အခန်း (၂၈၃-၂၈၄)
Vol. 18 Ch. 283-284
အခန်း ၂၈၃ ။ မယ်တော်ကြီးရှဲ့၏ မျက်ရည်
ညက သည်းထန်စွာရွာသွန်းခဲ့သော မိုးသည် နွေရာသီ၏ ပူပြင်းသောအပူရှိန်ကို ဖယ်ရှားပေးလိုက်သည်။ ကောင်းကင်ကြီးသည် ရင့်မှည့်နေသော အပြာရောင်အဖြစ် ပြောင်းလဲသွားသည်။
ရာသီဥတု သာယာနေသော်လည်း နဉ်ရှောင်ယောင်းသည် ဝင်းအပြင်ဘက်တွင် မကျေမနပ် ရပ်နေလေသည်။ မြေအောက်ရေက ရပ်တန့်ခြင်းမရှိဘဲ စီးဆင်းနေသည်။ ပြီးခဲ့သည့်ညက မိုးသက်မုန်တိုင်းကြောင့် သူမ၏ အိပ်ခန်းတစ်ခုလုံး ရေလွှမ်းနေလေသည်။
"ဒီနေရာက နောက်ဆို ကန်ဖြစ်သွားတော့မှာလား" ယင်းလေက မယ်တော်ကြီး၏ နန်းဆောင်မှ ပြန်ရောက်လာပြီး တိုးတိုးလေး မေးလိုက်သည်။
ယင်းဖုန်းသည် နေလှန်းရန် သယ်ထုတ်ထားသော ပရိဘောဂများကို စိုက်ကြည့်လိုက်သည်။
"အရှင်မင်းကြီး... ပရိဘောဂတွေက ရေစိမ်ခံထားရတော့ ပြန်ရောင်းချင်ရင်တောင် ဈေးနှိမ်ခံရလိမ့်မယ်"
ယင်းယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးနဲ့ စစ်သေနာပတိချုပ်တို့က ရေကြီးနေတဲ့ အခန်းထဲမှာ တစ်ညလုံး စကားပြောနေကြတာလား"
ငါတို့က အိပ်ရာခင်းတွေကြား လူးလှိမ့်နေကြတာလေ...
လက်ရှိတွင် နဉ်ရှောင်ယောင်း စကားပြောချင်စိတ် မရှိပေ။ ဒါက သူမအတွက် အမြတ်အစွန်း ဆုံးရှုံးမှု ကြီးကြီးမားမားပင်။
"စစ်သေနာပတိချုပ် မြို့တော်ကနေ ထွက်ခွာသွားပါပြီ" ယင်းဖုန်းက နဉ်ရှောင်ယောင်းကို အသိပေးလိုက်သည်။
နဉ်ရှောင်ယောင်း၏ ပါးစပ်မှာ ရှုံ့မဲ့သွားသည်။
"သူ့အပြစ် မဟုတ်ပါဘူး။ ငါ့မှာ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိလို့ပါ"
သူမ စစ်သေနာပတိချုပ်၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် သူမ၏ ပိုင်ဆိုင်မှုများကို ချက်ချင်း မကယ်တင်နိုင်ခဲ့ချေ။ ဒါက သူမအပြစ်ပင်။ ဘယ်လောက်ပဲ နာကျင်ရပါစေ သူမဘာသာ ခံစားရမည်သာ။
ယင်းဖုန်းက ခေါင်းလှည့်ပြီး အခြားသုံးဦးကို တိုးတိုးလေး မေးလိုက်သည်။
"မနေ့ညက ဘာဖြစ်ခဲ့တာလဲ"
တပ်မှူးသုံးဦး - ....ဘယ်သူသိမှာလဲ။
နဉ်ရှောင်ယောင်းက သူမ၏ နဂါးကုတင်ကို ပုတ်လိုက်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ ငါ့ပိုက်ဆံတွေ အားးးး!!
ယင်းတျန့်သည် နဉ်ရှောင်ယောင်း၏ ဝမ်းနည်းပူဆွေးမှုကို ကြားနေရသည်။ သေချာစဉ်းစားပြီးနောက် သူက အရှင်မင်းကြီးကို အသိပေးရန် ဆုံးဖြတ်လိုက်သည်။
"အရှင်မင်းကြီး... မယ်တော်ကြီးက အရှင်မင်းကြီးကို တွေ့ချင်နေပါတယ်။ ဟို... အရှင်မင်းကြီးရဲ့ ဆရာကိုလည်း တွေ့ချင်နေပါတယ်"
ဂွမ်း...
သံဒယ်အိုးတစ်လုံး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသံဖြစ်သည်။ နဉ်ရှောင်ယောင်းနှင့် တပ်မှူးလေးဦးတို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။ စားတော်ကဲကြီးဟွမ်သည် သေချင်စိတ်ပေါက်နေသော မျက်နှာဖြင့် ရပ်နေသည်။ သူ့ခြေထောက်နားတွင် ဆန်ပြုတ်အိုးတစ်လုံး ရှိနေသည်။
"အာဝူး!" ရှောင်ပိုင်က စားတော်ကဲကြီးဟွမ်ထံသို့ အမြန်ပြေးသွားပြီး ခေါင်းထိုးကာ စားသောက်လေတော့သည်။
"သောက်ကျိုးနည်း!" နဉ်ရှောင်ယောင်း တိုးတိုးလေး ဆဲရေးလိုက်သည်။ သူမ အိမ်နဲ့ ပရိဘောဂတွေ ဆုံးရှုံးထားရပြီးပြီလေ။ အခု နောက်ထပ် ဆန်ပြုတ်တစ်အိုး ထပ်ဆုံးရှုံးရပြန်ပြီလား။
"အခြေအနေက ပိုကောင်းလာမှာ မဟုတ်တော့ဘူး" ဖိတ်ကျနေသော ဆန်ပြုတ်များကို ကြည့်ရင်း နဉ်ရှောင်ယောင်း တုန်ရီနေသော အသံဖြင့် ရေရွတ်လိုက်သည်။
"ကျွ... ကျွန်တော်မျိုး မယ်တော်ကြီးကို သွားတွေ့ရဦးမှာလား" စားတော်ကဲကြီးဟွမ်က ညည်းတွားလိုက်သည်။ သူ့စိတ်အခြေအနေသည် နဉ်ရှောင်ယောင်းထက် မသာလွန်ပေ။ "အရှင်မင်းကြီး... ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ ဆရာအဖြစ် ဟန်ဆောင်နေရတုန်းပဲလား"
ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို သက်ညှာပါဦး! မယ်တော်ကြီးလို မိန်းမမျိုးကို အပိုကြည့်မိရင်တောင် အသက်အန္တရာယ် ရှိနိုင်တယ်လေ!
"ဆန်ပြုတ်တစ်အိုး ကုန်သွားပြီ!" နဉ်ရှောင်ယောင်းက ထပ်ပြောလိုက်သည်။
"ကျွန်တော်မျိုး မယ်တော်ကြီးကို မတွေ့ချင်ဘူး!" စားတော်ကဲကြီးဟွမ်က ထပ်ပြောလိုက်သည်။
"ရှောင်ပိုင်က အများကြီး စားနိုင်တာပဲ။ သူ့ဗိုက် ပေါက်ထွက်သွားမလားဟင်" ရှောင်ပိုင် အငမ်းမရ စားသောက်နေသည်ကို ကြည့်ရင်း ယင်းလေ စိုးရိမ်တကြီး မေးလိုက်သည်။
နဉ်ရှောင်ယောင်း လှည့်ထွက်သွားလိုက်သည်။ သူမ ရင်ထဲ နာကျင်နေသည်။ သူမ ဆက်မကြည့်ရက်တော့ပေ။
"အရှင်မင်းကြီး?" စားတော်ကဲကြီးဟွမ်က လှမ်းခေါ်လိုက်သည်။
"မယ်တော်ကြီးကို သွားတွေ့ရမလားလို့!?"
