အခန်း (၂၈၅-၂၈၆)
Vol. 18 Ch. 285-286
အခန်း ၂၈၅ ။ အရှင်မင်းကြီးက အစ်ကိုကြီးနဉ် ဟု ခေါ်သည်
"ကျွန်မ သွားတော့မယ်"
နဉ်ရှောင်ယောင်း ပေါက်စီကို ပါးစပ်ထဲ အတင်းထိုးထည့်ပြီး မတ်တတ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ရွှီကျိချန် ဒီနေ့ ရောက်လာလိမ့်မယ်" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောပြလိုက်သည်။
နဉ်ရှောင်ယောင်း ပေါက်စီကို မျိုချလိုက်သည်။
"မိဖုရားခေါင်ကြီးရော"
"ကျိုးမျိုးရိုးအမျိုးသမီးက လုံခြုံတဲ့နေရာမှာ သေချာပေါက်နေမှာပါ" လိုကျစ်ကွေ့ ကိုယ့်ဘာသာ တွေးလိုက်မိသည်။ နဉ်ရှောင်ယောင်းကို ဆက်နေစေဖို့ ငါဘယ်လိုနည်းလမ်းတွေ သုံးရမလဲ။ "မင်း ရွှီဖေးယွီကို မတွေ့ချင်ဘူးလား"
"မိဖုရားခေါင်ကြီးက သူ့ကို အမှန်အတိုင်း ပြောထားရင်တော့ ကောင်းတာပေါ့" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ဒါပေမဲ့ သူ မပြောထားရင် စစ်သူကြီးရွှီက ကျွန်မကို ရိုက်မှာ မကြောက်ဘူးလား စစ်သေနာပတိချုပ်"
"သူလုပ်ရဲလို့လား" လိုကျစ်ကွေ့၏မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။
"အခုအချိန်က ပြည်တွင်းရေးပြဿနာတွေ ဖန်တီးရမယ့်အချိန် မဟုတ်ဘူး" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့၏ မျက်နှာကို ပုတ်လိုက်သည်။ "ကျွန်မ စစ်သူကြီးရွှီကို မတွေ့တော့ဘူး။ သူက မိဖုရားခေါင်ကြီးရဲ့ အချစ်စစ်လေ။ ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး"
လိုကျစ်ကွေ့ သူမကို နားချရန် အခြားနည်းလမ်းတစ်ခုကို စဉ်းစားလိုက်သည်။
"ယင်းဖုန်းနဲ့ တခြားလူတွေ နန်းတော်ထဲမှာ ရှိနေတာပဲ။ မင်းမရှိလို့ စစ်ပွဲမှာ ကြီးကြီးမားမား ကွာခြားသွားမှာ မဟုတ်ပါဘူး"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို နမ်းလိုက်သည်။ "ကျွန်မ ပြန်တော့မယ်"
နဉ်ရှောင်ယောင်း လှည့်ထွက်သွားသည့်အခါ သူမ၏ ပန်းပွင့်စကတ်လေး လေထဲတွင် လွင့်ဝဲသွားသည်။ ပွင့်လုဆဲဆဲ ပန်းလေးတစ်ပွင့်လိုပင်။ လိုကျစ်ကွေ့ သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်များ နူးညံ့သွားသည်။ ကောင်းပြီလေ၊ သူ လွှတ်ထားလိုက်ပါ့မယ်။ ဒီမိန်းကလေးက တခြားသူတွေနဲ့ မတူဘူး။ သူမကို သူထိန်းချုပ်လို့ မရပေမဲ့ ဒါကိုပဲ သူသဘောကျနေမိသည်။
နဉ်ရှောင်ယောင်း တဲပေါက်ဝသို့ ပြေးသွားပြီးနောက် လိုကျစ်ကွေ့ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သူမ ရဲရဲဝံ့ဝံ့ ကြေညာလိုက်သည်။
"ရှင်က ကျွန်မရဲ့ အချစ်စစ်ပါ"
ပျော်ရွှင်မှုက မြန်ဆန်လွန်းလို့လား၊ ဒါမှမဟုတ် နဉ်ရှောင်ယောင်း၏ စကားလုံးတွေက သူ့ကို အလစ်အငိုက်မိသွားစေလို့လားတော့ မသိ။ စစ်သေနာပတိချုပ် ကြောင်အသွားသည်။
နဉ်ရှောင်ယောင်း ပြုံးလိုက်ပြီး ထပ်မံ ပြေးထွက်သွားပြန်သည်။ လိုကျစ်ကွေ့ သူမနောက်သို့ လိုက်သွားသော်လည်း နဉ်ရှောင်ယောင်း၏ စကတ်အနားစကိုသာ မြင်လိုက်ရသည်။
....
စစ်သည်များသည် ခေါင်းမော့မကြည့်ရဲကြပေ။ တန့်ရုံနှင့် အခြားသူများသည် အဝေးမှ လှမ်းကြည့်နေကြသည်။ သူတို့ နဉ်ရှောင်ယောင်းနောက်သို့ လိုက်ပြီး စကားပြောချင်နေကြသည်။
မိန်းကလေးနဉ် သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားသောအခါ လိုကျစ်ကွေ့ သူ့တပ်ဖွဲ့ဝင်များကို ကြည့်လိုက်သည်။
လိုကျစ်ကွေ့ သူတို့ကို ကြည့်လိုက်သောအခါ စစ်သူကြီးများ ကြက်သီးထသွားကြသည်။ စစ်သေနာပတိချုပ်က သူတို့ကို ကြင်နာနူးညံ့စွာ ကြည့်နေသည်။ ဒါ တကယ်ပဲ ငါတို့ရဲ့ စစ်သေနာပတိချုပ် ဟုတ်ရဲ့လား။
"စစ်သေနာပတိချုပ်"
ထိုစဉ် ဟုကော်ကုန်း၏ အရာရှိတစ်ဦး အလျင်အမြန် ရောက်လာပြီး တိုးတိုးလေး သတင်းပို့သည်။
"စစ်သူကြီးရွှီ... ရွှီကျင်း ရောက်နေပါပြီ။ သူ စစ်သေနာပတိချုပ်ကို တွေ့ချင်နေပါတယ်"
လိုကျစ်ကွေ့၏မျက်လုံးများထဲမှ နွေးထွေးမှု ပျောက်ကွယ်သွားသည်။ သူ ခေါင်းညိတ်ပြီး ရေရွတ်လိုက်သည်။
"ငါ သွားကြိုလိုက်မယ်"
တန့်ရုံနှင့် အခြားစစ်သူကြီးများသည် လိုကျစ်ကွေ့နောက်သို့ လိုက်ပါသွားကြသည်။ ယခုအခါ အရေးကြီးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသော်လည်း သူတို့ အလွန်သိချင်စိတ် ပြင်းပြနေကြသည်။ သူတို့ စပ်စုချင်သော်လည်း မမေးရဲကြပေ။
လိုကျစ်ကွေ့သည် ပင်မတံခါးဝသို့ သွက်လက်စွာ လျှောက်သွားပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်သည်။
....
နဉ်ရှောင်ယောင်း စစ်စခန်းမှ ပြေးထွက်လာပြီး ကစားရန် ပေါင်းပင်အချို့ကို ဆွဲယူလိုက်သည်။ သူမ လမ်းလျှောက်နေစဉ် အနီးအနားတွင် လူတစ်ယောက် စကားပြောနေသံကို ကြားလိုက်ရသည်။
"သခင်လေး... မြို့တော်တံခါးတွေကို မပိတ်ထားပေမဲ့ သာမန်ပြည်သူတွေအားလုံး မြို့ထဲက ထွက်ပြေးနေကြတယ်။ ကျွန်တော်တို့ ဒီအတိုင်းဝင်သွားမယ်ဆိုရင် ရှဲ့ဝမ်ယွမ် သံသယဝင်သွားမှာ မဟုတ်ဘူးလား"
"အစ်ကိုကြီး... ကျွန်တော်တို့ လိုကျစ်ကွေ့ကို အရင်သွားရှာရင် မကောင်းဘူးလား"
ဟင်?
