မိစ္ဆာစွမ်းအားရှင် အမဲလိုက်သမားများ (၂)
Vol. 3 Ch. 22
ဘာသာပြန် - Toxic
"ဟူး..."
ဝမ်ကျဲက သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"နားလည်ပြီ… မင်းသွားမှာကို ငါ တကယ်တော့ စိတ်မကောင်းဘူး… မင်းသာ ဒီမှာ ဆက်နေမယ်ဆိုရင် မင်းကို ရာထူးတိုးပေးဖို့အတွက် ငါ အစီရင်ခံစာ တင်ပေးမလို့ပဲ။ ဒါပေမဲ့ မင်းစိတ်ထဲမှာ ဒီကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးတဲ့ အမှုတွေက ပထမဦးစားပေး ဖြစ်နေတော့လည်း ငါ မတားတော့ပါဘူး..."
"ဒါပေမဲ့ မင်း သတိထားရမယ်နော်… ဥပဒေစိုးမိုးရေးအဖွဲ့က လျှို့ဝှက်ရေးရာဌာနထက် အများကြီး ပိုအန္တရာယ်များတယ်။ အထူးသဖြင့် ဒီလို အမှုမျိုးတွေမှာဆိုရင် နှစ်တိုင်းလိုလို ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေ ရှိတတ်တယ်။ ဖြစ်နိုင်ရင် ရုံးပိုင်းဆိုင်ရာ အလုပ်မျိုးပဲ တောင်းလုပ်ပါ၊ ရှေ့တန်းကိုတော့ မထွက်နဲ့။ ဒီကိစ္စက ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးတယ်၊ တကယ်လို့ ဥပဒေစိုးမိုးရေးအဖွဲ့ကသာ ဒါကို မကိုင်တွယ်နိုင်ရင် အထက်ကလူတွေရဲ့ အာရုံစိုက်မှုကိုပါ ရလာနိုင်တယ်..."
လီဟောင်က ဘာမှပြန်မပြောဘဲ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သဖြင့် သူ့အထက်လူကြီးမှာ ဆက်ပြောမည့် စကားများ ရပ်တန့်သွားရလေသည်။
ဝမ်ကျဲသည် ဤလူငယ်လေးကို အတော်လေး သဘောကျသော်လည်း၊ ဒါက လီဟောင် ဥပဒေစိုးမိုးရေးဌာနကို ဝင်လာခဲ့ရသည့် အဓိက ရည်မှန်းချက် ဖြစ်နေသောကြောင့် သူ ဘာမှ ထပ်မပြောတော့ပေ။
"နောက်ပိုင်းမှာ မင်း ပြန်လာချင်တယ်ဆိုရင်လည်း ငါ့ကို အသိပေးဦး။ ဒီဌာနက မင်းကို အချိန်မရွေး ကြိုဆိုနေမှာပါ..."
"ကျေးဇူးတင်ပါတယ် ဌာနမှူး..."
ဝမ်ကျဲက ပြုံးလိုက်ပြီး -
"ရပါတယ်၊ အခုတော့ ဥပဒေစိုးမိုးရေးအဖွဲ့ဆီ အရင်သွားပြီး အလုပ်ပြောင်းမယ့် အမိန့်စာ ဘယ်တော့ထွက်မလဲဆိုတာ သွားမေးလိုက်ဦး။ လျှို့ဝှက်ရေးရာဌာနကလည်း မင်းအတွက် နှုတ်ဆက်ပွဲလေး လုပ်ပေးရဦးမယ်လေ..."
"ကျေးဇူးတင်ပါတယ် ဌာနမှူး..."
