ရှန်ရှောင် ကောင်းကင်တာအိုအဖြစ် အသွင်ပြောင်းခြင်း (ဇာတ်သိမ်း)
Vol. 27 Ch. 433 end
ခြောက်သွေ့ပြီး တိတ်ဆိတ်နေသော နတ်ဘုရားပျက်သုဉ်းနယ်မြေအတွင်းမှာ၊ အနုတ်လက္ခဏာဆောင်နတ်ဘုရားချီတွေ တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်နေပြီ။ ဒါက ဟွန်တွန်ပြင်ပနတ်ဘုရားရဲ့ ကျူးကျော်မှု ပြီးဆုံးသွားပြီဆိုတာကို ပြသနေတာပင်။
ဒါပေမဲ့ နတ်ဘုရားပျက်သုဉ်းနယ်မြေရဲ့ မူလအနှစ်သာရက ပျက်စီးသွားပြီမို့ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ပြိုပျက်နေတဲ့ နတ်ဘုရားနန်းတော် အပျက်အစီးတစ်ခုရဲ့ ခေါင်မိုးစွန်းမှာ လူတစ်ယောက်က အရက်အိုးကိုကိုင်ပြီး မှီထိုင်နေတယ်။
သူ့ဘေးနားမှာ ထူးဆန်းတဲ့ အလင်းရောင်အရိပ်တစ်ခု လေထဲမှာ ပျံဝဲနေတယ်။
"မင်း သေချာစဉ်းစားနော်... နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်တာအိုအဖြစ် အသွင်ပြောင်းလိုက်တာနဲ့ နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး" လီချန် ပြောလိုက်သည်။
ဒီထူးဆန်းတဲ့ အလင်းရောင် အရိပ်ကတော့ မူလ နတ်ဘုရားကမ္ဘာဝိညာဉ်ပါပဲ။
ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန်က နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်တာအို အစိတ်အပိုင်း သက်သက် မဟုတ်ပါဘူး။ လီချန်က ဝင်စားပြီးနောက် ရှန်ရှောင်ရဲ့ အသိစိတ်ကို ကွဲကြေနေတဲ့ ကောင်းကင်တာအိုအပိုင်းအစတစ်ခုနဲ့ ပေါင်းစပ်ပေးထားခဲ့တာပါ။
ရည်ရွယ်ချက်တစ်ခုတည်း ရှိတယ်။ အဲဒါက အရေးကြီးတဲ့အချိန်ကျရင် လီချန်ရဲ့ ဝင်စားခြင်း လုပ်ငန်းစဉ်ကို လမ်းပြပေးဖို့ပါပဲ။
ဒါပေမဲ့ နတ်ဘုရားကမ္ဘာဝိညာဉ်ကိုယ်တိုင်က ဒီတာဝန်ကို မသိခဲ့ပါဘူး။ ထူးခြားတဲ့ စည်းမျဉ်းတစ်ခုအတိုင်း လည်ပတ်နေခဲ့တာ။ ဒါတွေအားလုံးက လီချန်ရဲ့ စေ့စပ်သေချာတဲ့ အစီအမံတွေပါပဲ။ သူ့ရဲ့ဝင်စားခြင်း ဘေးကင်းဖို့အတွက်လေ။
ဒီနေ့ လီချန်ရဲ့စီမံကိန်းကြီး အောင်မြင်သွားမှပဲ၊ နတ်ဘုရားကမ္ဘာဝိညာဉ်ပေါ်က ချုပ်နှောင်မှုကို ဖြေလျော့ပေးလိုက်ပြီး၊ ရှန်ရှောင်ရဲ့ အသိစိတ်ကို အပြည့်အဝ ပြန်လည်ရရှိစေခဲ့တာ။
"ဆရာသခင်... ကျွန်တော် ဒီကမ္ဘာကြီးကို ဆက်ပြီးစောင့်ရှောက်သွားချင်ပါတယ်။ ကံဆိုးမိုးမှောင် ကျရောက်တာမျိုး ထပ်မဖြစ်စေချင်တော့ဘူး..." နတ်ဘုရားကမ္ဘာဝိညာဉ်၊ တစ်နည်းအားဖြင့် ရှန်ရှောင်က ပြောလိုက်သည်။
"ကောင်းပြီလေ" လီချန် ခေါင်းညိတ်လိုက်သည်။
