အကျိုးအကြောင်းသင့်လျော်သော ဝူထုံတောင်
Vol. 32 Ch. 320
"ဂျူနီယာညီလေးရှန်း... ဒါက သွေးကြွေးဆပ်ရမယ့် ရန်ငြိုးဖြစ်သွားပြီ"
ကျူးကျွယ်သည် ဝူတောက်အန်းကို သယ်ဆောင်ရင်း လူငယ်လေး၏အနောက်သို့ ဆင်းသက်လာကာ တိုးညှင်းစွာ သတိပေးလိုက်၏။
ကိစ္စရပ်များက ဤအခြေအနေသို့ ရောက်ရှိလာပြီဖြစ်ရာ လက်စလက်န ကျန်ရစ်၍ မဖြစ်တော့ပေ။
ချင်းချိုဘိုးဘေးသည် သေချာပေါက် သေဆုံးရတော့မည် ဖြစ်သည်။
ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရမည် ဆိုလျှင်ပင် နောက်ပြန်လှည့်၍ မရတော့ပေ။
သို့သော် မည်သို့ သတ်ဖြတ်ရမည်ကိုမူ သူတို့ မသိကြသေးပေ။
...
"ဘိုးဘေးရဲ့အာရုံခံစားမှုက သိပ်မရှင်းလင်းသေးဘူး... ဒီကိုရောက်ဖို့ အနည်းဆုံး နှစ်ရက်လောက် ကြာဦးမယ်"
"ယက္ခဓမ္မကိုယ်ထည်အပြင် မင်းအခြေအနေကို ကြည့်ပြီး စေခိုင်းလို့ရအောင် ရွှေရောင်ခန္ဓာကိုယ်နှစ်ခုကိုပါ ခေါ်လာခဲ့တယ်"
ကျူးကျွယ် ပြောပြီးနောက် ပုံရိပ်နှစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
နှစ်ဦးစလုံးသည် အိုမင်းရင့်ရော်နေပြီး စိမ်းသက်သောမျက်နှာများ ဖြစ်ကြသည်။
ထိုလူနှစ်ဦးသည် ရှန်းယီ၏ နောက်တွင် ရပ်လိုက်ပြီး အမိန့်နာခံရန် အသင့်ရှိနေပုံရသည်။
သူတို့၏ကျင့်ကြံခြင်းသည် သိပ်ပြီး မမြင့်မားလှပေ၊ ဟွမ်ယွမ်နယ်ပယ် တွင်သာ ရှိသေးသည်။
သို့သော် နတ်ဘုရားအသွင်ပြောင်းနယ်ပယ် မြေခွေးနတ်ဆိုးနှစ်ကောင် သေဆုံးမှုကို ရင်ဆိုင်နေရသော်လည်း တည်ငြိမ်နေကြရာ သာမန်မဟုတ်သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြပုံရသည်။
"တာအိုညီအစ်ကိုရှန်း... သတ်ဖြတ်ခြင်းအရှိန်အဝါက တော်တော်ပြင်းထန်တာပဲ"
နောက်ဆုံး ရောက်ရှိလာသူမှာ ထန်ယွမ် ဖြစ်ပြီး ရေရွတ်လိုက်သော်လည်း မြေခွေးနတ်ဆိုးများကို ကာကွယ်ပြောဆိုလိုပုံ မရပေ။
အကြောင်းမှာ ချင်းချိုသည် မဟာချန်နေရာကို အစားထိုးရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သောကြောင့်ပင်။
မည်သည့် အင်အားစုအတွက်မဆို ဤသည်မှာ သည်းခံနိုင်စရာ မဟုတ်ပေ။
အင်အားမရှိလျှင်တော့ တစ်မျိုးတစ်ဖုံ ဖြစ်လိမ့်မည်။
ယခုမူ ရှန်းယီ၏ ထောက်ပံ့မှုဖြင့် မဟာချန်သည် ဝူထုံတောင် သို့မဟုတ် ရွှမ်ကွမ်းဂူတို့နှင့် မယှဉ်နိုင်သော်လည်း မည်သူမဆို လွယ်လွယ်ကူကူ ရန်စနိုင်သည့် အင်အားစုတော့ မဟုတ်ပေ။
သို့သော်...
