ရှန်းယီ၏ ဆုလာဘ်
Vol. 32 Ch. 312
"မဖြစ်နိုင်တာတွေ တွေးနေတော့တာပဲ" ရွှီဝမ်ယွင်သည် မိန်းကလေးထွက်ခွာသွားသည်ကို ခိုကိုးရာမဲ့စွာကြည့်နေရင်း လျင်မြန်သောခြေလှမ်းများဖြင့် နောက်မှ လိုက်သွားခဲ့၏။
အားချင်း၏အကြံအစည်မှာ လုံးဝ မဖြစ်နိုင်ချေ။
သူမ၏ပြိုင်ဘက်ကင်းသော အရည်အချင်းဖြင့် ငယ်ရွယ်စဉ်မှာပင် ရွှီမိသားစု၏အစီအရင် ၈၀ ရာခိုင်နှုန်းကျော်ကို တတ်မြောက်ထားသူ ဖြစ်သည်။
ထိုကဲ့သို့သော လူတစ်ဦးကို အခြားအင်အားစုများထံ မည်သို့ ပေးအပ်နိုင်မည်နည်း။
ထိုသို့ဆိုလျှင် ရွှီမိသားစု တည်ရှိနေခြင်း၏ အဓိပ္ပာယ်က ဘာဖြစ်တော့မည်နည်း။
...
ထူထဲသောကျမ်းစာအုပ်ကြီးကို ဖွင့်လိုက်ကတည်းက အားချင်းသည် ရွှီမိသားစု၏ ခေါင်းဆောင်ဖြစ်လာရန် ကံပါလာပြီးသား ဖြစ်သည်။
သူမသာ ရှန်းယီကို ရွှီမိသားစုနှင့် လက်ထပ်လာအောင် ဆွဲဆောင်နိုင်လောက်သည့် ပါးနပ်ရက်စက်သောလူတစ်ယောက်ဆိုလျှင်တော့ တစ်မျိုးပင်။ သိူ့သော် လက်ရှိအခြေအနေကိုကြည့်ရလျှင် သူမဟာ
ရှန်းယီရှေ့ရောက်ပါက ဘယ်သူမဆို ခူးဆွတ်နိုင်သည့် နုနယ်သောပန်းပွင့်လေးကဲ့သို့ဖြစ်နေရာ ပို၍ပင်မဖြစ်နိုင်သေးတော့ပေ။
သူမကိုယ်တိုင်ဆိုလျှင်တော့ ဖြစ်နိုင်ချေပိုများသေး၏။
ရွှီဝမ်ယွင်၏ မျက်ဝန်းများတွင် အတွေးများစွာဖြတ်သန်းသွား၏။ ရှန်းယီသည် ရွှီမိသားစု၏ နတ်ဆိုးစွမ်းအင်ဝိညာဉ်အမြစ်ကို လိုချင်နေကြောင်း သူမ ခန့်မှန်းမိသည်။
ထိုအရာကိုလဲလှယ်ရန်အတွက် သိပ်အရေးမပါသော ကိစ္စတစ်ခုကိုသဘောတူပေးလိုက်ခြင်းမှာ လုံးဝပြဿနာမရှိပေ။
မည်သို့ပင်ဖြစ်စေ သူက ဝိညာဉ်အမြစ်ကိုယူပြီး ရွှီမိသားစုကနေ ထွက်သွားပြီးသည်နှင့် သူ့အင်အားဖြင့်ဆိုပါက သူတို့ဘာတတ်နိုင်မည်နည်း။
ထိုနေ့ရောက်လျှင် သူမက အိပ်ရာလွတ်ကြီးကို စောင့်ရင်း မျက်ရည်ဖြင့်ဒူးသုတ်ရသောနေ့ရက်များဖြင့် ကုန်ဆုံးနေရလိမ့်မည်။
ရွှီဝမ်ယွင်သည် အချစ်နှင့် အမုန်း ဒရာမာကြီးတစ်ခုကို စိတ်ကူးယဉ်ရင်း သစ်သားအိမ်ဆီသို့ လျှောက်သွားနေ၏။
ယခင်ညကနှင့် ယှဉ်လျှင် ယခုတစ်ကြိမ် နေ့ခင်းကြောင်တောင်တွင် မိသားစုအကြီးအကဲများအားလုံးစုဝေးနေကြခြင်းက ရွာထဲတွင် ပိုမို လှုပ်လှုပ်ရှားရှားဖြစ်စေသည်မှာ အသေအချာပင်။
လူအုပ်ကြီးသည်စူးစမ်းလိုစိတ်ဖြင့် ဝိုင်းအုံကြည့်ရှုနေကြ၏။
မိသားစုခေါင်းဆောင်သည် တံခါးဝတွင် အလေးအနက်ထားရပ်နေပြီး အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသောပုံရိပ်ကို အိမ်ထဲသို့ ကြိုဆိုနေသည်ကို ကြည့်နေကြသည်။