ရှန်ရှောင်က ကောင်းကင်တာအိုအဖြစ် အသွင်ပြောင်းမယ်။ ရူလိုင်က ကောင်းကင်ဧကရာဇ်ဖြစ်လာမယ်။ သူတို့နှစ်ယောက် ဒီကမ္ဘာကြီးကို ကောင်းကောင်းစောင့်ရှောက်နိုင်မှာပါ။
"ဆရာသခင်ရဲ့ ခွင့်ပြုပေးမှုအတွက် ကျေးဇူးတင်ပါတယ်" အလင်းရောင်အရိပ်က အရိုအသေ ပြုလိုက်ပြီးနောက်၊ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
နတ်ဘုရားပျက်သုဉ်းနယ်မြေတစ်ခုလုံး ရုတ်တရက် တုန်ခါသွားပြီး၊ မျက်စိနဲ့ မမြင်ရတဲ့ ဝိညာဉ်ချီဒီရေတစ်ခု ပေါက်ကွဲထွက်လာကာ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တိုက်ကြီးတွေမှာပါ သက်ရောက်မှု ရှိသွားသည်။
ဒါပေမဲ့ ဒီဝိညာဉ်ချီဒီရေက လာတာမြန်သလို၊ ပြန်သွားတာလည်း မြန်တယ်။ မကြာခင်မှာပဲ အရာအားလုံး ငြိမ်သက်သွားသည်။
ဘာမှ မဖြစ်ခဲ့သလိုပါပဲ။
ဒါပေမဲ့ လီချန် သိပါတယ်။ ရှန်ရှောင် ကောင်းကင်တာအိုအဖြစ် အသွင်ပြောင်းသွားပြီးနောက်၊ နတ်ဘုရားပျက်သုဉ်းနယ်မြေမှာ သက်ရှိစွမ်းအားတွေ စတင်မွေးဖွားလာနေပြီ။ အရင်ကလို တိတ်ဆိတ်ခြောက်ကပ် မနေတော့ဘူး။ ဒါပေမဲ့ နတ်ဘုရားပျက်သုဉ်းနယ်မြေ ပြန်လည်ကောင်းမွန်လာဖို့က တစ်ရက်တစ်မနက်နဲ့ မရဘူး။ အချိန်အကြာကြီး ယူရဦးမှာ။
လီချန်က ရှန်ရှောင် (ကောင်းကင်တာအို) ကို တစ်ဖက်တစ်လမ်းက ကူညီဖို့ ဆုံးဖြတ်လိုက်သည်။
သူ စိတ်ညွှန်ကြားလိုက်ရာ၊ သူ့နောက်ကျောမှာ ထူးခြားတဲ့ ခေါင်းလောင်းပုံရိပ်တစ်ခုပေါ်လာသည်။ ထို့နောက် သိပ်သည်းတဲ့ ဟုန်မုန်နတ်ဘုရားချီတွေ မြစ်ရေကြီးသလို ဒလဟောစီးဆင်းလာပြီး ဒီကမ္ဘာမြေပေါ်ကို သွန်းလောင်းချလိုက်သည်။
ဒီနေရာကိုဗဟိုပြုပြီး မူလက ခြောက်သွေ့သေဆုံးနေတဲ့မြေကြီးပေါ်မှာ ဝိညာဉ်မြက်ပင်တွေ၊ နတ်သစ်ပင်တွေ အရူးအမူး ပေါက်ရောက်လာပြီး၊ နောက်ဆုံးမှာ အဆုံးမဲ့ သစ်တောပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
မူလကရှိနေတဲ့ အပျက်အစီး အဆောက်အအုံတွေအားလုံး သစ်တောပင်လယ်ကြီးအောက်မှာ နစ်မြုပ်ပျောက်ကွယ်သွားပြီး၊ တစ်ခါမှမရှိခဲ့ဖူးသလိုဖြစ်သွားသည်။
ဒါက ဟုန်မုန်နတ်ဘုရားချီရဲ့ တိုက်ရိုက် အကျိုးသက်ရောက်မှုပါပဲ။
ဟုန်မုန်နတ်ဘုရားချီတွေရဲ့ အာဟာရပြုမှုကို ရရှိလိုက်တဲ့အတွက် ဒီနတ်ဘုရားပျက်သုဉ်းနယ်မြေ ပြန်လည်ကောင်းမွန်လာမယ့်နှုန်းက အများကြီး မြန်ဆန်သွားမှာပါ။
အချိန်အတော်ကြာမှ လီချန်က ဟွန်တွန်ခေါင်းလောင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး၊ ကိုယ်ယောင်ဖျောက်ကာ ပျောက်ကွယ်သွားသည်။
.....
