မင်းပြောတာ အဓိပ္ပာယ်ရှိတယ်
Vol. 15 Ch. 238
ချင်မင်ဟုန်က ပြုံးလိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော် ပြန်သွားချင်တယ်။”
သူက ဆီးပန်းပွင့်အကိုင်းအခက်များကို ခပ်ဖျော့ဖျော့ ငေးကြည့်နေရင်း သူ့အကြည့်တွေက လေးနက်နေသည်။
“အာ့ထောင်ပြောတာ မှန်တယ်။ ပြဿနာတွေကို ရှောင်တိမ်းတာက နည်းလမ်းကောင်း မဟုတ်ဘူး။ ကျွန်တော့်ဘဝမှာ နောင်တတွေ မချန်ထားခဲ့ချင်ဘူး။”
ကိုယ့်အတွက် တရားမျှတမှုကို ကိုယ်ကိုယ်တိုင်ပဲ ရှာဖွေရလိမ့်မယ်။
ချင်မင်ဟုန်၏ မိထွေးသည် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော မျက်နှာဖုံးကို ဝတ်ဆင်ကာ ချင်မင်ဟုန်၏ ဖခင်ဖြစ်သူအား နှစ်ပေါင်းများစွာ လှည့်စားခဲ့လေသည်။ ဒီမိထွေးရဲ့ အရေခြုံထားတဲ့ မျက်နှာဖုံးကို သူကိုယ်တိုင်ပဲ ဆုတ်ဖြဲပေးရမည် မဟုတ်ပါလား။
အရင်တုန်းကတော့ ဒီကိစ္စကို သူ ရင်ဆိုင်ဖို့ မဝံ့ရဲခဲ့ပေမယ့် အခုချိန်မှာတော့ သူ့မှာ သတ္တိရှိလာခဲ့ပြီ။
“မနက်ဖြန်ကျ ခရီးထွက်ဖို့ စီစဉ်ထားတယ်။”
ချင်မင်ဟုန်သည် သူ့လက်ထဲရှိ ဆီးပန်းပွင့် အကိုင်းအခက်များနှင့် ဆော့ကစားနေရင်း နူးနူးညံ့ညံ့ ပြုံးလိုက်သည်။
“တကယ်တော့ ကျွန်တော်တို့အိမ်က ဆရာစုန့်က သိပ်မဆိုးဘူး။”
“လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆရာစုန့်က လက်ရှိဧကရာဇ်ထန့်ချီရဲ့ တတိယအဆင့်အရာရှိအဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရတယ်။ ဒါပေမယ့် သူက အရမ်းရိုးဖြောင့်လွန်းတာကြောင့် ဘုရင်မင်းမြတ်က သူ့ကို မကြိုက်ဘူး။ မှူးမတ်တွေကိုလည်း သူက စော်ကားခဲ့မိတယ်။ နောက်ပိုင်းမှာ ဆရာစုန့်က ရာထူးကနေ နှုတ်ထွက်ပြီး အိမ်ပြန်ခဲ့တယ်။ ဒါပေမယ့် အိမ်ပြန်လမ်းမှာ လူဆိုးတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရပြီး သေဆုံးလုနီးပါး ဖြစ်သွားခဲ့တယ်။ အဲဒီမှာ ကျွန်တော်က တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကို ကယ်တင်ခဲ့မိတယ်။”
ချင်မင်ဟုန်က ခဏလောက် ရပ်တန့်သွားပြီးမှ တိုးတိုးလေး ဆက်ပြောခဲ့သည်။
“ဒါနဲ့ စကားမစပ်၊ ဆရာစုန့်ကို လုပ်ကြံခဲ့တဲ့သူက လက်ရှိတော်ဝင်ကိုယ်လုပ်တော်စွင်းရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့သူပဲ။”
