အခန်း (၂၇၇-၂၇၈)
Vol. 18 Ch. 277-278
အခန်း ၂၇၇ ။ စစ်သေနာပတိချုပ်... နောက်ထပ် ရက်နည်းနည်းလောက်ပဲ သည်းခံလိုက်ပါ
"စစ်သူကြီး"
ရွှီရှီသည် သူမ၏ဖခင် ရွှီကျင်းအား ပြောရန် စီစဉ်ထားသော စကားများကို ပြောပြီးသွားသောအခါ အသံကို နှိမ့်လိုက်သည်။
"ရှဲ့ဝမ်ယွမ်က သူ့ရဲ့ သွေးသားရင်းတွေကိုတောင် စွန့်ပစ်ဖို့ ဝန်မလေးတဲ့သူပါ။ ရှင်က ဘာလို့ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် အထူးတလည်ဖြစ်နေတယ်လို့ ထင်နေရတာလဲ"
ချန်လု ဘာမှ ပြန်မပြောနိုင်ချေ။
"ဒုသခင်လေးဖေ့က ရှင့်ကို ကယ်တင်ခဲ့တယ်လို့ ကျွန်မ ကြားတယ်" ရွှီရှီက ဆက်မေးလိုက်သည်။
ချန်လု ခေါင်းညိတ်ပြလိုက်သည်။
"သူ့ကို အထဲဝင်ခိုင်းလိုက်ပါ။ ကျွန်မကိုယ်တိုင် ကျေးဇူးတင်စကားပြောချင်လို့"
"မင်းက ဖေ့ယင်ကို မင်းရဲ့ အိပ်ခန်းထဲ ဝင်ခိုင်းချင်တာလား"
ချန်လု ဒေါသထွက်လုနီးပါး ဖြစ်သွားပြန်သည်။ ဖေ့ယင်က ငယ်ငယ်တုန်းက သူ့ရဲ့ xx တစ်ပိုင်းလောက် အဖြတ်ခံလိုက်ရတယ်ဆိုပေမဲ့ သူက အပြင်ပန်းကတော့ ယောက်ျားတစ်ယောက်လေ။ သူတို့ရဲ့ အိပ်ခန်းထဲကို ပေါ့ပေါ့တန်တန် ဘယ်လိုလုပ်ဝင်လာနိုင်မှာလဲ။
"ရှင် ခွင့်မပြုဘူးလား"
"သူ့ဒဏ်ရာက ပျောက်သွားပြီလေ" ချန်လု ရေရွတ်လိုက်သည်။
ရွှီရှီက ချန်လုကို အရူးတစ်ယောက်လို စိုက်ကြည့်လိုက်၏။
"တပ်မှူးဖေ့ရဲ့ အကူအညီမပါဘဲ အဖေ့ဆီ စာဘယ်လိုပို့မလဲ။ ကျွန်မတို့ ကိုယ့်အားကိုယ်ကိုးလို့ ရမယ်ထင်နေလား။ ကျွန်မတို့လူတွေ မြို့တော်ကနေ အောင်အောင်မြင်မြင် ထွက်သွားနိုင်မယ်လို့ ဘာကြောင့် ထင်နေရတာလဲ"
ချန်လု ကြောင်အသွားသည်။
"မင်းက အခုပဲ စာရေးတော့မလို့လား"
"ရှင်က ဒါကို နှောင့်နှေးလို့ရမယ့်ကိစ္စလို့ ထင်နေတာလား"
ဒါက နှောင့်နှေးလို့မရသော ကိစ္စဖြစ်ကြောင်း သေချာပါသည်။ သို့သော် ချန်လု ဆုံးဖြတ်ချက်မချနိုင်သေးပေ။ ရှဲ့ဝမ်ယွမ်က လူကောင်းတစ်ယောက်မဟုတ်ပေမဲ့ အရှင်မင်းကြီးကရော ဟုတ်လို့လား။
"အစေခံတွေ... လာကြစမ်း" ရွှီရှီက တံခါးပေါက်ဆီသို့ လှမ်းအော်လိုက်သည်။ "တပ်မှူးဖေ့ကို အထဲဖိတ်လိုက်ပါ"
တာဝန်ကျ အစေခံအဘွားကြီးတစ်ဦးက 'ဟုတ်ကဲ့ပါ' ဟု ထူးပြီး ဖေ့ယင်ကို သွားခေါ်ရန် ခြံဝင်းထဲသို့ ပြေးသွားလေသည်။ ချန်လုနှင့် ရွှီရှီတို့က သူ့ကို အိပ်ခန်းထဲသို့ ဖိတ်ခေါ်သည်ကို သိလိုက်ရသောအခါ ဖေ့ယင်သည် အစေခံအဘွားကြီးကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။
"သူတို့က ငါ့ကို အိပ်ခန်းထဲ ဝင်ခိုင်းတာလား" သူ ဇဝေဇဝါ ဖြစ်သွားသည်။
အစေခံအဘွားကြီး၏အမူအရာမှာ အလွန်နေရခက်နေပုံရသည်။ ၎င်းမှာ မသင့်လျော်သော အပြုအမူဖြစ်ကြောင်း သူမသိသော်လည်း ဒါက သူမရရှိထားသည့် အမိန့်ဖြစ်သဖြင့် လိုက်နာရမည်ဖြစ်သည်။
"ဟုတ်ပါတယ်... ကျေးဇူးပြုပြီး အိပ်ခန်းဘက် ကြွပါ"
ဖေ့ယင်သည် အစေခံအဘွားကြီးနောက်သို့ လိုက်သွားလေသည်။ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ လင်မယားနှစ်ယောက်ကတောင် ဂရုမစိုက်တာ ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ။
မူလက အိပ်ခန်းတံခါးဝတွင် ရပ်နေကြသူအားလုံးကို ခြံဝင်းထဲမှ ထွက်ခွာခိုင်းလိုက်သည်။ ကြီးကြပ်သူတစ်ဦးက ဖေ့ယင်ကို မြင်သောအခါ ဦးညွှတ်အရိုအသေပေးလိုက်သည်။
"တပ်မှူး... ကျွန်တော်တို့ စစ်သူကြီးက အထဲမှာ စောင့်နေပါတယ်"
ဖေ့ယင်သည် ခြံဝင်းထဲသို့ တစ်ယောက်တည်း ဝင်သွားလေသည်။ ထိုစဉ် နဉ်ရှောင်ယောင်းက ကျောက်ခဲသေးသေးလေးတစ်လုံးဖြင့် ပစ်ပေါက်လိုက်ရာ ဖေ့ယင်၏ပခုံးကို ထိမှန်သွားသည်။ ဖေ့ယင် အလျင်အမြန် ခေါင်းမော့ကြည့်လိုက်ရာ ခေါင်မိုးပေါ်တွင် ထိုင်နေသော နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့တို့ကို တွေ့လိုက်ရသည်။ သူ ဘာမှမလုပ်နိုင်ခင်မှာပင် ထိုနှစ်ယောက်က သူ့ရှေ့သို့ ရောက်နေလေပြီ။
"ခဏနေရင် ရွှီရှီက မင်းကို စာပို့ပေးဖို့ အကူအညီတောင်းလိမ့်မယ်။ သူ့ကို ကူညီပေးလိုက်ပါ" လိုကျစ်ကွေ့၏ ခြေထောက်များ မြေပြင်ပေါ်သို့ ကျပြီးနောက် ဖေ့ယင်ကို တိုးတိုးလေးပြောလိုက်သည်။
ဖေ့ယင်က နဉ်ရှောင်ယောင်းကို လှမ်းကြည့်လိုက်သည်။
"သူတို့က အမှောင်ခွင်းပြီး အလင်းဆောင်ချင်ကြတာလား"
"ဟုတ်တယ်" နဉ်ရှောင်ယောင်းက အားပါးတရ ခေါင်းညိတ်ပြလိုက်သည်။ "ချန်လုသာ အစကတည်းက ဒီလိုစိတ်ဓာတ်မျိုးရှိရင် ငါ သူ့ကို ရိုက်ခဲ့မှာမဟုတ်ဘူး"
ဖေ့ယင် ခေါင်းငုံ့သွားသည်။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ချန်လုက မင်းလက်ချက်နဲ့ အရိုက်ခံလိုက်ရတာကိုး။
