စမ်းကြည့်လိုက်ပါ မကြောက်နဲ့
Vol. 32 Ch. 313
မျိုးနွယ်စု အကြီးအကဲ ခုနစ်ဦးစလုံး တိတ်ဆိတ်နေကြသည်။
သစ်သားအိမ်အပြင်ဘက်မှ ရွှီမိသားစုဝင် အများအပြားသည်လည်း ဘာလုပ်ရမှန်းမသိ ပို၍ပင် အခက်တွေ့နေကြ၏။
အားချင်းလည်း မဟုတ်၊ ရွှီဝမ်ယွင်လည်း မဟုတ်ဘဲ သူတို့အားလုံး သူ့နောက်လိုက်ပါရမည် ဆိုသည်မှာ မည်သို့သောရွေးချယ်မှုမျိုးဖြစ်သနည်း။
သူ့ကို လူပေါင်းများစွာ စိုက်ကြည့်နေကြသော်လည်း ရှန်းယီသည် မည်သည့်အရာကိုမျှ မမြင်သည့်အလား ဖြည်းညှင်းစွာ လမ်းလျှောက်ကာ အဘွားအိုရှေ့သို့ ရောက်လာ၏။
"သိုင်းဘုံကျောင်းအစောင့်အရှောက် တစ်ဦးအနေနဲ့၊ ကျိုးကျိုးအတွက် အစီအရင်တစ်ခု တည်ဆောက်ဖို့ ကျွန်တော်နဲ့အတူ မဟာချန်ကို လိုက်ခဲ့ကြဖို့ ရွှီမိသားစုဝင်အားလုံးကို ဖိတ်ခေါ်ပါတယ်"
ထိုအရာကိုကြားတော့ တခြားသူတွေ စကားမပြောနိုင်ခင်မှာပင် အဘွားအို ရယ်မောလိုက်၏။ "ဒီစကားတွေက ကြားဖူးနေသလိုပဲ။ အရင်က ရွှမ်ကွမ်းဂူကလည်း ဒီလိုပဲ လုပ်ချင်ခဲ့တာ၊ ဒါပေမဲ့ သူတို့က ချဉ်းကပ်ပုံသိပ်မနူးညံ့ခဲ့ဘူး။ ဒါကို အရာရှိရှန်းက ဆုလာဘ်လို့ ခေါ်တာလား"
ရွှီမိသားစုဝင် အများအပြား၏ မျက်လုံးများထဲတွင် ဒေါသအငွေ့အသက်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
...
ရွှီဟုန်တဲ သည် မျိုးနွယ်စုခေါင်းဆောင်ပီပီ ရှေ့သို့ တိုးထွက်လာပြီး ပြောလိုက်၏။ "အရာရှိရှန်းက ကျုပ်တို့ကို တမင်တကာဒေါသထွက်အောင် လုပ်ဖို့ မရည်ရွယ်ဘူးဆိုရင် ကျေးဇူးပြုပြီး ပြောစရာရှိတာ တစ်ခါတည်း ပြောပေးပါ။ မဟာချန်အတွက် အလုပ်လုပ်ပေးရတာက ဆုလာဘ်လို့ ပြောလို့မရပါဘူး။အဲဒီကနေ ကျွန်တော်တို့ ဘာပြန်ရမှာမို့လို့လဲ"
သူ့လေသံသည် ငြိမ်သက်နေသော်လည်း အမှန်တကယ်တွင် သူသည် ဂူထဲသို့ တိုက်ရိုက်ဝင်ရောက်ခဲ့သော ရှန်းယီ၏ယခင်လုပ်ရပ်များကို လေးစားသောအားဖြင့် အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေခြင်း ဖြစ်သည်။
"ကျွန်တော့် ကတိစကားကို ရပါမယ်"
ရှန်းယီက ဘေးစောင်းကြည့်လိုက်ပြီး ပြောလိုက်၏။ "ကျွန်တော် ဒီလောကကြီးထဲမှာ ရှိနေသရွေ့ ခင်ဗျားတို့အားလုံးရဲ့ လုံခြုံရေးကို အကောင်းဆုံး အာမခံပေးပါ့မယ်"
"ဟဲ..ဟဲ" အဘွားအို ထပ်မံရယ်မောလိုက်ပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင် မသိမသာ ဒေါသသံ ပါဝင်နေသည်။ "မေးပါရစေ၊ ရှင်က ဘယ်သူမို့လို့လဲ"
