← Chapters

အခန်း (၄၆)

Vol. 5 Ch. 46

အခန်း (၄၆)

Vol. 5 Ch. 46

“ဘယ်လိုထင်လဲ။”

“ဘယ်လိုထင်မှာလဲဗျာ၊ တကယ်ကို ကောင်းတာပေါ့။”

ဆိုမီ၏ စကားကို ဂျယ်ဂန်းက အပြုသဘောဆောင်စွာဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။

မိမိ၏ လက်ရာကို ရုပ်ပြအဖြစ် ဖန်တီးမည်ဆိုလျှင် မည်သူက မနှစ်သက်ဘဲ ရှိပါမည်နည်း။ ဂျယ်ဂန်းအနေဖြင့် တခြားဘာကိုမှ စဉ်းစားနေစရာပင် မလိုတော့ချေ။ ၎င်းက Comic KT ကဲ့သို့ ကုမ္ပဏီမျိုး ဖြစ်နေသဖြင့် ဝေခွဲမရဖြစ်နေရန်လည်း မလိုအပ်ပါ။

“ဒါပေမဲ့ ကျွန်တော့်မှာ ရုပ်ပြတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိတော့ အကျိုးအမြတ် ခွဲဝေမှုအပိုင်းကိုတော့ နားမလည်ဘူး။”

“ကျွန်မလည်း သေချာတော့ မသိဘူး...”

ဆိုမီက မျက်လုံးလေးအဝိုင်းသားဖြင့် ရှင်းပြလေသည်။

“Comic KT နဲ့သာ ဒီရုပ်ပြကို လုပ်ဖြစ်မယ်ဆိုရင် ရှင့်ရဲ့ ဝတ္ထုက သူတို့နဲ့စာချုပ်ချုပ်ရမှာပါ။ Comic KT ဘက်က ပန်းချီဆရာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ တခြားလိုအပ်တာတွေကို ရှာဖွေပေးမှာ ဖြစ်တယ်။ ပြီးတော့ ဇာတ်လမ်းတစ်ခုလုံးကို ရုပ်ပြတစ်ခုတည်းအနေနဲ့ ဖန်တီးဖို့ကလည်း တကယ့်ကို ခက်ခဲတဲ့အလုပ်ပဲ။”

“ဟုတ်ကဲ့။”

“အယ်ဒီတာကြီး ပြောတာကတော့ အကျိုးအမြတ်ရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရနိုင်တယ်တဲ့။ ဝက်ဘ်တွန်းက ရတဲ့ ၁၀ ရာခိုင်နှုန်းပေါ့။ ဒါက မူရင်းကို အခြေခံပြီး ဖန်တီးတဲ့ လက်ရာ ဖြစ်တဲ့အတွက် ကြယ်ပွင့်စာပေ နဲ့ ၅၀-၅၀ ခွဲရပါလိမ့်မယ်။”

“ဟင်း... ဟုတ်ကဲ့။”

ဂျယ်ဂန်းသည် စာချုပ်ပါ ‘မူရင်းအခြေခံဖန်တီးမှု’ ဆိုသည့် စကားလုံးကို ပြန်လည်စဉ်းစားနေမိသည်။ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ရုပ်ပြပြန်လည်ဖန်တီးမှုပဲဖြစ်ဖြစ်၊ မူရင်းကတော့ သူ၏လက်ရာသာ ဖြစ်သည်။ သူ၏ဘဝတစ်လျှောက်တွင် မိမိ၏လက်ရာကို တခြားနေရာတွင် ပြန်လည်အသုံးချခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ဤအချက်ကို သူ တစ်ခါမျှ ဂရုမစိုက်ခဲ့မိချေ။

‘ခေတ်သစ်အဆင့်များ က ရုပ်ပြ ဖြစ်တော့မယ်...!’

