ကောင်းမွန်သောစကားဝိုင်း
Vol. 32 Ch. 316
အမှန်တော့ ရှန်းယီမှအားချင်းအား ချင်ကျိုးတွင် ထားခဲ့သည်မှာ သူမကိုဤနေရာအား စောင့်ရှောက်စေချင်ရုံ သက်သက်မဟုတ်ဘဲ အခြားသော ရည်ရွယ်ချက်များလည်း ရှိနေပါသေး၏။
သူ့အစီအစဉ်အရ ရွှီမိသားစုသည် လုံခြုံစိတ်ချရသောနေထိုင်စရာနေရာတစ်ခု လိုအပ်နေပြီး၊ မဟာချန်သည် နယ်မြေကျယ်ဝန်းလွန်းသဖြင့် နေရာအနှံ့ကို သေချာဂရုစိုက်ရန် ခက်ခဲနေသော ပြဿနာရှိနေသည်။
ဤနှစ်ဖွဲ့လုံးက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အထောက်အကူ ပြုနိုင်မည့် အနေအထားတွင် ရှိနေကြ၏။
အခြားအရာများကို ထားလိုက်ပါ၊ အားချင်း၏ အစီအရင်တည်ဆောက်နိုင်စွမ်းက ရှန်းယီကို တကယ်ပင် ကျေနပ်အားရစေ၏။
ဒါဟာ စမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်။
...
မဟာချန်ရင်ဆိုင်နေရသော အကျပ်အတည်းများကို သူမနားလည်စေပြီး၊ ကနဦး အစီအစဉ်အချို့ကို ရေးဆွဲနိုင်ခြင်း ရှိမရှိကြည့်ရှုလိုခြင်း ဖြစ်သည်။
အကယ်၍ အဆင်ပြေခဲ့ပါက သူတို့သည် အခြားပြည်နယ်များသို့ပါ ဤအစီအစဉ်ကို လျင်မြန်စွာ တိုးချဲ့နိုင်မည်။
မဟာချန်သာ စစ်မှန်သော တည်ငြိမ်မှုကို ရရှိသွားပါက သူ့၏ရွှေရောင်ခန္ဓာကိုယ်ကို ထောက်ပံ့ပေးရန် လုံလောက်သော အမွှေးတိုင်ယုံကြည်မှုစွမ်းအားများ ရရှိလာပေလိမ့်မည်။
"ငါ့မှာ လုပ်စရာကိစ္စတွေ ရှိသေးလို့၊ ကြာကြာမနေတော့ဘူး" ရှန်းယီက လူတိုင်းကို ဝေ့ဝဲကြည့်ရင်း ပြောလိုက်၏။
သူနှင့် အရင်းနှီးဆုံး လူများက သူ့ကို တားထားချင်သဖြင့် ပါးစပ်ဟလိုက်ကြသော်လည်း စကားထွက်မလာခဲ့ပေ။
သူတို့ရှေ့မှ မြင်ကွင်းကဲ့သို့ပင်...
စစ်သူကြီးကြီးများကို ခေါင်းကိုက်စေခဲ့သော ပြဿနာကြီးသည် ရှန်းယီအတွက်တော့ လက်ဝါးတစ်ချက် ရိုက်လိုက်ရုံဖြင့် ပြီးသွားသော ကိစ္စအသေးအဖွဲလေးသာ ဖြစ်သည်။
ထိုလူသည် ယခုအခါ မဟာချန်၏ နယ်လှည့်စစ်ဆေးရေးမှူး ဖြစ်နေပြီဖြစ်၍ ချင်ကျိုးတစ်ခုတည်းကိုသာ တာဝန်ယူရသူ မဟုတ်တော့ပေ။ သူရင်ဆိုင်ရမည့် တာဝန်များသည် အခြားသူများ နားလည်ရန်ပင် ခက်ခဲပြီးပါဝင်ကူညီရန်ဆိုသည်မှာ ဝေလာဝေးပင်။
"မင်းလည်း ဂရုစိုက်ပါ"
ချန်ချမ်ခွင်းက သူကိုယ်တိုင် ရွေးချယ်ခန့်အပ်ခဲ့သော လင်းကျန်းစီရင်စု၏နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးကို ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်၏။
ယခုလို နှစ်သိမ့်စကား ပါးလိုက်ရုံမှလွဲ၍ တစ်ဖက်လူကို ကူညီနိုင်မည့်နည်းလမ်း သူ ရှာမတွေ့တော့ပေ။
"စိတ်မပူပါနဲ့"
