အခန်း (၂၈၁-၂၈၂)
Vol. 18 Ch. 281-282
အခန်း ၂၈၁ ။ ရှင်မရှိတဲ့ ကမ္ဘာကြီးမှာ...
နဉ်ရှောင်ယောင်း အခန်းထဲသို့ ဝင်သွားပြီး ရွှီကျိချန်၏လက်ကို ဆွဲကိုင်ကာ နှုတ်ဆက်လိုက်သည်။
"ငါတို့ လက်တွဲပြီး ကောင်းကောင်း အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
လိုကျစ်ကွေ့က ရှေ့တိုးသွားပြီး နဉ်ရှောင်ယောင်း၏ လက်ကို အသံမထွက်စေဘဲ ဆွဲဖယ်လိုက်သည်။ ထို့နောက် သူက သူမ၏လက်ဖဝါးကို သူ့လက်ဖြင့် ပွတ်သပ်ပေးနေလိုက်သည်။
ရွှီကျိချန် - ...တစ်မျိုးကြီးပဲ။ တစ်ခုခု လွဲနေသလို ခံစားနေရတယ်။
"မင်း လိုအပ်တာမှန်သမျှ စစ်သေနာပတိချုပ်နဲ့ တိုင်ပင်လိုက်။ ငါက စစ်တိုက်တဲ့အကြောင်း ဘာမှမသိဘူး၊ ဒါကြောင့် ဝင်မပါတော့ဘူး"
နဉ်ရှောင်ယောင်းက နှာခေါင်းကို ပွတ်သပ်ရင်း လိုကျစ်ကွေ့ကို မျက်စိတစ်ဖက်မှိတ်ပြကာ ရွှီကျိချန်ကို ပြောလိုက်သည်။ ထို့နောက် နဉ်ရှောင်ယောင်း ထွက်သွားလေသည်။ သူမ၏ ခြေဖဝါးအောက်တွင် လေဟုန်စီးထားသည့်အလား မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
"အခု ကျွန်တော်တို့ ထိုင်ပြီး ဆွေးနွေးလို့ ရပြီလား" လိုကျစ်ကွေ့က ရွှီကျိချန်ကို မေးလိုက်သည်။
"မောင်လေး" ရွှီရှီက လှမ်းခေါ်လိုက်သည်။
ရွှီကျိချန် ထိုင်လိုက်သည်။
"ကျွန်တော်မျိုး နားထောင်နေပါတယ်။ ပြောပါ စစ်သေနာပတိချုပ်"
ဟုကော်ကုန်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ကြည့်ရတာ အရှင်မင်းကြီးက ရှဲ့ဝမ်ယွမ်ကြောင့် ပင်လယ်ဘက် ထွက်ပြေးရမယ့်ကိန်း မရှိတော့ဘူးထင်ပါရဲ့။
.....
နဉ်ရှောင်ယောင်းသည် ဝင်းထဲမှထွက်ပြီး မီးဖိုချောင်သို့ သွားရန် ပြင်လိုက်စဉ် ယင်းလေ အပြေးအလွှား ရောက်လာသည်ကို မြင်လိုက်ရသည်။
"လေအာ့!" နဉ်ရှောင်ယောင်းက ယင်းလေကို စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြလိုက်သည်။
ယင်းလေသည် နဉ်ရှောင်ယောင်း၏ ရှေ့သို့ ရောက်လာပြီး ချွေးများရွှဲနေသော မျက်နှာကို သုတ်ကာ အမောတကော ပြောလိုက်သည်။
"အရှင်မင်းကြီး... ရွှီဖေးယွီ လွှတ်လိုက်တဲ့လူတွေ နန်းတော်တံခါးအပြင်ဘက်မှာ ရောက်နေပါတယ်"
နဉ်ရှောင်ယောင်း မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
"မိဖုရားခေါင်ကြီး ရွှီဖေးယွီဆီ ရောက်သွားပြီလို့ ထင်ပါတယ်" ယင်းလေက အသံကို နှိမ့်ကာ ပြောလိုက်သည်။
"သူ့ကို ခေါ်လာခဲ့" နဉ်ရှောင်ယောင်းက အခိုင်အမာ ပြောလိုက်သည်။ "အချိန်ကိုက်ပဲ။ စစ်သေနာပတိချုပ်နဲ့ သခင်လေးရွှီတို့ အခု စကားပြောနေကြတာ။ သူတို့အားလုံး အတူတူ ဆွေးနွေးလို့ ရတာပေါ့"
ယင်းလေသည် နဉ်ရှောင်ယောင်း၏အမိန့်ကို နာခံကြောင်းပြသပြီး သူလာခဲ့သော လမ်းဘက်သို့ ပြန်ပြေးသွားလေသည်။
"အာဝူး..." ရှောင်ပိုင်သည် ဝင်းနှင့် မျက်နှာချင်းဆိုင်ရှိ ဝါးတောထဲမှ တိုးထွက်လာပြီး နဉ်ရှောင်ယောင်းထံသို့ ပြေးလာသည်။
နဉ်ရှောင်ယောင်းသည် ရှောင်ပိုင်ကို ကောက်ချီလိုက်ပြီး ဝါးတောထဲသို့ ဝင်သွားသည်။ ကျောက်ခုံတစ်လုံးကို တွေ့သောအခါ သူမ ဝင်ထိုင်လိုက်သည်။
"လောင်တ ဘယ်ရောက်နေလဲ"
"စစ်သေနာပတိချုပ်ဆီမှာ"
နဉ်ရှောင်ယောင်း နှုတ်ခမ်းထောင့် ကွေးညွှတ်သွားသည်။ ကြည့်ရတာ လောင်တက စစ်သေနာပတိချုပ်ဆီကနေ အစားအသောက် တောင်းစားချင်လို့ နေမှာပါ။
"ရှောင်ယောင်း"
ရှောင်ပိုင်က ကျောက်စားပွဲပေါ်သို့ ခုန်တက်လိုက်ပြီး နဉ်ရှောင်ယောင်း၏လက်ကို လျှာဖြင့်လျက်ပေးလိုက်သည်။ ထို့နောက် လိုကျစ်ကွေ့နှင့် ဟုကော်ကုန်းတို့၏ စကားဝိုင်းကို ပြန်ပြောပြလိုက်သည်။
"ငါ အကုန်ကြားလိုက်တယ်" ရှောင်ပိုင်က တိုးတိုးလေး ပြောသည်။ "ရှောင်ယောင်း... စစ်သေနာပတိချုပ်နဲ့ တခြားလူတွေ သေကြတော့မှာလား"
နဉ်ရှောင်ယောင်း နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
"လောင်တက အရမ်းစိတ်ညစ်နေတယ်။ စစ်သေနာပတိချုပ်နဲ့ တခြားလူတွေ တကယ်သေကြတော့မှာလား"
နဉ်ရှောင်ယောင်းက ရှောင်ပိုင်၏ခေါင်းကို ပွတ်သပ်ပေးရင်း သက်ပြင်းချလိုက်သည်။
"စစ်ပွဲဆိုတာ လူတွေ သေတတ်ကြတာပဲလေ"
"အာဝူး?" ရှောင်ပိုင်က နဉ်ရှောင်ယောင်းကို မော့ကြည့်လိုက်သည်။
"စစ်သေနာပတိချုပ်က ငါ့ကို အသက်ရှင်စေချင်တယ်"
"အင်း..." ရှောင်ပိုင်က မှတ်ချက်ပေးသည်။ "စစ်သေနာပတိချုပ်က ရှောင်ယောင်းအပေါ် အရမ်းကောင်းတာပဲနော်၊ အာဝူး"
"အဆင်ပြေပါတယ်" နဉ်ရှောင်ယောင်းက စိတ်ထဲတွင် တွက်ချက်မှုအချို့ ပြုလုပ်လိုက်သည်။ "ငါ သခင်မကြီးနဲ့ တခြားသူတွေကို လုံခြုံတဲ့နေရာဆီ အရင်ပို့ပေးပြီးမှ ဒီကိုပြန်လာမယ်။ ငါရှိနေရင် သေမယ့်လူအရေအတွက် လျော့နည်းသွားမှာပါ"
ရှောင်ပိုင်က မေးလိုက်သည်။ "ဒါဆို လုံခြုံတဲ့နေရာက ဘယ်မှာလဲ"
"အဲဒါ ပြဿနာပဲ" နဉ်ရှောင်ယောင်းက ရှောင်ပိုင်ကို ပွေ့ဖက်ပြီး မတ်တတ်ရပ်လိုက်သည်။ "မြေပုံကို ပြန်သွားကြည့်ရဦးမယ်"
....