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
နေသာသော နေ့တစ်နေ့။
ကြောင်ဖြူလေးတစ်ကောင်က နေပူစာလှုံရင်း ဇိမ်ယူနေတယ်။ ဘေးနားမှာ ခွေးနက်ကြီးတစ်ကောင်က လက်သည်းနှစ်ဖက်နဲ့ ကြောင်ဖြူလေးကို နှိပ်နယ်ပေးနေတယ်။
လူသားဆန်တဲ့ ခွေးမျက်နှာပေါ်မှာ မျက်နှာလိုမျက်နှာရအမူအရာတွေ အပြည့်ပါပဲ။
ခွေးနက်ကြီးကတော့ အရင် ရှောင်ဟေးပါပဲ။
ရိုးရိုး ခွေးနက်ကြီးလို့ ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ သူက အခု အဆင့် ၉ မသေမျိုးဧကရာဇ်နဲ့ညီမျှတဲ့ စွမ်းအားကြီး နတ်သားရဲ ဖြစ်နေပါပြီ။
ဒါက ဆရာသမား ကောင်းမွန်ခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။
လီချန်က သားရဲထိန်းချုပ်ခြင်းစနစ်ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီးနောက်၊ စနစ်ရဲ့စွမ်းရည်နဲ့ ခွေးနက်ကြီးကို ပြန်လည်ထောက်ပံ့ပေးလိုက်ရာ ဒုံးပျံစီးသလို အဆင့်တွေတက်သွားခြင်းပင်။
သေချာတာကတော့ ခွေးနက်ကြီး ဘယ်လောက်ပဲ စွမ်းအားကြီးကြီး၊ ကြောင်ဖြူလေး ရှေ့မှာတော့ ဘာမှမဟုတ်နေဘူး။
ကြောင်ဖြူလေးက ရိုးရိုးလေးလို့ ထင်ရပေမဲ့၊ ဒါက သူ့ရဲ့ ခန္ဓာကိုယ်အစစ်ကို မထုတ်ဖော်သေးလို့ပါ။
ကြောင်ဖြူလေး (ရှောင်နိုင့်ယို) ဟာ ဟွန်တွန်ပြင်ပနတ်ဘုရားရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ပေါင်းစပ်ထားပြီးပြီမို့ ဟွန်တွန်ပြင်ပနတ်ဘုရားရဲ့ စွမ်းအားအားလုံးကို ပိုင်ဆိုင်ထားသည်။
ဟွန်တွန်ပြင်ပနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်က ပုံသေမရှိဘဲ၊ အသိစိတ်ထိန်းချုပ်မှုအပေါ် မူတည်ပြီး ပြောင်းလဲနိုင်တာမို့ ရှောင်နိုင့်ယိုက ကြောင်ဖြူလေးပုံစံနဲ့ပဲ နေသားကျနေတာပင်။
"သခင်... ကျွန်တော်တို့ ဘယ်တော့ ဟုန်မုန်ကမ္ဘာကို ပြန်ကြမှာလဲ" ရှောင်နိုင့်ယို မျက်လုံးဖွင့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။
ဟွန်တွန်ပြင်ပနတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးကတည်းက နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။
ဒါပေမဲ့ သခင်က လှုပ်ရှားမယ့် အရိပ်အယောင် လုံးဝ မပြသေးဘူး။
"မလောပါနဲ့..." လီချန် ပြုံးပြီး ပြောလိုက်သည်။
နှစ်တွေ ဒီလောက်ကြာခဲ့ပြီပဲ၊ ခဏလေးစောင့်ရတာ ဘာမှမဖြစ်ပါဘူး။
ပြီးတော့ သူက အန္တရာယ်အငွေ့အသက်တစ်ခုကို ဝါးတားတား ခံစားနေရတယ်... ဒီအန္တရာယ်က ဟုန်မုန်ကမ္ဘာဘက်ကလာတာဖြစ်လောက်တယ်။
