← Chapters

မိစ္ဆာစွမ်းအားရှင် အမဲလိုက်သမားများ (၁)

Vol. 3 Ch. 21

မိစ္ဆာစွမ်းအားရှင် အမဲလိုက်သမားများ (၁)

Vol. 3 Ch. 21

ဘာသာပြန် - Toxic

အဲဒီညက လီဟောင် အိပ်ရာဝင်တာ အတော်လေး နောက်ကျသွားခဲ့၏။

အိပ်နေစဉ်မှာတောင် သူက အလွန်အမင်း သတိထားနေခဲ့သည်။

ပန်သာ ကို တံခါးဝမှာ စောင့်ခိုင်းထားပြီး သူ့လက်နက်ကိုလည်း လက်လှမ်းမီရာ နေရာမှာပင် အသင့်ထားရှိ၏။

မတော်တဆ ကျည်ထွက်သွားမှာကို စိုးရိမ်မနေနိုင်တော့ပေ။

အသည်းအသန် ဖြစ်နေသူတစ်ယောက်က ဘာမဆို လုပ်ရဲသည် မဟုတ်လား။

ကံကောင်းစွာဖြင့် ထိုညက ဘာပြဿနာမျှ မရှိဘဲ ကုန်ဆုံးသွားခဲ့လေသည်။

သူတို့သည်လည်း မိုးရွာမည့်အချိန်ကို စောင့်နေကြခြင်းလည်း ဖြစ်နိုင်၏။

……

၁၇၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်။

မနေ့က ဖြစ်ပျက်ခဲ့သည့် အခြေအနေများမှာ အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်တော့သည်။

အိုးပင်းလိုက်(open light) အိမ်ရာဝင်း၏အပြင်ဘက် လမ်းမကြီးမှာ ထုံးစံအတိုင်း တိတ်ဆိတ်နေပြီး ဘေးလမ်းမှ ဆူညံပွက်လောရိုက်ခဲ့မှုများကို မည်သူမျှ ဂရုမစိုက်ကြပေ။

သို့မဟုတ် တချို့က သတိထားမိသော်လည်း အရေးမလုပ်ကြခြင်းလည်း ဖြစ်နိုင်၏။

နံနက်ခင်း။

လီဟောင် နိုးလာပြီး မျက်နှာသစ်၊ သွားတိုက်ပြီးနောက် ရေနွေးတစ်ခွက် တည်လိုက်ကာ အထဲသို့ ကျောက်စိမ်းဓား ကို ထည့်လိုက်လေသည်။

ခဏအကြာ ရေအေးသွားသည့်အခါ သူ တစ်ငုံသောက်လိုက်၏။

ချက်ချင်းပင် သူ့မျက်ခုံးများ တွန့်သွားရလေသည်။

"ဒီတစ်ခါ ကြယ်တာရာစွမ်းအား က နည်းနေပါလား"

သူ စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်မိ၏။

မနေ့ကနှင့် နှိုင်းယှဉ်လျှင် ယနေ့ ရေထဲတွင် ပါဝင်သော ကြယ်တာရာ အလင်းတန်းများမှာ နည်းပါးနေသလို ခံစားရသည်။

"နည်းနည်း နည်းသွားတာက ပြဿနာမဟုတ်ဘူး၊ အဓိကက ဒီ ကြယ်တာရာစွမ်းအား က ပြန်ပြည့်နိုင်သလား ဆိုတာပဲ"

ဒါက သူ အစိုးရိမ်ဆုံး ကိစ္စပင် ဖြစ်၏။

ကျောက်စိမ်းဓား ၏ စွမ်းအင်မှာ အရင်ကတည်းက စုဆောင်းထားသည့် လက်ကျန်များလား၊ သို့မဟုတ် တစ်ခါသုံးပြီးတိုင်း အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရန် လိုအပ်သလား။