နဉ်ရှောင်ယောင်း ခြေလှမ်းတုံ့သွားသည်။ နောက်ဆုံးပြောလိုက်သူ၏အသံမှာ အလွန်ရင်းနှီးနေသည်။ ဒီအသံကို ဘယ်နေရာမှာ ကြားဖူးမှန်း သူမ သေချာပေါက် သိနေသည်။
"အစ်ကိုကြီး... တစ်ခုခု ပြောပါဦး" လူငယ်လေး၏အသံ ဆက်ထွက်ပေါ်လာသည်။ "အစ်ကိုကြီးမှာ အစီအစဉ်ရှိရင် ကျွန်တော့်ကိုလည်း မျှဝေပေးလို့ မရဘူးလား"
နဉ်ရှောင်ယောင်း မျက်လုံးများ အရောင်တောက်သွားသည်။ ဘယ်သူလဲဆိုတာ သူမ မှတ်မိသွားပြီ။
"နဉ်ရှောင်လော့!"
နဉ်ရှောင်ယောင်း အော်ဟစ်ပြီး ခုန်ထွက်လိုက်သည်။
ယွဲ့ပြည်နယ်မြို့စားအိမ်တော်၏ တတိယသခင်လေး စကားဆက်ပြောရန် ပြင်လိုက်စဉ် နဉ်ရှောင်ယောင်း၏ အော်သံကြောင့် အလစ်အငိုက် မိသွားသည်။ သူ့လျှာသူ ပြင်းထန်စွာ ကိုက်မိသွားသည်။
"အား!"
နဉ်ရှောင်လော့ ပါးစပ်ကိုအုပ်ပြီး အော်ဟစ်လိုက်သည်။ သူ ခုန်ဆွခုန်ဆွ လုပ်တော့မလို ဖြစ်သွားသော်လည်း သူ့ရှေ့သို့ ရောက်လာသော နဉ်ရှောင်ယောင်းကြောင့် လန့်သွားသည်။
"မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ" နဉ်ရှောင်ယောင်း ဗာဒံစေ့ပုံ မျက်လုံးများဖြင့် နဉ်ရှောင်လော့ကို ပြူးကြည့်လိုက်သည်။ "အိမ်ပြန်လမ်း မတွေ့တော့လို့ မပြောနဲ့နော်"
နဉ်ရှောင်လော့လည်း သူ့ဗာဒံစေ့ပုံမျက်လုံးများဖြင့် နဉ်ရှောင်ယောင်းကို ပြန်ကြည့်လိုက်သည်။ ပန်းပွင့်စကတ် ဝတ်ထားတယ်...
"အရှင်မင်းကြီး?" နဉ်ရှောင်လော့ အော်လိုက်သည်။
"ရှူး" နဉ်ရှောင်ယောင်း တိုးတိုးပြောလိုက်သည်။ "မအော်နဲ့! မင်း ဘာဖြစ်နေတာလဲ"
"ကျွန်... ကျွန်တော်မျိုး... မဟုတ်ဘူး..." နဉ်ရှောင်လော့ နဉ်ရှောင်ယောင်းကို ပတ်ကြည့်လိုက်သည်။ "အရှင်မင်းကြီးက မိန်းမလား"
နဉ်ရှောင်ယောင်း ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်သည်။ သူမ ပန်းပွင့်စကတ် ဝတ်ထားသည်ကို လုံးဝမေ့နေခဲ့သည်။
နဉ်ရှောင်လော့သည် နဉ်ရှောင်ယောင်းဘေးတွင် ရပ်နေပြီး ဤလူမှာ ကျား၊ မ ဟုတ်မဟုတ် စစ်ဆေးရန် လက်လှမ်းလိုက်သည်။ သို့သော် ထိုလက်များဖြင့်ပင် သူအရိုက်ခံခဲ့ရသည်ကို ပြန်သတိရသွားသည်။ ထို့ကြောင့် တတိယသခင်လေးနဉ် စိတ်ပြောင်းပြီး လက်ပြန်ချလိုက်သည်။ သူ တိုးတိုးလေး မေးလိုက်သည်။
"အရှင်မင်းကြီးက မိန်းမလား"
"မဟုတ်ဘူး" နဉ်ရှောင်ယောင်း လေးလေးနက်နက် ပြောလိုက်သည်။ "ငါက မိန်းကလေးလို ဝတ်ထားတဲ့ ယောက်ျားလေး။ ငါတို့ စစ်တိုက်တော့မှာလေ။ မိန်းကလေးလို မဟန်ဆောင်ရင် ငါ အပြင်ထွက်လို့ရမှာ မဟုတ်ဘူး"
နဉ်ရှောင်လော့ အသက်ရှူလိုက်ပြီး နဉ်ရှောင်ယောင်း၏ သေးငယ်သော ကိုယ်လုံးလေးကို ပြန်ကြည့်လိုက်သည်။
"တကယ်လား"
"မယုံရင် ကိုင်ကြည့်မလား" နဉ်ရှောင်ယောင်း ပြောလိုက်ရင်း လက်သီးဆုပ်လိုက်သည်။ ဒီကောင် ငါ့ကို လာထိရဲရင် ထိုးပစ်မယ်။
နဉ်ရှောင်လော့ ခေါင်းခါလိုက်သည်။
"ကိုင်ကြည့်စရာ မလိုပါဘူး။ ကြည့်ရတာ ပျဉ်ပြားလို ပြားချပ်နေတာပဲ"
နဉ်ရှောင်ယောင်း - ...ငါ ဒီငတုံးကောင်ကို ရိုက်ချင်နေတုန်းပဲ။
"အရှင်မင်းကြီး... ဘာလို့ ဒီမှာ တစ်ယောက်တည်း ရှိနေတာလဲ" နဉ်ရှောင်လော့ အရိုက်ခံရမည့် အန္တရာယ်ကို သတိမထားမိဘဲ နဉ်ရှောင်ယောင်းအနားသို့ တိုးကပ်သွားသည်။ "ထွက်ပြေးဖို့အတွက် မိန်းမလို ဝတ်ထားတာလား"
နဉ်ရှောင်ယောင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မေးလိုက်သည်။
"မင်း လူစကား နားလည်ရဲ့လား"
ငါက အန္တရာယ်တွေ့တာနဲ့ ထွက်ပြေးမယ့် လူကြောက်လို့ ထင်နေတာလား။
"ဟင်?" နဉ်ရှောင်လော့ ကြောင်သွားသည်။ ငါ တစ်ခုခု မှားပြောမိလို့လား။
နဉ်ရှောင်ယောင်း လက်သီးဆုပ်လိုက်သည်။
"ငါ မင်းကို မရိုက်ခင် ကိစ္စတချို့ကို ရှင်းအောင် ပြောကြရအောင်။ မင်း ဒီကို ဘယ်လိုရောက်လာတာလဲ။ မင်း အိမ်ပြန်သွားပြီလို့ စစ်သေနာပတိချုပ် ပြောတာ မဟုတ်ဘူးလား"
"ကျွန်တော် အိမ်ပြန်သွားတယ်၊ ပြီးတော့ ပြန်လာတာ" နဉ်ရှောင်လော့ ပြန်ဖြေသည်။ "အရှင်မင်းကြီး... ဘာလို့ ကျွန်တော့်ကို ရိုက်ချင်နေတာလဲ"
"ငါတို့ ဒီမှာ စစ်တိုက်တော့မှာလေ၊ မင်းက ဘာကိစ္စလာရတာလဲ" နဉ်ရှောင်ယောင်း လက်သီးကို နောက်သို့ ပို့လိုက်သည်။ "ဒါနဲ့ နေပါဦး၊ မင်းက သိုင်းပညာတတ်လို့လား"
နဉ်ရှောင်လော့ ရင်ဘတ်ကို ပုတ်ပြီး အော်ပြောလိုက်သည်။
"ကျွန်တော်က ယွဲ့ပြည်နယ်မြို့စားအိမ်တော်ရဲ့ တတိယသခင်လေး! ယွဲ့ပြည်နယ်မြို့စားအိမ်တော်နော်!"