ဤမျှငယ်ရွယ်သော လူငယ်လေးက ဘဝင်မြင့်လွန်းမနေဘူးလော။
မကောင်းတော့ဘူး။
အဘွားအို၏လေသံထဲမှ မကျေနပ်မှုကို အာရုံခံမိသော ရွှီဝမ်ယွင်သည် ပြဿနာတက်တော့မည်ဟု စိတ်ထဲတွင် ခံစားလိုက်ရ၏။
ပဉ္စမဘိုးဘေးသည် မျိုးနွယ်စု အကြီးအကဲ ခုနစ်ဦးအနက်အမျိုးသမီးဖြစ်သော်လည်း သူမ၏ စကားများသည် အလေးချိန်အရှိဆုံးပင်။
သူမကို စော်ကားခြင်းသည် ရွှီမိသားစုတစ်ခုလုံးကို စော်ကားခြင်းနှင့် အတူတူဖြစ်လေ၏။
ရှန်းယီ ဘာကြောင့်ရုတ်တရက် လုံးဝ ခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို ရွှီဝမ်ယွင် နားမလည်နိုင် ဖြစ်နေသည်။ ဘေးဒုက္ခတစ်ခုကနေ လွတ်မြောက်လာပြီးနောက် သူတို့အား ကျောခိုင်းသွားခြင်းလော။
ထိုသို့ မဖြစ်နိုင်ပေ။
သို့သော် သူ့စိတ်နေစိတ်ထားကို သူမ သိသည်။ သူ သေချာပေါက်နောက်ဆုတ်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ယိုဝေနတ်ဆိုးဧကရာဇ်၏အမြီးရိုးကိုပင် ပေါ့ပေါ့ပါးပါးယူဆောင်နိုင်ခဲ့သည့် လူတစ်ယောက်က အခြားကိစ္စများကို သိပ်ဂရုစိုက်မှာမဟုတ်တာသေချာ၏။
"အာ"
အခြေအနေ ရုတ်တရက် တင်းမာလာလိမ့်မည်ဟု အားချင်းလည်း မမျှော်လင့်ထားခဲ့ပေ။
ခဏတာ သူမ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
ထိုအချိန်တွင် ရှန်းယီသည် ပို၍ပင် တည်ငြိမ်လာပုံရပြီး သူ့အသံမှာ တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။
"ကျွန်တော်နဲ့အတူ အပြင်လိုက်ဖို့ လူသုံးယောက် ရွေးပေးပါ။ကျွန်တော်က ဘယ်သူလဲဆိုတာ ရွှီမိသားစုကို ပြပါ့မယ်"
"နောက်ပိုင်းကျရင် ကျွန်တော့်ကတိစကားက တန်ဖိုးရှိတယ်လို့ ခင်ဗျားတို့ ထင်လာရင်"
"ဝိညာဉ်အမြစ်နဲ့ ခင်ဗျားတို့ရဲ့မျိုးနွယ်စုဝင်တွေကို ခေါ်လာပြီး မဟာချန်နဲ့မဟာမိတ် လာဖွဲ့ကြပါ"
ထိုစကားကိုပြောလိုက်သည်နှင့် ကျန်တဲ့လူများ ခဏတာမှင်တက်သွားကြ၏။
အဘွားအို၏အပြုံးသာ ပိုမိုကျယ်ပြန့်လာသည်။
"ပစ္စည်းအရင်စစ်ကြည့်ဦးလို့ ပြောချင်တာလား။ မဟာချန်က အပေါ်ယံရွှေမှုံကြဲ၊ အတွင်းက နောက်ချေးခံပြီး ပျက်စီးယိုယွင်းနေပြီဆိုတာ ကျွန်မတို့ တွေ့သွားမှာ မကြောက်ဘူးလား"
အခြားမျိုးနွယ်စု အကြီးအကဲများကလည်း စောစောကအလားတူ သံသယများကို ထုတ်ဖော်ခဲ့ကြပြီး ဖြစ်သည်။
သူမ၏ရုတ်တရက် မှတ်ချက်သည် ရှန်းယီ၏ ရည်ရွယ်ချက်အမှန်ကို ဖော်ထုတ်ရန် ဟန်ရေးပြ ခြိမ်းခြောက်ကြည့်ခြင်းလည်း ဖြစ်သည်။
"..."
