← Chapters

အခန်း (၅၄)

Vol. 5 Ch. 54

အခန်း (၅၄)

Vol. 5 Ch. 54

“ဟူး... ပြီးပြီ။”

အေးစက်လှသော ဆောင်းရာသီ၏ ညတစ်ညဖြစ်သည်။

ဂျယ်ဂန်းသည် ‘အသက်ရှူသံ’ ၏ အခန်းသစ်တစ်ခန်းကို အဆုံးသတ်လိုက်ပြီးနောက် လက်ပ်တော့ကို ပိတ်လိုက်သည်။ အခုဆိုရင် အခန်း ၁၂၅ အထိ စိတ်ပူစရာ မလိုတော့ပေ။

“ကြည့်ရအောင်... ရီခါ။ တစ်နေ့ကို နှစ်ခန်းနှုန်း တင်မယ်ဆိုရင် တစ်လခွဲစာလောက် အေးဆေးပဲ။ ဟုတ်တယ်မလား။”

“မြောင်...”

ရီခါက ဂျယ်ဂန်း၏ ဒူးပေါ်သို့ ခုန်တက်လာသည်။ သူ အလုပ်လုပ်နေချိန်တွင် ရီခါက ဘယ်တော့မှ မနှောင့်ယှက်တတ်ပေ။ သို့သော် အလုပ်ပြီးသွားသည့်အခါတိုင်း ရီခါသည် ဂျယ်ဂန်း၏ ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်အောင် အမြဲကူညီပေးတတ်သည်။

သူတို့နှစ်ဦး အတူရှိခဲ့သည့် အချိန်ကာလတွေ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ရီခါ၏ အလိုက်သိမှုကို ဂျယ်ဂန်း အမြဲတမ်း အံ့ဩနေမိဆဲပင်။

“ည ၁၂ နာရီတောင် ထိုးပြီပဲ။ အခပေးအခန်းတွေ တင်လိုက်တာ ၇ နာရီတောင် ရှိသွားပြီ။”

ဂျယ်ဂန်းက သက်သောင့်သက်သာပင် ဆိုလိုက်သည်။

“ဘယ်လိုနေလဲ ကြည့်ရအောင်...?”

ဂျယ်ဂန်းသည် Munpia ဝက်ဘ်ဆိုက်ထဲသို့ ချက်ချင်း မဝင်သေးဘဲ တွန့်ဆုတ်နေမိသည်။ အခြေအနေ မကောင်းလျှင် သူ၏ စာရေးလိုစိတ်နှင့် ယုံကြည်မှုများ ထိခိုက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

သူ၏ ယခင်လက်ရာများစွာမှာ အရောင်းရဆုံး စာရင်းဝင်ခဲ့သော်လည်း ဤစိုးရိမ်စိတ်ကတော့ ဖျောက်ဖျက်ရ ခက်ခဲလှသည်။ ဝတ္ထုသစ်တစ်ပုဒ်အတွက် ဝေဖန်သုံးသပ်ချက် တွေကို ကြည့်ရမှာ ကြောက်တဲ့စိတ်က ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ထင်ပါရဲ့။

“ဖုန်းလည်း လာမခေါ်ကြဘူးပဲ။ ထူးဆန်းလိုက်တာ။”

ဂျယ်ဂန်းသည် Munpia ကို ရှာဖွေလိုက်ပြီး စခရင်ပေါ်တွင် ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်သည်။ သူသည် မောက်စ် ကို လင့်ခ် ပေါ် တင်ထားသော်လည်း မနှိပ်သေးဘဲ ရီခါကို လှည့်ကြည့်လိုက်၏။

“စောင့်ကြည့်ဦးမလား? တကယ်လို့ အခြေအနေ မကောင်းရင် ဘယ်လိုလုပ်မလဲ။”

“မြောင်...”

“အင်း... ထူးဆန်းတယ်။ မသိတော့ပါဘူးဗျာ၊ ကြည့်လိုက်တာပဲ ကောင်းပါတယ်။ အခြေအနေကိုတော့ အမှုဆောင်ဆီက ဖုန်းလာရင် သိရမှာပဲဥစ္စာ။”

ဂျယ်ဂန်း တိုးတိုးလေး ရေရွတ်ရင်း လင့်ခ်ကို ကလစ်နှိပ်လိုက်သည်။

မော်နီတာ စခရင်ပေါ်တွင် ပင်မစာမျက်နှာ ပေါ်လာ၏။ သူ၏ အိုင်ဒီ ကို ရိုက်ထည့်ပြီး ဝင်ရန် ပြင်လိုက်စဉ် တစ်ခုခုက သူ၏မျက်လုံးကို ဆွဲဆောင်သွားသည်။

‘အသက်ရှူသံ...?’