"သူက ဒဏ်ရာကုဖို့ လေးမျက်နှာနတ်ဆိုးဖိနှိပ်ခြင်း အစီအရင်ကို သုံးချင်တာ မဟုတ်ဘူးလား။ အခု ပြန်ကောင်းသွားပြီး ထွက်သွားတော့မလို့လား"
"သူ ထွက်သွားရင် ငါတို့ကိုသစ္စာဖောက်ပြီး ရောင်းစားမှာတော့ မဟုတ်ပါဘူးနော်"
"ငါ့ကို မေးရင်တော့ မဟာချန်က လူတွေလည်း လူကောင်းတွေ မဟုတ်ဘူး။ အတိတ်က ဖြစ်ရပ်တွေမှာ သူတို့လည်း ပါဝင်ပတ်သက်ခဲ့တာ ဖြစ်နိုင်တယ်"
လူအုပ်ကြီး၏တီးတိုးပြောသံများကို ကြားသောအခါ ရွှီဟုန်တဲမျက်မှောင်ကြုတ်လိုက်ပြီး အားလုံး တိတ်တိတ်နေရန် လက်ဟန်ပြလိုက်၏။
သို့သော် ထူးဆန်းသည်မှာ သူသည် လူအုပ်ကြီးကို မောင်းမထုတ်ခဲ့ပေ။
လက်ရှိကိစ္စသည် ရွှီမိသားစုဝင်တိုင်း ကြားနာပိုင်ခွင့်ရှိသော ကိစ္စဖြစ်သည်။
အားချင်းနှင့် ရွှီဝမ်ယွင်တို့၏မသင့်လျော်သော အမူအရာများကို ကြည့်ရင်း ရွှီဟုန်တဲ သက်ပြင်းချလိုက်၏။ "မင်းတို့နှစ်ယောက်လည်း ဝင်လာခဲ့"
ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားပြီး အမျိုးသမီးနှစ်ဦးကို အိမ်ထဲသို့ ခေါ်ဆောင်သွား၏။
ကျယ်ဝန်းလှခြင်းမရှိသော အခန်းထဲတွင် အကြီးအကဲ ခုနစ်ဦးသည် စက်ဝိုင်းပုံစံ ထိုင်နေကြသည်။
သူတို့သည် ရှန်းယီကို အခက်တွေ့စေလိုသော ရည်ရွယ်ချက် မရှိကြပေ။ သူ့အတွက် နေရာကို အဘွားအိုဘေးတွင် ပြင်ဆင်ပေးထားခြင်းဖြင့် စစ်ဆေးမေးမြန်းခြင်း ပုံစံမျိုးမသက်ရောက်စေဘဲ ပေါ့ပါးသော စကားဝိုင်းတစ်ခုအသွင် ဆောင်စေခဲ့သည်။
ဧည့်သည်သည် ရွှီမိသားစုထံသို့ ခိုလှုံရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးသွားပြီဖြစ်ရာ ထွက်ခွာရန် ပြင်ဆင်နေသည်မှာ သေချာသလောက်ပင်။
ဤလူများသည် နှစ်ပေါင်းများစွာ တစ်သီးတခြား နေထိုင်ခဲ့ကြသူများဖြစ်ပြီး ရွှမ်ကွမ်းဂူကဲ့သို့သော ကြောက်မက်ဖွယ် ရန်သူတော်ကြီးက အပြင်တွင် စောင့်ဆိုင်းနေသဖြင့် သစ္စာဖောက်ခံရမည်ကို စိုးရိမ်စိတ်မရှိဟုပြောလျှင် လိမ်ရာကျပေလိမ့်မည်။
ယခင်က ရှန်းယီနှင့် ဆွေးနွေးရန် ရည်ရွယ်ထားသော အချက်အလက်များကို ခေါင်းဆောင်က တာဝန်ယူ ကိုင်တွယ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။
ယခုအခါတွင် အထက်စီးဆန်သော သဘောထားမျိုးပြသရန် ပို၍ပင် မလိုအပ်တော့ပေ။
သူ့ကို ယခု ခေါ်ယူရခြင်း၏အဓိက အကြောင်းရင်းမှာ အဘွားအိုက လက်ထပ်ထိမ်းမြားမည့် ကိစ္စကို ထပ်မံဆွေးနွေးလိုသောကြောင့် ဖြစ်သည်။
"အရာရှိရှန်း"
အဘွားအိုက ရွှီဝမ်ယွင်ကို ဧည့်သည်အတွက် လက်ဖက်ရည်ထည့်ပေးရန် အချက်ပြလိုက်၏။