နဉ်ရှောင်ယောင်း ရုတ်တရက် ရပ်တန့်လိုက်ပြီး စားတော်ကဲကြီးဟွမ်ဘက် လှည့်အော်လိုက်သည်။ "မယ်တော်ကြီးကို သွားတွေ့ရမလား ဟုတ်လား။ ခင်ဗျား မတွေ့ချင်ရင် ဘာလို့ ဆန်ပြုတ်တစ်ခွက်ကို ဖြုန်းတီးပစ်ရတာလဲ ဟမ်။ အစားအသောက် ဖြုန်းတီးတဲ့သူတွေ မိုးကြိုးပစ်ခံရလိမ့်မယ်!"
စားတော်ကဲကြီးဟွမ် - ...မယ်တော်ကြီးကို မတွေ့ရသရွေ့ မိုးကြိုးပစ်ခံရလည်း သူကျေနပ်တယ်!
"ဟွန့်!" နဉ်ရှောင်ယောင်း ခြေဆောင့်ပြီး ပြေးထွက်သွားသည်။
"ဒါဆို မယ်တော်ကြီးကို သွားမတွေ့တော့ဘူးလား" ယင်းဖုန်းက နဉ်ရှောင်ယောင်းနောက်သို့ လိုက်ရင်း မေးလိုက်သည်။
"မတွေ့ဘူး!" နဉ်ရှောင်ယောင်းသည် ထိုက်ဟွာခန်းမရှိ ကျောက်သားဇရပ်ငယ်လေးဆီ ပြေးသွားပြီး ထိုင်ချလိုက်သည်။ "ဒီအခြေအနေရောက်မှတော့ ငါက မယ်တော်ကြီးကို ဘာပြောစရာရှိတော့မှာလဲ"
"မယ်တော်ကြီးက မင်းသားချောင်ကို နန်းတော်ပြင်ပ ခေါ်ထုတ်သွားစေချင်နေတာ" ယင်းယွီက တိုးတိုးလေး ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ယင်းယွီကို စိုက်ကြည့်လိုက်သည်။
"အခုအချိန်မှာ နဉ်ရှင်းက ဘယ်ကိုသွားလို့ရမှာလဲ။ မင်းက စစ်သေနာပတိချုပ်ကို သူ့ကိုကာကွယ်ပေးစေချင်တာလား"
"စစ်သေနာပတိချုပ်က လိုလိုလားလား လုပ်ပေးမယ်လို့ ငါတော့ မထင်ဘူး" ယင်းတျန့်က ဖြတ်ပြောလိုက်သည်။
"စစ်သေနာပတိချုပ်က လိုချင်ရင်တောင် သူက အရမ်းအလုပ်များနေတာ။ ငါတို့က စစ်တိုက်နေရတာလေ။ ကလေးတစ်ယောက် ပိုက်ပြီး သူက ဘယ်လိုလုပ် အစွမ်းကုန် တိုက်နိုင်မှာလဲ" နဉ်ရှောင်ယောင်းက ရေရွတ်လိုက်သည်။
"မှန်တယ်" ယင်းလေက ထောက်ခံလိုက်သည်။ "စစ်သေနာပတိချုပ်က အရှင်မင်းကြီးကိုတောင် မကာကွယ်နိုင်တာ။ မင်းသားချောင်ကို ဂရုစိုက်ဖို့ ဘယ်စိတ်ပါပါ့မလဲ"
"အရှင်မင်းကြီး မယ်တော်ကြီးကို သွားတွေ့သင့်တယ်" ယင်းဖုန်းက နားချလိုက်သည်။ "ဒီအချိန်မှာ အရှင်မင်းကြီးက မယ်တော်ကြီးကို စိတ်အေးအောင် ထားပေးသင့်တယ်။ မဟုတ်ရင် စစ်တပ်တွေ ဝင်လာတဲ့အခါ မယ်တော်ကြီးဘက်က ပြဿနာတက်နိုင်တယ်။ အဲဒီကျရင် အရှင်မင်းကြီး ဘယ်လိုလုပ်မလဲ"
နဉ်ရှောင်ယောင်း ထိုင်ရင်း စဉ်းစားလိုက်သည်။ ယင်းဖုန်းက ရှေ့တစ်လှမ်းတိုးလာပြီး ထပ်ပြောသည်။
"အမတ်ချုပ်ကြီးက မယ်တော်ကြီးကို သူ့ဘက်ကနေ ပြန်ကူညီပေးဖို့ နားချလိုက်ရင် ဘယ်လိုလုပ်မလဲ"
"ဒီနေ့ ငါ စိတ်အခြေအနေ တော်တော်ဆိုးနေတာ" နဉ်ရှောင်ယောင်းက မျက်နှာရှုံ့မဲ့လျက် ပြန်ပြောလိုက်သည်။
သူမ၏ လက်ရှိစိတ်အခြေအနေအရဆိုလျှင် မယ်တော်ကြီးရှဲ့ကိုတွေ့ပါက ဒေါသကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ သူမ မယ်တော်ကြီးကို ရိုက်မိသွားရင် ဘယ်လိုလုပ်မလဲ။
"ဒါဆို မနက်ဖြန်မှ သွားမလား" ယင်းလေက မေးလိုက်သည်။
"အခုပဲ သွားလိုက်မယ်" နဉ်ရှောင်ယောင်း မတ်တတ်ရပ်လိုက်သည်။ "စစ်ပွဲက ငါတို့ထင်ထားတာထက် စောပြီး ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"
"ဒါဆို ကျွန်တော်မျိုး လိုက်ခဲ့ပါမယ် အရှင်မင်းကြီး" ယင်းဖုန်းက နဉ်ရှောင်ယောင်းနှင့်အတူ မယ်တော်ကြီးနန်းဆောင်သို့ လိုက်ပါရန် ပြင်လိုက်သည်။
"ငါ တစ်ယောက်တည်း သွားမယ်" နဉ်ရှောင်ယောင်းက လက်ကာပြပြီး ယင်းဖုန်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။ "ငါ မယ်တော်ကြီးကို ရိုက်နှက်နေတာ မင်းတို့မြင်သွားရင် မကောင်းပါဘူး"
ယင်းဖုန်းနှင့် အဖွဲ့သားများသည် ထွက်ခွာသွားသော နဉ်ရှောင်ယောင်းကို ရပ်ကြည့်နေကြသည်။ ဒုတိယအဆင့် နဂါးအစောင့်တပ်မှူး ယင်းလေသည် မရေမရာ ဖြစ်သွားသည်။
"အရှင်မင်းကြီးက စောစောက ဘာပြောသွားတာလဲ။ မယ်တော်ကြီးကို ရိုက်ချင်တယ်တဲ့လား"
ကျန်တပ်မှူးများ - ...အရှင်မင်းကြီး အဲဒီလိုပြောသွားတာပဲ။
....
နန်းဆောင်အခန်းတစ်ခုတွင် မယ်တော်ကြီးရှဲ့သည် နဉ်ရှင်းကို ပွေ့ဖက်လျက် ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ နဉ်ရှောင်ယောင်း ပြတင်းပေါက်မှ ဝင်လာသည်ကို မြင်သောအခါ သူမ အံ့သြသွားသည်။
"ရှင် ကုတင်ပေါ်က ဆင်းပြီး လမ်းလျှောက်နိုင်နေပြီလား"
နဉ်ရှောင်ယောင်းသည် မယ်တော်ကြီးရှဲ့၏ ရှေ့တွင် ရပ်ကာ နှာခေါင်းကို ပွတ်သပ်လိုက်သည်။
"ပြောပါဦး၊ ကျွန်မကို ဘာလို့ ရှာနေတာလဲ"
နဉ်ရှောင်ယောင်း၏ မေးခွန်းကြောင့် မယ်တော်ကြီးရှဲ့ မေးမြန်းလိုသော ဂရုစိုက်သည့် မေးခွန်းများအားလုံး ရပ်တန့်သွားသည်။ သူမသည် နဉ်ရှင်းကို ဆိုဖာပေါ်သို့ ညင်သာစွာ တင်လိုက်သည်။
"နဂါးအစောင့်တပ်သားသုံးယောက်က ဘာပြောလဲ။ အိုက်ကျားရဲ့ စကားကို ဘယ်လိုပြန်ပြောလဲ"
"နဉ်ရှင်းကို နန်းတော်ထဲက ခေါ်ထုတ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လက်လျော့လိုက်ပါ" နဉ်ရှောင်ယောင်းက ပြန်ဖြေလိုက်သည်။
မယ်တော်ကြီးရှဲ့က နဉ်ရှောင်ယောင်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး ဒေါသပေါက်ကွဲတော့မလို ဖြစ်သွားသည်။
"အမတ်ချုပ်ကြီးက ပုန်ကန်တော့မယ်။ နဉ်ရှင်းကို ဘယ်ပို့ချင်လို့လဲ"
"မြို့တော်အပြင်ဘက်မှာ လုံခြုံတဲ့နေရာ မရှိဘူးလား" မယ်တော်ကြီးရှဲ့က မေးလိုက်သည်။
"မရှိဘူး" နဉ်ရှောင်ယောင်း၏ အဖြေက ပြတ်သားလှသည်။
"မင်း!"
