← Chapters

ငါ တကယ်ကို သန်မာနေသလိုပဲ (၁)

Vol. 3 Ch. 23

ငါ တကယ်ကို သန်မာနေသလိုပဲ (၁)

Vol. 3 Ch. 23

ဘာသာပြန် - Toxic

လျူယန်က လီဟောင်ကို လျူလုံ၏ ရုံးခန်းသို့ ခေါ်မသွားပေ။ သူမသည် စင်္ကြံလမ်းများအတိုင်း ဟိုကွေ့ဒီကွေ့၊ အပေါ်တက်အောက်ဆင်း လုပ်ပြီးနောက် မြေအောက်ထပ်သို့ ခေါ်ဆောင်သွားလေသည်။ ထိုနေရာမှာ သာမန်လူများ ဝင်ရောက်ခွင့်မရှိသော မြေအောက်ခန်း၏ သီးသန့် အစိတ်အပိုင်းတစ်ခု ဖြစ်၏။

ကျယ်ဝန်းလှသော နေရာကြီး ဖြစ်သဖြင့် လီဟောင် ခြေလှမ်းလိုက်တိုင်း ပဲ့တင်သံသဲ့သဲ့ ထွက်ပေါ်နေသော်လည်း ပတ်ဝန်းကျင်မှာမူ အလွန်ပင် တိတ်ဆိတ်နေသည်။

ခြောက်ခြားစရာကောင်းလောက်အောင်ပင် တိတ်ဆိတ်လွန်းလှ၏။

ဥပဒေစိုးမိုးရေး အဆောက်အဦးထဲတွင် လူကို ကြက်သီးထစေနိုင်သော ဤနေရာမှာ တကယ့်ကို ထူးခြားသည့် နေရာတစ်ခုပင် ဖြစ်ပေလိမ့်မည်။ လေ့ကျင့်ရေး ပစ္စည်းကိရိယာ အမြောက်အမြားနှင့်အတူ နံရံများပေါ်တွင်လည်း လက်နက်အမျိုးမျိုးကို ချိတ်ဆွဲထားသည်မှာ လျူယန်၏ ရုံးခန်းနှင့်ပင် ဆင်တူနေသေး၏။ ဓား၊ လှံ၊ သန်လျက် အစရှိသည့် အေးစက်သော လက်နက်များမှသည် ခေတ်မီ အပူပေးလက်နက်များအထိ စုံလင်စွာ ရှိနေလေသည်။

တံခါးဝတွင် ချထားသည့် အလတ်စား မီးအမြောက်ငယ်ကို မြင်လိုက်ရသည့်အခါ လီဟောင်၏ ဦးရေပြားများပင် ထုံသွားရ၏။

"အမလေး... ဒီလူတွေ လက်နက်တွေ ဘယ်လောက်တောင် စုဆောင်းထားကြတာလဲ..."

ဒါက ဥပဒေစိုးမိုးရေးအဖွဲ့၏ အခွင့်ထူးခံ အားသာချက်ပင် ဖြစ်သည်။ တစ်စုံတစ်ယောက်က ဒီနေရာကို ရှာတွေ့သွားလျှင်တောင် လျူလုံက အဖွဲ့မှူးဖြစ်သလို ငွေမြို့တော်၏ အင်အားသုံးနှိမ်နင်းရေးဌာနတွင် အကြီးအကဲ ဖြစ်နေသည် မဟုတ်လား။ ဒီလက်နက်တွေက တရားခံတွေကို ဖမ်းဖို့အတွက်လို့ သူပြောလိုက်လျှင် မည်သူကမျှ လာရောက် ငြင်းဆိုဝံ့မည် မဟုတ်ပေ။

တကယ်လို့ လီဟောင်သာ ဒီလောက်အထိ လက်နက်တွေ စုထားလျှင်မူ သူသည် အဖမ်းခံရပြီး သေဒဏ်ပေးခံရသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။

လေ့ကျင့်ရေး ပစ္စည်းများနှင့် လက်နက်များ၏ တစ်ဖက်ခြမ်းတွင် တခြားတစ်နေရာသို့ ဆက်သွယ်ထားသည့် လမ်းကျဉ်းလေးတစ်ခု ရှိသော်လည်း လျူယန်က ထိုဘက်သို့ ခေါ်မသွားပေ။ သူမက လေ့ကျင့်ရေး ဧရိယာထဲသို့ လှမ်းဝင်လိုက်ပြီး အော်ပြောလိုက်လေသည်။

"အဖွဲ့မှူး... သူ့ကို ခေါ်လာပြီ..."