"ရှင်က ရာထူးကြီးတဲ့သူဆိုတော့ အပြင်လောကမှာ ဖြေရှင်းစရာ အရေးကြီးကိစ္စတွေ အများကြီး ရှိမှာ သေချာပါတယ်။ ကျွန်မတို့ စကားကို ဝေ့ဝိုက်မနေတော့ပါဘူး။ ဒီနေ့ ရှင့်ကို ဒီခေါ်လိုက်တာက မေးမြန်းစရာ ကိစ္စလေး တစ်ခုရှိလို့ပါ"
ထိုစကားကို ကြားလိုက်ရသည်နှင့် အားချင်း စိတ်လှုပ်ရှားသွား၏။
ဘာလို့ အဲဒီလောက် အလျင်လိုရတာလဲ။
သူမ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ရှည်လျားတဲ့ မိန့်ခွန်းတွေ အများကြီး ပြင်ဆင်ထားခဲ့တာ၊တကယ်ပဲ ပြောခွင့်လုံးဝမရတော့ဘူးလား။
လက်ဖက်ရည်အိုးကို ကိုင်ထားရင်း ရွှီဝမ်ယွင် စိတ်ရှုပ်ထွေးနေ၏။
သူမသည် အားချင်းနှင့် မည်သည့်ကိစ္စကိုမှ ယှဉ်ပြိုင်ရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ ယခင်က ပြောခဲ့သလိုပင် သူမသည် ရှန်းယီကို အလွန် အထင်ကြီး လေးစားသည်။
အကယ်၍ သူသာ လက်ထပ်ရမည့်သူ ဖြစ်လာပါက သူမအနေဖြင့် နစ်နာသည်ဟု ခံစားရမည် မဟုတ်ချေ။
သို့သေည် သူမဟာ ချစ်ကြိုက်နေသည့် အဆင့် ရောက်နေခြင်း မဟုတ်ပေ။
သို့သော် အကြောင်းရင်းမသိဘဲ ပဉ္စမဘိုးဘေး၏ စကားကိုကြားလိုက်ရသောအခါ သူမ မမျှော်လင့်ဘဲ အနည်းငယ် စိတ်လှုပ်ရှားလာမိ၏။
"..."
ရှန်းယီသည် လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီးသူ့ရှေ့တွင် ငေးငိုင်စွာ ရပ်နေသော အမျိုးသမီးကို ကြည့်လိုက်၏။ သူမက သူ့မြင်ကွင်းတစ်ခုလုံးကို နီးပါး ပိတ်ဆို့ထားသဖြင့် မနေနိုင်မထိုင်နိုင်မျက်မှောင်ကြုတ်ကာ ပြောလိုက်ရသည်။ "ကျေးဇူးပြုပြီး ဖယ်ပေးလို့ ရမလားဗျ"
"အော်" ရွှီဝမ်ယွင် အသိပြန်ဝင်လာပြီး ကပျာကယာ ဘေးဖယ်ပေးလိုက်၏။
"တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်လည်း ပြောစရာ ရှိနေတယ်။ ခင်ဗျားတို့ အရင်ပြောပါ" ရှန်းယီသည် မျက်နှာချင်းဆိုင်ဘက်သို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။
အဘွားအိုက ပြုံးလိုက်ပြီး ပြော၏။ "တကယ်တော့ ကျွန်မ ပြောချင်တာက ရိုးရှင်းပါတယ်။ အရာရှိရှန်းရဲ့ အခြေအနေမျိုးနဲ့ဆိုရင် ဘယ်အင်အားစုမဆို လိုချင်ကြမှာပါ။ ကျွန်မတို့ သာမန် ရွှီမိသားစုလေးက သိုင်းဘုံကျောင်းကအရာရှိရှန်းလို နတ်ဘုရားတစ်ဆူကိုထိန်းသိမ်းထားချင်တာက မဖြစ်နိုင်မှန်း သိပါတယ်"
"ဒါပေမဲ့ ကျွန်မတို့က လက်ထပ်ထိမ်းမြားပြီး မဟာမိတ်ပြုချင်ရုံသက်သက်ဆိုရင် အရာရှိရှန်းရဲ့ သဘောထားက ဘယ်လိုရှိမလဲ မသိဘူး"