လီဟောင်က ထပ်ပြောလိုက်၏။
ဒီဌာနက လူတိုင်းက သူ့အပေါ်မှာ တကယ်ကို ကောင်းကြပါသည်။ အမှန်အတိုင်း ပြောရလျှင် အခြေအနေတွေသာ ဒီလိုဖြစ်မနေပါက ဤနေရာမှာပဲ ဆက်နေခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။
……
လီဟောင်သည် ဌာနမှူးရုံးခန်းမှ ထွက်လာပြီးနောက် သူ အဖွဲ့ပြောင်းသွားမည့်အကြောင်း လုပ်ဖော်ကိုင်ဖက်များကို ဘာမှမပြောသေးပေ။
သူသည် ပစ္စည်းများကိုလည်း ဘာမှ မသိမ်းဆည်းသေးဘဲ ချန်နာ့ကို ခဏအပြင်သွားဦးမည်ဟု အသိပေးကာ ဥပဒေစိုးမိုးရေးအဖွဲ့ရှိရာဘက်သို့ ထွက်လာခဲ့လေသည်။
ဥပဒေစိုးမိုးရေးအဖွဲ့နှင့် လျှို့ဝှက်ရေးရာဌာန နှစ်ခုစလုံးမှာ ဌာနချုပ်ထဲမှာပင် ရှိသော်လည်း မတူညီသည့် အဆောက်အဦးများတွင် တည်ရှိခြင်း ဖြစ်၏။
လျှို့ဝှက်ရေးရာဌာနမှာ ပင်မအဆောင်၏ နောက်ဘက်တွင် ရှိသော်လည်း၊ ဥပဒေစိုးမိုးရေးအဖွဲ့မှာမူ ဘေးချင်းကပ် အဆောက်အဦးတစ်ခုလုံးကို နေရာယူထားခြင်း ဖြစ်သည်။ ထိုအဆောက်အဦး တစ်ခုလုံးမှာ ဥပဒေစိုးမိုးရေးအဖွဲ့၏ ပိုင်နက်ဖြစ်ပြီး လျှို့ဝှက်ရေးရာဌာနနှင့် ယှဉ်လျှင်မူ အဆမတန် ခမ်းနားထည်ဝါလှ၏။
ယူနီဖောင်း ဝတ်ဆင်ထားသည့် လီဟောင် အဆောက်အဦးထဲသို့ ဝင်သွားသည့်အခါ မည်သူကမျှ တားဆီးခြင်း မပြုကြပေ။
ဥပဒေစိုးမိုးရေး အဖွဲ့ဝင်များမှာ သူတို့၏ ပိုင်နက်အတွင်း ဟိုဟိုဒီဒီ အလုပ်ရှုပ်နေကြပြီး တစ်ယောက်ချင်းစီမှာလည်း အတော်လေး ကြမ်းတမ်းခက်ထန်သည့် ပုံစံများ ရှိကြလေသည်။ သူတို့နှင့် ယှဉ်လိုက်လျှင် လီဟောင်မှာ အရေးတယူ လုပ်စရာမလိုလောက်အောင် အားနည်းလွန်းနေပုံရ၏။
မည်သူကမျှ သူ့ကို လာရောက် စစ်ဆေးခြင်း မရှိသဖြင့် သူသည် လျူယန်ကို ရှာရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။
သူမက အဖွဲ့ဒုတိယမှူး ဖြစ်သည့်အတွက် ကိုယ်ပိုင်ရုံးခန်း ရှိပြီး ရုံးခန်းများအားလုံးမှာ ခြောက်ထပ်တွင် တည်ရှိလေသည်။
လူငယ်လေးသည် လှေကားမှ အမြန်တက်လာခဲ့သော်လည်း ထိုအထပ်တွင် မည်သူ့ကိုမျှ မတွေ့ရပေ။ စီနီယာအရာရှိများ၏ အမည်ပြားများ တပ်ထားသည့် ရုံးခန်းများဆီသို့ ဦးတည်နေသော လမ်းမကြီးမှာ တိတ်ဆိတ်နေ၏။ သူ ဟိုဟိုဒီဒီ ကြည့်လိုက်ပြီးနောက် သီးသန့်တံခါးတစ်ခုကို ခေါက်လိုက်လေသည်။
"ဝင်ခဲ့ပါ..."