သူ့စိတ်ကူးထဲမှာ ပြေးလွှားနေခဲ့သော ပုံရိပ်များက အသက်ဝင်လာတော့မည်။ အခုအခြေအနေကို ဂျယ်ဂန်းကိုယ်တိုင်ပင် မယုံနိုင်သေးဘဲ ဖြစ်နေရသည်။

“အကျိုးအမြတ်ကတော့ အကြီးအကျယ်ကြီးတော့ မဟုတ်ဘူးပေါ့နော်။ အကျိုးအမြတ်က ဒေါ်လာ ၁,၀၀၀ ဆိုရင် ရှင်က ဒေါ်လာ ၅၀ လောက် ရမှာပါ။”

“ဟုတ်ကဲ့။”

“ဒါပေမဲ့ ဝက်ဘ်တွန်းက အောင်မြင်သွားရင် ဝတ္ထုကလည်း လူသိပိုများလာမှာပါ။ အဆင့်များ စီးရီးရဲ့ တတိယမြောက် စာအုပ်ပေါ့။ စာအုပ်တွေ ထွက်မယ်၊ အီးဘွတ် တွေ ထွက်မယ်၊ ပြီးတော့ ဝက်ဘ်တွန်းတွေလည်း ထွက်လာမယ်ဆိုရင် တကယ်ကို ကောင်းသွားမှာ။”

ဂျယ်ဂန်း ပြုံးလိုက်မိသည်။

မိမိ၏ ရည်မှန်းချက်ကို မမေ့ရန် သတိပေးခဲ့သော တဲဝမ်၏ မျက်နှာကို သူ မြင်ယောင်လာ၏။ ထိုလူကိုတော့ သူ အမြဲတမ်း ယုံကြည်၍ ရပါသည်။

“ကျွန်တော် လုပ်ပါ့မယ်။”

ဂျယ်ဂန်း ဘာမှ ထပ်မစဉ်းစားတော့ဘဲ ဆုံးဖြတ်ချက် ချလိုက်သည်။

“တကယ်တော်တဲ့ ပန်းချီဆရာနဲ့ တွေ့ပြီး ကောင်းကောင်းမွန်မွန် ဖန်တီးနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်။”

“ကောင်းမှာပါ၊ စိတ်မပူပါနဲ့။ ကျွန်မ သေချာ ကြည့်ပေးပါ့မယ်။ ရွေးချယ်ခံရတဲ့သူ ရှိလာရင်လည်း ရှင့်ဆီ ပို့ပေးပြီး ရှင့်ရဲ့ သဘောထားကို မေးပါ့မယ်နော်။”

“ကျေးဇူးတင်ပါတယ်ဗျာ။”

ဟင်းပွဲများ ရောက်လာသဖြင့် သူတို့ စတင်စားသောက်ကြသည်။ ဂျယ်ဂန်း ဆိုမီနှင့်အတူ ပျော်ပျော်ရွှင်ရွှင် စားသောက်လိုက်၏။ အလုပ်များ ပြီးစီးသွားပြီဖြစ်သဖြင့် သူ စိတ်လက်ပေါ့ပါးနေသည်။

“ဟို... စာရေးဆရာ ဟာ။”

ဆိုမီက သူ့ကို ရေတစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။

“အခု ဘာတွေ ရေးနေလဲဟင်။”

“မရေးဖြစ်သေးဘူးဗျ၊ တကယ်ပဲ။”

“ဒါဆိုရင်... ရှင်... နောက်ဆက်တွဲဝတ္ထု ရေးဖို့ အစီအစဉ် ရှိလား။”

ဆိုမီ စကားပြောရန် ခက်ခဲနေသည်ကို ကြည့်ပြီး ဂျယ်ဂန်းက ‘ဒါပေါ့၊ ဒါပဲဖြစ်ရမယ်’ ဟု တွေးနေမိသည်။ တတိယစာအုပ် ပြီးသွားပြီဖြစ်သဖြင့် ကြယ်ပွင့်စာပေ က နောက်ဆက်တွဲစာအုပ်များကို လိုချင်နေကြပြီ ဖြစ်သည်။ ဆိုမီက ဝက်ဘ်တွန်းအကြောင်းကို အရင်ပြောလိုက်သဖြင့် အစီအစဉ်က နောက်ဆုတ်သွားခြင်းသာ ဖြစ်သည်။