စွင်းမိသားစုသည် အလွန်ကျော်ကြားပြီး အထင်ကရဖြစ်ရသည့် အကြောင်းအရင်းမှာ ဧကရာဇ်ထန့်ချီသည် ကိုယ်လုပ်တော်စွင်းကို မျက်နှာသာပေးပြီး ချစ်မြတ်နိုးသောကြောင့် ဖြစ်သည်။
“ဆရာစုန့်က အရမ်းထက်မြက်ပြီး ပညာတော်တယ်။ မင်း သူ့ဆီက မျက်နှာသာရမယ်ဆိုရင် ဒါက မင်းအတွက် သေချာပေါက် အထောက်အကူ ဖြစ်လိမ့်မယ်။” ချင်မင်ဟုန်က ရိုးရိုးသားသား ပြောလိုက်သည်။
“ရှန်းယောင် မင်း ကျွန်တော့်ကို အမြင်မကြည်တာကြောင့် ဆရာကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရရင် နောင်မှာ မင်း သေချာပေါက် နောင်တရနေရလိမ့်မယ်။”
“သခင်လေးချင်၊ ခင်ဗျားက သိပ်သဘောကောင်းတာပဲ” ရှန်းယောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “သခင်လေးချင်ကို ကျွန်တော် မလိုမုန်းထားမှု မရှိပါဘူး။”
“အိုး…” ချင်မင်ဟုန်က မျက်ခုံးပင့်လိုက်သည်။ “အဲ့တာဆို ကျွန်တော် အာ့ထောင်ကို အရမ်းသဘောကျတယ်။ မင်း စိတ်မဆိုးဘူးလား။”
“လူတိုင်းက အလှအပကို နှစ်သက်ကြတာပဲ။ နောက်ပြီး ကျွန်တော့်ရဲ့ အာ့ထောင်က အရမ်းကို တော်တယ်။ သူမကို တခြားယောက်ျားလေးတွေ သဘောကျတာ အံ့ဩစရာတော့ မရှိပါဘူး။” ရှန်းယောင်က ဘာသိဘာသာ ပြုံးလိုက်သည်။
သို့သော် ‘ကျွန်တော့်ရဲ့ အာ့ထောင်’ ဟူသော စကားလုံးကို အသံထွက်ဖို့ သူ ဘယ်လောက်တောင် အင်အားစိုက်ထုတ်ခဲ့ရတယ်ဆိုတာကို သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ပေ။
“ရှန်းယောင်၊ ရှန်းယောင်၊ မင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ” ချင်မင်ဟုန်က သူ့လေသံကြောင့် ရယ်မောသွားခဲ့သည်။ သူက အာ့ထောင်ကို အရမ်းသဘောကျတယ်ဆိုပေမယ့် သူက အောက်ခြေစည်းမရှိတဲ့သူတစ်ယောက်တော့ မဟုတ်ဘူး။
“ဒါပေမယ့် မင်းနဲ့ အာ့ထောင် တစ်နေ့ လမ်းခွဲခဲ့ရင် ငါ ဒီအခွင့်အရေးကိုတော့ လက်လွတ်ခံမှာ မဟုတ်ဘူး။”
“အဲဒီနေ့ကို လုံးဝ မရောက်စေရဘူး။” ရှန်းယောင်သည် စူးရှသော အကြည့်နှင့် တင်းမာစွာ ပြောလိုက်သည်။
သူတို့ အကြည့်ချင်း ဆုံတွေ့သွားပြီး တစ်ချိန်တည်းမှာပင် ပြုံးလိုက်မိကြသည်။
“တစ်ခါတစ်ရံမှာ လူ့အရေခွံခြုံထားတဲ့ သားရဲတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ နူးညံ့သိမ်မွေ့နေလို့ မရဘူး။ မာကြောသင့်ရင် မာကြောရမယ်။” ရှန်းယောင်က ရိုးရိုးသားသား အကြံပြုလိုက်သည်။
