← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 19 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 19 Ch. 303-304

အခန်း ၃၀၃ ။ စစ်သေနာပတိချုပ်က ပြောတယ်... ရှဲ့ဝမ်ယွမ် သေပြီတဲ့

နဉ်ရှောင်ယောင်းသည် ထိုက်ဟွာခန်းမ၏ အဓိကအခန်းထဲတွင် ထိုင်နေသည်။ နန်းတော်တံခါးဝမှ သတ်ဖြတ်တိုက်ခိုက်သံများကို ဤနေရာမှ အထူးတလည် ကြားနေရသည်။ လောင်တနှင့် ရှောင်ပိုင်တို့သည် နဉ်ရှောင်ယောင်းနှင့်အတူ ဆိုဖာပေါ်တွင် လဲလျောင်းနေကြသည်။ ဤနှစ်ကောင်သည် အမြဲတမ်း ဆူညံနေတတ်သော်လည်း ယခုအချိန်တွင် နှစ်ကောင်လုံး တိတ်ဆိတ်နေပြီး အသက်ပြင်းပြင်းပင် မရှူရဲကြပေ။

ယိုကွမ့်သည် သူ့အရွယ်အစားခန့်ရှိသော ကြွက်ကလေးတစ်ကောင်နှင့်အတူ အခန်းထဲသို့ ပြေးဝင်လာသည်။ ယိုကွမ့်က နဉ်ရှောင်ယောင်း၏ပေါင်ပေါ်သို့ ခုန်တက်ပြီး "ရှောင်ယောင်း" ဟု တိုးတိုးလေး အော်လိုက်သည်။

နဉ်ရှောင်ယောင်း ယိုကွမ့်၏ခေါင်းကို ပွတ်ပေးလိုက်ပြီးနောက် ဆိုဖာရှေ့ရှိ ကြွက်ကလေးကို ကြည့်ကာ မေးလိုက်သည်။

"ယိုပင်း... မင်း ဒီကို ဘာလာလုပ်တာလဲ"

ယိုပင်းသည် ယိုကွမ့်လောက် နဉ်ရှောင်ယောင်းနှင့် မကြာခဏ မတွေ့ဖြစ်သော်လည်း နဉ်ရှောင်ယောင်း သူ့ကို မှတ်မိနေသည့်အတွက် ဝမ်းသာသွားသည်။ ယိုပင်းက ပျော်ရွှင်စွာ နှစ်ချက်အော်လိုက်ပြီး သတင်းပေးလိုက်သည်။

"ရှောင်ယောင်း... ငါစောစောက ပြစ်ဒဏ်ပေးခန်းမမှာ ရှိနေခဲ့တာ။ အကြီးဆုံးသခင်လေးနဉ်က ဒုတိယမင်းသားကို သတ်လိုက်တာ ငါမြင်ခဲ့တယ်!"

နဉ်ရှောင်ယောင်း ( ̄△ ̄;)

အစ်ကိုကြီးနဉ် ဘာတွေကြံစည်နေတာလဲ။

"ပြီးတော့ နင့်ရဲ့ သာ့ဖုန်းလည်း ရောက်လာတယ် ရှောင်ယောင်း" ယိုပင်းက ဆက်ပြောသည်။ "သူက ဒုတိယမင်းသားကို သတ်ဖို့ စစ်သေနာပတိချုပ်ရဲ့အမိန့်နဲ့ ရောက်လာတာ... ကျွီ~"

နဉ်ရှောင်ယောင်း မျက်နှာကို သုတ်လိုက်သည်။ "သူတို့အားလုံး ဒုတိယမင်းသားကို သတ်ချင်နေကြတာပေါ့။ ဘာလို့လဲ"

ယိုပင်းက ဤမေးခွန်းကို မဖြေနိုင်ပေ။

နဉ်ရှောင်ယောင်း မေးလိုက်သည်။ "တခြားမင်းသားတွေရော အဆင်ပြေရဲ့လား"

"အဲဒီလေးယောက်ကိုပါ သေစေချင်လား" လောင်တက ဝင်ပြောလိုက်သည်။ "ငါ ရှောင်ပိုင်ကို ခေါ်ပြီး ကိုက်သတ်ပေးမယ်"

"အာဝူး!" ရှောင်ပိုင်က မူလလဲလျောင်းနေရာမှ ထလိုက်ပြီး နဉ်ရှောင်ယောင်းကို ခေါင်းညိတ်ပြလိုက်သည်။

"သွားစမ်းပါ" နဉ်ရှောင်ယောင်း သူတို့ကို ပြန်အိပ်ခိုင်းလိုက်သည်။ "ပြဿနာမရှာနဲ့" အကြောင်းမဲ့သက်သက် သူမက ဘာလို့ သူတို့ကို သတ်ချင်ရမှာလဲ။

ထိုအချိန်တွင် သိမ်းငှက်ကလေးသည် ပြတင်းပေါက်မှတဆင့် အဓိကအခန်းထဲသို့ ပျံဝင်လာသည်။ သူက ဆိုဖာလက်ရမ်းပေါ်တွင် နားလိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"ရှောင်ယောင်း... အမြောက်တွေကို ကြောက်စရာမလိုတော့ဘူး။ အကြီးဆုံးသခင်လေးနဉ်က လူတွေကို ဦးဆောင်ပြီး နန်းတော်အပြင်ဘက်ကို တိုက်ထုတ်သွားပြီ။ ပုန်ကန်သူတွေ အမြောက်ဆန်ထည့်ထားတဲ့ သေတ္တာတွေကိုတောင် လှန်ပစ်လိုက်ကြတယ်။ ငါ့သခင်က ပြောတယ်... ယမ်းမှုန့်တွေ ရေစိုကုန်လို့ လူတွေကို ဒုက္ခမပေးနိုင်တော့ဘူးတဲ့... အာဝူး!"

"အကြီးဆုံးသခင်လေးနဉ်က အရမ်းမိုက်တာပဲ!" ယိုကွမ့် စိတ်လှုပ်ရှားစွာ အာမေဋိတ်သံ ပြုလိုက်သည်။

"စစ်သေနာပတိချုပ်က အမိုက်ဆုံးပဲ!" လောင်တ စူးစူးဝါးဝါး အော်လိုက်သည်။

"ရှောင်ယောင်း... ဘယ်သူက ပိုမိုက်တယ်လို့ ထင်လဲ" ရှောင်ပိုင်က နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

ရန်သူများ တံခါးဝရောက်နေပြီဖြစ်သော်လည်း နဉ်ရှောင်ယောင်းသည် ဤအဓိပ္ပာယ်မရှိသော ကိစ္စကို လေးလေးနက်နက် စဉ်းစားနေသေးသည်။ နောက်ဆုံးတွင် သူမ ပြန်ဖြေလိုက်သည်။ "မသိဘူး... သူတို့နှစ်ယောက် တိုက်ခိုက်တာကို ကြည့်ပြီးမှ ဆုံးဖြတ်လို့ရမယ်"

ပြောရင်းဆိုရင်း နဉ်ရှောင်ယောင်းသည် ကုတင်ပေါ်မှ ဓားတိုကို ကောက်ကိုင်လိုက်ပြီး ဒူးပေါ်တင်လိုက်သည်။ "ငါ့ကိုယ်ငါတော့ အရမ်းမိုက်တယ်လို့ ထင်တယ်"

ဓားတိုသည် ဓားအမျိုးအစားများထဲတွင် အသေးဆုံးဖြစ်သည်။ ရန်သူများကို တိုက်ခိုက်ရန်အတွက် နဉ်ရှောင်ယောင်းတွင် သင့်တော်သော လက်နက်တစ်ခုရှိစေရန် လိုကျစ်ကွေ့က အထူးရှာဖွေပေးထားခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အုတ်ခဲတစ်ချပ်ထက်စာရင် ဓားက ပိုပြီး ထိရောက်မှုရှိသည် မဟုတ်လား။ နဉ်ရှောင်ယောင်း ရွှေရောင်အိမ်ကို ခပ်ဖွဖွ ပုတ်လိုက်ပြီး သူမ၏ တိရစ္ဆာန်သူငယ်ချင်းများကို ပြောလိုက်သည်။

"ဒီပစ္စည်းက တော်တော်တန်ဖိုးရှိတယ်။ ရန်သူတွေ ဒီကို ဝင်လာရင် ဒီဓားအိမ်ကို ကူကြည့်ပေးထားနော်"