တကယ်လို့ ဒါက ပြန်ဖြည့်လို့ရလျှင်မူ သူ့အတွက် ကုန်ခန်းနိုင်ခြင်း မရှိသော ရတနာသိုက်ကြီးပင် ဖြစ်တော့မည်။

ကျောက်ဓားမြှောင်ကိုမူ လီဟောင် အခုထိ မထိတွေ့သေးပေ။

မနေ့ညက နောက်ယောင်ခံ လိုက်ခံရမှာ စိုးသဖြင့် သူ ထုတ်မကြည့်ခဲ့ခြင်း ဖြစ်၏။

ရေသောက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော စွမ်းအင်များ စီးဆင်းသွားသည်ကို ခံစားရင်း လီဟောင်က မျောက်ပုံစံ သိုင်းကွက်ကို မြန်မြန်ဆန်ဆန်ပင် လေ့ကျင့်လိုက်လေသည်။

ကြက်သွေးရောင်အရိပ် ကို တိုက်ခိုက်ရန် မလုံလောက်သေးသော်လည်း ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ထားခြင်းမှာ အမြဲတမ်း ကောင်းမွန်သည့် ကိစ္စပင် ဖြစ်၏။

သူသည် ထိုအခွင့်အရေးကို အလဟဿ အဖြစ်မခံနိုင်ပေ။

သူ လေ့ကျင့်နေရင်း စဉ်းစားနေမိသည်။

ကျောက်စိမ်းဓား ကို တစ်နေ့တည်းတွင် အကြိမ်ကြိမ် စိမ်၍ သောက်ခြင်းက ပိုကောင်းမလား၊ သို့မဟုတ် တစ်နေ့တစ်ကြိမ်ပင်လား။

တစ်ခါနှင့် တစ်ခါကော ဘာများ ကွာခြားသွားမလဲ။

ဒါတွေက ထပ်မံ စမ်းသပ်ရန် လိုအပ်နေသေး၏။

သူသည် အခန်းထဲတွင် မျောက်တစ်ကောင်ကဲ့သို့ ဟိုခုန် ဒီလွှားဖြင့် လျင်မြန်စွာ လှုပ်ရှားနေလေသည်။

ဒီတစ်ခါတော့ မနေ့ညကထက် အကြိမ်အရေအတွက် နည်းနည်းသာ လေ့ကျင့်လိုက်၏။

သုံးကြိမ်ခန့် ဆက်တိုက် လုပ်ပြီးနောက် လီဟောင် ရပ်လိုက်လေသည်။

သူ့တွင် ခွန်အားများ ကျန်ရှိနေသေးသော်လည်း သူ့ခန္ဓာကိုယ် အပြင်ဘက်ရှိ ကြယ်တာရာစွမ်းအား များမှာ အကုန်လုံး ပြန့်ကျဲသွားပြီ ဖြစ်သောကြောင့်ပင်။

တကယ်လို့ ကြက်သွေးရောင်အရိပ် သို့မဟုတ် တခြား စွမ်းအားရှင် များကလည်း ဒီစွမ်းအားကို မြင်နိုင်မည်ဆိုလျှင်ကော။

အဲဒီလိုသာ ဆိုလျှင်မူ သူသည် လမ်းလျှောက်နေသည့် ကြော်ငြာသင်ပုန်းကြီး ဖြစ်နေပေလိမ့်မည်။

လျူလုံတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဖျော့တော့သော အလင်းတန်းလေးများ ရှိနေသည်ကို သူ မြင်နိုင်သကဲ့သို့၊ သူ့စွမ်းအားများကိုလည်း သူတို့ထံမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

အရင်ကလည်း လျူလုံနှင့် တွေ့ဖူးပါသည်၊ သို့သော် မနေ့ညကျမှ ဘာကြောင့် မြင်လိုက်ရသနည်း။