"ကျုပ်စကားအပိုတွေ ပြောမိရင် အပြစ်မယူပါနဲ့"
ထန်ယွမ်သည် ရှန်းယီအနားသို့ လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်၏။
"ချင်းဖုန်းတာအိုသခင်က နတ်ဆိုးတစ်ထောင်ဂူ ကို ရန်စခဲ့တာ မှန်ပေမဲ့ အကာအကွယ်လိုအပ်နေတာက မဟာချန်လေ... ဝူထုံတောင်က စီနီယာတွေက နတ်ဆိုးတစ်ထောင်ဂူကို သွားဖို့ စွန့်စားမှုကြီးတစ်ခု လုပ်ထားရတာ"
"အခုချိန်က လူတိုင်းရဲ့အကူအညီ လိုအပ်နေတဲ့ အချိန်ဗျ"
"အစ်ကို့ရဲ့သတ်ဖြတ်မှုက ကျုပ်ဆရာကို မကျေမနပ် ဖြစ်စေလိမ့်မယ်"
ချင်းဖုန်းတာအိုသခင်အတွက်တော့ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် မြေခွေးနတ်ဆိုး ၃ ကောင် ဆုံးရှုံးသွားခြင်းက ကိစ္စကြီး မဟုတ်ပေ။
သို့သော် သူတို့က နတ်ဆိုးတစ်ထောင်ဂူကို တွန်းလှန်ဖို့ပူးပေါင်းမည်ဆိုလျှင် အနည်းဆုံးတော့ နတ်ဆိုးဧကရာဇ်နှစ်ပါးကို တားဆီးထားနိုင်မည်မဟုတ်လော။
ဝူထုံတောင်၏တပည့်များက ကျင့်ကြံခြင်းမြင့်မားပေမဲ့ လူနည်းလွန်းလှ၏။ ထို့အတူ သူတို့က မာနကြီးကြလေရာ တခြားအင်အားစုများအတွက် နေရာတစ်ခုအားကာကွယ်ရန် ဟိုပြေးဒီပြေးလုပ်ချင်ကြသည်မဟုတ်ပေ။
ရှန်းယီသည် ပြဿနာဖြေရှင်းပေးမည့် မြေခွေးနတ်ဆိုးကို သတ်ဖြတ်လိုက်သော်လည်း ကျန်ရစ်ခဲ့သည့် လစ်လပ်မှုကို အစားမထိုးနိုင်ပေ။
အကယ်၍ ဤအရာက သူ့ဆရာအား မကျေမနပ် ဖြစ်စေခဲ့လျှင် နောက်ပိုင်း မဟာချန် ဒုက္ခရောက်သည့်အခါ အကူအညီရဖို့ သိပ်လွယ်မှာ မဟုတ်တော့ပေ။
တခြားကိစ္စအား ထားလိုက်ပါ၊ ချင်းချိုကိစ္စကိုဟာ ကြည့်နိုင်ပေ၏။
ဝူထုံတောင်သာ ဝင်မပါလျှင် မင်းဆက်တည်ငြိမ်နေလျှင်ပင် ကျိုကျိုးဒေသတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေလောက်ပြီ။
"ပြီးတော့ ချင်းချိုဘိုးဘေးအကြောင်း ပြောရရင်... သူသာ တကယ်တိုက်ခိုက်မယ်ဆိုရင် ချင်းလင်နတ်ဆိုးဧကရာဇ်ကို မယှဉ်နိုင်ရင်တောင် သူက နယ်ပယ်တူ ကျွမ်းကျင်သူတစ်ယောက်ပဲ... အစ်ကို သတိထားမှ ရမယ်"
ရှန်းယီသည် ထန်ယွမ်အပေါ် အသက်ကယ်တင်ဖူးသည့် ကျေးဇူးကြွေး ရှိသော်လည်း ပြီးခဲ့သည့်အကြိမ်က ချင်းလင်နတ်ဆိုးဧကရာဇ် နှင့် ရင်ဆိုင်ရစဉ်က ထန်ယွမ်သည် တွန့်ဆုတ်ခြင်းမရှိဘဲ ကူညီပေးခဲ့သည်။
သို့သော် ယခုအခြေအနေက မတူညီတော့ပေ။
သူသည် သူ့ဆရာကို ဆန့်ကျင်၍ မရနိုင်သလို သူတို့ဆက်ဆံရေး မပျက်စီးစေရန် ကြိုတင်ရှင်းပြထားခြင်းက အကောင်းဆုံးပင်။
"ကျုပ် နားလည်ပါတယ်... ကျေးဇူးတင်ပါတယ်"
ရှန်းယီသည် မျက်လုံးဖွင့်ကြည့်ပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။
ထိုစကားကို ကြားသော် ထန်ယွမ်သည် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး မဟာချန်၏အနိုင်ရနိုင်ခြေကို တိတ်တဆိတ် တွက်ချက်လိုက်သည်။
ရရှိနိုင်သော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်များ အားလုံးကို ထည့်တွက်လျှင်ပင်...
