အခန်း (၅၀)
Vol. 5 Ch. 50
“အာ... ကျွန်တော် လူမှားသွားတာ ထင်တယ်၊ အယ်ဒီတာ မဟုတ်ဘူးပဲ။ ဆောရီးဗျာ၊ တောင်းပန်ပါတယ်။ ဒါဆို ကျွန်တော် ပြန်လိုက်တော့မယ်နော်။”
တဲဝမ် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
၎င်းမှာ ဂျယ်ဂန်း ဖြစ်၏။
သူ ဖုန်းကို နားမှာကပ်ထားရင်း ပြုံးလျက် ရပ်နေသည်။
“စာရေးဆရာဟာ...? ဘယ်လိုလုပ်... ဒီကို ရောက်လာတာလဲ။”
မထင်မှတ်ဘဲ ရုတ်တရက် ပေါ်လာသဖြင့် တဲဝမ် အံ့ဩတုန်လှုပ်သွားရသည်။ ဂျယ်ဂန်းက ဖုန်းကို အိတ်ထဲပြန်ထည့်ရင်း
“အယ်ဒီတာ ခင်ဗျား ဒီမှာ အိမ်ဝယ်ထားတယ်လို့ ပြောဖူးတယ်လေ။ ဒါကြောင့် ဒီတိုက်ခန်းဝင်းကြီးကို ကျွန်တော် မှတ်မိနေတာ။ ခင်ဗျား ဖုန်းမကိုင်တော့မယ့်အတူတူ အချိန်ကိုက်လေး ဖြစ်သွားတာပေါ့၊ ဟုတ်တယ်မလား။ ကံမကောင်းရင် ခင်ဗျားနဲ့ မတွေ့ဘဲ ပြန်သွားရတော့မလို့။”
“အာ... စာရေးဆရာ၊ အထင်မလွဲပါနဲ့ဦး။ ကျွန်တော် ဖြေမလို့ပါပဲ။ စဉ်းစားစရာလေးတွေ ရှိနေလို့ပါ။ ခေါင်းထဲမှာ တကယ့်ကို...”
ဂျယ်ဂန်းက လက်ကာပြလိုက်ရင်း စကားဖြတ်လိုက်သည်။
“ဘာတွေ ပြောနေတာလဲဗျာ။ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ အဲဒါထက် ခင်ဗျား အရင်ဆုံး အီးမေးလ်ကို တစ်ချက် စစ်ကြည့်လိုက်ပါဦး။”
“အီးမေးလ်?”
“ဟုတ်တယ်၊ ခင်ဗျားရဲ့ ကိုယ်ပိုင် အီးမေးလ်လေ။”
ဂျယ်ဂန်း၏ လက်ညှိုးက တဲဝမ်၏ ဖုန်းဆီသို့ ညွှန်ပြနေသည်။
တဲဝမ်သည် ကြောင်အအဖြင့်ပင် သူ၏အီးမေးလ်ကို ဖွင့်ကြည့်လိုက်၏။ ထိုနေရာတွင် နဂါးစီးသူရဲကောင်း ဟု အမည်ရသော ဝတ္ထုစာအုပ် သုံးအုပ်စာ ရောက်ရှိနေသည်။
“စာရေးဆရာဟာ... ဒါက...?”
တဲဝမ်သည် အဖြေကို သိနေသော်လည်း မမေးဘဲမနေနိုင်ခဲ့ပါ။ ပြည့်လျှံလာသော စိတ်လှုပ်ရှားမှုများကြောင့် စကားကို ဆက်ပြောရန်ပင် ခက်ခဲနေ၏။
မကြာသေးမီက စာရေးဆရာတစ်ယောက်ရရှိရန် သူ အပြင်းအထန် ကြိုးစားခဲ့ရသော်လည်း တစ်ယောက်မျှပင် မရခဲ့ပါ။ သူ့ကို တစ်ကြိမ်လောက် ယုံကြည်ပေးပါရန် သူ အကြိမ်ကြိမ် တောင်းပန်ခဲ့ဖူးသည်။
သို့သော် မည်သူမျှ အကြောင်းမပြန်ခဲ့ကြ။
စာအုပ်ရောင်းအားကောင်းသော စာရေးဆရာရော၊ ရောင်းအားမကောင်းသော စာရေးဆရာများပါ အကြောင်းပြချက် အမျိုးမျိုးဖြင့် သူ့ကို ငြင်းပယ်ခဲ့ကြသည်။ တဲဝမ်နောက်ကို လိုက်ပါလာရန် မည်သူမျှ အယုံအကြည် မရှိကြသေးပါ။
သို့သော်...