သူ့မျက်စိက အရင်က လျူလုံ၏ အလင်းကို မမြင်နိုင်ခြင်းလား၊ သို့မဟုတ် လျူလုံကိုယ်တိုင်ကပင် မကြာသေးခင်ကမှ ပြောင်းလဲသွားခြင်းလား။

သို့မဟုတ် ဓားမှ ကျလာသည့် ရေများကြောင့်ပင် သူ့အမြင်အာရုံက အသစ်ဖြစ်သွားခြင်းလား။

ဖြစ်ပျက်နေသည့် အခြေအနေများအကြောင်း သူ သိရှိထားသည်မှာ အလွန်ပင် နည်းပါးလွန်းနေသေး၏။

"စွမ်းအားရှင် တွေရဲ့ ကမ္ဘာပေါ့လေ"

လီဟောင် မျက်နှာပြန်သစ်ပြီး အဝတ်အစား လဲလိုက်လေသည်။

သူက ကျန်ရှိသော ရေများကို ခွေးစာခွက်ထဲ လောင်းထည့်လိုက်သည့်အခါ ပန်သာ ၏ အမြီးမှာ စိတ်လှုပ်ရှားစွာ ယမ်းခါနေတော့သည်။

ပန်သာက ခွက်ကို ချက်ချင်း လျက်လိုက်ပြီး လီဟောင်ကို ထပ်မံပေးရန် တောင်းဆိုသလို ကြည့်နေ၏။

တစ်ဖက်တွင်လည်း လူငယ်လေးက ထိုခွေးနက်လေးကို ကြည့်ရင်း အံ့သြသွားရပြန်သည်။

"တောက်…"

လီဟောင် တောက်ခေါက်လိုက်မိသည်။

ခွေး၏ ပတ်ပတ်လည်တွင် ရှိနေသော ကြယ်တာရာ အလင်းတန်းများမှာ လီဟောင်၏ အလင်းထက်ပင် ပိုမို တောက်ပနေသလိုပင်။

ဒါက စုပ်ယူမှု နည်းပါးပြီး ပြန့်ထွက်နေခြင်းလား၊ သို့မဟုတ် စုပ်ယူမှု အလွန်များပြားသဖြင့် လျှံထွက်နေခြင်းလား။

ခွေးက စွမ်းအားများ အများကြီး စုပ်ယူလိုက်သဖြင့် ကြယ်တာရာများ လျှံထွက်နေခြင်းလား။

လီဟောင် မသိပေ။

ခွေးက အကုန်လုံး မစုပ်ယူနိုင်သဖြင့် လျှံထွက်နေခြင်းသာ ဖြစ်ပါစေဟု သူ ဆုတောင်းနေမိသည်။

မဟုတ်လျှင်မူ ကြယ်တာရာစွမ်းအား နှင့် ပတ်သက်လာလျှင် ဤခွေးက သူ့ထက် အဘက်ဘက်မှ သာလွန်နေတော့မည် မဟုတ်လား။

"ဝုတ် ဝုတ်"

ပန်သာ က နောက်ထပ် တစ်ခွက် ထပ်မံ လိုချင်သည့် ပုံစံ ပြနေ၏။

လီဟောင်က ပြုံးပြီး သူ့ခေါင်းကို ပွတ်ပေးလိုက်လေသည်။

"တော်ပြီ… နောက်မှ ထပ်သောက်။ ငါ အခု အလုပ်သွားတော့မယ်၊ အိမ်ကို သေချာ စောင့်ထားဦး။ လာတဲ့သူတွေကို သေချာ ကြည့်ထား၊ သူတို့ရဲ့ အနံ့ကို မှတ်ထားပြီး ဖြစ်နိုင်ရင် နောက်ကနေ ခဏလောက် လိုက်ကြည့်၊ ဒါပေမဲ့ အရမ်းဝေးဝေးတော့ မသွားနဲ့နော်"

သူ မရှိသည့်အချိန်တွင် တစ်စုံတစ်ယောက်က အိမ်ထဲ ခိုးဝင်မည်ကို သူ အတော်လေး စိုးရိမ်နေမိသည်။

