အခန်း (၅၂)
Vol. 5 Ch. 52
ဒုံမီရဲ့ ဆုတောင်းတွေ ပြည့်ခဲ့ပါတယ်။
အောင်မြင်မှုက တစ်ရက်နှစ်ရက်နဲ့တင် ရပ်တန့်မသွားခဲ့ပါ။ နောက်ဆုံးမှာတော့ စာဖတ်သူတွေရဲ့ အာရုံစိုက်မှုကို အကြီးအကျယ် ရရှိခဲ့ပြီး ဝတ္ထုဟာ ထိပ်တန်း ၁၀ အုပ် စာရင်းထဲကို ဝင်သွားခဲ့သည်။ ထွက်ရှိပြီး တစ်ပတ်တောင်မပြည့်ခင်မှာတင် အကြီးအကျယ် အောင်မြင်သွားခဲ့တာပါ။
‘အသက်ရှူသံ’ ကို ဖတ်ရှုနေသူတွေထဲမှာ ဂျောင်ဂျင်း (Jongjin) တို့ ကုမ္ပဏီက ဝန်ထမ်းတွေတောင် ပါဝင်နေပါတယ်။
“မန်နေဂျာ... ထမင်းမစားသေးဘူးလား။”
ဂျောင်ဂျင်းက မန်နေဂျာ လီကို လှမ်းမေးလိုက်သည်။ အချိန်မှာ နေ့လယ် ၁၂ နာရီ ထိုးနေပြီဖြစ်သည်။ မန်နေဂျာလီက မော်နီတာရှေ့က မခွာဘဲ ပြန်ဖြေ၏။
“အေး... မင်းတို့ပဲ သွားစားကြတော့။ ငါက ဝတ္ထုဖတ်ရင်း စားဖို့ ထမင်းချိုင့် ပါလာတယ်။”
“ဝတ္ထု? သိုင်းဝတ္ထု နောက်တစ်ပုဒ် ထပ်ထွက်လို့လား။”
ဂျောင်ဂျင်းက မေးရင်း အနားသို့ တိုးသွားလိုက်သည်။ မန်နေဂျာလီသည် သူ၏နေ့လယ်စာဗူးကို ဖွင့်နေသော်လည်း မျက်လုံးကတော့ မော်နီတာပေါ်ကနေ ခွာမရဖြစ်နေသည်။
“ဒါ ဘာလဲ... အသက်ရှူသံ? ဖန်တစီလား။”
ဂျောင်ဂျင်းက ခေါင်းစဉ်ကို ကြည့်ပြီး ခေါင်းကုတ်လိုက်မိသည်။
“မန်နေဂျာက ဖန်တစီ မဖတ်ဘူး မဟုတ်လား။”
“အေး... ဒါပေမဲ့ ပျမ်ချွမ်ယု ရဲ့ လက်ရာဆိုရင်တော့ ဘာဖြစ်ဖြစ် ဖတ်တယ်။”
“ဗျာ? ဘယ်သူလဲ။”
“ပျမ်ချွမ်ယု လေ။ အဆင့်များ စီးရီး ရေးတဲ့ စာရေးဆရာလေ။ သူ့ရဲ့ ဝတ္ထုသစ်က စာအုပ်နဲ့ ထွက်တာမဟုတ်ဘဲ အခန်းလိုက် ဝယ်ဖတ်ရတဲ့ စနစ်နဲ့ ထွက်တာ။ ငါက စာအုပ်နဲ့ ဖတ်ရတာ ပိုကြိုက်ပေမဲ့ ဒါလည်း မဆိုးပါဘူး။”
ဂျောင်ဂျင်း၏ မျက်နှာတွင် အံ့ဩမှုကို ဖုံးကွယ်မရတော့ပေ။
“...!”