ယခုမူ သူ တောင်းဆိုစရာပင် မလိုဘဲ စာရေးဆရာတစ်ယောက်က သူ့ထံ ရောက်လာခဲ့သည်။
စာအုပ်ရေ အနည်းငယ်သာ ရောင်းရသော စာရေးဆရာ မဟုတ်တော့ဘဲ ထိပ်တန်းစာရင်းဝင် ဖြစ်လာသည့် စာရေးဆရာတစ်ယောက်၊ ထိုသို့သောသူက သူ၏လက်ရာအသစ်ကို ကိုင်ဆောင်ကာ သူ့အိမ်ရှေ့အထိ ရောက်လာခဲ့ခြင်း ဖြစ်သည်။
“ဒါ ကျွန်တော့်ရဲ့ ဝတ္ထုသစ်ပဲ။ ဖတ်ကြည့်ပြီး အကြံပြုချက် ပေးပါဦး။”
“စာရေးဆရာဟာ...”
တဲဝမ် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
တဲဝမ်သည် ဂျယ်ဂန်း၏ စရိုက်ကို သိထားသဖြင့် သူ အလုပ်ထွက်လိုက်သည့်ကိစ္စကို နှုတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်။ သူ့ကြောင့် ဂျယ်ဂန်း အကျိုးအမြတ်တွေ ဆုံးရှုံးသွားမှာကို သူ မလိုလားခဲ့ပါ။
“ကျွန်တော် ဒီအထိ ရောက်လာမှတော့ ဒီအတိုင်း ပြန်လို့ မဖြစ်ဘူးလေ။”
ဂျယ်ဂန်းက သူ၏ဖိနပ်ကြိုးကို ပြန်ချည်ရင်း ပြောလိုက်သည်။
“ခင်ဗျားဆီက အကြံပြုချက်ရပြီးမှပဲ ကျွန်တော် ပြန်မယ်။ စောစောအိပ်ရာဝင်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ကို မြန်မြန် ကူညီပေးရမှာပဲ။”
တဲဝမ်၏ မျက်ဝန်းအစုံမှာ ဖုန်းစခရင်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ သူ တိုးညှင်းစွာ ပြန်ဖြေလိုက်၏။
“အဲလိုပြောမှတော့ ကျွန်တော် မြန်မြန်ဖတ်ရတော့မှာပေါ့။ ဒါနဲ့ တကယ်ကို အမြန်ကြီး နောက်တစ်အုပ် ရေးလိုက်တာပဲ။”
“ဒီနှစ်ထဲမှာ ကျွန်တော် တော်တော်လေး စွမ်းဆောင်နိုင်နေတယ် ထင်တာပဲ။”
ဂျယ်ဂန်းက လမ်းတစ်ဖက်ကို ရင်း
“အယ်ဒီတာ၊ ကျွန်တော်လည်း ထမင်းမစားရသေးဘူး။ ခင်ဗျားလည်း မစားရသေးရင် ဟိုဘက်သွားရအောင်။ ပထမထပ်မှာ ကြက်ကြော်ဆိုင် ရှိတယ်။”
“ဟုတ်ပါပြီ စာရေးဆရာဟာ။ သွားကြစို့လေ။”
သူ ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူလည်း အာရုံစိုက်ပြီးဖတ်နိုင်ဖို့ နေရာတစ်ခု လိုအပ်သည် မဟုတ်ပါလား။
“ဘာစားချင်လဲ? စာရေးဆရာပဲရွေးလိုက်ပါ။”
“ကြက်ကြော်ဆိုရင်ရော ဘယ်လိုလဲ။ အဲဒါ ကောင်းပါတယ်။”
“ကျွန်တော်အတွက်လည်း အဆင်ပြေပါတယ်။”
“ဒီမှာ... ကြက်ကြော်တစ်ပွဲ... ပြီးတော့... အင်း...”
တဲဝမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး မေးလိုက်သည်။
“သောက်ဦးမလား။”
“ဟုတ်ကဲ့။”
“ဘီယာ နှစ်ခွက်ပေးပါ။”
ကြက်ကြော်မလာခင် ဘီယာနှစ်ခွက်က အရင်ရောက်လာသည်။
ဂျယ်ဂန်းက ဘီယာကို အသာအယာ စုပ်သောက်နေစဉ် တဲဝမ်က ဝတ္ထုကို စတင်ဖတ်ရှုတော့သည်။ သူ၏ မျက်ဝန်းအစုံမှာ နှစ်ပေါင်းများစွာကြာ အတွေ့အကြုံရှိထားသော အယ်ဒီတာတစ်ယောက်၏ စူးရှမှုကို ပြသနေ၏။
“ကြက်ကြော် ရပါပြီဗျာ။”
ဂျယ်ဂန်း ဘီယာတစ်ဝက်ခန့် သောက်ပြီးချိန်တွင် ကြက်ကြော် ရောက်လာသည်။
သို့သော် တဲဝမ်က ခေါင်းတစ်ချက်မျှ မမော့နိုင်သေးပဲ တဖြည်းဖြည်း သူ၏ဘီယာခွက်ထဲမှ အမြှုပ်များမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ဘီယာတစ်ခွက် ထပ်ပေးပါဦး။”
ဂျယ်ဂန်း နောက်တစ်ခွက် ထပ်မှာလိုက်သည်။ ထိုအချိန်တွင် တဲဝမ်က ဒုတိယစာအုပ်ကို စတင်ဖတ်နေပြီ ဖြစ်သည်။
မိနစ် ၃၀... ထို့နောက် တစ်နာရီ...
သူတို့နှစ်ဦးကြားတွင် မည်သည့်စကားမျှ ပြောဆိုခြင်း မရှိသေးပါ။
၂ နာရီခန့် ကြာပြီးနောက်...
“ဖတ်လို့ ပြီးပြီ။”
တဲဝမ်က ခေါင်းမော့ကြည့်ရင်း ပြုံးလိုက်သည်။ ဂျယ်ဂန်းက မျှော်လင့်ချက်တစ်ဝက်၊ စိုးရိမ်စိတ်တစ်ဝက်ဖြင့် ချက်ချင်း မေးလိုက်၏။
“ဘယ်လိုလဲ။ ကောင်းရဲ့လား။”
“ပထမဆုံး ပြောရရင်တော့... တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။”
တဲဝမ်၏ ပထမဆုံး စာကြောင်းကြောင့် ဂျယ်ဂန်း ရင်ခုန်သွားသည်။ ၎င်းမှာ ချီးကျူးစကားသက်သက်မှန်း သူ သိသည်။ တဲဝမ်သည် ပိုသာသည့်ချီးကျူးစကား ဘယ်သောအခါမျှ မပြောတတ်ချေ။
‘ပထမဆုံး? ဒါဆိုရင် အားနည်းချက်တွေ လာတော့မှာပေါ့။’
သိုင်းဝတ္ထုနှင့် ဖန်တစီလောကတွင် ဂျယ်ဂန်း အယုံကြည်ရဆုံးလူမှာ တဲဝမ် ဖြစ်သည်။
တဲဝမ်က လက်ညှိုး သုံးချောင်း ထောင်ပြလိုက်၏။
“ပြဿနာ ၃ ခု ရှိတယ်။”
“ဟာ... များလှချေလား။”
“ပေါ့ပေါ့ပါးပါးတစ်ခုကနေ အရင်စရအောင်။ ပထမတစ်ခုက နဂါးစီးသူရဲကောင်း ဆိုတဲ့ ခေါင်းစဉ်က သိပ်မကောင်းဘူး။ အဲဒီနာမည်နဲ့ စာအုပ်တွေ အများကြီး ရှိပြီးသားလေ။”
ဂျယ်ဂန်းသည် တဲဝမ်နှင့်အတူ ရယ်မောလိုက်မိသည်။ ၎င်းမှာ ကြီးမားသော ပြဿနာမဟုတ်ပေ၊ ပြန်ပြောင်းလိုက်ရုံသာ ရှိသည်။ ဂျယ်ဂန်းက ကျန်သည့် ပြဿနာများကို မေးလိုက်၏။