“အားနာပါတယ်ဗျာ၊ ဒါပေမဲ့ အခုလောလောဆယ် ကျွန်တော့်ခေါင်းထဲမှာ ဇာတ်လမ်း ဘာမှမရှိသေးဘူး။ ဘာကိုမှလည်း စဉ်းစားလို့ မရသေးလို့ပါ။”

“ရှင် ပင်ပန်းနေမှာပေါ့။ ဒါဆိုရင်လည်း ကျွန်မ ထပ်ပြီး မတောင်းဆိုတော့ပါဘူး။ ကျွန်မ စောင့်နေပါ့မယ်ရှင်။”

ဆိုမီက အလျင်အမြန်ပဲ အလျှော့ပေးလိုက်သည်။

ဂျယ်ဂန်း စိတ်သက်သာရာရသွားသော်လည်း အနည်းငယ်တော့ သံသယဖြစ်မိ၏။ ဆိုမီသည် အလုပ်ထဲတွင် အားသွန်ခွန်စိုက် လုပ်တတ်သည့် အမျိုးသမီးမှန်း သူ သိထားသည်။

သို့သော် သူမက ဤမျှအထိ အလွယ်တကူ လက်လျှော့လိုက်သည်လား။ သူမ အနည်းငယ်တော့ ထပ်တိုက်တွန်းလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။

‘သူ တကယ်ပဲ ငါ့ရဲ့ကျန်းမာရေးအတွက်စိုးရိမ်လို့နေမှာပါ။’

နေ့လယ်စာ စားပြီးချိန်အထိ ဂျယ်ဂန်းမှာ သံသယ ရှိနေဆဲပင်။ သူ သူမ၏ မျက်နှာကို ကြည့်သော်လည်း ဘာမှုမမှန်ချက်မှ မတွေ့ရပါ။

“နေ့လယ်စာအတွက် ကျေးဇူးပါပဲ ဆိုမီ။”

“မဟုတ်တာ၊ စာရေးဆရာနဲ့ အတူစားရလို့ ဒီနေ့လယ်စာက ပိုမြိန်တာပါ။”

သူတို့နှစ်ဦး အပြင်သို့ထွက်ကာ လမ်းဘေးတွင် ရပ်လိုက်ကြသည်။ လေကလေးက အေးမြကာ နူးညံ့နေ၏။ နေအပူကလည်း သိပ်မပြင်းလှသဖြင့် အပြင်သွားရန် တကယ်ကို ကောင်းသောနေ့ပင် ဖြစ်သည်။

“အလုပ်ကို ပြန်မှာလား။”

“ဟင့်အင်း၊ Comic KT ကို သွားမလို့။”

“အခုလား။”

“ဟုတ်တယ်၊ ရှင့်ဆီက အဖြေရပြီဆိုတော့ ရှေ့ဆက်လုပ်ရတော့မှာပေါ့။ ဒါကြောင့်လည်း ကျွန်မ အပြင်ထွက်လာတာလေ။”

ဆိုမီက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

သူမ၏ ခြေလှမ်းများသည် မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များကို နင်းဖြတ်သွားသည်။

ယခင်က စာရေးဆရာများ တွေ့ဆုံပွဲအပြန်တွင် ဆိုမီ၏ ဖိနပ်ကျွတ်ကျခဲ့သည့် အဖြစ်အပျက်ကို ပြန်လည်သတိရပြီး ဂျယ်ဂန်း ပြုံးလိုက်မိ၏။

“ဘာလို့ ရယ်တာလဲ။”

“ဒီအတိုင်းပါပဲ။”

“ကျွန်မက သိချင်နေပြီဆို ရှင်က အမြဲတမ်း အဲဒီအတိုင်းပဲ။ ဟိုတစ်ခေါက် စာရေးဆရာများ တွေ့ဆုံပွဲတုန်းကလည်း... အင်း...”

ဆိုမီသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး စကားကို ရပ်လိုက်သည်။ ဂျယ်ဂန်း သူမ၏ဖိနပ်ကို ကောက်ပေးခဲ့သည့် အချိန်ကို သူမ ပြန်တွေးမိသွားခြင်း ဖြစ်၏။ ၎င်းမှာ အလွန်အမင်း အရှက်ရစရာ မဟုတ်သော်လည်း ရှက်ဖို့တော့ ကောင်းနေဆဲပင်။

“Comic KT က ဘယ်နားမှာလဲ။”

“ဆမ်ဆောင်း မှာပါ။”

“အတော်လေး ဝေးတာပဲနော်။”

“မြေအောက်ရထားနဲ့ဆို မိနစ် ၃၀ လောက် တော့သွားရမယ်ထင်တယ်။”

သူတို့နှစ်ဦးသည် မတူညီသော နေရာများကို ငေးကြည့်ရင်း ရပ်နေကြသော်လည်း အတွေးများမှာမူ တူညီနေကြသည်။

‘သူနဲ့အတူ လိုက်သွားပေးရမလား။’

‘သူ့ကို အတူလိုက်ခဲ့ဖို့ ပြောရင် သူ ကြိုက်ပါ့မလား။’

အမှန်တော့ ဂျယ်ဂန်းကို မေးရန် အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။

ဂျယ်ဂန်းသည် ဝက်ဘ်တွန်းအဖြစ် ဖန်တီးမည့် ဝတ္ထု၏ မူရင်းစာရေးဆရာ ဖြစ်သည်။ သူသာ စာချုပ်ချုပ်ဆိုမှု သို့မဟုတ် လုပ်ငန်းစဉ်များကို ကြည့်ရှုလိုလျှင် လိုက်ပါခြင်းမှာ ထူးဆန်းသည့်ကိစ္စ မဟုတ်ချေ။

‘မဟုတ်ဘူး၊ မလုပ်သင့်ပါဘူး။’

ဆိုမီထက် အရင် ဂျယ်ဂန်းက ဆုံးဖြတ်ချက် ချလိုက်သည်။

သူသည် ဆိုမီနှင့် အချိန်အနည်းငယ် ပိုကုန်ဆုံးလိုသော်လည်း၊ အခုအခြေအနေမှာတော့ ထိုသို့လုပ်ခြင်းက သိပ်ပြီး ဆွဲဆောင်မှု မရှိလှပေ။ ဆိုမီသည် အလုပ်လုပ်နေခြင်းဖြစ်ပြီး သူမနောက်သို့ လိုက်နှောင့်ယှက်နေရန် အကြောင်းမရှိဟု သူ တွေးလိုက်မိသည်။

“ဒါဆို မြေအောက်ရထားဘူတာဆီ သွားကြစို့လေ။”

“ဟုတ်ကဲ့...”

ဆိုမီသည် သူမ၏ အနည်းငယ် စိတ်မကောင်းဖြစ်သွားသော ခံစားချက်ကို ဘေးဖယ်ထားလိုက်ပြီး ဂျယ်ဂန်းနောက်မှ လိုက်လာခဲ့၏။

သူတို့နှစ်ဦးသည် နီရဲနေသော သစ်ရွက်များကြားတွင် အတူတကွ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေကြသည်။ ဆိုမီသည် ကွန်ကရစ်လမ်းပေါ်ရှိ လိုင်းများကို ရှောင်နင်းနေ၏။

“အိမ်ကို ချက်ချင်း ပြန်မှာလား။”

“စာအုပ်ဆိုင်ကို တစ်ချက် သွားဦးမလို့။”

ဂျယ်ဂန်းက ပြန်ဖြေလိုက်သည်။

သူသည် ဆိုမီနှင့် တွေ့ပြီးနောက် စာအုပ်ဆိုင်သို့ ဝင်ရန် စီစဉ်ထားခြင်း ဖြစ်၏။ မကြာသေးမီက စာရေးခြင်းကိုသာ အာရုံစိုက်နေရသဖြင့် သူ ဘာစာအုပ်မှ မဖတ်ဖြစ်ခဲ့ပါ။ စာရေးဆရာတစ်ယောက်အနေဖြင့် ကောင်းမွန်သော လက်ရာများ ဖန်တီးနိုင်ရန် စာများများဖတ်ရန်လည်း လိုအပ်သည် မဟုတ်ပါလား။ ယခုအခါ သူ၏ဘဝက ပို၍ ပေါ့ပါးကာ လွတ်လွတ်လပ်လပ် ရှိလာပြီဖြစ်သဖြင့် စာများများ ဖတ်ရှုလိုစိတ် ပေါ်လာခြင်း ဖြစ်သည်။