မှောင်ရိပ်ကျနေသော အထဲဘက်မှ လူရိပ်အချက်အချို့ ထွက်ပေါ်လာလေသည်။ ထွားကျိုင်းသန်မာသော လျူလုံ၊ ပိန်ချောင်နေသော ဝူချောင်၊ ခြေလှမ်းတိုင်းတွင် ကြမ်းပြင်ကို တုန်ခါသွားစေသည့် လူကြီးတစ်ယောက်နှင့် ချစ်စဖွယ် မျက်နှာပေးရှိသော အမျိုးသမီးငယ်လေး တစ်ယောက်တို့ပင် ဖြစ်၏။

လျူယန်ကိုပါ ထည့်တွက်လျှင် စုစုပေါင်း ငါးယောက် ရှိသည်။ ဒါကတော့ ဥပဒေစိုးမိုးရေးအဖွဲ့၏ "မိစ္ဆာစွမ်းအားအရှင်အမဲလိုက်သမားများ" အဖွဲ့ပင် ဖြစ်တော့သည်။

ရာသီဥတု ပူပြင်းသော်လည်း လျူလုံကတော့ သူ အမြဲဝတ်နေကျ ကုတ်အင်္ကျီအရှည်ကြီးကို ဝတ်ထားဆဲပင်။ သူ့ကိုယ်ပေါ်တွင် လက်နက်အမျိုးမျိုးကို ဖုံးကွယ်ထားရန်အတွက် ထိုသို့ ဝတ်ဆင်ထားခြင်း ဖြစ်၏။ ဘယ်သူမဆို လက်နက်တွေကို ပေါ်ပေါ်ထင်ထင် သယ်လာလျှင် သံသယဝင်စရာ ဖြစ်နေမည် မဟုတ်လား။

"လျူလုံ..."

အဖွဲ့မှူးက အေးစက်စွာပင် လမ်းလျှောက်လာပြီး မိမိကိုယ်ကိုယ် ထပ်မံ မိတ်ဆက်လိုက်လေသည်။

"မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားများအဖွဲ့ရဲ့ အဖွဲ့မှူးနဲ့ ရှေ့တန်းတိုက်စစ်မှူး..."

"ဝူချောင်..."

ပိန်ချောင်ချောင် လူက ခပ်ပေါ့ပေါ့ပင် ပြုံးပြလိုက်၏။

"မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားများအဖွဲ့ရဲ့ ကင်းထောက်၊ သတင်းအချက်အလက် စုဆောင်းဖို့နဲ့ ရန်သူ့အာရုံကို ဆွဲဆောင်ဖို့ တာဝန်ယူထားတယ်..."

"ချန်ကျန့်..."

ထွားကျိုင်းလှသော လူကြီးက လေးလေးပင်ပင်ပင် မိတ်ဆက်လေသည်။

"မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားများအဖွဲ့ရဲ့ နောက်တန်းအစောင့်နဲ့ ခုခံရေးအတွက် တာဝန်ယူထားတယ်..."

သေးငယ်သော အမျိုးသမီးလေးကတော့ နူးညံ့သောအသံဖြင့် ပြောလိုက်၏။

"ယွမ်ယောင်... မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားများအဖွဲ့ရဲ့ ဆရာဝန်ပါ၊ လူတိုင်းကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ တာဝန်ယူထားပါတယ်..."

သူတို့ လေးယောက်စလုံးမှာ သီးခြား အရည်အချင်းများနှင့် တာဝန်ကိုယ်စီ ရှိကြသည်မှာ ရှင်းလင်းလှ၏။ အဖွဲ့က သေးငယ်သော်လည်း လိုအပ်သည့် အစိတ်အပိုင်းများ အစုံအလင် ရှိနေလေသည်။ လီဟောင်က လျူယန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူမကရော ဘာလုပ်သနည်း။

လျူယန်က လူငယ်လေး၏ အကြည့်ကို သတိထားမိသည့်အခါ ချစ်စဖွယ် ပြုံးပြလိုက်လေသည်။

"ဘာကြည့်နေတာလဲ... လျူယန်… မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားများအဖွဲ့ရဲ့ ဒုတိယအဖွဲ့မှူးနဲ့ ဒုတိယတိုက်စစ်မှူး။ အဖွဲ့မှူးက ပထမတိုက်စစ်ဆင်မယ်ဆိုရင် ငါက နောက်ကနေ လိုက်မယ်..."