"ရှင့်သား အမတ်ချုပ်ကြီးလက်ထဲ ရောက်သွားမှာ မကြောက်ဘူးလား" နဉ်ရှောင်ယောင်းက မယ်တော်ကြီးရှဲ့ကို စိုက်ကြည့်လိုက်သည်။ "နန်းတွင်းတိုက်ပွဲတွေ မတိုက်နိုင်လို့ ရှင် တုံးသွားတာလား။ နဉ်ရှင်းသာ အမတ်ချုပ်ကြီးလက်ထဲ ရောက်သွားရင် အမတ်ချုပ်ကြီးက သူ့ကို ချက်ချင်း ဧကရာဇ်တင်မြှောက်လိုက်မယ်ဆိုတာ လောင်းရဲလား"
မယ်တော်ကြီးရှဲ့ စကားတစ်ခွန်းမှ မပြောပေ။
"ပြီးတော့ နဂါးအစောင့်တပ်နဲ့ ကျွန်မတို့ စစ်သည်တွေက ရှင့်သားအတွက် ဘာလို့ အသေခံပေးရမှာလဲ"
"အဲဒီကျွန်တွေမှာ ဘာအခွင့်အရေး..."
"တော်တော့!" နဉ်ရှောင်ယောင်းက မယ်တော်ကြီးရှဲ့၏ စကားကို ဖြတ်ပြောလိုက်သည်။ "အခုအချိန်မှာ ရှင် အသက်ရှင်နေတာ သူတို့ကြောင့်ပဲ။ ရှင့်ရဲ့ ကျေးဇူးရှင်တွေကို လေးစားဖို့ လိုတယ်။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မလား၊ ဒါမှမဟုတ် အရည်အချင်းမရှိရင် ပါးစပ်ပိတ်ထားလိုက်"
မယ်တော်ကြီးရှဲ့၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လာသည်။
"မင်းအမေကို ဒီလိုပြောရသလား"
"အမေ?" နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။ "ရှင်နဲ့ မိဖုရားခေါင်ကြီး ပေါင်းပြီး ကျွန်မကို ဒုက္ခပေးတုန်းက ရှင်က ကျွန်မအမေပါလားလို့ ဘာလို့ မတွေးမိခဲ့လဲ။ သံယောဇဉ်အကြောင်း ပြောချင်လို့လား။ ကောင်းပြီ၊ ကျွန်မတို့ကြားမှာ သံယောဇဉ်မရှိဘူး"
မယ်တော်ကြီးရှဲ့မှာ နဉ်ရှောင်ယောင်းကြောင့် စကားမပြောနိုင် ဖြစ်သွားသည်။
"ကျွန်မ ဒီလိုထာဝရ လုပ်နေမှာ မဟုတ်ပါဘူး" နဉ်ရှောင်ယောင်းက မယ်တော်ကြီးရှဲ့ကိုကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "နဉ်ရှင်း ကြီးလာရင် သူ ဧကရာဇ် ဖြစ်လာမှာပါ"
မယ်တော်ကြီးရှဲ့၏ မျက်လုံးများ လှုပ်ရှားသွားသည်။
"ရှင် ယုံချင်ယုံ၊ မယုံချင်နေ" နဉ်ရှောင်ယောင်းက ဂရုမစိုက်သလို ပုံစံဖြင့် ပြောလိုက်သည်။ "အမတ်ချုပ်ကြီးနဲ့ ကျွန်မကြားမှာ တစ်ယောက်ယောက်ကို ရှင် ရွေးချယ်ယုံကြည်ရမယ်။ ဘယ်လိုပဲကြည့်ကြည့် ကျွန်မက သူ့ထက်စာရင် လူစိတ်ပိုရှိတယ်"
မယ်တော်ကြီးရှဲ့ အေးစက်စွာ ရယ်မောလိုက်သည်။
"အမတ်ချုပ်ကြီးက ရှင့်ကို သေစေချင်နေတာ" နဉ်ရှောင်ယောင်းက ခါးကိုကိုင်းပြီး မယ်တော်ကြီးရှဲ့၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "မိဖုရားခေါင်ကြီးက အမတ်ချုပ်ကြီးနဲ့ ပူးပေါင်းလိုက်ပြီ။ သူတို့လက်ထဲမှာ မျောက်တစ်ကောင်လို အကစားခံရတာ ဘယ်လိုနေလဲ"
အကြည့်ဖြင့်သာ လူသတ်နိုင်လျှင် နဉ်ရှောင်ယောင်းသည် ယခုအချိန်တွင် ၁၇ ကြိမ်၊ ၁၈ ကြိမ်ခန့် သေဆုံးနေလောက်ပြီဖြစ်သည်။
နဉ်ရှောင်ယောင်း ကိုယ်ကိုမတ်လိုက်ပြီး ဆက်ပြောသည်။
"ကျွန်မ ဘယ်လောက်ပဲ ဆိုးဆိုး၊ ရှင့်ကို အသေခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အမတ်ချုပ်ကြီးကတော့ အာမ မခံနိုင်ဘူး"
"ဒါကို မင်းလာပြောပြနေစရာ မလိုဘူး" မယ်တော်ကြီးရှဲ့က အေးစက်စွာ တုံ့ပြန်လိုက်သည်။ "ဘာလုပ်ရမလဲဆိုတာ အိုက်ကျားကို မင်းလာသင်ပေးစရာ မလိုဘူး"
"ဟေး... ဟေး... ကျွန်မကို တွေ့ချင်တာ ရှင့်ဘက်ကလေ ဟုတ်ပြီလား" နဉ်ရှောင်ယောင်းက မယ်တော်ကြီးရှဲ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။
မယ်တော်ကြီးရှဲ့ စကားပြောစရာ မရှိပြန်ပေ။ အချိန်အနည်းငယ် စောင့်ကြည့်ပြီး တုံ့ပြန်မှုမရှိသဖြင့် နဉ်ရှောင်ယောင်း ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သည်။
သူမ မနက်စာတောင် မစားရသေးဘူး!
"မင်းဘေးက ကလေးနှစ်ယောက်အတွက် ဘယ်လိုစီစဉ်ထားလဲ" ရုတ်တရက် မယ်တော်ကြီးရှဲ့က နဉ်ရှောင်ယောင်း၏ အနောက်တွင် ပေါ်လာပြီး တိုးတိုးလေး မေးလိုက်သည်။
"သူတို့ကို ကျွန်မ ပို့လိုက်ပြီ"
"ဟား!" မယ်တော်ကြီးရှဲ့က အေးစက်စွာ ရယ်မောလိုက်သည်။ သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ပြန်ဖြစ်သွားကြသည်။
"ဘာမှမတော်စပ်တဲ့ ကလေးနှစ်ယောက်ကိုကျတော့ လွတ်မြောက်အောင် ပို့ပေးနိုင်ပြီး မင်းရဲ့ သွေးသားရင်း မောင်လေးအတွက်ကျတော့ ဘာမှလုပ်မပေးချင်ဘူးပေါ့လေ" မယ်တော်ကြီးရှဲ့ ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အိုက်ကျားက မင်းအပေါ် မှားခဲ့တာ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ မင်းမောင်လေးက မင်းကို ဘယ်တုန်းက ပြစ်မှားဖူးလို့လဲ"
"သူ ကျွန်မကို ပြစ်မှားချင်ရင်တောင် သူ့မှာ အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်းရှိဖို့ လိုသေးတယ်" နဉ်ရှောင်ယောင်း သည်းခံနိုင်စွမ်း ကုန်ဆုံးလာပြီဖြစ်သည်။ "အာ့ယာနဲ့ ရှောင်ချိုးက အပြင်လောကမှာ သူတို့ဘာသာ ရပ်တည်နိုင်တယ်။ ဒါပေမဲ့ ရှင့်သားကကျတော့ ပြုစုစောင့်ရှောက်မယ့်လူ လိုနေတာ မဟုတ်ဘူးလား။ သူ့ကို ကြမ်းပြင်ပေါ်ချပြီး ကျွန်မအတွက် တစ်ပတ်လောက် ပတ်ပြေးခိုင်းကြည့်ပါလား"
"မင်းက မင်းမောင်လေးကို ခွေးတစ်ကောင်လို သဘောထားနေတာလား" မယ်တော်ကြီးရှဲ့ အော်ပြောလိုက်သည်။ တစ်ပတ်လောက် ပတ်ပြေးခိုင်းရမယ်?