ကျောက်စိမ်းဓား ကိုတော့ သူနှင့်အတူ ဆောင်ထားသလို အိမ်ထဲတွင်လည်း တခြား တန်ဖိုးရှိသည့်အရာ မရှိပေ။

မနေ့ညက ရခဲ့သည့် ကျောက်ဓားမြှောင်မှာ ရတနာတစ်ခု ဖြစ်သော်လည်း ၎င်းကို အလွယ်တကူ ရှာတွေ့ရန် မလွယ်ကူပေ။

ဒါကြီးကို ပတ်သယ်ရန်မှာ အလွန် ကြီးမားလွန်းသော်လည်း လှေကားအောက်ရှိ ခွေးအိမ်ထဲတွင် ရှိနေသည့် ကျောက်တုံးကို မည်သူက အရေးတယူ လာရောက်ကြည့်ရှုမည်နည်း။

လမ်းသွားလမ်းလာများက ယူသွားနိုင်ပါသည်၊ သို့သော် တကယ်တမ်း စဉ်းစားကြည့်လျှင် ခွေးအိမ်ထဲက ကျောက်တုံးကို မည်သူက လာယူမည်နည်း။

လမ်းဘေး တံမြက်စည်းလှည်းသည့် သူတောင်မှ အလွန်အမင်း ပျင်းရိနေမှသာ ပန်သာ ၏ အိပ်ရာကို လာရောက်နှောက်ယှက်ပေလိမ့်မည်။

နိဂုံးချုပ်ရလျှင်မူ ခွေးအိမ်ထက် စိတ်ချရသည့်နေရာ မရှိတော့ပေ။

တကယ်လို့ အဲဒါ ပျောက်သွားလျှင်တောင် ပန်သာ က အနံ့ခံပြီး ပြန်ရှာနိုင်မည် ဖြစ်၏။

ဒါက သူ့ကိုယ်ပေါ်တွင် သယ်ဆောင်ထားခြင်းထက် အများကြီး ပိုမိုကောင်းမွန်သည်။

ကျောက်စိမ်းဓား မှာ ဆွဲသီးဖြစ်သဖြင့် ကိစ္စမရှိသော်လည်း၊ ကျောက်တုံးကြီး တစ်တုံးကို သယ်ပြီး ဟိုဟိုဒီဒီ သွားနေလျှင်မူ အရူးတစ်ယောက်တောင် တစ်ခုခု ထူးဆန်းနေသည်ကို သိပေလိမ့်မည်။

"ဝုတ်"

ပန်သာ က ခေါင်းညိတ်ပြလေသည်။

ဒီကောင်က တကယ် နားလည်တာပဲ။

ခွေးက ပိုပိုပြီး တော်လာပြီ ဖြစ်၏။

လီဟောင် ထရပ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။

……

လီဟောင်က အိုးပင်းလိုက်(open light) အပြင်ဘက်ရှိ သူ ပုံမှန်စားနေကျ မုန့်ဆိုင်တွင် ဘာမျှပြောစရာ မလိုဘဲ ဆိုင်ရှင်က အသားမုန့်ကြီး အချို့နှင့် ပဲနို့တစ်ခွက်ကို ကမ်းပေးလိုက်၏။

ကျသင့်ငွေပေးပြီးနောက် လူငယ်လေးက စက်ဘီးလေး စီးကာ လျှို့ဝှက်ရေးရာဌာနသို့ အေးအေးလူလူ ထွက်လာခဲ့လေသည်။

မနေ့က သူ့တွေ့ခဲ့ရသည့် အမည်းရောင် ကားကြီးမှာမူ ယနေ့ မရှိတော့ပေ။

သူတို့သည် နောက်ယောင်ခံ လိုက်ခြင်းကို လက်လျှော့လိုက်ခြင်းလား၊ သို့မဟုတ် မနေ့ညက ကိစ္စများကြောင့် ပိုမို သတိထားသွားကြခြင်းလား မသိပေ။