“ဂရုစိုက်သွားပါဦးနော်။”

“ဆိုမီလည်း ဂရုစိုက်ပါ။”

သူတို့နှစ်ဦးသည် သက်ဆိုင်ရာ ဂိတ်များတွင် ကတ်များကို စကင်ဖတ်လိုက်ကြသည်။

လှေကားမှ ဆင်းတော့မည့်ဆဲဆဲတွင် ဂျယ်ဂန်း လှည့်ကြည့်လိုက်၏။ ထိုအချိန်မှာပင် ဆိုမီသည်လည်း ဂျယ်ဂန်းရှိရာဘက်သို့ လှည့်ကြည့်လာသည်။ လူအုပ်ကြီးကြားထဲမှ သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားကြ၏။ (T/N Your name anime ထဲကအကွက်လားပဲ)

ဂျယ်ဂန်းက အရင်ဆုံး ပြုံးပြပြီး လက်ပြလိုက်သည်။ ဆိုမီကလည်း ၉၀ ဒီဂရီ ဦးညွှတ်ကာ နှုတ်ဆက်ပြီးနောက် လှေကားမှတစ်ဆင့် ပျောက်ကွယ်သွားလေတော့သည်။

‘ဟုတ်ပြီ၊ ငါလည်း အလုပ်လုပ်ရမယ်။’

ဂျယ်ဂန်း စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ကြိုးစားပမ်းစား အလုပ်လုပ်နေသော ဆိုမီကို တွေ့ရသဖြင့် သူ စိတ်ဓာတ် ပိုတက်ကြွလာ၏။

‘ဝတ္ထုအချို့ ဖတ်ကြည့်ဦးမှပဲ။ စိတ်ကူးသစ်တွေ ရလာနိုင်တာပဲ။’

ကာရာအိုကေ အကူမိန်းကလေး ဒါဆူလ်ကို အခြေခံပြီး ဝတ္ထုရေးဖြစ်ခဲ့သည်မှာလည်း အတွေ့အကြုံသစ်များကြောင့် မဟုတ်ပါလား။ စိတ်ကူးအကြံဉာဏ်များဆိုသည်မှာ မထင်မှတ်ထားသော နေရာများမှ ပေါ်ထွက်လာတတ်သည်လေ။

ရထားစီးနေစဉ် ဂျယ်ဂန်း ဤသို့ တွေးတောနေသည်။ မိနစ် ၂၀ ခန့်အကြာတွင် သူ ရထားပေါ်မှ ဆင်းလိုက်၏။ ထို့နောက် ကုန်တိုက်နှင့် ဆက်သွယ်ထားသော စာအုပ်ဆိုင်ဆီသို့ ဦးတည်သွားလိုက်သည်။

‘လူတွေ တော်တော်များသားပဲ။’

နေ့လယ်ခင်း ဖြစ်သော်လည်း လူတွေမှာ မထင်မှတ်ထားလောက်အောင်ပင် များပြားနေ၏။ ဂျယ်ဂန်းသည် စာအုပ်အသစ်များတင်ထားသော ကဏ္ဍဆီသို့ လျှောက်သွားလိုက်သည်။

ထိုစာအုပ်များထဲမှ စာအုပ်တစ်အုပ်က သူ၏မျက်လုံးကို ဖမ်းစားသွား၏။

၎င်းမှာ 'တုံးအသောအမျိုးသမီး' ဖြစ်သည်။ ၎င်းစာအုပ်ပေါ်တွင် ‘ဒစ်ဂျစ်တယ် စာပေပြိုင်ပွဲ ဆုရရှိသူ’ ဟူသော စာတန်းပါသည့် အစွပ်ကလေးကို စွပ်ထားသည်။