"အများကြီး ထုတ်ပြောစရာမလိုဘူး" လိုကျစ်ကွေ့က ဖေ့ယင်ကို ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ချန်လုက တကယ်ပဲ သူ့အဖေအရင်းကို သစ္စာဖောက်ဖို့ ဆန္ဒရှိပါ့မလား"
နဉ်ရှောင်ယောင်း - ...ရှင်တောင် အဲဒီလိုထင်နေတာလား။
"သူ တွေဝေနေတယ်။ ဒါပေမဲ့ ရွှီရှီကတော့ ပြတ်သားတယ်"
"အင်း... ငါတို့ စောစောက ရွှီရှီနဲ့ စကားပြောပြီးပြီ။ ငါတို့ရဲ့ ရိုးသားမှုကို ပြဖို့အတွက် သူပေးတဲ့အဆိပ်ကိုတောင် ငါ စားပြလိုက်သေးတယ်"
ဖေ့ယင်၏မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ ရွှီမိသားစုသည် (အသေခံ)သေမင်းတမန်တပ်ဖွဲ့ကို မွေးမြူထားကြောင်း သူ ကောင်းကောင်းသိသည်။
"အရှင်မင်းကြီးက ရွှီမိသားစုပေးတဲ့ အဆိပ်ကို ဘယ်လိုလုပ်စားလိုက်ရတာလဲ" သူ ဒေါသတကြီး ပြန်မေးလိုက်သည်။
"စစ်သေနာပတိချုပ်နဲ့ သွားမငြင်းနဲ့တော့။ အဲဒါ အဆိပ်အစစ်မဟုတ်ဘူး။ အမွှေးတိုင်ပြာတွေပါ! ငါ အရသာကို ချက်ချင်း မှတ်မိလိုက်တယ်"
ဖေ့ယင်သည် နဉ်ရှောင်ယောင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။
"အမွှေးတိုင်ပြာအရသာကို အရှင်မင်းကြီး ဘယ်လိုသိတာလဲ"
"နောက်မှ ပြောကြတာပေါ့" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းရှေ့သို့ ဝင်ရပ်ပြီး ဖေ့ယင်ကို ကာဆီးလိုက်သည်။ "မင်း အရင်ဆုံး ဇနီးမောင်နှံနှစ်ယောက်ကို သွားတွေ့လိုက်ဦး"
"ကျွန်မတို့ကရော" နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"ကိုယ်တို့ ပြန်တက်ကြမယ်"
"အော်... အိုကေ"
ထို့နောက် နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ဆွဲပြီး ခေါင်မိုးပေါ်သို့ ပြန်လည်ပျံတက်သွားကြသည်။
....
ဖေ့ယင် နားမလည်နိုင်ဖြစ်သွားသည်။ ခြံဝင်းထဲမှာ ဘယ်သူမှ ရှိတာမဟုတ်ဘူး။ မင်းတို့နှစ်ယောက် တံခါးနားမှာ ရပ်နေလို့ရတာပဲ၊ ဒါမှမဟုတ် ပြတင်းပေါက်အောက်မှာ ပုန်းနေလို့ရတာပဲ။ ဘာလို့ ခေါင်မိုးပေါ် တက်နေရတာလဲ။
"တပ်မှူးဖေ့လား" ရွှီရှီ၏အသံက အိပ်ခန်းထဲမှ ထွက်ပေါ်လာသည်။
"ကျွန်တော်မျိုး ဖေ့ယင်ပါ" ဖေ့ယင်က အိပ်ခန်းတံခါးဝသို့ လျှောက်သွားရင်း ပြန်ဖြေလိုက်သည်။
ရွှီရှီက သူ့ကို အလျင်အမြန် အထဲဝင်ရန် ဖိတ်ခေါ်လိုက်ရာ ဖေ့ယင် တံခါးကို တွန်းဖွင့်လိုက်သည်။ သူသည် ရွှီရှီကို မကြည့်ဘဲ ချန်လုကို အကဲခတ်လိုက်သည်။
"ခင်ဗျားမျက်နှာက ဒီအတိုင်းကြီး အမြဲတမ်းဖြစ်နေမှာတော့ မဟုတ်ပါဘူးနော်"
ဖေ့ယင်သည် အပြောအဆို ကြမ်းတမ်းကြောင်း ချန်လုသိသဖြင့် သည်းခံလိုက်သည်။
"ကျွန်မတို့ စစ်သူကြီးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တပ်မှူးဖေ့" ရွှီရှီက ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ရွှီရှီ... ခင်ဗျား ယဉ်ကျေးလွန်းနေပါပြီ" ဖေ့ယင်သည် ရွှီရှီနှင့် စကားပြောနေသော်လည်း သူ့မျက်လုံးများက တခြားနေရာသို့ ရောက်နေသည်။ "ကျွန်တော့်ကို ခေါ်လိုက်တဲ့ အကြောင်းရင်းများရှိလား"
ရွှီရှီက စကားကို ဝေ့ဝိုက်ပြောတတ်သူ မဟုတ်ပေ။ စာပို့ရန် အကူအညီလိုကြောင်း ဖေ့ယင်ကို တိုက်ရိုက်ပြောလိုက်သည်။
ဖေ့ယင်က ချန်လုကို လှမ်းကြည့်လိုက်သည်။
"ဒါက စစ်သူကြီးချန်ရဲ့ ဆန္ဒလည်း ပါတာလား"
ချန်လု ပြန်မဖြေပေ။ သူ့ရင်ထဲတွင် ဆန့်ကျင်ဘက်အတွေးများဖြင့် ဗျာများနေသည်။
"ဟုတ်ပါတယ်" ရွှီရှီက ချန်လုအစား ဖြေလိုက်သည်။ "ဒါက ကျွန်မတို့ စစ်သူကြီးရဲ့ ဆန္ဒလည်း ပါပါတယ်"
"ဒါဆို စာရေးလိုက်ပါ ရွှီရှီ။ ဒီညပဲ စာပို့ဖို့ တစ်ယောက်ယောက်ကို စီစဉ်လိုက်ပါ့မယ်" ဖေ့ယင်က ကူညီရန် အဆင်သင့် သဘောတူလိုက်သည်။
"မင်း..." ချန်လု ခေါင်းမော့လာပြီး ဖေ့ယင်ကို စိုက်ကြည့်လိုက်သည်။
"အကယ်၍ ရှဲ့ဝမ်ယွမ်သာ ဒီပွဲမှာနိုင်သွားရင် ကျွန်တော်တို့ရဲ့ အိမ်တော်ကာကွယ်ရေးတပ်ဖွဲ့က ထာဝရ ကျဆုံးခန်းရောက်သွားလိမ့်မယ်။ ဒါကြောင့် ရွှီမိသားစုသာ အရှင်မင်းကြီးကို ထောက်ခံမယ်ဆိုရင် ကျွန်တော် တတ်နိုင်သမျှ အကူအညီအားလုံးကို ပေးမှာပါ" ဖေ့ယင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"စက္ကူနဲ့ စုတ်တံက ပြတင်းပေါက်နားက စားပွဲပေါ်မှာ ရှိပါတယ်။ တပ်မှူးဖေ့... ကျွန်မဆီ ယူလာပေးလို့ ရမလား"
"အစေခံတစ်ယောက်ယောက်ကို ခိုင်းလိုက်လေ" ချန်လု ရေရွတ်လိုက်သည်။ ဖေ့ယင်ကို စာရေးဖို့ ဘယ်လိုလုပ် ကူညီခိုင်းရတာလဲ။
"ဒါက အရေးကြီးတဲ့ကိစ္စနဲ့ သက်ဆိုင်နေတယ်။ ဘယ်အစေခံတွေက ရှဲ့ဝမ်ယွမ်ရဲ့ သူလျှိုတွေလဲဆိုတာ ရှင် ခွဲခြားနိုင်လို့လား" ရွှီရှီက မေးခွန်းထုတ်လိုက်သည်။
နောက်တစ်ကြိမ် ချန်လု ပြန်မဖြေနိုင်ဖြစ်သွားရပြန်သည်။