စခရင်၏ ဘယ်ဘက်ခြမ်းတွင် ‘အသက်ရှူသံ’ ဝတ္ထုသည် အခြားစာအုပ်များထက် နှစ်ဆခန့် ပိုကြီးသော ပုံရိပ်ဖြင့် ဝင်းပနေပါတော့သည်။

ဒါကို ပရိုမိုးရှင်းအတွက် ထည့်ထားတဲ့ နဖူးစည်းစာတန်း တစ်ခုလို့ပဲ သူ ထင်လိုက်သည်။

တဲဝမ်က ပိုက်ဆံပေးပြီး ကြော်ငြာထည့်ပေးထားတာနေမှာပါဟု သူ တွေးမိ၏။ ဂျယ်ဂန်းသည် Munpia ကို အသုံးမများလှသဖြင့် ထိုစနစ်ကို သေသေချာချာ မသိသေးပေ။

‘ဝက်ဘ်ဝတ္ထု... နံပါတ် ၁...?!’

ဂျယ်ဂန်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။ ‘အသက်ရှူသံ’ က ဘာကြောင့် တခြားစာအုပ်တွေထက် နှစ်ဆ ပိုကြီးနေရသလဲဆိုတာကို သူ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီ။

၎င်းမှာ ဝက်ဘ်ဆိုက်တစ်ခုလုံးတွင် နံပါတ် ၁ နေရာကို ရယူထားသောကြောင့်ပင်။

“၇ နာရီပဲ ရှိသေးတာကို... ငါက ဘယ်လိုလုပ် ပထမ ရသွားတာလဲ။”

ယနေ့၏ အခပေးဝတ္ထု အကောင်းဆုံးစာရင်း၊ အသစ်ထွက် အကောင်းဆုံးစာရင်းနှင့် လူကြိုက်အများဆုံး စာရင်းအားလုံးတွင် သူက နံပါတ် ၁ နေရာကို သိမ်းပိုက်ထားသည်။ ဂျယ်ဂန်းသည် အံ့ဩတုန်လှုပ်နေသော မျက်ဝန်းများဖြင့် သူ၏ဝတ္ထုကို ကလစ်နှိပ်ကြည့်လိုက်သည်။

ထို့နောက် သူ ပို၍ပင် အံ့အားသင့်သွားရပြန်၏။

တင်ထားသော အခပေးအခန်းသစ် အားလုံးမှာ ကြည့်ရှုနှုန်း ၆,၀၀၀ ကျော်နေပြီဖြစ်သည်။ အခမဲ့မှ အခပေးသို့ ပြောင်းလဲလိုက်သော အခန်းဟောင်းများပင်လျှင် ကြည့်ရှုနှုန်း ၂,၀၀၀ ကျော်နေပြီ ဖြစ်၏။

“ဝါးးးးးး...! ရီခါ၊ ငါ အခုဆို ကြည့်ရှုနှုန်း ၃၀,၀၀၀ တောင် ရှိနေပြီ။ သုံးသောင်းတောင်နော်။”

ရီခါက သူ့ဘက်သို့ ခေါင်းလှည့်ကြည့်သည်။ ဂျယ်ဂန်းက စိတ်လှုပ်ရှားစွာဖြင့် ဆက်ရှင်းပြနေ၏။

“၇ နာရီအတွင်းမှာတင် ၆,၀၀၀ ကျော်နေတာ။ ၂၄ နာရီ ပြည့်သွားရင် ဒီထက် အများကြီး တက်လာဦးမှာ။ တကယ့်ကို အောင်မြင်တော့မှာကွ၊ ငါ သိနေတယ်။”

ဂျယ်ဂန်းက ရီခါကို ဆွဲယူကာ ဖက်လိုက်သည်။ ယနေ့တွင်တော့ ရီခါက ရုန်းမထွက်ဘဲ သူ၏ရင်ခွင်ကို ကြည်ကြည်ဖြူဖြူပင် လက်ခံလိုက်၏။

“အဆင်ပြေသွားမှာပါ။ ငါ အဖေ့အတွက် စာကြည့်ခန်း၊ အမေ့အတွက် ပန်းခြံ၊ ဂျယ်အန်းအတွက် ကားနဲ့ သင်တန်းကျောင်း... အားလုံးကို လုပ်ပေးတော့မယ်။ ငါ သူတို့အတွက် အရာအားလုံးကို ပြန်ပေးဆပ်မယ်။”