“ဒုတိယတစ်ခုကတော့... စာရေးဆရာ၊ ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှုက အခန်းလိုက် ဝယ်ယူဖတ်ရှုရတဲ့ ဝန်ဆောင်မှု ဆိုတာ သိတယ်မလား။”
“ဟုတ်ကဲ့၊ သိတာပေါ့။”
“အဲဒီစနစ်က စာလုံးရေ ၅,၅၀၀ လောက်ကို တောက်လျှောက် တင်ပေးရတာဗျ။ ဒါကြောင့် စက္ကူစာအုပ်တွေနဲ့ လုံးဝ မတူဘူး။ အခန်းတိုင်းမှာ အနှစ်ချုပ်အချက်လက်တွေ ပါရမယ်၊ ပြီးတော့ အခန်းဆုံးတဲ့အခါမှာ စာဖတ်သူတွေ နောက်တစ်ခန်းကို မဖတ်ရမနေနိုင်အောင် ဇာတ်လမ်းတွဲတွေလိုမျိုး စွဲဆောင်မှု ရှိရမယ်။”
“ဟုတ်ကဲ့၊ နားလည်ပါတယ်ဗျ။”
၎င်းကို သူ ပြင်ဆင်နိုင်သည်။ သူသည် ဇာတ်လမ်းတွဲများစွာကို ကြည့်ဖူးသဖြင့် ပြောင်းလဲနိုင်စွမ်းရှိသည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသည်။
“နောက်ဆုံးတစ်ခုကရော ဘာလဲဟင်။”
တဲဝမ် ချက်ချင်း အဖြေမပေးနိုင်ခဲ့ချေ။ ၎င်းမှာ တကယ်ကို ကြီးမားသော ကိစ္စဖြစ်သည်။ သူသည် ဘီယာကို တစ်ဝက်ခန့် ကုန်အောင် သောက်လိုက်ပြီးမှ ပြန်ဖြေလိုက်၏။
“ကျွန်တော့်ကို ကြယ်ပွင့်စာပေ ဘက်ကနေ စာရေးဆရာတွေကို မခေါ်သွားဖို့ သတိပေးထားတယ်။”
တဲဝမ်က အမှန်အတိုင်း ပြောလိုက်သည်။
ဒါက ဖုံးကွယ်ထားရမယ့် ကိစ္စမျိုး မဟုတ်တော့ပါ။
သူ့ကို ယုံကြည်ပြီး ရောက်လာခဲ့တဲ့ ဂျယ်ဂန်းအတွက် တဲဝမ်ဘက်မှလည်း အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ရှိဖို့ လိုအပ်သည်။ ထို့ကြောင့် တဲဝမ်က ဆက်ပြောလိုက်၏။
“ကြယ်ပွင့်စာပေ က ဆရာဟာ,ကို လက်လွှတ်မခံချင်ဘူး။ တကယ်လို့ ကျွန်တော်နဲ့ စာချုပ်ချုပ်လိုက်ရင် စာရေးဆရာဟာ,အတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်။”
“ဘယ်လို နစ်နာမှုမျိုးလဲ။”
“သူတို့ ဆရာဟာ့ရဲ့ မားကတ်တင်း ပိုင်းကို နှောင့်ယှက်ကောင်း နှောင့်ယှက်လိမ့်မယ်။”
တဲဝမ်က စကားကို ပြတ်ပြတ်သားသားပင် ဆိုလိုက်သည်။
“Munpia တို့ Zoayo တို့လို နေရာမျိုးမှာတော့ မားကတ်တင်း မလိုပါဘူး။ အဲဒီက စနစ်က မျှတတယ်။ ဇာတ်လမ်းကောင်းရင် စာဖတ်သူတွေ ဖတ်ကြမှာပဲ။”
“အင်း... ဟုတ်ပါတယ်။”
“ဒါပေမဲ့ တခြားနေရာတွေမှာကျတော့ အဲဒီလိုမဟုတ်ဘူး။ မားကတ်တင်းမပါရင် အကျိုးအမြတ် မရနိုင်တဲ့ နေရာတွေ အများကြီးပဲ။ တကယ့် ပိုက်ဆံအများကြီး ရတာက အဲဒီနေရာတွေကနေလေ...”
