အခန်း (၅၃)
Vol. 5 Ch. 53
“ဟူး...!”
နောက်တစ်ပတ်အကြာ သောကြာနေ့ နေ့လယ်ခင်းတွင်ဖြစ်သည်။
ဒုံမီ စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း ကော်ဖီသောက်နေသည်။ သူမ ဝရန်တာဘက်သို့ ထွက်ကာ လေညင်းခံရင်း ရင်ခုန်သံတွေကို လျှော့ချရန် ကြိုးစားနေခြင်းလည်းဖြစ်၏။
ယနေ့သည် ‘အသက်ရျူသံ’ ၏ အခပေးအခန်းများ စတင်တင်သည့် နေ့ဖြစ်သည်။
“မကြည့်ဘူး... မကြည့်ဘူး... မနက်ဖြန်မှပဲ စစ်တော့မယ်။”
ဒုံမီသည် မိမိကိုယ်ကိုယ် အားပေးရင်း ရေရွတ်လိုက်သည်။
အခန်း ၁ မှ ၂၅ အထိကို အခမဲ့ပေးထားပြီး အခန်း ၂၆ မှ ၁၀၀ အထိကိုတော့ တစ်ခန်းလျှင် ၁၀ ဆင့် (၁၂၀ ကျပ်ခန့်) နှုန်းဖြင့် ရောင်းချခြင်း ဖြစ်သည်။ ယနေ့မှာ ပထမဆုံးရက် ဖြစ်သောကြောင့် သူမသည် အခပေးအခန်း ၅ ခန်းကို တစ်ပြိုင်နက် အပ်ဒိတ်တင်ပေးခဲ့သည်။
စုစုပေါင်း အခန်း ၃၇ ခန်းအထိ ရှိသွားပြီဖြစ်ပြီး ဝတ္ထုသည် ယခုအခါ ဈေးကွက်ထဲသို့ တရားဝင် ရောက်ရှိသွားပြီဖြစ်သည်။
“အာ... လုပ်စရာ ဘာမှမရှိတော့ဘူးလား။ သန့်ရှင်းရေးလည်း ပြီးပြီ၊ ထမင်းလည်း စားပြီးပြီ။”
ဒုံမီသည် အာရုံလွှဲရန် တစ်ခုခုကို လိုက်ရှာနေသော်လည်း ဘာမှ ရှာမတွေ့ပေ။ ထို့ကြောင့် တီဗီဖွင့်ကာ ဟောလိဝုဒ် စူပါဟီးရိုးကားတစ်ကားကို ထိုင်ကြည့်နေလိုက်သည်။
“မကောင်းပါဘူး...”
ပုံမှန်ဆိုလျှင် သူမ ကြိုက်နှစ်သက်မည့် ကားမျိုးဖြစ်သော်လည်း ယခုမူ စိတ်ထဲတွင် ဘာမှမခံစားရပေ။ နောက်ဆုံးတွင် သူမ တီဗီပိတ်လိုက်ပြီး ကွန်ပျူတာရှေ့မှာ ပြန်ထိုင်လိုက်သည်။ အချိန်ကုန်မြန်အောင် တစ်ခုခု လုပ်ရမည်။
“အို... တစ်နာရီပဲ ရှိသေးတာလား?”
အချိန်ကို ကြည့်ရင်း ဒုံမီ သက်ပြင်းချလိုက်သည်။ အချိန်တွေက တရွေ့ရွေ့နှင့် အလွန်နှေးကွေးနေသလိုပင်။
“အား... မရတော့ဘူး။ ငါ ကြည့်နေလို့လည်း တက်မလာဘဲ နေမှာမှ မဟုတ်တာ။”
သူမ ဆက်လက်အောင့်ထားနိုင်စွမ်း မရှိတော့ပေ။ ‘အသက်ရျူသံ’ ပြသထားသည့် စာမျက်နှာကို သူမ ဖွင့်လိုက်သည်။
ထို့နောက်... သူမ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
“ဘယ်လိုလုပ်ပြီး...!”
ဒုံမီသည် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။ အံ့ဩလွန်းသဖြင့် သူမ၏ မျက်ဝန်းအစုံမှာ စခရင်ပေါ်မှ စာမျက်နှာကို စိုက်ကြည့်နေမိ၏။
“တစ်နာရီအတွင်းမှာတင်... ၃,၀၀၀ ကျော်သွားတာလား?!”