အတွေးပေါင်းစုံက သူ့ခေါင်းထဲ စီးဝင်လာသည်။ ဖန်တစီ ဝတ္ထုသစ်တဲ့လား။ ဂျောင်ဂျင်းကတော့ ဂျယ်ဂန်းကို ကာရာအိုကေဆိုင်က အကူမိန်းကလေးအကြောင်း ဝတ္ထုတို ရေးနေတယ် ထင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်လမ်းကို သူ လက်လျှော့လိုက်ပြီလားဟုလည်း တွေးမိ၏။
“ကဲပါ... သွားစားကြတော့။”
“အာ... ဟုတ်ကဲ့... ဟုတ်ကဲ့။”
ဂျောင်ဂျင်း အပြင်ရောက်သည်နှင့် ဂျယ်ဂန်းဆီသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ဖုန်းခေါ်သံ အကြာကြီး မြည်ပြီးနောက်တွင်မှ ဂျယ်ဂန်း ဖုန်းကိုင်၏။
“... အာ... ဂျောင်ဂျင်း။”
“အိပ်နေတာလား။ ဆောရီး၊ ဆက်အိပ်လိုက်ပါဦး။ နောက်မှ ပြန်ခေါ်မယ်။”
“မဟုတ်တာ၊ အဆင်ပြေပါတယ်။ ထရမယ့် အချိန်လည်း ရောက်နေပြီပဲ။ ဘာကိစ္စလဲ။”
“အေး... ဒါနဲ့ မင်း ဖန်တစီ ဝတ္ထုသစ် တင်လိုက်တာလား။ အသက်ရှူသံ ဆိုတာလေ။”
“သိတာ မြန်လှချေလား။ ဟုတ်တယ်၊ မင်းတော့ ဖတ်မှာ မဟုတ်လောက်ပါဘူး။ ဟို မန်နေဂျာကြီးပဲ မလား။”
“ဝါး... ကွက်တိပဲ။ ဟုတ်တယ်၊ မန်နေဂျာက မင်းရဲ့ ဇာတ်လမ်းကို ဖတ်ရင်း ထမင်းစားနေတာဗျာ။ သိုင်းဝတ္ထုကိုစာအုပ်လိုက်ပဲ ဖတ်တဲ့လူကို မင်း ဘယ်လိုများ ဖမ်းစားလိုက်တာလဲ။”
“ငါကတော့ ပုံမှန်အတိုင်း ရေးတာပါပဲ။ မင်းရဲ့ မန်နေဂျာက ငါ့စာတွေကို ဖတ်ပေးလို့ ကျေးဇူးတင်ရမှာပေါ့။”
“ဒါနဲ့ ဟို ကာရာအိုကေဆိုင်က အကူမိန်းကလေးအကြောင်း ဇာတ်လမ်းကရော ဘာဖြစ်သွားလဲ။ အဲဒါကို ရပ်လိုက်ပြီလား။”
“ဪ... အဲဒါလည်း ရေးပြီးပြီ၊ ပြိုင်ပွဲအတွက်လည်း ပို့ပြီးသွားပြီ။”
“တကယ်လား။ ဘာပြိုင်ပွဲလဲ။”
“ငါ ဆုရရင် ပြောပြမယ်။ ငါ ဘာမှမပြောရင် ရှုံးသွားတယ်လို့ပဲ မှတ်လိုက်တော့။”
“အိုကေ... နားလည်ပြီ။ ဒါပေမဲ့ မင်း စာရေးတာ တကယ်မြန်လွန်းတယ်။ ဒီနှစ်ထဲမှာ မင်း ဘယ်လောက်တောင် ရေးလိုက်ပြီလဲ။ ကျန်းမာရေးကော ဂရုစိုက်ရဲ့လား။ ငါ စိုးရိမ်လို့ပါ။”
“အဆင်ပြေပါတယ်။”
“ဒါဆိုလည်း ထမင်းစားလိုက်ဦး။”
“ကျေးဇူးပဲ၊ မင်းလည်း စားလိုက်ဦးနော်။ နောက်မှ တွေ့မယ်။”
တီ!