"အော်... နားလည်ပါပြီ..."

"ဒါက ငါတို့ မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားတွေရဲ့ အင်အားအပြည့်အစုံပဲ..."

လျူလုံက လီဟောင်ကို တည်ငြိမ်စွာ ကြည့်လိုက်လေသည်။

"အရင်ကတော့ ငါတို့အဖွဲ့မှာ လူတွေ အများကြီး ရှိခဲ့ဖူးတယ်… အခုတော့ တော်တော်လေး နည်းသွားပြီ။ အခုကျန်တဲ့သူတွေက တိုက်စစ်မှူး နှစ်ယောက်၊ ဆရာဝန် တစ်ယောက်၊ ခုခံရေး တစ်ယောက်နဲ့ ကင်းထောက် တစ်ယောက်ပဲ။ လီဟောင်... မင်း ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိရဲ့လား..."

လူငယ်လေးက ခေါင်းညိတ်ပြလိုက်၏။

အဖွဲ့မှူး၏ အကြည့်မှာ ပိုမို နက်ရှိုင်းသွားပြီး -

"လီဟောင်... ငါတို့ကိုယ်ငါတို့ ဘာကြောင့် မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားများလို့ ခေါ်သလဲဆိုတာ မင်းသိလား..."

လီဟောင်က တိတ်ဆိတ်နေလေသည်။

"ဘာလို့လဲဆိုတော့ ငါတို့က တရားမျှတမှု ဖြစ်လို့ပဲ..."

တရားမျှတမှုတဲ့လား။ လီဟောင်က သူ့ရှေ့က လူစုလေးကို ကြည့်ပြီး မျက်တောင်ခတ်လိုက်မိ၏။ မင်းတို့က... တရားမျှတမှုပေါ့လေ။

"ဟုတ်တယ်၊ ငါတို့က တရားမျှတမှုပဲ..."

လျူလုံ၏ လေသံမှာ အေးစက်နေသော်လည်း ခိုင်မာသော ယုံကြည်ချက်များ ပါဝင်နေလေသည်။

"ငါတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေနဲ့ အတွေးတွေ ရှိကောင်းရှိနိုင်တယ်၊ ဒါပေမဲ့ ငါတို့က ဥပဒေစိုးမိုးရေး အဖွဲ့ဝင်တွေဆိုတာ မမေ့ပါနဲ့။ ငါတို့က စည်းမျဉ်းဥပဒေတွေကို အကောင်အထည်ဖော်ရတဲ့သူတွေ၊ ငါတို့က တရားမျှတမှုကို ဖော်ဆောင်ပြီး ငွေမြို့တော်ကို ကာကွယ်ရတဲ့သူတွေပဲ..."

"ငါတို့ လုပ်ဆောင်သမျှ အရာအားလုံးက ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ အင်အားတောင့်တင်းအောင် လုပ်ဖို့ပဲ။ ငါတို့ အမဲလိုက်တဲ့ မိစ္ဆာစွမ်းအားရှင်တွေဆိုတာ လက်ထဲမှာ သွေးစွန်းနေတဲ့ လူသတ်သမားတွေပဲ..."

"မင်း ငါတို့အဖွဲ့ကို ဝင်ပြီးရင် ပထမဆုံး လုပ်ရမယ့် အလုပ်က တခြားအရာတွေကို အကုန်မေ့ပစ်လိုက်ဖို့ပဲ။ တစ်ခုတည်းကိုပဲ မှတ်ထားပါ... ငါတို့က တရားမျှတမှုပဲ။ ပြစ်မှုကျူးလွန်တဲ့ စွမ်းအားရှင် တွေဟာ မိစ္ဆာတွေပဲ။ ညစောင့်တပ်ဖွဲ့တွေ မကိုင်တွယ်တဲ့ အရာတွေကို ငါတို့က တာဝန်ယူရမယ်။ ငါတို့က အညစ်အကြေးတွေကို ရှင်းလင်းရမယ့်သူတွေပဲ..."