ရှန်းယီ အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကြက်သွေးရောင်တိမ်တိုက်ကို စီးနင်းလျက် ကောင်းကင်ယံသို့ ပျံတက်သွား၏။
ရွှီမိသားစုဝင်များသည် အားချင်းကို အနည်းငယ် မှာကြားပြီးနောက် သူတို့၏ပျံသန်းသည့် သင်္ဘောပေါ်တက်ကာ လိုက်ပါသွားကြသည်။
မဟာချန်တွင် တစ်ခုခု ဖြစ်ပျက်ခဲ့ပုံရသော်လည်း၊ ယခု ဤနေရာ၌ ရှိနေသော တစ်ဦးတည်းသော အဆင့်မြင့် မြေခွေးနတ်ဆိုးကို ရှန်းယီက အလွယ်တကူ ရှင်းလင်းလိုက်ပြီ ဖြစ်သောကြောင့် သူတို့ အတော်လေး ဘေးကင်းလောက်ပြီဟု ယူဆရသည်။
သူတို့၏ ပုံရိပ်များ မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ...
အားချင်းသည် အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ရာ သူမတဝိုက်တွင် လူအုပ်ကြီး ဝိုင်းနေသည်ကို သတိထားမိလိုက်ပြီး ကြောင်တောင်တောင် ဖြစ်သွား၏။
သူမ မျက်နှာအနည်းငယ် ရဲတက်လာပြီး နေရခက်စွာဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ "ရှင်... ရှင်တို့က..."
နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးများစွာက အဆင်မပြေစွာ ချောင်းဟန့်လိုက်ကြ၏။
ရှန်းယီက ဤမိန်းကလေး မည်သူဖြစ်သည်ကို ရှင်းလင်းစွာပြောမသွားခဲ့ပေ။
နောက်ဆုံးတွင် လင်းပိုင်ဝေ့က လူအုပ်ကြားမှ တိုးထွက်လာပြီး အားချင်းရှေ့တွင် ရပ်ကာ တိုးတိုးလေး ပြောလိုက်၏။ "ကျွန်မတို့က... ရှန်းယီရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပါ"
အစ်ကိုကြီးရှန်း၏အမည်ကို ကြားလိုက်ရသောအခါ အားချင်း အတော်လေး စိတ်သက်သာရာရသွားပြီး လက်သီးကို ဆုပ်ကာ ပြောလိုက်၏။
"ကျွန်မက အစ်ကိုကြီးရှန်းရဲ့ နောက်လိုက်လေးပါ၊ ပြီးတော့ သူ့ရဲ့အိမ်ထောင်ဖက်ဖြစ်လာဖို့ ကြိုးစားနေတဲ့သူပါ"
"အိမ်ထောင်ဖက်"
လင်းပိုင်ဝေ့ ခေတ္တမျှကြောင်အသွားပြီး ချန်ချမ်ခွင်းနှင့် အခြားသော ဝါရင့်ပုဂ္ဂိုလ်ကြီးများပါ မှင်သက်သွားကြ၏။
ထို့အတူ ကြိုးစားနေသူဆိုသော စကားလုံးအား
သူတို့ တကယ်ကိုနားမလည်နိုင် ဖြစ်သွားကြသည်။
ဒီလိုကိစ္စမျိုးက ကြိုးစားလို့ ရတာလား။
"အဟမ်း"
ယိုလုံထောင်က ရှေ့တိုးလာပြီး လူအုပ်ကို လက်ကာပြကာ လူခွဲခိုင်းလိုက်၏။ "ဘာတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာလဲ၊ သွားကြတော့"
အစ်ကိုရှန်းက ပြင်ပကမ္ဘာမှ အင်အားကြီးပုဂ္ဂိုလ်များဖြစ်နိုင်သည့် ထူးခြားသောလူတစ်စုနှင့် မိတ်ဆွေဖွဲ့လာခဲ့ကြောင်း သူ သဘောပေါက်လိုက်၏။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အလေးအနက်ထား ဆက်ဆံရမည်။