ဂျယ်ဂန်း ဖုန်းကို ချလိုက်ပြီး အိပ်ရာထဲတွင် ကိုယ်ကို တစ်ချက် လှည့်လိုက်သည်။ ကြောင်မလေး ရီခါက သူ့ရှေ့တွင် လဲလျောင်းနေ၏။ သူမက ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများဖြင့် သူ့ကို လှည့်ကြည့်သည်။
“နိုးပြီလား။ ငါလည်း မသိလိုက်ဘဲ အိပ်ပျော်သွားတာ။ ရာသီဥတုကြောင့် နေမယ်။”
ကောင်းကင်မှာ အုံ့မှိုင်းနေသည်။ ဂျယ်ဂန်း စောင်ကို ဖယ်ကာ ထရပ်လိုက်သည်။ ရီခါလည်း လိုက်ထ၏။
“ငါ နည်းနည်းတော့ နားသင့်ပြီ ထင်တယ်။ အခုဆို အခန်းပေါင်း ၁၀၀ လောက် ရေးပြီးပြီပဲ။ စာအုပ် ၄ အုပ်စာလောက် ရှိပြီ။”
ဂျယ်ဂန်းက ရီခါကို ချီမလိုက်ပြီး မေးလိုက်သည်။ ရီခါက ရုန်းထွက်ရန် ကြိုးစားသော်လည်း သူက ပို၍ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။
“ဟင့်အင်း... ရပါတယ်။ ငါ ဆက်ရေးမှာပါ။ အခုက အခန်းလိုက်ရောင်းတဲ့ စနစ်ဆိုတော့ ငါ ကြိုက်သလို ရေးလို့ ရတာပဲ။ မြန်မြန် ဇာတ်သိမ်းပေးလိုက်တာက ပိုကောင်းတယ် မဟုတ်လား။”
“မြောင်...!”
“မင်းက ငါ့ကို အဲလောက်တောင် မုန်းတာလား။ ကဲ... သွားတော့။”
ဒေါင်... ဒေါင်!
သူ ရီခါကို ကြမ်းပြင်ပေါ် ချပေးလိုက်စဉ် လူခေါ်ဘဲလ်သံ မြည်လာသည်။ ဂျယ်ဂန်းက ရှေ့တံခါးဆီ သွားရင်း လှမ်းမေးလိုက်၏။
“ဘယ်သူလဲခင်ဗျ။”
“တံခါးဖွင့်စမ်း၊ ဒီကောင်လေး။”
“အစ်မ?”
ဂျယ်ဂန်း ချက်ချင်း တံခါးဖွင့်လိုက်သည်။ အစ်မဖြစ်သူ ဂျယ်အန်းက အစားအသောက် အိတ်တွေကို ကိုင်ပြီး ရပ်နေ၏။
“လာမှာဆိုလည်း ဘာလို့ ဖုန်းမဆက်တာလဲ။ ဘာတွေလဲ အဲဒါတွေက။”
ဂျယ်ဂန်းက အိတ်တွေကို ကူသယ်ပေးရင်း အထဲသို့ ဝင်လာခဲ့ပါတော့သည်။
ဂျယ်အန်းသည် သူမ၏ ဘွတ်ဖိနပ်များကို ချွတ်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။
“မင်းကို အံ့သြသွားအောင် လုပ်မလို့လေ။ နိုးကတည်းက ဘာမှ မစားရသေးဘူးမလား? ငါ သိနေတယ်...”
“ကျွန်တော် နိုးတာ ၁၀ မိနစ်ပဲ ရှိသေးတာကို။”
“ဒါက ကြွားနေတာလား? နေတောင် ဝင်တော့မယ်လေ။”
“မိုးအုံ့နေတာပဲ၊ ဘယ်က နေကို မြင်နေလို့လဲ။”
ဂျယ်ဂန်းက စကားနာထိုးနေသော်လည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် ပျော်နေမိသည်။ အဝေးကြီးကနေ လာတွေ့တဲ့ အစ်မဖြစ်သူကို မြင်ရတာ ဝမ်းသာစရာပင်။
“ရှာဗူးရှာဗူး (Shabu-shabu - ဒါတော့မသိတော့ဘူး TwT) လုပ်ကျွေးမယ်၊ ဟုတ်ပြီလား?”