"ခွေးတွေကို အထင်မသေးနဲ့။ သေရေးရှင်ရေး အခြေအနေရောက်ရင် ခွေးတွေက ပြေးနိုင်တယ်။ ရှင့်သားက ပြေးနိုင်လို့လား"
"မင်း!" မယ်တော်ကြီးရှဲ့ ဒေါသထွက်လွန်းသဖြင့် စကားဆက်မပြောနိုင်တော့ပေ။
"ပြီးတော့..." နဉ်ရှောင်ယောင်းက မယ်တော်ကြီးကို ဒေါသထွက်အောင် လုံလောက်စွာ မလုပ်ရသေးဘူးဟု ခံစားရသကဲ့သို့ နောက်တစ်ခွန်း ထပ်ဖြည့်ပြောလိုက်သည်။ "နဉ်ရှင်းက အာ့ယာ၊ ရှောင်ချိုးတို့နဲ့ ယှဉ်နိုင်တယ်လို့ ထင်နေတာလား။ ရှင့်ရဲ့ ရတနာက အလိုလိုနေရင်း ကျွန်မရဲ့ ရတနာ ဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား"
"နင်... နဉ်ယွီ!" မယ်တော်ကြီးရှဲ့၏ အသံများ တုန်ရီနေသည်။
"ကျွန်မတို့အားလုံး အသက်ရှင်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်"
ထိုသို့ပြောပြီးနောက် နဉ်ရှောင်ယောင်း ပြတင်းပေါက်ကို ဖွင့်ပြီး ခုန်ထွက်လိုက်သည်။
မယ်တော်ကြီးရှဲ့သည် အိပ်ပျော်နေသော နဉ်ရှင်းကို ငုံ့ကြည့်လိုက်သည်။ မသိလိုက်ဘာသာ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။
မောင်နှမနှစ်ယောက် အဆင်ပြေပြေနေသွားကြတာကို တွေးလိုက်ရင် နဉ်ရှင်းက ဘာမှနားမလည်သေးတဲ့ ကလေးအရွယ်မို့ လျစ်လျူရှုလိုက်ဖို့ လွယ်ကူပါတယ်။ ဒါပေမဲ့ နဉ်ယွီက နဉ်ရှင်းအပေါ် ဘယ်လောက် ဂရုစိုက်ပေးနိုင်မှာမို့လို့လဲ။
နဉ်ရှောင်ယောင်းသည် ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေလေသည်။ သူမ မယ်တော်ကြီးရှဲ့ ရှိုက်ငိုသံကို ကြားလိုက်ရပြီး သူမ၏ အပြုအမူကို ပြန်လည်သုံးသပ်လိုက်မိသည်။ သူမရဲ့စကားတွေက လွန်သွားသလား။
"ဟာ... ဖွီး!" နဉ်ရှောင်ယောင်း မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်သည်။ မယ်တော်ကြီးလက်ထဲမှာ အသက်ပေါင်းများစွာ သေဆုံးခဲ့ရတာ။ သနားစရာကောင်းလိုက်တာဆိုတာမျိုး လာမလုပ်နဲ့!?!
....
နဉ်ရှောင်ယောင်း မယ်တော်ကြီး၏ နန်းဆောင်နံရံကို ကျော်ပြီး ခုန်ထွက်လိုက်သည်။ ယခုအချိန်တွင် သူမ၏နန်းဆောင်မှ လူအများစုသည် မယ်တော်ကြီးနန်းဆောင်တွင် စုဝေးနေကြပြီဖြစ်သည်။ မယ်တော်ကြီးနန်းဆောင်တွင် မရှိသူများကို သူတို့၏အဆောင်မှ မထွက်ရန် အမိန့်ပေးထားသည်။ ရလဒ်အနေဖြင့် ယခုအချိန်တွင် ရှောင်ယောင်း၏ နန်းဆောင်၌ မည်သူမျှ မရှိတော့ပေ။ နဉ်ရှောင်ယောင်းသည် လက်နောက်ပစ်ကာ ထိုက်ဟွာခန်းမသို့ ယိမ်းထိုးရင်း ပြန်လျှောက်လာခဲ့သည်။
"ရှောင်ယောင်း" အစ်မတစ်ဝမ်းကွဲ စာကလေးမက သူမပခုံးပေါ်သို့ လာနားသည်။
"ဟင်?" နဉ်ရှောင်ယောင်း ခေါင်းစောင်းပြီး စာကလေးမ၏ ခေါင်းလေးကို ထိလိုက်သည်။ "ဘာကိစ္စရှိလို့လဲ ညီမလေး"
"အမတ်ချုပ်ကြီးရှဲ့က စကားမပြောသေးဘူး။ သူက စာပဲ ရေးနေတာ။ စာရွက်ပေါ်မှာ စာရေးပြီးတာနဲ့ မီးရှို့ပစ်လိုက်တယ်" စာကလေးမက တေးဆိုသလို ပြောလိုက်သည်။
"အဲဒီ လူယုတ်မာကြီးကတော့!" နဉ်ရှောင်ယောင်း ကျိန်ဆဲလိုက်သည်။
"ရှောင်ယောင်း... ငါတို့ ဘာလုပ်ကြမလဲ" စာကလေးမ စိတ်ဖိစီးနေသည်။
"စိတ်မပူပါနဲ့" နဉ်ရှောင်ယောင်းက စာကလေးမ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ "ငါ သူ့နဲ့ ကစားနေမှာ မဟုတ်ဘူး။ နှစ်ရက်နေရင် ငါတို့ စစ်တိုက်ရတော့မယ်။ ငါက ဉာဏ်ရည်နဲ့ ယှဉ်မှာမဟုတ်ဘူး၊ လက်သီးနဲ့ ယှဉ်မှာ"
"ကောင်းပြီလေ ရှောင်ယောင်း... အဲဒီလူယုတ်မာကြီးကို ထွက်ပြေးမသွားစေနဲ့နော်" စာကလေးမက ချက်ချင်း ဖြည့်စွက်ပြောလိုက်သည်။
"အင်း! ဒီတစ်ခါ သူ့ကို မသတ်နိုင်ရင် ငါ့ကိုယ်ငါ သတ်သေလိုက်မယ်" နဉ်ရှောင်ယောင်း ကြေညာလိုက်သည်။
"မင်း သူတို့ကို မနိုင်ရင် ထွက်ပြေးမယ်လို့ စစ်သေနာပတိချုပ်ကို ကတိပေးထားတယ် မဟုတ်လား" လောင်တသည် ဝါးတောထဲမှ တိုးထွက်လာပြီး နဉ်ရှောင်ယောင်း၏ ရှေ့တွင် ရပ်လိုက်သည်။ "မင်း စစ်သေနာပတိချုပ်ကို ဘယ်လိုလုပ် လိမ်ရက်တာလဲ။ ငါ စစ်သေနာပတိချုပ်ကို သွားပြောလိုက်မယ်။ မင်းက လူလိမ်မလေးပဲ! မြောင်... ဂါး!"
