← Chapters

အခန်း (၂၈၉-၂၉၀)

Vol. 19 Ch. 289-290

အခန်း (၂၈၉-၂၉၀)

Vol. 19 Ch. 289-290

အခန်း ၂၈၉ ။ ကံတရားနတ်ဘုရား၏ မျက်နှာသာပေးမှုကို ခံရခြင်း

"မြင်းတွေက နံရံကို ဘယ်လိုတက်မှာလဲ" အကြီးဆုံးသခင်လေးနဉ်သည် နန်းတော်နံရံသို့ ရောက်သောအခါ အလွန်ခက်ခဲသော ပြဿနာတစ်ခုကို တွေ့ရှိလိုက်သည်။ သူနှင့် အရှင်မင်းကြီးက နံရံကို ကျော်တက်၍ ရသော်လည်း မြင်းအတွက်က ဘယ်လိုလုပ်မလဲ။

နဉ်ရှောင်ယောင်းသည် စစ်မြင်းမင်ကွမ်း၏ ခေါင်းကို ပုတ်လိုက်သည်။

"ရှောင်မင်... မင်း တစ်ခါမှ နံရံမတက်ဖူးဘူး မဟုတ်လား။ ငါ မင်းကို ပျော်စရာလေး လိုက်ပြရမလား"

မင်ကွမ်းသည် နှာခေါင်းမှ လေမှုတ်ထုတ်လိုက်ပြီး ပါးစပ်ဟကာ ပြောလိုက်သည်။ "ငါ့နာမည် ရှောင်မင် မဟုတ်ဘူး!"

"မင်းသခင်တောင် မင်းကို ရှောင်မင်လို့ ခေါ်နေတာပဲ" နဉ်ရှောင်ယောင်း မင်ကွမ်း၏ခေါင်းကို နောက်တစ်ကြိမ် ပုတ်လိုက်ပြန်သည်။ "ငြင်းနေလို့ ဘာထူးမှာလဲ"

မင်ကွမ်း၏အမွေးများ ထောင်သွားသည်။ ဒီဧကရာဇ်က ငါ့စကားကို နားလည်တယ်လား။

"စစ်သေနာပတိချုပ်ရဲ့ မြင်းနာမည်က ရှောင်ဟုန် တဲ့။ နောက်ကျရင် မင်းတို့ကို မိတ်ဆက်ပေးမယ်။ မင်းတို့ သူငယ်ချင်းဖြစ်လို့ ရတာပေါ့" နဉ်ရှောင်ယောင်း တတွတ်တွတ် ပြောနေသည်။

ရှောင်ဟုန်?

မောက်မာသော်လည်း အကြံဉာဏ်များဖြင့် ပြည့်နှက်နေသော မြင်းတစ်ကောင်အနေဖြင့် မင်ကွမ်းသည် ထိုနာမည်ကို ကြားလိုက်သောအခါ စိတ်ဓာတ်ကျသွားသည်။ နဉ်ရှောင်ယောင်း သူ့စကားကို နားလည်နေသည့်အချက်ကိုပင် ဆက်ပြီး ကြောက်လန့်မနေတော့ပေ။

"မြင်းမလား"

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ "မြင်းထီးပါ။ မင်းနဲ့ လိင်တူတူပဲ ရှောင်မင်"

မင်ကွမ်း - ...ရှောင်မင်လို့ အခေါ်ခံရတာနဲ့တင် သေချင်နေပြီ။ အခုကျတော့ ငါ့ထက်ကံဆိုးတဲ့ကောင် ရှိနေသေးတာလား။

နဉ်ရှောင်မုသည် နဉ်ရှောင်ယောင်းက သူ့မြင်းနှင့် စကားပြောနေသည်ကို စိတ်ဝင်တစား ကြည့်နေသည်။ အကြီးဆုံးသခင်လေးနဉ်အနေဖြင့် သူ့ညီမလေးသည် တိရစ္ဆာန်များနှင့် စကားပြောနိုင်စွမ်းရှိသည်ဟု လုံးဝမထင်ထားပေ။ နဉ်ရှောင်ယောင်းက ကလေးဆန်သော စိတ်ဖြင့် သရုပ်ဆောင်နေသည်ဟုသာ သူ ထင်မှတ်လိုက်သည်။ ကောင်းကင်ကို မော့ကြည့်ပြီးနောက် အကြီးဆုံးသခင်လေးနဉ်သည် နဉ်ရှောင်ယောင်းအနားသို့ လျှောက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"မင်ကွမ်း ဒီအပြင်မှာ ခဏနေခဲ့လို့ရပါတယ်။ ကျွန်တော်တို့ အရင်ဝင်ကြတာပေါ့"

"မလိုပါဘူး" နဉ်ရှောင်ယောင်း ပြန်ပြောပြီး နဉ်ရှောင်မု၏လက်ကို ဆွဲလိုက်သည်။ အကြီးဆုံးသခင်လေးနဉ် တုံ့ပြန်ချိန်မရလိုက်ခင်မှာပင် သူသည် နန်းတော်အတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

"ကျွန်တော် ရှောင်မင်ကို သွားခေါ်လိုက်ဦးမယ်" နဉ်ရှောင်ယောင်း စကားတစ်ခွန်းပြောခဲ့ပြီး နံရံကိုကျော်ကာ အပြင်သို့ ပြန်ထွက်သွားသည်။

အကြီးဆုံးသခင်လေးနဉ်သည် နန်းတော်နံရံအောက်တွင် ရပ်နေပြီး အရှင်မင်းကြီးက မင်ကွမ်းကို ဘယ်လိုခေါ်လာမလဲဟု စဉ်းစားနေသည်။ သူ့ရှေ့မှ မြင့်မားသော နံရံနီကြီးကို ကြည့်လိုက်သော်လည်း အက်ကွဲကြောင်း တစ်ခုမျှ မတွေ့ရပေ။ ဝင်ပေါက်ဆိုလျှင် ပို၍ဝေးစွ။

သို့သော် အကြီးဆုံးသခင်လေးနဉ် အကြာကြီး စဉ်းစားချိန် မရလိုက်ပေ။ သူ့အောက်မှ မြေကြီး အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် သူ့မြင်းသည် သူ့မျက်စိရှေ့တွင် ရောက်ရှိလာလေသည်။

အကြီးဆုံးသခင်လေးနဉ် - ...

မင်ကွမ်း - ...

"အမယ်လေး!" နဉ်ရှောင်ယောင်း မင်ကွမ်း၏ ဝမ်းဗိုက်အောက်မှ တွားသွားထွက်လာသည်။ ဒီမြင်းက အရမ်းလေးတာပဲ။ ရှောင်မင်ကို သယ်လာဖို့ သူမ၏အားအင်အကုန် ထုတ်သုံးလိုက်ရသည်။

"အရှင်မင်းကြီး!" အကြီးဆုံးသခင်လေးနဉ် စကားရှာမတွေ့တော့ဘဲ နဉ်ရှောင်ယောင်းကို ပါးစပ်အဟောင်းသား ကြည့်နေမိသည်။ ဒီလောက် သေးငယ်တဲ့ ခန္ဓာကိုယ်လေးက ဒီလောက် ခွန်အားကြီးမားတာလား။

နဉ်ရှောင်ယောင်း မတ်တတ်ရပ်ပြီး အသက်ရှူလိုက်သည်။

"သွားကြစို့ အစ်ကိုကြီးနဉ်... ထိုက်ဟွာခန်းမကို လိုက်ပို့မယ်"

အကြီးဆုံးသခင်လေးနဉ်က မေးလိုက်သည်။ "အရှင်မင်းကြီး သိုင်းပညာတတ်တာလား"

"ဟင်? ဪ... ဟုတ်တယ်၊ ဟားဟားဟား... ကျွန်တော်က သိုင်းပညာ ကျွမ်းကျင်သူလေ!" နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။ သူမ မင်ကွမ်း၏ဇက်ကြိုးကိုဆွဲပြီး ထိုက်ဟွာခန်းမ ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။ "အစ်ကိုကြီးနဉ်... ဗိုက်ဆာနေပြီလား"

စကားအကြောင်းအရာက ဗိုက်ဆာမဆာ ဆိုသည့်အကြောင်းသို့ ရုတ်တရက် ရောက်သွားသည်။ အကြီးဆုံးသခင်လေးနဉ် ဘယ်လိုပြန်ပြောရမှန်း မသိဖြစ်သွားသည်။

"ကျွန်တော် ဗိုက်ဆာတယ်" နဉ်ရှောင်ယောင်း ဗိုက်ကို ပွတ်လိုက်သည်။ မင်ကွမ်းကို နံရံကျော်သယ်လာရတာ သူမ၏ အားအင်ကုန်ခမ်းသွားစေသည်။ (စာရေးသူ - တော်ပါတော့၊ နင်ကလည်း...)