လျူယန်၏ အသံမှာ မနေ့ညကကဲ့သို့ ဆွဲဆောင်မှုရှိသော အမူအရာများ မပါဘဲ အတော်လေး အေးစက်နေ၏။
သို့သော် လူငယ်လေး တံခါးဖွင့်ပြီး ဝင်လာသည့်အခါ သူမ၏ အသံမှာ ချက်ချင်းပင် ပျော့ပျောင်းသွားတော့သည်။
"အို... မောင်လေးလီပါလား… ကြည့်ရတာ မနေ့ညက ကောင်းကောင်း အိပ်မပျော်လို့ ဒီမနက် အစ်မကြီးကို လာလွမ်းနေတာ ထင်တယ်..."
"မင်္ဂလာပါ ဒုတိယအဖွဲ့မှူးလျူ..."
လီဟောင်က ဘာမှ မဖြစ်သလိုပင် တည်ငြိမ်စွာ အလေးပြုလိုက်လေသည်။
ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်မှာ သူ့အတွက် ဘာမှ စိတ်ဝင်စားစရာ မရှိပေ။ အထူးသဖြင့် သူ့နောက်ကို အန္တရာယ်တွေ လိုက်နေသည့်အချိန်တွင် ထိုသို့သော စိတ်ကူးမျိုးမှာ လုံးဝ မရှိခဲ့ပေ။ ထို့အပြင် ဤဒုတိယအဖွဲ့မှူးမှာ ပုံပန်းသဏ္ဌာန်ကဲ့သို့ ရိုးရှင်းသူ မဟုတ်သည်ကို သူ သိသည်။ သူမသည် လျူလုံ၏ လူယုံတစ်ယောက် ဖြစ်သဖြင့် လီဟောင်က မိမိကိုယ်ကိုယ် ပြဿနာ မရှာချင်ပေ။
"မောင်လေးလီရယ်... ဘာလို့ အဲဒီလောက်အထိ အတည်ကြီး လုပ်နေရတာလဲ..."
လျူယန်က ပါးချိုင့်လေးတွေ ပေါ်လာသည်အထိ ချစ်စဖွယ် ပြုံးပြလိုက်သော်လည်း လူငယ်လေးကတော့ တောင့်တောင့်ကြီး မတ်တပ်ရပ်နေဆဲပင်။
သူသည် ရုံးခန်းထဲကို ခိုးကြည့်လိုက်ပြီး စိတ်ထဲမှ အံ့သြတုန်လှုပ်သွားရလေသည်။
ရုံးခန်းကြီးမှာ အလွန်ပင် ကျယ်ဝန်းလှ၏။ လျှို့ဝှက်ရေးရာဌာန တစ်ခုလုံးစာလောက် ရှိနေပြီး အနည်းဆုံး စတုရန်းမီတာ နှစ်ရာခန့် ကျယ်ဝန်းပေလိမ့်မည်။
ဒါက အဓိကအချက် မဟုတ်ပေ၊ ဥပဒေစိုးမိုးရေးအဖွဲ့က ဒီလို နေရာကောင်း ရထားခြင်းမှာ သဘာဝပင် ဖြစ်၏။
အဆန်းတကြယ် ဖြစ်နေရသည့် အချက်မှာ ရုံးခန်းထဲတွင် ပြန့်ကျဲနေသော အကြီးစား ဖျက်အားပြင်း လက်နက်များပင် ဖြစ်တော့သည်။
တတိယမျိုးဆက် ဗော့တက်စ် သေနတ်တစ်လက်က ဘယ်လောက် တန်ဖိုးရှိသနည်း။ ဒီလို နေရာမျိုးမှာဆိုလျှင် ထိုပစ္စတိုမှာ အမှိုက်သာသာပင် ရှိပေလိမ့်မည်။
ဂေးဝင်းဝမ်း (Galewind One) တစ်လက်။
လီဟောင်သည် ဤလက်နက် အမျိုးအစားအကြောင်းကို အရင်က ကြားဖူးခဲ့သည်။ ၎င်းသည် တစ်ကြိမ်တည်းတွင် ကျည်ဆန် သုံးရာခန့် ထည့်သွင်းနိုင်ပြီး ဆက်တိုက် ပစ်ခတ်နိုင်သော ကြောက်စရာကောင်းသည့် စက်သေနတ် အမျိုးအစား ဖြစ်၏။
