ငါမင်းအတွက်လုပ်နေတာ မဟုတ်ဘူးလား။
Vol. 15 Ch. 237
“အာ့ထောင်” ရှန်းယောင်က ရုတ်တရက် ခေါ်လိုက်သည်။ သူက ကျီကျောက်ဆီသို့ လျှောက်သွားပြီး လက်တို့လိုက်သည်။ “သူက သခင်လေးချင်နဲ့ ဒုတိယအစ်ကိုယို့တို့က ကိုယ်တို့အိမ်ကိုလာတဲ့ ဧည့်သည်တွေလေ။ မင်း ရုတ်တရက် ဒီလို လေးနက်တဲ့ မေးခွန်းကို မေးလိုက်တာက သူတို့ကို စိတ်ရှုပ်သွားစေလိမ့်မယ်။”
ထိုအခါမှသာ ကျီကျောက်သည် သူမက ကိစ္စရပ်များကို အနည်းငယ် နက်နဲအောင် ပြုလုပ်လိုက်မိသည်ကို သိလိုက်ရသည်။
“အစ်ကိုချင် ဒုတိယအစ်ကိုရော ရှားရှားပါးပါး အနားယူတဲ့နေ့မျိုးမှာ ညီမ ဒီလိုစကားတွေ မပြောသင့်ဘူး။ ညီမရဲ့ အမှားကို ညီမ ဝန်ခံတယ်။ ညီမကိုယ်ညီမ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ သုံးခွက် သောက်ပြီးတော့ တောင်းပန်ပါ့မယ်။“
“အရက်သောက်တာက ဘာပြစ်ဒဏ်လဲ။” ချင်မင်ဟုန်က အသိပြန်ဝင်လာပြီး ပြုံးလိုက်သည်။ သူက ပြတ်သားသောလေသံနှင့် မေးလိုက်သည်။ “နို့လက်ဖက်ရည် အခွက် ( ၃၀ ) ဆိုရင်ရော ဘယ်လိုလဲ။”
“ညီမ အများကြီး မသောက်နိုင်ပေမယ့် ဒီနေ့ အစ်ကိုနဲ့ အမှီ လိုက်သောက်ဖို့ အသက်စွန့်မယ်။” ကျီကျောက်သည် သူမ စကားအလွန်အကျွံပြောမိသည်ကိုလည်း ခံစားလိုက်မိပြီး ဝိုင်ဖြူတစ်ခွက်ကို လောင်းထည့်ကာ တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။
သူမဘေးမှာထိုင်နေတဲ့ ရှန်းယောင်က သူမကို မတားနိုင်ခင်မှာဘဲ ဝိုင်ဖြူ တစ်ခွက်လုံး သောက်မိသွားခဲ့သည်။
“ဝူး ဝူး ဝူး … ကျွန်မ အရမ်းမူးနေသလိုပဲ။”
ခဏအကြာတွင် သူမရှေ့ရှိ ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်နေသလို ခံစားလိုက်ရသည် လူတိုင်းရဲ့ မျက်နှာတွေက မှုန်ဝါးနေခဲ့သည်။
“အာ့ထောင်က အရက်ကို ခံနိုင်ရည်ရှိတာပဲ။”
ကျီကျောက်၏ မိုက်မဲသောအပြုံးကို မြင်လိုက်ရချိန်မှာတော့ လက်ထောက်ဆိုင်ရှင်ယို့က မရယ်မောပဲ မနေနိုင်ခဲ့ဘူး။
“ဒါက တကယ့်ကို ချီးကျူးစရာပဲ။”
“သခင်လေးချင် ဒုတိယအစ်ကိုယို့ ခွင့်ပြုပါဦး။“
ရှန်းယောင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး မတ်တပ်ထရပ်ကာ ကျီကျောက်ကို ကူတွဲလိုက်သည်။