နဉ်ရှောင်မု သူ့စစ်မြင်းကို ကြည့်လိုက်သည်။ မင်ကွမ်းသည် နဉ်ရှောင်မုမှလွဲ၍ အခြားမည်သူ့ကိုမှ သူ့အနား အကပ်မခံပေ။ အစေခံများဆိုလျှင် သစ်သားခြံစည်းရိုးမှတဆင့်သာ အစာကျွေးရသည်။ သို့သော် အရှင်မင်းကြီးရှေ့တွင် သူ့မြင်းလိမ္မာနေသည်ကို မြင်သောအခါ အကြီးဆုံးသခင်လေးနဉ်၏ မျက်လုံးထောင့်များ တွန့်သွားသည်။

မင်ကွမ်းသည် နန်းတော်ထဲသို့ မည်သို့ရောက်လာသည်ကို စဉ်းစားမရဘဲ ကြောင်တောင်တောင်ဖြစ်နေသည်။ ကြောင်တောင်တောင်ဖြစ်နေသော မြင်းတစ်ကောင်အနေဖြင့် ဇက်ကြိုးဆွဲသူမှာ သူ့သခင် ဟုတ်မဟုတ် ခွဲခြားနိုင်စွမ်း ရှိပါဦးမည်လား။

"ဂိတ်တံခါးနဲ့ ဝင်းထဲမှာ ဘာလို့ အစောင့်မရှိတာလဲ" ထိုက်ဟွာခန်းမ၏ ဝင်ပေါက်တွင် လူတစ်ယောက်မျှ မတွေ့ရသောအခါ နဉ်ရှောင်မု မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"သူတို့အားလုံး စင်္ကြံမှာ ဘာလို့ရပ်နေကြတာလဲ" နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။ လူတိုင်း၏ အသက်ရှူသံကို သူမ ကြားနေရသော်လည်း သူမ၏သူငယ်ချင်းများ ကွေ့ကောက်နေသော စင်္ကြံလမ်းတွင် ဘာကြောင့် စုဝေးနေကြမှန်း မသိပေ။

"ဝင်ကြည့်ရအောင်" နဉ်ရှောင်မုက နဉ်ရှောင်ယောင်း၏ ရှေ့မှ ဦးဆောင်သွားလိုက်သည်။

ခဏအကြာတွင် နဉ်ရှောင်ယောင်းသည် ကွေ့ကောက်နေသော စင်္ကြံလမ်းအောက်တွင် ရပ်ပြီး ခေါင်းကုတ်လိုက်သည်။

"ဘယ်သူများ ဘာဖြစ်နေလဲ ပြောပြနိုင်မလား"

နဉ်ရှောင်လော့သည် စင်္ကြံတိုင်လုံးဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး သူ့ခေါင်းသူ ပွေ့ဖက်ထားသည်။ သူသည် နှင်းရိုက်ထားသော ခရမ်းသီးကဲ့သို့ ညှိုးငယ်နေသည်။

နဉ်ရှောင်ယောင်း မျက်လုံးမှေးပြီး နဉ်ရှောင်လော့၏ ခန္ဓာကိုယ်ပေါ်မှ ခြေရာများကို ကြည့်လိုက်သည်။

"ထပ် အရိုက်ခံရပြန်ပြီလား"

အကျဉ်းသားချေမှုန်းရေးတပ်သားများသည် သူတို့၏ အကြီးဆုံးသခင်လေး လာနေသည်ကို မြင်သောအခါ နဉ်ရှောင်မု၏ဘေးသို့ အမြန်သွားရပ်လိုက်ကြသည်။

"ဘာဖြစ်တာလဲ" နဉ်ရှောင်မုက သူ့လူများကို မေးလိုက်သည်။

အကျဉ်းသားချေမှုန်းရေးတပ်သားများ အချင်းချင်း ကြည့်လိုက်ကြသော်လည်း ဘယ်သူမှ စကားမပြောရဲကြပေ။ ဘယ်လို ရှင်းပြရမလဲ။

"သာ့ဖုန်း?" နဉ်ရှောင်ယောင်း ယင်းဖုန်းကို လှမ်းမေးလိုက်သည်။

ယင်းဖုန်း၏ အစီအစဉ်တွင် တတိယသခင်လေးနဉ်ကို မျက်နှာသာပေးရန် မပါဝင်ပေ။ ထို့ကြောင့် နဉ်ရှောင်ယောင်း မေးလိုက်သည်နှင့် ချက်ချင်း ပြန်ဖြေလိုက်သည်။

"တတိယသခင်လေးနဉ်က မိန်းကလေးကျီ အိမ်ထောင်မပြုရသေးတာကို လှောင်ပြောင်လိုက်လို့ မိန်းကလေးကျီက သူ့ကို ရိုက်လိုက်တာပါ"

"ကျွတ်" နဉ်ရှောင်ယောင်း လျှာတောက်ခေါက်ပြီး နဉ်ရှောင်လော့ကို ကြည့်လိုက်သည်။ "မင်းက ဘာလို့ အရိုက်ခံရမယ့်အလုပ်တွေကိုပဲ ရွေးလုပ်နေရတာလဲ။ ပြီးတော့ မိန်းကလေးကျီ အိမ်ထောင်ပြုမပြုက မင်းနဲ့ ဘာဆိုင်လို့လဲ"

နဉ်ရှောင်လော့ အရှုံးမပေးပေ။

"သူက ကျွန်တော် အရပ်ပုတာကို အရင် လှောင်တာလေ!"

"မင်းက တကယ်ပုတာပဲလေ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"သူကရော..."

"သူက ဘာဖြစ်လဲ" နဉ်ရှောင်မု သူ့ညီလေး၏ရှေ့တွင် ရပ်လိုက်သည်။

နဉ်ရှောင်လော့ "အိမ်ထောင်မပြုရသေးဘူး" ဟူသော စကားလုံးကို အတင်းမျိုချလိုက်ရသည်။ သူ ခေါင်းမော့ပြီး နဉ်ရှောင်မုကို ခိုးကြည့်လိုက်ပြီးမှ ခေါင်းပြန်ငုံ့သွားသည်။

"ကျီမိသားစုက အာဇာနည်မိသားစုပဲ" နဉ်ရှောင်မု ပြစ်တင်ပြောဆိုလိုက်သည်။ "မိန်းကလေးတစ်ယောက်အနေနဲ့ သူ့အဘိုးကိုကူပြီး အိမ်ထောင်စုတစ်ခုလုံးကို စီမံခန့်ခွဲနေတာကို မင်းက လှောင်ပြောင်ရဲတယ်ပေါ့"

နဉ်ရှောင်လော့၏ခန္ဓာကိုယ်တစ်ခုလုံး ကျုံ့ဝင်သွားသည်။

"ခဏနေရင် မိန်းကလေးကျီကို သွားတောင်းပန်လိုက်။ နောက်ကျရင် စစ်သူကြီးဟောင်းကျီနဲ့ တွေ့တဲ့အခါ မင်းအမှားကို ဝန်ခံပြီး သူ့ကိုပါ တောင်းပန်ရမယ်" နဉ်ရှောင်မု ဆက်ပြောသည်။ "မင်းပါးစပ်က ဒီလောက် ကြမ်းတမ်းနေမယ်လို့ ငါမထင်ထားဘူး။ ဘယ်သူ့ဆီက သင်ထားတာလဲ။ ဒါမှမဟုတ် ကိုယ့်ဘာသာ တတ်မြောက်သွားတာလား"

နဉ်ရှောင်လော့ ထပ်ပြီး ကျုံ့ဝင်သွားပြန်သည်။ ယခုအခါ သူ့ခန္ဓာကိုယ်က ပို၍ သေးငယ်သွားသလိုပင်။

"မိန်းကလေးကျီက စစ်တိုက်ဖူးတယ်၊ ရန်သူတွေကို သတ်ဖူးတယ်" နဉ်ရှောင်မု မပြီးသေးပေ။ "မင်းပြောစမ်း နဉ်တုန်ဖူ... မင်း ဘာလုပ်ဖူးလဲ"

တတိယသခင်လေးနဉ် ငိုမဲ့မဲ့ဖြင့် ထွက်ပြေးချင်သွားသည်။

နဂါးအစောင့်တပ်သားများ - ...တတိယသခင်လေးနဉ်က အသုံးမကျပုံပေါက်ပေမဲ့ အကြီးဆုံးသခင်လေးနဉ်ကတော့ တကယ် ကြောက်စရာကောင်းတာပဲ!