လျူလုံသည် လီဟောင်ကို အဖွဲ့ထဲရောက်သည်နှင့် သူတို့၏ ရည်မှန်းချက်များကို ချက်ချင်းပင် ရိုက်သွင်းပေးလိုက်လေသည်။ ဒါက သူတို့ လိုက်နာရမည့် စည်းမျဉ်းများပင် ဖြစ်၏။

ဒီလို သေးငယ်တဲ့ အဖွဲ့လေးမှာ ကိုယ်ပိုင် အစီအစဉ်တွေ အများကြီး ရှိနေရင် ရန်သူကို ရင်ဆိုင်ဖို့ အလွန် အန္တရာယ်များပါလိမ့်မည်။ ဒါကြောင့် အဖွဲ့ဝင် တစ်ယောက်ချင်းစီမှာ ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခု ရှိနေကြခြင်း ဖြစ်သည်။ တရားမျှတမှုကို ထိန်းသိမ်းဖို့ဆိုတာပင်။

ဒါက တကယ် ဟုတ်မဟုတ် အရေးမကြီးပေ၊ သူတို့ကတော့ သူတို့ကိုယ်သူတို့ အမှန်တရားဘက်က ရပ်တည်နေပြီး ငွေမြို့တော်က မိစ္ဆာတွေကို နှိမ်နင်းနေတယ်လို့ အခိုင်အမာ ယုံကြည်ထားကြလေသည်။

"တရားမျှတမှု..."

လီဟောင်က တိုးတိုးလေး ရေရွတ်လိုက်၏။

"မှန်တယ်၊ တရားမျှတမှုပဲ..."

လျူလုံက အလေးအနက်ပင် ကြေညာလိုက်လေသည်။

"ဒါကို မှတ်ထားပါ လီဟောင်။ မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားတွေဆိုတာ ငွေမြို့တော်ရဲ့ ကာကွယ်သူ ကောင်းကင်တမန်တွေပဲ။ ငါတို့သာ မရှိရင် ငါတို့ရဲ့ မြို့ကြီးမှာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရာတွေ ဖြစ်ပျက်နေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒီနေရာက စွမ်းအားရှင် တွေရဲ့ စိတ်ကြိုက် ကစားကွင်းကြီး ဖြစ်သွားမှာပေါ့..."

"ဒါပေါ့... မင်း ငါပြောတာကို မယုံတာ၊ ဒါမှမဟုတ် အပြည့်အဝ မယုံကြည်တာမျိုး ရှိနိုင်ပါတယ်။ အဲဒီလိုဆိုရင်တော့ မင်း မြို့ပြင်ကို ထွက်ကြည့်ပြီး တခြားမြို့ ရာနဲ့ချီ၊ ထောင်နဲ့ချီတဲ့ နေရာတွေကို သွားကြည့်လိုက်ပါ။ အလယ်ပိုင်းဒေသကလွဲရင် တခြားဒေသတွေ အားလုံးက ပရမ်းပတာတွေ ဖြစ်နေတာ ကြာလှပြီ။ အခုက ကယောက်ကယက် ဖြစ်နေတဲ့ ခေတ်ပဲ၊ လူ့အသက်တွေဆိုတာ ပုရွက်ဆိတ်တွေလို တန်ဖိုးမရှိတော့ဘူး..."

"စွမ်းအားရှင် တစ်ယောက်တည်းနဲ့တင် မြို့တစ်မြို့ကို ဒုက္ခပေးနိုင်တယ်။ ငွေမြို့တော် တစ်ခုပဲ ဒီနှစ်တွေမှာ အေးအေးချမ်းချမ်း ရှိနေတာ။ အနှောင့်အယှက်တွေ ရှိပေမဲ့လည်း ခြုံကြည့်ရင်တော့ တိတ်ဆိတ်နေတာပဲ။ မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားတွေ အလုပ်လုပ်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ငါတို့ တစ်နှစ်ကို စွမ်းအားရှင် တစ်ယောက်နှုန်း သတ်ခဲ့တယ်။ ငါတို့ အမဲလိုက်မှုတိုင်းက ငါတို့ရဲ့ အိမ်ကို ကယ်တင်ခဲ့တာပဲ..."