ရွှီဖေးယွီ၏ လူများကို ယင်းလေက နန်းတော်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူတို့အုပ်စုသည် မိုးချုပ်သည်အထိ အတူတူထိုင်၍ ဆွေးနွေးတိုင်ပင်ကြသည်။ ထိုညတွင်ပင် ရွှီကျိချန်နှင့် ရွှီဖေးယွီ၏ လူများသည် မြို့တော်မှ ထွက်ခွာသွားကြသည်။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ အိပ်ခန်းထဲသို့ ဝင်လာသောအခါ သူမသည် မြေပုံစာလိပ်ကြီးထဲတွင် ခေါင်းနှစ်ထားသည်။ နဉ်ရှောင်ယောင်းက ခေါင်းကို အနည်းငယ်မော့၍ လိုကျစ်ကွေ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မြေပုံကို ပြန်လည်အာရုံစိုက်လိုက်သည်။
လိုကျစ်ကွေ့ လျှောက်သွားပြီး နဉ်ရှောင်ယောင်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူက ရှုပ်ပွနေသော အရာများကို ဝေ့ကြည့်လိုက်သည်။
"မင်း ဘာလို့ ဒီမြေပုံတွေကို ကြည့်နေတာလဲ"
"ဒီတိုင်း ကြည့်နေတာပါ" နဉ်ရှောင်ယောင်းက လက်ထဲရှိ စုတ်တံကို ကိုက်ရင်း ပြောလိုက်သည်။ "စစ်သေနာပတိချုပ်... ရှင်တို့ အကုန်စီစဉ်ပြီးသွားပြီလား"
"အင်း" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏ လက်ထဲမှ စုတ်တံကို ဆွဲယူပြီး ဘေးသို့ ပစ်ချလိုက်သည်။ "ရှောင်ယောင်း... ရွှီမိသားစုရဲ့ ကျားဟိန်းသံတပ်တွေ နောက်နှစ်ရက်အတွင်း မြို့တော်ကို ရောက်လာလိမ့်မယ်"
နဉ်ရှောင်ယောင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"အဲဒါက နောက်နှစ်ရက်နေရင် စစ်ပွဲစတော့မယ်ဆိုတဲ့ သဘောလား"
"သခင်မကြီးနဲ့ ဟုကော်ကုန်းအိမ်တော်က မိသားစုဝင်တွေကို မြို့တော်အပြင်ဘက် အရင်ဆုံး လိုက်ပို့ပေးနိုင်မလား" လိုကျစ်ကွေ့က မေးလိုက်သည်။
နဉ်ရှောင်ယောင်း ဘာမှမသိဟန်ဆောင်ပြီး လိုကျစ်ကွေ့ကို စိုက်ကြည့်လိုက်သည်။
"ကျွန်မကလွဲရင် တခြားဘယ်သူမှ လိုက်မပို့ပေးနိုင်ဘူးလား"
"မင်းအတွက် သူဂရုစိုက်ပေးစရာ မလိုဘူးလို့ သခင်မကြီးက ထင်နေရင် သူ ထွက်သွားမှာ မဟုတ်ဘူး" လိုကျစ်ကွေ့က ဖိအားပေးလိုက်သည်။ "သူတို့ ဒုက္ခရောက်မှာကို မင်း မလိုလားဘူး မဟုတ်လား"
"ဒါပေါ့ မလိုလားပါဘူး" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ မြို့တော်မှာ တခြားအဘွားကြီးတွေ အများကြီး ရှိသေးတယ်လေ။ သူတို့ ဒုက္ခရောက်မှာကိုလည်း ကျွန်မ မလိုလားဘူး"
လိုကျစ်ကွေ့ သူမပြောသည့်အချက်ကို မငြင်းနိုင်သဖြင့် ချော့ပြောလိုက်သည်။
"မြို့တော်ထဲက တခြားသက်ကြီးရွယ်အိုတွေ ဒုက္ခရောက်မှာ မဟုတ်ပါဘူး"
ဒါက သိသိသာသာ လိမ်ညာနေခြင်းဖြစ်သည်။ မိန်းကလေးနဉ်က ဘယ်လိုလုပ်ယုံပါ့မလဲ။
"ကျွန်မ မြေပုံတွေကို လေ့လာပြီးပြီ" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ပြလိုက်သည်။ "မြို့တော်မှာ သူတို့ကို ခေါ်သွားပြီး ပုန်းနေလို့ရမယ့် လုံခြုံတဲ့နေရာ တစ်နေရာမှ မရှိဘူး"
"မြောက်ဘက်ကို သွားပါ" လိုကျစ်ကွေ့ အကြံပေးလိုက်သည်။ "ချင်ရွှမ်ဆီကို သွားလိုက်"
"ပြီးတော့ရော"
"အဆိုးရွားဆုံး အခြေအနေရောက်လာရင် ဘာလုပ်ရမလဲဆိုတာ ချင်ရွှမ် သိပါလိမ့်မယ်" လိုကျစ်ကွေ့က တိုးတိုးလေး ပြောလိုက်သည်။
"ပင်လယ်ဘက် ထွက်သွားရမှာလား" နဉ်ရှောင်ယောင်း အော်ပြောလိုက်သည်။ "ဒါဆို ကျွန်မတို့ ဘယ်ကိုသွားရမှာလဲ။ ရှင်မရှိတဲ့ ကမ္ဘာကြီးမှာ ကျွန်မက ဘယ်ကိုသွားရမှာလဲ။ ပင်လယ်ဟိုဘက်ခြမ်းမှာ နောက်ထပ် လိုကျစ်ကွေ့တစ်ယောက် ရှိနေလို့လား"
လိုကျစ်ကွေ့မှာ နဉ်ရှောင်ယောင်းကြောင့် နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။
"ကျွန်မ စဉ်းစားပြီးပြီ" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့၏ လက်ပေါ်သို့ သူမလက်ကို တင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ ဒီမှာပဲ နေချင်တယ်"
"ရှောင်ယောင်း......"