ယွဲ့ပြည်နယ်မြို့စားအိမ်တော်ရဲ့ သခင်လေးတစ်ယောက်အနေနဲ့ သူ ဘယ်လိုလုပ် မတိုက်ခိုက်တတ်ဘဲ နေမှာလဲ။
နဉ်ရှောင်ယောင်း ခေါင်းစောင်းပြီး နဉ်ရှောင်လော့ကို ကြည့်လိုက်သည်။
"မင်းက ယွဲ့ပြည်နယ်မြို့စားအိမ်တော်ရဲ့ တတိယသခင်လေးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်း ငါ့ကို မနိုင်ဘူး၊ စစ်သေနာပတိချုပ်ကိုလည်း မနိုင်ဘူးလေ"
နဉ်ရှောင်လော့ - ... သူ စကားမပြောနိုင်တော့ပေ။
နဉ်ရှောင်ယောင်း လျှာကို တောက်ခေါက်လိုက်သည်။
"ဒီတစ်ခါ မြို့တော်ကို ဘာလို့ လာရတာလဲဆိုတာ ပြောပါဦး"
နဉ်ရှောင်လော့၏ အနောက်မှ လက်တစ်ဖက် ထွက်လာသည်။ ထိုလူက သူ့ခေါင်းကို ကိုင်ပြီး ဘေးသို့ ဆွဲပို့လိုက်သည်။
"မင်းကရောက ဘယ်သူလဲ"
နဉ်ရှောင်ယောင်း သူမရှေ့တွင် ရပ်နေသော လူကို ကြည့်လိုက်သည်။ သူက အတော်လေး ငယ်ရွယ်ပုံရပြီး အသက် ၃၀ အောက် သေချာပေါက် ဖြစ်လောက်သည်။ ထို့အပြင် သူက စစ်သေနာပတိချုပ် အရပ်နီးပါး ရှိသည်။ သူက ချောမောပြီး နူးညံ့သိမ်မွေ့ပုံ ရသည်။ သူစိမ်းတစ်ယောက်ဖြစ်မှန်း သိသာသော်လည်း နဉ်ရှောင်ယောင်း ပထမဆုံးအကြည့်မှာပင် သူ့ကို အလွန်ရင်းနှီးသလို ခံစားလိုက်ရသည်။
အရှင်မင်းကြီးက သူ့ပတ်ဝန်းကျင်ကို သတိထားမိသွားပြီပဲ! လူတွေအားလုံး စိတ်လှုပ်ရှားသွားကြသည်။ ဒါက အရင်တုန်းက သူတို့ မမြင်ဖူးသလောက် ဖြစ်ရပ်မျိုးလေ။
"ကျွန်တော်မျိုး!" လူငယ်လေးက နဉ်ရှောင်ယောင်းကို တလေးတစား နှုတ်ဆက်ရန် အလျင်စလို ပြုမူလိုက်သည်။
"နေပါစေ" နဉ်ရှောင်ယောင်း ထိုလူ၏ လက်ကို အမြန်ဆွဲထားလိုက်သည်။ "ကျေးဇူးပြုပြီး ဒူးမထောက်ပါနဲ့၊ ငါတို့ စကားပြောကြရအောင် ဟုတ်ပြီလား"
"သူက အရှင်မင်းကြီးလေ" နဉ်ရှောင်လော့က ဘေးမှ ဝင်ပြောသည်။
လူငယ်လေးက ခေါင်းလှည့်ပြီး နဉ်ရှောင်လော့ကို ကြည့်လိုက်သည်။ နဉ်ရှောင်လော့ အလျင်အမြန် ခေါင်းငုံ့ပြီး ပါးစပ်ပိတ်ထားလိုက်သည်။
"ကျွန်တော်မျိုးက နဉ်ရှောင်မုပါ။ ယွဲ့ပြည်နယ်မြို့စားအိမ်တော်ရဲ့ သားအကြီးဆုံးပါ။ နဉ်ရှောင်မု အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
အရှင်မင်းကြီးက သူ့လက်ကို ကိုင်ထားသဖြင့် ဒူးမထောက်နိုင်သော်လည်း အကြီးဆုံးသခင်လေးနဉ်သည် နဉ်ရှောင်ယောင်းကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
နဉ်ရှောင်ယောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အယ်မလေး! ငါ သူ့ညီကို သူ့ရှေ့မှာတင် ထိုးမလို့ လုပ်မိတော့မလို့!
"အရှင်မင်းကြီး" နဉ်ရှောင်မုက နဉ်ရှောင်ယောင်းကို ပြုံးပြလိုက်သည်။
အို... ဒီအစ်ကိုကြီးက ပြုံးလိုက်ရင် ဘာလို့ ဒီလောက် သိမ်မွေ့သွားရတာလဲ။
နဉ်ရှောင်မု သူ့လက်ကို ဆုပ်ကိုင်ထားသော လက်ကို ကြည့်လိုက်သည်။ ဒီလက်က ယောက်ျားလား မိန်းမလား ခွဲခြားရခက်သည်။ အကြည့်ကို အောက်သို့ ရွှေ့လိုက်သောအခါ ပန်းပွင့်စကတ်ကို တွေ့လိုက်ရသည်။ အကြီးဆုံးသခင်လေးနဉ် ခေါင်းမော့ပြီး ပြုံးလိုက်သည်။
"အရှင်မင်းကြီးကို ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး"
"ဟုတ်တယ်နော်၊ တိုက်ဆိုင်လိုက်တာ!?"
နဉ်ရှောင်ယောင်း နဉ်ရှောင်မု ပြုံးသည်ကို သဘောကျသဖြင့် သူ့ကို စိုက်ကြည့်နေမိသည်။
"အစ်ကိုကြီးနဉ်... အခုအချိန်ကြီး မြို့တော်ကို ဘာလို့ လာတာလဲ"
"အစ်ကိုကြီးနဉ်?" နဉ်ရှောင်လော့ အော်လိုက်သည်။ ငါ့အစ်ကိုကြီးက ဘယ်လိုလုပ် အရှင်မင်းကြီးရဲ့ အစ်ကိုကြီး ဖြစ်သွားရတာလဲ။
"ဘာလဲ" နဉ်ရှောင်ယောင်း နဉ်ရှောင်လော့ကို စိုက်ကြည့်လိုက်သည်။ "မင်းအစ်ကိုက ငါ့အစ်ကို မဖြစ်ရဘူးလား"
"ဒါဆို လိုကျစ်ကွေ့ကရော" နဉ်ရှောင်လော့ မေးလိုက်သည်။
နဉ်ရှောင်ယောင်း နှာမှုတ်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ အချစ်စစ်နဲ့ အစ်ကိုကြီးဆိုတာ တူမှမတူတာ ဟုတ်တယ်မလား။
"ကျွန်တော် ဘာလို့ လာလဲဆိုတာ ကျွန်တော်လည်း မသိဘူး" နဉ်ရှောင်လော့ နဉ်ရှောင်ယောင်းဘေးသို့ ပြေးသွားသည်။ "မိဘတွေက အစ်ကိုကြီးကို ကျွန်တော့်ကို ဒီခေါ်လာဖို့ ပြောလိုက်တာ"
"ဟင်... ငါက မင်းရဲ့ ကယ်တင်ရှင်မို့လို့ ကျေးဇူးဆပ်ချင်လို့များလား" နဉ်ရှောင်ယောင်း ခန့်မှန်းလိုက်သည်။
နဉ်ရှောင်လော့ ပခုံးတွန့်လိုက်သည်။
"ကျွန်တော် မသိဘူးလေ"
သူ အိမ်ပြန်ရောက်ဖို့ အများကြီး ဒုက္ခခံခဲ့ရတာ။ ဒုက္ခသည်တစ်ယောက်လိုတောင် ဝတ်ဆင်ခဲ့ရသေးတယ်။ အံ့သြစရာကောင်းတာက သူအိမ်ပြန်ရောက်ပြီး သူနဲ့ အရှင်မင်းကြီး ဘယ်လောက်တူကြောင်း ပြောပြလိုက်တဲ့အခါ သူ့မိဘတွေက သူ့အစ်ကိုကြီးနှစ်ယောက်နဲ့ တစ်ညလုံး ဆွေးနွေးတိုင်ပင်ကြတယ်။ ပြီးတော့ နောက်နေ့ နေမထွက်ခင်မှာပဲ သူ့အစ်ကိုကြီးက သူ့လည်ပင်းကိုဆွဲပြီး မြို့တော်ကို ခေါ်လာခဲ့တာပဲ။
"မြို့တော်ကို လာတဲ့လမ်းတစ်လျှောက်လုံး ကျွန်တော်တို့ ဘာလို့ပြန်လာတာလဲဆိုတာ အစ်ကိုကြီးကို မေးနေတာ။ ဒါပေမဲ့ အစ်ကိုကြီးက ကျွန်တော့်ကို လျစ်လျူရှုထားတယ်" နဉ်ရှောင်လော့ ဝမ်းနည်းပက်လက် ဖြစ်နေသည်။
နဉ်ရှောင်ယောင်း ခေါင်းကို ကုတ်လိုက်ပြီး အကြီးဆုံးသခင်လေးနဉ်ကို ကြည့်လိုက်သည်။ ထို့နောက် သခင်လေးတတိယကို ပြန်ကြည့်လိုက်သည်။ နောက်ဆုံးတွင် နဉ်ရှောင်ယောင်းသည် အကြီးဆုံးသခင်လေးနဉ်ဘက်မှ ရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။
"မင်းက တုံးလွန်းလို့ နေမှာပါ။ အမှန်တရားကို သိသွားရင် ကိစ္စတွေ ပျက်စီးသွားမှာစိုးလို့ အစ်ကိုကြီးနဉ်က မင်းကို မပြောပြတာ"
နဉ်ရှောင်လော့ ခံစားလိုက်ရသည်။ ဒီတစ်သက်တော့ သူနဲ့ အရှင်မင်းကြီး သူငယ်ချင်းဖြစ်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး! ကံတရားက သူတို့ကို တိုက်ဆိုင်စွာ ရုပ်ချင်းတူအောင် ဖန်တီးပေးထားပေမဲ့ သူငယ်ချင်းဖြစ်အောင်တော့ လုပ်မပေးနိုင်ဘူးပဲ!