ဂျယ်အန်းက သူမ၏ ကုတ်အင်္ကျီကို ချွတ်ရင်း မေးလိုက်သည်။ ကန့်ကွက်စရာ လုံးဝမရှိပါ။ သူ၏ အစ်မဖြစ်သူက ဟင်းချက်ရာတွင် အလွန်တော်သူဖြစ်သည်။ မည်သည့် စားသောက်ဆိုင်မှ သူမ၏ လက်ရာကို မမှီနိုင်ချေ။
“မိနစ် ၂၀ လောက် ကြာမယ်။ မင်း သွားပြင်ဆင်ချေ။”
“ဟုတ်ကဲ့။”
“ပြီးတော့ အဲဒီ မုတ်ဆိတ်မွေးတွေကို ရိတ်လိုက်ဦး။ ပင်လယ်ဓားပြကြီး ကျနေတာပဲ။ သန့်သန့်ပြန့်ပြန့် နေစမ်းပါ။”
“ဟုတ်ကဲ့ပါဗျာ၊ သိပါပြီ။”
ဂျယ်ဂန်း ရေချိုးခန်းထဲ ဝင်သွားစဉ် ဂျယ်အန်းက ဟင်းချက်ရန် ပြင်ဆင်တော့သည်။ သူ ရေချိုးပြီး ထွက်လာသောအခါ မီးဖိုချောင်ထဲတွင် ဟင်းချက်စရာ အမယ်စုံဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
“ကြမ်းပြင်ကို ခဏ သန့်ရှင်းရေး လုပ်ပေးရမလား။”
“အင်း... လုပ်လိုက်လေ။ ဟင်းရည်ကလွဲလို့ ကျန်တာ ပြင်ဆင်စရာ သိပ်မရှိတော့ဘူး။”
မကြာခင်မှာပင် စားပွဲပေါ်တွင် ဟင်းလျာများ ခင်းကျင်းပြီးသွားသည်။ ဟင်းအိုး ဘေးပတ်လည်တွင် ဟင်းသီးဟင်းရွက်များနှင့် အသားများ ဝန်းရံထား၏။
“ငါလည်း စားမှာနော်။ မင်း ဘယ်လောက်စားလဲဆိုတာ ကြည့်မယ်။ တစ်ခုမှ မကျန်စေနဲ့။”
ဂျယ်ဂန်း မြည်းကြည့်လိုက်သည်။ အစ်မဖြစ်သူ၏ လက်ရာမှာ တကယ့်ကို ထူးကဲလှသည်။
“တကယ် ကောင်းတယ်နော်။”
“အသားတွေ အများကြီးစား၊ ဟင်းသီးဟင်းရွက်တွေလည်း အများကြီးစားဦး။”
သူမ စိတ်မပျက်စေရန် ဂျယ်ဂန်း အားရပါးရ စားလိုက်သည်။ ဂျယ်အန်းက ကျေနပ်သည့် အမူအရာဖြင့် သူ့ပန်းကန်ထဲသို့ အသားနှင့် ဟင်းသီးဟင်းရွက်များကို ထပ်ကာထပ်ကာ ထည့်ပေးနေ၏။
“အဖေနဲ့ အမေကော ဘယ်လိုလဲ။”
ဂျယ်ဂန်းက မေးလိုက်သည်။ သူတို့ မောင်နှမနှစ်ယောက်ကြားတွင် အဖေနှင့်အမေကို ခေါ်ဝေါ်ပုံချင်း ကွာခြားနေဆဲပင်။ (မူရင်းထရန်နုတ်: အဖေကို ပို၍ လေးနက်သော အခေါ်အဝေါ်ဖြင့် ခေါ်ဆိုခြင်း ဖြစ်သည်)
