဘယ်သွားမလို့လဲ။”

တဲဝမ် ကုတ်အင်္ကျီကို ယူလိုက်သည်ကို မြင်သဖြင့် ဒုံမီက မေးလိုက်သည်။

“လမ်းခဏ လျှောက်မလို့ပါ။”

တဲဝမ်သည် ဓာတ်လှေကားဖြင့် ပထမထပ်သို့ ဆင်းလာခဲ့၏။ သူ၏လက်ထဲတွင် စီးကရက်တစ်ဗူး ပါလာသည်။ ဇနီးဖြစ်သူ မသိအောင် စီးကရက်တစ်လိပ်လောက် သောက်ရန် ပြင်လိုက်ခြင်း ဖြစ်သည်။

တီ... တီ!

ထိုစဉ် သူ၏အိတ်ကပ်ထဲမှ ဖုန်းမှာ တုန်ခါလာသည်။ စာရေးဆရာ တစ်ယောက်ယောက်များ စိတ်ပြောင်းပြီး ဆက်သွယ်လာလေမလားဟူသော မျှော်လင့်ချက်ဖြင့် သူ အမြန်ထုတ်ကြည့်လိုက်၏။

“...!”

ဟာဂျယ်ဂန်း ဟူသော နာမည်ကို မြင်လိုက်ရသောအခါ သူ ကြောင်အသွားသည်။

တီ... တီ... တီ!

ဖုန်းက ဆက်တိုက် တုန်ခါနေသော်လည်း တဲဝမ် ဖုန်းမဖြေနိုင်ခဲ့ချေ။ ဒီအချိန်မှာ ဂျယ်ဂန်းကို သူ ဘာပြောရမည်နည်း။ သူ ပြောစရာစကားလည်း မရှိသလို ဘာပြောရမည်ကိုလည်း စဉ်းစားမရပေ။

အတိအကျ ထိုအချိန်မှာပင်...

“ဒါက ဖုန်းမဟုတ်ဘဲ တုန်ခါတဲ့စက်ကအသံလို့ထင်နေတာ” (T/N: ဗန်းစကားလားမသိဘူး E အတိုင်းပဲပြန်ထားတာပါနော်)

တဲဝမ် အေးခဲသွားသည်။ သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာသော ထိုအသံမှာ အလွန်ပင် ရင်းနှီးနေသောအသံ ဖြစ်နေသောကြောင့်ပင်။

All Chapters