နဉ်ရှောင်ယောင်း - ...လောင်တက ဘာလို့ နေရာတိုင်းမှာ ပေါ်လာနေရတာလဲ။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၈၄ ။ အပိုစစ်သည် သုံးသောင်း
မိုးသက်မုန်တိုင်းအပြီးတွင် ကောင်းကင်ကြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် နေ့တစ်ဝက်ခန့် ကြာမြင့်ခဲ့သည်။ သို့သော် နေ့လယ်ရောက်သောအခါ ကောင်းကင်သည် ပြန်လည် မည်းမှောင်သွားပြီး ပူပြင်းသော နေမင်းကြီးကို မိုးခြိမ်းသံများပါသော တိမ်တိုက်များက ဖုံးလွှမ်းသွားသည်။ နေရောင်ခြည် ပိတ်ဆို့ခံထားရသော်လည်း လေထုသည် မယုံကြည်နိုင်လောက်အောင် ငြိမ်သက်နေသည်။ လေဖိအား နည်းလာခြင်းကြောင့် လူအများ အသက်ရှူရ ခက်ခဲလာကြသည်။
ထွက်ပြေးတိမ်းရှောင်နေသော သက်ကြီးရွယ်အိုများသည် မြို့တံခါးအနီးတွင်ရပ်ကာ မြို့တော်ကို ပြန်လှည့်ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။ "နောက်ထပ် မုန်တိုင်းတစ်ခု လာတော့မယ်ထင်တယ်"
....
ထိုအချိန်၌ပင် နဉ်ရှောင်ယောင်းသည် ထိုက်ဟွာခန်းမ၏ ခေါင်မိုးပေါ်တွင် ထိုင်ကာ ရေရွတ်လိုက်သည်။
"မုန်တိုင်းမလာခင် ငြိမ်သက်ခြင်း"
သကြားလုံးအိတ်တစ်အိတ်ကို ပွေ့ဖက်ထားရင်း နဉ်ရှောင်ယောင်းသည် ခေါင်မိုးပေါ်တွင် ထိုင်နေသည်။ သူမ၏ ဘယ်ဘက်တွင် လောင်တ လဲလျောင်းနေပြီး ညာဘက်တွင် ရှောင်ပိုင် ဝပ်နေသည်။ ယိုကွမ့်က သူမ၏ ပခုံးပေါ်တွင် ရှိနေသည်။ ထိုနည်းအတိုင်း နဉ်ရှောင်ယောင်းသည် ခေါင်မိုးပေါ်တွင် တစ်ရက်၊ နှစ်ရက်၊ သုံးရက်ကြာသည်အထိ နေခဲ့သည်။ စတုတ္ထမြောက်နေ့ မနက်ရောက်မှသာ အမတ်ချုပ်ကြီးရှဲ့၏ စစ်တပ် မြို့တော်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိခဲ့သည်။
"စစ်သည်နဲ့ မြင်းအင်အား ခုနစ်သောင်းလောက် ရှိတယ်" ယင်းယွီက သတင်းပို့သည်။
သူသည် သတင်းအချက်အလက်ရယူရန် မြို့ပြင်ထွက်ခဲ့ခြင်းဖြစ်သည်။ တတိယတပ်မှူး၏ မျက်နှာမှာ ဖြူဖျော့နေသည်။ စစ်သည်အင်အား ခုနစ်သောင်းနီးပါး လာနေခြင်းဖြစ်သည်။ ဤအရေအတွက်သည် လိုကျစ်ကွေ့ ခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်နေသည်။ ယင်းယွီနှင့် အခြားသူများ၏ စိတ်ကို ဂနာမငြိမ် ဖြစ်စေသည်။
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
"စစ်သေနာပတိချုပ်က စစ်သည်အင်အား ဒီလောက်များမယ်လို့ မပြောခဲ့ဘူးလေ!" ယင်းယွီက ညည်းတွားလိုက်သည်။
နဉ်ရှောင်ယောင်းက သူမရှေ့တွင် ရပ်နေသူများကို ကြည့်လိုက်သည်။
"ငါ အရင်က ပြောဖူးသားပဲ... အမတ်ချုပ်ကြီးရှဲ့က စစ်သေနာပတိချုပ်ရဲ့ ကံဆိုးစေတဲ့ ကြယ်ပွင့်ပဲ။ ဒါက ကံတရားပဲ။ အမတ်ချုပ်ကြီးရှဲ့နဲ့ ပတ်သက်တဲ့ကိစ္စတွေဆိုရင် စစ်သေနာပတိချုပ်က မနိုင်နိုင်ဘူး"
"ဒါဆို စစ်သေနာပတိချုပ်က ဘာပြောလဲ" ယင်းလေက အလျင်စလို မေးလိုက်သည်။
ယင်းယွီက နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။
"စစ်သေနာပတိချုပ်က သူရှိနေသရွေ့ အရှင်မင်းကြီး စိတ်ပူစရာ မလိုဘူးလို့ ပြောတယ်"
"စစ်သည် ခုနစ်သောင်းနီးပါး ရောက်နေတာကို အရှင်မင်းကြီး စိတ်မပူနဲ့လို့ ပြောနေတာလား!" ယင်းတျန့် အော်ပြောလိုက်သည်။ သူ့ရင်ထဲတွင် အမှန်တကယ် တွေးနေမိသည်မှာ... စစ်သေနာပတိချုပ်က အရှင်မင်းကြီး ဒုက္ခရောက်အောင် လုပ်ချင်နေတာလား?
"စိတ်အေးအေးထား။ တျန့်စစ်... ငါတို့ စိတ်အေးအေးထားရမယ်" နဉ်ရှောင်ယောင်း သူ့ကို ဖိချပြီး ထိုင်ခိုင်းလိုက်သည်။ "စစ်ရေးကိစ္စနဲ့ ပတ်သက်လာရင် စစ်သေနာပတိချုပ်က ငါတို့ထက် ပိုသိတယ်"
"အရှင်မင်းကြီး!!!" ယင်းလေ၊ ယင်းယွီနှင့် ယင်းတျန့် တပ်မှူးသုံးဦးစလုံး ပြိုင်တူ အာမေဋိတ် သံပြုလိုက်ကြသည်။
"တကယ်တော့ သူတို့ဘက်မှာ လူဘယ်လောက်ရှိတယ်ဆိုတာ အရေးမကြီးပါဘူး။ ငါ ထွက်ပြေးချင်ရင် ပြေးလို့ရတာပဲလေ" သူမက သုံးယောက်လုံးကို ချော့ပြောလိုက်သည်။ "စိတ်မပူကြနဲ့! တိုက်ပွဲမစခင် ငါတို့ ထိတ်လန့်လို့ မဖြစ်ဘူး။ လာ... လာ... အသက်ပြင်းပြင်း ရှူကြ"
တပ်မှူးသုံးဦးမှာ အသက်ရှူလေ့ကျင့်ခန်း လုပ်ချင်စိတ် မရှိကြပေ။ သူတို့ စိတ်ပူလွန်းလို့ သေတော့မည်!