"ငါတို့က ရန်သူတွေကို တိုက်ခိုက်ရမှာလေ။ နင်က ဓားအိမ်အတွက် စိတ်ပူနေတာလား"

ယခုအချိန်တွင် လောင်တသည် နဉ်ရှောင်ယောင်းအား လုံးဝ အရူးမလေးဟု ယုံကြည်သွားပြီဖြစ်သည်။

နဉ်ရှောင်ယောင်း ရှောင်ပိုင်ကို ဖမ်းယူပြီး မျက်နှာကြက်ထုပ်တန်းပေါ်သို့ တင်ပေးလိုက်သည်။ သူမ လောင်တ၊ ယိုကွမ့်နှင့် ကျန်သူများကို လှမ်းခေါ်လိုက်သည်။ "အပေါ်တက်လာခဲ့ကြ"

ကြောင်နှင့် ကြွက်များသည် တောင်တက်ကျွမ်းကျင်သူများဖြစ်ကြပြီး သိမ်းငှက်ကလေးအတွက်မူ မေးစရာပင် မလိုပေ။ ချက်ချင်းပင် လေးကောင်စလုံး မျက်နှာကြက်ထုပ်တန်းပေါ်သို့ ရောက်ရှိသွားကြသည်။

နဉ်ရှောင်ယောင်း ဓားအိမ်ကို ထုပ်တန်းပေါ်တွင် တင်လိုက်ပြီး တိရစ္ဆာန်လေးများကို မှာကြားလိုက်သည်။

"မင်းတို့ ဒီအပေါ်မှာနေပြီး ဒါကို ကူကြည့်ပေးထားနော်။ ဘယ်လိုအခြေအနေမျိုးမှာမဆို အောက်မဆင်းလာနဲ့။ ငါ အခုတ်ခံရတာ မြင်ရင်တောင် ထွက်မလာရဘူး"

"ရှောင်ယောင်း?" ယိုကွမ့် နဉ်ရှောင်ယောင်း၏ စကားတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

"စကားနားထောင်ပြီး လိမ္မာကြနော်" နဉ်ရှောင်ယောင်း တိရစ္ဆာန်ငါးကောင်စလုံး၏ ခေါင်းကို ပုတ်ပေးပြီးနောက် မျက်နှာကြက်ထုပ်တန်းပေါ်မှ ခုန်ဆင်းလိုက်သည်။

.....

"နန်းတော်ကို ပြန်မယ်!"

အကြီးဆုံးသခင်လေးနဉ် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ သူသည် ရန်သူများကို သတ်ဖြတ်ရင်း နန်းတော်ဝင်ပေါက်တဝိုက်တွင် တိုက်ပွဲဆင်နွှဲနေခဲ့သည်။

လမ်းမကြီးအဆုံးတွင် ပုန်ကန်သူ မြင်းတပ်တစ်ဖွဲ့ နန်းတော်ဝင်ပေါက်ဆီသို့ ဝင်ရောက်လာသည်။

"လေးသည်တော်တွေ!" ဟုကော်ကုန်း မြို့ရိုးပေါ်မှ အော်ဟစ်လိုက်သည်။

မျှော်စင်အပေါက်ငယ်များတွင် နေရာယူထားသော လေးသည်တော်များသည် လေးများကို မြှောက်ပြီး မြှားများကို ဆွဲတင်လိုက်ကြသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးသည် သူတို့၏ ထူထဲကြမ်းတမ်းသော လက်များအပေါ် သက်ရောက်မှု မရှိပေ။

အဓိကအခန်း၏စင်္ကြံတွင် ရပ်နေသော နဉ်ရှောင်ယောင်းသည် နန်းတော်ဝင်ပေါက်၌ မြှားများ လေကိုခွင်းသွားသံများကို ကြားနေရသည်။

သိမ်းငှက်ကလေးသည် နဉ်ရှောင်ယောင်း၏ ပခုံးပေါ်သို့ ပျံသန်းလာပြီး နားလိုက်သည်။ သူ တိတ်ဆိတ်နေပြီး နဉ်ရှောင်ယောင်း၏မျက်နှာကို ခေါင်းဖြင့် ပွတ်သပ်ပေးလိုက်သည်။

"ထုပ်တန်းပေါ်မှာ ငြိမ်ငြိမ်မနေနိုင်ရင် ငါ့အတွက် စစ်သေနာပတိချုပ်ကို သွားရှာပေးပါလား သိမ်းငှက်လေး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ရှောင်မိုက်ကို စစ်သေနာပတိချုပ်နောက် လိုက်ခိုင်းလိုက်ပေမဲ့ ရှောင်မိုက်က ငါ့ဆီ ပြန်မလာသေးဘူး"

သိမ်းငှက်ကလေးက အတည်ပြုလိုက်သည်။ "စစ်သေနာပတိချုပ် အဆင်ပြေမပြေ သွားကြည့်ခိုင်းတာလား"

"သူ အမတ်ချုပ်ကြီးကို ဖမ်းမိပြီလား သွားကြည့်ပေးပါ" နဉ်ရှောင်ယောင်း ပြန်ဖြေလိုက်သည်။

"အင်း... ကောင်းပြီ၊ နားလည်ပါပြီ" သိမ်းငှက်ကလေး အတောင်ပံဖြန့်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

အမတ်ချုပ်ကြီးကို ဖမ်းမိမှဖြစ်မယ်! နဉ်ရှောင်ယောင်း နားကို အုပ်ထားလိုက်သည်။ မဟုတ်ရင် ဒီလူတွေအကုန်လုံး အလကားသေကုန်ကြမှာ!

....

မြို့တော်အနောက်ဘက်မှ ထွက်ခွာသော လမ်းမပေါ်တွင် လိုကျစ်ကွေ့သည် မြင်းတပ်ဖွဲ့တစ်ခု၏ ရှေ့ဆုံးမှ ဦးဆောင်နေစဉ် ရုတ်တရက် မြင်းကို ရပ်လိုက်သည်။

ရှန်မူသည် လိုကျစ်ကွေ့ကို ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်သည်။

လိုကျစ်ကွေ့ မြင်းပေါ်မှဆင်းပြီး မြင်းလှည်းတစ်စီးဆီသို့ လျှောက်သွားလိုက်သည်။ လူတစ်ယောက် မြင်းလှည်းရှေ့တွင် ဒူးထောက်နေသည်။ ရှန်မူ ရှေ့တိုးသွားပြီး ထိုလူကို ခြေထောက်ဖြင့် ကန်ချလိုက်သည်။

ထိုလူ မြေကြီးပေါ်တွင် လဲကျသွားသည်။ သူ အသနားမခံဘဲ မျှော်လင့်ချက်မဲ့နေသော ပုံစံဖြင့် ငြိမ်သက်နေသည်။

လိုကျစ်ကွေ့သည် ဓားလက်ကိုင်ရိုးပေါ် လက်တင်ထားရင်း ထိုလူကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

ထိုလူသည် အမတ်ချုပ်ကြီးရှဲ့နှင့် ရွယ်တူခန့်ရှိပြီး ခန္ဓာကိုယ်အချိုးအစားလည်း တူညီသည်။ မျက်နှာပုံသဏ္ဍာန်နှင့် အသွင်အပြင်များပင်လျှင် အမတ်ချုပ်ကြီးရှဲ့နှင့် ဆင်တူနေသည်။

"မိုးရွာနေတာရယ်၊ ကျွန်တော်တို့နဲ့ အရမ်းဝေးနေတာရယ်ကြောင့်ပါ" ရှန်မူ ခါးသီးစွာ ရှင်းပြသည်။ "ကျွန်တော်တို့က ဒါ ရှဲ့ဝမ်ယွမ်လို့ ထင်လိုက်တာ။ ဒါပေမဲ့ ဒီကောင်က ကိုယ်ပွားဖြစ်နေတယ်!"