“ထူးထူးခြားခြားတော့ မရှိပါဘူး။ ဒါပေမဲ့ အမေကတော့ စိတ်ပူနေတုန်းပဲ။ မင်း ကောင်းကောင်းစား၊ ကောင်းကောင်းနေရဲ့လားဆိုတာ သူ မသိရဘူးလေ။ ဒါကြောင့် ငါ့ကို လာကြည့်ခိုင်းလိုက်တာ။”
ဂျယ်အန်းက သူ့ပါးကို ဆွဲညှစ်ရင်း ရယ်မောလိုက်သည်။
“မင်းကတော့ ရယ်ရတယ်နော်။ ကဲ... အခုဆို ရုံးပိတ်ရက်တွေ နီးနေပြီ။ အိမ်ကို တစ်ခေါက်လောက်တော့ ပြန်လာသင့်တယ်လေ။”
“မဖြစ်နိုင်သေးဘူး။”
“ဘာလို့လဲ။”
ဂျယ်ဂန်း ဘာမှပြန်မပြောဘဲ အသားဖက်ကိုသာ ဝါးနေမိသည်။ ဂျယ်အန်းလည်း ထပ်မမေးတော့ပါ။ ဂျယ်ဂန်းနှင့် အဖေဖြစ်သူတို့ကြားက ခက်ခဲသော ဆက်ဆံရေးကို သူမ သိထားသည်။ ထို့အပြင် သူမတွင်လည်း အဖေဖြစ်သူကို ဖျောင်းဖျနိုင်စွမ်း မရှိချေ။
“အိမ်ဝယ်ဖို့ ပိုက်ဆံရတဲ့အထိ စောင့်ပါဦး။”
...
“အိမ်?”
ဂျယ်အန်းက အံ့သြတုန်လှုပ်သော မျက်နှာဖြင့် ကြည့်လိုက်သည်။
“ဘာအိမ်လဲ?”
“အရင်က ပြောဖူးတယ်လေ။ အိမ်ငှားမနေတော့ဘဲ အိမ်တစ်လုံးဝယ်ပြီး ပြောင်းကြရအောင်လို့။ တိုက်ခန်းမဟုတ်ဘဲ သီးသန့်အိမ် ဝယ်မှာ။ ဘာလို့ အဲလောက် အံ့သြနေတာလဲ?”
ဂျယ်အန်း ဘာမှပြန်မပြောနိုင်ဘဲ မျက်တောင်တဖျတ်ဖျတ် ခတ်နေမိသည်။ အိမ်တစ်လုံး၏ တန်ဖိုးမှာ မည်မျှကြီးမားကြောင်း လူတိုင်းသိကြသည် မဟုတ်ပါလား။
ဂျယ်ဂန်းကတော့ ဘာမှမဖြစ်သလို ဆက်ပြောလိုက်သည်။
“အခုနေနေတဲ့ ဗီလာက စပေါ်ငွေကို ပြန်ထုတ်မယ်၊ ပြီးတော့ အရင်က ကျွန်တော် ပေးထားတဲ့ ပိုက်ဆံတွေလည်း ရှိတယ်လေ။ ဒီစာအုပ်အသစ်ကနေ ရမယ့် ပိုက်ဆံသာ ရလိုက်ရင် အခုချက်ချင်း အိမ်ဝယ်လို့ ရပြီ။ အခန်း ၄-၅ ခန်းလောက်ပါတဲ့ အိမ်ကြီးကြီးပေါ့။”
“အဲလောက်ကြီးလား?”