ဂျယ်ဂန်းသည် စာအုပ်အသစ်များ ကဏ္ဍတွင် မိနစ် ၃၀ ခန့် ရပ်၍ ကြည့်ရှုနေခဲ့သည်။ ထို့နောက် စာဖတ်နေကြသော လူများကို လိုက်လံလေ့လာကြည့်၏။

သူ့စာအုပ်ကို ကောက်ကိုင်ကြည့်သူ ၁၀ ယောက်ခန့် ရှိသည်။ သို့သော် အများစုမှာ စာမျက်နှာ အနည်းငယ်ကိုသာ လှန်လှောကြည့်ကြပြီး ပြန်ချထားခဲ့ကြ၏။ မည်သူမျှ ဝယ်မသွားကြချေ။

‘ဒီထက်ပိုပြီး ရောင်းရဖို့ဆိုတာ ခက်ခဲလိမ့်မယ် ထင်တယ်။’

ဂျယ်ဂန်း ခါးသီးစွာ ပြုံးလိုက်မိသည်။

ဆုကြေးငွေ ဒေါ်လာ ၂၀,၀၀၀ ကိုတော့ သူ ရရှိထားပြီးသား ဖြစ်သည်။ ကျန်ရှိသောငွေကို ရရှိရန်အတွက် စာအုပ်ရောင်းရငွေမှ ဒေါ်လာ ၂၀,၀၀၀ ဖိုး ထပ်မံရောင်းရဦးမည် ဖြစ်၏။

စာအုပ်တစ်အုပ်လျှင် ၁ ဒေါ်လာနှုန်းဖြင့် အကျိုးအမြတ်ရမည်ဆိုပါက စာအုပ်အုပ်ရေ ၂၀,၀၀၀ ခန့် ရောင်းရမည် ဖြစ်သည်။ ၎င်းမှာ စက္ကူစာအုပ်များ ရောင်းရခက်ခဲလှသော ယနေ့ကမ္ဘာတွင် တကယ့်ကို ခဲယဉ်းလှသော ကိစ္စပင်။

စာအုပ်အုပ်ရေ ၂၀,၀၀၀ ကျော် ရောင်းရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားပေ။

၎င်းမှာ ယခုမှ နာမည်ရစပြုလာသည့် စာရေးဆရာအသစ်တစ်ယောက်အနေဖြင့် သူ၏ လက်ရှိအနေအထားကို ထင်ဟပ်နေခြင်းပင်ဖြစ်သည်။

‘စလိုက်ကြစို့။’

ဂျယ်ဂန်းသည် ဆုဂန်းဝို၏ မျက်မှန်ကို ထုတ်ယူကာ တပ်လိုက်သည်။ ၎င်းမှာ စာကို အလွန်မြန်သောနှုန်းဖြင့် ဖတ်နိုင်ရန် အထောက်အကူပြုသည်။ အနည်းဆုံး တစ်နာရီလျှင် စာအုပ် ၁၅ အုပ်ခန့်ကို သူ ဖတ်နိုင်သည်။

“အာ... ဒါက တကယ်ကို ကောင်းတာပဲ။”

သူ စိတ်ကူးယဉ် စာအုပ်ကဏ္ဍဘက်သို့ လျှောက်သွားချိန်တွင် ဖြစ်သည်။

ကောလိပ်ကျောင်းသား နှစ်ယောက်၏ စကားပြောသံကို သူ ကြားလိုက်ရ၏။ ဂျယ်ဂန်း၏ မျက်ဝန်းအစုံက ထိုလူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ တစ်ယောက်က ‘ပီဂယ်လွန်၏ ဓားသမား’ စာအုပ်ကို ကိုင်ထားရင်း ပြောနေခြင်း ဖြစ်သည်။

“အရင်ထွက်တဲ့ ‘ပီဂယ်လွန်၏ မှော်ဆရာ’ ဆိုရင် တကယ့်ကို အလန်းကြီးဗျ။ ငါ အဲဒါကို ဖတ်ပြီးကတည်းက တခြားစာအုပ်တွေ ဘာမှ ဖတ်လို့မရတော့ဘူး။ မင်း သူ့ကို သိတယ်မလား။”