"ကျွန်မပြောတာ အဆုံးထိ နားထောင်ပါဦး" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့၏ ပါးစပ်ကို လက်ဖြင့် အတင်းပိတ်ထားလိုက်သည်။ "သခင်မကြီးက မသွားဘူးဆိုရင် ကျွန်မ သူ့ကို နားချလိုက်မယ်။ သူသွားအောင် ကျွန်မ တာဝန်ယူ နားချပေးမယ်"
"ဒါက အဆိုးရွားဆုံး အခြေအနေလေ" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"ရလဒ်က ဘာပဲဖြစ်ဖြစ် ကျွန်မ မသွားနိုင်ဘူး" နဉ်ရှောင်ယောင်းက အလေးအနက် ပြောလိုက်သည်။ "ကျွန်မ တစ်နေ့ကုန် စဉ်းစားပြီးမှ တစ်ခုခုကို သဘောပေါက်လိုက်တယ်။ ဒါက ယုံနင်မြို့တော်လေ။ ပြီးတော့ ကျွန်မက ဧကရာဇ်ပဲ။ ကျွန်မက ဘယ်လိုလုပ် ဒီတိုင်း ထွက်ပြေးလို့ရမှာလဲ"
"ဒါပေမဲ့ မင်းက တကယ် ဧကရာဇ် ဟုတ်လို့လား" လိုကျစ်ကွေ့က မေးလိုက်သည်။
"နဂါးဝတ်ရုံ ဝတ်ထားတယ်၊ နဂါးပလ္လင်ပေါ်မှာ ထိုင်နေတယ်၊ ဘယ်လိုလုပ် ဧကရာဇ် မဟုတ်ရမှာလဲ" နဉ်ရှောင်ယောင်း နှာမှုတ်လိုက်သည်။ "စစ်သေနာပတိချုပ်... ရှင် ပြောပြစမ်းပါ၊ ရှင် ဒီစစ်ပွဲကို ဘယ်လိုတိုက်မှာလဲ။ ကျွန်မ စဉ်းစားကြည့်တာတော့ ကျွန်မတို့က အင်အားချင်းမမျှဘူး။ ဒါကြောင့် ရှင်က မြို့ပြင်ထွက်ပြီး အမတ်ချုပ်ကြီးရဲ့ လူတွေကို ထိပ်တိုက်ရင်ဆိုင်လို့ မရဘူး"
လိုကျစ်ကွေ့ - ...မိန်းကလေးရေ၊ ဒီနေ့ မင်းခေါင်းထဲ ဘယ်လိုအတွေးတွေ ဝင်နေတာလဲ။
"ကျွန်မက အရမ်းဉာဏ်ကောင်းတာပဲ" နဉ်ရှောင်ယောင်းက သူမ၏ ဦးနှောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ရှဲ့ဝမ်ယွမ်ရဲ့ အဓိကတပ်တွေက မဟာမိတ်ဖွဲ့ထားတာ" လိုကျစ်ကွေ့က ရှင်းပြသည်။ "ရွေးချယ်ထားတဲ့ တပ်ဖွဲ့တွေဖြစ်ပေမဲ့ သူတို့ကြားမှာ ကျွမ်းကျင်မှုအဆင့် ကွာခြားချက်တွေ ရှိနေသေးတယ်။ ကျွန်တော်တို့က အရေအတွက်ပိုင်းမှာ အားနည်းတဲ့အတွက် အကောင်းဆုံးတိုက်ခိုက်နည်းက ကျွန်တော်တို့ရဲ့ အင်အားအားလုံးကို စုစည်းပြီး ရန်သူရဲ့ အားအနည်းဆုံး နေရာတွေကို တိုက်ခိုက်ဖို့ပဲ"
"ဘယ်တပ်ဖွဲ့က အားအနည်းဆုံးလဲဆိုတာ ရှင်သိလား"
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။
"ဒါဆို အဲဒါပဲလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ကျွန်တော်တို့ သူတို့ကို မြို့ထဲ မျှားခေါ်မယ်" ဒီအခြေအနေရောက်မှတော့ လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဘာမှ ဖုံးကွယ်မထားချင်တော့ပေ။ သူ ညင်သာစွာ ပြောလိုက်သည်။ "မြို့ထဲက လမ်းတွေက ရှုပ်ထွေးတယ်။ အဲဒီကျရင် ရှဲ့ဝမ်ယွမ်ရဲ့ မြင်းတပ်က အသုံးမဝင်တော့ဘူး"
"မြို့ထဲက လူတွေကရော"
လိုကျစ်ကွေ့ တိတ်ဆိတ်နေသည်။
"ဪ..." နဉ်ရှောင်ယောင်း သဘောပေါက်သွားသည်။ မြို့ထဲကလူတွေ အသက်ရှင်မရှင်ဆိုတာ သူတို့ကံတရားအပေါ်ပဲ မူတည်တော့မှာပေါ့။
"ရှောင်ယောင်း... ကိုယ်က..."
"ကျွန်မ နားလည်ပါတယ်။ စစ်ပွဲမှာ လူတွေ မသေဘူးဆိုတာ မဖြစ်နိုင်ပါဘူး" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့၏ စကားကို ဖြတ်ပြောလိုက်သည်။ "ကျွန်မတို့ ကံဆိုးတာပါ။ ဒီအချိန်ကာလမှာ အသက်ရှင်နေရတာ ဘယ်သူ့အပြစ်လဲ"
သူမ၏ ယခင်ဘဝတုန်းကလိုပင် ကမ္ဘာပျက်ကပ်လွန်ကာလတွင် နေထိုင်ခဲ့ရသကဲ့သို့ ဖြစ်သည်။ ဘယ်သူ့ကို သွားအပြစ်ပြောရမလဲ။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏လက်ကိုကိုင်ပြီး သူမကို စိုက်ကြည့်နေသည်။
"မင်း ကိုယ့်ကို အပြစ်မတင်ဘူးလား"
နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။
"ရှင်က တမင်လုပ်တာမှ မဟုတ်တာ"
လိုကျစ်ကွေ့ ခေါင်းခါလိုက်သည်။ သေချာပေါက် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ပါဘူး။
"ဒါဆို ကျွန်မက ဘာလို့ ရှင့်ကို အပြစ်တင်ရမှာလဲ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ကျွန်မတို့က စစ်တိုက်နေတာလေ။ အလှူလုပ်နေတာမှ မဟုတ်တာ။ လူတွေ မသေစေချင်ရင် စစ်မတိုက်ဘဲ နေရမှာပေါ့"
လိုကျစ်ကွေ့၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ပြုံးလိုက်သည်။
"ကျွန်မ မြို့ထဲမှာပဲ နေမယ်"
နဉ်ရှောင်ယောင်း၏ နောက်ထပ်စကားကြောင့် လိုကျစ်ကွေ့၏ မျက်နှာပေါ်မှ အပြုံး ချက်ချင်း ပျောက်ကွယ်သွားသည်။
"သူတို့ကို နန်းတော်အထိ တိုက်ခိုက်လာခိုင်းလိုက်။ နန်းတော်ထဲက လမ်းတွေက ကွေ့ကောက်နေတော့ လမ်းပေါ်တိုက်ပွဲ ဆင်နွှဲလို့ရတယ်"
"ရှောင်ယောင်း!"
"ပထမဆုံး သူတို့ကို နန်းတော်ကို မီးရှို့ခိုင်းလိုက်" နဉ်ရှောင်ယောင်းက ကြေညာလိုက်သည်။ "ပြီးရင် မြို့တော်ကို မီးရှို့နိုင်တယ်။ ကျွန်မရဲ့ ပြည်သူတွေကို ဒီတိုင်း အသေမခံနိုင်ဘူး။ ကျွန်မ ဘာမှမဖြစ်ပါဘူး။ ပြီးတော့ သူတို့ တကယ်သတ်ချင်နေတဲ့သူက ကျွန်မလေ။ သူတို့ကို ဒီကိုပဲ လာခိုင်းလိုက်ပါ"
လိုကျစ်ကွေ့ စိတ်ထဲ တွေးလိုက်မိသည်။ သူ့ကို သတိမေ့သွားအောင် ရိုက်ပြီး မြို့ပြင် ခေါ်ထုတ်သွားလိုက်ရမလား။
"ရှင် ကျွန်မကို သတိမေ့အောင် ရိုက်လို့ မရဘူးနော်" သူ့မျက်နှာထားကို မြင်လိုက်သည်နှင့် နဉ်ရှောင်ယောင်းက ရယ်မောကာ ပြောလိုက်သည်။
လိုကျစ်ကွေ့ - ...
