ဒါက … ဒါမဖြစ်နိုင်ဘူး
Vol. 15 Ch. 241
“တော်သင့်ပြီ၊ မင်းတို့အားလုံး ပါးစပ်တွေပိတ်ထားကြ” ထျန်ကွမ်းရှန့်က ဒေါသတကြီး ရယ်မောရင်း သူ့အကြည့်တွေက ကျောက်လန်ဟွာအပေါ်ကို ရောက်သွားခဲ့သည်။ “နင်က တကယ့်ကိုသမီးကောင်းပဲ။ နှစ်သစ်ကူးအချိန်မှာတောင် ငါ့ကို ဝေဖန်ပြောဆိုဖို့ နင့်တစ်မိသားစုလုံးကို ခေါ်လာရတာ အရမ်းပျော်ဖို့ကောင်းနေလား။”
“အဖေ” ကျောက်လန်ဟွာက သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ လှန်ကြည့်လိုက်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။
“ပါးစပ်ပိတ်ထား” ထျန်ကွမ်းရှန့်က ဒေါသတကြီး ပြောလိုက်သည်။ “ငါက နင့်အဖေ မဟုတ်ဘူး။ ငါ့မှာ နင့်လို သမီးမျိုး မရှိဘူး။”
“ဟုတ်တယ်၊ အဖေ ထျန်ရှို့အယ်ကို လက်ထပ်လိုက်တဲ့နေ့ကစပြီး အဖေ့စိတ်ထဲမှာ သမီးမရှိတော့ဘူး။ အဲ့တာကို သမီးမသိဘဲ ဘယ်နေပါ့မလဲ” ကျောက်လန်ဟွာက ရှိုက်ကြီးတငင် ငိုကြွေးနေရင်း ပြောလိုက်သည်။ “ထျန်ရှို့အယ်ကို အဖေ လက်ထပ်ဖို့ စီစဉ်တဲ့ညက အဖေ သမီးကို ပြောခဲ့တာကို မှတ်မိသေးရဲ့လား။”
ထျန်ကွမ်းရှန့်က မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှပြန်မပြောပေ။
“အဖေ အဖေတစ်ယောက်တည်း မသေချင်ဘူးလို့ သမီးကို အဖေပြောခဲ့တယ်။ အဖေ ကိုယ့်ခြေထောက်ကို ကိုယ်ပွေ့ဖက်ပြီးတော့ အဖေပြောခဲ့တယ်။ သမီး အဖေနဲ့ တစ်သက်လုံး အတူနေပေးမယ်လို့ ပြောခဲ့တယ်။ သမီး သားတစ်ယောက် ဖြစ်ပေးနိုင်သလို သမီးတစ်ယောက်လည်း ဖြစ်ပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။” ကျောက်လန်ဟွာက တိုးတိုးလေး သက်ပြင်းချလိုက်သည်။ “ဒါပေမယ့် အဖေက ထျန်ရှို့အယ်က လူကောင်းပဲ။ သူက သမီးကို သူ့သမီးအရင်းလိုပဲချစ်ပေးလိမ့်မယ်လို့ အဖေ ပြောခဲ့ပေမယ့် နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲ။”
“အဖေ မသိဘူးလား။ ထျန်ရှို့အယ်က အဖေ့ရှေ့မှာဆို သမီးကို အမြဲတမ်း ချစ်ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာတေ့ာ သူက သမီးလက်ကို တိတ်တိတ်လေး ဆွဲလိမ်ပြီး အနောက်ဘက် တောင်တန်းပေါ်က ချောက်ထဲကို ပစ်ချမယ်လို့ အမြဲတမ်း ခြိမ်းခြောက်လေ့ ရှိခဲ့တယ်လေ…” ကျောက်လန်ဟွာက သူမ ငိုကြွေးမိလိမ့်မည်ဟု တွေးထားမိသော်လည်း တကယ်တမ်းမှာတော့ ယခုအချိန်တွင် သူမ၏ မျက်နှာပေါ်တွင် အပြုံးခပ်ဖျော့ဖျော့သာ ပေါ်လာခဲ့သည်။
ဒီမိသားစု၏ ကိစ္စရပ်တွေအတွက် သူမ ဝမ်းမနည်းနေတော့ဘူးဆိုတာ သိလိုက်ရသည်။