ဘာပဲဖြစ်ဖြစ် အလုပ်သို့ ရောက်သည့်အထိတော့ မည်သူမျှ နောက်မှ လိုက်လာသည်ကို မခံစားရပေ။

……

ငွေမြို့တော်၊ စုံစမ်းစစ်ဆေးရေးဌာန၊ လျှို့ဝှက်ရေးရာဌာနတွင်။

ယနေ့ လီဟောင်က အစောဆုံး ရောက်ရှိလာသူ ဖြစ်၏။

ထုံးစံအတိုင်း သူက ရုံးခန်းကို သန့်ရှင်းရေးလုပ်၊ ရေနွေးတည်ပြီးနောက်တွင်မူ လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြလေသည်။

ချန်နာကလည်း သူ့ကဲ့သို့ပင် ဝန်ထမ်းသစ်ဆိုတော့ သူမလည်း စောစောရောက်လာ၏။

ယနေ့ကလည်း အတော်လေး ပူပြင်းသည့် နေ့တစ်နေ့ပင် ဖြစ်သည်။

ဖက်ရှင်ကျလှသော စုံစမ်းစစ်ဆေးရေးမှူးမလေးမှာမူ ယနေ့နံနက်တွင် နည်းနည်း ငိုက်နေပုံရသည်။ ညက ကောင်းကောင်း အိပ်မပျော်သဖြင့် ဖြစ်ရမည်။

သူမက ပါးစပ်ကြီး ဖြဲပြီး သမ်းလိုက်ကာ လီဟောင်ကို မြင်သည့်အခါ ညည်းတွားလိုက်၏။

"ဟေ့ လီဟောင်၊ ဒါကတော့ မဟုတ်သေးဘူးနော်။ မနေ့ညက အမှုစုံစမ်းတာကို ငါ့ကို ဘာလို့ မခေါ်သွားတာလဲ"

"အဲဒါကို သိနေတာလား"

"သိတာပေါ့အေ"

ချန်နာက သမ်းရင်း ပြန်ဖြေလိုက်လေသည်။

"ငါ သိတာပေါ့၊ မနေ့ညက ဥပဒေစိုးမိုးရေးအဖွဲ့တွေ အကုန်လုံး လှုပ်ရှားနေကြတာပဲကိုး"

ထိုမျှလောက် ဆူညံသွားခြင်းဖြစ်၍ သူမလည်း သိမည်သာ ဖြစ်၏။

ချန်နာက အိပ်ချင်ပြေအောင် ခေါင်းကို ဟိုဘက်ဒီဘက် ခါလိုက်ပြီး -

"လူသတ်သမားနဲ့ တွေ့ခဲ့လား"

"မတွေ့ပါဘူး"

လီဟောင်က ခေါင်းခါပြလိုက်၏။

"တစ်ယောက်ယောက်က ကျွန်တော့်နောက်ကို လိုက်နေသလို ခံစားရလို့ပါ"

"စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ"

ချန်နာက အမှုကြီးကြီးမားမားများတွင် မပါဝင်ဖူးသဖြင့် စပ်စုချင်စိတ်များ ဖြစ်ပေါ်လာရလေသည်။

"ဒါဆိုရင် နင် အရင်က ငါ့ကို ပြတဲ့ အမှုတွဲတွေက တကယ်ပဲ လူသတ်မှုတွေပေါ့"

လီဟောင်က ခေါင်းညိတ်လိုက်၏။

"ဖြစ်နိုင်ခြေ အများဆုံးပဲ"

"ဒါဆိုရင်တော့ ဒါက တကယ့်ကို ဂုဏ်ထူးဆောင် အမှုကြီးပဲ"