"ရှင့်မျက်လုံးထဲက မကောင်းတဲ့အရိပ်အယောင်တွေကို ကျွန်မ မြင်နေရတယ်။ ရှင် သေချာပေါက် မကောင်းတာ ကြံနေတာပဲ။ စစ်သေနာပတိချုပ်... ကျွန်မက ရှင်တို့ကို မြို့တော်ကနေ ထွက်သွားစေချင်တာ"
"ကိုယ် မြို့ထဲမှာပဲ နေမယ်" လိုကျစ်ကွေ့ မျက်လုံးကို ပွတ်သပ်လိုက်သည်။
"ရှင်က အပြင်ဘက်မှာ ရန်သူတွေ ပိုသတ်လေ မြို့တော်က ပိုလုံခြုံလေ မဟုတ်ဘူးလား" နဉ်ရှောင်ယောင်း စိတ်မရှည်ချင်တော့ပေ။ "ရှင်က မြို့ထဲမှာ ကျွန်မရဲ့ သက်တော်စောင့် လုပ်မလို့လား။ ဟေး... ဟေး... စစ်သေနာပတိချုပ်... ရှင့်ရဲ့ စစ်မြေပြင်က ဘယ်မှာလဲ"
လိုကျစ်ကွေ့ ပြန်ပြောစရာ စကားမရှိသလို ခံစားလိုက်ရသည်။
"ကျွန်မ အာ့ယာနဲ့ ရှောင်ချိုးကို နန်းတော်ကနေ ခေါ်ထုတ်သွားဖို့ သာ့ဖုန်းကို ပြောပြီးပြီ" နဉ်ရှောင်ယောင်းက ဆက်ပြောသည်။ "အချိန်ကျလာရင် နန်းတော်ထဲက လူတိုင်းကို မယ်တော်ကြီးရဲ့ နန်းဆောင်မှာ သွားစုဖို့ ပြောလိုက်မယ်။ မယ်တော်ကြီးက ရှဲ့မျိုးရိုးဖြစ်နေတဲ့အပြင် အမတ်ချုပ်ကြီးရှဲ့က နဉ်ရှင်းကို ဧကရာဇ်တင်ချင်နေတုန်းပဲဆိုတော့ မယ်တော်ကြီးရဲ့ နန်းဆောင်က အလုံခြုံဆုံးနေရာ ဖြစ်လောက်တယ်"
"မင်းကရော"
"ကျွန်မက ရန်သူတွေကို အကုန်ချမယ်" နဉ်ရှောင်ယောင်း အော်ပြောလိုက်သည်။ "ရှဲ့ဝမ်ယွမ် ကျွန်မအမြင်ကပ်အောင် မလုပ်မိစေနဲ့။ မဟုတ်ရင် သူ့ကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးပစ်လိုက်မယ်!"
လိုကျစ်ကွေ့ တိတ်ဆိတ်နေသည်။ သူသည် မိန်းကလေးနဉ်ကို မြို့ပြင်ခေါ်ထုတ်မည့် နည်းလမ်းများကို စဉ်းစားနေဆဲဖြစ်သည်။
"ကျွန်မတို့ အခုပဲ တစ်ပွဲလောက် စမ်းသတ်ကြည့်မလား" နဉ်ရှောင်ယောင်းက အကြံပြုလိုက်သည်။ "စစ်သေနာပတိချုပ်... ကျွန်မအမြင်တော့ ရှင် ကျွန်မကို နိုင်မှာမဟုတ်ဘူး"
လိုကျစ်ကွေ့ သက်ပြင်းချလိုက်သည်။
"ကိုယ် မိန်းကလေးတွေကို မရိုက်ဘူး"
နဉ်ရှောင်ယောင်းတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူမ စားပွဲကို စိုက်ကြည့်လိုက်သော်လည်း နှမြောသလို ခံစားလိုက်ရသည်။ ပိုက်ဆံပေးဝယ်ထားရတာလေ။ ထို့ကြောင့် နဉ်ရှောင်ယောင်းသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ အားအင်များကို စုစည်းကာ ကြမ်းပြင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
ဝုန်း
အိပ်ခန်းတစ်ခုလုံး တုန်ခါသွားသည်။ တံခါးများနှင့် ပြတင်းပေါက်များ လှုပ်ခါသွားပြီး မျက်နှာကြက်မှ သစ်သားစအချို့ ပြုတ်ကျလာသည်။
ယင်းလေ၊ ယင်းယွီ နှင့် ယင်းတျန့်တို့ အိပ်ခန်းထဲသို့ ပြေးဝင်လာကြသည်။ တပ်မှူးသုံးဦးနှင့် စစ်သေနာပတိချုပ်တို့ အံ့အားသင့်သွားကြသည်။
နဉ်ရှောင်ယောင်း သူမခြေထောက်အောက်မှ အပေါက်ကြီးကို ကြည့်လိုက်သည်။
"အယ်မလေး... ဘာလို့ ရေတွေ ထွက်လာတာလဲ"
ကျင်းထဲမှ ရေများသည် တဖြည်းဖြည်း မြင့်တက်လာသည်။ နောက်ဆုံးတွင် ကျင်းအပေါ်သို့ လျှံတက်လာပြီး သူတို့၏ ခြေထောက်များပေါ်သို့ စီးကျလာသည်။
"ရေကြီးနေပြီ" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ထောက်ပြလိုက်သည်။
လိုကျစ်ကွေ့ နဖူးကို ပွတ်သပ်လိုက်မိသည်။
ယင်းလေနှင့် အခြားနှစ်ဦးတို့သည် နဉ်ရှောင်ယောင်း၏ ဘေးသို့ ပြေးသွားပြီး ရေပြည့်နေသော ကျင်းကြီးကို ငေးကြည့်နေကြသည်။
"ဒါ မြေအောက်ရေလား" ယင်းယွီက မေးလိုက်သည်။
"ဒီကျင်းက ဘာဖြစ်တာလဲ" ယင်းတျန့်က စူးစမ်းလိုက်သည်။
"ငါလုပ်လိုက်တာ" နဉ်ရှောင်ယောင်း ခေါင်းငုံ့ပြီး ရှက်ရွံ့စွာ ဝန်ခံလိုက်သည်။
သူမက သူမ၏ စွမ်းရည်ကို ပြသရန် အပေါက်တစ်ပေါက် ဖောက်လိုက်ရုံသာဖြစ်သည်။ ပြီးမှ ပြန်ဖာလိုက်မည်ဟု စိတ်ကူးထားခြင်းဖြစ်သည်။ သူမက မြေအောက်ရေကြောကို ထိမိလိမ့်မည်ဟု ဘယ်သူက သိမှာလဲ။
"မလုပ်နဲ့လေ" ယင်းယွီက မေးလိုက်သည်။ "အရှင်မင်းကြီး... ဘာအကြောင်းနဲ့ အပေါက်ဖောက်လိုက်ရတာလဲ"
"ငါ စစ်သေနာပတိချုပ်နဲ့ တိုက်ခိုက်ချင်လို့။ ဒါပေမဲ့ သူက အားနည်းတဲ့သူ(မိန်းကလေး)တွေကို မရိုက်ဘူးတဲ့" နဉ်ရှောင်ယောင်းက ငိုသံပါပါဖြင့် ပြောလိုက်သည်။ "ဒါကြောင့် ငါ ကြမ်းပြင်ကိုပဲ ရိုက်လိုက်တာ"
တပ်မှူးသုံးဦးသည် လိုကျစ်ကွေ့ကို မလိုလားအပ်သော အကြည့်များဖြင့် လှည့်ကြည့်လိုက်ကြသည်။
ဒီလောက် ဆူညံပွက်လောရိုက်သွားတာ ခင်ဗျားအပြစ်ပေါ့? ခင်ဗျား အရှင်မင်းကြီးနဲ့ ရှိနေရင် ဘာလို့ ကောင်းတာတွေ ဘာမှမဖြစ်ရတာလဲ?!
လိုကျစ်ကွေ့ ထိုင်ချလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ငြင်းဆန်လိုက်သည်။
"ခြေမျက်စိလောက် ရောက်နေပြီ" နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။
ခြေဖမိုးကို မြှုပ်ပြီးနောက် ခြေမျက်စိအထိ မြှုပ်လာပြီ...