မကြာခင်က ညီအစ်ကိုရှန်းပြသခဲ့သော စွမ်းရည်အရ နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိရန် ကွာဟချက် ကြီးမားနေသေး၏။
သိုင်းဘုံကျောင်း၏ ဘိုးဘေးကို ဆင့်ခေါ်နိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
အချိန်မီပါစေဟုသာ သူ မျှော်လင့်မိ၏။
ထိုအချိန်၌ သူ့ခါးကြားမှ အရာတစ်ခု ရုတ်တရက် လက်ခနဲ ဖြစ်သွားသည်။
ထန်ယွမ်၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏။
"ဒုက္ခပဲ"
သူသည် ရှန်းယီကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး ခြေထောက်အောက်တွင် မီးတောက်များဆင့်ခေါ်ကာ တိမ်တိုက်အဖြစ် ပြောင်းလဲလိုက်သည်။
ထို့နောက် ကောင်းကင်သို့ ပျံတက်သွားပြီး မိုင်တစ်ရာအကွာသို့ ချက်ချင်းရောက်ရှိသွား၏။
သူသည် ဒူးတစ်ဖက်ထောက်ကာ လက်သီးဆုပ်အရိုအသေပြုပြီး ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။
"အမည်ခံတပည့် ထန်ယွမ်... ဆရာသခင် ရောက်ရှိလာတာကို လေးစားစွာ ကြိုဆိုပါတယ်ခင်ဗျာ"
သူ၏ကျယ်လောင်ပြတ်သားသော အသံနှင့်အတူ...
အဝေးမှ ချင်းယွင်တိမ်တိုက်တစ်ခု ဖြည်းညှင်းစွာ လွင့်မျောလာ၏။
နုပျိုသောရုပ်သွင်ရှိသည့် လူငယ်လေးသည် လက်ကို နောက်ပစ်လျက် ရပ်နေပြီး သူ၏တာအိုဝတ်ရုံမှာ မလှုပ်မယှက် တည်ငြိမ်နေသည်။ သူ့အနောက်တွင် တောင်ဝှေးကိုင်ထားသော ကုန်းကွနေသည့် အဘိုးအိုတစ်ဦး ရပ်နေပြီး မျက်နှာတွင် ရိုသေမှုများ ပြည့်နှက်နေ၏။
"စိတ်ချပါ ချင်းဖုန်းတာအိုသခင်... ကျုပ်တို့ မဟာချန်က နတ်ဆိုးတွေကို တွန်းလှန်ဖို့ အစွမ်းကုန် ကူညီပါ့မယ်... ပေါ့ဆမှာ မဟုတ်ပါဘူး... အကြိမ်တစ်ထောင်သေရမယ်ဆိုရင်တောင် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး"
"အင်း"
ချင်းဖုန်းတာအိုသခင် သည် မရေမရာ ပြုံးလိုက်၏။
ဟန်ဆောင်ကောင်းသော ဤမြေခွေးအုပ်စု၏ စကားများကို သူတစ်ခွန်းမှ မယုံပေ။ သူတို့အား တည့်ပြောရမှာ ပျင်းရိနေရုံသာဖြစ်သည်။
ဝူထုံတောင်က ယခုချိန်မှာ လူအင်အား လိုအပ်နေငည်ကိုး။ လက်ရှိအချိန်မှာ ချင်းချိုက အသုံးချဖို့ အရည်အချင်းပြည့်မီရုံလောက်ပဲ ရှိလေ၏။