လိုကျစ်ကွေ့ မြေကြီးပေါ်မှ အခြားအလောင်းများကို ဝေ့ကြည့်လိုက်သည်။ ဤလူများအားလုံးသည် ရှဲ့ဝမ်ယွမ်၏ ကိုယ်ရံတော်များ ဖြစ်ကြသည်။ နှစ်ပေါင်းများစွာ သူ၏ ယုံကြည်ရသော လက်ရုံးများအဖြစ် လေ့ကျင့်ပေးထားခဲ့ခြင်းဖြစ်သည်။ သို့သော် ရှဲ့ဝမ်ယွမ်က သူတို့ကို တစ်ခါသုံးပစ္စည်းများသဖွယ် အသုံးပြုခဲ့သည်။

"စစ်သေနာပတိချုပ်... ဆက်လိုက်ကြမလား" ရှန်မူ စိုးရိမ်တကြီး မေးလိုက်သည်။

"ရှဲ့ဝမ်ယွမ်က ဒီကိုယ်ပွားထက် ပိုမြန်မြန် မသွားနိုင်ပါဘူး" လိုကျစ်ကွေ့ ရေရွတ်လိုက်သည်။

"ဒါဆို... ဒါဆို အဲဒီအဘိုးကြီး အနောက်ဘက်တံခါးမှာ မရှိဘူးပေါ့"

"မရှိလောက်ဘူး" လိုကျစ်ကွေ့ မြေကြီးပေါ်မှ ကိုယ်ပွားကို လှည့်ကြည့်လိုက်သည်။

ကိုယ်ပွားသည် မလှုပ်မယှက် လဲလျောင်းနေပြီး မျက်လုံးများ ပြူးကျယ်စွာဖြင့် ကောင်းကင်ကို စိုက်ကြည့်နေသည်။ သူ သေချင်ယောင်ဆောင်နေခြင်းဖြစ်သည်။

ရှန်မူ မြင်းခွာသံများ ကြားလိုက်ရသဖြင့် လိုကျစ်ကွေ့၏အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ တိုးတိုးလေး ပြောလိုက်သည်။

"စစ်သူကြီးရွှီ ရောက်လာပြီ"

ရွှီကျင်း ထိုနေရာသို့ ရောက်သောအခါ မြင်းပေါ်မှ ဆင်းလိုက်သည်။ သူ လိုကျစ်ကွေ့ထံသို့ လျှောက်သွားပြီး ကိုယ်ပွားကိုစစ်ဆေးရင်း အခြေအနေကို မေးမြန်းလိုက်သည်။

"သူ ထွက်ပြေးသွားပြီ" လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။

ရွှီကျင်းသည် မြေကြီးပေါ်မှ ကိုယ်ပွားကို ကြည့်လိုက်သောအခါ မျက်နှာဖြူဖျော့သွားသည်။ သူ့မူလအစီအစဉ်မှာ အမတ်ချုပ်ကြီးရှဲ့၏ဘေးတွင်နေပြီး သူလျှိုလုပ်ရန် ဖြစ်သည်။ သို့သော် အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားပြီးနောက် အမတ်ချုပ်ကြီးရှဲ့သည် ဧကရာဇ်သေဆုံးကြောင်း အတည်မပြုနိုင်ဘဲ မြို့တော်မှ ထွက်ပြေးသွားခဲ့သည်။ စစ်ပွဲ ချက်ချင်း ဖြစ်ပွားလာသဖြင့် သူလျှိုအစီအစဉ်ကို စွန့်လွှတ်လိုက်ရသည်။ ရှဲ့ဝမ်ယွမ်သည် သူပုန်ကန်ရသည့် အကြောင်းပြချက်ကို ရှာမတွေ့တော့ဘဲ ပုန်ကန်တပ်များ တွန့်ဆုတ်လာသဖြင့် သူတို့သည် ဤအကျိုးရှိသော အခြေအနေကို အခွင့်ကောင်းယူကာ အမတ်ချုပ်ကြီး၏ တပ်ဖွဲ့များကို တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ယခု ရှဲ့ဝမ်ယွမ် ထွက်ပြေးသွားပြီဖြစ်၍ စစ်သူကြီးရွှီ စိုးရိမ်ပူပန်နေသည်။

"လက်ရှိမှာ စစ်တပ်အင်အား သောင်းနဲ့ချီပြီး အပြန်အလှန် သေလုမျောပါး တိုက်ခိုက်နေကြတယ်" လိုကျစ်ကွေ့ သုံးသပ်ပြလိုက်သည်။ "ဒါ့အပြင် မြို့တော်အပြင်ဘက်မှာ ခိုလှုံနေကြတဲ့ သာမန်ပြည်သူတွေ အများကြီးရှိတယ်။ ရှဲ့ဝမ်ယွမ်သာ ရုပ်ဖျက်ပြီး အဲဒီလူတွေကြားထဲ ရောနှောသွားရင် သူ့ကိုရှာဖို့ အရမ်းခက်ခဲလိမ့်မယ်"

"ဒါဆို ရှာတာ ရပ်လိုက်တော့မလား" ရွှီကျင်း လိုကျစ်ကွေ့ကို စိုက်ကြည့်လိုက်သည်။ "ရှဲ့ဝမ်ယွမ်ကို လွှတ်ပေးလိုက်ရင် ဘာဖြစ်မလဲဆိုတာ မင်းသိပါတယ်"

"ကျွန်တော် သိပါတယ်" လိုကျစ်ကွေ့ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အခု ဒေါသထွက်နေလို့ အလကားပဲ။ ဦးလေး စိတ်လျှော့ပါ"

စစ်သူကြီးရွှီ မိုးရေထဲတွင် ခေတ္တမျှ ရပ်နေလိုက်သည်။ ထို့နောက် ကိုယ်ပွားကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီလူက ဘယ်သူလဲ"

"ကျွန်တော်တို့ မြို့ရဲ့ တောင်ဘက်၊ မြောက်ဘက်နဲ့ အရှေ့ဘက် လမ်းတွေမှာ တပ်တွေချထားတယ်" လိုကျစ်ကွေ့သည် ကိုယ်ပွား၏အထောက်အထားကို လုံးဝ ဂရုမစိုက်ပေ။ သူ ရွှီကျင်းကို ပြောလိုက်သည်။ "ကျွန်တော်တို့ ရှဲ့ဝမ်ယွမ်ကို မရှာတွေ့ရင်တောင် သူ သေဘေးကနေ လွတ်မယ်လို့ မဆိုလိုပါဘူး"

ရွှီကျင်း လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ လိုကျစ်ကွေ့သည် ပုံမှန်အတိုင်းပင်ဖြစ်နေပြီး သူ့မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင်မရှိပေ။

"သူ့ကို သတ်လိုက်" လိုကျစ်ကွေ့ ရှန်မူကို အမိန့်ပေးလိုက်သည်။

ရှန်မူ ခဏတာ ကြောင်အသွားသည်။ သတိပြန်ဝင်လာသောအခါ သူ့ဓားကို ဝှေ့ယမ်းပြီး ကိုယ်ပွား၏ ခေါင်းကို ဖြတ်လိုက်သည်။

ကိုယ်ပွား၏ ခေါင်းပြတ်နေသော လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။

"ဒီလူရဲ့ ခေါင်းနဲ့ ဒီကိုယ်ရံတော်တွေရဲ့ခေါင်းတွေကို ယူသွားပြီး မြို့တံခါးလေးခုလုံးမှာ အလှည့်ကျ ချိတ်ဆွဲထားလိုက်" လိုကျစ်ကွေ့ အမိန့်ပေးလိုက်သည်။ "ရှဲ့ဝမ်ယွမ် သေပြီ"

ရှန်မူ သူကိုင်ထားသော ခေါင်းကို တစ်ချက်ကြည့်လိုက်သည်။

ရွှီကျင်း လန့်သွားပြီးမှ နောက်ဆုံးတွင် သဘောပေါက်သွားသည်။ "ဟုတ်တာပဲ။ ဒါက ရှဲ့ဝမ်ယွမ်ရဲ့ ခေါင်းပဲ!"

ရှဲ့ဝမ်ယွမ် သေပြီဆိုတာ ကြားလိုက်ရရင် ပုန်ကန်တပ်ဖွဲ့ဝင် ဘယ်နှယောက်က မြို့တော်ထဲမှာ အသက်စွန့်ပြီး ဆက်တိုက်ချင်စိတ် ရှိဦးမှာလဲ။ ရှဲ့ဝမ်ယွမ် ရှုံးနိမ့်ခြင်းကို လက်မခံချင်ရင် သူ မသေကြောင်း သက်သေပြဖို့ ကိုယ်တိုင်ထွက်လာရလိမ့်မယ်။ အဲဒီကျရင် အဲဒီအဘိုးကြီးကို ချက်ချင်း ရှာတွေ့နိုင်မှာပေါ့။

"ငှက်တစ်ကောင်တည်းအတွက် ကျောက်ခဲနှစ်လုံး ပစ်လိုက်တာပဲ" စစ်သူကြီးရွှီ လိုကျစ်ကွေ့၏ပခုံးကို ပုတ်လိုက်သည်။ (စာရေးသူ - စကားပုံမှားနေတယ် ထင်တယ်နော်...)