စတုတ္ထမျိုးဆက် ဟော့ခ်အိုင် (Hawkeye) လည်း ရှိနေသေးသည်။
အဆင့်မြင့်ဆုံး စနိုက်ပါ ရိုင်ဖယ်ဖြစ်ပြီး အကွာအဝေး မီတာငါးရာအထိ ထိရောက်စွာ ပစ်ခတ်နိုင်သလို၊ အဝေးဆုံး ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ ထိုထက်ပင် ပိုမိုဝေးကွာလှသည်ဟု သိရ၏။
ပြီးတော့ ဒုတိယမျိုးဆက် အာမိုပီယာစာ (Armorpiercer) လည်း ရှိသေးသည်။
ထိုလက်နက်မှာ သံနှင့် သံမဏိများကိုပင် ထိုးဖောက်နိုင်စွမ်း ရှိသည်ဟု ကောလာဟလများ ထွက်နေခဲ့သည်။
……
ဒါက ရုံးခန်းလား၊ ဒါမှမဟုတ် ကိုယ်ပိုင် လက်နက်တိုက်လား။
လီဟောင်မှာ ဘာပြောရမှန်းမသိလောက်အောင် ဖြစ်သွားရလေသည်။
လီဟောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သည့်အခါ လျူယန်၏ အပြုံးမှာ ပိုမို နက်ရှိုင်းလာတော့၏။
"မလန့်သွားပါနဲ့ မောင်လေးလီရဲ့… ဒါတွေက အရုပ်တွေပါ… အစ်မကြီးက အပျော်သဘောနဲ့ သိမ်းထားတာ၊ အစစ်တွေ မဟုတ်ပါဘူး..."
ကျွန်တော့်ကို အရူးမှတ်နေတာလား။
အရုပ်တွေတဲ့လား… သံတုံးတွေရဲ့ တောက်ပနေတဲ့ အလင်းနဲ့ ဒါတွေကို ကြည့်ပြီး အရုပ်တွေလို့ ပြောနေတာလား။ ကျွန်တော့်ကို မျက်စိကန်းနေတယ်လို့ ထင်နေတာလား။
ဥပဒေစိုးမိုးရေးအဖွဲ့ကတော့ တကယ်ကို မခေလှပေ။ လျူယန်သည် အလွန်အမင်း အန္တရာယ်ရှိသော လက်နက်များကို သူမ၏ ရုံးခန်းထဲတွင် ပေါ်ပေါ်ထင်ထင် ပြသထားခြင်း ဖြစ်သည်။
"တကယ်ပါ… ဒါတွေက ကစားစရာတွေပါ..."
လျူယန်က ရယ်မောလိုက်ပြီးနောက် လီဟောင်ထံသို့ အမည်းရောင် လက်ပစ်ဗုံးတစ်လုံးကို ရုတ်တရက် လှမ်းပစ်လိုက်လေသည်။
"ဆော့ကြည့်ပါဦး… ဘာမှ မဖြစ်ပါဘူး..."
လီဟောင်၏ မျက်စိများမှာ ပြူးကျယ်သွားရပြီး ထိုလက်နက်ကို အသည်းအသန် ဖမ်းလိုက်ရ၏။ သူ့နဖူးပေါ်တွင်လည်း ချွေးစက်များ စို့လာတော့သည်။
တောက်... ဒါကြီးက ပေါက်ကွဲသွားမှာ မဟုတ်ဘူးလား။
"မစိုးရိမ်ပါနဲ့..."
ပျော်ရွှင်နေသော လျူယန်က အနီးသို့ လမ်းလျှောက်လာပြီး ဗုံး၏ ဖြုတ်ခလုတ်ကို ပေါ့ပေါ့ပါးပါးပင် ဆွဲဖြုတ်လိုက်လေသည်။
"တွေ့လား... ခလုတ်က အထဲမှာ ရှိနေသေးတာပဲ၊ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး..."