မမျှော်လင့်ဘဲ ရှန်းယီသည် မည်သို့မျှ ထိခိုက်ခံစားရပုံမပြဘဲ တည်ငြိမ်သော လေသံဖြင့် ပြန်ပြောလိုက်၏။
"စမ်းကြည့်လိုက်လေ၊ မကြောက်ပါနဲ့"
အဘွားအို ခဏတာကြောင်အသွားပြီးမှ သူ့စကား၏ အဓိပ္ပာယ်ကို သဘောပေါက်သွား၏။
"ငါကအပြင်ထွက်ရမှာ ကြောက်တယ်လို့ မင်း ပြောချင်တာလား"
"ဒါဆို လူရွေးလိုက်တော့၊ မြန်မြန်လုပ်ပါ၊ ကျွန်တော့်မှာ အချိန်သိပ်မရှိဘူး" ဟု ရှန်းယီက တံခါးဘက်သို့လှမ်းရင်း ပြောလိုက်၏။
သူသည် အကြီးအကဲများကို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကျန်ရစ်ခဲ့စေသည်။ ထိုကဲ့သို့သော အသေးအဖွဲ့ဆွပေးသည့် နည်းဗျူဟာများက သူ့အပေါ် သက်ရောက်မှု မရှိကြောင်း ပြသလိုက်ခြင်းပင်။
သို့သော် လူငယ်လေး ပြသခဲ့သော ယုံကြည်မှုသည် ဟန်ဆောင်ထားခြင်း မဟုတ်ပုံရသည်။
"ခဏလေး"
အဘွားအို ရုတ်တရက် သူ့ကို လှမ်းခေါ်လိုက်၏။ ရှန်းယီ ဇဝေဇဝါဖြင့် ပြန်လှည့်ကြည့်လိုက်ရာ သူမ ဆက်ပြောလိုက်သည်။
"သက်သေတစ်ခုလောက် ပြပါ၊ဒါဆိုရင် ကျွန်မ ရှင့်ကို ရက်ရောတဲ့ လက်ဆောင်တစ်ခု ပေးမယ်"
သူမ စကားမဆုံးခင်မှာပင်။
ရှန်းယီ ပေါ့ပေါ့ပါးပါးလက်ဝှေ့ယမ်းလိုက်ရာ ပင်လယ်ထဲမှ နဂါးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ ဖြောင့်တန်းသော လှံတံတစ်ချောင်းသည်အခန်းထဲတွင် တစ်ပတ်လှည့်ပတ်ပြီးမှ သိုလှောင်ရတနာထဲသို့ ပြန်ဝင်သွားသည်။
ထိုတစ်ခဏတာ မြင်ကွင်းသည် လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့၏။
ယိုဝေလှံတံ သည် သခင်ကို အသိအမှတ်ပြုလိုက်ပြီဖြစ်လေ၏။ ဤလှံတံတစ်ခုတည်းကပင် နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးထက် မနိမ့်ကျပေ။
သို့သော် ပို၍ကြောက်မက်ဖွယ် ကောင်းသည်မှာ လွန်ခဲ့သောရက်အနည်းငယ်က သူသည် ယိုဝေ နတ်ဆိုးဧကရာဇ်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေခဲ့သေးသည် ဟူသောအချက်ပင်။
တိုတောင်းလှသော အချိန်ကာလအတွင်း သူသည် ဒဏ်ရာများကို ကုစားနိုင်ရုံသာမက ဤဘုန်းတန်ခိုးကြီးမားသောလှံတံကိုပါ အောင်နိုင်ခဲ့လေ၏။
ထိုအရာက မည်သို့သောအရာနည်း။
တံတွေးမြိုချလိုက်ရင်း ရွှီဟုန်တဲ တွေးလိုက်မိသည်။ ဤကဲ့သို့သော အဖိုးတန် ကိရိယာကို ပိုင်ဆိုင်နိုင်သူအတွက် ညစ်နွမ်းနေသော အဆင့်မြင့် ဝိညာဉ်အမြစ်တစ်ခုသည် တန်ဖိုးကြီးမားလှသည်တော့ မဟုတ်ပေ။
သို့သော်လည်း... ရွှီမိသားစု၏ ဝိညာဉ်အမြစ် အခြေအနေမှာ တူညီသောအခြေအနေမဟုတ်ပေ။
"ကောင်းတယ်၊ တော်တော်ကောင်းတယ်"