"ငါတို့ အရင်သွားလိုက်ရမလား" နဉ်ရှောင်ယောင်း ယင်းဖုန်းကို တိုးတိုးလေး မေးလိုက်သည်။ အရှင်မင်းကြီးနဉ်လည်း အနည်းငယ် ကြောက်နေမိသည်။

အစ်ကိုကြီးနဉ်က နူးညံ့သိမ်မွေ့တဲ့ပုံ ပေါက်နေပေမဲ့ သူ့ညီလေးကို ဆုံးမတဲ့အခါ ဒီလောက် တင်းကျပ်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။

"ကျွန်တော့်အပြစ်ပါ" နဉ်ရှောင်လော့ ခေါင်းကို ငုံထားပြီး အမှားဝန်ခံလိုက်သည်။ အစ်ကိုကြီး ဆူတာကို ခံရတာထက်စာရင် မိန်းကလေးကျီ ရိုက်တာကိုပဲ ခံလိုက်ချင်တော့သည်။

"အဲဒါလေ" နဉ်ရှောင်ယောင်း နဉ်ရှောင်လော့ကို နောက်တစ်ကြိမ် ထပ်ရိုက်သင့်သည်ဟု ခံစားလိုက်ရသည်။ မဟုတ်လျှင် ဒီလောက် ပြင်းပြင်းထန်ထန် ဆူပူခံရပြီးနောက် သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလိမ့်မည်။

"သတ်ကြဟေ့!!!"

နဉ်ရှောင်ယောင်း သူမ၏အကြံအစည်ကို အကောင်အထည်ဖော်ရန် ပြင်လိုက်စဉ် နန်းတော်ပင်မတံခါးဝမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

"စစ်ပွဲ စပြီလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။

ယင်းဖုန်းသည် ဓားလက်ကိုင်ရိုးပေါ်သို့ လက်တင်လိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော် ပင်မနန်းတော်တံခါးကို သွားကြည့်လိုက်ပါ့မယ်"

ယင်းဖုန်းက နဉ်ရှောင်ယောင်းရှေ့တွင် မိမိကိုယ်ကို 'ကျွန်တော်မျိုး' အစား 'ကျွန်တော်' ဟု သုံးနှုန်းလိုက်သည်ကို ကြားသောအခါ အကြီးဆုံးသခင်လေးနဉ် သူ့ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။

ထိုအချိန်၌ပင် ယင်းယွီသည် ထိုက်ဟွာခန်းမထဲသို့ ပြေးဝင်လာသည်။ ကွေ့ကောက်သော စင်္ကြံလမ်းတွင် ရပ်နေသော နဉ်ရှောင်ယောင်းကို မြင်လိုက်သည်နှင့် တတိယနဂါးအစောင့်တပ်မှူးက "အရှင်မင်းကြီး" ဟု အော်ခေါ်ပြီး နဉ်ရှောင်ယောင်းထံသို့ ပြေးသွားသည်။

နဉ်ရှောင်ယောင်း လေတစ်ချက် မှုတ်ထုတ်လိုက်ပြီး တိုက်ပွဲဝင်ရန် စိတ်ကို ပြင်ဆင်လိုက်ကာ ယင်းယွီကို မေးလိုက်သည်။ "တိုက်ပွဲ စပြီလား"

"ရှဲ့ဝမ်ယွမ် လာနေပါပြီ" ယင်းယွီ အလျင်စလို ပြောလိုက်သည်။ "သူ လူတွေ ခေါ်လာတယ်... ပြီးတော့... ပြီးတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဝတ်စုံတွေ ဝတ်ထားကြတယ်"

"ဟင်?" နဉ်ရှောင်ယောင်း ကြောင်သွားသည်။ "အမတ်ချုပ်ကြီးအိမ်တော်က ဘယ်သူသေပြန်ပြီလဲ"

"အရှင်မင်းကြီး နတ်ရွာစံသွားပြီလို့ သူ ပြောနေတယ်" ယင်းယွီ အလွန်စိုးရိမ်နေသည်။ သူ့မျက်နှာ ဖြူဖျော့နေသည်။ "အရှင်မင်းကြီးအတွက် ဝမ်းနည်းပူဆွေးနေကြတာတဲ့"

နဉ်ရှောင်ယောင်း - ...

"စောစောက အော်သံက ဘာလဲ။ ရှဲ့ဝမ်ယွမ်ရဲ့လူတွေက နန်းတော်ကို တိုက်ခိုက်နေတာလား" ယင်းဖုန်းက မေးလိုက်သည်။

"ရှဲ့ဝမ်ယွမ်က အရှင်မင်းကြီးရဲ့ အလောင်း..." ယင်းယွီ "အလောင်း" ဟူသော စကားလုံးကို အသံထွက်၍ မပြောနိုင်ပေ။

"သူ တပ်ဖွဲ့ဝင် ဘယ်လောက်ခေါ်လာလဲ" ယင်းဖုန်းက ဆက်မေးသည်။

ယင်းယွီ ပြန်ဖြေသည်။ "ကြည့်ရတာ တစ်ထောင်လောက်ရှိမယ်"

"တစ်ထောင်?" နဉ်ရှောင်ယောင်း ဒေါသထွက်သွားသည်။ "လူတစ်ထောင်နဲ့ ငါတို့ကို နိုင်မယ်လို့ သူထင်နေတာလား!"

"အရှင်မင်းကြီး?" ယင်းဖုန်းက နဉ်ရှောင်ယောင်း၏ ဆုံးဖြတ်ချက်ကို တောင်းခံလိုက်သည်။

"လက်နက်တွေ ကိုင်ထားကြ" နဉ်ရှောင်ယောင်း အုတ်ခဲတစ်ချပ်ကို ကောက်ကိုင်လိုက်သည်။ သူမ အမတ်ချုပ်ကြီးရှဲ့ကို သတ်ချင်နေပြီ။

အကြီးဆုံးသခင်လေးနဉ်သည် ဤလူအုပ်စု လက်မောင်းခေါက်တင်ပြီး လက်နက်များ ထုတ်နေကြသည်ကို ကြည့်နေသည်။ တိုက်ပွဲဝင်ရန် လူသတ်ချင်စိတ်ဖြင့် ပြေးထွက်တော့မည့်အချိန်တွင် သူ ခြေလှမ်းကျဲကျဲ လျှောက်သွားပြီး နဉ်ရှောင်ယောင်း၏လမ်းကို ပိတ်လိုက်သည်။

"အရှင်မင်းကြီး... ရှဲ့ဝမ်ယွမ်က နန်းတော်ကို လာတိုက်တာ မဟုတ်လောက်ဘူး"

နဉ်ရှောင်ယောင်း စိတ်ရှုပ်ထွေးသွားသည်။ "မတိုက်ဘူး? ဒါဆို ဘာလို့ လူတစ်ထောင် ခေါ်လာရတာလဲ"

အကြီးဆုံးသခင်လေးနဉ်သည် နဉ်ရှောင်ယောင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော အုတ်ခဲကို ဆွဲယူပြီး စင်္ကြံလမ်းအပြင်ဘက်သို့ လွှင့်ပစ်လိုက်ကာ ရှင်းပြလိုက်သည်။

"အရှင်မင်းကြီး တကယ်နတ်ရွာစံသွားပြီး စစ်သေနာပတိချုပ်လိုက အဲဒီသတင်းကို ဖုံးကွယ်ထားတယ်ဆိုရင် စစ်သေနာပတိချုပ်လိုက နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ရာရောက်သွားပြီ။ ရှဲ့ဝမ်ယွမ်က မြို့တော်ကို ဝင်စီးတာ (လိုကျစ်ကွေ့ကို ရှင်းပစ်ဖို့) ဆိုရင် သူက နိုင်ငံတော်အတွက် အန္တရာယ်ကို ရှင်းလင်းပေးတဲ့ သစ္စာရှိလက်အောက်ငယ်သား ဖြစ်သွားမှာပေါ့"

ဒီလို ဖြစ်သွားနိုင်တယ်ပေါ့?