လီဟောင်၏ ဦးရေပြားများပင် ထုံသွားရလေသည်။
မင်း ရူးနေတာလား။
သူမက ခလုတ်ကို ဆွဲဖြုတ်လိုက်ခြင်း ဖြစ်၏။ သူသည် ထိုရုံးခန်းထဲမှ အော်ဟစ်ပြီး ပြေးထွက်သွားချင်စိတ် ပေါက်သွားရသည်။ ကံကောင်းစွာဖြင့် လျူယန်က ရယ်မောလိုက်ကာ ထိုလက်ပစ်ဗုံးကို အမြန်ယူပြီး ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းပစ်လိုက်လေသည်။
"တကယ်ပါ… အားလုံး အဆင်ပြေပါတယ်၊ အတုတွေပါဆို..."
ဗုန်း…
ပေါက်ကွဲသံကြီးကြောင့် အခန်းတစ်ခုလုံး တုန်ခါသွားပြီး လီဟောင်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားရလေသည်။
အတုတဲ့လား… ဒီမိန်းမတော့ ရူးနေပြီ။ မင်း လက်ပစ်ဗုံးတစ်လုံးကို အပြင်ကို လွှင့်ပစ်လိုက်တာ၊ တစ်ခုခုတော့ ပျက်စီးသွားမှာပဲ။ ဘယ်လိုလုပ် အားလုံး အဆင်ပြေတယ်လို့ ပြောနိုင်ရတာလဲ။
ထိုအချိန်တွင် လျူယန်က လူငယ်လေး၏ မျက်နှာကို သေသေချာချာ စိုက်ကြည့်နေပြီး သူ ဖြူဖျော့သွားသည်ကို မြင်သည့်အခါ အပြုံးများ ပျောက်ကွယ်သွားတော့၏။
"မောင်လေးလီ... ဒါကတော့ မဟုတ်သေးဘူးနော်"
"ဗျာ..."
"ဒီလောက်လေးနဲ့တင် လန့်သွားတာလား..."
လျူယန်က သူမ၏ ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး သူမ၏ ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ ခြေထောက်နှစ်ဖက်ကို စားပွဲပေါ် တင်လိုက်လေသည်။
"စွမ်းအားရှင် တွေဆိုတာ ဒီထက် အများကြီး ပိုကြောက်ဖို့ ကောင်းတယ်..."
သူမက ခပ်အေးအေးပင် ပြောလိုက်၏။
"သူတို့ထဲက တချို့က အဲဒီကစားစရာထက် ပိုပြင်းတဲ့ မီးလုံးလေးတွေကို ဖန်တီးနိုင်ကြတယ်၊ နည်းနည်းလေး ပေါ့ဆလိုက်တာနဲ့ မင်း သေသွားနိုင်တယ်။ မင်းက ဒီလောက်အထိ ကြောက်တတ်ပြီး လက်ပစ်ဗုံးကိုတောင် ကြောက်နေတာ၊ ငါတို့နဲ့ ဘယ်လို ပူးပေါင်းမှာလဲ..."
လီဟောင်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားလေသည်။
"ကျွန်တော် ဒါတွေကို ဘာမှ မသိပါဘူး… ကျွန်တော်က သာမန်လူတစ်ယောက်ပဲလေ၊ တကယ်လို့ ဥပဒေစိုးမိုးရေးအဖွဲ့ကို ဝင်ခဲ့ရင်တောင် အဲဒီလူတွေနဲ့ တွေ့ချင်မှ တွေ့မှာပါ။ ကျွန်တော် ကြောက်တာက သဘာဝကျပါတယ် ဒုတိယအဖွဲ့မှူး၊ နောက်ပိုင်း အကြိမ်အနည်းငယ်လောက် ထပ်ကြုံရရင်တော့ ကျင့်သားရသွားမှာပါ..."
"ဟုတ်လို့လား..."