ထိုသို့ပြောပြီးနောက် အဘွားအိုသည် ရွှီဝမ်ယွင်ဘက်သို့ လက်ယပ်ခေါ်လိုက်၏။ "ဒီကလေးမက ရိုးသားဖြူစင်ပေမယ့် သူ့ခွန်အားကတော့ လေးစားလောက်ပါတယ်။ မမျှော်လင့်တဲ့ အမှားအယွင်းတွေ မရှိရင်၊ မဟာချန်ရဲ့ပံ့ပိုးမှုသာ ပါမယ်ဆိုရင် သူက နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူ တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်"
ဤချီးကျူးစကားက တော်တော်လေး ရက်ရောလွန်းနေသည်။
သိုင်းဘုံကျောင်းတွင် ကြွယ်ဝသော အမွေအနှစ်များ ရှိသော်လည်း၊ နှစ်ပေါင်းများစွာ အရင်းအမြစ်များစုဆောင်းလာခဲ့သော ရွှီမိသားစု၌နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတစ်ဦးကို ပြုစုပျိုးထောင်ရန် လုံလောက်သော အင်အား ရှိသည်။
စကားပြောနေစဉ်အတွင်း အဘွားအိုသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းကာ ရှန်းယီ၏ မျက်နှာအမူအရာ ပြောင်းလဲမှုကို အနီးကပ် စောင့်ကြည့်နေ၏။
တစ်ဖက်လူ၏ မျက်နှာထားသည် တည်ငြိမ်နေပြီး လက်ဖက်ရည်ခွက်ကို အေးဆေးစွာပြန်ချလိုက်သည်ကို မြင်သောအခါ အဘွားအို ပြုံးလိုက်၏။
"ဒါပေမဲ့ သိုင်းဘုံကျောင်းအရာရှိရှန်းက ကျွန်မတို့ သာမန်ရွှီမိသားစုကို တကယ်သဘောကျပြီး အားချင်းကို ပိုတန်ဖိုးထားတယ်ဆိုရင်လည်း ကျွန်မတို့ သေချာပေါက် ကန့်ကွက်မှာ မဟုတ်ပါဘူး"
ထိုအရာကိုကြားလျှင် အားချင်း၏ဖြူဖပ်ဖြူရော် မျက်နှာလေးတွင် အံ့ဩရိပ်များ ပေါ်လာ၏။
"အင်း အင်း"
ရွှီဝမ်ယွင် ခိုကိုးရာမဲ့စွာ မျက်လုံးလှန်ကြည့်လိုက်၏။ ဤကောင်မလေး အခြေအနေကို နားမလည်ဘူးဟု သူမ တွေးလိုက်မိသည်။ ရှန်းယီက ယခုလိုအခြေအနေမျိုးကို ဘယ်နည်းနှင့်မှ သဘောတူမည် မဟုတ်ပေ။
အမှတ် ၃၈ ဂူက နတ်ဆိုးဧကရာဇ်ကိုတောင် သတ်နိုင်တဲ့သူက ဘုရားစူးဒီလိုနေရာကို လာပြီး နင်တို့ရဲ့ သားမက် လာလုပ်ပါ့မလား။ ဒါဆို ရှန်းယီက ဘယ်လို ရွေးချယ်မလဲ။
ထိုအရာကို တွေးတောရင်း ရွှီဝမ်ယွင် စိုးရိမ်တကြီး လှမ်းကြည့်လိုက်၏။ အကယ်၍ သူ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်လျှင် သူမနှင့် အခြားသူများသည်အစီအရင်ထဲတွင်သာ တစ်သက်လုံး ပုန်းအောင်းနေရဖို့ များသည်။
နောက်ဆုံးတော့ အပြင်တစ်ခါထွက်ဖူးပြီး ခမ်းနားထည်ဝါမှုတွေကို မျက်မြင်တွေ့ခဲ့ရပြီမဟုတ်လော။
နတ်ဆိုးဖိနှိပ်ခြင်းမြို့တော်တွင် တွေ့ခဲ့ရသော အနက်ရောင် ဝတ်စုံဖြင့်မိန်းကလေးကို သူမ ပြန်သတိရသွားသည်။ ထိုအရာက ရွှီဝမ်ယွင် အားကျသော ဘဝမျိုးပင်။
"ရှင်... ဒီလောက်နဲ့ပဲ ကျေနပ်လိုက်လို့ မရဘူးလားဟင်"