နဉ်ရှောင်မု တိတ်တဆိတ် ချောင်းဟန့်လိုက်သည်။ အရှင်မင်းကြီးက တည့်တည့်ကြီး ပြောလိုက်တာပဲ။ သူ့ညီလေး အသက်ကြီးလာပေမဲ့ ဦးနှောက်ကတော့ ကြီးမလာဘူး။ သူ့ညီလေး ကိစ္စတွေဖျက်ဆီးပစ်မှာ ကြောက်လို့ သူ စကားတစ်ခွန်းမှ မပြောခဲ့တာ။
"စစ်သေနာပတိချုပ်ရဲ့စခန်းက ဟိုဘက်မှာ" နဉ်ရှောင်ယောင်း စခန်းကို ညွှန်ပြလိုက်သည်။ "အစောဆုံး မနက်ဖြန် မြို့တော်မှာ စစ်ပွဲစတော့မယ်။ အစ်ကိုကြီးနဉ်... ခင်ဗျားတို့ စစ်သေနာပတိချုပ်ဆီ သွားလိုက်ကြ။ အဲဒီမှာ ပိုလုံခြုံတယ်"
နဉ်ရှောင်မု ပြုံးလိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သားတွေ ဘေးကင်းရေးအတွက် စိတ်ပူစရာမလိုပါဘူး"
"ကျွန်တော် စိတ်ပူတာပေါ့" နဉ်ရှောင်ယောင်း လေးလေးနက်နက် ပြောလိုက်သည်။ "အမတ်ချုပ်ကြီးက နဉ်ရှောင်လော့ကို သတ်ချင်နေတာ။ ခင်ဗျားတို့ ဒီမှာရှိနေတာ သူသိသွားရင် ထပ်ပြီး ဒုက္ခပေးမှာစိုးလို့"
"အစ်ကိုကြီး" နဉ်ရှောင်လော့က သူ့အစ်ကို၏အင်္ကျီလက်စကို ဆွဲလိုက်သည်။ "ကျွန်တော်တို့ ဒီရောက်နေမှတော့ ရှဲ့ဝမ်ယွမ်ကို သတ်ပစ်လိုက်ကြရအောင်"
အကြီးဆုံးသခင်လေးနဉ် စကားမပြောနိုင်ခင် နဉ်ရှောင်ယောင်းက လက်ဖြင့် ခုနစ်ဂဏန်းပုံ လုပ်ပြပြီး သတိပေးလိုက်သည်။
"ရန်သူ့တပ် ခုနစ်သောင်း ရှိတယ်နော်!"
"ဘာ!" နဉ်ရှောင်လော့ ထိတ်လန့်သွားသည်။ "ပုန်ကန်တပ် ခုနစ်သောင်းတောင် ရှိတာလား"
"ဟုတ်တယ်" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ သူမဘေးပတ်ဝန်းကျင်မှ လူများကို ကြည့်လိုက်သည်။ သူတို့အားလုံး အရပ်ရှည်ပြီး သန်မာကြသော်လည်း လူတစ်ရာခန့်သာ ရှိသည်။ လူခုနစ်သောင်းကို သူတို့ ဘယ်လို ယှဉ်တိုက်နိုင်မှာလဲ။
အကြီးဆုံးသခင်လေးနဉ် နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။
"စစ်သေနာပတိချုပ်က ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ထားလဲ"
"စစ်သေနာပတိချုပ်က အဆင်ပြေတယ်လို့ ပြောတယ်" နဉ်ရှောင်ယောင်း ဆက်ပြောသည်။ "လူများလေ အသုံးမကျတဲ့ကောင်တွေ ပိုများလေပဲတဲ့။ ကျွန်တော့်ကို စိတ်မပူနဲ့လို့ ပြောတယ်" (စာရေးသူ - စစ်သေနာပတိချုပ်လို ပြောလိုက်တာ အဲဒါ ဟုတ်လို့လား။)
"အရှင်မင်းကြီးရဲ့ သဘောထားကရော ဘယ်လိုလဲ" အကြီးဆုံးသခင်လေးနဉ်က မေးလိုက်သည်။
"ကျွန်တော်လား" နဉ်ရှောင်ယောင်း လေတစ်ချက် ရှူသွင်းလိုက်သည်။ "ကျွန်တော်က စစ်သေနာပတိချုပ် ပြောတာ နားထောင်လိုက်မယ်လေ"
အားလုံး - ...အရှင်မင်းကြီးရဲ့ နှလုံးသားက ဘယ်လောက်တောင် ကြီးမားတာလဲ။ ဒီအခြေအနေရောက်တာတောင် ဘာမှ စိုးရိမ်ပူပန်မှုမရှိဘူးလား အရှင်မင်းကြီးရယ်?!
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၈၆ ။ အကြီးဆုံးသခင်လေးနဉ်၏ ရှာဖွေတွေ့ရှိချက်
"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ သီးသန့်စကားပြောလို့ရမလား" နဉ်ရှောင်မုက နဉ်ရှောင်ယောင်းကို တိုးတိုးလေး မေးလိုက်သည်။
နားထဲသို့ ချိုမြိန်သောစကားလုံးများကို လာရွတ်ဆိုနေခြင်းမျိုး မဟုတ်သရွေ့ မည်သည့်နေရာတွင်မဆို စကားပြောနိုင်သည်ဟု နဉ်ရှောင်ယောင်း ခံစားလိုက်ရသည်။ သို့သော် နဉ်ရှောင်ယောင်းသည် ဤကဲ့သို့ ချောမောသော အမျိုးသားတစ်ဦးကို မငြင်းရက်ပေ။ အကြီးဆုံးသခင်လေးနဉ်၏ အပြုံးသည် အလွန်နူးညံ့သိမ်မွေ့ပြီး သူ့ရုပ်ရည်သည် စစ်သေနာပတိချုပ်နှင့်ပင် ယှဉ်နိုင်သည် မဟုတ်လား။ တစ်ချက်ကြည့်လိုက်ပြီးနောက် နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
"မင်း ဒီမှာ တခြားလူတွေနဲ့ အတူနေခဲ့ပြီး ငါ့ကိုစောင့်နေ" နဉ်ရှောင်ယောင်းထံမှ ခွင့်ပြုချက်ရပြီးနောက် နဉ်ရှောင်မု လှည့်ပြီး သူ့ညီလေးကို မှာကြားလိုက်သည်။
နဉ်ရှောင်လော့ မကျေမနပ်ဖြင့် မေးလိုက်သည်။
"ကျွန်တော် နားထောင်လို့ မရဘူးလား"
အကြီးဆုံးသခင်လေးနဉ်က ချက်ချင်းပြန်ဖြေသည်။
"ငါပြောတာကို မင်းနားလည်မှာ မဟုတ်ပါဘူး"
"ဟုတ်တယ်!" နဉ်ရှောင်ယောင်းက ဝင်ထောက်ခံလိုက်သည်။ "ရှောင်လော့လော့ ... မင်းအစ်ကိုကြီးနဉ်တောင် ငါက မင်းထက်ပိုဉာဏ်ကောင်းမှန်း သိနေတယ်လေ"
"......"