လျူယန်က ပြုံးလိုက်၏။
"မင်းက ကြွက်ကလေးတစ်ကောင်လို ကြောက်တတ်ပေမဲ့ အဖွဲ့မှူး ပြောသလိုတော့ မဟုတ်ဘူးပဲ။ သူကတော့ မင်းကို ခြင်္သေ့တစ်ကောင်လို ရဲရင့်တယ်လို့ ပြောထားတာ။ တကယ်တော့ ငါလည်း မင်းကို သတ္တိမနည်းဘူးလို့ ထင်ပါတယ်။ တကယ်လို့သာ သတ္တိမရှိရင် ဒါတွေက ထင်ထားတာထက် ပိုထူးဆန်းနေတယ်ဆိုတာ သိလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးတဲ့ အမှုတွေကို ဆက်ပြီး စုံစမ်းနေမှာ မဟုတ်ဘူးလေ..."
"တချို့အရာတွေက လုပ်ကိုလုပ်ရမှာမို့လို့ပါ..."
လီဟောင်က တည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းလိုက်လေသည်။
"တောထဲမှာ ကျားရှိမှန်း သိပေမဲ့လည်း ကျွန်တော်တို့ တောင်ပေါ်ကို တက်ရမှာပဲ။ ဒုတိယအဖွဲ့မှူးတို့လိုပေါ့၊ စွမ်းအားရှင် တွေက ရန်မစသင့်တဲ့သူတွေဆိုတာ သိပေမဲ့လည်း မင်းတို့ ရန်စနေကြတာပဲ။ လူတိုင်းမှာ ကြောက်စိတ်ဆိုတာ ရှိကြတာပါပဲ၊ ဒါပေမဲ့ တချို့အရာတွေကိုတော့ ဘာပဲဖြစ်ဖြစ် လုပ်ဆောင်ရမှာပဲ မဟုတ်လား..."
"မှန်တာပေါ့"
လျူယန်က အပြည့်အဝ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"ကောင်းကောင်း ပြောနိုင်သားပဲ… ဘယ်သူမှ မကြောက်တဲ့သူ မရှိပါဘူး။ ငါလည်း ကြောက်တယ်၊ အဖွဲ့မှူးလည်း ကြောက်တာပဲ။ ဒါပေမဲ့ ကြောက်နေလို့ လက်လျှော့လိုက်ရမယ်လို့ မဆိုလိုဘူးလေ..."
သူမက လူငယ်လေးကို ကြည့်လိုက်ပြီး -
"မင်းက ငါတို့ကို အများကြီး ကူညီနိုင်လိမ့်မယ်လို့တော့ ငါ မထင်ဘူး၊ ဒါပေမဲ့ အဖွဲ့မှူးက ပြောထားတာဆိုတော့ ဥပဒေစိုးမိုးရေးအဖွဲ့ဆီ မင်းကို ကြိုဆိုပါတယ်။ ဒါက အရေးမကြီးပါဘူး၊ ပိုပြီး အရေးကြီးတာက မင်းကို မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားများအဖွဲ့ဆီ ကြိုဆိုလိုက်တာပဲ..."
မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားများအဖွဲ့…။
လီဟောင်၏ မျက်လုံးများ ပြူးကျယ်သွားရလေသည်။ ဒါက ဒီအဖွဲ့ငယ်လေးကို သူတို့ဘာသာ ပေးထားတဲ့ နာမည်လား။ သူသည် ဒုတိယအဖွဲ့မှူး ကမ်းပေးထားသည့် လက်ကို နှုတ်ဆက်ရန် လှမ်းလိုက်သော်လည်း လျူယန်က ဘာကြောင့် သူ့လက်ကောက်ဝတ်ကို ရုတ်တရက် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်ကို သူ နားမလည်ခဲ့ပေ။ သူမက လီဟောင်၏ ညာလက်ကို ဆွဲယူပြီး လိမ်လိုက်ကာ သူ ဘာမှ မလုပ်နိုင်ခင်မှာပင် ပခုံးကျော် လွှဲပစ်လိုက်သဖြင့် သူသည် ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ကျသွားတော့၏။
လူငယ်လေးသည် သုံးနှစ်ကြာ လေ့ကျင့်ခဲ့သည့် အရှိန်ဖြင့် ချက်ချင်းပင် ပြန်ခုန်ထလိုက်လေသည်။ နာကျင်မှုကို အံကြိတ်ခံရင်း လျူယန်၏ တိုက်ကွက် အကွာအဝေးပြင်ပသို့ ချက်ချင်းပင် ဆုတ်ခွာလိုက်၏။
အမျိုးသမီးမှာမူ ထပ်မံ တိုက်ခိုက်ခြင်း မပြုဘဲ သူ့ကို တိတ်တဆိတ် ကြည့်နေပြီး၊ သူ့၏ တုံ့ပြန်မှုကို အတော်လေး သဘောကျနေပုံရသည်။
"မဆိုးဘူးပဲ… မင်းရဲ့ သတိထားမှုက အားနည်းပေမဲ့၊ မင်းရဲ့ ကျွမ်းကျင်မှုကတော့ ပျမ်းမျှအဆင့် ရှိပါတယ်။ ပြီးတော့ မင်းရဲ့ တုံ့ပြန်မှုကလည်း အောင်မှတ်ပေးလို့ ရတယ်။ ဒါက မူလငါးသွယ်ကျမ်းထဲက မျောက်ပုံစံ သိုင်းကွက် မဟုတ်လား၊ မင်းရဲ့ လေ့ကျင့်မှုက အရာထင်သားပဲ..."