အခပေးအခန်းအားလုံး၏ ကြည့်ရှုနှုန်းမှာ ၃,၀၀၀ ကျော်နေပြီဖြစ်သည်။ အခမဲ့ပေးထားရာမှ အခပေးစနစ်သို့ ပြောင်းလိုက်သော အခန်းဟောင်းများပင်လျှင် ကြည့်ရှုနှုန်း ၁,၀၀၀ ကျော်နေပြီ ဖြစ်၏။
‘ဒီနှုန်းအတိုင်းဆိုရင်... တစ်ရက်တည်းနဲ့ ၁၀,၀၀၀ ပြည့်တော့မှာပဲ!’
၁၀,၀၀၀ ဆိုသော ကိန်းဂဏန်းမှာ အံ့ဩစရာပင်။ ဝက်ဘ်ဝတ္ထုဈေးကွက် မည်မျှပင် ကြီးထွားလာသည်ဆိုစေ၊ အခပေးစနစ်တွင် ဝယ်ယူသူ ရာဂဏန်းပင် မပြည့်ဘဲ ဆယ်ဂဏန်းလောက်နှင့်သာ ရပ်နေသော စာအုပ်များစွာ ရှိနေဆဲ ဖြစ်သည်။
Munpia နှင့် အကျိုးအမြတ် ခွဲဝေမှုအရ တွက်ချက်ကြည့်လျှင် ယခုလက်ရှိတွင်ပင် ဒေါ်လာ ၆၃၀ (မြန်မာငွေ ၁၅ သိန်းခန့်) ရရှိနေပြီ ဖြစ်သည်။ အခန်း ၅ ခန်း ဖြစ်သောကြောင့် စုစုပေါင်း ဒေါ်လာ ၃,၁၅၀ ခန့် ရရှိနေခြင်း ဖြစ်၏။ ၎င်းကို ရယ်မောခြင်းစာပေ နှင့် ဂျယ်ဂန်းတို့က ၃:၇ အချိုးဖြင့် ခွဲဝေကြရမည်။
“မယုံနိုင်စရာပဲ! ဒါ တကယ့်ကို ပေါက်သွားပြီ!”
တစ်နေ့ကို နှစ်ခန်းနှုန်း တင်ပေးရန်လည်း စီစဉ်ထားသည်။ အခန်းတွေ ပိုတိုးလာသည်နှင့်အမျှ အကျိုးအမြတ်ကလည်း ပို၍ တိုးလာပေလိမ့်မည်။ ဒုံမီ၏ မျက်နှာတွင် အပြုံးများ မဆုံးနိုင်တော့ပေ။
‘မကြာခင်မှာ လူကြိုက်အများဆုံး စာရင်းရဲ့ ထိပ်ဆုံးကို ရောက်တော့မှာလား?’
ဖြစ်နိုင်ခြေ အလွန်များပါသည်။ အရောင်းရဆုံး ဝတ္ထုများကို ၂၄ နာရီအတွင်း အရောင်းရဆုံးနှုန်းဖြင့် သတ်မှတ်ခြင်း ဖြစ်၏။ ယခုမူ တစ်နာရီအတွင်းမှာတင် ကြည့်ရှုနှုန်း ၃,၀၀၀ ရရှိထားသဖြင့် နံပါတ် ၁ နေရာကို ရရန် အခွင့်အရေးများစွာ ရှိနေသည်။
“အာ... စာရေးဆရာဟာ။ တကယ်ကို ကျေးဇူးတင်ပါတယ်။ နောက်ကျရင် ကျွန်မ ရှင့်ကို ထမင်းကောင်းကောင်းဖိတ်ကျွေးပါ့မယ်။”
ဒုံမီသည် မော်နီတာကို ကြည့်ရင်း သူမဘာသာ ရေရွတ်နေမိသည်။ ဤကဲ့သို့ ထူးချွန်သည့် စာရေးဆရာနှင့် ရင်းနှီးသော ပတ်သက်မှုရှိအောင် လုပ်ဆောင်နိုင်ခဲ့သည့် သူမ၏ ခင်ပွန်းမှာလည်း ယခုအခါတွင် သူမမျက်စိထဲ၌ တကယ့်ကို ထက်မြက်သူကြီးအဖြစ် မြင်ယောင်မိသည်။
တစ်ချိန်တည်းမှာပင်...