ဤအကြောင်း တွေးရင်း သူ သက်ပြင်းချမိသည်။ အစ်ကိုရှန်း၏စရိုက်အရ ကိစ္စများကို ရှင်းရှင်းလင်းလင်း ပြောပြလေ့မရှိသဖြင့် ဤမိန်းကလေး၏ စိတ်နေသဘောထားကို သူတို့ မခန့်မှန်းနိုင်ပေ။
သူမကို စိတ်အနှောင့်အယှက် ဖြစ်စေမိပါက မည်သူမျှမတတ်နိုင်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်သည်။
အာချမ်သည် လက်သီးကို တင်းတင်းဆုပ်ထားဆဲဖြစ်သော လင်းပိုင်ဝေ့ကို ကြည့်လိုက်၊ ဖြူစင်ပြီး ချစ်စရာကောင်းသော အားချင်းကို တစ်ချက်ကြည့်လိုက်နှင့် ရုတ်တရက် ပါးစပ်ဟကာ အသံတိတ် ရယ်မောလိုက်၏။
"သွားရအောင်၊ သွားရအောင်"
သူမက လက်ဝှေ့ယမ်းပြပြီး ဝင်းထဲမှ ခုန်ဆွခုန်ဆွဖြင့် ထွက်ခွာသွားသည်။
ဒါဟာ ယခင်က ရှန်းယီဖြစ်နေဆဲပင်။ သူရောက်လာပြီဆိုလျှင် မည်သည့်ပြဿနာမဆို အလွယ်တကူဖြေရှင်းပြီးသား ဖြစ်သွားတတ်လေ၏။
"မင်းရော ဘယ်လိုလဲ"
ယိုလုံထောင်က သူ့ဂျူနီယာညီမကို ကြည့်လိုက်၏။
"ကျွန်မ... ကျွန်မ သူမနဲ့ စကားပြောချင်တယ်"လင်းပိုင်ဝေ့က နောက်ဆုံးတော့ လက်သီးကို ဖြေလျှော့လိုက်သည်။ အိမ်ထောင်ရေးကိစ္စထက် ရှန်းယီ အဝေးရောက်နေတုန်း မည်သည့်အရာများ လုပ်ခဲ့သလဲဆိုတာကို သူမ ပိုသိချင်နေမိ၏။
ဤအရာက သူမအိပ်မက်မက်ခဲ့ဖူးသော အခြေအနေမျိုးနှင့် အနည်းငယ် ဆင်တူနေသည်။
ယိုလုံထောင် ခဏတာတုံ့ဆိုင်းနေပြီးမှ တိုးတိုးလေး ပြောလိုက်၏။ "ဒါဆိုရင် စကားပြောတာ ဆင်ခြင်နော်"
ဤဂျူနီယာညီမက ထိုမိန်းကလေးနှင့် ရွယ်တူလောက်ဖြစ်သဖြင့် သူမကို ပိုစိတ်ချရသည်။ တစ်ဖက်လူနှင့် ဆက်ဆံရာတွင် ချင်ကျိုးကိုယ်စားပြုအနေဖြင့် သူမက အကောင်းဆုံး ရွေးချယ်မှုပင်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်လုံးက ရှန်းယီဆိုသော တူညီသည့်သူအား စိတ်ဝင်စားမှုရှိနေကြသည်မဟုတ်လော။
"ကျွန်မ နားလည်ပါတယ်"
လင်းပိုင်ဝေ့က ပြုံးလိုက်ပြီး အားချင်းကို အခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွား၏။
သူမက တံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး "ဒါ သူ အရင်က နေခဲ့တဲ့နေရာလေ" ဟု ပြောလိုက်၏။
အားချင်းက သန့်ရှင်းသပ်ရပ်နေသော ပရိဘောဂများကိုကြည့်ပြီး ခုတင်အစွန်းကို လက်ဖဝါးဖြင့် ဂရုတစိုက်ထိတွေ့ကြည့်ကာ အံ့သြစွာ ရေရွတ်လိုက်သည်။ "ဝိုး... သန့်ရှင်းလိုက်တာ"
သူမ မျက်လုံးများက ဟိုဟိုဒီဒီဝေ့ဝဲကြည့်ပြီးနောက်ပေါ့ပေါ့ပါးပါး မေးလိုက်၏။ "အစ်မ ရှင်းထားတာလားဟင်"
လင်းပိုင်ဝေ့က နေရခက်စွာဖြင့် အကြည့်လွှဲလိုက်၏။ "တကယ်တော့ အရင်တုန်းက ကျွန်မလည်း အလုပ်များပါတယ်။ ဒါပေမဲ့ သူရောက်လာပြီးကတည်းက ချင်ကျိုးမှာ လုပ်စရာ သိပ်မရှိတော့လို့ ကျွန်မ နည်းနည်း အားနေတာနဲ့..."