“အားနည်းချက်ကို ပြရတာက ရှက်စရာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ တစ်ခါတစ်ရံမှာ ဒါက ပိုကောင်းတဲ့ လက်နက်တောင် ဖြစ်သွားနိုင်တယ်။ သခင်လေးချင် ခင်ဗျားရဲ့ မွေးမိခင်ရင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဖျားနာပြီး ဆုံးပါးသွားခဲ့တယ်ဆိုတော့ ခင်ဗျားအဖေက အပြစ်ရှိတယ်လို့ မခံစားရဘူးလား။ ခင်ဗျားအဖေရဲ့ စိတ်ထဲမှာ ရှိတဲ့ အပြစ်ရှိစိတ် နည်းနည်းလေးကို အခွင့်ကောင်းယူနိုင်ရင် ဒါက ခင်ဗျားအတွက် မမျှော်လင့်ထားတဲ့ ရလဒ်တစ်ခု ဖြစ်လာနိုင်လိမ့်မယ်။”
ချင်မင်ဟုန်သည် ထိုစကားကို ကြားလိုက်ရသောအခါ လေးလေးနက်နက် တွေးတောမိသွားသည်။
အရင်တုန်းကတော့ သူဟာ အမျိုးသမီးလျို့ရဲ့ လက်ထဲမှာ အမြဲတမ်းရှုံးနိမ့်ခဲ့ရဖူးတယ်။ အမျိုးသမီးလျို့က နူးညံ့သိမ်မွေ့ပြီး သနားစရာကောင်းဟန်ဆောင်တတ်သောကြောင့် သူ့အဖေရဲ့ ယုံကြည်မှုကို ရရှိခဲ့ပုံရသည်။
“မင်း ပြောတာက အဓိပ္ပာယ်ရှိတယ်။”
“နောက်ကျနေပြီ၊ ကျွန်တော် အာ့ထောင်ကို ဂရုစိုက်ဖို့ ပြန်သွားရမယ်။” ရှန်းယောင်က သူ ဘာကို ဆိုလိုသည်ကို ချင်မင်ဟုန်က နားလည်သွားသည်ကို မြင်သောအခါ မပြုံးဘဲ မနေနိုင်ပေ။
“အာ့ထောင် နိုးလာပြီး သူ ကျွန်တော့်ကို မတွေ့ဘူးဆိုရင် အရမ်းစိုးရိမ်နေလိမ့်မယ်။”
ချင်မင်ဟုန်က မျက်လုံးလှိမ့်လိုက်သည်။ ဇနီးမယားရှိခြင်းက ဘယ်လောက်တောင် ကောင်းလိုက်သလဲ။
သို့သော် အာ့ထောင်လို ဇနီးကောင်းတစ်ယောက် ရှိတာက တကယ်ကို အထင်ကြီးဖို့ ကောင်းတယ်။
ဟင်း…၊ အာ့ထောင်ကို အရင်ဆုံး တွေ့တဲ့လူက ဘာဖြစ်လို့ သူ မဟုတ်ရတာလဲ။
ချင်မင်ဟုန်က အာ့ထောင်ကို တွေးလေလေ ပို၍ စိတ်ဓာတ်ကျလာလေလေဖြစ်ပြီး အနောက်ဘက် တောင်တန်းပေါ်မှ ဆင်းလာခဲ့သည်။
နေဝင်ရီတရောအချိန်ဖြစ်၍ ရွှေရောင် နေရောင်ခြည်သည် ကမ္ဘာမြေကို လွှမ်းခြုံထားသည်။
ဆောင်းနှင်းများ အရည်ပျော်ပြီးနောက် ရှန်းမိသားစုအိမ်ခြံဝင်းထဲတွင် စိမ်းလန်းသော မြက်ပင်များ ပေါက်နေပြီ ဖြစ်သည်။
အခန်းထဲတွင် ကျီကျောက်သည် သူမ၏ နာကျင်ပြီး ထိုးကိုက်နေသော နားထင်များကို ပွတ်ကာ ကျောက်လန်ဟွာ၏ လက်ထဲမှ အရက်နာပျောက်စေတဲ့ စွပ်ပြုတ်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။
စွပ်ပြုတ်၏ ချိုချဉ်အရသာက သူမ၏ လည်ချောင်းထဲသို့ ကျဆင်းသွားပြီး နောက်ဆုံးတော့ သူမကို နိုးထသွားစေခဲ့သည်။
“အမေ” ကျီကျောက်သည် ကျောက်လန်ဟွာ၏ လက်မောင်းကို ညင်သာစွာ ဖက်တွယ်ပြီး တုံးအအလေး ပြုံးပြလိုက်သည်။