"သွားကြစို့" လိုကျစ်ကွေ့ မတ်တတ်ရပ်လိုက်သည်။
သူတို့ စကားပြောရန် အခြားနေရာတစ်ခု ရှာရတော့မည်။ ဘာပဲဖြစ်ဖြစ် ဒီတိုင်းရပ်ပြီး ခြေထောက်စိမ်နေလို့မှ မဖြစ်တာလေ ဟုတ်တယ်မလား။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၈၂ ။ စစ်သေနာပတိချုပ်က ရှောင်ယောင်းကို စကတ်ဝယ်ပေးချင်တယ်
အိပ်ခန်းတံခါးအပြင်ဘက်တွင် ရပ်ရင်း နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။ အခန်းထဲမှ ရေများသည် ဝင်းထဲသို့ စီးဆင်းလာသည်ကို ကြည့်ရင်း သူမ မေးလိုက်သည်။
"စစ်သေနာပတိချုပ်... ကျွန်မရဲ့ တိုက်ခိုက်နိုင်စွမ်းရည်က ကောင်းတယ်မလား"
လိုကျစ်ကွေ့ ခေါင်းငုံ့ပြီး နဉ်ရှောင်ယောင်း၏ လက်ကို အကဲခတ်ကြည့်လိုက်သည်။ လက်သေးသေးလေး၊ ဖြူဖြူနုနုလေး၊ အသားအရေကလည်း နူးညံ့နေသည်။ ဒီလိုလက်လေးတွေက မြေအောက်ရေ ပန်းထွက်လာအောင် လုပ်နိုင်တဲ့ ခွန်အားဘယ်လိုရှိနေရတာလဲ။ စစ်သေနာပတိချုပ်လို နားမလည်နိုင်ဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့တွင် ထိုစွမ်းရည်မရှိပေ။
"စစ်သေနာပတိချုပ်?" နဉ်ရှောင်ယောင်း သူ့ကို မျက်တောင်ခတ်ပြလိုက်သည်။
ဘာပဲဖြစ်ဖြစ် လိုကျစ်ကွေ့ 'မဟုတ်ဘူး' ဟု မငြင်းရဲပေ။ သူသာ ငြင်းလိုက်ရင် ဒီကောင်မလေးက နောက်ထပ် ရေပန်းတစ်ခု ဖန်တီးလိုက်မှာ စိုးရသည်။
"တစ်ခုခု ပြောပါဦး" နဉ်ရှောင်ယောင်းက နှိုးဆော်လိုက်သည်။
"နောက်မှ ပြောကြတာပေါ့" လိုကျစ်ကွေ့က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
နဉ်ရှောင်ယောင်း၏ ဖောင်းနေသော ပါးမို့မို့လေးများ လျော့ကျသွားသည်။ "စစ်သေနာပတိချုပ်... ရှင် ကျွန်မကို အလေးအနက် မထားပြန်ဘူး"
စစ်ဖြစ်တော့မည့်အချိန်တွင် ဘယ်သူက နောက်မှ ဆွေးနွေးဖို့ အချိန်ရမှာလဲ။
လိုကျစ်ကွေ့က သူမ၏ နဖူးကို သပ်ပေးရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒီအပေါက်ကို မဖာရင် ဒီအဆောင်က ခံနိုင်မှာ မဟုတ်ဘူး"
"ဟင်" နဉ်ရှောင်ယောင်း မေးလိုက်သည်။ တစ်ခဏအတွင်း လိုကျစ်ကွေ့ သူမ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
"ရေကြာကြာကြီး လွှမ်းနေရင် အခန်းက ပြိုကျလိမ့်မယ်" ယင်းလေက သူမဘေးမှ မှတ်ချက်ပြုလိုက်သည်။
နဉ်ရှောင်ယောင်း နာကျင်သွားသည်။ သူမ၏အခန်းသည် အမတ်ချုပ်ကြီး၏ လူများကြောင့် မီးလောင်ပြာကျသွားခြင်း မဟုတ်ဘဲ သူမကိုယ်တိုင် ရေနစ်သတ်လိုက်သလို ဖြစ်နေသည်။ သူမအိပ်ခန်းအောက်မှာ ဘာလို့ မြေအောက်ရေ ရှိနေရတာလဲ။ အားးးးးး!!!! (စာရေးသူ - ကဲ... ဘယ်သူ့ကို သွားမေးရမှာလဲ။ o(╯□╰)o)
"အပေါက်ကို ပြန်ဖို့ဖို့ လူသွားရှာလိုက်ရမလား" ယင်းယွီက မေးလိုက်သည်။ ပျက်စီးမှု အခြေအနေအရဆိုရင် သူတို့ အကူအညီ လိုလောက်သည်။ ရေက ရေလွှမ်းမိုးသကဲ့သို့ စီးဆင်းနေသည်။ အရှင်မင်းကြီးက တွင်းကို ဘယ်လောက်နက်အောင် တူးလိုက်သလဲဆိုတာ ဘုရားမှပဲ သိလိမ့်မည်။
နဉ်ရှောင်ယောင်း အင်္ကျီလက်မောင်း ခေါက်တင်လိုက်သည်။
"ငါပဲ လုပ်လိုက်မယ်"
သာမန်လူများ ဒါကို ပြင်နိုင်မည်မဟုတ်ပေ။ သူမသာ ကိုယ်တိုင်လုပ်မှ ဖြစ်မည်။ သူမသာဆိုလျှင် ဤတွင်းကြီးကို တစ်မိနစ်အတွင်း ပြန်ဖို့နိုင်သည်။ သူမ ခေါင်းခါလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်း ဝင်းထဲမှ ပန်းခင်းကို စိုက်ကြည့်နေမိသည်။
"ဒီအတိုင်း ထားလိုက်ပါ" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ဆွဲခေါ်သွားလိုက်သည်။
"ဟင်?"
"ဘာလဲ"
ဧကရာဇ်နဉ်နှင့် တပ်မှူးသုံးဦးတို့ လိုကျစ်ကွေ့ကို ပြိုင်တူ စိုက်ကြည့်လိုက်ကြသည်။ သူက အိပ်ခန်းကို ပြိုကျခိုင်းစေချင်နေတာလား။
"ရန်သူ့တပ်တွေ နန်းတော်ဝင်းထဲ ဝင်လာတဲ့အခါ ဧကရာဇ်နန်းဆောင်ကို သေချာပေါက် ဝိုင်းထားကြလိမ့်မယ်" လိုကျစ်ကွေ့က ပြောလိုက်သည်။ "နန်းတော်အိပ်ဆောင်က သူတို့တိုက်ခိုက်ဖို့ အရေးအကြီးဆုံးနေရာပဲ။ အိပ်ဆောင်မရှိရင် သူတို့ရဲ့ အင်အားစုတွေ ကွဲပြားသွားလိမ့်မယ်"
"ဒါဆိုရင် သူတို့ကို သီးခြားစီခွဲပြီး ချေမှုန်းလို့ ရတာပေါ့" နဉ်ရှောင်ယောင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။ ရန်သူက အရေအတွက် သာလွန်နေချိန်တွင် သူတို့၏ အင်အားကို စုစည်းခွင့်ပေးလိုက်ခြင်းသည် မိုက်မဲရာကျပေသည်။