စကားပြောရင်း သူမ အသံများ ထစ်ငေါ့လာ၏။ "ရှန်းယီက အပြင်လောကမှာ အဆင်ပြေရဲ့လား"
ဤခေါင်းစဉ်အောက်ရောက်လာလျှင် အားချင်း ချက်ချင်းတက်ကြွလာပြီး စောစောက စူးစမ်းမေးမြန်းမှုများကို မေ့သွားကာ သူမမြင်တွေ့ခဲ့ရသောအရာများအကြောင်း မရပ်မနား ပြောပြတော့သည်။
ရွှမ်ကွမ်းဂူ၊ ကျန်းမိသားစု၊ နတ်ဆိုးဧကရာဇ်၊ နတ်ဆိုးတစ်ထောင်လိုဏ်ဂူ... စသည့် စကားလုံးများပင်။
ထိုအသုံးအနှုန်းများသည် လင်းပိုင်ဝေ့အတွက် အလွန်စိမ်းသက်နေ၏။
သို့သော် အစ်ကိုကြီးရှန်းဆိုသော နာမည်က ထိုအကြောင်းအရာများထဲတွင် မကြာခဏ ပါဝင်နေသည်။
သူမသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ တစ်ခွန်းမှ ဝင်မပြောဘဲ တိတ်တဆိတ်နားထောင်နေပြီး ဝါကျတိုင်းကို သူမ၏ စိတ်ထဲတွင် စွဲထင်စေခဲ့၏။
လင်းပိုင်ဝေ့သည် သူမ၏စိတ်ကူးယဉ်မှုများကို ပိုမိုသက်ဝင်လာစေရန်အတွက် ဤအသေးစိတ်အချက်အလက်များကို လိုအပ်နေခြင်းပင်။
အားချင်းသည် စကားပြောရလွန်း၍ အာခေါင်ခြောက်လာပြီးနောက် သူမကိုယ်ပေါ်မှ မရှိသောဖုန်မှုန့်များကို ခါလိုက်ကာ ခုတင်ပေါ်တွင် ထိုင်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"အစ်မ... ရှန်းယီက ချင်ကျိုးမှာ ရှိတုန်းက ဘာတွေ လုပ်ခဲ့တာလဲဟင်"
ထိုအရာကို ကြားတော့...
လင်းပိုင်ဝေ ခဏတာ ကြောင်သွားပြီးမှ အနည်းငယ် ပြုံးပြလိုက်၏။ "အင်း... သူကလေ..."
သူမ၏ နူးညံ့သော ပြောပြချက်များထဲတွင် ဘိုင်ယွင်ခရိုင်မှ ကျဉ်းကျပ်သော အခန်းလေးသည် အားချင်း၏ စိတ်ထဲသို့ ဖြည်းညှင်းစွာနှင့် ထင်ရှားစွာ ဝင်ရောက်လာသည်။
သူမ ပြောပြသော အဖြစ်အပျက်များသည် အားချင်းပြောပြခဲ့သလောက် စိတ်လှုပ်ရှားစရာ မကောင်းသော်လည်း အသေးစိတ်အချက်အလက်တိုင်းသည် အလွန်ကွက်ကွက်ကွင်းကွင်း ရှိလှ၏။
ခါးတွင် ဓားချိတ်ဆွဲထားသော အမှုထမ်းတစ်ဦးသည် ချင်ကျိုးမြို့ထဲသို့ တစ်လှမ်းချင်းဝင်ရောက်လာပြီး၊ ထိုမှတစ်ဆင့် ဗဟိုမြို့တောိသို့ ရထားလုံးဖြင့် သွားရောက်ခဲ့ပုံများအထိပင်။
ညနေစောင်းချိန် ရောက်သောအခါ။
လင်းပိုင်ဝေ့ တံခါးအပြင်သို့ ထွက်လာချိန်တွင် စီနီယာအစ်ကိုအများအပြား ဝင်းထဲတွင် စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။
ယိုလုံထောင်က သူမထံ အသံဖြင့်သတင်းစကား ပေးပို့လိုက်၏။ "စကားပြောတာ ဘယ်လိုနေလဲ"
"အဆင်ပြေမယ်လို့ ထင်ပါတယ်..." လင်းပိုင်ဝေ့က သူ့ကို ပြန်ကြည့်လိုက်သည်။
ထိုစကားကိုကြားတော့ ယိုလုံထောင် သက်ပြင်းချလိုက်၏။ "သူမနာမည်က ဘယ်သူတဲ့လဲ"
"အာ..."