သူ ယခုလို နေရာမျိုး ရောက်လာရခြင်းမှာ သူတစ်ယောက်တည်းကြောင့် မဟုတ်သည်ကို သူ သိသည်။

“ပြီးတော့ ရီခါ... မင်းနဲ့ ငါလည်း ပါတာပေါ့။ မင်းနဲ့ မတွေ့ခင်အထိ ငါ ကြောင်တွေအကြောင်း ဘာမှမသိခဲ့ဘူး။ ငါတို့ အိမ်ပြောင်းကြရအောင်။ ဆရာကြီး ရှိတဲ့နေရာနဲ့ မဝေးတဲ့ နေရာက အိမ်အကြီးကြီးဆီကိုပေါ့။ မင်းအတွက်လည်း သီးသန့်နေရာလေး လုပ်ပေးမယ်။”

ရီခါက ဂျယ်ဂန်း၏ လည်ပင်းကို လျှာဖြင့် လာရောက်ယက်ပေးသည်။

ထို့နောက် သူ တဲဝမ်အကြောင်းကို တွေးမိသွားပြီး ဖုန်းကို ချက်ချင်း လှမ်းယူလိုက်သည်။ ဖုန်းခေါ်ချင်သော်လည်း ညဉ့်နက်နေပြီဖြစ်သဖြင့် မက်ဆေ့ခ်ျသာ ပို့လိုက်ပါတော့သည်။

တီ!

မက်ဆေ့ခ်ျသံကြောင့် သူ၏ ခန္ဓာကိုယ် တစ်ချက် တုန်ခါသွားသည်။

သို့သော် တဲဝမ်တွင် ဖုန်းကို ထုတ်ကြည့်ရန်ပင် အင်အား မရှိချေ။

အိမ်သာထဲတွင် သူ အဆက်မပြတ် အန်နေရသည်။

“အော့... အဟွတ်... အော့...!”

ဗိုက်ထဲတွင် ဘာမှမရှိတော့ဘဲ လည်ချောင်းထဲမှ အရည်ကြည်များသာ ထွက်လာသည်။ ဗိုက်ဟောင်းလောင်းနှင့် အဖွဲ့ခေါင်းဆောင် တိုက်သမျှ အရက်ပြင်းတွေကို တစ်ခွက်ပြီးတစ်ခွက် အတင်းသောက်ခဲ့ရခြင်း၏ အကျိုးဆက်ပင်။

“အား... ဟားး...!”

နောက်ဆုံးတွင် အားလုံးကို အန်ထုတ်ပစ်လိုက်ပြီးမှ တဲဝမ် သက်ပြင်းချနိုင်တော့သည်။ သူ စင်ပေါ်က မှန်ကို ကြည့်လိုက်ရာ မျက်လုံးအစုံမှာ ဝေဝါးနေ၏။

‘ဒါလည်း ကောင်းတာပါပဲ။’

တဲဝမ် မျက်နှာကို ရေအေးအေးဖြင့် သစ်လိုက်သည်။ ဟိုအဖွဲ့ခေါင်းဆောင်က သူသာ ငြင်းလိုက်လျှင် ကတိတွေကို အကုန်မေ့ပစ်လိုက်မယ်လို့ ခြိမ်းခြောက်ပြီး အရက်ပြင်း ၅ ခွက် ဆက်တိုက် တိုက်ခဲ့ခြင်း ဖြစ်သည်။ သူ ဘာတတ်နိုင်မှာလဲ။

ခေါင်းတစ်ခုလုံးကတော့ အုန်းအုန်းထနေအောင် ကိုက်နေပြီ။ သို့သော် တဲဝမ် ဂရုမစိုက်နိုင်ပါ။

ဤဒုက္ခတွေကြောင့်ပဲ သူသည် ဝက်ဘ်ဆိုက်ပေါ်တွင် နဖူးစည်းစာတန်း ထိုးပေးမည့် ကတိနှင့် ပွဲစီစဉ်မည့် အချိန်ဇယားကို လက်ထဲအရောက် ရယူနိုင်ခဲ့ပြီ မဟုတ်ပါလား။

ထိုအချိန်တွင်မှ တဲဝမ် ဖုန်းကို ထုတ်ကြည့်လိုက်ရာ ဂျယ်ဂန်းဆီမှ မက်ဆေ့ခ်ျကို တွေ့လိုက်ရသည်။

- အမှုဆောင်ကြီး၊ ကျွန်တော် အခုမှ Munpia ကို စစ်ကြည့်ပြီးပါပြီ။ နံပါတ် ၁ ရတာ ခင်ဗျားကြောင့်ပါ။ ကျွန်တော် နားမလို့ပဲ၊ ဒါပေမဲ့ မနားတော့ဘူး။ ဒီည အိပ်ရေးပျက်ခံပြီး ဆက်ရေးတော့မယ်။ ညနက်နေပြီဆိုတော့ ဖုန်းမဆက်ဘဲ မက်ဆေ့ခ်ျပဲ ပို့လိုက်တာပါ။ ခင်ဗျားလည်း အလုပ်လုပ်နေတုန်း ဖြစ်မယ် ထင်ပါတယ်နော်။ ^^