"ရှဲ့ဝမ်ယွမ် မြို့ထဲက မထွက်သေးဘူး" ယင်းယွီက ပြောသည်။ "အရှင်မင်းကြီး... သစ္စာဖောက်အဘိုးကြီးက အရှင်မင်းကြီး သူ့ကိုမသတ်ဘူးဆိုတာ သေချာနေတာလား"
"အင်း... ငါလည်း ဒီမှာရှိနေသေးတာပဲ" နဉ်ရှောင်ယောင်း ထိုင်ချလိုက်ပြီး သကြားလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ "အမတ်ချုပ်ကြီးရှဲ့ မကောင်းတာ ကြံနေတယ်လို့ ငါမတွေးဘဲ မနေနိုင်ဘူး"
"သူက ပုန်ကန်နေတာလေ!!" ယင်းတျန့် အော်ပြောလိုက်သည်။
"အရှင်မင်းကြီး... စစ်သေနာပတိချုပ်နဲ့ သွားတွေ့ဖို့ မြို့တော်ကနေ ထွက်ခွာမှာလား" ယင်းယွီက မေးလိုက်သည်။ "ဒီကိစ္စက 'သူ ရောက်နေပြီ၊ အကုန်အဆင်ပြေသွားမှာပါ' ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ဖြေရှင်းလို့ရမယ့်ကိစ္စ မဟုတ်ဘူးလေ"
ယင်းတျန့်က ဖြည့်စွက်ပြောသည်။
"ဟုတ်တယ်! မြို့ထဲမှာ သွားစရာနေရာမရှိတဲ့ လူတွေအများကြီး ကျန်နေသေးတယ်။ တိုက်ပွဲစတာနဲ့ ကျွန်တော်တို့က ထွက်ပြေးနိုင်ပေမဲ့ သာမန်ပြည်သူတွေက ဘယ်လိုလုပ်မလဲ"
ယင်းလေနှင့် ယင်းယွီတို့ ယင်းတျန့်ကို စူးစူးဝါးဝါး ကြည့်လိုက်ကြသည်။ ဒီအခြေအနေမှာ ငါတို့လွတ်မြောက်ဖို့တောင် ခက်ခဲနေတာကို မင်းက အရှင်မင်းကြီးကို မြို့ထဲက သာမန်ပြည်သူတွေအားလုံးကို ကယ်ခိုင်းချင်နေသေးတာလား။
ယင်းတျန့်က သူ့ညီအစ်ကိုနှစ်ယောက်ကို မျက်တောင်ခတ်ပြလိုက်သည်။
ယင်းယွီ ချက်ချင်း သဘောပေါက်သွားသည်။ အရှင်မင်းကြီးသည် အခြားကိစ္စများကို ဂရုမစိုက်သော်လည်း သာမန်ပြည်သူများနှင့် ပတ်သက်လာလျှင် စိုးရိမ်ပူပန်တတ်သည်။ ထို့ကြောင့် သူ ယင်းလေ ဘာမှမပြောနိုင်အောင် တားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း နဉ်ရှောင်ယောင်း ငြိမ်ငြိမ်မနေနိုင်တော့ပေ။ ရန်သူတွေ ဒီလောက်များနေတာ ငါကတော့ အဆင်ပြေပေမဲ့ မြို့ထဲက ပြည်သူတွေက ဘယ်လိုလုပ်မလဲ။
"ငါ စစ်သေနာပတိချုပ်ကို သွားရှာလိုက်ဦးမယ်" သူမ ထွက်ပြေးရန် ပြင်ဆင်ရင်း မတ်တတ်ရပ်လိုက်သည်။
ယင်းယွီ သူမ၏လမ်းကို လက်ဖြင့် အမြန်ပိတ်လိုက်သည်။
"အရှင်မင်းကြီး ဒီတိုင်း သွားမလို့လား။ အကြီးအကဲလီနဲ့ သူ့လူတွေက နန်းတော်တံခါးတွေ အကုန်ပိတ်ထားတယ်လေ!"
နဉ်ရှောင်ယောင်း ခြေဖနောင့်ကို လှည့်ရင်း တွေးလိုက်သည်။ ဟုတ်သားပဲ! အကြီးအကဲလီနဲ့ တခြားလူတွေကို မြို့ပြင် မပို့ရသေးဘူး။
"အကြီးအကဲလီနဲ့ သူ့လူတွေကို အမှန်တိုင်း ပြောပြလိုက်ရင် ကောင်းမလား" ယင်းလေက မေးလိုက်သည်။
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ ပြောပြလို့ရရင် သူမ ပြောပြီးနေလောက်ပြီ။
"ငါ့မျက်နှာကို ဖုံးကွယ်ပြီး သွားလိုက်မယ်။ ဒီကိစ္စတွေကို စစ်သေနာပတိချုပ်နဲ့ ဆွေးနွေးလိုက်မယ်။ မင်းတို့ နန်းတော်ထဲမှာပဲ စောင့်နေကြ"
ထို့နောက် သူမ လှည့်ထွက်ပြေးသွားရာ ယင်းယွီနှင့် အခြားသူများ မကျေမနပ် မျက်မှောင်ကြုတ်ကျန်ရစ်ခဲ့ကြသည်။ သူတို့ မလိုက်ချင်၍ မဟုတ်ဘဲ အရှင်မင်းကြီး၏ အမြန်နှုန်းကြောင့် အသက်ထွက်အောင် ပြေးလိုက်လျှင်ပင် မီမည်မဟုတ်သောကြောင့် ဖြစ်သည်။
....
နဉ်ရှောင်ယောင်း သူမ၏ အိပ်ခန်းအသစ်သို့ ပြန်ပြေးလာပြီး မျက်နှာကို ဖုံးအုပ်ရန် ဇာပဝါတစ်စ ယူလိုက်သည်။ သို့သော် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ပြီးနောက် သူမ တွေးမိသည်။ သာမန်နေ့ရက်မှာ မျက်နှာဖုံးအုပ်ထားတာက ပိုပြီး အာရုံစိုက်ခံရစေမှာ မဟုတ်ဘူးလား။
သေချာ စဉ်းစားပြီးနောက် သူမ ပန်းပွင့်စကတ်ကို ထုတ်ယူလိုက်ပြီး မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ဆင်လိုက်သည်။ ဒီခေတ်ဒီအခါမှာ ဒါက ပိုပြီး လက်ခံနိုင်စရာ ဖြစ်လောက်တယ်။
ကိုယ့်ကိုယ်ကိုယ် 'Like' တစ်ခုပေးပြီးနောက် နဉ်ရှောင်ယောင်း ထိုဂါဝန်ကို ဝတ်ဆင်လိုက်သည်။
....
တောင်ဘက်နံရံ အပြင်ဘက်ရှိ စစ်တဲတစ်ခုတွင် လိုကျစ်ကွေ့သည် မနက်စာစားပြီးနောက် ပန်းကန်အလွတ်ကို ချလိုက်ကာ သူ့ရှေ့မှ စစ်သူကြီးများကို ပြောလိုက်သည်။
"အပိုလူသုံးသောင်းက ဘာများလဲ။ အရေအတွက်များလေ စစ်သည်ကောင်းနဲ့ စစ်သည်ဆိုး ရောနှောမှု ပိုများလေပဲ။ အဲဒါက ဒီတိုက်ပွဲကို ပိုလွယ်ကူစေမှာ မဟုတ်ဘူးလား"
အနက်ရောင်နှင်းခဲ မြင်းတပ်၏ စစ်သူကြီးများသည် တိုက်ပွဲဝင်ရန် စိုးရိမ်ခြင်း မရှိကြပေ။
"ကျွန်တော်တို့ စိုးရိမ်တာက သူတို့ မြို့တော်ကို တိုက်ခိုက်ပြီးရင် ကျွန်တော်တို့ရဲ့ မြင်းတွေနဲ့ လူတွေ မြို့ထဲဝင်လို့မရမှာကိုပါ" တန့်ရုံက ပြောလိုက်သည်။ "စစ်သေနာပတိချုပ်... အဲဒီအပိုစစ်သည် သုံးသောင်းက ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင် သုံးသောင်းကို ဟန့်တားနိုင်တယ်လေ!"