တဲဝမ်သည် အသက်ရှူဖို့ပင် မေ့နေသလား အောက်မေ့ရအောင် စကားကို အလွန်မြန်သောနှုန်းဖြင့် ပြောချင်ရာပြောပြီးနောက် ဘီယာကို ကုန်အောင် သောက်လိုက်သည်။
ဂျယ်ဂန်းက နောက်တစ်ခွက် ထပ်မှာပေးလိုက်၏။
“နဖူးစည်းစာတန်း ထိုးပေးဖို့ နေရာမရှိတာတို့... ဒါမှမဟုတ် တခြားမန်နေဂျာတွေရဲ့ ပရောဂျက် အစီအစဉ်တွေက အရမ်းကျပ်နေလို့ အချိန်မပေးနိုင်တာတို့... သူတို့ဘက်က အကြောင်းပြချက် အမျိုးမျိုး ပေးလာနိုင်တယ်။ ဒီလောကက လူတွေနဲ့ လုပ်ရတဲ့ အလုပ်ဆိုတော့ အဆက်အသွယ် ကောင်းဖို့က တကယ် အရေးကြီးတာ။ ပြီးခဲ့တဲ့ အပတ်ကလည်း တခြားကုမ္ပဏီတွေနဲ့ ရင်ဆိုင်ရတုန်းက ကျွန်တော် အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်။”
ထိုသို့ပြောရင်း တဲဝမ်က ခါးသီးစွာ ပြုံးလိုက်သည်။ သူတို့နှစ်ဦး စကားခေတ္တရပ်ကာ ဘီယာကို အရှိန်အဟုန်ဖြင့် သောက်နေမိကြ၏။
“ဟင်း... တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်က စာရေးဆရာဟာ့ကို ဝန်ထုပ်ဝန်ပိုးတွေပဲ ပေးနေသလို ဖြစ်နေပြီ။”
“မဟုတ်တာဗျာ၊ အဲလို မဟုတ်ပါဘူး။”
ဂျယ်ဂန်းက ခွက်ကို ချရင်း ပြန်ဖြေလိုက်သည်။ ယခုအခါ တဲဝမ်၏ အလှည့်ပြီးသွားပြီဖြစ်၍ ဂျယ်ဂန်းက ပြန်မေးရန် အလှည့်ရောက်ပြီဖြစ်သည်။
“ခင်ဗျားအတွက်ကော ဘယ်လိုလဲ။”
“ကျွန်တော့်အတွက်?”
“ခင်ဗျား ပြောသလိုပဲ၊ ဒါက ကျွန်တော့် ပြဿနာတစ်ခုတည်း မဟုတ်ဘူး။ ခင်ဗျားအတွက်လည်း ပြဿနာပဲ။ ခင်ဗျားရဲ့ စီမံခန့်ခွဲမှုကုမ္ပဏီက တိုက်ခိုက်တာ ခံရနိုင်တယ်ဆိုတာ သိလျက်နဲ့ ကျွန်တော်နဲ့ စာချုပ်ချုပ်နိုင်သေးရဲ့လား။”
“ချုပ်နိုင်တာပေါ့။”
တုံ့ဆိုင်းမှု အလျဉ်းမရှိချေ။
“တကယ်လို့ စီမံခန့်ခွဲမှုပိုင်းမှာ ကျရှုံးသွားရင်တောင် စာရေးဆရာဟာ,ကိုတော့ ကျွန်တော် ရအောင်ခေါ်မှာပဲ။ ဒါပေမဲ့ အဲလို ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဘာလို့လဲဆိုတော့...”