တဲဝမ်သည် သူ၏ နာကျင်မှုတွေကို ခေတ္တမေ့သွားပြီး ပြုံးလိုက်မိသည်။ ထို့နောက် ချက်ချင်းပင် ပြန်စာပို့လိုက်၏။

- အဆင်ပြေသွားမှာပါလို့ ကျွန်တော် ပြောသားပဲ။ အရမ်းကြီးတော့ အပင်ပန်းမခံပါနဲ့၊ ကျန်းမာရေး ဂရုစိုက်ဦး။ ကြိုးစားပါဦး စာရေးဆရာဟာရေ။ ^^

ဖုန်းကို ပြန်သိမ်းလိုက်သော်လည်း မှန်ထဲက သူ၏ မျက်နှာမှာတော့ ပင်ပန်းနွမ်းနယ်မှုများကြောင့် တွန့်ရှုံ့နေဆဲ။ သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါက ဒီအတိုင်း အဆင်ပြေရုံတင် မဟုတ်ဘူး စာရေးဆရာဟာရဲ့...”

ထိုစကားကိုတော့ သူ ဂျယ်ဂန်းကို ထုတ်မပြောခဲ့ပါ။

ကြီးမားသော မျှော်လင့်ချက်နောက်တွင် ကြီးမားသော စိတ်ပျက်မှုများ ရှိတတ်သည်ကို သူ ကောင်းကောင်းသိသည်။ အယ်ဒီတာဘဝနှင့် နှစ်အတော်ကြာ ကျင်လည်ခဲ့စဉ်အတွင်း မျှော်လင့်ထားသလောက် ရလဒ်မထွက်သဖြင့် ပျက်စီးသွားသော စာရေးဆရာများစွာကို သူ မြင်တွေ့ခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူသည် အလွယ်တကူ ချီးကျူးတတ်သူ မဟုတ်ပေ။

သို့သော် ယခုမူ မတူတော့။

နှစ်အနည်းငယ်အတွင်း တစ်ကြိမ်သာ ပေါ်ပေါက်တတ်သော အယ်ဒီတာတစ်ယောက်၏ အလိုလိုသိစိတ်က နိုးကြားလာခဲ့ပြီ။ အကယ်၍ မှားယွင်းခဲ့လျှင် ၎င်းကို ‘အလိုလိုသိစိတ်’ ဟု ခေါ်နိုင်မည် မဟုတ်ပေ။ ‘အသက်ရှူသံ’ အပေါ် သူ၏ ယုံကြည်မှုမှာ အလွန်ကြီးမားလှသည်။ ဤကဲ့သို့ ယုံကြည်မှုမျိုးကို ဝတ္ထုတစ်ပုဒ်အပေါ် သူ တစ်ခါမှ မရရှိခဲ့ဖူးချေ။

“ဟူး...”

တဲဝမ် ကိုယ်ကို သန့်စင်လိုက်ပြီး အင်္ကျီကို ပြန်လည် ပြင်ဆင်ဝတ်ဆင်လိုက်သည်။ ရယ်မောခြင်းစာပေ ၏ တစ်ဦးတည်းသော စာရေးဆရာက ညအိပ်ရေးပျက်ခံပြီး အလုပ်လုပ်တော့မည်ဆိုလျှင် ကုမ္ပဏီအကြီးအကဲဖြစ်သူ သူကလည်း အနားယူနေ၍ မဖြစ်ချေ။

“သွားကြစို့။”

သူ ချစ်ရသော ဇနီးသည်ရှိရာ အိမ်သို့ ပြန်ရန် အချိန်နီးလာပြီဖြစ်သည်။ နောက်ထပ် အချိန်အနည်းငယ်လောက် ကြိုးစားလိုက်လျှင် ယနေ့တစ်ရက် ကုန်ဆုံးပေတော့မည်။

တဲဝမ် အပြင်သို့ ထွက်လာခဲ့သည်။ ဆိုင်ထဲက ကျယ်လောင်လှသော သီချင်းသံတွေကိုတောင် ယခုမူ သူက ပျော်ရွှင်စွာ နားထောင်နေမိ၏။ ထိုအသံတွေက ‘အသက်ရှူသံ’ ၏ အောင်မြင်မှုကို ဂုဏ်ပြုပေးနေသည့် ဩဘာသံများအလားမှတ်ယူနေမိသည်။

All Chapters