“ကျွန်တော် သူ့ကို အခန်းထဲ အရင်ပြန်ပို့လိုက်ပါဦးမယ်။ ခွင့်ပြုပါဦး။”
“ရတယ် ရတယ်။ အာ့ထောင်ကိုပဲ အရင်ဂရုစိုက်လိုက်ပါ။”
ရှန်းယောင်က ကျေးဇူးတင်စွာပြောပြီး ကျီကျောက်ကို အခန်းထဲပြန်ခေါ်သွားခဲ့သည်။
“ကျွန်မ အရမ်းမသက်မသာဖြစ်သလို ခံစားရတယ်။”
အာ့ထောင်က ရှန်းယောင်၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ လိပ်ပြာတောင်ပံများကဲ့သို့ ရှည်လျားသော သူမ၏ မျက်တောင်များပေါ်တွင် မြူတစ်လွှာ ဖုံးလွှမ်းနေပုံရသည်။
သူမသည် နှုတ်ခမ်းစူပြီး သူမ၏ မျက်နှာပေါ်ရှိ အမူအရာက သူမ ဘယ်လောက်တောင် ဝမ်းနည်းနေတယ်ဆိုတာကို ပြသနေခဲ့သည်။
“မင်း အရက်သောက်ရင် အဆင်မပြေဖြစ်မယ်ဆိုတာသိရဲ့သားနဲ့ ဘာဖြစ်လို့ အရမ်းသောက်ခဲ့တာလဲ။“
ရှန်းယောင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ “ကျွန်မ အရမ်းမသက်မသာဖြစ်နေတာကို ရှင်က ကျွန်မကို အပြစ်တင်ချင်နေသေးတာလား။ ဝူး ဝူး ဝူး…”
ဒီအချိန်မှာ ကျီကျောက်ရဲ့ မျက်လုံးတွေက နီရဲနေပြီး ငိုချလိုက်တော့မယ့်ဟန်ပေါ်သည်။ သူမကို ကြည့်ရတာ အရမ်းသနားဖို့ကောင်းနေသည်။
“အင်း ဒါက ကျွန်မ ရှင့်အတွက် လုပ်ပေးတာ မဟုတ်ဘူးလား။”
“ကိုယ့်အတွက်လား။”
ရှန်းယောင်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ကျီဝေ့က ကျွန်မကို သက်သက်မဲ့ ပြဿနာရှာနေတာ မဟုတ်ဘူးဆိုတာကို ကျွန်မသိတယ်။“
ကျီကျောက်က ဒေါသတကြီး ပြောလိုက်သည်။
“ကျွန်မကို သက်သက်မဲ့ ပြဿနာလာရှာနေတာလို့ဆိုပေမဲ့ သူက ရှင့်ကို နာကျင်နေစေချင်တာ မဟုတ်ဘူးလား။ ကျွန်မ… ရှင့်ကို …ကျွန်မ ရှင့်ကို ကာကွယ်ပေးချင်တယ်။ ချင်မိသားစုအကြောင်းကို ကျွန်မ မသိပေမဲ့ အစ်ကိုချင်က တင်းယွမ်ကောင်တီကို လာဖို့ တွန်းအားပေးခံရတယ်လို့ ကျွန်မ ထင်တယ်။”
“ဒါဆို မင်းက သူ့ကို လှုံ့ဆော်ဖို့အတွက် ချင်မင်ဟုန်ရှေ့မှာ ဒီစကားတွေကို သက်သက်မဲ့ ပြောခဲ့တာလား။“
ရှန်းယောင်က ခဏလောက် စဉ်းစားပြီး ကျီကျောက်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။
“ဟုတ်တယ်။”
ကျီကျောက်က ခပ်သွက်သွက် ခေါင်းငြိမ့်ပြလိုက်သည်။