လူတိုင်း စကားမပြောနိုင် ဖြစ်သွားကြသည်။ ရှောင်လော့လော့ဆိုတာ ဘယ်သူကြီးလဲ။
"ခင်ဗျား!"
တတိယသခင်လေးနဉ်သည် သူ့မာနကို အကြီးအကျယ် ထိခိုက်သွားသဖြင့် နဉ်ရှောင်ယောင်းကို အော်ဟစ်ချင်စိတ် ပေါက်သွားသည်။ သို့သော် နဉ်ရှောင်ယောင်း၏ ဝှေ့ယမ်းပြနေသော လက်သီးကို မြင်လိုက်ရသောအခါ ချက်ချင်း ပါးစပ်ပိတ်သွားသည်။ သူ့မိတ်ဆွေများရှေ့တွင် အရိုက်ခံရပါက မျက်နှာပျက်စရာ ကောင်းလိမ့်မည်။ (စာရေးသူ - ဒါဆို မိတ်ဆွေတွေ မရှိတဲ့အချိန်မှာ အရိုက်ခံရရင် အဆင်ပြေတယ်ပေါ့? ╮(╯▽╰)╭)
"ကြွပါ အရှင်မင်းကြီး" နဉ်ရှောင်မုသည် သူ့ညီလေး၏ခေါင်းကို ပုတ်ပေးပြီးနောက် နဉ်ရှောင်ယောင်းကို တောအုပ်နက်ထဲသို့ ခေါ်ဆောင်သွားလိုက်သည်။
"ကောင်းပြီ" နဉ်ရှောင်ယောင်း ခေါင်းညိတ်ပြီး နဉ်ရှောင်မုနောက်သို့ လိုက်သွားသည်။
တတိယသခင်လေးနဉ်သည် မလှုပ်မယှက်ရပ်နေပြီး သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်နေသည်။ သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ သူ ရေရွတ်လိုက်သည်။
"ကောင်းကင်ဘုံရဲ့ သားတော်အနေနဲ့ ပန်းပွင့်စကတ်ကြီးဝတ်ပြီး လျှောက်ပြေးဖို့ အဘိုးကြီးတစ်ယောက်ရဲ့ ဖိအားပေးတာကို ခံလိုက်ရတယ်ပေါ့လေ။ သူ့မှာ သိက္ခာဆိုတာ ကျန်သေးရဲ့လား"
"အကျဉ်းသားဖျက်ဆီးရေးတပ်ဖွဲ့" မှ စစ်သည်များအားလုံး သူတို့၏ တတိယသခင်လေးကို သနားကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ မင်းမှာ သတ္တိရှိရင် အရှင်မင်းကြီးရဲ့ မျက်နှာကို ကြည့်ပြီး ဘာလို့ မပြောရဲတာလဲ။ ငါတို့ သတိမထားမိဘူးလို့ မထင်နဲ့နော်... မင်း အရှင်မင်းကြီးရဲ့ လက်သီးကို ကြောက်နေမှန်း ငါတို့သိတယ်!
....
နဉ်ရှောင်မုသည် နဉ်ရှောင်ယောင်းကို ဆီဒါပင် (ထင်းရှူးပင်တစ်မျိုး) အောက်သို့ ခေါ်ဆောင်သွားသည်။ သူက နဉ်ရှောင်ယောင်းကို လေညာဘက်တွင်နေစေပြီး တောအုပ်မှ လတ်ဆတ်သော လေပြည်လေညင်းကို ခံစားစေသည်။ သူကိုယ်တိုင်မှာမူ လေကွယ်ရာတွင် ရပ်နေလိုက်သည်။ သူသည် နဉ်ရှောင်ယောင်းကို လေးလေးနက်နက် လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ ညီလေးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ဟင်? ရပါတယ်" နဉ်ရှောင်ယောင်း ဟားဟားဟား ဟု ရယ်မောလိုက်သည်။ "အဲဒီနေ့က ကျွန်တော် လမ်းကြုံသွားရင်း ကူညီလိုက်ရုံပါပဲ"
အကြီးဆုံးသခင်လေးနဉ် သီးတော့မလို ဖြစ်သွားသည်။ အခြေခံအားဖြင့် အရှင်မင်းကြီးက လမ်းကြုံကူညီလိုက်ရုံဖြင့် သူ့ညီလေး အသက်ရှင်လာရသည်ပေါ့။
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"အစ်ကိုကြီးနဉ်... အမတ်ချုပ်ကြီးရှဲ့ရဲ့သရုပ်မှန်ကို ခင်ဗျားတို့ သိသွားကြပြီမလား"
"ဟုတ်ကဲ့" အကြီးဆုံးသခင်လေးနဉ်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။ "ကျွန်တော်မျိုး မသိနားမလည်ခဲ့မိပါဘူး။ အရှင်မင်းကြီးကို ရင်ဆိုင်ရမှာ ရှက်မိပါတယ်"
"ရပါတယ်" နဉ်ရှောင်ယောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် ဟန်ဆောင်ကောင်းလွန်းတဲ့ အမတ်ချုပ်ကြီးကိုပဲ အပြစ်တင်ရမှာပေါ့။ သူ့မျက်နှာလေးက အဘိုးကြီးလီထက်တောင် ပိုပြီး သဘောကောင်းမယ့်ပုံ ပေါက်နေတာကိုး"
အကြီးဆုံးသခင်လေးနဉ် စိတ်ရှုပ်ထွေးသွားသည်။
"အဘိုးကြီးလီ?"
"အကြီးအကဲလီလေ" နဉ်ရှောင်ယောင်းက ပြန်ဖြေသည်။
"ဪ" အကြီးဆုံးသခင်လေးနဉ် ပြုံးလိုက်သည်။ ဧကရာဇ်၏စကားများကို နားလည်ရန် အနည်းငယ် ခက်ခဲနေသည်ကို သူ သတိထားမိလိုက်သည်။ (စာရေးသူ - အဲဒီလို ခံစားရတာ မင်းတစ်ယောက်တည်း မဟုတ်ပါဘူး...)
"မယ်တော်ကြီးရဲ့မျက်နှာကို မြင်ယောင်ကြည့်လိုက်" နဉ်ရှောင်ယောင်းက ဆက်ပြောသည်။ "သူနဲ့ယှဉ်ရင် အမတ်ချုပ်ကြီးက လူကောင်းတစ်ယောက်လို ဖြစ်မနေဘူးလား"
နဉ်ရှောင်ယောင်း၏မေးခွန်းကို အကြီးဆုံးသခင်လေးနဉ်က ဤသို့သာ ပြန်ဖြေနိုင်ခဲ့သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးက မယ်တော်ကြီးကို တစ်ခါမှ မမြင်ဖူးပါဘူး"
"ဟုတ်လား" နဉ်ရှောင်ယောင်းက မေးလိုက်သည်။ "ဒါဆို ခင်ဗျား မယ်တော်ကြီးကို တွေ့ချင်လား"
"မတွေ့ချင်ပါဘူး" အကြီးဆုံးသခင်လေးနဉ် အလျင်အမြန် ခေါင်းခါလိုက်သည်။ သူက မယ်တော်ကြီးကို ဘာကိစ္စနဲ့ တွေ့ချင်ရမှာလဲ။
"ဒါဆို အစ်ကိုကြီးနဉ်... ခင်ဗျားနဲ့ ရှောင်လော့လော့တို့ ဘာလို့ မြို့တော်ကို လာကြတာလဲ"
"အရှင်မင်းကြီးရဲ့ကျေးဇူးကို လူကိုယ်တိုင် လာရောက်ကျေးဇူးတင်ချင်လို့ပါ" အကြီးဆုံးသခင်လေးနဉ်က ပြောသည်။ "ပြီးတော့ ရှဲ့ဝမ်ယွမ်နဲ့ မျက်နှာချင်းဆိုင် ရှင်းချင်တဲ့ကိစ္စတွေလည်း ရှိလို့ပါ။ ဒါပေမဲ့ အခု ရှဲ့ဝမ်ယွမ်က နိုင်ငံတော်ပုန်ကန်သူ ဖြစ်သွားပြီဆိုတော့ ကျွန်တော်မျိုး တစ်နေ့ကျရင် ထောင်ထဲဝင်ပြီး သူ့ကို မေးမြန်းရတော့မယ် ထင်ပါတယ်"
ထောင်ထဲမှာ... နဉ်ရှောင်ယောင်း အကြီးဆုံးသခင်လေးနဉ်၏ စကားများကို စဉ်းစားပြီး ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
"ဟုတ်တယ်! ဟုတ်တယ်!! ရှဲ့ဝမ်ယွမ်ကို ထောင်ထဲ ပစ်ထည့်လိုက်ကြရအောင်။ သူ့ကို တစ်သက်တစ်ကျွန်း ချပစ်မယ်!"