တဲဝမ်သည် ကားကို ရပ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
သူ၏ရှေ့တွင် ဟောင်းနွမ်းနေသော အဆောက်အအုံတစ်ခု ရှိနေ၏။ အဝင်ဝအနီးတွင် ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့ဆီသို့ လျှောက်လာသည်။
“မတွေ့တာ ကြာပြီနော် အယ်ဒီတာ... မဟုတ်ဘူး၊ အမှုဆောင် ဂွမ် လို့ ခေါ်ရမှာလား။”
“ဟုတ်ကဲ့၊ ခင်ဗျားလည်း နေကောင်းတယ်မလား ဥက္ကဋ္ဌ ပတ်?”
လူနှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ထိုသူမှာ သိုလှောင်ရုံ ပိုင်ရှင် ဖြစ်၏။ တဲဝမ် ဤနေရာသို့ လာရခြင်းမှာ ရည်ရွယ်ချက် တစ်ခုရှိသည်။
“၅ ဆင့် နဲ့ လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီကျေးဇူးကို ကျွန်တော် ပြန်ဆပ်ပါ့မယ်။”
စာအုပ်တစ်အုပ်ကို ၅ ဆင့်။ တဲဝမ်သည် အွန်လိုင်းတင်မကဘဲ စာအုပ်အဖြစ်ပါ ရိုက်နှိပ်ထုတ်ဝေရန် စီစဉ်နေခြင်းဖြစ်သည်။
ဒါက အကျိုးအမြတ်ထက် ပရိုမိုးရှင်းဆန်သော ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်၏။ အကြောင်းမှာ စာအုပ်နှင့် အွန်လိုင်းဗားရှင်းမှာ တစ်ခုနှင့်တစ်ခု ထပ်တူကျလေ့ မရှိသောကြောင့်ပင်။
ဂျယ်ဂန်းအတွက်လည်း ထိုနည်းအတိုင်းပင်။ ဂျယ်ဂန်းသည် စက္ကူစာအုပ်များကို အမြဲခေတ်စားစေချင်သဖြင့် အမြန်ဆုံးထုတ်ရန် တိုက်တွန်းခဲ့ဖူးသည်။ ယခုကဲ့သို့ သက်သာသော ဈေးနှုန်းဖြင့် ရရှိခြင်းမှာ တကယ့်ကို ဝမ်းသာစရာပင်။
တီ... တီ!
တဲဝမ်၏ ဖုန်း တုန်ခါလာသည်။
သူသည် ရှေ့ကလူကို ခွင့်တောင်းပြီး ဖုန်းကို ချက်ချင်း ကိုင်လိုက်၏။
“ဟုတ်ကဲ့၊ ဂွမ်တဲဝမ် ပြောနေပါတယ်ခင်ဗျ။”
“မင်္ဂလာပါ၊ ကျွန်တော် အဖွဲ့ခေါင်းဆောင် ပတ်ဟိုဂျွန်ပါ။”
“ဪ... ဟုတ်ကဲ့။ ဖုန်းနံပါတ်က မတူတော့လို့ မသိလိုက်တာပါ။”
“ရုံးဖုန်း ပြောင်းသွားလို့ပါ။ ဒါပေမဲ့... တောင်းပန်ပါတယ်ဗျာ။”
“ဗျာ? ဘာဖြစ်လို့လဲ။”
တဲဝမ်၏ မျက်နှာမှာ ရုတ်ချည်းပင် မှောင်ကျသွားသည်။
မကောင်းသော သတင်းတစ်ခု ဖြစ်လိမ့်မည်ဟု သူ ကြိုတင် ရိပ်မိလိုက်သောကြောင့်ပင်။