“နောက်တော့ ခရီးသွားတာအိုဘုန်းကြီးအတုအယောင်တစ်ဦးက သမီးရဲ့ မွေးဇာတာက အရမ်းကို ဆိုးဝါးပြီး မိဘနဲ့ ညီအစ်ကိုမောင်နှမတွေကို ဘေးဒုက္ခဖြစ်စေလိမ့်မယ်လို့ ဟောပြောတာကြောင့် အဖေက သမီးကို ထျန်ကျားရွာကနေ နှင်ထုတ်ဖို့ စဉ်းစားခဲ့တယ်။ သမီးရဲ့ ခန္ဓာကိုယ်၊ ဆံပင်နဲ့ အသွေးအသားတွေအားလုံးက သမီးရဲ့ မိဘတွေဆီကပဲလေ။ အဖေ ငယ်ငယ်တုန်းကလို သမီးကို အလိုလိုက်ပေးဖို့ကို သမီး မတောင်းဆိုပါဘူး။ ဒါပေမယ့် အဖေ့မျက်လုံးတွေကို ဖွင့်ပြီး အဖေ့ပတ်ဝန်းကျင်က လူတွေကို မြင်အောင်ကြည့်တတ်ဖို့ကိုတော့ သမီး မျှော်လင့်မိတယ်။”
“တာ့ကျွမ်းရော ရှောင်ထုန်ရော သူတို့က အဖေ့သားတွေ မဟုတ်ဘူး။”
ကျောက်လန်ဟွာက မအော်ဘူး။ အဲ့ဒီအစား သူမ စိတ်ထဲမှာ ရှိတဲ့ ဒီစကားတွေကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။
ထျန်ကွမ်းရှန့်၏ အမူအယာသည် ပို၍ပင် ဆိုးရွားလာခဲ့သည်။ ထိုအချိန်တွင် သူ့မျက်နှာသည် မှင်ကဲ့သို့ပင် နက်မှောင်လာခဲ့သည်။
“နင့်မှာ သက်သေအထောက်အထား မရှိပဲ အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောနဲ့။” ထျန်ကွမ်းရှန့်သည် ရုတ်တရက် မျက်လုံးပြူးကျယ်လာပြီး ကျောက်လန်ဟွာကို စူးစူးရဲရဲ စိုက်ကြည့်လာခဲ့သည်။ “နင် ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြောမှ ရမှာလား။ နင့်အဖေက မစွမ်းဆောင်နိုင်တဲ့ လူတစ်ယောက်လို့ လူတိုင်းကို အသိပေးရမှ နင်ကျေနပ်မှာလား။” သူ့ဒေါသက ကျောက်လန်ဟွာ၏ မျှော်လင့်ချက်ထဲတွင် ရှိနေသေးသည်။
“အဖေ၊ ဒါကို မယုံချင်ဘူး မကြုံချင်ဘူးဆိုတာ သမီးသိပါတယ်။” ကျောက်လန်ဟွာက ရှိုက်ကြီးတငင် ငိုကြွေးမိလိုက်သည်။ “ဒါပေမယ့် သမီးအတွက် တရားမျှတမှုကို လိုချင်တယ်။”
“နင် ဘာကို ဆိုလိုတာလဲ။” ထျန်ကွမ်းရှန့်သည် သူ့မျက်လုံးများကို မှိတ်ထားပြီး စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“အဖေ သမီးရဲ့ ဇာတာမှာ ဘာအမှားမှ မရှိဘူး။” ကျောက်လန်ဟွာက သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ “ဆန့်ကျင်ဘက်အနေနဲ့ သမီးရဲ့ ဇာတာက အရမ်းကောင်းတယ်။ သမီး တာ့ရှန်ကို လက်မထပ်ခင် ရှန်းမိသားစုက ဘယ်လိုအခြေအနေရှိလဲဆိုတာ အဖေလည်း သိပါတယ်။ ဒါပေမယ့် အခု သမီးတို့ ရှန်းမိသားစုက ရှန်းဟယ်ကျေးရွာမှာ အိမ်ကြီး တစ်လုံး ဆောက်နိုင်ပြီး တာ့ရှန်အတွက် သားသုံးယောက်ကို ဆက်တိုက် မွေးဖွားပေးနိုင်ခဲ့တယ်။ ပြီးတော့ အဲဲ့ဒီသားသုံးယောက်စလုံးက တခြားသူတွေထက်လည်း ပိုထူးချွန်တယ်။”
“နင် အတိအကျ ဘာကို ပြောချင်တာလဲ။”
“အဖေ့ရှေ့မှာ သမီးရဲ့ မွေးဇာတာ မကောင်းဘူးလို့ ကောလဟာလဖြန့်ခဲ့တာက တာအိုဘုန်းကြီးက အတုအယောင်ပဲ။” ကျောက်လန်ဟွာက အေးဆေးတည်ငြိမ်စွာ ဆက်ပြောခဲ့သည်။ “အဲ့ဒီ တာအိုဘုန်းကြီးအတုအယောင်က ထျန်ရှို့အယ်ရဲ့ ချစ်သူဟောင်းပဲ။ တာ့ကျွမ်းနဲ့ ရှောင်ထုန်တို့ နှစ်ယောက်လုံးက အဲ့ဒီ့လူရဲ့ သားတွေပဲ။”