အမျိုးသမီးလေးက ပိုပြီး စိတ်လှုပ်ရှားလာလေသည်။

"လီဟောင်၊ တကယ်လို့ ဒီနောက်ကွယ်က လူကိုသာ ဖမ်းမိရင် နင်က ပထမဆုံး ဂုဏ်ပြုခံရမှာပဲ။ ဒီအမှုက နင့်ကို ဒုတိယအဆင့် စုံစမ်းစစ်ဆေးရေးမှူးအထိ ရာထူးတိုးပေးနိုင်တယ်နော်"

သူမက မနာလိုခြင်းထက် လီဟောင်က အမှုကြီးတွင် ပါဝင်ခွင့်ရခြင်းကို ပိုမို အားကျနေခြင်း ဖြစ်၏။

ချန်နာက ဘေးမှ ထိုင်ကြည့်နေရသည့် လူစားမျိုး မဟုတ်ပေ။

"ကျွန်တော်တို့ဆီမှာ ဘာသဲလွန်စမှ မရှိသေးပါဘူး"

လီဟောင်က ဝတ်ကျေတန်းကျေပင် ပြန်ပြောလိုက်၏။

ချန်နာက ခဏလောက် စဉ်းစားပြီး တိုးတိုးလေး မေးလိုက်လေသည်။

"မနက်ဖြန်ကျရင် ငါ့အိမ်ကို သွားကြဦးမလား… တကယ်လို့ သွားရင် ငါတို့ နောက်က လိုက်ခံရမလား။ ငါ ပြောတာက ငါတို့ ပူးပေါင်းပြီး လူသတ်သမားကို ဖမ်းနိုင်ရင် ငါလည်း ဂုဏ်ပြုခံရမှာလားလို့"

မနေ့ကတော့ ချန်နာ၏ အိမ်သို့သွားပြီး အရပ်ကဗျာအကြောင်း မေးရန် သူတို့ သဘောတူခဲ့ကြသည်။

ဒါပေမဲ့ အခုတော့ မလိုလားအပ်သော အန္တရာယ်များက လီဟောင်ထံ ရောက်ရှိနေပြီး ကြက်သွေးရောင်အရိပ် ပင် ပေါ်လာပြီ မဟုတ်လား။

ဒါကြောင့် သူက သွားရန် ဝေခွဲမရ ဖြစ်နေခြင်း ဖြစ်၏။

သူက လုပ်ဖော်ကိုင်ဖက်မလေးကို ကြည့်ပြီး ပြောလိုက်လေသည်။

"မေ့လိုက်ပါတော့၊ မသွားတော့ဘူး။ ကျွန်တော်တို့ နှစ်ယောက်စလုံးက ဝန်ထမ်းသစ်တွေဆိုတော့ အရမ်း အန္တရာယ်များတယ်။ ခဏလောက် ငြိမ်ငြိမ်လေး နေကြတာပေါ့"

သူက ချန်နာကို ဤကိစ္စထဲ မဆွဲသွင်းချင်ပေ၊ စွမ်းအားရှင် နယ်ပယ်နှင့် ပတ်သက်လာလျှင် ဘာမဆို အန္တရာယ် များလွန်းလှသည်။

အရပ်ကဗျာကြောင်းကိုမူ သူ အလျင်မလိုတော့ပေ။

အခုဆိုလျှင် အခြေအနေများက အတော်လေး ရှင်းလင်းနေပြီ ဖြစ်သဖြင့် ကြက်သွေးရောင်အရိပ် ကို ရှင်းပြီးမှပင် ဒါကို စုံစမ်းတော့မည်။

"ဟင်… မသွားတော့ဘူးလား"