"ဒါကြောင့် ငါ မြို့ထဲမှာ တပ်ဖွဲ့တစ်ဖွဲ့ချထားဖို့ ဆုံးဖြတ်လိုက်တာ" လိုကျစ်ကွေ့က ပြန်ဖြေလိုက်သည်။
စစ်သူကြီးများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ဆီမှာ မြို့ထဲ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တဲ့သူ ရှိနေသေးလို့လား။
"ရွှီဖေးယွီ ဒီနေ့ ရောက်လာလိမ့်မယ်"
"သူ ကိုယ်တိုင် တပ်တွေကို ခေါ်လာတာလား"
"သူ လာရဲသေးတယ်ပေါ့?!" တန့်ရုံနှင့် ရှန်မူတို့ ပြိုင်တူ ပြောလိုက်ကြသည်။
လိုကျစ်ကွေ့ သူတို့နှစ်ဦးကို ကြည့်လိုက်သည်။
"ဒီအခြေအနေမှာ ငါတို့ ထပ်မပြောသင့်တဲ့ ကိစ္စတချို့ရှိတယ်"
"ဒီတိုက်ပွဲကို အရင်အဆုံးသတ်ကြတာပေါ့" အခြားစစ်သူကြီးတစ်ဦးက ပြောလိုက်သည်။
"ရွှီဖေးယွီရဲ့ သတင်းစကားထဲမှာ သူက ကျိုးမိသားစုရဲ့တပ်ဖွဲ့တွေအားလုံးကို ခေါ်လာမယ်လို့ ပြောထားတယ်" လိုကျစ်ကွေ့က တိုးတိုးလေး ပြောလိုက်သည်။
"ရှဲ့ဝမ်ယွမ် သိသွားမှာ သူ မကြောက်ဘူးလား" စစ်သူကြီးတစ်ဦးက မေးလိုက်သည်။
"အခြေအနေက ဒီအထိရောက်လာမှတော့ ရှဲ့ဝမ်ယွမ် သိသွားလည်း ဘာဖြစ်လဲ" လိုကျစ်ကွေ့က ပန်းကန်အလွတ်ကို ဘေးသို့ တွန်းပို့လိုက်သည်။ "ငါတို့ စစ်မတိုက်ဖူးတာမှ မဟုတ်တာ။ ဒီနေရာမှာ စုဝေးနေတာက မင်းတို့ကို ထိတ်လန့်စေလို့လား"
စစ်သူကြီးများက သူတို့ ထိတ်လန့်နေကြောင်း ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။ သူတို့ မြောက်ပိုင်း ဟူလူမျိုးများနှင့် စစ်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးပြီဖြစ်သည်။
"ဒါက ဧကရာဇ်ရဲ့ မြေပဲလေ" တန့်ရုံက လိုကျစ်ကွေ့ကို သတိပေးလိုက်သည်။ "ဝူရွှမ်းမြို့ အပြင်ဘက်က မြေ မဟုတ်ဘူး"
"စစ်ပွဲဆိုတာ ဘယ်နေရာမှာ တိုက်တိုက် စစ်ပွဲပါပဲကွာ။ မင်းတို့ကလည်း..."
လိုကျစ်ကွေ့ စကားပြောနေစဉ် တဲအပြင်ဘက်မှ အလွန်ရင်းနှီးသော အသံတစ်ခုက "စစ်သေနာပတိချုပ်?" ဟု အော်ခေါ်လိုက်သဖြင့် စကားပြတ်တောက်သွားသည်။
စက္ကန့်ပိုင်းမျှ စစ်တဲအတွင်း တိတ်ဆိတ်သွားသည်။ ထို့နောက် စစ်သူကြီးအချို့ ကျယ်လောင်စွာ အော်မေးလိုက်ကြသည်။
"ဘယ်သူလဲ?!"
သူတို့ တံခါးစောင့်၏ အသံကို ကြားဖူးသော်လည်း ဤအသံသည် သူ့အသံမဟုတ်ပေ။
"တော်ပြီ၊ အော်မနေကြနဲ့တော့" လိုကျစ်ကွေ့ အပြင်သို့ အမြန်ထွက်သွားသည်။
"ရွှီဖေးယွီ ရောက်လာတာလား" စစ်သူကြီးတစ်ဦးက အံ့အားသင့်စွာ မေးလိုက်သည်။
"ရွှီဖေးယွီရဲ့ အသံက အဲဒီလိုလား။ မိန်းမလား ယောက်ျားလားဆိုတာ မင်း ခွဲမရဘူးလား" တန့်ရုံ မယုံကြည်နိုင်ဖြစ်နေသည်။
"စစ်သေနာပတိချုပ်ရဲ့ မျက်နှာထားအရဆိုရင် သေချာပေါက် ရွှီဖေးယွီ မဟုတ်ဘူး" အခြားစစ်သူကြီးတစ်ဦးကပြောရင်း လိုကျစ်ကွေ့နောက်သို့ လိုက်သွားသည်။
အခြားစစ်သူကြီးများလည်း သဘောတူကြသည်။ သူတို့၏ စစ်သေနာပတိချုပ်သည် ရွှီဖေးယွီကို ကြိုဆိုရန် ဘယ်တော့မှ ပြေးထွက်သွားမည် မဟုတ်ပေ။
"မင်း!"
လိုကျစ်ကွေ့ တဲအပြင်သို့ ထွက်လာပြီး ပန်းပွင့်ဂါဝန်ဝတ်ထားသော နဉ်ရှောင်ယောင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။
"စစ်သေနာပတိချုပ်" တံခါးစောင့်က ထစ်အစွာ ပြောလိုက်သည်။ "သူ... သူက ရုတ်တရက် ပေါ်လာတာပါ။ ကျွန်တော်မျိုး သတင်းပို့ဖို့ အချိန်မရလိုက်ပါဘူး"
သူ တဲကို ကောင်းကောင်း မစောင့်ကြပ်ခဲ့ပေ။ စစ်သေနာပတိချုပ်က စစ်စည်းကမ်းအရ သူ့ကို အပြစ်ပေးလေမလား။
လိုကျစ်ကွေ့က အစောင့်ကို လက်ကာပြလိုက်ပြီး နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။
"မင်း ဘာလို့ လာတာလဲ"
သူမ အင်္ကျီလည်ပင်းစကို ဆွဲလိုက်သည်။ "ကျွန်မ ရှင့်ကို ကိစ္စတချို့ ပြောစရာရှိလို့ လာရှာတာ။ အို... ရာသီဥတုက ပူလိုက်တာ သေတော့မယ်!"
"မင်း!"
စစ်သူကြီးများ တဲထဲမှ အပြေးအလွှား ထွက်လာကြသည်ကို လိုကျစ်ကွေ့ ကြားလိုက်ရသည်။ သူသည် နဉ်ရှောင်ယောင်း၏ သွယ်လျသော လည်တိုင်နှင့် ညှပ်ရိုးလေးများ ပေါ်နေသော ဟိုက်နေသည့် အင်္ကျီလည်ပင်းကို ကြည့်လိုက်သည်။ လိုကျစ်ကွေ့ သူ့ဝတ်ရုံကို ချက်ချင်းချွတ်ပြီး သူမကို လွှမ်းခြုံပေးလိုက်သည်။
"ကျွန်မ ပူတယ်..." နဉ်ရှောင်ယောင်း အော်ပြောချင်သည်။
"အော်မနေနဲ့" လိုကျစ်ကွေ့က လက်ဖြင့် သူမပါးစပ်ကို ပိတ်လိုက်သည်။
တဲထဲမှ ထွက်လာသော စစ်သူကြီးများအားလုံး ကြောင်အသွားကြသည်။ သူတို့၏ စစ်သေနာပတိချုပ်က အမျိုးသမီးတစ်ဦးကို ဖက်ထားသည်တဲ့လား။ ပြီးတော့ သူ့ဝတ်ရုံက အဲဒီအမျိုးသမီးကိုယ်ပေါ်မှာ ရောက်နေတယ်။ ဒါတင်မကဘူး၊ သူ့လက်က သူမပါးစပ်ကို ပိတ်ထားသေးတယ်။ သူတို့ သတိမထားမိတဲ့အချိန်မှာ စစ်သေနာပတိချုပ်က ကောင်မလေးတစ်ယောက် ရှာတွေ့သွားတာလား။
"မင်းတို့အားလုံး ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြ" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို တဲဘက်သို့ ပြန်ဆွဲခေါ်ရင်း အမိန့်ပေးလိုက်သည်။
"စစ်သေနာပတိချုပ်" တန့်ရုံက သူ့ရှေ့တွင် ရပ်ပြီး နဉ်ရှောင်ယောင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။ "ဒီမိန်းကလေးက ဘယ်သူလဲ"
နဉ်ရှောင်ယောင်းသည် တန့်ရုံနှင့် အခြားသူများ မြင်သွားမည်ကို မကြောက်ပေ။ ဘာပဲဖြစ်ဖြစ် ဒါက သူမ ဂါဝန်ဝတ်တာ ပထမဆုံးအကြိမ်မှ မဟုတ်တာ။ သို့သော် လိုကျစ်ကွေ့က သူမပါးစပ်ကို လွှတ်မပေးပေ။ သူက သူမကို စကားပြောခွင့် မပေးမှတော့ သူမ အသေကောင်လို ဟန်ဆောင်နေလိုက်ရုံသာ ရှိတော့သည်။
လိုကျစ်ကွေ့ မျက်မှောင်ကြုတ်ပြီး စပ်စုနေသော လူများကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
တန့်ရုံနှင့် အခြားသူများ နောက်ဆုတ်သွားကြသည်။ လိုကျစ်ကွေ့ အေးစက်သော မျက်နှာထားကို ပြသနေပြီဖြစ်သည်။ ဆိုလိုသည်မှာ စစ်သေနာပတိချုပ်က သူတို့ကို သတိပေးနေခြင်းဖြစ်သည်။ သူ့ကို ဒေါသထွက်အောင် မလုပ်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် သူ ဘာလုပ်မလဲဆိုတာ ဘယ်သူသိမှာလဲ။
စစ်သူကြီးများ ထွက်ခွာသွားပြီးနောက် လိုကျစ်ကွေ့သည် တံခါးစောင့်နှင့် စစ်သည်များကို တစ်ချက်ကြည့်လိုက်သည်။
စစ်သည်များသည် ခေါင်းငုံ့ထားကြပြီး မြေကြီးထဲ တိုးဝင်သွားချင်စိတ် ပေါက်နေကြသည်။ တကယ်တော့ စစ်သေနာပတိချုပ်သည် ကြမ်းတမ်းခြင်းမရှိဘဲ သူတို့အပေါ် အတော်လေးယဉ်ကျေးသည်။ သို့သော် အကြောင်းရင်းမရှိဘဲ သူတို့ သူ့ကို အလွန်ကြောက်ရွံ့နေကြသည်။
စစ်သည်များ အချင်းချင်း သီးသန့်ဆွေးနွေးခဲ့ကြပြီး စစ်သေနာပတိချုပ်လိုသည် လူအများအပြားကို သတ်ဖြတ်ခဲ့သောကြောင့်ဖြစ်မည်ဟု ကောက်ချက်ချခဲ့ကြသည်။ ထို့အပြင် သူသည် ကံဆိုးစေသော ကြယ်ပွင့်လည်း ဖြစ်သည်။ ထို့ကြောင့် သူ့ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ပြင်းထန်လွန်းသည်။ (စာရေးသူ - ဟေး! အဲဒီလို မပြောကြနဲ့လေ!)