နဉ်ရှောင်ယောင်း ခြေဆောင့်လိုက်သည်။ "ကျွန်တော် သူ့ကို သွားတွေ့မယ်!" နဉ်ရှောင်ယောင်း စင်္ကြံလမ်းမှ ပြေးထွက်ရန် လှည့်လိုက်သည်။

"အရှင်မင်းကြီး!" နဉ်ရှောင်မုသည် လျင်မြန်တိကျစွာဖြင့် နဉ်ရှောင်ယောင်းကို ဖမ်းဆွဲလိုက်သည်။ "ဒါ အန္တရာယ်များလွန်းတယ်။ အရှင်မင်းကြီးက ဘယ်လိုလုပ် နန်းတော်ဝင်ပေါက်ကို ကိုယ်တိုင်ထွက်ပြီး ရှဲ့ဝမ်ယွမ်ကို သွားတွေ့လို့ ဖြစ်မှာလဲ"

နဉ်ရှောင်ယောင်း ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေသည်။ သူမ အကြီးဆုံးသခင်လေးနဉ်ကို ကြည့်ပြီး မေးလိုက်သည်။

"ဒါဆို ကျွန်တော် အခု ဘာလုပ်ရမလဲ"

"တုန်ဖူ" အကြီးဆုံးသခင်လေးနဉ် လှည့်ပြီး နဉ်ရှောင်လော့ကို ခေါ်လိုက်သည်။

နဉ်ရှောင်လော့သည် ဆူပူခံထားရသဖြင့် ခေါင်းငုံ့ထားဆဲဖြစ်သည်။ သူသည် သူ့အစ်ကိုကြီးနှင့် နဉ်ရှောင်ယောင်းတို့ရှိရာသို့ လျှောက်လာသည်။

"တုန်ဖူကို သွားခိုင်းလိုက်ကြစို့" အကြီးဆုံးသခင်လေးနဉ်က နဉ်ရှောင်ယောင်းကို ပြုံးပြီး ပြောလိုက်သည်။

နဉ်ရှောင်ယောင်း နဉ်ရှောင်လော့ကို ကြည့်လိုက်သည်။ ပြီးတော့ အကြီးဆုံးသခင်လေးနဉ်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမကိုယ်သူမ ငုံ့ကြည့်လိုက်သည်။ သူမ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

သူမ အပြင်ထွက်လို့ မရဘူး... ဘာလို့လဲဆိုတော့ ထွက်သွားရင် အမတ်ချုပ်ကြီးက သူမရဲ့ ကိုယ်ပိုင်အမှတ်အသားကို လူသိရှင်ကြား စစ်ဆေးဖို့ တောင်းဆိုလာရင် သူမ သွားပြီပဲ။ ဒါပေမဲ့ နဉ်ရှောင်လော့ဆိုရင်တော့...

နဉ်ရှောင်ယောင်း နဉ်ရှောင်လော့ကို ပါးစပ်အဟောင်းသားဖြင့် အကဲခတ်ကြည့်လိုက်သည်။ သူက သူမနဲ့ ရုပ်ချင်း အရမ်းတူတယ်။ အရပ်အမောင်း တူတယ်၊ ခန္ဓာကိုယ် အချိုးအစား တူတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက သူက ယောက်ျားလေး!

ဒီအချိန်မှာ နဉ်ရှောင်ယောင်း ကံတရားနတ်ဘုရားမရဲ့ မျက်နှာသာပေးမှုကို ခံရတယ်လို့ ယုံကြည်လိုက်သည်။

"နဂါးဝတ်ရုံရှိလား" အကြီးဆုံးသခင်လေးနဉ်က ယင်းဖုန်းကို မေးလိုက်သည်။

ယင်းဖုန်း နဉ်ရှောင်ယောင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ "အရှင်မင်းကြီး?"

"သာ့ဖုန်း ... ငါ့ကို အမြန်ကူညီပါဦး" နဉ်ရှောင်ယောင်း ပါးစပ်ပိတ်ပြီး အမိန့်ပေးလိုက်သည်။ "ငါ့အခန်းထဲသွားပြီး နဂါးဝတ်ရုံတစ်ထည်လောက် သွားရှာပေး"

"ဟုတ်ကဲ့" ယင်းဖုန်း အမိန့်အတိုင်း လုပ်ဆောင်ရန် ထွက်သွားလေသည်။

"အိုး... ရှောင်လော့လော့!" နဉ်ရှောင်ယောင်း နဉ်ရှောင်လော့၏ ရှေ့သို့ ခုန်သွားလိုက်သည်။ နဉ်ရှောင်လော့သည် ဘာမှပြန်မပြောဘဲ ကြောင်တောင်တောင် ရပ်နေသည်။ သူ ဘာလုပ်ရမလဲဆိုတာ သဘောမပေါက်သေးပေ။

"မင်း ရောက်လာတာ ငါ တော်တော်ကံကောင်းတာပဲ!" နဉ်ရှောင်ယောင်း နဉ်ရှောင်လော့၏ လက်ကို ဆွဲပြီး ယမ်းလိုက်သည်။

"ကျွန်တော်..." နဉ်ရှောင်လော့ မေးခွန်းထုတ်ရန် ခက်ခက်ခဲခဲ ပါးစပ်ဖွင့်လိုက်သည်။ "ဘာလုပ်ရမယ် ပြောလိုက်တာလဲ"

"ဧကရာဇ်အဖြစ် ဟန်ဆောင်ရမှာလေ" နဉ်ရှောင်ယောင်း ပြန်ဖြေလိုက်သည်။ တတိယသခင်လေးနဉ် ခြေထောက်များ ပျော့ခွေသွားသလို ခံစားလိုက်ရသည်။

နဉ်ရှောင်မုသည် သူ့ညီလေးကို ထိန်းပေးလိုက်ပြီး ညွှန်ကြားလိုက်သည်။

"ခဏနေရင် ပထမနဂါးအစောင့်တပ်မှူးနဲ့ သူ့လူတွေက ရှဲ့ဝမ်ယွမ်ကို သွားတွေ့ဖို့ မင်းကို အပြင်လိုက်ပို့ပေးလိမ့်မယ်"

"အရှင်မင်းကြီး သွားလို့ မရဘူးလား" နဉ်ရှောင်လော့ ညည်းတွားလိုက်သည်။

"အရှင်မင်းကြီးက အရေးကြီးဆုံးပဲ။ အန္တရာယ်ရှိတဲ့နေရာကို ပို့လို့မရဘူး" အကြီးဆုံးသခင်လေးနဉ်၏ မျက်နှာထားမှာ လေးနက်ပြီး ရိုသေလေးစားမှု အပြည့်ရှိသည်။ "တုန်ဖူ... လက်အောက်ငယ်သားတွေအနေနဲ့ အရှင်မင်းကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရမယ့် တာဝန်ရှိတယ်"

"ငါ... ငါ မင်းနောက်ကနေ ကာကွယ်ပေးမယ်" နဉ်ရှောင်ယောင်းသည် နဉ်ရှောင်လော့ကို အမတ်ချုပ်ကြီးရှဲ့နှင့် ရင်ဆိုင်ခိုင်းရသည်မှာ ရက်စက်လွန်းသည်ဟု ခံစားရသဖြင့် အာမခံလိုက်သည်။ "အမတ်ချုပ်ကြီး မင်းကို ဒုက္ခပေးခွင့် ငါလုံးဝမပေးဘူး"

"ကျွန်တော်... ကျွန်တော် အရိုက်ခံရမှာ မကြောက်ပါဘူး" နဉ်ရှောင်လော့ မျက်နှာဖြူဖျော့စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ရှဲ့ဝမ်ယွမ်နဲ့ တွေ့ရင် ကျွန်တော် ဘာပြောရမှာလဲ"

"မင်းက ဧကရာဇ်လေ။ သူက သစ္စာဖောက်။ မင်း သူ့ကို ကျိန်ဆဲလို့ရတယ်" အကြီးဆုံးသခင်လေးနဉ်က သူ့ညီလေးကို သင်ပေးလိုက်သည်။

"ကျိန်ဆဲရမယ်? လူယုတ်မာအဘိုးကြီးဆိုပြီးတော့လား" တတိယသခင်လေးနဉ် တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။