အဘွားအိုရုတ်တရက် ထရပ်လိုက်ပြီး ရှန်းယီကို ကျော်ဖြတ်ကာ ထွက်ပေါက်ဘက်သို့ လှမ်းသွား၏။ ထို့နောက် လက်ချောင်းများကို လှုပ်ရှားကာ ဂါထာစွမ်းအင်တစ်ခု ထုတ်လွှတ်လိုက်သည်။
"ရွှီမိသားစု ပေးသနားတဲ့ ကြီးမြတ်တဲ့ လက်ဆောင်ကို ရှုစားပါတော့"
ထိုခဏ၌ ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားသည်။ ဧရာမ သစ်နက်ပင်ကြီးတစ်ပင်သည် အဝေးတွင်မတ်မတ်ရပ်နေပြီး ၎င်း၏ ကြီးမားသော အရွက်အုပ်များသည် မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ နက်မှောင်သော အရွက်များသည် တွဲလောင်းကျနေပြီး အထက်ကောင်းကင်ယံနှင့် ယှက်နွှယ်နေသည်။
၎င်းသည် ကြီးကျယ်ခမ်းနားသော ဖိနှိပ်မှုအငွေ့အသက်ကို ပေးစွမ်းနေသည်။
"ဒါက ရွှီမိသားစုရဲ့အဆင့်မြင့် ဝိညာဉ်အမြစ်ပဲ"
"ရှင် ဒါနဲ့ ပေါင်းစပ်ဖို့ စီစဉ်ထားတာလား"
နှစ်ကာလများစွာ ကြာမြင့်လာသည်နှင့်အမျှ ၎င်းသည် ထူးခြားသောဖြစ်တည်မှုတစ်ခုအဖြစ် ကြီးထွားလာခဲ့ပြီး ကျင့်ကြံသူများ သူတို့၏ချီပင်လယ်ထဲသို့ ပေါင်းစပ်နိုင်သည့် ဝိညာဉ်အမြစ်တစ်ခု မဟုတ်တော့ပေ။
တိတိကျကျပြောရလျှင် ရွှီမိသားစုက ၎င်းကို တွေ့ရှိခဲ့ခြင်းကြောင့်သာ ယခုအချိန်ထိ သီးခြားခွဲထွက် နေထိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဘွားအို၏ အပြုံး ပျောက်ကွယ်သွားပြီး သိုလှောင်ရတနာထဲမှ သာမန်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုသေတ္တာထဲတွင် အနက်ရောင်မြူခိုးများ လှည့်ပတ်နေသော အလုံးတစ်ခု ရှိနေသည်။
"ဒါက သူသီးခဲ့တဲ့ အသီးပဲ၊ ဒီတစ်လုံးတည်း ရှိတာ"
"ကျွန်မကတော့ ဒါကို ကြက်နံရိုး (Chicken rib - စွန့်ပစ်ရမှာနှမြော၊စားရမှာအရာမထင်) လို့ပဲ အမြဲ သတ်မှတ်ခဲ့တာ"
"ဒါက အဆင့်မြင့်ဝိညာဉ်အမြစ်ကနေ စုစည်းထားတဲ့ အနှစ်သာရဆိုတာ ထင်ရှားပေမယ့် အထွတ်အထိပ် ဆိုးယုတ်ခြင်းစွမ်းအင်တွေ ပါဝင်နေတဲ့ အရာဝတ္ထုလည်း ဖြစ်နေပြန်တယ်။ နှမြောစရာပဲ... ရှင် တကယ်ပဲ ကျွန်မတို့ ရွှီမိသားစုနဲ့ ဆွေမျိုးတော်ဖို့ မစဉ်းစားတော့ဘူးလား"
အဘွားအိုက သေတ္တာကိုလှုပ်ခါပြလိုက်၏။
ရှန်းယီ ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး သိုလှောင်ရတနာထဲသို့ သိမ်းဆည်းလိုက်သည်။ "မစဉ်းစားပါဘူး"
အသက်ကိုရင်းပြီး နတ်ဆိုးသတ်၊ ကျင့်ကြံအားထုတ်နေတာက သောက်ကျိုးနည်း လက်ထပ်ကမ်းလှမ်းခံရဖို့မဟုတ်ဘူးလေ။ အဲဒါက သိက္ခာကျလွန်းတယ်။
"မစဉ်းစားဘူးပြောပြီးတော့ ယူတော့ ယူသွားတာပဲ"