ထို့ထက် မပိုပေ။
"ထတော့"
ချင်းယွင်တိမ်တိုက် ထန်ယွမ်အနားမှ ဖြတ်သွားစဉ် ချင်းဖုန်းတာအိုသခင် ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။
သူသည် ဤအမည်ခံတပည့်ကို အမှန်တကယ် သဘောကျလေသည်။
ပါရမီကြောင့်တော့ မဟုတ်ပေ။
အဓိကအကြောင်းအရင်းမှာ သူကိုယ်တိုင်လည်း ဝူထုံတောင်တွင် စီနီယာအစ်ကိုနီ လုပ်ထားသမျှ ပြဿနာများကို လိုက်ရှင်းပေးရသော အောက်ခြေသိမ်းအလုပ်ကြမ်းသမား ဖြစ်ခဲ့ဖူးသောကြောင့်ပင်။
ထို့အတူ ဤတပည့်လေးက အခြားဘာမှမတော်လျှင်ပင် သူ့လိုပင် နာခံတတ်သော စိတ်ထားရှိ၏။
အလုပ်က မည်မျှပင်ရှုပ်ထွေးပါစေ၊ ညည်းညူသံ တစ်ခွန်းမှ ထွက်မည်မဟုတ်ပေ။
ယခုလက်ရှိကိစ္စလိုမျိုးပင်။ ဤကောင်လေးသာ မရှိလျှင် သူကိုယ်တိုင်အလောတကြီး ပြေးလာရမှာဖြစ်ပြီး ယခုလို မည်သို့အေးဆေးနေနိုင်ပါမည်နည်း။
ခဏလေး...
ချင်းဖုန်းတာအိုသခင် ရုတ်တရက် နှာခေါင်းရှုံ့လိုက်၏။
သူသည် သွေးညှီနံ့သဲ့သဲ့ကို အာရုံခံမိပြီး လီပြည်နယ် နှင့် နီးကပ်လာလေ အနံ့က ပိုပြင်းလာလေပင်။
ဒီမြေခွေးတွေက သူ့အာဏာကို စိန်ခေါ်ရဲတာလား။
ထိုအတွေးဖြင့် လူငယ်လေးသည် မျက်မှောင်ကြုတ်ကာ နောက်သို့လှည့်ကြည့်လိုက်၏။
ထိုစဉ် တောင်ဝှေးကိုင်ထားသော အဘိုးအို တုန်ရီနေသည်ကို တွေ့လိုက်ရသည်။ တောင်ဝှေးကို ဆုပ်ကိုင်ထားသော လက်များသည် လေထဲတွင် တုန်ခါနေ၏။
သူ့အရေပြားများကြားမှ အမွေးများ ထွက်လာပြီး ခေါင်းသည် သာမန်မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် မြေခွေးခေါင်းအဖြစ် ပြောင်းလဲသွား၏။
"သခင်... သခင်... ဒါက ဘာသဘောလဲ"
မျက်လုံးများက သွေးရောင်လွှမ်းနေသော်လည်း နတ်ဆိုးစွမ်းအင်ကို ထိန်းချုပ်ရန် ကြိုးစားရင်း တုန်ရီစွာ မေးလိုက်သည်။
ချင်းဖုန်းတာအိုသခင်သည် နေရခက်စွာဖြင့် အကြည့်လွှဲလိုက်၏။
သူ အထင် မှားသွားပုံရသည်။
သူသည် ထန်ယွမ်ကို အမြန် ကန်ကျောက်လိုက်၏။
"ငါ မင်းကို မေးနေတယ်လေ... ဒါက ဘာသဘောလဲလို့"