တဲဝမ်က ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။
“ဆရာဟာ ရဲ့ အရေးအသားက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလို့ပဲ။ စိတ်ဝင်စားဖို့ကောင်းတဲ့ လက်ရာတွေက အမြဲတမ်း အောင်မြင်တတ်စမြဲပဲ။ ဒါကတော့ သေချာပါတယ်။”
တဲဝမ်က ပြုံးရွှင်စွာဖြင့် အားပေးစကား ဆိုလိုက်သည်။ ဂျယ်ဂန်းလည်း လိုက်ပြုံးမိ၏။
“ကျွန်တော် အဆင့်များ စီးရီး ၃ အုပ်မြောက်နဲ့ လုပ်ချင်ခဲ့တဲ့ အခန်းလိုက်ရောင်းတဲ့စနစ်ကို အခု ဒီမှာပဲ လုပ်ဖြစ်တော့မှာပေါ့။ ကျေးဇူးတင်ပါတယ်ဗျာ။”
“မဟုတ်တာ၊ ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ။ ကျွန်တော် တကယ် အကောင်းဆုံး ကြိုးစားသွားမှာပါ။”
“ကျွန်တော်လည်း ကူညီပါ့မယ် အယ်ဒီတာ... မဟုတ်ဘူး၊ အခုတော့ အမှုဆောင်အရာရှိဒါမှမဟုတ် ဥက္ကဌ လို့ ခေါ်ရမှာပေါ့။ နည်းနည်းတော့ ထူးဆန်းသလိုပဲ။”
“ကြိုက်သလို ခေါ်ပါဗျာ။”
“ဒါနဲ့ ကုမ္ပဏီနာမည်က ဘာလဲဟင်။”
“ရယ်မောခြင်း စာပေ။ ကောင်းတာတွေပဲ ဖြစ်လာအောင်လို့လေ။ အပြုံးစာပေ ဆိုတာထက်စာရင် ပိုအသက်ဝင်တယ် မဟုတ်ဘူးလား။”
“အယ်ဒီတာရာ... ခင်ဗျားက ကျွန်တော့်ဝတ္ထု ခေါင်းစဉ်တွေကို မကောင်းဘူးလို့ ပြောမယ့်အစား ခင်ဗျားနာမည်ကိုပဲ အရင်ကြည့်ပါဦး။ KalKal စာပေလို့ ပေးလိုက်ရင်ကော?” (T/N: KalKal ဆိုတာမှာ ကိုရီးယားလို ဟားတိုက်ရယ်မော တယ်လို့အဓိပ္ပါယ်ပါ)
“ဘာလို့လဲ? ဒါက နာမည်ကောင်းလေးပါ။ ကျွန်တော့်မိန်းမ ပေးထားတာလေ။”
“ဪ... ဒါဆိုရင်တော့ တကယ်ကောင်းတဲ့ နာမည်ပဲဗျ။”
“ဝါး... ဒီ တုံ့ပြန်မှုကတော့။ ထားပါ... အခန်းလိုက်ရောင်းတဲ့စနစ်က အခုခေတ်စားနေတဲ့ အရာတစ်ခု ဖြစ်နေတာ အကြောင်းရှိတယ်။ အောင်မြင်သွားရင်တော့ အကျိုးအမြတ်က မယုံနိုင်စရာပဲနော်။”
“ဟုတ်ကဲ့၊ ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပါ။ ဒါနဲ့ ဘယ်ကနေ အရင်စကြမလဲ။”
“နာဗင်စတိုး ဒါမှမဟုတ် Munpia ကနေ စတာ ကောင်းမယ် ထင်တယ်။”
“နားလည်ပါပြီ ... ခွက်ချင်းတိုက်ရအောင်။”
“ဟုတ်ကဲ့ပါ ဆရာဟာ။”
အစားသောက်များနှင့် ဘီယာများက အေးစက်နေပြီဖြစ်သော်လည်း ဒါက သူတို့အတွက် ပြဿနာ မဟုတ်တော့ပေ။ ညဉ့်က ပို၍ ပို၍ နက်လာသော်လည်း ထိုလူနှစ်ဦးမှာတော့ သူတို့၏ စကားဝိုင်းကို မည်သည့်အချိန်တွင် ရပ်ရမည်မှန်း မသိနိုင်လောက်အောင် စိတ်အားထက်သန်နေကြတော့သည်။