ဆိုလိုတာက သူသာ ဟုန်မုန်ကမ္ဘာကို တန်းပြီးပြန်သွားရင် အန္တရာယ် ကြုံရနိုင်တယ်။
သူက လွတ်မြောက်သူဖြစ်နေပြီ၊ အချိန်အဆင့်အတန်း ၅ ရှိတဲ့ အချိန်ခရီးသည်တောင် ဖြစ်နေပြီ။ ပြီးတော့ ဟွန်တွန်ပြင်ပနတ်ဘုရား ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ ကြောင်ဖြူလေးလို စစ်သားရဲလည်း ရှိသေးတယ်။
ဒါပေမဲ့ ဟုန်မုန်ကမ္ဘာမှာ အချိန်အဆင့်အတန်း ၀ ရှိတဲ့ ဟုန်မုန်အကြီးအကဲတွေ ရှိနေသေးတယ်လေ။ သူ့ရဲ့ အင်အားက ဟုန်မုန်ကမ္ဘာမှာ ခြေကုပ်ယူဖို့ လုံလောက်တဲ့အဆင့် မရောက်သေးဘူး။
လက်ရှိအချိန်ထိ ယွီဟွာနတ်ဘုရားနန်းတော်မှာ လီချန်ကလွဲရင် လွတ်မြောက်သူ စုစုပေါင်း ၅ ယောက် ရှိကာ သူတို့ကတော့ ဝူရွှမ်း၊ ရှင်းကျွေး၊ လင်းရွှီ၊ ဟော့လင်းနဲ့ ယန်လျန်တို့ ဖြစ်ကြသည်။
သူတို့အားလုံးက အချိန်ခေါင်းလောင်းကို ဟွန်တွန်ခေါင်းလောင်းအဖြစ် အဆင့်မြှင့်တင်တုန်းက ထွက်ပေါ်လာတဲ့ ဟုန်မုန်နတ်ဘုရားချီတွေကို အမှီပြုပြီး အသွင်ပြောင်းကာ၊ တစ်ဆင့်တည်းနဲ့ လွတ်မြောက်ခြင်း အောင်မြင်ခဲ့ကြသူတွေပင်။
ပုံမှန်အခြေအနေဆိုရင်၊ အဆင့် ၉ မသေမျိုးဧကရာဇ်ကနေ လွတ်မြောက်သူဖြစ်လာဖို့ဆိုတာ ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ ချောက်ကမ်းပါးကြီး တစ်ခုလိုပါပဲ။ အောင်မြင်ချင်ရင် အရင်ဆုံး အလောင်းသုံးကောင်ခုတ်ပိုင်းခြင်းအဆင့်ကို ကျော်ဖြတ်ရသေးတယ်။
ဒါပေမဲ့ သူတို့ ၅ ယောက်ကတော့ အလောင်းသုံးကောင်ခုတ်ပိုင်းခြင်း လုပ်ငန်းစဉ်ကို ကျော်ပြီး သဘာဝကျကျ လွတ်မြောက်ခြင်းရရှိသွားကြတာဖြစ်သည်။
တခြားသူတွေလည်း အကျိုးကျေးဇူး အများကြီးရလိုက်ပေမဲ့၊ အဲဒီအချိန်တုန်းက လွတ်မြောက်ခြင်း မရလိုက်တဲ့အတွက် ပုံမှန် လွတ်မြောက်ခြင်းလမ်းစဉ်အတိုင်း သွားရတော့မယ်။ အောင်မြင်မလားဆိုတာကတော့ ကံတရားအပေါ် မူတည်နေပြီ။
သေချာတာကတော့ ဟွန်တွန်ခေါင်းလောင်းက ထုတ်ပေးနေတဲ့ ဟုန်မုန်နတ်ဘုရားချီရှိနေတဲ့အတွက် သူတို့ရဲ့ လွတ်မြောက်ခြင်းလမ်းခရီးက တခြားသူတွေထက်စာရင် ပိုလွယ်ကူမှာပါ။
"လင်းရွှီ၊ ဟော့လင်း... မင်းတို့နှစ်ယောက် ဟုန်မုန်ကမ္ဘာကို ကြိုသွားဖို့ သေချာပြီလား"
နန်းတော်ခန်းမထဲမှာ လီချန်က ယွီဟွာနတ်ဘုရားနန်းတော်ရဲ့ လွတ်မြောက်သူအချို့ကို စုဝေးစေလိုက်သည်။