ဖေ့ယင်သည် စားပွဲငယ်ကို မပြီး ကုတင်ဆီသို့ သယ်ဆောင်လာပေးသည်။ ရွှီရှီအတွက် စက္ကူနှင့် မင်ရည်ကိုလည်း ယူလာပေးလိုက်သည်။ သို့သော် သင့်လျော်သော ကျင့်ဝတ်စည်းကမ်းများအရ ဒုသခင်လေးဖေ့သည် ရွှီရှီ၏ခန္ဓာကိုယ်ကို မကြည့်မိစေရန် အတတ်နိုင်ဆုံး ကြိုးစားနေရသည်။
ရွှီရှီသည် သူမ၏ဖခင်ထံ စာစရေးလေတော့သည်။
"စစ်သူကြီး၊ ရွှီရှီ"
ရွှီရှီ စာရေးပြီး၍ သူတို့၏ ကိုယ်ပိုင်တံဆိပ်တုံး နှိပ်လိုက်ချိန်တွင် အပြင်ဘက်မှ အစေခံအဘွားကြီး၏ စိုးရိမ်တကြီးအသံကို ရုတ်တရက် ကြားလိုက်ရသည်။
"အမတ်ချုပ်ကြီးရှဲ့ ရောက်လာပါတယ်"
အခန်းထဲရှိ လူသုံးယောက်လုံး ထိတ်လန့်သွားကြသည်။
"အမတ်ချုပ်ကြီးက ဘာလို့လာတာလဲ" ရွှီရှီက မေးလိုက်သည်။
တာဝန်ကျ အစေခံက ပြန်ဖြေလိုက်သည်။
"သခင်မလေး... သခင်မလေး လုပ်ကြံသူလက်ချက်နဲ့ ဒဏ်ရာရသွားတယ်ဆိုတာ ကြားလို့ အမတ်ချုပ်ကြီးက တမင်သက်သက် လာကြည့်တာပါတဲ့"
ရွှီရှီက ချန်လုကို ချက်ချင်း စိုက်ကြည့်လိုက်ပြီး ဖေ့ယင်က လှောင်ပြောင်လိုက်သည်။
"ချန်အိမ်တော်မှာ ဖြစ်သမျှကိစ္စတွေက ရှဲ့ဝမ်ယွမ်အတွက် လျှို့ဝှက်ချက်မဟုတ်ဘူးနဲ့တူတယ်"
"မင်း... မင်း... တစ်နေရာရာမှာ သွားပုန်းနေလိုက်" ချန်လုက မနည်းအားယူပြီး ဖေ့ယင်ကို ပြောလိုက်သည်။
"ကျွန်တော် ဒီမှာရှိနေတာကို ရှဲ့ဝမ်ယွမ် မသိဘူးလို့ ခင်ဗျား တကယ်ထင်နေတာလား" ဖေ့ယင်က ချန်လုမှာ ရယ်စရာကောင်းသည်ဟု ထင်နေသည်။ "ရှဲ့ဝမ်ယွမ်နဲ့ တိုက်ရိုက် အဆက်အသွယ်ဖြတ်လိုက်တာက ပိုမကောင်းဘူးလား" သူက အကြံပြုလိုက်သည်။
ချန်လု ခေါင်းခါလိုက်သည်။ အခုအချိန်မှာ အဆက်အသွယ်ဖြတ်လိုက်ရင် အမတ်ချုပ်ကြီးရှဲ့က တကယ်ပဲ သူတို့အသက်ကို ယူလိမ့်မယ်။
"ရှန်းယန်... မင်း အထဲမှာလား" အမတ်ချုပ်ကြီးရှဲ့၏အသံကို တံခါးအပြင်ဘက်မှ ကြားလိုက်ရသည်။ ဖေ့ယင်သည် ရွှီရှီ ရေးပြီးသောစာကို မဖတ်ဘဲ ကောက်ယူလိုက်သည်။ ထို့နောက် ခေါက်ပြီး သူ့လက်အိတ်ထဲသို့ ထည့်လိုက်သည်။
"ရှန်းယန်?" အမတ်ချုပ်ကြီးရှဲ့က အော်ခေါ်နေဆဲပင်။ ဖေ့ယင်သည် အပြင်ထွက်ရန် လှည့်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ" ချန်လု ထိတ်လန့်သွားသည်။ ဖေ့ယင်က မကြားချင်ယောင်ဆောင်နေ၏။ သူသည် နောက်ပြန်လှည့်မကြည့်ဘဲ အခန်းထဲမှ တည့်တည့်လျှောက်ထွက်သွားလိုက်သည်။
"သူ့ကို ရှဲ့ဝမ်ယွမ်နဲ့ တွေ့ခိုင်းလိုက်ပါ" ရွှီရှီက တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီးက ကျွန်မတို့ကို အသုံးပြုချင်နေတာဆိုတော့ ဖေ့ယင်က ကျွန်မတို့ကို ဒုက္ခပေးမှာမဟုတ်ဘူး"
ဒီတစ်ကြိမ်တွင် ချန်လု၌ ဆန့်ကျင်ဘက်အတွေးများ မရှိတော့ပေ။ သူ့တွင် အခြားရွေးချယ်စရာမရှိတော့ချေ။ သူ တကယ်ပဲ အမတ်ချုပ်ကြီးရှဲ့ကို သစ္စာဖောက်လိုက်ပြီ။ ချန်လု ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်သည်။ အံ့ဩစရာကောင်းသည်မှာ သူ ထင်သလောက် စိတ်မလှုပ်ရှားမိခြင်းပင်။
......
ဖေ့ယင် တံခါးကို တွန်းဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရောက်နေသော အမတ်ချုပ်ကြီးရှဲ့ကို တွေ့လိုက်ရသည်။ သူ အေးစက်စွာ ပြုံးလိုက်သည်။
"အမတ်ချုပ်ကြီး ဘာလို့ ဒီရောက်နေတာလဲ။ ခင်ဗျားလည်း ရွှီရှီကို လုပ်ကြံတဲ့လူကို လာဖမ်းတာလား"
"မင်းက ဇနီးမောင်နှံရဲ့အိပ်ခန်းထဲမှာ ဘာလုပ်နေတာလဲ" ရှဲ့ဝမ်ယွမ် ဇဝေဇဝါ ဖြစ်သွားသည်။
"လုပ်ကြံသူကို ဖမ်းမယ်ဆိုမှတော့ သေချာနှံ့နှံ့စပ်စပ်ရှာဖွေရမှာပေါ့။ မဟုတ်ရင် လုပ်ကြံသူလွတ်သွားတဲ့အခါ ဘယ်သူ့တာဝန်ဖြစ်မလဲ" ဖေ့ယင်က တံခါးနားတွင် ရပ်ရင်း ပြောလိုက်သည်။
"ထွက်သွားစမ်း!" ရွှီရှီက အခန်းထဲမှ အော်ဟစ်လိုက်သည်။
ဖေ့ယင်သည် သူ့နောက်သို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး အခန်းအပြင်ဘက်သို့ထွက်ကာ အမတ်ချုပ်ကြီးရှဲ့၏လမ်းကို ပိတ်ဆို့ထားလိုက်သည်။
"အမတ်ချုပ်ကြီး ဘာလို့ ဒီရောက်နေတာလဲ"
"သိပ်ပြီး ထင်ရာစိုင်းမနေနဲ့။ ဘယ်အချိန်မှာ ဆုတ်ခွာရမလဲဆိုတာ သင်ယူထားဦး" အမတ်ချုပ်ကြီးရှဲ့က ခြိမ်းခြောက်လိုက်သည်။
"ကျွန်တော့်အဖေ သေအောင် ခင်ဗျား ဖိအားပေးတုန်းကရော ခင်ဗျားအတွက် ဆုတ်ခွာဖို့လမ်းစဉ်ကို စဉ်းစားခဲ့ရဲ့လား" ဖေ့ယင်က အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။ "အမတ်ချုပ်ကြီး... ခင်ဗျားက မျက်နှာနှစ်ဖက်နဲ့ လူတစ်ယောက်ပဲ။ ပြုံးပြီး လူသတ်တာက ကျွန်တော် မလုပ်တတ်တဲ့ ပညာရပ်တစ်ခုပါ"
အမတ်ချုပ်ကြီးရှဲ့ ခေါင်းဖြည်းဖြည်းချင်း ညိတ်လိုက်သည်။
"ကောင်းပြီ။ ဒီအဘိုးကြီး မင်းစကားကို မှတ်ထားလိုက်မယ်"
"တပ်မှူး!"