"ကတုံး" လိုကျစ်ကွေ့ ရှန်မူ၏ နာမည်ပြောင်ကို ခေါ်လိုက်သည်။

ရှန်မူသည် ကိုယ်ရံတော်များ၏အလောင်းများမှ ခေါင်းများကို ဖြတ်ယူရန် စစ်သည်များကို အလျင်အမြန် ညွှန်ကြားလိုက်သည်။

.....

တစ်နာရီကြာသောအခါ အမတ်ချုပ်ကြီးရှဲ့ အနောက်ဘက်လမ်းတွင် သေဆုံးသွားပြီဟူသော သတင်းသည် မြို့တော်တစ်ခုလုံးနှင့် မြို့ပြင်အထိ ပျံ့နှံ့သွားသည်။

မြို့၏ အရှေ့ဘက် ဆင်ခြေဖုံးရှိ လယ်တောအိမ်ငယ်လေးတစ်ခုတွင် အစောင့်တစ်ဦးသည် ဝင်းတံခါးဝသို့ ပြေးလာပြီး လှေကားထစ်များပေါ်တွင် ဒူးထောက်လိုက်သည်။ စင်္ကြံတွင် ရပ်နေသော လူကို လှမ်းခေါ်လိုက်သည်။

"အမတ်ချုပ်ကြီး"

အမတ်ချုပ်ကြီးရှဲ့သည် လက်ရှိတွင် သာမန်မြေပိုင်ရှင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ခေါင်းပေါင်း ပေါင်းထားသည်။ နန်းတွင်း၌ မိုးခေါ်လေခေါ်လုပ်နိုင်ခဲ့သော သူသည် ယခုအခါ မြေးများနှင့်ကစားပြီး အေးချမ်းစွာနေထိုင်လေ့ရှိသော သာမန် ကျေးလက်ပညာရှိကြီးတစ်ဦးနှင့် တူနေသည်။

ရွှီယိမင်သည် အမတ်ချုပ်ကြီးရှဲ့၏ဘေးတွင် ရပ်နေသည်။ သူ မေးလိုက်သည်။

"အပြင်က အခြေအနေ ဘယ်လိုလဲ"

အစောင့်က သတင်းပို့သည်။ "လိုကျစ်ကွေ့က လူတစ်ယောက်ရဲ့ ခေါင်းကို သယ်ပြီး လျှောက်သွားခိုင်းနေပါတယ်။ သူ... သူပြောတာက အမတ်ချုပ်ကြီး သေ... သေပြီတဲ့"

အမတ်ချုပ်ကြီးရှဲ့ လက်ဝှေ့ယမ်းပြီး အစောင့်ကို ထွက်သွားခိုင်းလိုက်သည်။

အစောင့် ဝင်းထဲမှ ထွက်သွားသောအခါ ရွှီယိမင် စိုးရိမ်တကြီး အာမေဋိတ်သံ ပြုလိုက်သည်။

"အမတ်ချုပ်ကြီး... နေမလား၊ သွားမလား တစ်ခုခုဆုံးဖြတ်မှဖြစ်ပါမယ်!"

"ငါတို့ ထွက်သွားရင် တပ်ဖွဲ့ဝင် သောင်းနဲ့ချီပြီး အသတ်ခံရလိမ့်မယ်" အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။ "ငါတို့ ဒီမှာနေရင် ဒီအဘိုးကြီးနဲ့ နဉ်ယွီ တိုက်ပွဲဝင်နိုင်သေးတယ်"

"ဒါဆို အမတ်ချုပ်ကြီးရဲ့ ဆုံးဖြတ်ချက်က ဘာလဲ" ရွှီယိမင် မေးလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့သည် စင်္ကြံပေါ်တွင် ချိတ်ထားသော ငှက်လှောင်အိမ်ကို ဖွဖွလေး တွန်းလိုက်သည်။ လှောင်အိမ်ထဲတွင် အဝါရောင်ငှက်ကလေး အတောင်ပံခတ်ပြီး ကျယ်လောင်စွာ အော်မြည်နေသည်။

"အမတ်ချုပ်ကြီး... အချိန်သိပ်မကျန်တော့ဘူး" ရွှီယိမင် အမတ်ချုပ်ကြီးရှဲ့ကို တိုက်တွန်းလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့ လက်လှမ်းလိုက်ပြီး လှောင်အိမ်ထဲမှ ငှက်ကလေးနှင့် ဆော့ကစားနေသည်။

ရွှီယိမင် စိုးရိမ်နေသော်လည်း အမတ်ချုပ်ကြီးရှဲ့ကို ဒုတိယအကြိမ် ထပ်မတိုက်တွန်းရဲတော့ပေ။

ထိုအချိန်တွင် အခြားအစောင့်တစ်ဦး ဝင်းထဲသို့ ပြေးလာပြီး လှေကားထစ်များပေါ်တွင် ဒူးထောက်လိုက်သည်။ သူ အမတ်ချုပ်ကြီးရှဲ့ကို သတင်းပို့လိုက်သည်။

"အမတ်ချုပ်ကြီး... မြို့တော်ကနေ သတင်းရပါတယ်။ ဒုတိယမင်းသား နတ်ရွာစံသွားပါပြီတဲ့။ နဂါးအစောင့်တပ်မှူးချုပ် ယင်းယွီက လူတွေကို ဦးဆောင်ပြီး ဒုတိယမင်းသားရဲ့အိမ်တော်ကို သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းထွက်လာတာက အမတ်ချုပ်ကြီး... အမတ်ချုပ်ကြီးက ဒုတိယမင်းသားအိမ်တော်က လူတိုင်းကို သတ်ပစ်ဖို့ အမိန့်ပေးလိုက်တာပါတဲ့"

အမတ်ချုပ်ကြီးရှဲ့၏လက်ချောင်း ငွေရောင်ငှက်လှောင်အိမ်ပေါ်မှ လျှောကျသွားသည်။

အစောင့်သည် သူ့သခင်ကို မကြည့်ရဲပေ။ ခေါင်းငုံ့လျက် ဆက်ပြောသည်။

"ဒုတိယမင်းသားဘက်က လူတွေအများကြီးလည်း သေဆုံးကုန်ပါပြီ။ အမတ်ချုပ်ကြီးက သူတို့ကို သတ်ဖို့ လူလွှတ်လိုက်တယ်လို့ သတင်းထွက်နေပါတယ်"

"နဉ်ဟော့... အဲဒီ အသုံးမကျတဲ့ အမှိုက်ကောင်!" အမတ်ချုပ်ကြီးရှဲ့ တိုးတိုးလေး ကျိန်ဆဲလိုက်သည်။

ရွှီယိမင်၏မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့သွားသည်။ သူ တိုးတိုးလေး ပြောလိုက်သည်။

"အရှင်မင်းကြီးက အမတ်ချုပ်ကြီးနဲ့ ဒုတိယမင်းသားတို့ ထီးနန်းသိမ်းပိုက်ဖို့ စီစဉ်ထားတာကို သိသွားပြီလား"

"ဒီအဘိုးကြီးက မြို့သိမ်းတိုက်ပွဲသုံး အမြောက်တွေကို ဒုတိယမင်းသားရဲ့အိမ်တော်ထဲမှာ ထားခဲ့တာ" အမတ်ချုပ်ကြီးရှဲ့၏လေသံ အေးစက်နေသည်။ "အခုတော့ အဲဒါတွေ အလကားဖြစ်သွားပြီ"

ရွှီယိမင် လန့်ဖျပ်သွားပြီး သူ့သခင်ကို ငေးကြည့်နေမိသည်။ မြို့သိမ်းတိုက်ပွဲသုံး အမြောက်တွေ?