ဂျယ်အန်း ဆွံ့အသွားသည်။ ထိုကဲ့သို့ အိမ်မျိုးအတွက် အနည်းဆုံး ဒေါ်လာ ၅၀၀,၀၀၀ (သိန်း ၅,၀၀၀ ခန့်) လိုအပ်ပေလိမ့်မည်။ ဆိုးလ်မြို့က အိမ်ဈေးတွေနဲ့ ယှဉ်ရင်တော့ သက်သာသည်ဟု ဆိုနိုင်သော်လည်း သာမန်လူတစ်ယောက်အတွက်တော့ အလှမ်းဝေးလွန်းလှသည်။
“ဟိုလေ... အမေတို့ ဆံပင်ညှပ်ဆိုင်ဘေးက အိမ်နဲ့ ပန်းခြံဘေးက အိမ်ကို သိတယ်မလား။”
“အင်း... သိတာပေါ့။”
မသိဘဲ မနေနိုင်ပေ။ သူမ အဲဒီနားကို ခဏခဏ သွားဖူးသည်။ ၎င်းမှာ ၂ ထပ်အိမ်ဖြစ်ပြီး ဆောက်လုပ်ပြီးသည်မှာ ၅ နှစ်ခန့်သာ ရှိသေး၏။
“ကျွန်တော် ရှာကြည့်တော့ အဲဒီအိမ်က ရောင်းမယ်လို့ တက်လာတယ်။ အဲဒါဆိုရင် အဆင်ပြေမယ် ထင်တယ်။ သူများတွေ မဝယ်သွားဖို့ပဲ ဆုတောင်းရမှာပဲ။”
အဲဒီအိမ်ကြီးထဲမှာ သူ့မိဘတွေ နေထိုင်နေတာကို ဂျယ်ဂန်း မြင်ယောင်နေမိသည်။ အမေက ပန်းပင်လေးတွေ စိုက်ပျိုးနေပြီး အဖေကတော့ စာအုပ်တွေကို အေးအေးဆေးဆေး ဖတ်ရှုနေမည့် ပုံရိပ်မျိုး။
“အဲဒါ... အဲဒါ ဘယ်လောက် ပေးရမှာလဲ။”
ဂျယ်အန်းက တိုးညှင်းစွာ မေးလိုက်သည်။ ဂျယ်ဂန်းက ချက်ချင်းပင် ပြန်ဖြေ၏။
“သေချာတော့ မသိသေးဘူး။ ဒေါ်လာ ၅၀၀,၀၀၀ လောက် ရှိမယ် ထင်တယ်။”
“ဈေးကြီးလိုက်တာ!”
“မပူပါနဲ့။ တစ်နှစ်အတွင်း ကျွန်တော် အဲဒီပိုက်ဆံကို ရှာနိုင်မှာပါ။”
“တစ်နှစ်အတွင်း?!”
သူမသည် သူမမောင်လေး၏ ယုံကြည်ချက်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။
ဂျယ်ဂန်း ပေးထားသော ပိုက်ဆံနှင့် ဗီလာစပေါ်ငွေအားလုံး ပေါင်းလိုက်လျှင်ပင် ဒေါ်လာ ၁၅၀,၀၀၀ (သိန်း ၁,၅၀၀ ခန့်) သာ ရှိသေးသည်။ ကျန်သည့် ဒေါ်လာ ၄၀၀,၀၀၀ ကို တစ်နှစ်အတွင်း ရှာမည်တဲ့လား။
သို့သော် ၎င်းမှာ အခြေအမြစ်မရှိသော ယုံကြည်ချက်တော့ မဟုတ်ပေ။ ဂျယ်ဂန်းသည် ယခင်စာအုပ်များမှ ရရှိသော ပိုက်ဆံအမြောက်အမြားကို မိသားစုထံ ပေးအပ်ခဲ့ဖူးသည်။ သို့သော်လည်း ယခုပမာဏမှာ များလွန်းလှသဖြင့် ထိုငွေကို ရရန်အတွက် သူကိုယ်သူ အပင်ပန်းခံလွန်းပြီး ကျန်းမာရေး ထိခိုက်မည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
“အိမ်ဝယ်ပြီးရင် အစ်မအတွက်လည်း စီစဉ်ပေးဦးမှာ။”
“ဘာ... ဘာကိုလဲ။”
“အစ်မအတွက် ကျူရှင်သင်တန်းကျောင်း တစ်ခု ဆောက်ပေးမယ်။”
ဂျယ်အန်း မျက်လုံးအပြူးသား ဖြစ်သွားသည်။ သူမ၏ လက်ရှိအလုပ်မှာ အိမ်တိုင်ရာရောက် လိုက်လံသင်ကြားပေးရသော ကျူရှင်ဆရာမ ဖြစ်သည်။ ကားမောင်းလိုင်စင်ရော ကားပါ မရှိသဖြင့် အိမ်အနှံ့ လိုက်သင်ရသည်မှာ အလွန်ပင်ပန်းလှသည်။
“စောင့်ကြည့်နေလိုက်။ အစ်မကို ကျောင်းအုပ်ကြီး ဖြစ်စေရမယ်။ ဘာလဲ... ကျွန်တော့်ကို မယုံဘူးလား?”