အဘွားအိုက သူ့ကို မကျေမနပ် ကြည့်လိုက်သော်လည်း တကယ်တမ်း ဒေါသထွက်နေပုံ မပေါ်ပေ။ "ကဲ... ဒါဆိုရင် လူငယ်တွေ အပြင်ထွက်ပြီး ကမ္ဘာလောကကြီးကို လေ့လာဖို့ အချိန်တန်ပြီပေါ့"
အမှန်တော့ သူမ ရှန်းယီကို တော်တော်လေး ယုံကြည်၏။
အကြောင်းပြချက်က ရိုးရှင်းပါသည်။
အားချင်းဆိုသော ငတုံးမလေးသည် သူမ၏ အရည်အချင်းများကို မဆိုထားနှင့်၊ ရွှီမိသားစု၏ လျှို့ဝှက်ချက်များကိုပင်ဖွင့်ချလုနီးပါး ဖြစ်ခဲ့၏။ မည်သည့်အင်အားစုမှ ယခုလိုအစီအရင်ရတနာကို လက်လွှတ်ခံမည် မဟုတ်ပေ။
သူမ၏တန်ဖိုးက မည်သည့်ဝိညာဉ်အမြစ်ထက်မဆို ပိုမြင့်မားပါသည်။
သို့သော် ရှန်းယီက ဤငတုံးမလေးကို ရွှီမိသားစုဆီ ဘေးကင်းလုံခြုံစွာ ပြန်ပို့ပေးခဲ့လေသည်။
သူတို့လူများစွာ၏အသက်ကို သူ့လက်ထဲသို့အပ်နှံဖို့ဆိုသည်မှာမဖြစ်နိုင်သော်လည်း လူအနည်းငယ်ကိုအပြင်ထွက်ပြီးခရီးသွားခိုင်းကတော့ ကိစ္စကြီးမဟုတ်ပေ။
"မနက်ဖြန် ရွာအပြင်ဘက်မှာ သူတို့ကို စောင့်ခိုင်းလိုက်မယ်" အဘွားအို ခေါင်းငြိမ့်ပြီး အစီအစဉ်ကို သဘောတူလိုက်၏။
သူမ၏ အသံထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ ရွှီမိသားစုဝင်များသည် ချက်ချင်းပင် ဆူညံသွားကြပြီး သူတို့၏ဘိုးဘေး အာရုံစိုက်လာစေရန် အသည်းအသန် တိုးဝှေ့နေကြသည်။
လူတစ်စုကိုချုပ်နှောင်ထားပြီး ဗဟုသုတတိုးပွားစေရန် စာအုပ်စာပေများစွာ ပေးထားခြင်းသည် ထိုတူမနှင့် ဒေါ်လေးနှစ်ယောက်တည်းအတွက်သာ ကန့်သတ်ထားသော ညှဉ်းပန်းနှိပ်စက်မှု မဟုတ်ကြောင်း ထင်ရှားနေသည်။
ရှန်းယီ ထွက်ခွာသွားပြီးနောက် ရွှီဟုန်တဲက ဂရုမစိုက်သလို ပြောလိုက်၏။ "ကျွန်တော်လည်း လိုက်သွားမယ်။ လူငယ်အချို့ကို လွှတ်လိုက်တာ၊ ကျွန်တော် စိတ်မချသေးဘူး"
"..."
ရွှီဝမ်ယွင်က သူမ၏အစ်ကိုကို သံသယဖြင့် ကြည့်လိုက်၏။
"ကျွန်မလည်း လိုက်မယ်" အားချင်းက စိတ်အားထက်သန်စွာ လက်ထောင်လိုက်၏။
အဘွားအိုက လက်ကာပြလိုက်ပြီး လှောင်ပြောင်လိုက်သည်။ "နင့်လို အတွေးအခေါ်မျိုးနဲ့ ဘာများ လေ့လာနိုင်မှာမို့လို့လဲ။ ပြန်လာတဲ့အခါ အမှန်တရားကိုစကားလုံးအနည်းငယ်လောက်တောင် ပြောပြနိုင်ပါ့မလား"
သူမ လှည့်ကြည့်လိုက်ရာ မျိုးနွယ်စု အကြီးအကဲအချို့သည် သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။ စကားတစ်ခွန်းမှ မပြောသော်လည်း အရာအားလုံးကို ပြောပြနေသကဲ့သို့ပင်။
"..."
"ကောင်းပြီလေ၊ ငါ့မှာ အစီအစဉ် ရှိပါတယ်"
အဘွားအို လက်ဝှေ့ယမ်းလိုက်ပြီး လူတိုင်း၏ စကားသံများကို တိတ်ဆိတ်သွားစေလိုက်သည်။