“ကျွန်မ… ရှင့်ကို သိပ်အကူအညီမပေးနိုင်ဘူးဆိုတာကို ကျွန်မသိတယ်။ အမှန်တော့ တရားရုံးရဲ့ ကိစ္စရပ်တွေက အလွန်ရှုပ်ထွေးတယ်။ ဒါပေမဲ့ ကျွန်မ ပိုက်ဆံအများကြီး ရှာနိုင်ဖို့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမယ်။ ကျွန်မတို့ လက်ထဲမှာ ပိုက်ဆံအများကြီးရှိရင် ဘာမဆို လုပ်ရကိုင်ရတာ ပိုမို လွယ်ကူလာလိမ့်မယ်။”
“ဒီလို ကျွန်မအတွေးတွေကို ရှင့်ကို မပြောဝံ့လို့ မျိုသိပ်ထားခဲ့တာ၊ ကျွန်မ ရူးနေတယ်လို့ ရှင်ထင်မှာကို ကြောက်တယ်။”
အရက်၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျီကျောက်က သူမ၏ နှလုံးသားထဲတွင် သိုဝှက်ထားသမျှ အားလုံးကို ထုတ်ပြောပြခဲ့သည်။
သို့သော် သူမသည် ရှန်းယောင်၏ တုံ့ပြန်သံကို မကြားရတော့လောက်အောင် ပင်ပန်းပြီး အိပ်ပျော်သွားခဲ့သည်။
ရှန်းယောင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမ၏ အေးချမ်းသော မျက်နှာလေးကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။
သူသည် အာ့ထောင်၏ ဉာဏ်ရည်ဉာဏ်သွေးကို လျော့တွက်မိထားပုံရသည်။ တကယ်တော့ သူမရဲ့ နှလုံးသားထဲမှာ အရာအားလုံးကို သိရှိနေပေသည်။
သို့သော်လည်း ယခုအချိန်တွင် စွင်းမိသားစုကို ထိပ်တိုက်ရင်ဆိုင်ရမည့်အချိန် မဟုတ်သေးသောကြောင့် အာ့ထောင် တီထွင်ခဲ့သော နည်းလမ်းသည် အခြား ရွေးချယ်မှုကောင်း တစ်ခု ဖြစ်နိုင်ပေသည်။
ချင်မင်ဟုန်နှင့် ပူးပေါင်းခြင်းသည် မကောင်းသော ကိစ္စရပ် မဟုတ်ပေ။
“ငတုံးမလေး” ရှန်းယောင်က သူမ၏ ပါးပြင်ကို အသာအယာ နမ်းရှိုက်လိုက်ပြီး သူ့မျက်လုံးတွေက ရေတွေ ပြည့်နှက်နေတဲ့ ရေကန်လို နက်ရှိုင်းနေလေ၏။
“မင်းကို ဘယ်သူက ရူးနှမ်းတယ်လို့ ထင်မှာတဲ့လဲ။”
သူမသည် သူ့အတွက် တောက်ပနေသော နေရောင်ခြည်လေးတစ်ခုဖြစ်ပြီး သူ့ကို အမှောင်ထဲမှ ဆွဲထုတ်ပြီး အလင်းရောင်ကို ပြန်မြင်စေခဲ့သူလေး ဖြစ်သည်။
သူမကို စောင်ခြုံပေးပြီးနောက် ရှန်းယောင်သည် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။
သူ ပင်မအခန်းသို့ ပြန်ရောက်သောအခါ ချင်မင်ဟုန် တစ်ယောက်တည်း လက်ဖက်ရည်သောက်နေသည်ကို တွေ့လိုက်ရသည်။
“ရှန်းဟယ်ရွာရဲ့ အနောက်ဘက် တောင်တန်းပေါ်က နှင်းရှုခင်းတွေက အရမ်းလှတယ်လို့ ကြားမိတယ်။ ရှန်းယောင် ကျွန်တော့်ကို ရှုခင်းလိုက်ပြပေးဖို့ အနှောင့်အယှက်ပေးလို့ ရမလား မသိဘူး။”