လျူယန်က လီဟောင်၏ ဘေးတွင် ရပ်ရင်း သူမ၏ ပခုံးများကို ပွေ့ဖက်လိုက်ပြီး ရယ်မောလိုက်လေသည်။

"အဖွဲ့မှူး ပြောတာ မှန်ပါတယ်။ သူက စကားကြီးစကားကျယ် ပြောတတ်ပေမဲ့ သူပြောတာတွေထဲမှာ အမှား တစ်ခုမှ မပါဘူး။ ငါတို့ အားလုံးက ကိုယ်ပိုင် ရည်ရွယ်ချက်တွေနဲ့ အဖွဲ့ထဲ ဝင်လာကြတာ ဖြစ်ပြီး ဘယ်သူ့ကိုမှ ကာကွယ်ချင်စိတ် မရှိခဲ့ကြဘူး ဖြစ်နိုင်ပေမဲ့၊ တကယ်တမ်းမှာတော့ ငါတို့ကြောင့်ပဲ ငွေမြို့တော်က အေးချမ်းနေတာ အမှန်ပဲ..."

လီဟောင်က သူတို့စကားတွေကို ပြန်စဉ်းစားနေမိ၏။ လျူလုံ ပြောတာလည်း မမှားနိုင်ပေ။ သူတို့က ကိုယ်တိုင် စွမ်းအားတွေ ရချင်လို့ စွမ်းအားရှင် တွေကို သတ်နေတာ ဖြစ်နိုင်ပေမဲ့လည်း၊ မြို့ကို ဒုက္ခပေးမယ့် ရာဇဝတ်ကောင်တွေကိုတော့ အမှန်တကယ် ရှင်းလင်းပေးနေကြခြင်း ဖြစ်သည်။

အပြင်လောကကြီးက တကယ်ပဲ အုပ်ချုပ်သူမဲ့တဲ့ ကမ္ဘာကြီး ဖြစ်နေတာလား။

သူမသိပေ။ အဘယ်ကြောင့်ဆိုသော် သူ ငွေမြို့တော်ကနေ အပြင်ကို မထွက်ဖူးသလောက် ဖြစ်နေသောကြောင့်ပင်။ သူငယ်ငယ်တုန်းက တစ်ခါပဲ အနီးနားက မြို့တစ်မြို့ကို သွားဖူးခဲ့ဖူးသည်။

"လီဟောင်... ဒါက မင်းအဖွဲ့ထဲ ရောက်ပြီးနောက်ပိုင်း ပထမဆုံး သင်ခန်းစာပဲ..."

လျူလုံ၏ လေသံက ပိုမို ပြတ်သားလာလေသည်။

"ငါတို့ကို မှောင်ရိပ်ထဲမှာ ခိုအောင်းနေတဲ့ တစ္ဆေတွေလို့ မထင်ပါနဲ့၊ ငါတို့က ဥပဒေစိုးမိုးရေး သမားတွေပဲ။ ငါတို့က တရားမျှတမှုကို ထိန်းသိမ်းပြီး အကောင်အထည်ဖော်တဲ့ တမန်တွေပဲ။ ဒါကြောင့် ပြစ်မှုကျူးလွန်တဲ့သူ အားလုံးဟာ ငါတို့မျက်စိထဲမှာ မိစ္ဆာတွေပဲ။ ငါတို့ မိစ္ဆာအမဲလိုက်သမားတွေ လိုက်ရှာနေတာက အဲဒီ မိစ္ဆာတွေကိုပဲ..."

ဒီစကားကို ကြားလိုက်ရသည့်အခါ လီဟောင်၏ စိတ်ထဲတွင် တစ်ခုခုက ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ သူတို့ကိုယ်သူတို့ ပြန်ဖျောင်းဖျနေသည့် အမြင်မျိုး ဖြစ်နိုင်သော်လည်း၊ သူတို့က ဥပဒေစိုးမိုးရေး သမားတွေပါ၊ တရားမျှတမှုပါလို့ အဖွဲ့မှူးက ပြောလိုက်ခြင်းမှာ နားထောင်လို့ အတော်လေး ကောင်းလှသည်။

ဒါက တကယ်ပဲ စိတ်အားတက်စရာ ကောင်းလှ၏။

"ငါတို့က မှောင်ရိပ်ထဲမှာ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတဲ့ လူမိုက်တွေ မဟုတ်ဘူး၊ ငါတို့က တစ်မြို့လုံးကို ကာကွယ်ပေးနေတဲ့သူတွေပဲ..."