“၃ လကြာ ပရိုမိုးရှင်း လုပ်ပေးမယ့် အစီအစဉ်ကို ဆက်လုပ်ပေးလို့ မရတော့ဘူး ထင်တယ်ဗျ။ တောင်းပန်ပါတယ်ခင်ဗျာ။”
သူ၏ အလိုလိုသိစိတ်က မှားမနေခဲ့ပေ။ တဲဝမ်သည် နဖူးကို လက်ဖြင့် အုပ်လိုက်မိသည်။
“နားထောင်နေရဲ့လားဗျ။”
“ဟုတ်ကဲ့... နားထောင်နေပါတယ်။”
နဖူးကို လက်ဖြင့်ဖိထားရင်း တဲဝမ် ပြန်ဖြေလိုက်၏။ အဖွဲ့ခေါင်းဆောင် ပတ်၏ သက်ပြင်းချသံကို ဖုန်းထဲမှတစ်ဆင့် ကြားနေရသည်။
ခေတ္တမျှ တိတ်ဆိတ်သွားကြ၏။
ဘယ်သူကမှ ဘာမှ ထပ်မမေးသလို၊ ဘာမှလည်း ထပ်မပြောကြပေ။ စီးပွားရေးလောက ဆိုသည်မှာ ဤသို့ပင် မဟုတ်ပါလား။
“ရယ်မောခြင်းစာပေ ကော ဘယ်လိုလဲဗျ။”
ထိုမေးခွန်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ တဲဝမ်သည် ခဏမျှ သက်ပြင်းချလိုက်ပြီးနောက် အမြန်ပင် ပြန်ဖြေလိုက်၏။
“အခုမှ အစပဲ ရှိပါသေးတယ်။ အခြေအနေ ကောင်းလား မကောင်းဘူးလားဆိုတာ ပြောဖို့ စောပါသေးတယ်။”
“ဒါပေမဲ့လေ...”
ပတ်က စကားကို ခပ်ဆိုင်းဆိုင်း ပြောလိုက်သည်။ တဲဝမ်ကလည်း စောင့်နေ၏။
“ခင်ဗျားမှာ စာရေးဆရာတွေ အများကြီးရှိတယ် မဟုတ်လား။ ဒါကြောင့်လည်း အကြီးအကျယ် ပရိုမိုးရှင်း စလုပ်နေတာ မဟုတ်ဘူးလား။ အခုလိုမျိုး နှောင့်ယှက်ခံနေရရင် ခင်ဗျားအတွက် ခက်ခဲလိမ့်မယ်။”
ပတ်၏ မေးခွန်းများကို နားထောင်ရင်း တဲဝမ်က ခါးသီးစွာ ပြုံးလိုက်မိသည်။
“ကျွန်တော့်မှာ စာရေးဆရာ တစ်ယောက်တည်းပဲ ရှိတာပါ။”
“တစ်ယောက်တည်း?”
“ဟုတ်ကဲ့။”
“ဒါပေမဲ့... ဒါဆိုရင် ဘယ်လိုလုပ် အောင်မြင်မှုရမှာလဲ။ တစ်ယောက်တည်းနဲ့ ဘာထူးမှာလဲဗျာ။”
“ကျွန်တော်လည်း မသိဘူး။”
“အင်း... ဒါပေမဲ့ ဒါကတော့... ဟိုလူကလည်း စီးပွားရေးကို ဒီလိုမျိုး လုပ်လိမ့်မယ်လို့ မထင်ခဲ့ဘူးဗျာ။”
တဲဝမ်က သူ နားထောင်နေကြောင်း သက်ပြင်းတစ်ချက်ဖြင့် အသိပေးလိုက်သည်။ ပတ် ပြောနေသော ‘ဟိုလူ’ မှာ ကြယ်ပွင့်စာပေ ၏ ဂျီဂု ဖြစ်ကြောင်း သူ သိသည်။
နောက်ထပ် မျက်နှာတစ်ခုကလည်း ခေါင်းထဲသို့ ဝင်လာ၏။ သို့သော် သူကတော့ ပတ်ကို ထိုအကြောင်းတွေ ထုတ်မပြောမိပေ။
“ဒါနဲ့ ခင်ဗျား ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။”
“ကျွန်တော်လား?”