"မင်းကြိုက်သလို ကျိန်ဆဲလို့ ရတယ်" အကြီးဆုံးသခင်လေးနဉ် ပြုံးပြီး တတိယသခင်လေးနဉ်၏ ပခုံးကို ပုတ်ပေးလိုက်သည်။ "မင်းအစ်ကိုကြီးကို ယုံလိုက်။ ရှဲ့ဝမ်ယွမ်က လူတွေအများကြီးရှေ့မှာ မင်းကို ဒုက္ခပေးရဲမှာ မဟုတ်ဘူး"

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၉၀ ။ အမတ်ချုပ်ကြီးက ပြောတယ်... ဒါက မိန်းမတဲ့

"သူ့ကို မကျိန်ဆဲနိုင်ရင် ဘယ်လိုလုပ်မလဲ" နဉ်ရှောင်ယောင်းက အာမခံထားသလို အစ်ကိုကြီးကလည်း နှစ်သိမ့်ပေးထားသော်လည်း တတိယသခင်လေးနဉ်သည် ရက်စက်ကြမ်းကြုတ်သော အမတ်ချုပ်ကြီးရှဲ့ကို ရင်ဆိုင်ရန် သတ္တိမရှိသေးပေ။

ထိုအချိန်တွင် ကျီယွဲ့ရုံသည် တတိယသခင်လေးနဉ်၏ရှေ့၌ နောက်တစ်ကြိမ် ပေါ်လာပြန်သည်။ နဉ်ရှောင်လော့သည် သူ့အစ်ကိုကြီး၏နောက်သို့ အမြန်ပြေးဝင်ပုန်းလိုက်သည်။

မိန်းကလေးကျီသည် စစ်သည်တစ်ဦး၏ အငွေ့အသက်နှင့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သူမသည် အကြီးဆုံးသခင်လေးနဉ်ကို လက်သီးဆုပ်ကာ အရိုအသေပြုလိုက်ပြီးနောက် သူ့ကိုကျော်ကာ နဉ်ရှောင်လော့၏ရှေ့တွင် ရပ်လိုက်သည်။

"ကျွန်တော် မှားပါတယ်၊ တောင်းပန်ပါတယ်" နဉ်ရှောင်လော့ ချက်ချင်း တောင်းပန်လိုက်သည်။

"ကျွန်မ ရှင်နဲ့အတူလိုက်ပြီး ရှဲ့ဝမ်ယွမ်ကို သွားတွေ့မယ်" ကျီယွဲ့ရုံက နဉ်ရှောင်လော့ကို ငုံ့ကြည့်ရင်း ကြေညာလိုက်သည်။

နဉ်ရှောင်ယောင်းသည် မိန်းကလေးကျီကို အနောက်သို့ ဆွဲလိုက်သည်။

"လူတွေကို အထင်သေးတဲ့အကြည့်နဲ့ မကြည့်ပါနဲ့။ ရှောင်လော့လော့ကို လေးစားမှုလေး ပေးပါဦး" ဟု တိုးတိုးလေး ပြောလိုက်သည်။

"ရှောင်လော့လော့?" ကျီယွဲ့ရုံ နဉ်ရှောင်လော့ကို ကြည့်လိုက်သည်။

နဉ်ရှောင်လော့ အသံမထွက်ရဲပေ။ အရှင်မင်းကြီး၏ ရိုက်နှက်မှုက ပိုဆိုးဝါးသည်။ သူ့ကို စိတ်ဆိုးအောင် မလုပ်ရဲပေ။ (╥﹏╥)

"ဘာလို့ ပြန်ပေါ်လာတာလဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"ဒီအခြေအနေ ရောက်နေပြီလေ။ သူတို့က အကြမ်းဖက်မယ်လို့ အော်ဟစ်နေကြတာ။ ကျွန်မက ဘယ်လိုလုပ် ဟန်ဆောင်နေလို့ရမှာလဲ"

ညီအစ်မတွေလို ဟန်ဆောင်ခဲ့ရသလို အတူတူရိုက်နှက်ခံခဲ့ရပြီးနောက် မိန်းကလေးကျီသည် နဉ်ရှောင်ယောင်းကို နှစ်ရှည်လများခင်မင်လာသော သူငယ်ချင်းအရင်းကြီးကဲ့သို့ သဘောထားလိုက်ပြီဖြစ်သည်။

"အစ်ကိုကြီး... ကျွန်တော်နဲ့ လိုက်ခဲ့လို့မရဘူးလား" နဉ်ရှောင်လော့ သူ့အစ်ကို၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။

"ငါ မြို့တော်မှာ ရှိနေတယ်ဆိုတာ ရှဲ့ဝမ်ယွမ်ကို သိခံလို့မဖြစ်ဘူး" အကြီးဆုံးသခင်လေးနဉ်က ပြန်ဖြေသည်။ "မင်းက ရှဲ့ဝမ်ယွမ်ကို အဲဒီလောက်တောင် ကြောက်တာလား"

ထိုအချိန်တွင် ယင်းဖုန်း နဂါးဝတ်ရုံတစ်စုံနှင့် ရောက်လာသည်။

"ဝတ်လိုက်ပါ" အကြီးဆုံးသခင်လေးနဉ်က တတိယသခင်လေးနဉ်ကို ယင်းဖုန်းထံ တွန်းပို့လိုက်သည်။

ယင်းဖုန်းသည် နဉ်ရှောင်လော့ ဝတ်ချင်လား မဝတ်ချင်လား မမေးဘဲ ချက်ချင်း ကူညီဝတ်ဆင်ပေးလိုက်သည်။

နဉ်ရှောင်လော့ မငြင်းဆန်နိုင်သဖြင့် နဂါးဝတ်ရုံကို မဝတ်ချင်ဘဲ ဝတ်လိုက်ရသည်။ ခေါင်းကို ငုံ့ထားပြီး လူတိုင်းကြည့်နေသည်ကို ခံနေလိုက်ရသည်။

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ သူမ နဂါးဝတ်ရုံ ဝတ်ထားလျှင် ဧကရာဇ်တစ်ပါးနှင့် သိပ်မတူသော်လည်း အနည်းဆုံးတော့ ငုံးတစ်ကောင်လောက် မဆိုးရွားပေ။

"တခြားနည်းလမ်း စဉ်းစားကြည့်ရင် မကောင်းဘူးလား" နဉ်ရှောင်ယောင်း အကြံပြုလိုက်သည်။

မိန်းကလေးကျီက အကြီးဆုံးသခင်လေးနဉ်ကို မေးခွန်းထုတ်လိုက်သည်။

"သူက တကယ်ပဲ ရှင့်ညီအရင်း ဟုတ်ရဲ့လား"

ရုပ်ချင်းလုံးဝမတူတာအပြင် နဉ်ရှောင်လော့၏သတ္တိသည် ပဲစေ့လောက်သာ ရှိသည်။ သူက သခင်မလေးတစ်ယောက်များ ဖြစ်နေမလား။

"ခေါင်းမော့လိုက်" နဉ်ရှောင်မု အမိန့်ပေးလိုက်သည်။ သူ နဉ်ရှောင်လော့၏ခါးကို ရိုက်လိုက်သည်။ "ရင်ကော့ထားစမ်း"

တတိယသခင်လေးနဉ် ခေါင်းမော့ပြီး ရင်ကော့လိုက်ရာ ကြည့်ရအနည်းငယ် ကောင်းသွားသည်။

"ငါတို့ နန်းတော်ထဲမှာပဲ ရှိနေမှာ။ မင်းအနောက်မှာ ရှိနေမှာပါ" အကြီးဆုံးသခင်လေးနဉ် ကိုယ်ကိုကိုင်းပြီး တတိယသခင်လေးနဉ်၏ မျက်လုံးများကို စိုက်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ရှဲ့ဝမ်ယွမ် မင်းကို ဒုက္ခမပေးရဲဘူးဆိုတာ ငါ အာမခံတယ်"

ကျီယွဲ့ရုံက အကျဉ်းသားချေမှုန်းရေးတပ်သားများကို တိုးတိုးလေး မေးလိုက်သည်။

"ရှင်တို့ တတိယသခင်လေးက ဒီနှစ် အသက်ဘယ်လောက်လဲ"

"၁၃ နှစ် ပြည့်ပြီလား" နဉ်ရှောင်ယောင်းက ဖြည့်စွက်မေးလိုက်သည်။

အကျဉ်းသားချေမှုန်းရေးတပ်သားများ - ...