ဂျယ်အန်းသည် ငိုချင်သလို မျက်နှာပေးဖြင့် လက်ခါပြလိုက်သည်။
“မဟုတ်ဘူး၊ ယုံပါတယ်။ မင်းက တကယ် တော်တာပဲ။ ဒါပေမဲ့ ငါက စိုးရိမ်လို့ပါ။”
ဂျယ်အန်း၏ လက်နှစ်ဖက်က ဂျယ်ဂန်း၏ ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်သည်။
“အရမ်းကြီး မကြိုးစားပါနဲ့။ ရည်မှန်းချက်က အရမ်းကြီးလွန်းရင် စိတ်ပျက်ရတာလည်း ကြီးတတ်တယ်။ အလျင်မလိုပါနဲ့။”
“သိပါတယ်ဗျာ။”
“ပြီးတော့ ကျန်းမာရေးက ပိုက်ဆံထက် ပိုအရေးကြီးတယ်။ မင်းသာ သေသွားရင် စာတွေ ဘယ်လို ရေးမလဲ။”
“အား... စိတ်ညစ်လိုက်တာ။ မပြောခဲ့မိရင် ကောင်းသား။”
“ကတိပေးစမ်းပါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်ဆိုတာ။”
ဂျယ်အန်းက သူမ၏ လက်သန်းလေးကို ထောင်ပြလိုက်သည်။ ဂျယ်ဂန်းက ကိုယ်ကို နောက်ဆုတ်လိုက်ရင်း...
“ဒါကြီးတော့ မလုပ်ပါနဲ့ဗျာ။ ကျွန်တော့်အသက် ၂၇ ရှိနေပြီ။”
“ဂရုမစိုက်ဘူး။ မြန်မြန်လုပ်။”
ဂျယ်အန်းက မျက်မှောင်ကြုတ်ပြလိုက်သဖြင့် ဂျယ်ဂန်းလည်း နောက်ဆုံးတွင် လက်သန်းချင်း ချိတ်လိုက်ရတော့သည်။
“ကတိ။”
“ဟူး...”
“လက်မချင်းလည်း ထပ်ဦး။”
“အား... တကယ်ပဲ...!”
“လုပ်ဆို လုပ်စမ်းပါ။”
“ပြီးပြီလား?”
“အေး... ရပြီ။”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ သိပါပြီဗျာ။”
ထိုအခါမှသာ ဂျယ်ဂန်း လွတ်မြောက်သွားတော့သည်။ ဂျယ်အန်းက ပြုံးလိုက်ပြီး ဟင်းရည်တွေကို ပြန်ဖြည့်ပေးလိုက်၏။
“ကဲ... ဒါနဲ့ ဟို ဆူဟီး ဆိုတဲ့ ကောင်မလေးကော ဘယ်လိုလဲ?”
ဂျယ်ဂန်း တိတ်ဆိတ်သွားသည်။ ဒီလိုမေးခွန်းမျိုး အမေးခံရလိမ့်မည်ဟု သူ ကြိုသိနေခဲ့သည်။
“ဟင်? တွေ့ဖြစ်ကြသေးလား။”
“တစ်ခါတလေပေါ့။”
“ဟုတ်လား?”
“မနေ့ကလည်း တွေ့ခဲ့ပါတယ်။ ကျွန်တော့်မှာလည်း အလုပ်ရှိသေးတယ်လေ။”
“သွားတွေ့ပါ၊ သူက မိန်းမကောင်းလေး။”
“ကျွန်တော့်အကြောင်းထက် အစ်မအကြောင်းပဲ စိတ်ပူစမ်းပါ။”
“သူ့ကို အိမ်ကိုလည်း တစ်ခါတလေ ခေါ်လာဦးလေ၊ ဟုတ်ပြီလား?”