ထန်ယွမ် ကပျာကယာ ဦးညွှတ်လိုက်၏။ "ဘာမှ ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး... တပည့်က မဟာချန်နဲ့ ချင်းချိုကြားကကိစ္စတွေကို ရှင်းအောင် ပြောပြီးပါပြီ... သူတို့က သဘောကောင်းကြပါတယ်... ဒါပေမဲ့ နောက်ပိုင်းကျတော့ သူတို့က ကိုယ်ရေးကိုယ်တာကိစ္စနဲ့ လက်စားချေဖို့ ဇွတ်လုပ်ကြတာလေ... ရလဒ်အနေနဲ့သူတို့ မနိုင်ဘဲ ဒဏ်ရာအများကြီး ရသွားကြတယ်"
ထိုစကားကို ကြားသော် ချင်းဖုန်းတာအိုသခင် သူ့ကို ထပ်ကန်လိုက်၏။ "အတိအကျပြောစမ်း... ဘယ်နှစ်ကောင် ဒဏ်ရာရသွားတာလဲ"
"သူတို့က... သူတို့က အကုန်လုံး သေကုန်ကြပြီထင်တယ်" ထန်ယွမ် တုန်တုန်ရီရီဖြင့် ဖြေလိုက်၏။
"ဒုက္ခပဲ" ချင်းဖုန်းတာအိုသခင် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရ၏။ သူ အမြန် နောက်လှည့်ကြည့်လိုက်သည်။
ဒီမြေခွေးအိုကြီးက သူ့အမျိုးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ သူကတမင်တကာ အချိန်ဆွဲပြီး နောက်ကျမှ ရောက်လာတယ်လို့ ထင်သွားမှာ မဟုတ်ပါဘူးနော်။
အကယ်၍ ထိုသို့သာ ထင်သွားလျှင် ယနေ့ သူ နောက်ထပ်သတ်ဖြတ်မှုတစ်ခု ထပ်လုပ်ရတော့မည် မဟုတ်ပါလား။
"..."
တောင်ဝှေးကိုင်ထားသော မြေခွေးနတ်ဆိုးအိုကြီးသည် ထိုအကြောင်းကိုတွေးပင် မတွေးရဲကြောင်း သိသာလှသည်။
၎င်းသည် မဟာချန်သိမ်းပိုက်ထားသော တောင်ထိပ်နှင့် ခြေချိတ်ထိုင်နေသော ပုံရိပ်ကိုသာ စူးစိုက်ကြည့်နေ၏။
၎င်း၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေပြီ ဖြစ်သည်။ ထိုလူ့ထံမှ ချင်းချိုမျိုးနွယ်၏ အနံ့ကို သူ ရနေသည်။
နောက်တစ်ခဏတွင် လွှမ်းမိုးသော စွမ်းအားတစ်ခု သူ့အပေါ် ကျရောက်လာပြီး နေရာမှာပင် တောင့်ခဲသွားစေသည်။
"စိတ်မလောပါနဲ့... ငါ သွားမေးကြည့်လိုက်မယ်"
ချင်းဖုန်းတာအိုသခင်သည် ခေါင်းလောင်းကို ပေါ့ပါးစွာလှုပ်ခါရင်း တစ်ဖက်လူကို နှစ်သိမ့်လိုက်၏။
"ဝူး... ဝူး"
ချင်းချိုဘိုးဘေးသည် မျက်လုံးများကို လှည့်ပတ်ရန်ကြိုးစားနေပြီး ထိုလူငယ်လေးကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ချင်နေသော်လည်း မည်သည့် ခံစားချက်ကိုမျှ ထုတ်ဖော်ရဲခြင်း မရှိပေ။
တစ်ဖက်လူက သူ့မျိုးနွယ်အား သတ်ဖြတ်ပြီး ယခုတော့သူ့ကို အရင်ချုပ်နှောင်ထားသည်လော။
ဤအရာ မည်သို့သောသဘောတရားကြီးဖြစ်သနည်း။