“နင်… နင်ကတော့လေ ပြောစကားကို လုံးဝ နားမထောင်ဘူး” ကျောက်လန်ဟွာက သူမ၏ နဖူးကို အနည်းငယ် အလိုမကျသည့်ဟန်ဖြင့် ခပ်ဖွဖွလေး တွန်းထုတ်လိုက်သည်။
“နင့်ရဲ့ အရက်ကို ခံနိုင်ရည်စွမ်းက အရမ်းနည်းတဲ့ဟာကို ဒီလောက်ကြီး သောက်ရဲရလား။”
ကျီကျောက်က ရယ်မောလိုက်သည်။
“အရမ်းပျော်နေရလို့ မဟုတ်လား။ သခင်လေးချင်နဲ့ ဒုတိယအစ်ကိုယို့တို့ ပြန်သွားပြီလား။”
“ပြန်သွားပြီ၊ သူတို့ ညစာစားပြီး သိပ်မကြာခင်မှာပဲ ခရိုင်မြို့ကို ပြန်သွားတယ်။” ကျောက်လန်ဟွာသည် ကျီကျောက်၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်ပြီး “အာ့ထောင်၊ သူတို့တွေ ငါတို့ကို လက်ဆောင်ပေးတဲ့ နှစ်သစ်ကူးလက်ဆောင်တွေက အရမ်းကို ကောင်းတာပဲ” ဟု ပြောလိုက်သည်။
“ဟင်” ကျီကျောက်သည် အံ့အားသင့်သွားကာ သူမ၏ အကြည့်တွေက အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံရသည်။
“အဲဒီဧည့်သည်နှစ်ယောက်က အမေတို့ကို နှစ်သစ်ကူးလက်ဆောင်တွေ အများကြီးပေးခဲ့တယ်။ ပစ္စည်းတွေ အများကြီးတင် မကဘူး။ အထည်လှလှလေးတွေလည်း အများကြီးပါတယ်။ အဲဒီအထည်က ရှုဘရိုကိတ်အထည်လို့ တာ့လန်ဆီက ကြားတယ်။ အဲဒီအထည်တစ်လိပ်တင် ငွေဆယ်လျန်းကျော် တန်ကြေးရှိတယ်တဲ့။ ဒါနဲ့ စကားမစပ် အဲ့တာတွေအပြင် ဝိုင် ခြောက်ပုလင်း၊ စာရေးစုတ်တံ နှစ်ခု၊ မင်တုံး၊ စာရွက်တွေနဲ့ မင်ကျောက်တွေလည်း ပါတယ်။ ကလေးတွေအတွက် ငွေလက်ကောက်နှစ်စုံလည်း ပါသေးတယ်။” ကျောက်လန်ဟွာသည် သူမ စကားပြောလေလေ ပို၍ စိတ်မသက်မသာဖြစ်လာလေလေ ဖြစ်နေခဲ့သည်။
“အာ့ထောင်၊ နင့်အဖေနဲ့ ငါ ဆွေးနွေးပြီးပြီ။ ဒီလက်ဆောင်တွေက အရမ်းတန်ဖိုးကြီးလွန်းတယ်။ အမေတို့ ဘယ်လိုပြန်ပေးရမယ်ဆိုတဲ့ နည်းလမ်းကို စဉ်းစားကြည့်ကြမလား။”
“အစ်ကိုချင်နဲ့ ဒုတိယအစ်ကိုယို့က လက်ဆောင်တွေ အများကြီး ပေးလာတာလား။”
ကျီကျောက်က သူတို့ ဒီလောက်ရက်ရောလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။
“ဟုတ်တယ်” ကျောက်လန်ဟွာသည် ထိုအကြောင်းကို ပို၍ တွေးလေလေ စိုးရိမ်လာလေလေ ဖြစ်လာခဲ့သည်။ “အာ့ထောင်၊ နင်နဲ့ စန်းလန်တို့ ဒီလက်ဆောင်တွေကို မနက်ဖြန်ကျ အတူတူသွားပြီး ပြန်ပို့လိုက်ပါ့လား။ ဘာပဲဖြစ်ဖြစ် သူတို့တွေ ငါတို့ အိမ်မှာ ညစာလာစားတာနဲ့တင် ငါတို့ ပျော်နေပြီ။ ဒီလို လက်ဆောင်တွေ အများကြီးကို လက်ခံရတာက မသင့်တော်ဘူး။”