ယင်းလေ မရေမရာ ဖြစ်နေသည်။

"၁၈ နှစ် ဒါမှမဟုတ် ၁၇ နှစ်လို့ ထင်ပါတယ်"

"အမယ်လေး... ၁၈ နှစ်တောင် ရှိပြီလား!" နဉ်ရှောင်ယောင်း ညည်းတွားလိုက်သည်။ သူမ တကယ်ပဲ တတိယသခင်လေးနဉ် အရွယ်မရောက်သေးဘူးလို့ ထင်နေခဲ့တာ။

"အရင်က မြေအောက်ခန်းထဲမှာ ရှိတုန်းက သူ့အသက်ကို အရှင်မင်းကြီးကို မပြောပြဘူးလား" ယင်းလေက မေးလိုက်သည်။

"ပြောပြကောင်း ပြောပြလိမ့်မယ်" နဉ်ရှောင်ယောင်း ပြန်ဖြေသည်။ "ဒါပေမဲ့ ငါ မယုံခဲ့ဘူးလေ။ ၁၈ နှစ်တဲ့လား!? စစ်သေနာပတိချုပ် ၁၈ နှစ်တုန်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး စစ်တပ်တစ်တပ်လုံးကို ဦးဆောင်နေပြီ"

အကျဉ်းသားချေမှုန်းရေးတပ်သားများ တိတ်ဆိတ်သွားကြသည်။ သူတို့၏ တတိယသခင်လေးကို စစ်သေနာပတိချုပ်လိုနှင့် မနှိုင်းယှဉ်သင့်ပေ။

"သူက သခင်မလေးတစ်ယောက်များဖြစ်နေမလားလို့ ကျွန်မထင်တယ်" မိန်းကလေးကျီက ပန်းပွင့်ဂါဝန်ဝတ်ထားသော နဉ်ရှောင်ယောင်းကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"သူ... သူက ၁၈ နှစ် မပြည့်သေးပါဘူး" အကျဉ်းသားချေမှုန်းရေးတပ်သားတစ်ဦး သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။ "ကျွန်တော်တို့ တတိယသခင်လေးက ဒီနှစ် ၁၇ နှစ်ပါ"

ကျန်စစ်သည်များ သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။ ၁၇ နှစ်လို့ ပြောလိုက်တာနဲ့ပဲ မျက်နှာမပျက်တော့ဘူးလို့ မင်းထင်နေတာလား။

ထိုအချိန်တွင် ၁၇ နှစ်အရွယ် တတိယသခင်လေးနဉ်သည် သူ့အစ်ကိုကြီးထံပြေးသွားပြီး ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် သွားလိုက်ပါ့မယ်"

အကြီးဆုံးသခင်လေးနဉ်သည် သူ့ညီလေး၏ ပခုံးကို လေးလေးနက်နက် ပုတ်ပေးလိုက်သည်။

"ရှဲ့ဝမ်ယွမ်က သေခါနီးနေပြီ။ ဒါကြောင့် သူ့ကို ကြောက်စရာမလိုဘူး"

နဉ်ရှောင်လော့ ခေါင်းညိတ်လိုက်ပြန်သည်။ ကြောက်နေလည်း ဘာမှထူးမှာ မဟုတ်ဘူးလေ။

"အရှင်မင်းကြီး" အကြီးဆုံးသခင်လေးနဉ် ခေါင်းမော့ပြီး နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ "နဂါးအစောင့်တပ်သားတွေကို တုန်ဖူနဲ့အတူ နန်းတော်ဝင်ပေါက်အထိ လိုက်ပို့ခိုင်းပါ"

"ဪ... ကောင်းပြီလေ" နဉ်ရှောင်ယောင်း ချက်ချင်း သဘောတူလိုက်သည်။

နဉ်ရှောင်လော့ကို ယင်းဖုန်းနှင့် အခြားအစောင့်များက ရှေ့သို့ တွန်းပို့လိုက်ကြသည်။ ထိုက်ဟွာခန်းမမှ ထွက်ခွာပြီးနောက် သူ ဝေါယာဉ်ပေါ်သို့ တက်လိုက်ပြီး နန်းတော်ပင်မတံခါးဝဆီသို့ ထွက်ခွာသွားလေသည်။

သူတို့ တိုက်ခိုက်သံများ၊ သတ်ဖြတ်သံများ၊ လက်နက်ချင်း ရိုက်ခတ်သံများနှင့် မြှားများ လေထဲတွင် ပျံဝဲသွားသံများကို ကြားနေရသည်။ နဉ်ရှောင်လော့က ယင်းဖုန်းကို မေးလိုက်သည်။

"ကျွန်တော်တို့ အခု အပြင်ထွက်လိုက်ရင် တိုက်ပွဲမှာ ကူညီရာရောက်မလား"

ယင်းဖုန်းက နဂါးအစောင့်တပ်သားများကို ဝေါယာဉ်ချရန် အမိန့်ပေးလိုက်သည်။ နဉ်ရှောင်လော့ ဆင်းနိုင်ရန် ကူညီပေးပြီးနောက် သူ ပြန်ဖြေလိုက်သည်။

"အရှင်မင်းကြီး... သူတို့ အရှင်မင်းကြီးကို မြင်လိုက်ရင် တိုက်ခိုက်တာ ရပ်သွားပါလိမ့်မယ်"

နဉ်ရှောင်လော့ သူဝတ်ထားသော နဂါးဝတ်ရုံကို စိုက်ကြည့်လိုက်သည်။ ကောင်းပြီလေ... ငါက အခု ဧကရာဇ်ပဲ...

"အရှင်မင်းကြီး... သူတို့တွေ ကျွန်တော်တို့အနောက်မှာပဲ ရှိပါတယ်" နဂါးအစောင့်တပ်မှူးချုပ် ယင်းဖုန်းသည် နဉ်ရှောင်လော့ကို ကာကွယ်ရန် ရှေ့မှ လျှောက်သွားလိုက်သည်။ သူက တိုးတိုးလေး ပြောလိုက်သည်။

"တတိယသခင်လေး... ကြောက်စရာမလိုပါဘူး။ ကျွန်တော်မသေသရွေ့ သခင်လေးကို အသက်ရှင်အောင် ထားပါ့မယ်"

"ခင်ဗျား သေလို့မဖြစ်ဘူး"

"ဘာ?" တတိယသခင်လေးနဉ်က သူ့အသက်အန္တရာယ်အတွက် စိုးရိမ်ပေးလိမ့်မည်ဟု ယင်းဖုန်း မထင်ထားခဲ့ပေ။

"ခင်ဗျားသေသွားရင် အရှင်မင်းကြီးက ကျွန်တော့်ကို သတ်ပစ်လိမ့်မယ်" နဉ်ရှောင်လော့ ညည်းတွားလိုက်သည်။ "တခြားတစ်ဖက်မှာ ကျွန်တော်သေသွားရင် ကျွန်တော့်အစ်ကိုကြီးက ခင်ဗျားကို သေချာပေါက် သတ်ချင်လိမ့်မယ်။ ဒါပေမဲ့ အရှင်မင်းကြီးက သူ့ကို တားနိုင်လိမ့်မယ်။ တပ်မှူးချုပ်..." တတိယသခင်လေးနဉ် ယင်းဖုန်းကို အားကျစွာ ကြည့်လိုက်သည်။ "ခင်ဗျားဘဝက သိပ်ကောင်းတာပဲ"

ယင်းဖုန်း စဉ်းစားကြည့်လိုက်ရာ တတိယသခင်လေးနဉ်၏စကားကို ပြန်လည်ချေပရန် စကားမရှိကြောင်း သဘောပေါက်လိုက်သည်။ ထို့အပြင် ဤအသုံးမကျသောလူသည် အရှင်မင်းကြီးနှင့် ရုပ်ချင်းဆင်တူနေသဖြင့် တပ်မှူးချုပ်ယင်းဖုန်း ဒေါသထွက်လာသည်။

နဉ်ရှောင်လော့ နောက်လှည့်ကြည့်လိုက်သည်။ သူ့အနောက်မှာရှိနေမယ်ဆိုတဲ့လူတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဒီနေရာကနေ သူတို့အရိပ်ကိုတောင် မမြင်ရပါလား။

"နန်းတော်တံခါး ဖွင့်လိုက်" ယင်းဖုန်း အမိန့်ပေးလိုက်သည်။

နဉ်ရှောင်လော့ ထိတ်လန့်သွားပြီး ယင်းဖုန်းကို မျက်လုံးပြူးကြည့်လိုက်သည်။ အခု တံခါးဖွင့်တော့မလို့လား?!