ဒါက အဖွဲ့ရဲ့ မူလရည်ရွယ်ချက် မဟုတ်ခဲ့ရင်တောင်မှ၊ သူတို့ရဲ့ လုပ်ရပ်တွေကတော့ ဒီရလဒ်ကိုပဲ ဖြစ်ပေါ်စေခဲ့တာ မဟုတ်လား။

တကယ့် ပညာရှင်ပဲ။ ဒါက လျူလုံအပေါ် လီဟောင် ပေးလိုက်သည့် မှတ်ချက်ပင် ဖြစ်သည်။ ဒီလူက ခွန်အားတင်မကဘူး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ တကယ့်ကို ကျွမ်းကျင်တဲ့သူ ဖြစ်၏။ လူတွေရဲ့ အတွေးအခေါ်ကို သူ လိုချင်တဲ့ လမ်းကြောင်းထဲ ရောက်အောင် ကောင်းကောင်း ဆွဲဆောင်နိုင်စွမ်း ရှိသည်။ သူ့ကြောင့် အဖွဲ့ဝင်တိုင်းက သူတို့ကိုယ်သူတို့ အမှန်တရားဘက်ကလို့ ယုံကြည်နေကြပြီး ဘယ်တော့မှ အပြစ်ရှိသလို ခံစားရမှာ မဟုတ်ပေ။

သူတို့ စွမ်းအားရှင် တွေကို သတ်တဲ့အခါ သူတို့ ခံစားရမှာက အောင်မြင်မှု အထိမ်းအမှတ်ပဲ ဖြစ်ပေလိမ့်မည်။ သူတို့က ပြည်သူတွေကို ကာကွယ်တယ်၊ တရားမျှတမှုကို ထိန်းသိမ်းတယ်၊ မြို့ကြီးကို စောင့်ရှောက်တယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ပေးနိုင်ဖို့ဆိုတာ သာမန် ခေါင်းဆောင်တစ်ယောက်အတွက် မလွယ်ကူပေ၊ လျူလုံကတော့ ဒါကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့လေသည်။

ထိုအချိန်တွင် လီဟောင်သည် မိစ္ဆာအမဲလိုက်သမားများ အဖွဲ့ထဲ ဝင်လိုက်ခြင်းမှာ မဆိုးဘူးဟု ခံစားလိုက်ရ၏။

ထိုအချိန်မှာပင် လျူလုံက ပြောလိုက်လေသည်။

"လီဟောင်... မင်းကိုယ်မင်း မိတ်ဆက်လိုက်ဦး..."

လူငယ်လေး ခဏလောက် စဉ်းစားလိုက်ပြီး -

"ကျွန်တော့်နာမည် လီဟောင်ပါ… လျှို့ဝှက်ရေးရာဌာနက စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်ပါ။ အဲဒီမတိုင်ခင်ကတော့ ဗက်ထရစ် ကျောင်းကနေ ကျောင်းထွက်ခဲ့တာပါ။ ကျွန်တော်က မူလငါးသွယ်ကျမ်းထဲက မျောက်ပုံစံ သိုင်းကွက်ကို တတ်ကျွမ်းတဲ့အတွက် လျင်မြန်မှုပိုင်းမှာတော့ အားသာချက် ရှိပါတယ်..."

"ဒါပဲလား..."

လျူလုံက သူ့ကို တစ်ချက် ကြည့်လိုက်၏။

"ဒါ... ဒါပါပဲ..."

"မင်းက ဒါလေးနဲ့တင် ယွမ်ရွှော့ရဲ့ နောက်ဆုံး တပည့် ဖြစ်လာတာလား..."

"ဒါကတော့ ဆရာက ကျွန်တော့်အပေါ် သဘောကောင်းလို့ပါ..."