ဒုစစ်သူကြီးသည် ခြံဝင်းထဲသို့ ပြေးဝင်လာသော်လည်း အမတ်ချုပ်ကြီး၏အစောင့်များက တားဆီးထားလိုက်သည်။ သူက စင်္ကြံလမ်းသို့ မရောက်နိုင်ပေ။
"သူ့ကို ပေးသွားလိုက်" အမတ်ချုပ်ကြီးရှဲ့က အမိန့်ပေးလိုက်သည်။
အစောင့်များဖယ်ပေးလိုက်ရာ ဒုစစ်သူကြီးသည် လှေကားထစ်များဆီသို့ ပြေးသွားပြီး ကျယ်လောင်စွာ အစီရင်ခံလိုက်သည်။
"တပ်မှူးကို သတင်းပို့ပါတယ်။ ကျွန်တော်တို့ ချန်အိမ်တော်တစ်ခုလုံးကို ရှာဖွေပြီးပါပြီ။ ဒါပေမဲ့ လုပ်ကြံသူရဲ့ ခြေရာလက်ရာ ဘာမှမတွေ့ပါဘူး"
ဖေ့ယင် လှေကားထစ်များမှ ဆင်းလာခဲ့သည်။
"သွားကြစို့"
အမတ်ချုပ်ကြီးရှဲ့သည် ခြံဝင်းထဲမှ ထွက်ခွာသွားသော ထိုလူနှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ထို့နောက် သူ့အင်္ကျီလက်စကို ခါထုတ်လိုက်ပြီး အိပ်ခန်းထဲသို့ ဝင်သွားလေသည်။
.....
"စစ်သေနာပတိချုပ် ကျွန်တော့်ကို လာရှာသေးတယ်" ဒုစစ်သူကြီးက ဖေ့ယင်၏အနောက်မှ တိုးတိုးလေး ပြောလိုက်သည်။
"ဒီမှာ မပြောနဲ့" ဖေ့ယင်က လက်ကာပြလိုက်သည်။ ဒုစစ်သူကြီးက ပါးစပ်ကိုချက်ချင်းအုပ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ စစ်သေနာပတိချုပ် ရှိသေးလား၊ မရှိတော့ဘူးလား သူ မသေချာပေ။
လက်ရှိတွင် လိုကျစ်ကွေ့သည် ချန်အိမ်တော်၏ နောက်ဖေးနံရံအနောက်တွင် ရပ်နေခြင်းဖြစ်သည်။ သူသည် နဉ်ရှောင်ယောင်းလက်ထဲမှ အုတ်ခဲကို အတင်းဆွဲယူပြီး မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
"ဒါက ပြဿနာတွေ ပိုရှာရမယ့်အချိန် မဟုတ်ဘူး။ နောက်ကျရင် သူ့ကို ရိုက်ဖို့ အခွင့်အရေးရလာမှာပါ"
နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီး၏ခေါင်းကို မထုလိုက်ရသဖြင့် စိတ်ကောက်နေသည်။
"နန်းတော်ကို ပြန်ကြစို့" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ဆွဲခေါ်သွားလိုက်သည်။
"သူတို့ ဘာပြောနေလဲဆိုတာ နားမထောင်ချင်ဘူးလား" နဉ်ရှောင်ယောင်းက ခေါင်းမာစွာဖြင့် မသွားဘဲ နေနေသည်။
"သူက မင်းတို့ သူတို့ဆက်ဆံရေးကို ဖျက်ဆီးမရလို့ လုပ်ကြံသူ လွှတ်လိုက်တာပါလို့ ပြောမှာပဲလေ" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏လက်ကို လွှတ်မပေးပေ။ "ဒီစကားတွေက မင်းကို ဒေါသမထွက်စေဘူးလား"
နဉ်ရှောင်ယောင်း ဆက်မနေချင်တော့ပေ။ ဘယ်သူက ကိုယ့်ကို ကျိန်ဆဲနေတာ နားထောင်ချင်မှာလဲ။
"နန်းတော်ပြန်ရောက်ရင် စားတော်ကဲကြီးဟွမ်ကို ဘဲဥနှစ်ဆန်မုန့်ကြွပ် လုပ်ခိုင်းလို့ရတယ်လေ"
"ရွှီမိသားစုက အမတ်ချုပ်ကြီးနောက် မလိုက်ချင်ဘူး။ စစ်သေနာပတိချုပ်... အမတ်ချုပ်ကြီးရှဲ့ရဲ့ လက်အောက်ငယ်သားတွေကရော အဲဒီလိုခံစားရမယ်လို့ ထင်လား"
လိုကျစ်ကွေ့ အံ့အားသင့်သွားသည်။ ဒီတစ်ခါတော့ ဒီကောင်မလေးက ဘဲဥနှစ်ဆန်မုန့်ကြွပ်ကို ဦးစားမပေးဘူးပဲ။
"ရှင်က ကျွန်မကို ဘယ်လိုအကြည့်မျိုးနဲ့ ကြည့်နေတာလဲ"
"ဘာမှမဟုတ်ပါဘူး" လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို လမ်းကြားထဲမှ ဆက်လက်ခေါ်ထုတ်သွားလိုက်သည်။ "ကိုယ်တို့ လုပ်လို့မရဘူး။ လူတစ်ယောက်ရဲ့စိတ်ကို ခန့်မှန်းရခက်တယ်။ ရှဲ့ဝမ်ယွမ်ရဲ့ သူလျှိုကို ဆွဲဆောင်မိသွားရင် ကိုယ်တို့အစီအစဉ်တွေ အကုန်ပျက်စီးသွားလိမ့်မယ်"
"အင်း... ချန်လုနဲ့ ရွှီကျင်းကို ကိုယ့်ဘက်ပါလာအောင် ဆွဲဆောင်ဖို့အတွက် မနေ့ညကတည်းက အလုပ်ရှုပ်နေတာ။ နောက်ထပ်လူတွေ ထပ်ခေါ်ဖို့ ကျွန်မမှာ အချိန်မရှိဘူး"
"ရက်နည်းနည်းပဲ လိုတော့တာပါ" လိုကျစ်ကွေ့က လမ်းကြားအဝင်ဝမှ ငုံ့ကြည့်ရင်း ပြောလိုက်သည်။ "ရှောင်ယောင်း... နောက်ထပ် ရက်အနည်းငယ်လောက်ပဲ သည်းခံလိုက်ပါ။ ဒီတစ်ခါတော့ ရှဲ့ဝမ်ယွမ်နဲ့ သူ့အဖွဲ့အစည်းကို ထာဝရ ရှင်းပစ်နိုင်လောက်ပါတယ်"
နဉ်ရှောင်ယောင်း ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"အင်း"
လေပြေတစ်ချက်တိုက်ခတ်လာပြီး သူမ၏ဆံပင်များကို ရှုပ်ပွသွားစေသည်။ ဆံပင်အချို့က သူမမျက်လုံးထဲသို့ ဝင်သွား၏။ လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ဖက်လိုက်ပြီး နေရာချင်း လဲလိုက်သည်။ သူသည် ရုတ်တရက် တိုက်ခတ်လာသောလေကို ကာဆီးပေးပြီး သူမ၏ဆံပင်များကို သပ်တင်ပေးလိုက်သည်။ ထို့နောက် စစ်သေနာပတိချုပ်သည် ခါးကိုကိုင်းပြီး သူမ၏ မျက်ခွံလေးများကို နမ်းရှိုက်လိုက်လေသည်။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၇၈ ။ အမတ်ချုပ်ကြီးရှဲ့ ထွက်ပြေးဖို့ လမ်းကြောင်းစီစဉ်ခြင်း
အမတ်ချုပ်ကြီးရှဲ့သည် အိပ်ခန်းထဲသို့ မဝင်ခဲ့ပေ။ ချန်လုနှင့် စကားပြောရန်အတွက် အစေခံများအား ချန်လုကို အပြင်ဘက်သို့ ထမ်းခေါ်လာရန်သာ အမိန့်ပေးခဲ့သည်။ ချန်လု၏မျက်နှာသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကို သတိပြုမိသောအခါ သူ့မျက်မှောင်များ တွန့်ချိုးသွားသည်။ သူ့ဒေါသများ ထောင်းခနဲ ထလာ၏။