တီ... တီ!
ဂျယ်ဂန်း၏ ဖုန်း တုန်ခါလာသည်။ အယ်ဒီတာ တဲဝမ်ဆီမှ ဖုန်းခေါ်ဆိုမှု ဖြစ်သည်။ ဂျယ်ဂန်း မျက်နှာတောက်ပသွားပြီး ဖုန်းကိုင်လိုက်၏။
“ဟုတ်ကဲ့၊ အယ်ဒီတာ... မဟုတ်ဘူး၊ ဥက္ကဌ။”
“ကြိုက်သလို ခေါ်ပါဗျာ။ ထမင်းစားပြီးပြီလား။”
“ဟုတ်ကဲ့၊ စားပြီးပြီ။ ခင်ဗျားကော?”
“ကျွန်တော်လည်း စားပြီးပြီ။ အခကြေးငွေနဲ့ ဖတ်ရမယ့် အခန်းတွေ အကြောင်း ပြောချင်လို့။”
“အခကြေးငွေနဲ့ ဖတ်ရမယ့် အခန်းတွေ? စောသေးတယ် မဟုတ်လား။ အခုမှ အခန်း ၂၀ ပဲ ရှိသေးတာကို။”
“အခုချက်ချင်း မဟုတ်ပါဘူး၊ နောက်အပတ် သောကြာနေ့မှ။ တစ်နေ့ကို နှစ်ခန်းနှုန်းနဲ့ဆိုရင် အဲဒီအချိန်ကျ အခန်း ၃၀ လောက် ဖြစ်သွားလိမ့်မယ်။ လိုက်ခ် ပေးတဲ့အရေအတွက်ကလည်း ၁၀,၀၀၀ ကျော်သွားလိမ့်မယ်။ ဝက်ဘ်ဆိုက်ရဲ့ ပင်မစာမျက်နှာမှာလည်း ကြော်ငြာ ထည့်ပေးမယ်။ အဲဒီအချိန်ကျမှ စလုပ်ကြတာပေါ့။”
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျ။”
“မဟုတ်တာဗျာ၊ ဒါက ရယ်မောခြင်းစာပေ ရဲ့ ပထမဆုံး ပရောဂျက်ပဲ။ စာရေးဆရာက ကျွန်တော်တို့ရဲ့ ဦးစားပေးပဲလေ။ အဆင်ပြေသွားမှာပါ။ ကျွန်တော့်ကို ယုံလိုက်။”
“ခင်ဗျား အဲလိုပြောမှပဲ စိတ်အေးရတော့တယ်။”
ဂျယ်အန်းက သူမမောင်လေးကို စူးစမ်းစွာ ကြည့်နေသည်။ သူ ဖုန်းချလိုက်သည်နှင့် သူမက မေးတော့သည်။
“ဝတ္ထုသစ်အကြောင်းလား? အခကြေးငွေနဲ့ ဖတ်ရတဲ့စနစ်ဆိုတာ ဘာလဲ။”
ဂျယ်ဂန်းက သူမကို အခြေခံကိစ္စလေးတွေ ရှင်းပြလိုက်သည်။ ဂျယ်အန်းက ခေါင်းညိတ်ရင်း...
“အဆင်ပြေမှာပါ။ ငါ ခဏခဏ ပြောသလိုပဲ၊ တဲဝမ်ကို ငါ ယုံတယ်။ သူက အရည်အချင်းရှိတဲ့သူဆိုတော့ အောင်မြင်အောင် လုပ်နိုင်မှာပါ။”
“ကျွန်တော်လည်း အဲလိုပဲ ထင်ပါတယ်။ ကဲ... စားကြရအောင်။ ဟင်းတွေ အများကြီး ကျန်သေးတယ်။”
“အိုကေ။ စားကြမယ်။ ငါ တကယ် အားရပါးရ စားတော့မယ်နော်။”