လီဟောင်က ဘာမှ ပြန်မပြောဘဲ သူမကို သတိထားပြီး ကြည့်နေမိသည်။ ဒီအမျိုးသမီးက နုနုနယ်နယ် ပုံစံရှိသော်လည်း၊ သူမ၏ လက်များမှာမူ ခုနက သံမဏိများကဲ့သို့ မာကြောနေခဲ့၏။ သူ့လက်မောင်းကို သူမ ဆုပ်ကိုင်လိုက်သည့် နေရာမှာ ရောင်ကိုင်းသွားသည်ကို ကြည့်စရာမလိုဘဲ သူ သိနေလေသည်။
သူမ၏ ခွန်အားမှာ မယုံနိုင်လောက်အောင်ပင်။ သံကွင်းများဖြင့် သူ့ကို တုတ်နှောင်ထားသလို ခံစားခဲ့ရခြင်း ဖြစ်၏။
"မင်းရဲ့ ကျွမ်းကျင်မှုကို စမ်းကြည့်တာပါ၊ မလန့်သွားပါနဲ့..."
လျူယန်က ဆွဲဆောင်မှုရှိသော အမူအရာဖြင့် တဟားဟား ရယ်မောလိုက်လေသည်။ သူမသည် ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားသော်လည်း လီဟောင်ကတော့ သူမကို ပေါ့ပေါ့ဆဆ မဆက်ဆံရဲတော့ပေ။
"မင်းမှာ မူလငါးသွယ်ကျမ်းရဲ့အခြေခံတွေ ရှိနေတာ ကောင်းပါတယ်။ မျောက်ပုံစံ သိုင်းကွက်က တိုက်ခိုက်ဖို့အတွက် အကောင်းဆုံး မဟုတ်ပေမဲ့ ထွက်ပြေးဖို့အတွက်တော့ အသင့်တော်ဆုံးပဲ။ တကယ်လို့ မင်းသာ မင်းရဲ့ ဆရာ့ခြေဖျားအထိ လိုက်နိုင်မယ်ဆိုရင် သာမန် စွမ်းအားရှင် တွေက မင်းကို မိမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်..."
လီဟောင်က အသစ်တစ်ခုကို စဉ်းစားမိသွားသည်။
"ဒုတိယအဖွဲ့မှူးလျူ ဆိုလိုတာက... ကျွန်တော့်ဆရာက မျောက်ပုံစံ သိုင်းကွက်ကို ကောင်းကောင်း တတ်တာလား..."
"ဟင်..."
လျူယန်က မျက်တောင်ခတ်လိုက်ပြီးနောက် အကျယ်ကြီး ရယ်မောလိုက်တော့သည်။
"ဘယ်သူက မူလငါးသွယ်ကျမ်းကို ရေးခဲ့တာလဲ…အဖိုးအို ယွမ်လေ။ မင်းက မူလငါးသွယ်ကျမ်းကို တီထွင်ခဲ့တဲ့သူက ဒါကို တတ်လားလို့ မေးနေတာလား..."