“ဟုတ်တယ်။ ခင်ဗျားမှာ စာရေးဆရာ တစ်ယောက်တည်းပဲ ရှိတာလေ။ ပြီးတော့ သူတို့ကလည်း အခုလို နှောင့်ယှက်နေပြီဆိုတော့... သေသေချာချာ စဉ်းစားကြည့်ပါဦး၊ ဒါကို ဘယ်လို ရှေ့ဆက်မလဲ။”
“ကျွန်တော် ကြိုးစားကြည့်မှာပါ။”
သူသည် ဂျယ်ဂန်းကို ပြေးမြင်လိုက်ရင်း စိတ်ကို ဒုံးဒုံးချလိုက်ပါတော့သည်။
“ကျေးဇူးတင်ပါတယ်။ မကြာခင် အပြင်မှာတွေ့ကြတာပေါ့။”
“ဟုတ်ကဲ့၊ နားလည်ပါပြီ။ ဟူး... ခင်ဗျားလည်း ဂရုစိုက်ပါ။”
ဖုန်းချပြီးနောက် တဲဝမ်သည် သူ၏လက်ဖဝါးနှစ်ဖက်ကို အချင်းချင်း ပွတ်နေမိသည်။ စီးကရက်သောက်ချင်စိတ်ကို အတင်းအကျပ် အောင့်အည်းထားရသောကြောင့် ဖြစ်၏။
စီးကရက်၏ မြှူဆွယ်မှုက ပြင်းထန်လှသော်လည်း သူ ကြိုးစားထိန်းချုပ်လိုက်သည်။
‘အရင်ဆုံး အလုပ်ကိစ္စကို အရင်အဆုံးသတ်ရမယ်။’
တဲဝမ်သည် စာချုပ်ကိစ္စကို အမြန်ဆုံး အချောသတ်လိုက်သည်။ အဆောက်အအုံထဲမှ ထွက်လာပြီး ကားဆီသို့ အသွားတွင် မက်ဆေ့ခ်ျတစ်ခု ဝင်လာ၏။
— ကျွန်တော် စာပေမှတ်စု ရဲ့ အဖွဲ့ခေါင်းဆောင် ယူး ပါ။ ဖေဖော်ဝါရီလအထိတော့ ဘန်နာ(ကြေငြာစာတန်း) အကြီးကြီး ထိုးပေးဖို့က အဆင်မပြေလောက်တော့ဘူး ထင်တယ်ဗျ။ တောင်းပန်ပါတယ်။
“စပြီပေါ့လေ။”
သူ တိုးတိုးလေး ရေရွတ်ရင်း မျက်လုံးကို ခဏမှိတ်ထားလိုက်သည်။ ၁၀ မိနစ်ခန့်အကြာတွင် မက်ဆေ့ခ်ျများစွာ ဆက်တိုက်ဝင်လာတော့သည်။
‘စာပေမှတ်စု ရော၊ Booking 24 ရော၊ Bookkeeping၊ Open Culture၊ Book Sale၊ Yuto Books... အကုန်လုံးပဲလား။’
သူ၏မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ ထိုကုမ္ပဏီအားလုံးသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် တဲဝမ်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ကြခြင်း ဖြစ်သည်။ ၎င်းကို သူ ကြိုတင်မျှော်လင့်ထားခဲ့သော်လည်း လက်တွေ့ကြုံလာရသည့်အခါတွင်တော့ ထိခိုက်မှုက ကြီးမားလှသည်။
‘နာဗင် နဲ့ Cocoa Page ကတော့ အလုပ်လုပ်နေတုန်းပဲ...’
တဲဝမ် တွေးလိုက်သည်။ ကြယ်ပွင့်စာပေ အနေဖြင့် ထိုကုမ္ပဏီကြီးနှစ်ခုကိုတော့ လှမ်းမထိနိုင်ချေ။ ၎င်းတို့သည် အခြားကုမ္ပဏီငယ်လေးများနှင့် လုံးဝကွာခြားသည်။
Munpia၊ Navin Store နှင့် Cocoa Page တို့က သူ့ကို အကျိုးအမြတ် ပေးနိုင်မည်ဖြစ်သော်လည်း တဲဝမ်က ထိုမျှနှင့် ရပ်တန့်မနေနိုင်ပေ။ သူသည် Yuto Books ၏ အဖွဲ့ခေါင်းဆောင် နံပါတ်ကို ချက်ချင်း ရှာဖွေလိုက်သည်။ မည်သို့ပင်ဖြစ်စေ Yuto ကိုတော့ သူ လက်လွှတ်မခံနိုင်ပေ။
‘ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး လက်ခံပေးပါ!!!’