"အမတ်ချုပ်ကြီးရဲ့အိမ်တော်ကို သေချာပေါက် ရှာဖွေကြလိမ့်မယ်" အမတ်ချုပ်ကြီးရှဲ့ လက်ကို နောက်ပစ်လိုက်သည်။ "နဉ်ယွီက ဒီအဘိုးကြီးရဲ့ နောက်လိုက်တွေကိုလည်း လွှတ်ပေးမှာ မဟုတ်ဘူး။ အပြင်ပန်းကြည့်ရင် ဒီအဘိုးကြီးနဲ့ နဉ်ဟော့က ဘယ်တုန်းကမှ အဆက်အသွယ် မရှိခဲ့ဘူး။ ငါတို့နှစ်ယောက်စလုံး ထီးနန်းလိုချင်နေကြတော့ ရန်သူတွေလို့တောင် ထင်ရတယ်။ နဉ်ဟော့ရဲ့အိမ်တော်ထဲမှာ အမြောက်တွေ ဝှက်ထားတာ အဆင်ပြေသင့်တာပဲ"

ရွှီယိမင် အချိန်အတော်ကြာ ကြောင်အသွားသည်။ နောက်ဆုံးတွင် သူ မေးလိုက်သည်။

"ဒါဆို ဒုတိယမင်းသားအကြောင်း အရှင်မင်းကြီး ဘယ်လိုသိသွားတာလဲ..."

အမတ်ချုပ်ကြီးရှဲ့ လက်ကာပြပြီး ရွှီယိမင်ကို စကားဆက်မပြောစေတော့ပေ။ သူ အရာအားလုံးကို စာဖြင့်သာ ဆက်သွယ်ခဲ့သည်။ စကားဖြင့် ပြောဆိုခဲ့ခြင်း မရှိပေ။ နဉ်ယွီက သူ့အစီအစဉ်ကို ဘယ်လိုသိသွားတာလဲ။ ဘယ်နေရာမှာ မှားသွားတာလဲ။

(စာရေးသူ - ဒုတိယမင်းသားက ကြောင်ကုတ်ခံရလို့ ဖော်ထုတ်ခံလိုက်ရတာ။ အမတ်ချုပ်ကြီး... ခင်ဗျား ယုံပါ့မလား။ o(╯□╰)o)

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၀၄ ။ နိုင်ငံတော် အေးချမ်းဖို့ မြို့တော်ကို မီးရှို့ခြင်း

"ဒီအဘိုးကြီး အမှားကြီးတစ်ခု လုပ်မိပြီ" အမတ်ချုပ်ကြီးရှဲ့က သူ့အကြံပေးကို တိုးတိုးလေး ပြောလိုက်သည်။

ရွှီယိမင်က အမတ်ချုပ်ကြီးရှဲ့ကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။ "အမတ်ချုပ်ကြီး... နိုင်ခြင်း ရှုံးခြင်းဆိုတာ ခဏတာပါပဲ"

အမတ်ချုပ်ကြီးရှဲ့က လက်ဝှေ့ယမ်းလိုက်သည်။

"ဒါက နဉ်ယွီ လိုချင်တဲ့အရာ ဖြစ်လောက်တယ်။ မြို့ရိုးတစ်ခုနဲ့လဲပြီး မြို့တော်တစ်ခုလုံးနဲ့ အနီးအနားတဝိုက် အေးချမ်းဖို့ပေါ့"

"အရှင်မင်းကြီးကလေ... သူက..."

"နိုင်ငံတော် အေးချမ်းဖို့ မြို့တော်ကို မီးရှို့လိုက်တာ" အမတ်ချုပ်ကြီးရှဲ့ ငှက်လှောင်အိမ်ကို ပြင်းပြင်းထန်ထန် တွန်းလိုက်သည်။ အထဲမှ ငှက် ဝမ်းနည်းပက်လက် အော်မြည်လိုက်သည်။

"အမတ်ချုပ်ကြီးက အရှင်မင်းကြီးကို ဘာလို့ အတုဆိုပြီး သတ်မှတ်လိုက်တာလဲ" ရွှီယိမင် ဘယ်လောက်ပဲ စဉ်းစားစဉ်းစား အဖြေရှာမရပေ။ အရှင်မင်းကြီးကို မိန်းကလေးပါလို့ စွပ်စွဲတာက အရမ်းမိုက်မဲလွန်းတဲ့ ဆင်ခြေပဲ။ ဒီစကားလုံးတွေ သူ့သခင်ဆီက ထွက်လာတာကို ရွှီယိမင် မယုံနိုင်အောင် ဖြစ်နေသည်။

"မမေးနဲ့" အမတ်ချုပ်ကြီးရှဲ့ လက်ဝှေ့ယမ်းပြီး ငြင်းပယ်လိုက်သည်။ "သွားကြစို့"

အကြံပေးရွှီ၏ ကျောရိုးတလျှောက် စိမ့်တက်သွားပြီး တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။

အမတ်ချုပ်ကြီးသည် တပ်ဖွဲ့ဝင် ၇၀,၀၀၀ နီးပါးကို စွန့်လွှတ်တော့မည်။ မြို့တော်နှင့် အနီးအနားတဝိုက်တွင် နှစ်ပေါင်းများစွာ သူတည်ဆောက်ခဲ့သော ပိုင်ဆိုင်မှုများအားလုံးကိုလည်း စွန့်လွှတ်တော့မည်။

အမတ်ချုပ်ကြီးရှဲ့ လှေကားထစ်များပေါ်မှ ဆင်းလာသောအခါ သည်းထန်စွာ ရွာသွန်းနေသော မိုးက သူ့ကို ခေါင်းမှခြေဖျားအထိ စိုရွှဲသွားစေသည်။ အမတ်ချုပ်ကြီးရှဲ့သည် 'နဉ်ယွီ' ဟူသော နာမည်ကို စိတ်ထဲတွင် တိတ်ဆိတ်စွာ တွေးတောနေမိသည်။ ဒီလိုနေ့မျိုး ရောက်လာမယ်မှန်းသာသိခဲ့ရင် အဲဒီကလေးမလေး မွေးကတည်းက ရှင်းပစ်ခဲ့မှာ။

မြို့တော်၏ အရှေ့ဘက် ဆင်ခြေဖုံးသို့ သွားသော လမ်းမကြီးပေါ်တွင် ရွှီဖေးယွီသည် သူ့လူများ မြင်းလှည်းအုပ်စုတစ်စုကို တားဆီးပြီး စစ်ဆေးနေသည်ကို ကြည့်နေသည်။ စစ်ဆေးပြီးသွားသောအခါ သူ မေးလိုက်သည်။

"ဘယ်လိုလဲ"

ဒုတိယစစ်သူကြီးက ရွှီဖေးယွီထံ အပြေးသွားပြီး သတင်းပို့လိုက်သည်။ "ရှဲ့ဝမ်ယွမ် ဒီအုပ်စုထဲမှာ မပါပါဘူး"

ရွှီဖေးယွီသည် သားငယ်လေးကို ပွေ့ချီထားသော သခင်မလော် ရှေ့သို့ လျှောက်သွားလိုက်သည်။

"တတိယသခင်မလေး... မတွေ့တာ ကြာပြီနော်"

သခင်မလော်သည် သားလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။

"ငါ့... ငါ့ဆီက ဘာလိုချင်လို့လဲ"

ရွှီဖေးယွီသည် အရပ်ရှည်ပြီး ချောမောသော လူငယ်တစ်ဦးဖြစ်သည်။ တောက်ပသော မျက်လုံးများနှင့် ဖြောင့်စင်းသော မျက်ခုံးများ ရှိသည်။ သခင်မလော်၏ မေးခွန်းကို ကြားသောအခါ သူ အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။

"ရှဲ့ဝမ်ယွမ် ဘယ်မှာလဲ"

သခင်မလော် ခေါင်းခါလိုက်သည်။

ရွှီဖေးယွီသည် သူ့ဘေးနားရှိ မြင်းလှည်းလိုက်ကာကို မ,တင်လိုက်သည်။ မြင်းလှည်းအတွင်းပိုင်းသည် မှတ်မိနိုင်စွမ်း မရှိတော့လောက်အောင် ပြောင်းလဲနေသည်။ ရှဲ့အန်းရှီသည် သေတာထက်ဆိုးသော ဒုက္ခကို ခံစားနေရသည်။ သူ "အ... အ..." ဟုသာ အော်ဟစ်နိုင်တော့သည်။ လည်ချောင်းမီးလောင်ထားသော ဒဏ်ရာက ဆိုးရွားလွန်းသဖြင့် လူသံနှင့်ပင် မတူတော့ပေ။