"ဖေ့ယင် လုပ်လိုက်တာလား"
"လုပ်ကြံသူနှစ်ယောက် လုပ်သွားတာပါ။ ဖေ့ယင် သူ့လူတွေနဲ့ ရောက်လာတော့မှ အဲဒီလုပ်ကြံသူနှစ်ယောက် ထွက်ပြေးသွားကြတယ်။ ဘာလို့လဲတော့ မသိဘူး"
ဖေ့ယင်ကိုတွေ့တော့ လုပ်ကြံသူတွေက ထွက်ပြေးသွားတယ်? နဉ်ရှောင်ယောင်း လွှတ်လိုက်တဲ့လူတွေ မဟုတ်ဘူးလား။ အမတ်ချုပ်ကြီးရှဲ့ မယုံကြည်နိုင်ဖြစ်နေသည်။
ချန်လုသည် သူတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး မလိမ်ရဲပေ။ အမတ်ချုပ်ကြီးက လုပ်ကြံသူတွေကို လွှတ်လိုက်တာလေ။ ဖေ့ယင်ကိုသာ အပြစ်ပုံချလိုက်ရင် အမတ်ချုပ်ကြီးက ငါ့ကို သေချာပေါက် သံသယဝင်တော့မှာ။ ငါက ဘာကိစ္စနဲ့ လုပ်ကြံသူတွေကို ကာကွယ်ပေးရမှာလဲ။
ရုတ်တရက် အပြင်ခန်းသည် တိတ်ဆိတ်သွားသည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ရင်ထဲတွင် လေးလံသောဝန်ထုပ်ဝန်ပိုးများကို ကိုယ်စီထမ်းပိုးထားရသည်။ စကားပြောချင်စိတ်လည်း မရှိကြပေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အမတ်ချုပ်ကြီးရှဲ့က စကားစပြောလိုက်သည်။
"ရွှီရှီ အခြေအနေ ဘယ်လိုလဲ"
"သူ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်" ချန်လုက ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောလိုက်သည်။ "သမားတော်ပြောတာတော့ လုပ်ကြံသူရဲ့ဓားချက်က အသက်အန္တရာယ်စိုးရိမ်ရတဲ့ နေရာတွေကို ထိလုနီးပါး ဖြစ်သွားတယ်တဲ့။ ကျွန်တော့်... ကျွန်တော့်မိန်းမ မသေတာ ကံကောင်းလို့ပါ"
ချန်လုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြောနေသည်ကို အမတ်ချုပ်ကြီးရှဲ့ သတိထားမိလိုက်သည်။ ချန်လု ဒေါသကြောင့် တုန်ရီနေသည်။
"အသက်အန္တရာယ် မစိုးရိမ်ရတာ ကောင်းပါတယ်။ စိတ်မပူပါနဲ့... မင်းအတွက် လုပ်ကြံသူတွေကို မိအောင်ဖမ်းဖို့ ဒီအဘိုးကြီး တာဝန်ယူပါတယ်" သူက အသံတိုးတိုးဖြင့် သက်ပြင်းချလိုက်သည်။
"ကျေးဇူးတင်ပါတယ် အမတ်ချုပ်ကြီး" ချန်လုက အမတ်ချုပ်ကြီးရှဲ့ကို ကျေးဇူးတင်စကားဆိုပြီး ခေါင်းကို ပို၍ ငုံ့ထားလိုက်သည်။
"ဖေ့ယင်က မင်းကို အကျပ်ရိုက်အောင် လုပ်ခဲ့သေးလား" အမတ်ချုပ်ကြီးရှဲ့က ဆက်မေးလိုက်သည်။
ဒီတစ်ခါတွင် ချန်လု ပြန်မဖြေခဲ့ပေ။ သူက မဟုတ်မမှန် လုပ်ကြံပြောဆိုရာတွင် မတော်ပေ။ ထိတ်လန့်သွားသည့်အခိုက်အတန့်တွင် သူ့လက်သည် ကုလားထိုင်လက်ရမ်းနှင့် မတော်တဆရိုက်မိသွားပြီး နီရဲသွားသည်။ ထိုအရာကို အမတ်ချုပ်ကြီးရှဲ့က ချန်လု ဒေါသအိုးပေါက်ကွဲနေသည်ဟု ထင်မှတ်သွားသည်။
"ဖေ့ယင် တော်တော်အတင့်ရဲနေပါလား... အဲဒီကောင်စုတ်လေးကို သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ပျော်ပါစေဦး။ ဒီအဘိုးကြီး ဧကရာဇ်ကိုရှင်းပြီးတာနဲ့ မင်းကို ဖေ့ယင်ကိစ္စ ကိုယ်တိုင်ကိုင်တွယ်ခိုင်းမယ်"
'ဧကရာဇ်ကို ရှင်းပြီးတာနဲ့' ဆိုသည့် စကားကို ကြားလိုက်ရသောအခါ ချန်လု၏ ရင်ထဲထိတ်ခနဲ ဖြစ်သွားသည်။ အမတ်ချုပ်ကြီးရှဲ့သာ ဧကရာဇ်ကို တကယ်ရှင်းပစ်လိုက်ရင် သူရော သူ့မိန်းမပါ သေချာပေါက် သေရတော့မယ်။
"သေချာဂရုစိုက်ပြီး ဆေးကုသမှုခံယူပါ။ ဒီအဘိုးကြီး သမားတော်နဲ့ ပြောပြီးပြီ။ သူက မင်းမှာ အပေါ်ယံဒဏ်ရာတွေပဲရှိတယ်လို့ ပြောတယ်။ နောက်ရက်နည်းနည်းလောက်ဆိုရင် သက်သာသွားမှာပါ" အမတ်ချုပ်ကြီးရှဲ့က မတ်တတ်ရပ်လိုက်ပြီး ချန်လုအနားသို့ လျှောက်သွားကာ ညင်သာစွာ ပြောလိုက်သည်။
ချန်လု ထလိုက်ချင်သော်လည်း အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်ပေ။ အမတ်ချုပ်ကြီးရှဲ့က သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
"ငါတို့ချင်းပဲရှိတာ... ယဉ်ကျေးနေစရာ မလိုပါဘူး။ မင်းကို အမြန်ဆုံး သက်သာစေချင်တယ်။ ဒီအဘိုးကြီးက ရှေ့ဆက်မယ့်ကိစ္စတွေအတွက် မင်းကို အားကိုးရမှာ"
ချန်လု ခေါင်းညိတ်လိုက်သည်။
"အမတ်ချုပ်ကြီး... အရှင်မင်းကြီး တကယ်ပဲ အဆင်ပြေရဲ့လား"
အမတ်ချုပ်ကြီးရှဲ့က ချန်လု၏ပခုံးကို နောက်တစ်ကြိမ် ခပ်ဖွဖွပုတ်ပေးလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
ချန်လုက စကားလုံးမပီမသဖြင့် အော်ဟစ်လိုက်သည်။
"အမတ်ချုပ်ကြီး!!"
အမတ်ချုပ်ကြီးရှဲ့က ကျောခိုင်းလျက်သားဖြင့် လက်ဝှေ့ယမ်းပြကာ တံခါးကို ဖွင့်ထွက်သွားသည်။ မူလက ချန်လု စိတ်လှုပ်ရှားခြင်း မရှိခဲ့ပေ။ သို့သော် အမတ်ချုပ်ကြီး ထွက်သွားသည်ကိုကြည့်နေရင်း ပူပြင်းသော နွေရာသီနေ့လယ်ခင်းတွင် သူ့လက်များနှင့် ခြေထောက်များ အေးစက်လာသည်ကို သတိပြုမိလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့ ချန်အိမ်တော်မှ ထွက်ခွာလာသောအခါ အစောင့်တစ်ဦး ရောက်လာပြီး တိုးတိုးလေး သတင်းပို့သည်။
"ဖေ့ယင်က ထိုက်ဟွာခန်းမဘက်ကို ဦးတည်သွားနေပါတယ်"
"အိမ်တော်ကို ပြန်မယ်" အမတ်ချုပ်ကြီးရှဲ့က ဝေါယာဉ်ထဲသို့ ဝင်လိုက်ပြီး အမိန့်ပေးလိုက်သည်။
......