အကြီးဆုံးသခင်လေးနဉ်က နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
"အရှင်မင်းကြီး... မြို့တော်ရဲ့ လက်ရှိအခြေအနေကို ကျွန်တော်မျိုး သိခွင့်ရမလား"
"ဪ... အခုအခြေအနေက..." နဉ်ရှောင်ယောင်းသည် သူမသိထားသမျှ အရာအားလုံးကို အကြီးဆုံးသခင်လေးနဉ်အား ကွယ်ဝှက်ထားခြင်းမရှိဘဲ ပြောပြလိုက်သည်။
အကြီးဆုံးသခင်လေးနဉ်သည် နဉ်ရှောင်ယောင်း ပြောသမျှကို လေးလေးနက်နက် နားထောင်နေသည်။ အရှင်မင်းကြီးနဉ် စကားလမ်းကြောင်းလွဲသွားချိန် သို့မဟုတ် အဓိပ္ပာယ်မရှိသောစကားများ ပြောတော့မည့်အချိန်တိုင်း အကြီးဆုံးသခင်လေးနဉ်သည် စကားတစ်ခွန်းနှစ်ခွန်းဖြင့် လိုရင်းရောက်အောင် ပြန်လည်ထိန်းကျောင်းပေးသည်။
"ဒါပါပဲ" နဉ်ရှောင်ယောင်းက နိဂုံးချုပ်လိုက်သည်။ "တခြားသိချင်တာရှိရင် အစ်ကိုကြီးနဉ်... စစ်သေနာပတိချုပ်ကို သွားမေးလို့ရပါတယ်"
နဉ်ရှောင်မု ပြုံးလိုက်သည်။
"အရှင်မင်းကြီး... ဒီတစ်ခါ အရှင်မင်းကြီး ရှုံးနိမ့်မှာ မဟုတ်ဘူးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်"
"တကယ်လား။ ဟားဟားဟား!" နဉ်ရှောင်ယောင်း ရယ်မောရင်း လက်ခုပ်တီးလိုက်သည်။ "စစ်သေနာပတိချုပ် လုပ်နိုင်မယ်ဆိုတာ ကျွန်တော်သိသားပဲ"
လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး တောအုပ်အတွင်း ဖုန်မှုန့်များ လွင့်ပျံသွားသည်။ အကြီးဆုံးသခင်လေးနဉ်သည် လေညာဘက်သို့ အမြန်ရွှေ့လိုက်ပြီး နဉ်ရှောင်ယောင်းကို သဲမုန်တိုင်းမှ ကာကွယ်ပေးလိုက်သည်။ နဉ်ရှောင်ယောင်း မျက်လုံးပွတ်နေသည်ကို မြင်သောအခါ သူသည် သူမ၏ပခုံးကို ဖွဖွလေး ပုတ်ပေးပြီး ရှင်းပြလိုက်သည်။
"အရှင်မင်းကြီး... ပခုံးပေါ်မှာ ဖုန်တွေ ပေနေလို့ပါ"
"တကယ်လား" နဉ်ရှောင်ယောင်း နောက်လှည့်ပြီး သူမပခုံးကို စစ်ဆေးရန် ပြင်လိုက်သည်။
အကြီးဆုံးသခင်လေးနဉ်သည် နဉ်ရှောင်ယောင်း၏ ဝတ်ရုံလည်ပင်းကို အနည်းငယ် တင်းကျပ်ပေးလိုက်သည်။ မတော်တဆ လုပ်မိသွားသကဲ့သို့ ပုံစံမျိုးဖြင့်။
"ဖုန်မရှိပါဘူး" နဉ်ရှောင်ယောင်းက သူမ၏ပခုံးကို ကြည့်ရင်း ရေရွတ်လိုက်သည်။
လည်စေ့မရှိဘူး။ အကြီးဆုံးသခင်လေးနဉ်သည် သူ့လက်ချောင်းများကို အမြန်ဖြေလျှော့ပြီး လက်ပြန်ရုတ်လိုက်သည်။ သူ လက်ကို နောက်ပစ်ပြီး နဉ်ရှောင်ယောင်းကို ပြုံးပြလိုက်သည်။
"ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် ဖယ်ရှားပေးလိုက်လို့ပါ"
"ဪ... ဒါကြောင့်ကိုး" နဉ်ရှောင်ယောင်း အကြီးဆုံးသခင်လေးနဉ်၏ စကားကို လုံးဝသံသယမဝင်ပေ။ သူမ မျက်လုံးမှေးပြီး သူ့ပခုံးကို ကြည့်လိုက်သည်။ ထို့နောက် ခြေဖျားထောက်ပြီး သူ့ပခုံးကိုပါ ပြန်ခါပေးလိုက်သည်။
"ကဲ... အခု ကျွန်တော်တို့နှစ်ယောက်လုံး သန့်ရှင်းသွားပြီ"
"အရှင်မင်းကြီး" နဉ်ရှောင်မုက နဉ်ရှောင်ယောင်းကို ခေါ်လိုက်သည်။ အကြီးဆုံးသခင်လေးနဉ်သည် လက်လှမ်းလိုက်ပြီး သူမ၏လက်ကို ဆွဲယူကာ လက်ကောက်ဝတ်သွေးကြောပေါ်တွင် လက်ချောင်းများ တင်လိုက်သည်။
"ဟင်?" နဉ်ရှောင်ယောင်း နဉ်ရှောင်မုကို မျက်တောင်ခတ်ပြလိုက်သည်။
အကြီးဆုံးသခင်လေးနဉ် လက်ကို လွှတ်ပေးလိုက်သည်။ ပြောချင်သော စကားလုံးများသည် လျှာဖျားတွင် ရောက်နေသော်လည်း နှုတ်ခမ်းမှ ထွက်မလာခဲ့ပေ။ နောက်ဆုံးတွင် အကြီးဆုံးသခင်လေးနဉ်က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"ကျွန်တော်မျိုးရဲ့ညီလေးကို မြို့ထဲခေါ်သွားပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုချင်ပါတယ်။ ကျွန်တော်မျိုးက စစ်သေနာပတိချုပ်နဲ့ သွားတွေ့ချင်လို့ပါ"
"မင်းက ငါ့ကို ရှောင်လော့လော့ကို မြို့ထဲခေါ်သွားစေချင်တာလား" နဉ်ရှောင်ယောင်း စိတ်ရှုပ်ထွေးသွားသည်။ "အစ်ကိုကြီးနဉ်... ခင်ဗျားတို့က ဘာလို့ အခုမှ မြို့ထဲဝင်ချင်ရတာလဲ"
"ကျွန်တော်မျိုးက အကျဉ်းသားဖျက်ဆီးရေးတပ်ဖွဲ့က စစ်သည် ၁၂၀ ကို ခေါ်လာခဲ့ပါတယ်" နဉ်ရှောင်မုက နဉ်ရှောင်ယောင်းကို တိုးတိုးလေး ရှင်းပြသည်။ "သူတို့က တပ်ဖွဲ့ရဲ့ အတော်ဆုံးတွေပါ။ အရေအတွက် နည်းပေမဲ့ အရှင်မင်းကြီးရဲ့ ကိုယ်ရံတော်တွေအဖြစ် လိုက်ပါဆောင်ရွက်နိုင်ပါတယ်"
"အယ်..." နဉ်ရှောင်ယောင်း တုံ့ဆိုင်းသွားသည်။ ရှောင်လော့လော့က ဒီလိုဖြစ်နေတာကို သူတို့က ငါ့ကို ကာကွယ်ပေးဦးမလို့လား။