"မသိဘူး... အမတ်ချုပ်ကြီး ဘယ်မှာလဲဆိုတာ ကျွန်မ တကယ်မသိဘူး" သခင်မလော် တိုးတိုးလေး ပြောလိုက်သည်။ မိုးရေများ မျက်နှာပေါ်မှ စီးကျနေသဖြင့် သူမ ငိုနေသည် ဟုတ်မဟုတ် ဘေးလူများ ခွဲခြားမရနိုင်ပေ။

ရွှီဖေးယွီ မြင်းလှည်းလိုက်ကာကို လွှတ်ချလိုက်ပြီး အနောက်မှ ဒုတိယစစ်သူကြီးကို အမိန့်ပေးလိုက်သည်။

"နောက်တစ်ခေါက် ထပ်ရှာ"

ထို့ကြောင့် စစ်သည်များသည် ယာဉ်တန်း၏ ထိပ်နှင့်အဆုံး နှစ်ဖက်စလုံးမှ အလယ်သို့ ဦးတည်ပြီး နောက်တစ်ကြိမ် ထပ်မံရှာဖွေကြပြန်သည်။ ရံဖန်ရံခါ ယာဉ်တန်းထဲမှ အမျိုးသမီးများ၏ ငိုသံများ ထွက်ပေါ်လာသည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ဒုက္ခရောက်ချိန်တွင် အားလုံး သနားစဖွယ် ကောင်းနေကြသည်။

သခင်မလော်၏ သားငယ်လေးသည် သူမ၏ ရင်ခွင်ထဲတွင် ရှိုက်ငိုနေသည်။ သူမ သူ့ကို ပွေ့ဖက်ပြီး နောက်ဆုတ်လိုက်သည်။ ရွှီဖေးယွီရှေ့တွင် သားဖြစ်သူကို ချော့မြှူရန်ပင် မရဲပေ။

ရွှီဖေးယွီ ခပ်လှမ်းလှမ်းတွင် ရပ်နေသည်။

ဒီတစ်ခါတွင် စစ်သည်များသည် ရှာဖွေရန်အတွက် မြင်းလှည်းများကို ဖြုတ်ချလိုက်ကြသည်။ လူပုန်းနိုင်မည့် နေရာတစ်ခုမျှ လွတ်မသွားစေရန် ဂရုစိုက်ကြသည်။ တစ်နာရီခန့်ကြာပြီးနောက် ရှာဖွေမှု ပြီးဆုံးသွားသည်။

ရှဲ့အန်းကျီ၏ မယားငယ်တစ်ဦး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ စစ်သည်များ ထိတွေ့လိုက်သဖြင့် ဖြစ်နိုင်သည်။ သူမသည် ဝိုင်းထားသော စစ်သည်များကို တွန်းထုတ်ပြီး ယာဉ်တန်းတစ်လျှောက် ပြေးထွက်သွားသည်။

စစ်သည်တစ်ဦး သူမနောက်သို့ လိုက်သွားသည်။ လက်ထဲမှ လှံရှည်ဖြင့် ထိုးလိုက်ရာ မယားငယ်၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားသည်။

မယားငယ်၏အလောင်း မြေကြီးပေါ်သို့ ပြုတ်ကျသွားချိန်တွင် အော်ဟစ်သံများ ရပ်တန့်သွားသည်။ သို့သော် စက္ကန့်ပိုင်းအကြာတွင် ပို၍ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဒုတိယစစ်သူကြီး ရွှီဖေးယွီထံ ပြေးလာပြီး တိုးတိုးလေး သတင်းပို့သည်။ "အကုန်ရှာပြီးပြီ။ ရှဲ့ဝမ်ယွမ် မရှိဘူး"

ရွှီဖေးယွီ မြင်းလှည်းကို လက်ဖြင့် ထုလိုက်သည်။ "ဒီလူတွေ အကုန်လုံးကို ရှင်းပစ်လိုက်"

ဒုတိယစစ်သူကြီး ကြောက်လန့်သွားသည်။ "အရှင်မင်းကြီးကို အရင်အသိမပေးဘဲ ရှဲ့မိသားစုဝင်တွေကို တိုက်ရိုက်သတ်လို့ ရပါ့မလား"

"ပုန်ကန်တဲ့သူတွေအတွက် ဆွေမျိုးကိုးဆက် သုတ်သင်ရမယ်" ရွှီဖေးယွီ ဟိန်းဟောက်လိုက်သည်။ "အရှင်မင်းကြီးက ဘာကိစ္စ သူတို့ကို အရှင်ထားချင်ရမှာလဲ။ သတ်!"

ဒုတိယစစ်သူကြီး အမိန့်ကို လက်ခံလိုက်သည်။ သူ စစ်သည်များဘက်သို့ လှည့်ပြီး လက်ဖြင့် လည်ပင်းဖြတ်သည့်အမူအရာ လုပ်ပြလိုက်သည်။

ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ၏ အစပင်။

သခင်မလော်သည် သားဖြစ်သူနှင့်အတူ ထွက်ပြေးရန် ကြိုးစားသောအခါ စစ်သည်တစ်ဦးက သူမကို ကန်ချလိုက်သည်။ မြို့တော်ဘက်မှ မြင်းခွာသံများ ကြားလိုက်ရသည်။ ဖေ့ယင်နှင့် သူ့မြင်းတပ်ဖွဲ့သည် ရွှီဖေးယွီထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။

"အမတ်မင်းဖေ့?" ရွှီဖေးယွီသည် ဖေ့ယင် မြင်းရပ်တန့်နိုင်စေရန် ဇက်ကြိုးကို ကူဆွဲပေးလိုက်သည်။

ဖေ့ယင် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ရေဝပ်နေသော မြေပြင်ပေါ်သို့ ရေတစ်စက်မျှ မစင်စေဘဲ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။

"အမတ်မင်းဖေ့ ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ" ရွှီဖေးယွီသည် ဇက်ကြိုးကို ဘေးမှစစ်သည်ထံ ပေးလိုက်သည်။

ဖေ့ယင် မြေကြီးပေါ်မှ အလောင်းများကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။ "စစ်သေနာပတိချုပ်လိုဆီက သတင်းရထားတယ်။ ရှဲ့ဝမ်ယွမ်က အခု အရှေ့ဘက် ဆင်ခြေဖုံးမှာရှိနေတယ်တဲ့"

စစ်သူကြီးရွှီ ခေါင်းခါလိုက်သည်။ "ရှဲ့ဝမ်ယွမ်ကလွဲရင် ရှဲ့မိသားစုဝင်တွေအကုန် ဒီမှာရှိတယ်။ ဪ... ဟုတ်သားပဲ၊ လက်ထောက် ရွှီယိမင်လည်း မရှိဘူး"

"အရှေ့ဘက်ဆင်ခြေဖုံး လယ်တောဧရိယာမှာ ရွာတွေ အများကြီးရှိတယ်။ ရှဲ့ဝမ်ယွမ် ဒီမှာမရှိရင် ကျွန်တော် လူတွေခေါ်ပြီး အဲဒီရွာတွေကို သွားရှာလိုက်မယ်။ ဒီကကိစ္စတွေကိုတော့ စစ်သူကြီးရွှီကိုပဲ ဒုက္ခပေးရတော့မယ်" ဖေ့ယင် ကြာကြာမနေပေ။ ရွှီဖေးယွီကို မှာကြားပြီးနောက် မြင်းပေါ်တက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

"ဒုသခင်လေး" သခင်မလော် မြေကြီးပေါ်တွင် ဒူးထောက်လျက် အော်ခေါ်လိုက်သည်။

ဖေ့ယင် ရွှံ့နွံထဲမှ အမျိုးသမီးကို ကြည့်လိုက်ပြီး အတော်ကြာအောင် အကဲခတ်ကြည့်သော်လည်း ဘယ်သူမှန်း မမှတ်မိပေ။

သခင်မလော် ဂရုမစိုက်နိုင်တော့ဘဲ အော်ပြောလိုက်သည်။ "ဒုသခင်လေး... ကျွန်မ လော်မုန့်ယွင် ပါ"