လင်းရွှီနဲ့ ဟော့လင်းတို့က လီချန်ရဲ့စီစဉ်ပေးမှုနဲ့ လွန်ခဲ့တဲ့ ဟွေ့ယွမ် ၂ ခုလောက်ကတည်းက ကျင့်ကြံဖော်တွေ ဖြစ်ခဲ့ကြပြီးသား။
"ဆရာသခင်... ကျွန်တော်နဲ့ ဟော့လင်း တိုင်ပင်ပြီးပါပြီ။ ဟုန်မုန်ကမ္ဘာကို အရင်သွားပြီး လမ်းရှင်းပေးဖို့ ဆန္ဒရှိပါတယ်" လင်းရွှီ ချက်ချင်း ပြောလိုက်သည်။
ဟုန်မုန်ကမ္ဘာကိုသွားတာ အန္တရာယ်မသေးဘူးဆိုပေမဲ့၊ သူတို့နှစ်ယောက်စလုံးက လွတ်မြောက်သူတွေ ဖြစ်နေပြီ။ ဆရာသခင်ရဲ့ ကျေးဇူး ကြီးမားလွန်းလို့ ဆရာသခင်အတွက် အခက်အခဲတွေကို ဖြေရှင်းပေးချင်ကြသည်။
"ကောင်းပြီ... မင်းတို့ အရင်သွားပြီး အခြေစိုက်စခန်းတစ်ခု တည်ထောင်ထားလိုက်။ သေချာသတိထားကြ" လီချန် ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်ကို ဟုန်မုန်ကမ္ဘာဆီ လမ်းပြအဖြစ် အရင်လွှတ်လိုက်ပြီး သတင်းအချက်အလက်ရယူခိုင်းတာ ကောင်းပါတယ်။
သူတို့နှစ်ယောက်က လွတ်မြောက်သူတွေဖြစ်နေပြီမို့၊ ဟုန်မုန်ကမ္ဘာက အချိန်အဆင့်အတန်း ၀ ရှိတဲ့ အကြီးအကဲတွေတောင်မှ သူတို့နဲ့ လီချန်ကြားက ပတ်သက်မှုကို တွက်ချက်နိုင်မှာ မဟုတ်ဘူး။
ဒါဆိုရင် သူတို့အတွက် အန္တရာယ် အနည်းဆုံးဖြစ်သွားမယ်။
သူတို့က အချိန်ခရီးသည် အထောက်အထားကိုသုံးပြီး ဟုန်မုန်ကမ္ဘာက အင်အားကြီး ဂိုဏ်းတချို့မှာတောင် ဝင်ရောက်နေထိုင်လို့ရနိုင်သည်။
သူတို့က ပြင်ပက လာသူတွေဖြစ်နေပေမဲ့၊ ဟုန်မုန်ကမ္ဘာဆိုတာ ပြင်ပဟင်းလင်းပြင် စကြဝဠာကြီးတစ်ခုလုံးရဲ့ ဗဟိုချက်မဖြစ်သလို၊ မရေမတွက်နိုင်တဲ့ ရှုထောင့်ကမ္ဘာတွေက ကျင့်ကြံသူတွေ အိပ်မက်မက်ရာ မြင့်မြတ်သော ကမ္ဘာလည်းဖြစ်သည်။
ဒါကြောင့် ပြင်ပက လွတ်မြောက်သူတွေ ဟုန်မုန်ကမ္ဘာထဲ ဝင်လာကြတာက ဆန်းတဲ့ကိစ္စ မဟုတ်ဘူး။
.....
နှစ်အနည်းငယ် ကြာပြီးနောက်။
သေချာပြင်ဆင်ထားတဲ့ လင်းရွှီ နဲ့ ဟော့လင်းတို့သည် သူတို့ရဲ့ တပည့်၊ သားသမီးတစ်စုကို ခေါ်ဆောင်ပြီး အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံကနေ ထွက်ခွာကာ၊ ကျယ်ပြောလှတဲ့ ပြင်ပဟင်းလင်းပြင်ထဲဝင်ရောက်ပြီး ဟုန်မုန်ကမ္ဘာဆီ ဦးတည်သွားကြတော့သည်။
***
ပြီးပါပြီ။
(လီချန်တို့ကတော့ ဒီလိုနဲ့ပဲ အဆုံးသတ်သွားခဲ့ပါပြီ။ Volume 2 အနေနဲ့ဆက်ထွက်ပေးဦးမလားတော့ မသိပါဘူး။ ထပ်ထွက်ခဲ့ရင် ဆက်ပြီး ဘာသာပြန်ပေးသွားပါမယ်။ အဆုံးထိ လိုက်ပါဖတ်ရှုပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
Black Pearl Translation Team)