နန်းတော်တံခါးကို စောင့်ကြပ်နေသော အထက်တန်းအဆင့် တော်ဝင်ကိုယ်ရံတော် တပ်မှူးများသည် နဉ်ရှောင်လော့ကို မြင်လိုက်သောအခါ စိတ်အေးသွားကြသည်။ အရှင်မင်းကြီး အဆင်ပြေတယ်။ ဆိုလိုတာက လွန်ခဲ့တဲ့ရက်တွေတုန်းက နန်းတော်တံခါးကို စောင့်ကြပ်ခဲ့ရတာ အလကားမဖြစ်ဘူးပေါ့။

တံခါးပွင့်သွားသည်နှင့် ဆန့်ကျင်ဘက် အုပ်စုနှစ်ခု အတိုက်အခိုက် ရပ်စဲလိုက်ကြသည်။

"သွားကြစို့" ယင်းဖုန်းက နဉ်ရှောင်လော့ကို ရှေ့သို့ တွန်းပို့လိုက်သည်။

နဉ်ရှောင်လော့ နဂါးဝတ်ရုံလည်ပင်းကို ပြင်လိုက်သည်။ အဆုံးထိ တိုက်ပွဲဝင်မည့်ပုံစံဖြင့် သူ နန်းတော်တံခါးအပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်သည်။

"အရှင်မင်းကြီးကို တွေ့တာတောင် မင်းတို့ ဒူးမထောက်ကြဘူးလား"

နဉ်ရှောင်လော့ ပေါ်လာပြီးနောက် နန်းတော်တံခါးအပြင်ဘက်ရှိ လူအများ အံ့အားသင့်သွားကြသည်။ ယင်းဖုန်းက လူအုပ်ကြီးကို ကြိမ်းမောင်းလိုက်သည်။

"တကယ် အရှင်မင်းကြီး ဟုတ်ရဲ့လား"

ထိုအချိန်တွင် အကြီးအကဲလီသည်လည်း နန်းတော်တံခါးအပြင်ဘက်တွင် ရောက်နေသည်။ အရှင်မင်းကြီး အသက်ရှင်လျက် တံခါးမှ ထွက်လာသည်ကို မြင်သောအခါ အဘိုးအိုသည် မျက်စိကို မယုံနိုင်ဘဲ သူ့နောက်လိုက်များကို မေးလိုက်သည်။

"အဲဒါ တကယ် အရှင်မင်းကြီး ဟုတ်ရဲ့လား"

အကြီးအကဲလီ၏ နောက်လိုက်များ ချက်ချင်း ပြန်မဖြေကြပေ။ လူအုပ်ကြီးသည်လည်း နဉ်ရှောင်လော့ကို စိုက်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေကြသည်။ အဲဒါ တကယ် အရှင်မင်းကြီး ဟုတ်ရဲ့လား။

"အရှင်မင်းကြီးပဲ" နောက်ဆုံးတွင် အကြီးအကဲလီ ကိုယ်တိုင် အတည်ပြုလိုက်သည်။ သူ မှန်ကန်ခဲ့တယ်။ နန်းတော်တံခါးကနေ ထွက်လာတဲ့သူက တကယ် အရှင်မင်းကြီးပဲ!!

အကြီးအကဲလီ ယိုင်နဲ့သွားသည်။ သူ နဉ်ရှောင်လော့ထံသို့ လျှောက်သွားချင်သည်။

"အမတ်ချုပ်ကြီး ရောက်လာပြီ!" အကြီးအကဲလီ၏ နောက်လိုက်တစ်ဦးက အကြီးအကဲလီကို ပြန်ဆွဲထားရင်း တိုးတိုးလေး အော်လိုက်သည်။

အတားခံလိုက်ရပြီးနောက် အကြီးအကဲလီ မတ်တတ်ရပ်ပြီး ရှေ့ကို စိုက်ကြည့်လိုက်သည်။ ယခုအချိန်တွင် ရှဲ့ဝမ်ယွမ်သည် နဉ်ရှောင်လော့၏ ရှေ့တည့်တည့်၌ ရပ်နေပြီဖြစ်သည်။

"စဉ်းစားကြည့်စမ်း... မင်း သူ့လက်ထဲမှာ သေလုနီးပါးဖြစ်ခဲ့တာလေ။ လက်စားမချေချင်ဘူးလား" ယင်းဖုန်းက တုန်ရီနေသော နဉ်ရှောင်လော့ကို တိုးတိုးလေး ပြောလိုက်သည်။

တတိယသခင်လေးနဉ် - ...အဲဒါကို တွေးလိုက်ရင် ပိုကြောက်လာမှာပေါ့လို့!

"အရှင်မင်းကြီး?" ရှဲ့ဝမ်ယွမ်သည် စကားမပြောမီ နဉ်ရှောင်လော့ကို အကြိမ်ကြိမ် အကဲခတ်ကြည့်လိုက်သည်။ "မတွေ့ရတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ အရှင်မင်းကြီး တော်တော် ပိန်သွားပါလား"

နဉ်ရှောင်လော့သည် အမတ်ချုပ်ကြီးရှဲ့ကို တောင့်တင်းစွာ ရင်ဆိုင်လိုက်သည်။ သူ့မျက်နှာက အရှင်မင်းကြီးလောက် မဖောင်းတာတော့ အမှန်ပင်။

"မင်းက တကယ် အရှင်မင်းကြီး ဟုတ်လို့လား" အမတ်ချုပ်ကြီးရှဲ့က ထပ်မေးလိုက်သည်။

"ရောင့်တက်လိုက်တာ!" ယင်းဖုန်းနှင့် ကျီယွဲ့ရုံတို့ အနောက်မှထွက်လာပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့သည် ယင်းဖုန်းကို အသိအမှတ်ပင် မပြုပေ။ သူ ကျီယွဲ့ရုံကို အကဲခတ်ကြည့်ပြီး မေးလိုက်သည်။ "လိုကျစ်ကွေ့ ဘယ်မှာလဲ"

"နန်းတော်တံခါးဝမှာရှိတဲ့ ဒီတပ်တွေက ကျွန်မတို့ကို တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ သူပုန်တပ်တွေလားလို့ အမတ်ချုပ်ကြီးကို ကျွန်မက မေးရမှာ"

"မိန်းကလေးကျီ" အမတ်ချုပ်ကြီးရှဲ့၏ အကြည့်များ အေးစက်သွားပြီး ကျီယွဲ့ရုံကို စိုက်ကြည့်လိုက်သည်။ "ဒီအဘိုးကြီး သိချင်တာက မင်းတို့ အန်းယွမ်ပြည်နယ်ခြောက်ခုက လိုကျစ်ကွေ့နောက်လိုက်ပြီး ပုန်ကန်ဖို့ ဆုံးဖြတ်လိုက်ပြီလား ဆိုတာပဲ"

"ရှင် စွပ်စွဲလိုက်တာနဲ့ပဲ ကျွန်မတို့က ပုန်ကန်သူတွေ ဖြစ်သွားရောလား" ကျီယွဲ့ရုံက လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

"ဒါဆို အဲဒီအတိုင်းပဲလေ မိန်းကလေးကျီ... မင်း စွပ်စွဲလိုက်တာနဲ့ ဒီအဘိုးကြီးက ပုန်ကန်သူ ဖြစ်သွားရောလား" အမတ်ချုပ်ကြီးရှဲ့က ပြန်ပက်လိုက်သည်။

မိန်းကလေးကျီ - ...

....