ဖေ့ယင် မျက်မှောင်ကြုတ်လိုက်သည်။ မျိုးဆက်ပေါင်းများစွာ ဖေ့မိသားစုနှင့် လော်မိသားစုသည် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။ သူနှင့် မိန်းကလေးလော်သည် ငယ်သူငယ်ချင်းများဟု ဆိုနိုင်သည်။ ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားပြီးနောက်တွင်မူ လော်မိသားစုသည် ရှဲ့ဝမ်ယွမ်၏ စောင့်ရှောက်ခွေး ဖြစ်လာခဲ့ပြီး မိန်းကလေးလော်သည် ရှဲ့မိသားစုနှင့် လက်ထပ်ကာ ရာထူးမြင့်မားလာခဲ့သည်။ ဖေ့ယင် မြင်းပေါ်မှနေ၍ သူမကို ငုံ့ကြည့်ရမည့်နေ့ ရောက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ အချိန်တွေ ပြောင်းလဲသွားခဲ့ပြီး လော်မုန့်ယွင်သည် သူနှင့် မရင်းနှီးတော့သော သူစိမ်းတစ်ယောက် ဖြစ်သွားခဲ့လေပြီ။

"တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကလေးတွေကို ကယ်ပေးပါ" သခင်မလော် ရှိုက်ငိုပြီး တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ် ဒုသခင်လေး။ ကျွန်မ ရှင့်ကို အများကြီး အကြွေးတင်နေမှန်း သိပါတယ်။ နောက်ဘဝကျရင် ရှင့်ရဲ့ကျွန်အဖြစ် အကြွေးဆပ်ပါ့မယ်။ ဒုသခင်လေး... ကျေးဇူးပြုပြီး ကျွန်မကလေးတွေကို ကယ်ပေးပါ!"

ဖေ့ယင် မြင်းကိုလှည့်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

"ဒုသခင်လေး!" သခင်မလော် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။

"မင်းကလေးတွေကို ကယ်ပြီး အရှင်မင်းကြီးရဲ့ အပြစ်ဒဏ်ကို ခံရမှာလား။ ပြီးတော့ ဖေ့မိသားစုကို သေလမ်းပို့ရမှာလား" ရွှီဖေးယွီက သခင်မလော်ကို မဲ့ပြုံးပြုံးလိုက်သည်။ "မင်းကလေးတွေ အသက်ရှင်ဖို့အတွက် ဖေ့မိသားစုက ကလေးတွေ အကုန်သေပေးရမယ်ပေါ့"

ဖေ့ယင် လှည့်မကြည့်ဘဲ အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သခင်မလော် ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ အခြားတစ်ယောက်နှင့် လက်ထပ်ရတော့မည်ကို သိလိုက်ရချိန်ကလည်း ငိုကြွေးခဲ့ဖူးသည်။ သို့သော် ရှဲ့အန်းရှီ၏ တရားဝင်ဇနီးဖြစ်လာပြီး ဟုကော်ကုန်းအိမ်တော် တစ်နေ့တခြား ဆိုးရွားလာသည်ကို မြင်သောအခါ သူမ ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ ဖေ့မိသားစုထဲ မရောက်သွားတာ ကံကောင်းလိုက်တာ။ ဟုကော်ကုန်းအိမ်တော် ဆက်လက်ပြိုလဲသွားပါစေ၊ ဒါမှ သူမ အိမ်ထောင်ပြုမမှားကြောင်း သက်သေပြနိုင်မည်ဟုပင် မျှော်လင့်ခဲ့ဖူးသည်။ ယခုတွင်မူ သူမသည် ကလေးကိုပွေ့ဖက်လျက် ရွှံ့နွံထဲတွင် လဲကျနေပြီး ဖေ့ယင်က မြင်းစီးထွက်ခွာသွားလေပြီ။ ဖေ့ယင်ကပဲ ရက်စက်တာလား၊ ဒါမှမဟုတ် သူမရဲ့ ဝဋ်ကြွေးလား။

စစ်သည်တစ်ဦး လျှောက်လာပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ သခင်မလော်၏ဘဝသည် ရွှံ့နွံထဲတွင် အဆုံးသတ်သွားလေသည်။ သူမ၏ရင်ခွင်ထဲမှ သခင်လေးငယ်မှာမူ ခေါင်းဖြတ်ခံလိုက်ရပြီး နေရာမှာတင် သေဆုံးသွားသည်။

စစ်သည်များသည် ရှဲ့အန်းရှီကို မြင်းလှည်းထဲမှ ဆွဲထုတ်ပြီး မြေကြီးပေါ်သို့ တွန်းချလိုက်သည်။ ထို့နောက် ဓားချက်ပေါင်းများစွာဖြင့် သတ်ဖြတ်လိုက်ကြသည်။ တတိယသခင်လေးရှဲ့သည် မီးလောင်ဒဏ်ရာကြောင့် သေတာထက်ဆိုးသော ဒုက္ခကို ခံစားနေရခြင်းဖြစ်သည်။ သေဆုံးသွားသောအခါ သူ စိတ်သက်သာရာရသွားပုံ ပေါက်နေသည်။ နောက်ဆုံးတော့ သူ ဝေဒနာခံစားစရာ မလိုတော့ဘူး။

ရွှီဖေးယွီ လှည့်ပြီး သူ့စစ်မြင်းဆီသို့ လျှောက်သွားလိုက်သည်။ ရှဲ့မိသားစုသည် ကောင်းကင်အထိ မြင့်မားသော သစ်ပင်ကြီး၊ မလှုပ်မယှက်နိုင်သော ဘီလူးကြီးဟု သူ တစ်ခါက ထင်ခဲ့ဖူးသည်။ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သူသည် ရှဲ့ဝမ်ယွမ်ကို မရေမတွက်နိုင်အောင် သတ်ချင်ခဲ့သော်လည်း သူ့ရှေ့တွင် ဒူးထောက်ခဲ့ရသည်။ တွေ့ဆုံတိုင်း ထိုလူကို 'အရှင်သခင်' ဟု လေးစားစွာ ခေါ်ဝေါ်ခဲ့ရသည်။

ယခု သူ့ခြေရင်းမှ သွေးအိုင်ကို ငုံ့ကြည့်လိုက်သောအခါ ရှဲ့မိသားစု၏ နောက်ဆုံးနိဂုံးကို တွေ့လိုက်ရသည်။ ရွှီဖေးယွီ ခေါင်းခါလိုက်သည်။

မြို့တော်က ရှဲ့မိသားစုဆိုတာ တကယ်တော့ မလှုပ်မယှက်နိုင်တဲ့ အရာမဟုတ်ပါဘူး။ အဲဒီတုန်းက ဘယ်သူမှ ဘာမှမလုပ်ရဲခဲ့ကြလို့သာ ဖြစ်မယ်။

....

တစ်နာရီကြာသောအခါ ဖေ့ယင်သည် ရေဝပ်နေသော မြေပြင်ပေါ်မှ ငွေရောင်ငှက်လှောင်အိမ်ကို ကောက်ယူလိုက်သည်။ အဝါရောင် ငှက်သည် မိုးရေကြောင့် သေဆုံးနေပြီဖြစ်ပြီး ရေစိုနေသော အမွေးများဖြင့် သနားစဖွယ် သေးကွေးနေသည်။

"ဒုသခင်လေး... ဒီလယ်တောအိမ်မှာ ဘယ်သူမှမရှိဘူး" ကိုယ်ရံတော်တစ်ဦး ဝင်းထဲသို့ ပြေးဝင်လာပြီး သတင်းပို့လိုက်သည်။

ဖေ့ယင် ငှက်လှောင်အိမ်ကို မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါး ပြန်ပစ်ချလိုက်သည်။

ဒါ စွန့်ပစ်ထားတဲ့ လယ်တောအိမ်မှ မဟုတ်တာ၊ ဘာလို့ ဘယ်သူမှမရှိရတာလဲ။

"အမတ်မင်း!"

မြို့တံခါး ကိုးခု တပ်မှူးရုံးအိမ်တော်မှ တပ်မှူးတစ်ဦး ဝင်းထဲသို့ ပြေးဝင်လာသည်။ သူ့မျက်နှာ ဖြူဖျော့နေပြီး ခြေလှမ်းမခိုင်ပေ။ "အမတ်မင်း... နောက်ဖေးကန်၊ နောက်ဖေးကန်ထဲမှာ အလောင်းတွေ အပြည့်ပဲ!"