"မင်း အခန်းကို လိုချင်တာလား၊ မြို့ပြင်ထွက်ချင်တာလား" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏ လက်ကို ဆွဲပြီး မေးလိုက်သည်။
နဉ်ရှောင်ယောင်း တိတ်ဆိတ်သွားသည်။ သူမ အခန်းကို သိမ်းထားချင်သော်လည်း မြို့တော်ကနေလည်း မထွက်ချင်ပေ။
"နှစ်ခုထဲက တစ်ခုပဲ ရွေး" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။
နဉ်ရှောင်ယောင်း တကိုယ်လုံး နာကျင်ကိုက်ခဲသွားသလို ခံစားလိုက်ရသည်။ အသည်းနှလုံးတွေလည်း နာကျင်နေသည်။
ယင်းလေ စကားဝင်ပြောချင်သည်။ သူတို့မှာ ဘာရွေးချယ်စရာ ရှိသေးလို့လဲ။ တွင်းဖို့လိုက်ရုံနဲ့ အရှင်မင်းကြီး မြို့တော်က ထွက်ခွာတာကို နှောင့်နှေးစေနိုင်လို့လား။ သို့သော် ဒုတိယမြောက် နဂါးအစောင့်တပ်မှူး စကားပြောရန် ပြင်လိုက်စဉ် တတိယနှင့် စတုတ္ထတပ်မှူးတို့က တားလိုက်ကြသည်။ သိသာထင်ရှားသည်မှာ အရှင်မင်းကြီးက ထွက်ခွာရန် ငြင်းဆန်နေပြီး စစ်သေနာပတိချုပ်လိုက အတင်းအကျပ် တွန်းအားပေးနေခြင်းဖြစ်သည်။ စစ်ဖြစ်နေချိန်တွင် အရှင်မင်းကြီး ဘေးကင်းစွာ ထွက်ခွာနိုင်ရန် သူတို့ စဉ်းစားသင့်သည်။ ထို့ကြောင့် ယင်းယွီနှင့် ယင်းတျန့်တို့က နဉ်ရှောင်ယောင်းကို တောင်းပန်လိုက်ကြသည်။
"အရှင်မင်းကြီး... မြို့ပြင်ထွက်လိုက်ပါ"
"ငါ မသွားဘူး" နဉ်ရှောင်ယောင်းက တစ်ဆက်တည်း ပြောချလိုက်သည်။ သူမ၏ လေသံမှာ တစ်စုံတစ်ယောက်က သူမ၏ အသားကို လှီးဖြတ်နေသကဲ့သို့ ဖြစ်နေသည်။
အိမ်ပျောက်သွားရင် နောက်တစ်လုံး ဆောက်လို့ရသည်။ ဒါပေမဲ့ အသက်ပျောက်သွားရင် နောက်တစ်သက် ဘယ်မှာသွားရှာရမှာလဲ။
လိုကျစ်ကွေ့ ခေါင်းအသာညိတ်လိုက်သည်။ သူ အခန်းကိုပါ ထည့်သွင်းစဉ်းစားပေးခဲ့သော်လည်း မိန်းကလေးနဉ်ကို နားချနိုင်ခြင်း မရှိသေးပေ။ တစ်ခုတည်းသော နည်းလမ်းမှာ သူမကို သတိမေ့အောင် ရိုက်လိုက်ခြင်းသာ ဖြစ်နိုင်သည်။ သို့သော် လိုကျစ်ကွေ့ စိတ်ဖိစီးနေသည်။ ဒီအမျိုးသမီးက အဆိပ်ပေါင်းတစ်ထောင်ကို ခံနိုင်ရည်ရှိပြီး တိုက်ခိုက်ရေးသမားလည်း ဖြစ်သည်။ သူမကို ဘယ်လိုလုပ် သတိမေ့အောင် ရိုက်ရမှာလဲ။
"ငါ စစ်သေနာပတိချုပ်နဲ့ တိုင်ပင်ပြီးပြီ" နဉ်ရှောင်ယောင်းက သူမ၏ နဂါးအစောင့်တပ်မှူးသုံးဦးကို ရှင်းပြလိုက်သည်။ "တိုက်ပွဲစတာနဲ့ ငါက နန်းတော်ထဲမှာရှိတဲ့ အမတ်ချုပ်ကြီးရဲ့ အင်အားစုတွေကို လျော့နည်းအောင် လုပ်မယ်။ စစ်သေနာပတိချုပ်က မြို့ပြင်မှာရှိတဲ့ အမတ်ချုပ်ကြီးကို ချေမှုန်းဖို့ တပ်တွေကို ဦးဆောင်လိမ့်မယ်"
တပ်မှူးသုံးဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လိုကျစ်ကွေ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြသည်။
ခင်ဗျားက ရှဲ့ဝမ်ယွမ်ရဲ့ စစ်တပ်ကို တိုက်ခိုက်ဖို့ အရှင်မင်းကြီးကို နန်းတော်ထဲမှာ တစ်ယောက်တည်း ထားခဲ့ချင်တယ်ပေါ့? ခင်ဗျားက ဘယ်လို လက်အောက်ငယ်သားမျိုးလဲ။ တစ်ခုခုလွဲချော်သွားရင် အရှင်မင်းကြီးကို အသက်စွန့်ခိုင်းမလို့လား။
ယင်းလေနှင့် အခြားတပ်မှူးများ စကားတစ်ခွန်းမှ မပြောသော်လည်း လိုကျစ်ကွေ့ သူတို့၏ အကြည့်များမှတဆင့် ပြောချင်သောအရာကို နားလည်လိုက်သည်။ လိုကျစ်ကွေ့ သူတို့ကို လက်ဟန်ပြလိုက်ပြီး ရှေ့ဆက်ပြောရန် အချက်ပြလိုက်သည်။ သူ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ။
"အရှင်မင်းကြီး" ယင်းယွီက အော်ပြောလိုက်သည်။ "မြို့ပြင်ထွက်ကြစို့။ မြင်းစီးပြီး ရန်သူတွေကို သတ်ရတာ ပျော်စရာကောင်းတယ်"
"ဟုတ်တယ်" ယင်းလေက ထောက်ခံလိုက်သည်။ "လူသတ်ရတာ မိုက်တယ်!"
ယင်းတျန့်က ဖြည့်စွက်ပြောသည်။ "အရှင်မင်းကြီး... ကောင်းကင်ဘုံကို ထိုးဖောက်နိုင်တဲ့ ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်က မြင်းစီးပြီး ရန်သူတွေကို သတ်သင့်တယ်။ နန်းတော်ထဲမှာ အဲဒီလိုလုပ်ဖို့ မဖြစ်နိုင်ဘူး"
နဉ်ရှောင်ယောင်း ထိုလူသုံးယောက်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
"မင်းတို့က စစ်ပွဲမှာ ဘယ်လိုတိုက်ရမလဲဆိုတာ မသိကြဘူး"
နဂါးအစောင့်တပ်မှူးသုံးဦး - ...ငါတို့က နားမလည်ဘူး၊ အရှင်မင်းကြီးက နားလည်တယ်ပေါ့?