"အရှင်မင်းကြီးက ကောင်းကင်ဘုံရဲ့သားတော်လေ။ အရှင်မင်းကြီးကို ဘာမှအဖြစ်ခံလို့မရပါဘူး" နဉ်ရှောင်မု အနည်းငယ် ကိုင်းညွတ်ပြီး နဉ်ရှောင်ယောင်းကို ကာကွယ်ပေးလိုသော ဟန်ပန်ဖြင့် ကြည့်လိုက်သည်။ "အရှင်မင်းကြီး... အခု ကျွန်တော်မျိုး မြို့တော်ကို ရောက်နေပြီဆိုတော့ အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခွင့်ပြုပါ"
နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။ အကြောင်းရင်းမသိဘဲ အကြီးဆုံးသခင်လေးနဉ်က သူမကို ဖော်ပြမရနိုင်သော ဝမ်းနည်းမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ သူမမှတဆင့် အခြားတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။ နဉ်ရှောင်ယောင်း သူ့အကြည့်ကို မခံနိုင်တော့သဖြင့် သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ကောင်းပြီ"
"ဒီကိစ္စကို နှောင့်နှေးလို့ မဖြစ်ဘူး" အကြီးဆုံးသခင်လေးနဉ်က ပြောသည်။ "အရှင်မင်းကြီး... မြို့ထဲကို ပြန်ဝင်ပြီး ဂရုစိုက်ပါ။ ရှဲ့ဝမ်ယွမ် ခြေရာခံမိအောင် မလုပ်ပါနဲ့"
"အင်း... နားလည်ပါပြီ" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ သူမ လောလောဆယ် ပန်းပွင့်ဂါဝန် ဝတ်ထားသည်လေ။ မျက်နှာဖုံးအုပ်လိုက်ရင် သူမဘယ်သူလဲဆိုတာ ဘယ်သူက သိမှာလဲ။
"ရှဲ့ဝမ်ယွမ်က အရှင်မင်းကြီးကို သေတဲ့အထိ တကယ်တိုက်ခိုက်ချင်နေတာလား" သူတို့ ထွက်ခွာခါနီးတွင် အကြီးဆုံးသခင်လေးနဉ်က နဉ်ရှောင်ယောင်းကို မေးလိုက်သည်။
"ဟုတ်တယ်" အမတ်ချုပ်ကြီးရှဲ့အကြောင်း ပြောလိုက်သည်နှင့် နဉ်ရှောင်ယောင်း ဒေါသထွက်လာသည်။ "အဲဒီ အဘိုးကြီးက အူတိုင်ထိ ပုပ်သိုးနေတာ! သူ့ဘဝရည်မှန်းချက်က ကျွန်တော့်ကိုသတ်ပြီး နဉ်ရှင်းကို ဧကရာဇ်တင်မြှောက်ဖို့ပဲ!"
"ဒါဆို အရှင်မင်းကြီး... မင်းသားချောင်ကို ဧကရာဇ်တင်မြှောက်ဖို့ သူ ဘာလို့ ဒီလောက် အတင်းအကျပ် လုပ်နေရတာလဲဆိုတာ သိပါသလား" အကြီးဆုံးသခင်လေးနဉ်က ထပ်မေးလိုက်သည်။
ငါက မိန်းကလေး ဖြစ်နေလို့လေ။
နဉ်ရှောင်ယောင်း မွန်းကြပ်သလို ခံစားလိုက်ရပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ကျွန်တော် မသိဘူး"
"ကျွန်တော်မျိုး ဆက်မမေးတော့ပါဘူး" အကြီးဆုံးသခင်လေးနဉ်က နဉ်ရှောင်ယောင်းကို အရင်သွားရန် လက်ဟန်ပြရင်း ပြောလိုက်သည်။ "အရှင်မင်းကြီး... ဝမ်းမနည်းပါနဲ့"
နဉ်ရှောင်ယောင်း ခေါင်းမော့ပြီး အကြီးဆုံးသခင်လေးနဉ်ကို ကြည့်လိုက်သည်။ "ငါ ဝမ်းနည်းနေမှန်း မင်း ဘယ်လိုသိလဲ"
အကြီးဆုံးသခင်လေးနဉ် ပြုံးရုံသာ ပြုံးပြီး ပြန်မဖြေခဲ့ပေ။
တကယ့်ကို သိမ်မွေ့တဲ့လူပဲ။ နဉ်ရှောင်ယောင်း အကြီးဆုံးသခင်လေးနဉ်ကို ငေးကြည့်ရင်း တွေးလိုက်မိသည်။
"အစ်ကိုကြီးနဉ်... ခင်ဗျားက စစ်သူကြီးလား"
"ဟုတ်ပါတယ်" အကြီးဆုံးသခင်လေးနဉ် ခေါင်းညိတ်လိုက်သည်။
"ကြည့်ရတာ မတူဘူးနော်" နဉ်ရှောင်ယောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ဒီလို သိမ်မွေ့တဲ့လူတစ်ယောက်က ဖုတ်ကောင်တွေကို ခုတ်ထစ်... ဪ မဟုတ်ဘူး၊ စစ်မြေပြင်မှာ ရန်သူတွေကို ခုတ်ထစ်နေတာကို သူမ မမြင်ယောင်နိုင်ပေ။
"ကျွန်တော်မျိုးက ငယ်ငယ်တုန်းက စာပေလေ့လာခဲ့တာပါ" အကြီးဆုံးသခင်လေးနဉ်က နဉ်ရှောင်ယောင်းနောက်မှ လိုက်ရင်း ပြန်ဖြေသည်။ "ဒါပေမဲ့ သားအကြီးဆုံးအနေနဲ့ မိသားစုတာဝန်ကိုထမ်းဆောင်ရမှာမို့လို့ နောက်ဆုံးတော့ စစ်တပ်ကို ဦးဆောင်ပြီး ရန်သူတွေကို တိုက်ခိုက်ဖို့ ကြမ်းတမ်းတဲ့ စစ်သည်တစ်ယောက် ဖြစ်လာခဲ့ရတာပါ"
"ကြမ်းတမ်းတာ ကောင်းပါတယ်" နဉ်ရှောင်ယောင်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီး ပြောလိုက်သည်။ "ကျွန်တော်က ကြမ်းတမ်းတဲ့ ယောက်ျားတွေကို သဘောကျတယ်။ စစ်သေနာပတိချုပ်လည်း ကြမ်းတမ်းတဲ့ ယောက်ျားပဲလေ"
"အရှင်မင်းကြီးက စစ်သေနာပတိချုပ်ကို သဘောကျတာလား" အကြီးဆုံးသခင်လေးနဉ်က မပြောင်းလဲသော မျက်နှာထားဖြင့် မေးလိုက်သည်။
နဉ်ရှောင်ယောင်း၏မျက်နှာ တောင့်တင်းသွားပြီး သူမ၏ ဦးနှောက်သေးသေးလေးထဲတွင် အတွေးများနှင့် အကြံဉာဏ်များ ရှုပ်ထွေးသွားသည်။ အရှင်မင်းကြီးနဉ် သူမ၏စကားကို ချက်ချင်း ပြန်ပြင်လိုက်သည်။
"ကျွန်တော် အစ်ကိုကြီးနဉ်ကိုလည်း သဘောကျတယ်!"
အကြီးဆုံးသခင်လေးနဉ် နောက်တစ်ကြိမ် ပြုံးလိုက်ပြန်သည်။ "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
......