“နင် ဘာပြောလိုက်တယ်။” ထျန်ကွမ်းရှန့်က ရုတ်တရက် စားပွဲကို ရိုက်ချပြီး ထရပ်လိုက်သည်။ သို့သော် သူ့အမြင်အာရုံသည် ရုတ်တရက် မည်းမှောင်ပြီး မူးဝေသွားခဲ့သည်။
“အဖေ” ကျောက်လန်ဟွာက ဆက်ပြောသည်။ “ထျန်ရှို့အယ်က အဖေ့ကို လိမ်ထားတာ ကြာပြီ။”
“ဒါ… ဒါ မဖြစ်နိုင်ဘူး။” ထျန်ကွမ်းရှန့်က မသိစိတ်က ပြန်ပြောမိသည်။ “လန်ဟွာ နင် မဟုတ်မမှန်တဲ့ စကားတွေကို မပြောသင့်ဘူး။”
“အဘိုး အမေက မဟုတ်မမှန်တဲ့ စကားတွေကို ပြောနေတာ မဟုတ်ဘူး။” ကျီကျောက်က ပြောလာခဲ့သည်။ “အဘိုး ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဒါက အမှန်တရားပဲ။ အစ်ကိုကြီးတို့က တာအိုဘုန်းကြီးအတုနဲ့ တွေ့ပြီးပြီ။ သူက ထျန်ရှို့အယ်နဲ့ ဆက်ဆံရေးရှိနေတာ နှစ်အတော်ကြာပြီလို့ ဝန်ခံခဲ့တယ်။ ဒါနဲ့ စကားမစပ် ထျန်ရှို့အယ်က အဘိုး နေ့တိုင်း သောက်နေတဲ့ ဝိုင်ထဲမှာ
အဘိုးရဲ့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်ပစ္စည်းတွေ အများကြီး ထည့်ထားလို့ အဘိုးက ကလေးမရနိုင်တော့တာလေ။”
သူ့ခေါင်းထဲမှာ မိုးခြိမ်းသံတစ်ခု ပေါက်ကွဲသွားသလိုပဲ။
ထျန်ကွမ်းရှန့်သည် ဒေါသအရမ်းထွက်ပြီး လဲကျသွားခဲ့သည်။
“အဖေ” ကျောက်လန်ဟွာက အလျင်အမြန် ရှေ့သို့ ပြေးသွားခဲ့သည်။ ရှန်းတာ့ရှန်က ထျန်ကွမ်းရှန့်ကို အမြန်ဖေးမပေးခဲ့သည်။
ဒီအချိန် အပြင်မှာ ပျော်ပါးနေတဲ့ ထျန်ရှို့အယ်က စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။
သူမရဲ့ ညာဘက်မျက်ခွံက မရပ်မနား လှုပ်ခါနေခဲ့သည်။
“ဒေါ် လေးရှို့အယ် ဒေါ်လေးစိတ်ရှုပ်နေတာလား။” ထျန်ချင်းသည် သူမ၏ ပျက်ယွင်းပြီး စိတ်ရှုပ်နေသော အသွင်အပြင်ကို ကြည့်ပြီး မပျော်မရွှင် မျက်မှောင်ကြုတ်လိုက်မိသည်။
“ကျွန်တော် အခု သုံးနေတဲ့ အားအင်က မလုံလောက်သေးဘူးလို့ထင်နေတာလား။” ထျန်ချင်းသည် သူမအပေါ် ခုန်တက်ပြီး သူမကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်သည်။
ထျန်ရှို့အယ်သည် မူးမေ့လဲလုနီးပါးဖြစ်ကာ သူ့ကျောပြင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။
“နင် သေချင်နေတာလား၊ နင် ဘာဖြစ်လို့ အရမ်းကြမ်းလာရတာလဲ။”
“ဒေါ်လေးရှို့အယ် ဒါကို ဒေါ်လေး အရမ်းစိတ်ကျေနပ်တယ် မဟုတ်ဘူးလား” ထျန်ချင်းက ဂုဏ်ယူစွာနှင့် မျက်ခုံးပင့်လိုက်သည်။ “ဒေါ်လေး မပျော်ဘူးဆိုရင်လည်း ကျွန်တော် အခုချက်ချင်း ထွက်သွားလိုက်မယ်။”
“မသွားနဲ့….။”