"ရပါတယ်၊ ငါ မင်းတို့ကို ကာကွယ်ပေးပါ့မယ်" နဉ်ရှောင်ယောင်းက ရင်ဘတ်ကိုပုတ်ပြီး ယင်းလေနှင့် အခြားသူများကို အာမခံလိုက်သည်။ "ငါရှိနေသရွေ့ ငါတို့ သေမှာမဟုတ်ဘူး"
လိုကျစ်ကွေ့ နဂါးအစောင့်တပ်မှူးသုံးဦးကို ကြည့်လိုက်သည်။ ထိုလူသုံးယောက်မှာ လဲသေချင်စိတ် ပေါက်သွားပုံရသည်။ အရှင်မင်းကြီးကသာ နဂါးအစောင့်တပ်ကို ကာကွယ်ပေးရမည်ဆိုလျှင် သူတို့ ရှိနေခြင်းက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
"ကောင်းပြီ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ သူမ အိပ်ခန်းကိုကြည့်ပြီး စိတ်ထဲ နာကျင်သွားသည်။ ထို့နောက် သူမ ကောင်းကင်ကို မော့ကြည့်လိုက်ပြန်သည်။ "ဒါဆိုရင် ငါတို့ ဝမ်းသာအားရ ဆုံးဖြတ်လိုက်ပြီ။ စစ်သေနာပတိချုပ်... ရှင်က စစ်ပွဲအတွက် ပြင်ဆင်ဖို့ နန်းတော်ကနေ အမြန်ဆုံး ထွက်ခွာတော့။ ကျွန်မက နန်းတော်ထဲမှာ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး လူတိုင်းကို မယ်တော်ကြီးရဲ့ နန်းဆောင်ဆီ ပို့လိုက်မယ်"
သူ့ခြေထောက်အောက်မှ ရေစိုနေသော မြေပြင်ကို ကြည့်ရင်း လိုကျစ်ကွေ့ မိန်းကလေးနဉ်ကို ဘာမှလုပ်၍ မရတော့မှန်း သဘောပေါက်လိုက်သည်။
"သွားပြင်ဆင်ကြတော့" နဉ်ရှောင်ယောင်းက ယင်းလေနှင့် အခြားတပ်မှူးများကို အမိန့်ပေးလိုက်သည်။ "လူတွေကို စုစည်းပြီး မယ်တော်ကြီးနန်းဆောင်ဆီ ပို့လိုက်"
ယင်းယွီက နာကျင်သော အမူအရာဖြင့် ပြောလိုက်သည်။
"မယ်တော်ကြီးကို ဘာပြောရမလဲ"
"အမတ်ချုပ်ကြီး ပုန်ကန်နေတယ်လို့ ပြောလိုက်။ သူက ငါ့ကို သတ်ချင်နေတယ်။ ပြီးရင် မယ်တော်ကြီးကို သတ်ပြီး နဉ်ရှင်းကို ဧကရာဇ် တင်မြှောက်ချင်နေတယ်လို့ ပြောလိုက်" နဉ်ရှောင်ယောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မယ်တော်ကြီးက သူ့ကံကြမ္မာကို အမတ်ချုပ်ကြီးလက်ထဲ မအပ်ချင်ဘူးဆိုရင် ဒီတစ်ခါတော့ ငါ့ကို ယုံသင့်တယ်။ ဘာမှမမေးဘဲ မယ်တော်ကြီးနန်းဆောင်မှာပဲ နေခိုင်းလိုက်"
ယင်းယွီ စိုးရိမ်နေသည်။
"မယ်တော်ကြီးက ယုံပါ့မလား"
"သူ ငါ့ကိုယုံမလား အမတ်ချုပ်ကြီးကို ယုံမလားဆိုတာ သူ့အပိုင်းပဲ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "သူ့ကို ရွေးချယ်ခိုင်းလိုက်။ အမတ်ချုပ်ကြီးက ဖခင်ကောင်းတစ်ယောက်လို့ သူထင်ရင် နဉ်ရှင်းကို ခေါ်ပြီး နန်းတော်ထဲက ထွက်သွားပါစေ။ ငါ သေချာပေါက် တားမှာမဟုတ်ဘူး"
ယင်းယွီ မယုံကြည်နိုင်ဖြစ်နေသည်။ သူ နောက်ထပ်မေးခွန်းများ မေးချင်နေသေးသည်။ ယင်းလေက စိတ်မရှည်စွာ ပြောလိုက်သည်။
"မင်း ဘာလို့ အချိန်ဆွဲနေတာလဲ။ အရှင်မင်းကြီး ပြောတဲ့အတိုင်း လိုက်လုပ်စမ်းပါ"
"ဟုတ်တယ်!" နဉ်ရှောင်ယောင်း ပြုံးလိုက်သည်။ "ငါ့စကား နားထောင်တာက မှန်ကန်တဲ့အလုပ်ပဲ"
ယင်းယွီ သူ့တာဝန်ကို ထမ်းဆောင်ရန် ပြေးထွက်သွားသည်။ လိုကျစ်ကွေ့က ကျန်သည့်တပ်မှူးနှစ်ဦး မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ မေးလိုက်သည်။
"မင်းတို့လည်း အရှင်မင်းကြီးရဲ့ လူတွေပဲလေ။ ဘာလို့ ယင်းယွီတစ်ယောက်တည်း အလုပ်လုပ်နေရတာလဲ"
ယင်းလေနှင့် ယင်းတျန့်တို့ ထွက်ပြေးသွားကြသည်။
ဝင်းထဲတွင် ဧကရာဇ်နှင့် စစ်သေနာပတိချုပ်တို့သာ ကျန်ရစ်ခဲ့သည်။ ရေများသည် တွင်းကြီးထဲမှ ဆူညံစွာ စီးဆင်းလာပြီး ဆက်လက် ပျံ့နှံ့နေသည်။ နဉ်ရှောင်ယောင်းသည် သူမ၏ အခန်းအကြောင်း တွေးရင်း ရေထဲတွင် လမ်းလျှောက်နေသည်။ သူမ နာကျင်မှုကို ပြင်းထန်စွာ ခံစားနေရသည်။
"ရှောင်ယောင်း" လိုကျစ်ကွေ့ နောက်ဆုံးအကြိမ် ကြိုးစားလိုက်သည်။
နဉ်ရှောင်ယောင်း ခြေဖျားထောက်ပြီး လိုကျစ်ကွေ့၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို နမ်းလိုက်သည်။
"စစ်သေနာပတိချုပ်... ကျွန်မ ရှင့်ကို ကတိပေးထားတယ်လေ။ ကျွန်မ ရှုံးရင် ထွက်ပြေးမယ်လို့။ ပြီးရင် ရှင့်ကို လာရှာပြီး အတူတူ ထွက်ပြေးကြမယ်"
လိုကျစ်ကွေ့... စောစောက သူက ယုံနင်ဧကရာဇ် ဖြစ်တဲ့အတွက် တိုင်းပြည်နဲ့အတူ အသေခံမယ်လို့ ပြောခဲ့တာ ဘယ်သူပါလိမ့်။
"အသက်ရှင်နေမှ အမတ်ချုပ်ကြီးကို သတ်ဖို့ နည်းလမ်းတွေ စဉ်းစားလို့ရမှာ မဟုတ်လား" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ဒါကြောင့် ကျွန်မ သေမှာမဟုတ်ဘူး။ အမတ်ချုပ်ကြီး နောက်ဆုံးထွက်သက် မရောက်မချင်း ကျွန်မ သေချာပေါက် နောက်ဆုံးထွက်သက် ရောက်မှာမဟုတ်ဘူး"
လိုကျစ်ကွေ့ လက်ကိုမြှောက်ပြီး နဉ်ရှောင်ယောင်း၏ မျက်နှာကို ပွတ်သပ်လိုက်သည်။ လရောင်သည် ငွေရောင်တောက်ပြီး အေးစက်နေသည်။ အလင်းရောင်သည် ပြဒါးကဲ့သို့ မြေပြင်ပေါ်တွင် ပျံ့နှံ့နေသည်။ နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။
"ဒါကြောင့် ရှင်လည်း သေလို့မဖြစ်ဘူး စစ်သေနာပတိချုပ်"
နဉ်ရှောင်ယောင်း၏ မျက်လုံးများတွင် ကြယ်ရောင်စုံသော ကောင်းကင်ကြီး ထင်ဟပ်နေသည်။ လိုကျစ်ကွေ့က အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ"
နဉ်ရှောင်ယောင်း ပြုံးလိုက်သည်။ "ဒါဆို ကျွန်မတို့ သဘောတူလိုက်ပြီနော်"
"ကိုယ့်ကို ကတိတစ်ခုပေးပါ" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ "မင်း သူတို့ကို မနိုင်ရင် ကိုယ့်ကို လာရှာပါ။ ကိုယ် မြို့တော်အပြင်ဘက်မှာ ရှိနေမယ်။ အန်းယွမ်ကို ပြန်ရောက်တာနဲ့ ကိုယ်တို့ အစကနေ ပြန်စလို့ရတယ်"
"အင်း" နဉ်ရှောင်ယောင်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"တခြားအခန်းပြောင်းပြီး အနားယူရအောင်" လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဆွဲခေါ်လိုက်သည်။
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ကျွန်မရဲ့ ခရီးဆောင်အိတ်တွေ အခန်းထဲမှာ ကျန်ခဲ့တုန်းပဲ။ အဲဒါတွေက ငွေတွေအများကြီးတန်တယ်!"
လိုကျစ်ကွေ့ - ...
"စောင့်ဦး" နဉ်ရှောင်ယောင်း အခန်းထဲသို့ ပြန်ပြေးဝင်သွားသည်။ သူမ အကြောင်းမဲ့သက်သက် အခန်းဆုံးရှုံးလိုက်ရပြီ။ ပရိဘောဂတွေနဲ့ အဝတ်အစားတွေပါ ထပ်ပြီး အဆုံးရှုံးမခံနိုင်ဘူး!