ချင်မင်ဟုန်က သူ့ကို ပြုံးပြရင်း ပြောလိုက်သည်။
“ဝမ်းမြောက်ဝမ်းသာစွာပါပဲ။” နှစ်ယောက်သား ဘေးချင်းကပ် လမ်းလျှောက်လျက် တောင်ပေါ်သို့ လျှောက်သွားခဲ့ကြသည်။
သို့သော်လည်း အရင်ရက်များမှ နေပူရှိန်ပြင်းသောကြောင့် တောင်ပေါ်တွင် ဖုံးလွှမ်းနေသော နှင်းများကို အရည်ပျော်သွားစေခဲ့သည်။ နှင်းဖြူများ မွမ်းမံထားခြင်း မရှိဘဲ တောင်ပေါ် ရှုခင်းများမှာ မှုန်မှိုင်းနေလေသည်။
ဆန့်ကျင်ဘက်အနေဖြင့် အဲ့ဒီအကိုင်းအခက်တွေက မျက်စိရှေ့ရှိ ရှုခင်းများကို ဖော်ပြ၍ငှာ မစွမ်းသာသော မှုန်မှိုင်းမှုတစ်ခုကို ထပ်ပေါင်းထည့်ထားပေသည်။
“အာ့ထောင်ရဲ့ စကားတွေက စဉ်းစားစရာပဲ။”
ချင်မင်ဟုန်သည် သူ့လက်များကို နောက်ကျောဘက်သို့ ပစ်ထားပြီး အဝေးမှ အထီးကျန်သစ်ပင် တစ်ပင်ကို ကြည့်ကာ တိတ်ဆိတ်မှုကို ချိုးဖျက်ရန် အရင်ဆုံး စကားစပြောလိုက်သည်။
“တကယ်တော့ ကျွန်တော် ငယ်ငယ်တုန်းက စာပေလေ့လာဖို့ကို စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ ဆရာက အဖေ့ရှေ့မှာ ကျွန်တော့်ရဲ့ တိုးတက်မှုတွေကို ချီးကျူးတဲ့အခါတိုင်း အဖေရဲ့ မျက်လုံးထဲမှာ ဂုဏ်ယူတဲ့ အလင်းရောင် တစ်ခု ပေါ်လာတတ်တယ်။“
“ချင်မိသားစုရဲ့ ဒုတိယအိမ်တော်ခွဲ အကြီးဆုံးသားတစ်ယောက်အနေနဲ့ ကျွန်တော် ငယ်ငယ်လေးကတည်းက ဇိမ်ခံဘဝနဲ့ နေထိုင်လာခဲ့ရတယ်။ ဒါပေမဲ့ အမေ ဆုံးပါးသွားတဲ့နှစ်မှာ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်။”
ချင်မင်ဟုန်က ရုတ်တရက် သက်ပြင်းမောချလိုက်သည်။ သူ့ကိုယ်သူ ချုပ်တည်းရန် အစွမ်းကုန် ကြိုးစားလိုက်သော်လည်း ရှန်းယောင်သည် သူ့လေသံထဲရှိ နာကြည်းမှု မုန်းတီးမှု အရိပ်အမြွတ်ကို ကြားနေရဆဲ ဖြစ်သည်။
“ကျွန်တော့်အမေဆုံးပြီး ( ၂ ) လ အကြာမှာပဲ အမျိုးသမီးလျို့က အဖေ့ရဲ့ ဒုတိယဇနီးအဖြစ် မိသားစုထဲကို ဝင်ရောက်လာခဲ့တယ်။ ( ၁ ) နှစ် အကြာမှာ သူက ကျွန်တော့်အတွက် အဖေတူအမေကွဲ ညီလေးတစ်ယောက်ကို မွေးဖွားပေးခဲ့တယ်။”