ထို့နောက် အိမ်ထဲမှ ညစ်ညမ်းစွာ ညည်းညူသံများကို နောက်နာရီဝက်လောက်ကြာသည်အထိ ကြားလိုက်ရသည်။
ကျီကျောက်သည် ထျန်မိသားစု၏ ပင်မခန်းတွင် ထိုင်နေရင်း သူမ၏ လက်နှစ်ဖက်အပေါ် မေးစေ့တင်ထောက်ကာ မိုးကောင်ကင်ကို မော့ကြည့်ရင်း တစ်စုံတစ်ခုအပေါ် အတွေးနက်နေပုံရသည်။
ရှန်းယောင်က သူမအနားသို့ ရောက်လာပြီး လက်ဖက်ရည်ပူပူလေး တစ်ခွက် ကမ်းပေးလိုက်သည်။
“ကျေးဇူးပါ” ကျီကျောက်က အပြုံးချိုချိုလေး ပြုံးပြလိုက်သည်။ “အဘိုး ဘယ်လိုနေလဲ။”
“သမားတော်က သူ သိပ်အဆင်မပြေဘူးလို့ပြောတယ်။” ရှန်းယောင်က သူမဘေးမှာ ဝင်ထိုင်ပြီး သက်ပြင်းချလိုက်သည်။ “အမေ သူ့ကို ပြုစုပေးနေတုန်းပဲ။ ဒါပေမယ့် အဘိုးရဲ့ ကျန်းမာရေးက ရုတ်တရက် ဒေါသဖြစ်သွားတာဆိုတော့ သူ့ဒေါသကို မထိန်းနိုင်ဘူးဆိုရင် လေတစ်ခြမ်းဖြတ်သွားနိုင်တယ်လို့ ပြောတယ်။”
“ဒီလောက်တောင် အခြေအနေ ဆိုးတာလား။” ကျီကျောက်က အံ့အားသင့်စွာ မျက်လုံးပြူးသွားခဲ့သည်။ “ဒါပေမယ့် အဘိုးက ကျန်းမာတယ် မဟုတ်ဘူးလား။ အပြင်ပိုင်းမှာ သန်မာပုံပေါ်ပေမယ့် ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကတော့ အားနည်းနေတာလား။”
“ဒါက ဆေးရဲ့ အကျိုးသက်ရောက်မှု ဖြစ်နိုင်တယ်။ သမားတော်က အဘိုးရဲ့ ချီနဲ့ သွေးတွေက ချို့တဲ့နေပြီး သူ့မှာ အရေးကြီးတဲ့ စွမ်းအင်တွေ မလုံလောက်ဘူးလို့ ပြောတယ်။” ရှန်းယောင်က ရုတ်တရက် သူ့လက်ကိုမြှောက်ပြီး ကျီကျောက်ရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ “ဒါကို သိပ်မတွေးနဲ့။”
“ကျွန်မ…” ကျီကျောက်က ပခုံးတွန့်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “ရှင် သိသွားပြီလား။”
“အင်း” ရှန်းယောင်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ချောမော့နှစ်သိမ့်ပေးလိုက်သည်။ “မင်းမျက်လုံးတွေက ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေနဲ့ ပြည့်နှက်နေတယ်လေ။”
“ကျွန်မသာ အမေ့ကို ဒီကိစ္စ မပြောလိုက်ဘူးဆိုရင် အမေက ထျန်ကျားရွာကို မပြန်ဖြစ်လောက်ဘူးလို့ ကျွန်မ တွေးမိတယ်။ အမေသာ ထျန်ကျားရွာကို မပြန်ဖြစ်ဘူးဆိုရင် အဘိုးက ဒေါသစိတ်ကြောင့် မူးလဲသွားမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ နောင်အနာဂတ်မှာ အမေ ကျွန်မကို အပြစ်တင်လာမှာကို ကျွန်မ စိုးရိမ်မိတယ်။” ကျီကျောက်သည် သူ့ပခုံးပေါ်မှီကာ သူမရဲ့ အတွေးများအားလုံးကို ဖွင့်ဟလိုက်သည်။
“ငတုံးမလေး” ရှန်းယောင်က ပြုံးပြီး သူမ၏ မျက်နှာလေးအား ချစ်ခင်ယုယစွာနှင့် ပွတ်သပ်ပေးလိုက်သည်။ “အမေက မင်းကို အပြစ်မတင်ရုံတင်မကဘူး။ မင်းကိုတောင် ကျေးဇူးတင်နေဦးမှာ။”
“ဟင်… ဘာဖြစ်လို့လဲ။”
***