“သိတာပေါ့၊ ပျမ်းချွမ်ယု လေ။ မင်း အဆင့်များ စီးရီးကို မကြည့်ဖူးဘူးလား။”

“ကြည့်ဖူးတာပေါ့ကွ။ အား... တောက်! ဖတ်ချင်လိုက်တာ၊ ဒါပေမဲ့ စာအုပ်က ပလတ်စတစ်အုပ်ထားတယ်ဟ။ ထားလိုက်ပါတော့၊ ဝယ်လိုက်တော့မယ်။ ပျမ်းချွမ်ယု လက်ရာပဲလေ။”

ထိုလူသည် ‘ပီဂယ်လွန်၏ ဓားသမား’ စီးရီးထဲမှ စာအုပ်အားလုံးကို ဆွဲထုတ်ယူကာ ငွေရှင်းကောင်တာသို့ လျှောက်သွားလေသည်။

ဂျယ်ဂန်း တစ်နေရာတည်းမှာတင် ရပ်တန့်နေမိ၏။

ယခင်က အယ်ဒီတာများ၏ စကားနှင့် ဘဏ်အကောင့်ထဲသို့ ဝင်လာသော ငွေများကိုသာ သူ ကြည့်ခဲ့ဖူးသည်။ စာဖတ်သူများ၏ တုံ့ပြန်မှုကို ယခုကဲ့သို့ အနီးကပ် မြင်တွေ့ခဲ့ရခြင်းမှာ တစ်ခါမျှ မရှိခဲ့ဖူးပေ။ သူ၏လက်ရာကို ပျော်စရာကောင်းသည်ဟု ပြောသွားသော ထိုလူကို သူ တကယ်ပင် ကျေးဇူးတင်မိပါသည်။

ဂျယ်ဂန်းသည် ကြည်နူးသောစိတ်ဖြင့် အမျိုးစုံကဏ္ဍ ဘက်သို့ ဆက်လက်လျှောက်လှမ်းခဲ့သည်။

“ဟင်း... ဒါက ကောင်းသားပဲ။ ရိုမန့်စ် က ဒီလို ခံစားချက်မျိုး ရှိရမှာ။”

“အာ... ဒီလူက တရားခံလား။ ဝါး... တကယ်ကြီးလား။”

“ဒီစာရေးဆရာက အမြဲတမ်း ဒီလောက်အထိ ကြမ်းတာလား။ နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်နော်။ အကြမ်းပတမ်းတွေ ပါပေမဲ့ ခံစားချက်ကတော့ မပါဘူး။”

“အား... အား... ဒီလူကတော့ သိပ်မတော်ဘူးပဲ။”

စာအုပ်ဆိုင်ထဲ ရောက်ပြီး ၂ နာရီခန့် ကြာသွားပြီဖြစ်သည်။

သူ့လက်အစုံ လှုပ်ရှားနေသည်မှာ မမြင်ရလောက်အောင်ပင် မြန်ဆန်နေ၏။ ဂျယ်ဂန်းသည် ထောင့်တစ်နေရာတွင် ကိုယ်ကို မှီထားပြီး စာမျက်နှာများကို အလွန်မြန်သောနှုန်းဖြင့် လှန်လှောဖတ်ရှုနေသည်။ သူ့ရှေ့မှ ဖြတ်သွားသမျှ လူတိုင်းက ဂျယ်ဂန်းကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်သွားကြ၏။

‘အိုကေ၊ ဒီလိုင်းကတော့ ပြီးပြီ၊ ဟိုဘက်ကို သွားရအောင်။’

ဂျယ်ဂန်းသည် စာအုပ်များကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖတ်နေသည်။ သူက စာမျက်နှာတွေကို ဒီအတိုင်း လှန်နေရုံသက်သက် မဟုတ်ချေ။ ဤမျက်မှန်များကြောင့် အလင်းနှုန်းနီးပါး မြန်ဆန်သောနှုန်းဖြင့် ဖတ်နေခြင်း ဖြစ်သည်။