လိုကျစ်ကွေ့ နောက်မှ လိုက်ဝင်သွားသည်။ ယခု ရေသည် သူ့ခြေသလုံးအထိ ရောက်နေပြီဖြစ်သည်။ နဉ်ရှောင်ယောင်းသည် ကုတင်ရှေ့တွင် ရပ်နေပြီး သူမ၏ကုတင်ကို ကယ်တင်ရန် ပြင်ဆင်နေသည်။
လိုကျစ်ကွေ့ ရေထဲမှ ဖြတ်လျှောက်ပြီး ကုတင်ရှေ့သို့ သွားလိုက်သည်။ နဉ်ရှောင်ယောင်း ဝတ်ဆင်ခဲ့ဖူးသော စကတ်သည် ကုတင်ပေါ်တွင် ရှိနေသေးသည်။ လိုကျစ်ကွေ့ လှမ်းယူလိုက်သည်။
"မင်း ဒါကို သိမ်းထားတုန်းပဲလား"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"နောက်ကျရင် ဝတ်လို့ရတယ်လေ။ မလှဘူးလား"
"အရမ်းလှတယ်" လိုကျစ်ကွေ့က သူမ ထိုစကတ်ဝတ်ထားသည်ကို ပြန်မြင်ယောင်ရင်း ထောက်ခံလိုက်သည်။ ရုတ်တရက် စစ်သေနာပတိချုပ်က နဉ်ရှောင်ယောင်းကို ကုတင်ပေါ်သို့ ဆွဲတင်လိုက်သည်။
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။
"ဒီအခန်း ပြိုကျတော့မှာနော်"
"တစ်ညတည်းနဲ့တော့ ပြိုမကျပါဘူး" လိုကျစ်ကွေ့က ပြောလိုက်သည်။
"ဒါဆို စောစောက ရှင် ကျွန်မကို အခန်းနဲ့ မြို့ပြင်ထွက်ဖို့ ရွေးခိုင်းတာက ကျွန်မကို လှည့်စားဖို့ ကြိုးစားတာပေါ့" နဉ်ရှောင်ယောင်းက စစ်သေနာပတိချုပ်လို၏ "ယုတ်မာသော" ရည်ရွယ်ချက်ကို တုံ့ပြန်လိုက်သည်။
ဒီလူက သူ့ကို ထွက်ပြေးစေချင်နေတာကိုး!
လိုကျစ်ကွေ့၏ နှုတ်ခမ်းများ အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
"ကောင်းကောင်းပြောနော်" နဉ်ရှောင်ယောင်း ပါးဖောင်းလိုက်သည်။ "မပြုံးနဲ့။ အခုအချိန်က ပျားရည်ထောင်ချောက်သုံးရမယ့်အချိန် မဟုတ်ဘူး။ ရှင် လက်မလျော့သေးဘူးလား။ ကျွန်မကို ထွက်သွားခိုင်းဖို့ ကြိုးစားနေတုန်းပဲလား။ ကျွန်မတို့ သဘောတူပြီးပြီ မဟုတ်ဘူးလား"
"ရေလွှမ်းနေတဲ့ အခန်းထဲမှာ ကိုယ် တစ်ခါမှ မနေဖူးဘူး" လိုကျစ်ကွေ့ ရယ်မောလိုက်သည်။
"ကျွန်မ ရည်ရွယ်ချက်က အဲဒါမဟုတ်ဘူး" နဉ်ရှောင်ယောင်း မွန်းကြပ်သလို ခံစားလိုက်ရသည်။ ဒီလိုဖြစ်မယ်မှန်းသိရင် အပြင်က မြေကြီးကိုပဲ ရိုက်ခွဲလိုက်ပါတယ်။ မဟုတ်ဘူး၊ အဲဒါလည်း မမှန်သေးဘူး။ ဝင်းတစ်ခုလုံး ရေလွှမ်းသွားနိုင်တာပဲ။
လိုကျစ်ကွေ့ ကုတင်ပေါ်တွင် လှဲချလိုက်ပြီး နဉ်ရှောင်ယောင်းကို ငေးကြည့်နေသည်။
"မင်း စကတ်ဝတ်ထားတဲ့ပုံစံကို ကိုယ်သဘောကျတယ်"
နဉ်ရှောင်ယောင်း မျက်လုံးများ ဝိုင်းစက်သွားသည်။ စစ်သေနာပတိချုပ်လိုရဲ့အပြုအမူက အခုအချိန်နဲ့ မသင့်တော်ဘူး။ လွန်ခဲ့တဲ့ခဏလေးတုန်းက ဒီလူ စစ်ပွဲအတွက် စိတ်ပူနေတာလေ။ အခုကျတော့ ပန်းပွင့်စကတ်အကြောင်း ပြောချင်တဲ့စိတ် ရှိနေတယ်တဲ့လား။ ဇာတ်လမ်းပြောင်းတာ မြန်လွန်းတယ်။
"အနာဂတ်ကျရင် မင်းကို ကိုယ်နဲ့အတူ ခေါ်သွားမယ်" လိုကျစ်ကွေ့က ကတိပေးလိုက်သည်။ "ကိုယ်တို့ နန်းတော်ကနေ ထွက်သွားပြီးရင် မင်းအတွက် စကတ်တွေ အများကြီး ဝယ်ပေးမယ်"
"အစားအသောက် အရင် ဝယ်ကျွေးလို့ မရဘူးလား" နဉ်ရှောင်ယောင်း တွေးလိုက်မိသည်။ စကတ်ထက် အစားအသောက်က ပိုအရေးကြီးတယ်လေ!
"ကောင်းပြီ၊ အစားအသောက် ဝယ်ကြတာပေါ့" မီးရောင်မရှိသော အခန်းထဲတွင် လိုကျစ်ကွေ့၏ သွားများသည် လရောင်အောက်တွင် ဖြူဖွေးတောက်ပနေသည်။
"ရှင် ပြောပြီးပြီနော်" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ထတော့ စစ်သေနာပတိချုပ်။ ကျွန်မ ကုတင်ကို အရင်သယ်ထုတ်ရမယ်။ သာ့ဖုန်းပြောဖူးတယ်... ဒါက နဂါးကုတင်တဲ့။ အရမ်းတန်ဖိုးရှိတယ်!"
အိပ်ခန်းကတော့ ပျက်စီးသွားပြီ။ ဒါပေမဲ့ နဂါးကုတင်ကို ရောင်းလိုက်ရင် ဆုံးရှုံးမှုကို ကာမိနိုင်လောက်သည်။
လိုကျစ်ကွေ့ လက်လှမ်းလိုက်ပြီး နဉ်ရှောင်ယောင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ စစ်သေနာပတိချုပ်၏ စိတ်နှလုံးသည် ပင်လယ်အောက်ခြေမှ အပ်တစ်ချောင်းကဲ့သို့ ခန့်မှန်းရ ခက်ခဲလှသည်။
ကုတင်ကြီး ယိမ်းထိုးလှုပ်ရှားနေချိန်တွင် နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။
သူတို့ စစ်တိုက်တော့မှာ မဟုတ်ဘူးလား။ ဒီလိုအချိန်မှာ စည်းကျော်တာ တကယ်ပဲ အဆင်ပြေရဲ့လား။
"မင်းကို ဘာမှဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး" လိုကျစ်ကွေ့က အက်ရှရှအသံဖြင့် ရေရွတ်လိုက်သည်။ "ရှောင်ယောင်း... မင်းကို နောက်ထပ် ဘာမှဖြစ်ခွင့်မပေးနိုင်တော့ဘူး"
ကောင်းကင်တွင် မိုးကြိုးသံများ မြည်ဟည်းသွားပြီး လမင်းကြီး ကွယ်ပျောက်သွားသည်။ သည်းထန်စွာ ရွာသွန်းသော မိုးသံများ ပဲ့တင်ထပ်လာသည်။ သည်းထန်သည့်မိုးများ မမျှော်လင့်ဘဲ ရွာသွန်းလာခဲ့လေသည်။
***