ဖေ့ယင် နောက်ဖေးကန်ဆီသို့ အပြေးသွားလိုက်သည်။ သူ့မျက်စိရှေ့တွင် အလောင်းများဖြင့် ပြည့်နေသော ရေကန်ကို တွေ့လိုက်ရသည်။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် စုံလင်နေသည်။ ဒဏ်ရာအမျိုးအစားများလည်း ကွဲပြားနေသည်။

"ဒုသခင်လေး... အကုန် ဆယ်လိုက်ရမလား" ကိုယ်ရံတော်တစ်ဦးက ဖေ့ယင်၏ ဆုံးဖြတ်ချက်ကို တောင်းခံလိုက်သည်။

ဖေ့ယင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မိန်းကလေးငယ်တစ်ဦး၏ အလောင်းကို ကမ်းပေါ်သို့ ဆွဲတင်လိုက်သည်။ မိန်းကလေးငယ်၏ လည်ပင်း ပြတ်ရှနေသည်။ လည်ချောင်းရိုး ကျိုးနေသည်။ သေချာစစ်ဆေးပြီးနောက် ဖေ့ယင် မတ်တတ်ရပ်လိုက်သည်။

နောက်ဖေးဝင်းထဲမှ စစ်သည်အားလုံး ဖေ့ယင်ကို မျှော်လင့်တကြီး ကြည့်နေကြသည်။

ဒီအချိန်မှာ လယ်တောအိမ်က လူတွေကို ဘယ်သူက သတ်မှာလဲ။ ပုန်ကန်သူတပ်တွေလား။

မဖြစ်နိုင်ဘူး။ ဖေ့ယင် အလောင်းကန်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဝင်းထဲမှ ရုတ်တရက် ထွက်ခွာသွားပြီး စစ်သည်များကို အမိန့်ပေးလိုက်သည်။

"လောလောဆယ် ဒီနေရာကို စိတ်မပူနဲ့ဦး"

လူတိုင်း သူ့နောက်သို့ အလျင်အမြန် လိုက်ပါသွားကြသည်။

"ဝင်ပေါက်အားလုံးကို သွားစစ်ဆေးလိုက်" ဖေ့ယင် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ "မြေကြီးပေါ်မှာ မြင်းလှည်းဘီးရာတွေ ရှိမရှိ ကြည့်"

အဆင့်မြင့်အရာရှိများသည် သူတို့၏ တပ်ဖွဲ့များနှင့်အတူ အလျင်အမြန် ဖြန့်ခွဲသွားကြသည်။

ဖေ့ယင် လယ်တောအိမ်၏ ပင်မဝင်ပေါက်မှ အမြန်ထွက်လာခဲ့သည်။ စစ်မြင်းအားလုံးကို လယ်တောအိမ်အပြင်ဘက်တွင် ချည်ထားသည်။ သည်းထန်သော မိုးရွာသွန်းမှုအောက်တွင် သူတို့ရောက်လာစဉ်က မြင်းခွာရာများအားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။ ဒုသခင်လေးဖေ့ ဒေါသတကြီးဖြင့် မြေကြီးပေါ်မှ ရေများကို ကန်ထုတ်လိုက်သည်။

သူတို့ရောက်လာတုန်းက အရာတွေတောင် ပျောက်ကုန်ပြီဆိုရင် ရှဲ့ဝမ်ယွမ်ရဲ့ မြင်းလှည်းဘီးရာတွေက ဘယ်လိုလုပ် ကျန်ခဲ့နိုင်မှာလဲ။

"လိုက်ဖမ်းဖို့ လူခွဲလိုက်ကြမလား" ဒုတိယစစ်သူကြီးတစ်ဦးက ဖေ့ယင်ဘေးတွင် တိုးတိုးလေး အကြံပြုလိုက်သည်။

ဖေ့ယင် ပြန်မေးလိုက်သည်။ "ဒီကနေ ထွက်တဲ့လမ်းတွေကို မင်းသိလို့လား"

ဒုတိယစစ်သူကြီး ပြန်မဖြေနိုင်ပေ။ သူက မြို့တော်ရဲ့ လမ်းမကြီးတွေ၊ လမ်းသွယ်တွေကို ကျွမ်းကျင်ပေမဲ့ ဒီနေရာကို တစ်ခါမှ မရောက်ဖူးဘူး။

ဖေ့ယင် သူခေါ်လာသော တပ်ဖွဲ့ဝင်အရေအတွက်ကို စိတ်ထဲတွင် တွက်ချက်လိုက်သည်။

လူခွဲပြီး ရှာလို့ ရှဲ့ဝမ်ယွမ်ကို တွေ့ရင်တောင် တပ်ဖွဲ့ငယ်လေးတစ်ခုက ရှဲ့ဝမ်ယွမ်ရဲ့ ကိုယ်ရံတော်တွေကို နိုင်ပါ့မလား။

"ရွှီဖေးယွီကို သွားရှာလိုက်" ဖေ့ယင်က သူ့ဒုတိယစစ်သူကြီးကို ညွှန်ကြားလိုက်သည်။ "သူ့ကိုပြောလိုက်... ရှဲ့ဝမ်ယွမ်က အရှေ့ဘက်ကို ထွက်ပြေးသွားတာ သေချာတယ်။ ငါက ဒီလယ်တောအိမ်ကနေ လမ်းသွယ်အတိုင်း လိုက်သွားမယ်။ သူ့ကို လမ်းမကြီးအတိုင်း လိုက်ခိုင်းလိုက်"

ဒုတိယစစ်သူကြီး မနှောင့်နှေးရဲပေ။ အမိန့်ကို နာခံကြောင်းပြောပြီး လမ်းမကြီးအတိုင်း ချက်ချင်း ဒုန်းစိုင်းထွက်ခွာသွားလေသည်။

"သွားမယ်!" ဖေ့ယင် မြင်းပေါ်တက်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ စစ်သည်တစ်ဖွဲ့သည် အရှေ့ဘက်သို့ ဦးတည်ပြီး လယ်တောအိမ်ရှေ့မှ ကျောက်စရစ်လမ်းအတိုင်း လိုက်ပါသွားကြသည်။

....

ထိုအချိန်တွင် ရွှီဖေးယွီ ရှိနေသောနေရာ၌...

"အရှင်မင်းကြီးလား" ရွှီဖေးယွီ သူ့ရှေ့တွင် ရပ်နေသောသူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်းသည် လေးနက်သော မျက်နှာထားဖြင့် သွေးအိုင်ထဲတွင် ရပ်နေသည်။ သူမ ရွှီဖေးယွီကို ခေါင်းညိတ်ပြလိုက်သည်။

ရွှီဖေးယွီ၏မျက်နှာ ချက်ချင်း ရှက်ရွံ့သွားသည်။

နဉ်ရှောင်ယောင်း မြေကြီးကို မကြည့်မိအောင် အတင်းကြိုးစားရင်း ရွှီဖေးယွီကို မေးလိုက်သည်။

"အမတ်ချုပ်ကြီးက အရှေ့ဘက် ဆင်ခြေဖုံးမှာ ရှိတယ်လို့ ပြောတယ်မလား။ သူ ဘယ်မှာလဲ"

စစ်သူကြီးရွှီ တကယ်မေးချင်နေသည်။ ဒီသတင်းကို ဘယ်ကရတာလဲ။ ယုံကြည်စိတ်ချရရဲ့လား။

နဉ်ရှောင်ယောင်း လက်သည်းများဖြင့် လက်ဖဝါးကို ကုတ်လိုက်ပြီး ရေရွတ်လိုက်သည်။

"အမတ်ချုပ်ကြီးက မင်းနဲ့အတူ မရှိရင် အခု သူ ဘယ်ရောက်နေတာလဲ"

"အရှင်မင်းကြီး"

အနောက်မှ တစ်စုံတစ်ယောက် လှမ်းခေါ်လိုက်သံ ကြားလိုက်ရသဖြင့် နဉ်ရှောင်ယောင်း လှည့်ကြည့်လိုက်သည်။ လိုကျစ်ကွေ့ မြင်းစီးပြီး သူမထံသို့ လာနေသည်။ သူသည် ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး သွေးနံ့များ ထွက်နေသည်။

***

All Chapters