လီဟောင်က အိုးတိုးအမ်းတမ်းဖြင့် ပြန်ဖြေလိုက်လေသည်။

"လီဟောင်... ငါတို့က အန္တရာယ်ရှိတဲ့ အချိန်တွေမှာ မင်းမှာ အရည်အချင်း မရှိရင်တောင်မှ အဖွဲ့ဝင်တစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ဘူး။ ဒါပေမဲ့ မင်းကို ကယ်ဖို့အတွက် ငါတို့ အသက်တွေကိုတော့ စတေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကသာ အဖိုးတန်တဲ့သူ တစ်ယောက် ဖြစ်မယ်ဆိုရင်တော့၊ မင်း အသက်ရှင်ဖို့နဲ့ ငါတို့ရဲ့ ယုံကြည်ချက်တွေ ဆက်လက် တည်တံ့ဖို့အတွက် ငါတို့ အသက်တွေကိုတောင် စတေးဖို့ ဝန်မလေးဘူး..."

လီဟောင် ခဏလောက် စဉ်းစားပြီး ထပ်ဖြည့်ပြောလိုက်၏။

"ကျွန်တော်က ရှေးဟောင်း စာပေတွေကိုလည်း ဖတ်တတ်ပါတယ်၊ ရှေးဟောင်း ယဉ်ကျေးမှုတွေကို လေ့လာတဲ့နေရာမှာ ဒါက အရမ်း အရေးကြီးပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ မှတ်ဉာဏ်ကလည်း အရမ်းကောင်းတယ်၊ ဒါကလည်း ကျွန်တော့်ရဲ့ အားသာချက်တစ်ခုပါပဲ..."

အဖွဲ့ဝင်အားလုံး တစ်ယောက်ကို တစ်ယောက် ထူးထူးဆန်းဆန်း ကြည့်လိုက်ကြလေသည်။ ရှေးဟောင်း စာပေတွေတဲ့လား။ အဲဒါကရော အသုံးဝင်လို့လား။

အသုံးဝင်တာပေါ့။

အရမ်းကို အသုံးဝင်တာ။

ယွမ်ရွှော့ရဲ့ အဆင့်အတန်းက ဒီလောက်အထိ မြင့်မားနေရတာက သူက ရှေးဟောင်းယဉ်ကျေးမှု ဌာနရဲ့ အကြီးအကဲ ဖြစ်နေလို့ပဲ။ သူ့ရဲ့ အမည်နာမက အဓိက မဟုတ်ဘူး၊ အဓိကက သူက ရှေးဟောင်းယဉ်ကျေးမှုတွေကို အသေးစိတ် လေ့လာထားတဲ့ ဝါရင့် ပညာရှင်ကြီး ဖြစ်နေလို့ပဲ။

ညစောင့်တပ်ဖွဲ့တွေတောင်မှ သူ့ကို အများကြီး အားကိုးနေကြရတာ၊ ဒါပေမဲ့ သူတို့ကို စွမ်းအားရှင် ဖြစ်ခွင့်တော့ မပေးဝံ့ကြဘူး။ တကယ်လို့ ဒီလို ထူးချွန်တဲ့ ပညာရှင်ကြီးကသာ ထူးခြားတဲ့ စွမ်းအားတွေ ရသွားမယ်ဆိုရင် ပြဿနာတွေ အများကြီး တက်လာနိုင်လို့ပဲ။

သာမန်လူတွေအတွက် ဘာမှ အသုံးမကျတဲ့ အရာတွေက စွမ်းအားရှင် တွေအတွက်တော့ အလွန် စွမ်းအားကြီးတဲ့ အရာတွေ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ စွမ်းအားရှင် အများစုကတော့ ဘာက အသုံးဝင်တယ်ဆိုတာကို ခွဲခြားနိုင်စွမ်း မရှိကြဘူး။

ယွမ်ရွှော့ကတော့ ဒါကို အလွယ်တကူ လုပ်နိုင်လေသည်။

သာမန်လူ ယွမ်ရွှော့ကတော့ သူတွေ့ရှိတာတွေကို ကိုယ်ကျိုးအတွက် မသုံးဝံ့ပေမဲ့၊ စွမ်းအားရှင် ယွမ်ရွှော့ကတော့ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားနိုင်တယ် မဟုတ်လား။ သူ တွေ့တာတွေကို ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားပြီး ကိုယ်တိုင် သိမ်းထားနိုင်တာပဲလေ။

ဒါကြောင့် လီဟောင်ရဲ့ မိတ်ဆက်မှုကို ကြားလိုက်ရတဲ့အခါ လျူလုံရဲ့ မျက်နှာက ဝင်းလက်သွားတော့သည်။

"ယွမ်ရွှော့ရဲ့ ပညာတွေထဲက မင်း ဘယ်လောက်အထိ တတ်ထားသလဲ..."