"မိန်းကလေးကျီက မတော်ဘူးပဲ"

လက်ရှိတွင် နဉ်ရှောင်ယောင်းသည် နန်းတော်နံရံပေါ်မှ ချောင်းကြည့်နေသည်။ သူမ အကြီးဆုံးသခင်လေးနဉ်ကို တိုးတိုးလေး ပြောလိုက်သည်။

"သူက အမတ်ချုပ်ကြီးကို စကားနိုင်လုလို့ မရဘူး"

အကြီးဆုံးသခင်လေးနဉ် နဉ်ရှောင်ယောင်းကို ပြန်ဆွဲလိုက်သည်။ ဒီကောင်မလေး လည်ပင်းထပ်ဆန့်လိုက်ရင် သူမကိုယ်သူမ ဖော်ထုတ်မိသလို ဖြစ်သွားလိမ့်မယ်။

သူတို့ရှေ့တွင် နဉ်ရှောင်လော့က ပါးစပ်ဟလိုက်သည်။

"ကျန်း မသေဘူး။ မင်းတို့က ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ"

အမတ်ချုပ်ကြီးရှဲ့က နှာခေါင်းရှုံ့လိုက်သည်။ "အရှင်မင်းကြီးက 'ကျန်း' ဆိုတဲ့ အသုံးအနှုန်းကိုတောင် သုံးတတ်နေပြီပဲ"

နဉ်ရှောင်လော့ လန့်သွားပြန်သည်။ အရှင်မင်းကြီးက ကိုယ့်ကိုယ်ကိုယ် 'ကျန်း' လို့ မသုံးနှုန်းဘူးလား။

"ရှဲ့ဝမ်ယွမ်" အကြီးအကဲလီသည် နောက်လိုက်တစ်ဦး၏အကူအညီဖြင့် နန်းတော်တံခါးဝသို့ ရောက်အောင် လျှောက်လာနိုင်ခဲ့သည်။ သူ ရှဲ့ဝမ်ယွမ်ကို ဒေါသတကြီး ကြည့်လိုက်သည်။ "အရှင်မင်းကြီးက သိသိသာသာကြီး အဆင်ပြေနေတာပဲ! မင်းရည်ရွယ်ချက်က ဘာလဲ"

"အရှင်မင်းကြီး နတ်ရွာစံသွားပြီ" အမတ်ချုပ်ကြီးရှဲ့က စကားလုံးတစ်လုံးချင်းစီကို ပြတ်သားစွာ ပြောလိုက်သည်။

"ဘာ" နဉ်ရှောင်လော့ အော်လိုက်သည်။ "ငါ မင်းရှေ့တည့်တည့်မှာ ရပ်နေတာကို မင်းက ငါသေပြီလို့ ပြောရဲတယ်ပေါ့"

ဒီအဘိုးကြီး သေသင့်တယ်! တတိယသခင်လေးနဉ် ဒေါသထွက်သွားသည်။ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ထိ ဗြောင်လိမ်နိုင်ရတာလဲ။

အကြီးအကဲလီသည် နဉ်ရှောင်လော့၏ ရှေ့သို့ လျှောက်သွားပြီး အထက်အောက် စုန်ဆန်ကြည့်လိုက်သည်။

"သူ့ကို အဘိုးကြီးလို့ ခေါ်လိုက်" ယင်းဖုန်း နဉ်ရှောင်လော့ကို တိုးတိုးလေး ပြောလိုက်သည်။

"အဘိုးကြီး" နဉ်ရှောင်လော့ အကြီးအကဲလီကို ခံစားချက်မဲ့သော မျက်နှာဖြင့် ကြည့်လိုက်သည်။

"အရှင်မင်းကြီး... ဘာလို့လဲ" အကြီးအကဲလီ မေးချင်သည်။ အရှင်မင်းကြီး... ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက် နှိပ်စက်ရတာလဲ။ သို့သော် စဉ်းစားကြည့်လိုက်တော့ ဒါက စကားပြောဖို့ အချိန်ကောင်း မဟုတ်ပေ။ ထို့ကြောင့် အကြီးအကဲလီ အမတ်ချုပ်ကြီးရှဲ့ဘက်သို့ ပြန်လှည့်လိုက်သည်။

"မင်းက အရှင်မင်းကြီး မဟုတ်ဘူး" အမတ်ချုပ်ကြီးရှဲ့ နဉ်ရှောင်လော့ကို ကြည့်လိုက်သည်။

နဉ်ရှောင်လော့ တုန်ရီသွားသည်။ ဒီလူက ငါအတုမှန်း သိနေတာလား။

"ပေါက်ကရတွေ" အကြီးအကဲလီ ချက်ချင်း ငြင်းဆိုလိုက်သည်။

"အကြီးအကဲ" အကြီးအကဲလီ၏ ဆူပူမှုကို ခံရသော်လည်း အမတ်ချုပ်ကြီးရှဲ့ ဒေါသမထွက်ပေ။ ထိုအစား သူသည် အကြီးအကဲလီကို ဝမ်းနည်းပက်လက် ပြောလိုက်သည်။ "ဒီအဘိုးကြီးက အရှင်မင်းကြီး ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတာပါ။ ဒါက အရှင်မင်းကြီး ဟုတ်မဟုတ် ဒီအဘိုးကြီး မသိဘဲနေပါ့မလား။ ဒီအဘိုးကြီးက အရှင်မင်းကြီးရဲ့ အဘိုးလေ။ အရှင်မင်းကြီးကို ဘေးကင်းစေချင်တာပေါ့"

အကြီးအကဲလီ မျက်မှောင်ကြုတ်လိုက်သည်။ "ရှဲ့ဝမ်ယွမ်... ခင်ဗျား တကယ် ဘာလုပ်ချင်နေတာလဲ"

"ခင်ဗျားနောက်မှာ ရပ်နေတဲ့သူက အရှင်မင်းကြီး မဟုတ်ဘူး" အမတ်ချုပ်ကြီးရှဲ့ ကြေညာလိုက်သည်။

နဉ်ရှောင်လော့ တွေးလိုက်သည်။ အချိန်ရတုန်း ထွက်ပြေးလိုက်ရမလား။ ဘာမှဂရုမစိုက်ဘဲ ထွက်ပြေးလိုက်ရင် ကောင်းမလား။

"ရယ်စရာကောင်းလိုက်တာ" ကျီယွဲ့ရုံ အေးစက်စွာ ရယ်မောလိုက်သည်။ "ကျွန်မလည်း ရှင်က ရှဲ့ဝမ်ယွမ် မဟုတ်ဘူးလို့ ပြောလို့ရတယ်။ အဘိုးကြီး... ရှင့်ကိုယ်ရှင် ဘယ်သူလို့ ထင်နေလဲ။ အမတ်ချုပ်ကြီးရှဲ့အဖြစ် ဟန်ဆောင်ရဲတယ်ပေါ့"

နဉ်ရှောင်ယောင်းသည် နန်းတော်နံရံအောက်တွင် ဆောင့်ကြောင့်ထိုင်ကာ ကျောက်ခဲများ ကောက်နေသည်။ သူမ အမတ်ချုပ်ကြီးကို ကျောက်ခဲနှင့် ထုသတ်ချင်နေပြီ!

ထိုစဉ် လိုကျစ်ကွေ့နှင့် သူ့တပ်ဖွဲ့များသည် မြင်းစီးလျက် မြို့တော်ထဲသို့ ဝင်ရောက်လာကြသည်။ သူတို့ နန်းတော်ဆီသို့ အပြေးအလွှား သွားကြသည်။ လူသူကင်းမဲ့နေသော လမ်းမများပေါ်တွင် သာမန်ပြည်သူများက သူတို့ကို မြင်သောအခါ လမ်းဖယ်ပေးကြသည်။ အိမ်ပြန်စရာရှိသူများက အိမ်ပြန်ကြပြီး အိမ်မရှိသူများက ပုန်းအောင်းရန် ထွက်ပြေးကြသည်။ တိုက်ပွဲကြီး စတင်တော့မည်ဖြစ်၍ သာမန်ပြည်သူများ အလွန်ကြောက်လန့်နေကြသည်။

နန်းတော်ထဲတွင် နဉ်ရှောင်မုသည် နဉ်ရှောင်ယောင်းကို ဆွဲထူပြီး သူမလက်ထဲမှ ကျောက်ခဲများကို လွှင့်ပစ်လိုက်သည်။

"အရှင်မင်းကြီး... စိတ်မဆိုးပါနဲ့။ ဆက်ကြည့်နေပါ"

နဉ်ရှောင်ယောင်း စိတ်အနှောင့်အယှက် ဖြစ်ကြောင်း ပြသလိုက်သည်။

နန်းတော်အပြင်ဘက်တွင် အမတ်ချုပ်ကြီးရှဲ့သည် ထွက်ပြေးချင်နေသော နဉ်ရှောင်လော့ကို လက်ညှိုးထိုးပြလိုက်သည်။ သူက စွပ်စွဲလိုက်သည်။

"ဒီလူက လိုကျစ်ကွေ့ တစ်နေရာရာကနေ ရှာလာတဲ့လူပဲ။ သူက အရှင်မင်းကြီး မဟုတ်ဘူးလို့ ဒီအဘိုးကြီး ပြောရဲတယ်။ ဘာလို့လဲဆိုတော့ သူက မိန်းမ ဖြစ်နေလို့ပဲ"

အမတ်ချုပ်ကြီးရှဲ့၏ စကားကြောင့် အနီးနားရှိ လူအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

***

All Chapters