"စစ်သူကြီး... အမတ်ချုပ်ကြီး ပြန်သွားပါပြီ" ချန်လု၏ တပ်မှူးတစ်ဦးက သတိပေးလိုက်သည်။
ချန်လုက သိကြောင်း အသံပြုလိုက်ပြီး လက်ရမ်းများကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ နာကျင်စွာ မတ်တတ်ရပ်လိုက်သည်။ သူ၏ နှေးကွေးလေးလံသော ခြေလှမ်းများမှာ နှိပ်စက်ခန်းမှ ယခုလေးတင် ထွက်လာသူတစ်ဦးကဲ့သို့ဖြစ်နေသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ရွှီရှီ၏မျက်ဝန်းများ နီရဲလာသည်။ သူမ ငိုချင်သော်လည်း အောင့်အီးထားလိုက်သည်။ ဒီအချိန်မှာ မျက်ရည်တွေက ဘာလုပ်ပေးနိုင်မှာလဲ။
ချန်လုက ရွှီရှီ၏ဘေးတွင်ဝင်ထိုင်လိုက်သဖြင့် ကုတင် အနည်းငယ် နိမ့်ကျသွားသည်။
"အမတ်ချုပ်ကြီး ပြန်သွားပြီ"
ရွှီရှီ ခေါင်းညိတ်လိုက်သည်။
"မင်းအဖေက သူ့တပ်တွေနဲ့အတူ လမ်းမှာ ရောက်နေလောက်ပြီ။ မင်းအဖေက လမ်းမှာလက်ခံရရှိတဲ့ စာတစ်စောင်ကို ယုံပါ့မလား" ချန်လု စိတ်ဖိစီးနေသည်။
"အဖေ လမ်းခရီးကို ထွက်မလာသေးရင် ကျွန်မရေးလိုက်တဲ့စာက အလကားဖြစ်သွားမှာ"
"မင်း ဆိုလိုတာက..."
"သူတို့သာ အိမ်မှာ အေးအေးဆေးဆေးရှိနေသေးရင် ကျွန်မစာရောက်ပြီး မြို့တော်ကို အပြေးအလွှားလာတဲ့အချိန်လောက်ဆို ကျွန်မတို့ သေလောက်ပြီ" ရွှီရှီက လက်တွေ့ကျကျ ပြောလိုက်သည်။
"ကျားဟိန်းသံစခန်းသာ ပေါ်မလာရင် သဘောတရားအရ ငါတို့ တကယ်တမ်း..." ချန်လု သူ့အတွေးများကို ထုတ်ပြောလိုက်သည်။
"...ရှဲ့ဝမ်ယွမ်ကို သစ္စာမဖောက်ခဲ့ဘူးပေါ့?" ရွှီရှီက ချန်လု၏ စကားကို ဆက်ပေးလိုက်သည်။
ချန်လု အားယူပြီး ခေါင်းညိတ်လိုက်သည်။
"ရှင်မသိသေးတာ တစ်ခုရှိသေးတယ်"
ရွှီရှီက ချန်လုကို ကြည့်ပြီး သူမ၊ နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့တို့ကြားတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။
သူ့ဇနီးသည် ပြောပြသည်ကို နားထောင်ပြီးနောက် ချန်လုသည် ချောက်ကမ်းပါးစွန်းတွင် ရပ်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ရှေ့တိုးသည်ဖြစ်စေ၊ နောက်ဆုတ်သည်ဖြစ်စေ သူ ကြေမွသွားရလိမ့်မည်။
"ရှဲ့ဝမ်ယွမ် ကျွန်မကို တကယ်အဆိပ်ခတ်တာ ဟုတ်မဟုတ် ကျွန်မ ဂရုမစိုက်ဘူး။ အရှင်မင်းကြီးက ကျွန်မရောဂါကို ကုပေးနိုင်သရွေ့ သူက ကျွန်မရဲ့ကျေးဇူးရှင်ပဲ"
"မင်းက အဆိပ်ကို ဘယ်လိုလုပ်စားနိုင်ရတာလဲ" ချန်လု ထိတ်လန့်တုန်လှုပ်သွားသည်။
"ဒါမှမဟုတ်ရင် အရှင်မင်းကြီးနဲ့ စစ်သေနာပတိချုပ်က ကျွန်မတို့ကို ဘယ်လိုလုပ်ယုံမှာလဲ" ရွှီရှီက ပြန်ပြောလိုက်သည်။ "ဒါက တိုင်းပြည်ရဲ့ အတက်အကျနဲ့ သက်ဆိုင်နေတာ။ နှုတ်ကတိလောက်နဲ့ ဘာမှအရာမရောက်ဘူး"
"ရှင်းဟွာရယ်"
"စစ်သူကြီး... ရှင် ဘာလုပ်မှာလဲ"
ချန်လု၏မျက်နှာတွင် ခါးသီးသော အမူအရာ ပေါ်လာသည်။
"ငါတို့ အကောင်းဆုံး ကြိုးစားရင်တောင် နောက်ဆုံးမှာ ငါတို့လိုချင်တဲ့ ပျော်ရွှင်စရာ ဇာတ်သိမ်းကို မရနိုင်လောက်ဘူး"
"ဒါဆိုရင်လည်း အတူတူသေကြတာပေါ့" ရွှီရှီက ပြတ်သားစွာ ပြောလိုက်သည်။
ချန်လု နာကျင်စွာ သက်ပြင်းချလိုက်သည်။
"စာက ဖေ့ယင်လက်ထဲမှာ။ အရှင်မင်းကြီးက မြို့တော်အပြင်ဘက်ကို မပို့ခင် သေချာပေါက် ကြည့်မှာပဲ။ ကျွန်မတို့ အမတ်ချုပ်ကြီးရှဲ့ကို သစ္စာဖောက်တဲ့သက်သေက အရှင်မင်းကြီးလက်ထဲမှာ ရှိနေလိမ့်မယ်။ ဒါကြောင့် စစ်သူကြီး... အရှင်မင်းကြီးက အဆုံးသတ်မှာ သေချာပေါက် အနိုင်ရမယ့်သူဖြစ်ရမယ်"
"အရှင်မင်းကြီးက မူရင်းစာကို သိမ်းထားမယ်ဆိုတာ မင်းသိရက်နဲ့ ဘာလို့ ဖေ့ယင်ကို ပေးခိုင်းလိုက်တာလဲ"
ရွှီရှီ မျက်ခုံးပင့်ပြီး ချန်လုကို ကြည့်လိုက်သည်။
ချန်လု - ...ငါ့မိန်းမက သူ့သစ္စာတရားကို ပြချင်လို့ တမင်သက်သက် လုပ်လိုက်တာလား။ သစ္စာရှိကြောင်းပြဖို့ အသက်ကို လောင်းကြေးထပ်ဖို့ တကယ်လိုအပ်လို့လား။
ချန်လု အသက်ပြင်းပြင်းရှူနေသံကို ရွှီရှီ ကြားနေရသည်။ သူ ပိုပြီး စိတ်ဖိစီးမှုမဖြစ်စေရန်အတွက် သူမ အရှင်မင်းကြီး၏ပါးစပ်ကို ထိုးလိုက်သည့်အကြောင်း မပြောပြရန် ဆုံးဖြတ်လိုက်သည်။
"စစ်သူကြီး" အသက်ကြီးကြီး အစေခံအမျိုးသမီး၏ အသံကို တံခါးအနောက်မှ ကြားလိုက်ရသည်။ "အမတ်ချုပ်ကြီးက သခင်မလေးရဲ့ဒဏ်ရာတွေကို ကုသဖို့ နောက်ထပ် သမားတော်တစ်ယောက် လွှတ်လိုက်ပါတယ်"
ရွှီရှီ အေးစက်စွာ ရယ်မောလိုက်သည်။
"လူတွေရဲ့ စိတ်နှလုံးကို ဝယ်ဖို့ ကြိုးစားနေပြန်ပြီလား"
.....