ချန်နာ၏ မျက်နှာလေး ညိုးငယ်သွားရ၏၊ သူမက အမှုကြီးတွင် ပါဝင်ချင်နေခြင်းပင်။

"လုပ်ပါ လီဟောင်… သွားကြရအောင်။ ဘာကြောက်စရာ ရှိလို့လဲ… နင် အဲဒီလောက် စိုးရိမ်နေရင် ဥပဒေစိုးမိုးရေးအဖွဲ့ကို ပြောထားလို့ ရတာပဲ။ စဉ်းစားကြည့်စမ်း၊ ငါတို့က ငါးစာ အဖြစ် နေပေးပြီး လူသတ်သမားကို မျှားခေါ်လို့ ရတာပေါ့"

အန္တရာယ် ရှိသည်မှာတော့ အမှန်ပင် ဖြစ်သော်လည်း ဥပဒေစိုးမိုးရေးအဖွဲ့ကို အသိပေးထားလျှင် ရသည် မဟုတ်လား။

"စောင့်ကြည့်ကြတာပေါ့”

သူတို့ စကားပြောနေတုန်းမှာပင် လူများ ပိုမိုရောက်ရှိလာကြသည်။ အတော်များများက မနေ့ညက ကိစ္စကို သိရှိနေကြ၏။

အစ်မကြီး ယွီက ဒေါသတကြီးဖြင့် ဝင်လာပြီး

"ဟောင်လေး… မိုက်မဲတာတွေ မလုပ်နဲ့နော်။ အဲဒီလို အန္တရာယ်များတဲ့ အမှုတွေနဲ့ ဝေးဝေးမှာနေ။ လျှို့ဝှက်ရေးရာဌာန ဆိုတာက အလုပ်လည်း နည်းတယ်၊ အန္တရာယ်လည်း မရှိဘူး၊ လစာလည်း ကောင်းတယ်။ ဒီလောက်ကောင်းတဲ့ အလုပ်မျိုး ဘယ်မှာ သွားရှာမလဲ။ လိမ်လိမ်မာမာနဲ့ ဒီဌာနမှာပဲ နေစမ်းပါ၊ ဥပဒေစိုးမိုးရေးအဖွဲ့ရဲ့ ကိစ္စတွေထဲ သွားမပတ်သက်နဲ့"

"ဟုတ်တယ်ဟောင်လေး… မင်း အစ်ကိုကြီး ပြောတာကို နားထောင်စမ်းပါ။ ဒီကိစ္စတွေထဲ သွားနှာခေါင်းမရှုပ်နဲ့။ မင်းအတွက် ဘာမှ အကျိုးမရှိတဲ့အပြင် အန္တရာယ်ပဲ ရှိတာ"

"……"

လူတိုင်းက ဤဌာန၏ အငယ်ဆုံးလေးကို စိုးရိမ်ပြီး ဝိုင်းဝန်း သတိပေးနေကြတော့သည်။

အတော်များများက လျှို့ဝှက်ရေးရာဌာနတွင် ကြာမြင့်စွာ နေထိုင်လာကြသဖြင့် စုံစမ်းစစ်ဆေးသည့် ပညာများပင် သံချေးတက်နေကြပြီ ဖြစ်၏။

မည်သူမျှ ရှေ့တန်းသို့ ထွက်ရန် စိတ်မကူးကြပေ။

လီဟောင်က မည်သူ့ကိုမျှ ပြန်မငြင်းသလို၊ အငြင်းအခုန်လည်း မလုပ်ပေ။

သူက အားလုံးကို ပြုံးပြီး ခေါင်းညိတ်ပြနေလေသည်။

သူ့ကို ကြည့်ရသည်မှာ ဤကိစ္စများထဲ မလိုလားဘဲ ဆွဲသွင်းခံလိုက်ရသည့် သနားစရာ လူငယ်လေး တစ်ယောက်ကဲ့သို့ပင်။

……

ဝမ်ကျဲ ရုံးထဲ ဝင်လာတော့မှပင် လူစုကွဲသွားကြတော့သည်။

"လီဟောင်… ငါ့ရုံးခန်းကို လာခဲ့ဦး"