ဂျယ်ဂန်း၏ တစ်နှစ်ပျမ်းမျှ စာဖတ်နှုန်းမှာ အုပ်ရေ ၁၅၀ ခန့် ဖြစ်သည်။ တစ်ပတ်လျှင် ၃ အုပ် သို့မဟုတ် ၄ အုပ်ခန့် ဖတ်လျှင်ပင် တစ်နှစ်မှ ၁၅၀ ခန့်သာ ဖတ်နိုင်သည်။ သို့သော် ယခုမူ ၂ နာရီအတွင်းမှာပင် စာအုပ်ပေါင်း ၅၀ ကျော်ကို သူ ဖတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။

စာရေးဆရာတစ်ယောက်သည် စာဖတ်ခြင်းမှ သင်ယူရသည် မဟုတ်ပါလား။ အခုအချိန်မှာတော့ ဂျယ်ဂန်းသည် စာအုပ်ဆိုင်၏ ထောင့်တစ်နေရာတွင် စာရေးဆရာတစ်ယောက်အနေဖြင့် ပိုမိုရင့်ကျက်လာနေပြီ ဖြစ်သည်။

‘အဲဒီလူက အမြဲ အဲဒီအတိုင်းပဲ။’

အရောင်းဝန်ထမ်း မိန်းကလေးသည် ဂျယ်ဂန်းကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။ ၎င်းမှာ ဒီအတိုင်း လျစ်လျူရှုထား၍မရသော ထူးဆန်းသည့် ဖောက်သည်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

သူသည် စာမျက်နှာများကို လှန်လှောကြည့်ကာ ပြန်ထားလိုက်၊ နောက်တစ်အုပ်ကို ယူကြည့်ကာ ပြန်ထားလိုက်နှင့်... ၂ နာရီနီးပါး ထိုအတိုင်းသာ လုပ်နေခဲ့သည်။

‘သူ တစ်ခုခုကို ရှာနေတာလား။’

သူမ ကြည့်နေစဉ်မှာပင် ဂျယ်ဂန်း၏ လက်အစုံက ပို၍ ပို၍ မြန်ဆန်လာသည်။ ဝန်ထမ်းမိန်းကလေးသည် စာအုပ်များ စီရန်အတွက် ဂျယ်ဂန်း၏ ဘေးနားသို့ အသာအယာ လျှောက်သွားလိုက်၏။ သူမက သူ့မျက်နှာကို လှမ်းကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းများကို တွေ့လိုက်ရသည်။ စာမျက်နှာများကို လှန်လိုက်တိုင်း သူ၏ မျက်ဝန်းအစုံမှာလည်း လိုက်လံ လှုပ်ရှားနေ၏။

‘တကယ်ကြီးလား...?’

သူမ မယုံနိုင်အောင် ဖြစ်နေရသည်။

‘... သူ စာဖတ်နေတာလား။’

အတိအကျ အဲဒီအချိန်မှာပင်...

ဂျိခ်! (စုတ်ပြဲသံ)

“အိုး!”

စာအုပ် စုတ်ပြဲသွားသဖြင့် ဂျယ်ဂန်း သက်ပြင်းချလိုက်မိသည်။ လက် မြန်လွန်းသွားခြင်း၏ အကျိုးဆက်ပင်။ ဂျယ်ဂန်း ခေါင်းမော့လိုက်သောအခါ ဝန်ထမ်းမိန်းကလေးကို တွေ့သွားပြီး သူမကို လှမ်းပြောလိုက်၏။

“တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် အမြန်လှန်လိုက်မိလို့ စုတ်သွားတယ်။ ဒီစာအုပ်ကို ကျွန်တော် ဝယ်လိုက်ပါ့မယ်။”

“ဪ... ဟုတ်ကဲ့... ဟင်...?”

ဝန်ထမ်းမိန်းကလေးသည် ငေးကြောင်၍ ကြည့်နေမိသည်။ ဂျယ်ဂန်း၏ မျက်နှာက သူမအတွက် ရင်းနှီးနေသလို ရှိသောကြောင့် ဖြစ်၏။

“ဟို... ဟိုလေ... အင်း...”

“ဗျာ?”

“ရှင်က... စာရေးဆရာ ဟာဂျယ်ဂန်း မဟုတ်လားဟင်။”

All Chapters