ထိုအချိန်တွင် အမတ်ချုပ်ကြီးရှဲ့သည် သူ့အိမ်တော်သို့ ပြန်ရောက်နေပြီဖြစ်သည်။ လက်ရှိတွင် သူသည် စာကြည့်ခန်းထဲ၌ ထိုင်နေသည်။ လက်ဖက်ရည် တစ်ဝက်ခန့်သောက်ပြီးနောက် သူ့အကြံပေး ရွှီယိမင်အတွက် စာရွက်ပေါ်တွင် ရေးသားလိုက်သည်။
"ဒီအဘိုးကြီး မြို့တော်ကနေ ထွက်ခွာဖို့အတွက် စီစဉ်ထားပါ"
အကြံပေးရွှီက စာရွက်ပေါ်မှ စာလုံးများကို ဖတ်လိုက်သောအခါ ထိတ်လန့်သွားပြီး အမြန်ပြန်မေးလိုက်သည်။
"အမတ်ချုပ်ကြီး?"
အမတ်ချုပ်ကြီးရှဲ့၏စုတ်ချက်များသည် စာရွက်ပေါ်တွင် ပျံဝဲနေသည်။
"ချန်လုနဲ့ ရွှီကျင်းတို့က ငါတို့ကို သစ္စာဖောက်ကောင်း ဖောက်နိုင်တယ်"
ရွှီယိမင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။
"ဒီအဘိုးကြီးမှာ ခိုင်လုံတဲ့ သက်သေမရှိပေမဲ့ ချန်လု တစ်ခုခုဖုံးကွယ်ထားတယ်လို့ ငါ့မသိစိတ်က ပြောနေတယ်။ စောစောကပဲ ငါ သူ့ကို တွေ့ခဲ့တယ်။ ငါ့ရဲ့ အရန်အစောင့်တွေ ဘာလို့ ပေါ်မလာတာလဲဆိုတာ သူ ငါ့ကို မမေးဘူး" အမတ်ချုပ်ကြီးရှဲ့က စာရွက်ပေါ်တွင် ရေးလိုက်သည်။
ရွှီယိမင်က စုတ်တံကို ကောက်ကိုင်ပြီး ပြန်ရေးလိုက်သည်။
"သူ မေ့သွားတာ ဖြစ်နိုင်မလား"
"ဒါက သူ့အသက်နဲ့ဆိုင်တဲ့ ကိစ္စလေ။ သူဘယ်လိုလုပ် မေ့နိုင်မှာလဲ"
အမတ်ချုပ်ကြီးရှဲ့ ဆက်ရေးနေသည်ကို ကြည့်ရင်း ရွှီယိမင်၏ မျက်မှောင်များ တွန့်ချိုးသွားသည်။
"နဉ်ရှောင်ယောင်းကသာ သူ့ကို သေစေချင်ရင် လုပ်ကြံသူတွေက သူ့ကို သတ်ပြီးလောက်ပြီ။ ဘာလို့ ရိုက်ပဲ ရိုက်သွားတာလဲ"
ရွှီယိမင်က ရေးလိုက်သည်။
"အမတ်ချုပ်ကြီးနဲ့ သူ့ကြားမှာ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာအောင်လို့လား"
အမတ်ချုပ်ကြီးရှဲ့က လက်သီးဆုပ်ပြီး စားပွဲကို နှစ်ချက် ထုလိုက်သည်။
ရွှီယိမင်က ဆက်ရေးသည်။
"ရွှီရှီ ဒဏ်ရာရထားတယ်။ ချန်လုက သူ့မိန်းမအတွက် အရမ်းပူပန်နေလို့ ကိုယ့်ပြဿနာကို လျစ်လျူရှုမိသွားတာ နေမှာပါ။ ခွင့်လွှတ်ပေးလို့ ရပါတယ်"
"ဒီအဘိုးကြီးက သံသယဝင်ရုံပါ။ ဒါပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စစ်ပွဲဖြစ်နေတုန်း ဒီအဘိုးကြီး မြို့တော်မှာမနေတာ အကောင်းဆုံးပဲ" အမတ်ချုပ်ကြီးရှဲ့က စုတ်တံကို ပြန်ကောက်ကိုင်လိုက်သည်။
ရွှီယိမင် ခေါင်းညိတ်ပြီး စာရွက်ပေါ်တွင် ရေးလိုက်သည်။
"ဒါဆို ကျွန်တော်တို့ ကျားဟိန်းသံစခန်းကို မလိုအပ်တော့ဘူးဆိုတဲ့ သဘောလား"
"လူတစ်ယောက်ကို အလုပ်တစ်ခု လုပ်စေချင်ရင် သူတို့ရဲ့ သစ္စာတရားကို အရမ်းဂရုစိုက်နေလို့ မရဘူး။ ပြီးတော့ မြားက လေးကြိုးပေါ် တင်ပြီးနေပြီ။ အခုအချိန်က တိုက်ပွဲမစခင် စစ်သူကြီးလဲရမယ့် အချိန်မဟုတ်ဘူး" အမတ်ချုပ်ကြီးရှဲ့က အသံထွက် ပြောလိုက်သည်။
ရွှီယိမင်က စုတ်တံကို ချပြီး ဦးညွှတ်လိုက်သည်။
"ကျွန်တော်မျိုး သွားပြီး စီစဉ်လိုက်ပါ့မယ်"
"ဒီစာကြောင်းနှစ်ကြောင်းက ရှောင်ယောင်းအတွက် အသုံးဝင်မယ်လို့ ထင်လား" ပြတင်းပေါက်အပြင်ဘက် သစ်ပင်ပေါ်တွင် အစ်မတစ်ဝမ်းကွဲ စာကလေးမက အစ်ကိုတစ်ဝမ်းကွဲ စာကလေးကို မေးလိုက်သည်။
အစ်ကိုတစ်ဝမ်းကွဲ စာကလေးက ပြန်ဖြေလိုက်သည်။
"ငါလည်း မသိဘူး။ ကျွတ်! အဘိုးကြီးရှဲ့က ယုတ်မာလိုက်တာ! စာရေးပြီး ပြောနေတယ်!"
အစ်မတစ်ဝမ်းကွဲ စာကလေးမက သဘောတူလိုက်သည်။ သူတို့ စာကလေးတွေ စာမတတ်တာကို အနိုင်ကျင့်နေတာပဲ!
"လူယုတ်မာကြီး!" အားမိုက ထောင့်တစ်နေရာမှ ကျိန်ဆဲလိုက်သည်။ ပုရွက်ဆိတ်တွေလည်း စာမတတ်ဘူးလေ!
.....
ထိုက်ဟွာခန်းမတွင်...
လိုကျစ်ကွေ့သည် စစ်သူကြီးရွှီကျင်းထံသို့ ရွှီရှီရေးလိုက်သော စာကို ဖတ်ပြီးခါစ ဖြစ်သည်။ သူက စာကို စားပွဲပေါ်သို့ ညင်သာစွာ တင်လိုက်သည်။
"ဘယ်လိုလဲ" နဉ်ရှောင်ယောင်းက ခေါက်ဆွဲပန်းကန်ကို ကိုင်ထားရင်း မေးလိုက်သည်။ "စာမှာ ပြဿနာရှိလား"
"စာက အဆင်ပြေပါတယ်"
လိုကျစ်ကွေ့က စုတ်တံကို ကောက်ကိုင်လိုက်ပြီး စာလုံးတစ်လုံးမကျန် ကူးရေးလိုက်သည်။ ဖေ့ယင်သည် သူ့ဘေးတွင် ထိုင်နေသည်။
"ဒါက မူရင်းမဟုတ်ဘူး။ ရွှီကျင်း သံသယမဝင်ဘူးလား"
"ဟုတ်တယ်နော်" နဉ်ရှောင်ယောင်းက ဖြည့်ပြောသည်။ "ကိုယ်ပိုင်တံဆိပ်တုံးလည်း မပါဘူး။ စစ်သူကြီးရွှီက ဒါကို ယုံပါ့မလား"
"သူ စာကို တွေ့တဲ့အခါ အကြောင်းအရာက အစစ်လား အတုလားဆိုတာ အရေးမကြီးတော့ဘူး။ ရွှီကျင်းက ကိစ္စကို စုံစမ်းဖို့ မြို့တော်ကို လူလွှတ်လိုက်လိမ့်မယ်" လိုကျစ်ကွေ့က စာအတုကို စာအိတ်ထဲသို့ ထည့်ပြီး ဖေ့ယင်ကို ပေးလိုက်သည်။ "ငါ့ရဲ့ နဂါးအစောင့်တပ်သားတွေကို မခိုင်းတော့ဘူး။ မြို့စားအိမ်တော်က တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်ပါ"
ဖေ့ယင်က စာကို သိမ်းလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"မသွားခင် ခေါက်ဆွဲတစ်ပန်းကန်လောက် မစားသွားဘူးလား။ ဟင်းရည်က အရိုးပြုတ်ရည်နော်!"