ရွှီဝမ်ယွင် တွန့်ဆုတ်စွာဖြင့် ထစ်အငေါ့ငေါ့ မေးလိုက်၏။
သူမ စိတ်ကူးယဉ်ထားသော ဒရာမာကဲ့သို့ သူက အေးစက်ပြီးရက်စက်သောသူ ဖြစ်လာလျှင်ပင် သူမ လက်ခံလိုက်မည်။
ထိုအရာကိုကြားလျှင် ရွှီဟုန်တဲ ခေါင်းကိုက်သွားပြီး နားထင်ကို မဖိဘဲမနေနိုင်တော့ပေ။
ချစ်ရတဲ့ သမီးတစ်ယောက်ရယ်၊ ချစ်ရတဲ့ ညီမတစ်ယောက်ရယ်... နှစ်ယောက်လုံးက ယောကျ်ားတစ်ယောက်ကို တစ်ခါမှမမြင်ဖူးတဲ့အတိုင်း ဖြစ်နေကြတာပဲ။
အခြားမျိုးနွယ်စု အကြီးအကဲများက ခါးသီးစွာ ပြုံးလိုက်ကြသော်လည်း လူငယ်လေးဘက်သို့ အကြည့်ရောက်သွားကြ၏။
သူ့ရွေးချယ်မှုက ဘာဖြစ်မလဲဆိုတာ သူတို့ တကယ် သိချင်နေကြသည်။
"ပြောလို့ ပြီးပြီလား"
ရှန်းယီ ဘေးသို့ တစ်ချက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။ "ကျွန်တော့်မှာလည်း ခင်ဗျားတို့နဲ့ ဆွေးနွေးစရာ ရှိတယ်"
"ပွင့်ပွင့်လင်းလင်း ပြောပါ အရာရှိရှန်း"
အဘွားအို၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။ ယခုလိုအခြေအနေများတွင် ကမ်းလှမ်းလာခြင်းသည် ကြောက်စရာမဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှု ဆက်လက်ပြုလုပ်ရန် ဖြစ်နိုင်ခြေရှိကြောင်း ပြသနေသည်။
"ကျွန်တော် ရွှီမိသားစုရဲ့အဆင့်မြင့် ဝိညာဉ်အမြစ် ကို လိုချင်တယ်"
ရှန်းယီ ပြောလိုက်သည်နှင့် တပြိုင်နက် ထိုအမျိုးသမီးနှစ်ဦးမှလွဲ၍ ကျန်လူအားလုံး၏ မျက်နှာများ ရုတ်ခြည်း ပြောင်းလဲသွား၏။
ရွှီမိသားစု၏ ဘိုးဘွားပိုင် အကာအကွယ် အစီအရင်နှင့် ပတ်သက်သော ကိစ္စသည် သူတို့၏အရေးအကြီးဆုံး လျှို့ဝှက်ချက် ဖြစ်သည်။
ဤကောင်မလေးနှစ်ယောက်က ထိုအရာအား သူ့ကို ပြောပြလိုက်ကြသည်လော။
ရွှီဝမ်ယွင်၏ မျက်နှာ ခါးသီးသွား၏။ သူမက ထိုမျှကြီးမားသော ခန်းဝင်ပစ္စည်းနှင့် တကယ်ပင် ထိုက်တန်သည်လော။
"ဒါပေါ့၊ကျွန်တော် အလကား လိုချင်တာ မဟုတ်ပါဘူး"
ရှန်းယီက အခြားသူများဘက်သို့ လှည့်လိုက်၏။ "ဝိညာဉ်အမြစ်အပြင် ကျွန်တော်အရင်က ကတိပေးခဲ့တဲ့ဆုလာဘ်အတွက် ခင်ဗျားတို့ဆီကပိုလိုချင်တာ ရှိတယ်"
သူ့အသံသည် အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။
"ကျွန်တော် ခင်ဗျားတို့ အားလုံးကို လိုချင်တယ်"
ထိုအရာကိုကြားတော့ ရွှီဟုန်တဲ၏ မျက်နှာတွင် နားမလည်နိုင်သော အမူအရာ ပေါ်လာ၏။
ထိုစကားများက လေးမျက်နှာနတ်ဆိုးဖိနှိပ်အစီအရင် ကျရှုံးသွားပြီး အထဲမှထွက်လာသောသူက နတ်ဆိုးဧကရာဇ်ကိုယ်တိုင် ဖြစ်နေသလိုမျိုးပင်။