သူမ၏ ရယ်မောသံမှာ ခဏမျှ ကြာမြင့်သွားပြီးနောက် ရုတ်တရက် ရပ်တန့်သွားလေသည်။
"သူက တကယ်ကို တကယ်ကို သန်မာတာပါ။ မင်းရဲ့ ဆရာက စွမ်းအားရှင် တစ်ယောက် မဟုတ်ပေမဲ့၊ ဒီလျှို့ဝှက်စွမ်းအားတွေ မပေါ်လာခင်တုန်းက သာမန်လူတွေရဲ့ နယ်ပယ်မှာ သူက အမြင့်ဆုံး စွမ်းအားရှင် တစ်ယောက်ပဲ။ ဒါပေမဲ့ ဒီ ကြယ်တာရာစွမ်းအား တွေ ပေါ်လာတဲ့အခါမှာတော့ သူက ကူးပြောင်းခြင်း မပြုနိုင်ခဲ့ဘူး... ဟူး..."
ထိုသက်ပြင်းမှာ ယွမ်ရွှော့အတွက်လား၊ သို့မဟုတ် သူမကိုယ်တိုင် အတွက်လား မည်သူမျှ မသိနိုင်ပေ။ သာမန်လူတွေရဲ့ နယ်ပယ်မှာ ဘယ်လောက်ပဲ တော်နေပါစေဦးတော့၊ အတော်ဆုံး ပညာရှင်တစ်ယောက်တောင်မှ စွမ်းအားရှင် တစ်ယောက်ရဲ့ မီးလုံးတစ်လုံး၊ ဓားအလင်းတန်း တစ်ခု ဒါမှမဟုတ် လျှပ်စီးလက်မှု တစ်ခုကို မခုခံနိုင်သည် မဟုတ်လား။
ဒါက အရာအားလုံးကို ဝမ်းနည်းစရာ ဖြစ်စေသည့် အချက်ပင် ဖြစ်၏။
သို့သော် လျူယန်သည် ချက်ချင်းပင် သတိပြန်ဝင်လာပြီး တည်ငြိမ်သွားလေသည်။ သူမက အပြင်ဘက်သို့ လှမ်းထွက်လိုက်ကာ -
"လာပါ... ငါတို့ အဖွဲ့မှူးကို သွားရှာပြီး ငါတို့ရဲ့ လုပ်ငန်းစဉ်တွေကို မင်းကို မိတ်ဆက်ပေးရအောင်။ မင်းရဲ့ တာဝန်တွေက ဘာလဲဆိုတာ သိထားရမယ်၊ ရန်သူနဲ့ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် လုပ်ထားရမယ်။ ငါကတော့ မင်းဆီကနေ ဘာမှ မျှော်လင့်မထားပါဘူး၊ ငါတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ပဲ ဆုတောင်းပါတယ်..."
လီဟောင်၏ နှလုံးခုန်သံများ မြန်လာရလေသည်။ ဆန်းကြယ်လှသော စွမ်းရည်များ… ဖြစ်နိုင်သည်မှာ လျူလုံထံမှ စွမ်းအားရှင် များအကြောင်း ပိုမို သိရှိနိုင်မည် ဖြစ်၏။ ဒါက ထိုနယ်ပယ်ထဲသို့ သူ ခြေလှမ်းစတင်လိုက်သည့် နေရာလည်း ဖြစ်နိုင်သည်။ တကယ်လို့ ဒီအဖွဲ့က သူတို့ကို အမဲလိုက်ဝံ့သည်ဆိုလျှင်၊ ၎င်းတို့သည် သူတို့၏ သားကောင်များအကြောင်းကို ကောင်းကောင်း နားလည်ထားကြသည်ဟု ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။ ဒါကလည်း သူ ဥပဒေစိုးမိုးရေးအဖွဲ့ကို ဝင်ချင်ရသည့် အကြောင်းရင်းပင်။ ရန်သူကို ကောင်းကောင်း သိမှသာလျှင် ကြက်သွေးရောင်အရိပ် ကို သူ ပိုမို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည် မဟုတ်လား။