လင်းပိုင်ဝေ့ သတိလက်လွတ်ဖြင့် ခေါင်းခါလိုက်မိသည်။
ဖန်းဟန် နှင့် ပိုင်ကျစ်မင်တို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
ပြောတော့ စကားပြောတာ အဆင်ပြေတယ် ဆိုပဲ။
ဝင်းကို စောင့်ကြပ်နေသော တပ်မှူးလေးသည် ထိုလူအုပ်စုကို မသိမသာ လှမ်းကြည့်လိုက်၏။
ချန်ကျိသည် ခါးတွင် ချိတ်ထားသော ဓားကို ပြင်လိုက်သည်။
ဤအထက်လူကြီးများ ပိုလွန်းအားကြီးတယ်ဟု သူ ထင်မိသည်။
အရာရှိရှန်း၏ပုံမှန် စိတ်နေသဘောထားအရ၊ သူနှင့် မိတ်ဆွေဖွဲ့နိုင်သူ မည်သူမဆို မာနကြီးသူ သို့မဟုတ် စိတ်ဓာတ်မမှန်သူ ဖြစ်နိုင်ချေ မရှိပေ။
အခန်းထဲမှ မိန်းကလေးသည် သေချာပေါက် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော မိန်းကလေးတစ်ဦး ဖြစ်ပေလိမ့်မည်။
ထိုအချိန်၌...
ကြက်သွေးရောင် နတ်ဆိုးတိမ်တိုက်တစ်ခု ဦးဆောင်ပြီး၊ရှေးဟောင်း ပျံသန်းသည့် သင်္ဘောတစ်စင်းက အနောက်မှ ကပ်လိုက်ပါလာ၏။
ညဉ့်ကောင်းကင်ယံကို ဖြတ်သန်းသွားလာနေခြင်း ပင်။
အောက်ဘက်တွင် စည်ကားကျယ်ဝန်းလှသော လီပြည်နယ် တည်ရှိသည်။
ယခုအချိန်တွင်တော့ တောင်ကုန်းငယ်တစ်ခု၏ ထိပ်ပိုင်း၌ လေထုအခြေအနေသည် အလွန်အမင်း တင်းမာနေ၏။
ယင်ဝိညာဉ် ဒါဇင်ခန့် ပျံသန်းနေကြသည်။
တစ်ခုချင်းစီသည် အဆင့်မြင့် သိုင်းဝိဇ္ဇာများ ဖြစ်ကြသည်။
သူတို့အထဲတွင် ရွှေရောင်ပုတီးစေ့များကိုင်ဆောင်ထားသူများပင် ပါဝင်၏။
သူတို့၏ နောက်ဘက်တွင်မူ...
သုံးကျန်း(ပေ ၃၀) မြင့်မားသော ညယက္ခဓမ္မကိုယ်ထည်ကြီးတစ်ခုသည် ညဉ့်ကောင်းကင်ယံကို တောက်ပသော ရွှေရောင်အဖြစ်ပြောင်းလဲပေးလျက်ရှိသည်။
( ဘာသာပြန်သူ အစောပိုင်းက နာမည်ဘယ်လိုပေးခဲ့လဲမေ့နေပြီ လူကမေ့လွယ်တော့ မြန်မာမူပြုပြီးရင်ခဏခဏမေ့နေတယ် ဒီကိုယ်ထည် အမြင့်ဆုံးကိုယ်ထည်ဟာပါ ဝူတောက်အန်းအသုံးပြုခဲ့တဲ့ဟာ)