ဖေ့ယင်က နဉ်ရှောင်ယောင်းကို ပြုံးပြလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး ကြက်သွန်ဖြူ မစားပါဘူး။ အရသာက ဆိုးလို့ပါ"
နဉ်ရှောင်ယောင်း သူမ၏ပန်းကန်ထဲသို့ ကြည့်လိုက်သည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူနံ့က ပြင်းနေသည်။
"မင်းလုပ်စရာရှိတာ သွားလုပ်တော့" လိုကျစ်ကွေ့က ဖေ့ယင်ကို အမြန်သွားရန် ပြောလိုက်သည်။ သို့သော် ဖေ့ယင်က မလှုပ်ပေ။
"အရှင်မင်းကြီး... အစားအသောက် အလွန်အကျွံစားရင် ဝလာပါလိမ့်မယ်"
နဉ်ရှောင်ယောင်းက သူမဘေးရှိ ပန်းကန်များကို စိုက်ကြည့်လိုက်သည်။ အလွတ်နှစ်ပန်းကန်သာ ရှိသေးသည်။ သူမ တတိယမြောက် ပန်းကန်ကို စားနေခြင်းဖြစ်သည်။ ပန်းကန်လုံးကလည်း အကြီးကြီးဖြစ်သည်။
"အရှင်မင်းကြီး... မင်းသားဖူ အရင်က ဘယ်လိုပုံစံလဲဆိုတာ မှတ်မိလား" ဖေ့ယင်က ဖိအားပေးလိုက်သည်။
နဉ်ရှောင်ယောင်း နောက်ဆုံးတော့ သဘောပေါက်သွားသည်။ ဖေ့ယင်က သူမကို ခေါက်ဆွဲ ကောင်းကောင်းမစားစေချင်ဘူးပဲ။
"စားပါ" လိုကျစ်ကွေ့က ကြက်ဥပြုတ်တစ်လုံးကို အခွံခွာပြီး နဉ်ရှောင်ယောင်း၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "ခေါက်ဆွဲက အေးသွားရင် စားကောင်းတော့မှာ မဟုတ်ဘူး"
"စစ်သေနာပတိချုပ်တောင် ဘာမှမပြောဘူး၊ မင်းက ဘာလို့ ဂရုစိုက်နေတာလဲ" နဉ်ရှောင်ယောင်းက တူဖြင့် ကြက်ဥကို ညှပ်ယူပြီး ဖေ့ယင်ကို ကြွားလိုက်သည်။ "စစ်သေနာပတိချုပ်က ငါ အများကြီးစားတာကို ဘယ်တော့မှ အပြစ်မပြောဘူး!"
ဖေ့ယင်သည် နဉ်ရှောင်ယောင်း၏စကားများတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ ဒါက လိုကျစ်ကွေ့နဲ့ ဘာဆိုင်လို့လဲ။
"မင်း သွားလို့ရပြီ။ စာကို ဒီနေ့အရောက် ပို့ဖြစ်အောင်ပို့လိုက်" လိုကျစ်ကွေ့က ဖေ့ယင်ကို ပြောလိုက်သည်။ ဖေ့ယင်က နဉ်ရှောင်ယောင်းကို စိုက်ကြည့်နေဆဲပင်။ လိုကျစ်ကွေ့ မတ်တတ်ရပ်လိုက်ပြီး ရှောင်ယောင်းအတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်သည်။ ထို့နောက် သူသည် မတ်တတ်ဆက်ရပ်နေပြီး ဖေ့ယင်၏မြင်ကွင်းကို တမင်တကာ ပိတ်ရပ်လိုက်သည်။
ဖေ့ယင် - ...ဒါက မျက်နှာသာရဖို့ ကြိုးစားနေတဲ့ လက်အောက်ငယ်သားတွေကြားက တိုက်ပွဲလား။
ဒုသခင်လေးဖေ့ မူးဝေဝေဖြစ်သွားပြီး အခန်းထဲမှ ထွက်ခွာသွားသောအခါ လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ဘေးတွင် ပြန်ဝင်ထိုင်လိုက်သည်။
"ကြက်သွန်ဖြူ ဘယ်လောက်စားစား၊ ကျွန်မ ပါးစပ်နံ့မနံဘူး။ ပြီးတော့ ဘယ်လောက်စားစား မဝဘူး" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ စိတ်ချသွားအောင်ပြောပြရန် လိုအပ်သည်ဟု တွေးလိုက်သည်။
"ဒါပေမဲ့ မင်း အလွန်အကျွံတော့ မစားသင့်ဘူး" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ရေခွက်ကမ်းပေးလိုက်သည်။
ရှောင်ယောင်း ရေကို မော့သောက်လိုက်ပြီး စစ်သေနာပတိချုပ်၏စကားကို ပြန်စဉ်းစားလိုက်သည်။
ဒါဆို သူက ငါ အများကြီးစားတာကို သဘောမကျဘူးပေါ့?
"မင်း စားနေတုန်းလား" လိုကျစ်ကွေ့က ပန်းကန်ကို ညွှန်ပြလိုက်သည်။
"မစားဘဲထားလိုက်ရင် နှမြောစရာကြီး မဟုတ်ဘူးလား"
"ဒါဆို မင်း မစားတော့ဘူးလား"
နဉ်ရှောင်ယောင်းသည် သူမ၏ခေါက်ဆွဲကို ကာကွယ်ရန် လိမ္မာပါးနပ်သော နည်းလမ်းတစ်ခုကို စဉ်းစားလိုက်သည်။
"အစားအသောက်ကို ဖြုန်းတီးလို့ မရဘူးလေ။ မဟုတ်ရင် မိုးကြိုးပစ်ခံရလိမ့်မယ်"
လိုကျစ်ကွေ့ တဟားဟားရယ်မောလိုက်ပြီး တူကို ကောက်ကိုင်လိုက်သည်။ သူသည် နဉ်ရှောင်ယောင်း၏ ခေါက်ဆွဲပန်းကန်ကို ယူလိုက်ပြီး စားလေတော့သည်။
"ဒါဆို ကျွန်တော် စားလိုက်မယ်။ ဒါဆိုရင် မင်း မိုးကြိုးပစ်မခံရတော့ဘူးပေါ့"
နဉ်ရှောင်ယောင်း (╰_╯)#!
ဒီလူက ငါ့ခေါက်ဆွဲကို ခိုးစားရဲတယ်ပေါ့? သူ့ကို တကယ် ရိုက်ပစ်ချင်လိုက်တာ! ဘာလုပ်ရမလဲ။
လိုကျစ်ကွေ့က ခေါင်းငုံ့ပြီး စားနေသည်။ မိန်းကလေးနဉ်က ပန်းကန်အကြီးကြီး နှစ်လုံးတောင် စားပြီးပြီ။ ဒါကို မြင်ရတာနဲ့တင် သူ စိတ်ပူလာသည်။ သူသာ ဆက်စားနေရင် ဗိုက်အရမ်းကယ်မသွားဘူးလား။
(စာရေးသူ - နင်တို့နှစ်ယောက်က ဘယ်တော့မှ အတွေးချင်း မတူကြဘူးနော်...)
***