Yuto Books ၏ စနစ်မှာ တည်ငြိမ်ပြီး သမိုင်းကြောင်း ရှည်လျားသဖြင့် စာဖတ်သူများ၏ ယုံကြည်မှုမှာ အခိုင်အမာ ရှိနေသည်။ ဂျယ်ဂန်းက သူ့ကို ယုံကြည်ထားသည့်အတွက် သူသည် ဂျယ်ဂန်းကို ယခုထက် ပို၍ မြင့်မားသော နေရာသို့ ပို့ပေးရမည်ဖြစ်သည်။ ‘အသက်ရှူသံ’ ကို ပင်မစာမျက်နှာ ပေါ် ရောက်အောင် တင်ပေးမည်ဟု သူ စိတ်ပိုင်းဖြတ်ထား၏။
“ဟုတ်ကဲ့၊ အမှုဆောင် ဂွမ် ပြောနေပါတယ်ခင်ဗျ။”
မားကတ်တင်း အဖွဲ့ခေါင်းဆောင်က ဖုန်းကိုင်လိုက်သည်။ ပင်ပန်းနွမ်းနယ်နေသော အသံမျိုး ဖြစ်သော်လည်း သူသည်လည်း လူသားတစ်ယောက်သာ မဟုတ်ပါလား။ တဲဝမ် ကျွေးခဲ့သော ဘီယာဖိုးမှာ ထိုသူ၏ တစ်လစာ လစာငွေထက်ပင် ပိုများခဲ့ဖူးသည်။
သို့သော် တဲဝမ်က မသိကျိုးကျွံပြုကာ တက်ကြွသောလေသံဖြင့် ဆက်ပြောလိုက်သည်။
“နေကောင်းလားဗျာ။ ကျွန်တော် ဂွမ်တဲဝမ်ပါ။ အလုပ်မရှုပ်ဘူးဆိုရင် ညစာအတူတူ စားကြမလားလို့။”
“အင်း... တကယ်တော့ ကျွန်တော်...”
တဲဝမ်က ထိုသူ၏စကားကို ဖြတ်ပြောရင်း ရွှင်ရွှင်ပျပျပင် ဆိုလိုက်သည်။
“အရင်တစ်ခေါက် တွေ့တုန်းက ကျွန်တော် ပြောဖူးတယ်မလား။ နေရာကောင်းလေး တစ်ခု သိထားတယ်လို့။ အဲဒီကို သွားကြမယ်လေ။ ဘာမှ စိတ်ပူစရာ မရှိပါဘူး။”
“အင်း... ဟုတ်ပါပြီ။ ဒါပေမဲ့...”
တစ်ဖက်မှလူက ဘယ်လိုတုံ့ပြန်ရမှန်း မသိ ဖြစ်နေသည်။ တဲဝမ်ကတော့ အခြေအနေကို ကောင်းကောင်း ရိပ်မိသည်။ ထိုသူက အားနာနေခြင်းကြောင့် မဟုတ်ဘဲ ထိုကဲ့သို့သော နေရာကောင်း၏ မြှူဆွယ်မှုကို မလွန်ဆန်နိုင်ခြင်းကြောင့်သာ ဖြစ်၏။ တစ်ဖက်လူ၏ စရိုက်နှင့် မည်သည့်ငါးစာကို ဟပ်မည်ကို သူ ကောင်းကောင်း သိထားသည်။
“စိတ်မပူပါနဲ့ဗျာ။ ကျွန်တော်တို့က တစ်ခါနှစ်ခါ တွေ့ဖူးတာပဲဥစ္စာ။ ကျွန်တော့်ရဲ့ ကတိကို တည်ချင်ရုံသက်သက်ပါ။ ဒါကြောင့် ထွက်လာခဲ့ပါဦး။”
“ဒါဆို... ည ၈ နာရီလောက်ဆိုရင်ကော?”
“ဟုတ်ကဲ့၊ အဆင်ပြေပါတယ်။ အဲဒီကျရင် တွေ့ကြတာပေါ့။”
ဖုန်းချပြီးနောက် တဲဝမ်သည် ကားအံဆွဲထဲမှ ဆေးအချို့ကို ထုတ်သောက်လိုက်သည်။ထို့နောက် စက္ကန့်မလပ် အရက်သောက်ရင်း အားပြိုင်ရဦးမည့် နောက်ထပ် ရှည်လျားသော တိုက်ပွဲတစ်ခုအတွက် သူ ပြင်ဆင်လိုက်ပါတော့သည်။