“အမေ၊ သမီးတို့ ဒီပစ္စည်းတွေကို တကယ်ပြန်ပေးလိုက်မယ်ဆိုရင် ဒါက သိပ်အဆင်မပြေဘူး။” ကျီကျောက်သည် ပုခုံးတွန့်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ “အဲဒီပစ္စည်းတွေကို စိတ်အေးအေးထားပြီး လက်ခံလိုက်ပါ။”
“ဟင်၊ ဒါတွေကို မင်း တကယ်လက်ခံချင်တာလား။” ကျောက်လန်ဟွာသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်။
“အမေ စိတ်ချပါ။ ဒီပစ္စည်းတွေကို သိမ်းထားလိုက်ပါ။” ကျီကျောက်သည် ခပ်ဖျော့ဖျော့ ပြုံးနေသော်လည်း သူမရဲ့ လေသံကတော့ ထူးထူးခြားခြား ခိုင်မာနေခဲ့သည်။
တကယ်တော့ သူမ ဖန်တီးနိုင်တဲ့ တန်ဖိုးက ဒီထက် အများကြီး ပို၍ တန်ကြေးရှိသည်။
“အမေ၊ သမီးတို့ အထည်တွေကို သွားကြည့်ကြမလား” ကျီကျောက်က ပြုံးပြီး ပြောလိုက်သည်။ “သမီးတို့ အတူတူ ရွေးချယ်ဖို့ အကြီးဆုံးမရီးနဲ့ ဒုတိယမရီးကိုပါ ခေါ်ကြမလား။”
ခဏအကြာတွင် ရှန်းမိသားစုမှ အမျိုးသမီးများသည် ပင်မအခန်းထဲသို့ ရောက်လာကြသည်။
“အမေ ဒီအထည်က အရမ်းကို ပျော့ပျောင်းတယ်နော်” ဒုတိယမရီးရှန်းသည် လိပ်ပြာပုံသဏ္ဌာန် ထိုးထားသော အဝါရောင် အထည်စကို အရင်ဆုံး ရွေးချယ်ခဲ့သည်။ “ဒါက အရမ်းနူးညံ့လွန်းတယ်။”
“အဲ့တာက ရှုဘရိုကိတ်အထည်လို့ ပြောတယ်။” ကျောက်လန်ဟွာက ဆက်ပြောလိုက်သည်။ “အဲဒီအထည်စက ငွေဆယ်လျန်းလောက် တန်တယ်လို့ ငါ ကြားမိတယ်။”
“အဲ့လောက်တောင် ဈေးကြီးတယ်လား” အကြီးဆုံးမရီးနှင့် ဒုတိယမရီးရှန်းတို့ အံ့အားသင့်သွားကြသည်။
အထူးသဖြင့် ဒုတိယမရီးရှန်းသည် သူမ ကိုင်ထားသည့် အထည်စကို ကမန်းကတန်း လွှတ်လိုက်မိသည်။
ထိုကဲ့သို့သော နူးညံ့သည့် အထည်များသည် သူမ၏ ကိုင်တွယ်မှုကြောင့် ပျက်စီးသွားမှာကို စိုးရိမ်မိသည်။
“ရှုဘရိုကိတ်အထည်က အရောင်အသွေးစုံလင်ပြီး ပုံစံဆန်းပြီး လက်ရာသေသပ်တယ်” ကျီကျောက်က ပြုံးရွှင်စွာ ရှင်းပြသည်။ “ရှုဘရိုကိတ်အထည်ရဲ့ လက်ရာက အထူးရှုပ်ထွေးပြီး အထူးကို သေသပ်လှပတယ်။ ဒါကြောင့် ရှုဘရိုကိတ်အထည်ရဲ့ တစ်လက်မတိုင်းက ရွှေအလေးချိန်နဲ့ ထပ်တူ တန်ဖိုးရှိတယ်လို့ ဆိုကြတယ်။ ဒါ့အပြင် ရှုဘရိုကိတ်အထည်နဲ့ ချုပ်ထားတဲ့ အဝတ်အစားတိုင်းက အရမ်းလှတယ်။ အစ်မက ဒီအဝါဖျော့ရောင် ရှုဘရိုကိတ်အထည်ကို ကြိုက်တယ်ဆိုရင် နွေရာသီဝတ်ဖို့ ပန်းပွင့်စကပ်ကို ဘာဖြစ်လို့ မချုပ်တာလဲ။”
***