နဉ်ရှောင်ယောင်းသည် အကြီးဆုံးသခင်လေးနဉ်၏အပြုံးကြောင့် မျက်စိကျိန်းသွားသည်။ တကယ်တမ်းတွင် ထိုအပြုံးက အလွန်ထိရောက်မှုရှိသဖြင့် မြို့တော်သို့ ပြန်လာသည့်လမ်းတွင် တတိယသခင်လေးနဉ်ကို မမေးဘဲ မနေနိုင်တော့ပေ။
"မင်းက ဘယ်လိုလုပ်ပြီး မင်းအစ်ကိုကြီးနဲ့ လုံးဝမတူဘဲ ကြီးပြင်းလာရတာလဲ။ မင်းက မွေးစားသား မဟုတ်တာ သေချာရဲ့လား"
နဉ်ရှောင်လော့ နဉ်ရှောင်ယောင်းကို မျက်လုံးလှန်ကြည့်ပြီး ပြန်ပြောလိုက်သည်။
"အရှင်မင်းကြီးက ကျွန်တော့်ကို အစ်ကိုလို့ပဲ ဘာလို့ မပြောလိုက်တာလဲ"
"အဲဒါ မဖြစ်နိုင်ဘူး" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ မယ်တော်ကြီးရှဲ့က သူမကို မမွေးခင် သားတစ်ယောက် မွေးထားပြီးသားဆိုရင် မယ်တော်ကြီးရှဲ့နဲ့ အမတ်ချုပ်ကြီးရှဲ့က သူမကို ဘာကိစ္စ ဒုက္ခပေးနေရဦးမှာလဲ။
"ကျွန်တော့်အစ်ကိုကြီးနဲ့ အစ်ကိုလတ်က အဖေနဲ့တူတာ။ ကျွန်တော်ကတော့ အမေနဲ့တူတာလေ" နဉ်ရှောင်လော့က ရိုးရိုးသားသား ပြန်ဖြေသည်။ သူလည်း ကိုယ့်ကိုယ်ကိုယ် တော်ဝင်ဆွေမျိုးပါဟု ပြောမနေတော့ပေ။
"ကောင်းပြီလေ၊ ယွဲ့ပြည်နယ်မြို့စားကတော်ရဲ့ ကလေးလိမ္မာလေး" နဉ်ရှောင်ယောင်းက တတိယသခင်လေးနဉ်ကို စလိုက်သည်။ "ဒီတစ်ခါလည်း ငါ မင်းကို ကာကွယ်ပေးပါ့မယ်"
"အစ်ကိုကြီးရှိနေမှတော့ ကျွန်တော် အဆင်ပြေပါတယ်" နဉ်ရှောင်လော့ ဂုဏ်ယူစွာ ပြောလိုက်သည်။ "အစ်ကိုကြီးက ကျွန်တော့်ကို ကာကွယ်ပေးမှာ"
နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။ ဒါဆို ဒီကောင့်အတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။ သတင်းကောင်းပဲ။
အကျဉ်းသားဖျက်ဆီးရေးတပ်ဖွဲ့မှ စစ်သည်များသည် သူတို့၏ တတိယသခင်လေးကို တည့်တည့်မကြည့်နိုင်ကြတော့ပေ။ မင်းအစ်ကိုကြီး ကာကွယ်ပေးတာကို မျှော်လင့်နေတုန်းလား။ မင်းမှာ သိက္ခာဆိုတာ ရှိသေးရဲ့လား။
အကြီးဆုံးသခင်လေးနဉ်သည် နဉ်ရှောင်ယောင်း သူ့ညီငတုံးလေးကို ခေါ်ပြီး ထွက်သွားသည်ကို ကြည့်နေသည်။ ထို့နောက် သူသည် တောအုပ်ထဲသို့ ဝင်သော လမ်းဝတွင် တစ်ယောက်တည်း အချိန်အတော်ကြာ ရပ်နေခဲ့သည်။ ရံဖန်ရံခါ လေပြည်လေညင်းများ သူ့ဘေးမှ ဖြတ်တိုက်သွားသည်။ သူသည် အရိပ်အောက်တွင် ရပ်နေသဖြင့် နေရောင်ခြည် မထိပေ။ သို့သော် နဉ်ရှောင်မုသည် အဆုတ်ထဲသို့ လေမဝင်နိုင်လောက်အောင် ရင်ဘတ်အောင့်နေသည်ကို ခံစားနေရသည်။ ပါးစပ်ဖွင့်ထားလျက်နှင့်ပင် အသက်ရှူရန် ခက်ခဲနေဆဲဖြစ်သည်။
လွန်ခဲ့သော ၁၅ နှစ်က အမတ်ချုပ်ကြီးအိမ်တော်တွင် သူ့မိခင် ယွဲ့ပြည်နယ်မြို့စားကတော် လီရှီသည် မယ်တော်ကြီးရှဲ့နှင့် တစ်ချိန်တည်း မီးဖွားခဲ့သည်။ မယ်တော်ကြီးရှဲ့သည် မီးဖွားရခက်ခဲခဲ့ပြီး မင်းသား နဉ်ယွီကို မွေးဖွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လီရှီသည် ထိုအချိန်မတိုင်မီလေးတွင် သမီးမိန်းကလေးတစ်ဦးကို မွေးဖွားခဲ့သည်။ သို့သော် ထိုကလေးမလေးသည် ကုသ၍မရဘဲ နှစ်နာရီအကြာတွင် သေဆုံးသွားခဲ့သည်။ ယခု လက်ရှိဧကရာဇ်၏မျက်နှာသည် လီရှီနှင့် အလွန်တူနေသည်။ ထို့အပြင် ရှဲ့ဝမ်ယွမ်သည် သူ့မိခင်နှင့်တူသော နဉ်ရှောင်လော့ကို သတ်ရန် ကြိုးစားနေပြီး အရှင်မင်းကြီးသည်လည်း ယောက်ျားလေး မဟုတ်ပေ။ ဒါတွေအားလုံးက ဘာကို ပြသနေတာလဲ။
အကြီးဆုံးသခင်လေးနဉ် မတ်တတ်ဆက်မရပ်နိုင်တော့ဘဲ ဒူးထောက်ချလိုက်သည်။ သူ နဉ်ရှောင်ယောင်းကို မပြောပြခဲ့သောအရာမှာ သူဖတ်ခဲ့သော စာပေများသည် ဆေးကျမ်းများဖြစ်နေခြင်းပင်။ သူမ၏လည်ပင်းကိုကြည့်ပြီး သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ခြင်းအားဖြင့် နဉ်ရှောင်ယောင်းသည် ယောက်ျားလေး မဟုတ်ကြောင်း သူ သိလိုက်သည်။
အမေက အဲဒီကလေးမလေးကို ပွေ့ဖက်ခဲ့ဖူးတယ်။ အဖေကလည်း မီးဖွားခန်းအပြင်ဘက်ကနေ အဲဒီကလေးမလေးကို ပွေ့ဖက်ခဲ့ဖူးတယ်။
အကြီးဆုံးသခင်လေးနဉ် သစ်ပင်အောက်တွင် ဒူးတစ်ဖက်ထောက်လိုက်သည်။ သူ့မျက်နှာ ဖြူဖျော့သွားပြီး လက်ချောင်းများကို မြေကြီးထဲသို့ ထိုးစိုက်လိုက်သည်။
လွန်ခဲ့သော ၁၅ နှစ်က မယ်တော်ကြီးရှဲ့သည် မင်းသားတစ်ပါးကို မမွေးဖွားခဲ့ပေ။ ထိုအမျိုးသမီးသည် မင်းသမီးတစ်ပါးကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ ထိုမင်းသမီး၏ အရိုးပြာအိုးသည် လက်ရှိတွင် ဖုန်းကျိုးရှိ နဉ်မျိုးနွယ်စု၏ ဘိုးဘွားပိုင်သင်္ချိုင်းတွင် မြှုပ်နှံထားသည်။ သူတို့၏ စတုတ္ထမြောက် သခင်မလေးနဉ်မှာမူ ယခုအခါ နဂါးဝတ်ရုံကို ဝတ်ဆင်ပြီး တိုင်းပြည်၏ အုပ်စိုးရှင် ဖြစ်နေလေပြီ...
***