ဌာနမှူးက လှမ်းခေါ်ပြီး အထဲသို့ ဝင်သွားလေသည်။

လီဟောင်က ခဏစောင့်ပြီးနောက် သူ့အထက်လူကြီးနောက်သို့ လိုက်သွား၏။

……

ရုံးခန်းအတွင်း။

ဝမ်ကျဲက လီဟောင်ကို သေသေချာချာ ကြည့်လိုက်ပြီး ပြုံးလျက် ထိုင်ရန် ပြောလိုက်လေသည်။

"ထိုင်ပါဦး"

လီဟောင်က အသာအယာ ထိုင်လိုက်၏။

"အရမ်းကြီး အားမနာပါနဲ့"

ဝမ်ကျဲက ရယ်မောလိုက်လေသည်။

"မင်း အဲဒီလောက်အထိ တင်းမာနေရင် ဥပဒေစိုးမိုးရေးအဖွဲ့မှာ နေရတာ လွယ်မှာ မဟုတ်ဘူး"

လူငယ်လေးက ခေါင်းမော့ကြည့်လိုက်၏။

"မနေ့ညက ဥပဒေစိုးမိုးရေးအဖွဲ့က ငါ့ဆီ ဖုန်းဆက်တယ်၊ မင်းကို အဖွဲ့ပြောင်းချင်တယ်တဲ့။ လျူလုံက လူတောင်းတာ အရမ်းရှားတယ်၊ ဒီတစ်ခါတော့ သူကိုယ်တိုင် တောင်းတာဆိုတော့... ဒါက ဘယ်လောက်အထိ ထူးခြားသလဲဆိုတာ ငါ မပြောပြတတ်တော့ဘူး။ သူက မင်းကို တကယ်ပဲ အရေးတယူ ရှိပုံရတယ်၊ ကြည့်ရတာ မင်းက ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးတဲ့ အမှုတွေကြောင့် သူ့မျက်စိထဲ ရောက်သွားတာ ထင်တယ်၊ လီဟောင်... မင်းကော ဘယ်လို ထင်လဲ"

အမှန်အတိုင်း ပြောရလျှင် ဝမ်ကျဲလည်း မငြင်းနိုင်ပေ။

လီဟောင်လည်း ငြင်းနိုင်မည် မဟုတ်ဟု သူ ထင်မိသည်။

ဟုတ်တာပေါ့၊ တကယ်လို့ ဒီလူငယ်လေး၏ ဆရာက သတင်းများထဲကအတိုင်း လီဟောင်နှင့် တကယ် ရင်းနှီးလျှင်မူ သူ တကယ် မသွားချင်လျှင် ငြင်းဆိုနိုင်ပါသေးသည်။

ဥပဒေစိုးမိုးရေးအဖွဲ့က လျူလုံဆိုသည်မှာ ဝမ်ကျဲထက် ရာထူး အများကြီး ပိုမိုမြင့်မားသလို၊ တကယ့် အာဏာရှိသူ ဖြစ်သည် မဟုတ်လား။

ဒါကြောင့် ဝမ်ကျဲက လီဟောင်၏ သဘောထားကို သိချင်နေခြင်း ဖြစ်၏။

လူငယ်လေးက ခဏမျှ စဉ်းစားပြီး ခေါင်းငုံ့ကာ ပြန်ဖြေလိုက်လေသည်။

"ဌာနမှူး… ကျွန်တော် သွားချင်ပါတယ်… လျှို့ဝှက်ရေးရာဌာနက ကောင်းပါတယ်… ကျွန်တော်လည်း ဒီမှာ နေရတာ ကြိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဥပဒေစိုးမိုးရေးဌာနကို ဝင်ခဲ့တဲ့ အကြောင်းပြချက် တစ်ခုပဲ ရှိတယ်ဆိုတာ ဌာနမှူး သိပါတယ်... ကျွန်တော့် သူငယ်ချင်းအတွက် ကလဲ့စားချေချင်လို့ပါ"

All Chapters