“လူတိုင်းက ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေက ကြီးမြတ်တယ်လို့ ထင်ကြပေမယ့် ကျွန်တော် ကြီးပြင်းလာတဲ့အခါမှာ အဲ့ဒီပန်းပွင့်တွေအောက်က ညစ်ပတ်ပြီး မည်းမှောင်နေတဲ့ ရွံ့နွံတွေရှိတယ်ဆိုတာကို သိလိုက်ရတယ်။ အပေါ်ယံ မျက်နှာပြင်က ပန်းပွင့်တွေက ဘယ်လောက်ပဲ တောက်ပနေပါစေ၊ အောက်မှာ ရွံ့ဗွက်တွေ ရှိနေစမြဲပဲ။”
“ဘာဖြစ်လို့ ကျွန်တော် နောက်ပိုင်းမှာ စာဆက်မသင်ဖြစ်တော့တယ်ဆိုတာကို သိလား။”
ချင်မင်ဟုန်သည် မိမိကိုယ်ကို မထီမဲ့မြင်ဟန်ဖြင့် မဲ့ပြုံးပြုံးလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို စာသင်ပေးတဲ့ဆရာက တနေ့တခြား ဖျားနာနေပြီး အဖေ့ရှေ့မှာ ကျွန်တော့်အကြောင်းကို အဓိပ္ပါယ် နှစ်ခွ ထွက်စေတဲ့ စကားလုံးမျိုးတွေနဲ့ မကြာခဏ ပြောလာတယ်။ အဖေက ကျွန်တော်က နာခံမှုမရှိလို့ ဆရာက ဒေါသဖြစ်နေတယ်လို့ သဘာဝကျကျ တွေးခဲ့တာပေါ့။ ဒါကို ကျွန်တော်က ရှင်းပြပေမယ့် အဖေက ကျွန်တော့ကို ယုံကြည်မှုတစ်ဝက်လောက်တောင် မပေးချင်ခဲ့ဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်တော်က လူပေါ်ကြော့ဆိုတဲ့ နာမည်ဂုဏ်သတင်း ပျံ့နှံ့သွားတယ်။ ကျွန်တော် အရွယ်ရောက်လာပြီးတော့ အမျိုးသမီးလျို့က ကျွန်တော့်ရဲ့ အနီးကပ်အစေခံကို ကျွန်တော့ကို ဆေးခတ်ဖို့ အမိန့်ပေးခဲ့ပြီး အစေခံ မိန်းကလေး တစ်ဦးနဲ့ အတူအိပ်မိသွားစေခဲ့တယ်။ ကျွန်တော့်မှာ နာမည်ကောင်း မရှိသလို အစောပိုင်းက ကျွန်တော်ရဲ့ အိပ်ရာဝင်အစေခံမိန်းကလေးတစ်ယောက်လည်း ရှိနေတယ်။ ဒီလိုဆိုမှတော့ ချမ်းသာတဲ့မိသားစုက မိန်းမပျိုတစ်ယောက်ရဲ့ မျက်နှာသာပေးမှုကို ဘယ်လိုလုပ်ပြီး ရနိုင်ပါတော့မလဲ။ ဒါနဲ့ ကျွန်တော်လည်း အမျိုးသမီးလျို့ရဲ့ အကြံအစည်တွေ တွက်ချက်မှုတွေကို ရှောင်ရှားဖို့အတွက် အဖွားကို တောင်းပန်ပြီး စီရင်စုမြို့ကနေ ထွက်ခွာခွင့်ရဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ ဒီမှာ ( ၂ ) နှစ်လောက် ကြာသွားမယ်လို့ မထင်ထားမိခဲ့ဘူး။”
“ခင်ဗျား စီရင်စုမြို့ကို ပြန်ချင်လား။”
ရှန်းယောင်သည် သူ့ပြောစကားကို နားထောင်နေရင်း ရုတ်တရက် ထမေးလိုက်သည်။
“ဆိုတော့ ခင်ဗျား စိတ်ထဲမှာ ဆုံးဖြတ်ချက်ချပြီးသားပဲ။” ဟု တည်ငြိမ်စွာပြောလိုက်သည်။
***