.....
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို တဲထဲသို့ ဆွဲခေါ်လာခဲ့သည်။ သူမသည် ဆန်ပြုတ်ပန်းကန်အလွတ်များကို ကြည့်လိုက်သည်။
"ရှင် စားပြီးသွားပြီပဲ"
"ပေါက်စီတစ်လုံး ကျန်သေးတယ်၊ စားမလား" လိုကျစ်ကွေ့က ပန်းကန်ပြားကို ညွှန်ပြလိုက်သည်။
နဉ်ရှောင်ယောင်း တံတွေးမြိုချလိုက်သည်။
"မစားတော့ပါဘူး။ စစ်သေနာပတိချုပ် ရှင်က စစ်တိုက်ရမှာလေ၊ ရှင်ပဲ စားလိုက်ပါ"
လိုကျစ်ကွေ့ ပြုံးလိုက်ပြီး နဉ်ရှောင်ယောင်းကို ဆွဲထိုင်ခိုင်းလိုက်သည်။
"မင်း ဘာလို့ ဒီကို ရောက်လာတာလဲ"
ဝတ်ရုံကို ချွတ်လိုက်ရင်း သူမ ပြန်ဖြေလိုက်သည်။
"အမတ်ချုပ်ကြီးရဲ့ တပ်ဖွဲ့ဝင် ခုနစ်သောင်းက ဒီကို လာနေကြတယ်လေ။ ကျွန်မ အဲဒီအကြောင်း မေးဖို့ လာခဲ့တာ"
လိုကျစ်ကွေ့ လက်လှမ်းလိုက်ပြီး နဉ်ရှောင်ယောင်း၏ လည်ပင်းကြယ်သီးကို တပ်ပေးလိုက်သည်။ သူ တိုးတိုးလေး ပြောလိုက်သည်။
"မင်း ရောက်လာမှတော့ မြို့တော်အပြင်ဘက်မှာပဲ နေလိုက်တော့"
"ကျွန်မတို့ တပ်ဖွဲ့ဝင် ခုနစ်သောင်းအကြောင်း ပြောနေတာနော်" နဉ်ရှောင်ယောင်းက လေးလေးနက်နက် ပြောလိုက်သည်။
"ခုနစ်သောင်းနီးပါးပါ"
"ကောင်းပြီ၊ ခုနစ်သောင်းနီးပါး။ စစ်သေနာပတိချုပ်... ကျွန်မတို့ ဒီစစ်ပွဲကို တကယ်နိုင်ပါ့မလား"
"ရှဲ့ဝမ်ယွမ်က စာပေပညာရှင်တစ်ယောက်ပါ" လိုကျစ်ကွေ့က ပန်းကန်ပြားထဲမှ ပေါက်စီကို ယူပြီး နဉ်ရှောင်ယောင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူက ပေါ့ပေါ့ပါးပါး ရှင်းပြသည်။ "အထက်တန်းအဆင့် စစ်သည် သုံးသောင်းအောက်ပဲ ရှိတယ်။ မြင်းနဲ့ လူ အင်အား ခုနစ်သောင်းနီးပါးရှိပေမဲ့ သူ့တပ်ရင်းတစ်ခုကို ခြုံခိုတိုက်ခိုက်လိုက်တာနဲ့ သူ့စစ်တပ်က ရှုံးနိမ့်သွားမှာ"
"တကယ်???" နဉ်ရှောင်ယောင်း အံ့သြသွားသည်။
"စစ်မြေပြင်မှာ အကြီးမားဆုံး စိုးရိမ်စရာက စစ်ပြေးတွေ ရှိလာမှာကိုပဲ" လိုကျစ်ကွေ့က သူမကို ရေတစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ စစ်ပြေးတွေက စစ်တပ်အတွင်းမှာ ဖရိုဖရဲဖြစ်အောင် လုပ်တတ်ကြလို့ပဲ။ ဒီတစ်ခါ ရှဲ့ဝမ်ယွမ်ရဲ့ စစ်သည်တွေက မြို့ကို ကျူးကျော်တိုက်ခိုက်နေတာ။ သူတို့က ပုန်ကန်နေတာလေ။ စစ်သည်တွေက အစကတည်းက စိတ်မလုံမခြုံ ဖြစ်နေကြမှာ သေချာတယ်။ ခြုံခိုတိုက်ခိုက်မှုသာ ဖြစ်လာရင် သူ့တပ်တွေ သွားပြီပဲ"
စစ်သေနာပတိချုပ်လို၏ စကားများက ကျိုးကြောင်းဆီလျော်သည်ဟု နဉ်ရှောင်ယောင်း တွေးလိုက်သည်။
"စစ်ပွဲဆိုတာ အရေအတွက် ယှဉ်ပြိုင်ရုံသက်သက် မဟုတ်ဘူး" လိုကျစ်ကွေ့ ခေတ္တမျှ ပြုံးလိုက်သည်။
နဉ်ရှောင်ယောင်း ပေါက်စီကို ကိုက်လိုက်သည်။ ဒါက စားတော်ကဲကြီးဟွမ် လုပ်တာလောက် မကောင်းဘူး။ သူမ ရင်ထဲတွင် မသိုးမသန့် ခံစားနေရဆဲဖြစ်သည်။ တစ်ခုခုတော့ မှားနေပြီဟု သူမ ခံစားနေရသည်။ မကောင်းတဲ့ကိစ္စတစ်ခုခု ဖြစ်လာတော့မလိုပဲ။
"ရှောင်ယောင်း" လိုကျစ်ကွေ့ လျှောက်လာသည်။
"ကျွန်မ ပြန်တော့မယ်။ ရှင့်ရဲ့ အလှပရိယာယ်က ကျွန်မအပေါ် သက်ရောက်မှုမရှိဘူး"
နဉ်ရှောင်ယောင်း သူမရှေ့တွင် ရောက်နေသော လှပသော မျက်နှာကို တွန်းထုတ်လိုက်သည်။ နဉ်ရှောင်ယောင်း ရုတ်တရက် ဂနာမငြိမ် ဖြစ်လာသည်။
ကြည့်ရတာ ရန်သူ့အစီအစဉ်ကို စုံစမ်းဖို့ အမတ်ချုပ်ကြီးရဲ့အိမ်တော်ကို သွားရမယ် ထင်တယ်။
***