"အဖွဲ့မှူးက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ..."

လီဟောင်က နှိမ့်ချစွာ ပြန်ပြောလိုက်၏။

"ဆရာ့ရဲ့ အသိပညာတွေက သမုဒ္ဒရာကြီးလို ကျယ်ပြောလှပါတယ်၊ ကျွန်တော်ကတော့ အဲဒီထဲက ရေတစ်စက်လောက်ပဲ ရထားတာပါ..."

"လူလို ပြောစမ်းပါ..."

"……"

လီဟောင်က အားမလိုအားမရဖြင့် ဆက်ပြောလိုက်လေသည်။

"ကျွန်တော် ဆရာ့နားမှာ နှစ်နှစ်ပဲ နေခဲ့ရတာပါ၊ အချိန်အများစုကိုလည်း စာဖတ်ရင်းနဲ့ပဲ ကုန်ဆုံးခဲ့တာ။ လက်တွေ့ပိုင်းမှာတော့ ဘာမှ မလုပ်ဖူးသေးဘူး။ ဆရာက အများကြီး သိပေမဲ့ ကျွန်တော်ကတော့ ရှေးဟောင်း စာပေတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ နေရာမှာပဲ အားသန်ပါတယ်။ တခြား အပိုင်းတွေဖြစ်တဲ့ ထောင်ချောက်တွေကို ဖျက်တာ၊ ရှေးဟောင်း ပစ္စည်းတွေကို ထိန်းသိမ်းတာ၊ ဖုန်းရွှေ၊ ရှေးဟောင်း ယဉ်ကျေးမှုနဲ့ လူမှုအဖွဲ့အစည်းတွေ အပိုင်းမှာတော့ ကျွန်တော်က ဆရာ့ကို ဘယ်လိုမှ မမီပါဘူး..."

လူငယ်လေးက ဆရာဖြစ်သူ၏ အရည်အချင်းများကို ချီးကျူးရင်း အံ့သြနေမိ၏။

"ကျောင်းက ထွက်ပြီးကတည်းက ကျွန်တော် တခြားအရာတွေနဲ့ အလုပ်ရှုပ်နေလို့ ဆက်ပြီး မလေ့လာဖြစ်တော့ဘူး။ ကျွန်တော်ကတော့ ဆရာ့နောက်ကို မမီနိုင်လောက်အောင် အလှမ်းကွာနေတုန်းပါပဲ..."

"ဒီလောက်ဆိုရင်ပဲ တော်တော်လေး ဟန်နေပါပြီ..."

လျူလုံက ဟိန်းသံဖြင့် ပြောလိုက်၏။

"ယွမ်ရွှော့က မင်းကို တပည့်အဖြစ် လက်ခံချင်တယ်ဆိုကတည်းက မင်းမှာ အရည်အချင်းနဲ့ အလားအလာ ရှိနေလို့ပဲ..."

ရှေးဟောင်း စာပေတွေကို ခွဲခြမ်းစိတ်ဖြာတာတဲ့လား။

အဖွဲ့မှူးက စကားလမ်းကြောင်းကို ပြောင်းလိုက်လေသည်။

"ကောင်းပြီ... ဒီနေ့ကစပြီး မင်းက မိစ္ဆာစွမ်းအားရှင်အမဲလိုက်သမားများအဖွဲ့ရဲ့ သုတေသန ပညာရှင်နဲ့... ငါးစာ ပေါ့လေ..."

"……"

အခန်းထဲမှာ တိတ်ဆိတ်သွားရလေသည်။ ငါးစာ ဆိုတာကလည်း ရာထူးတစ်ခုပဲလား။

ဝူချောင်က ဘေးကနေ တဟားဟား ရယ်မောလိုက်လေသည်။ အဲဒီ ရယ်သံက ကြောက်စရာကောင်းသလို တစ်မျိုးကြီးပင်။

"နောက်ဆုံးတော့ ငါ လွတ်ပြီပေါ့ ကောင်လေးရာ… ငါတို့ အရင် ငါးစာ သေသွားကတည်းက ငါကပဲ အဲဒီနေရာမှာ လုပ်နေရတာ၊ အခုတော့ ငါ့မှာ ဆက်ခံမယ့်သူ ရပြီပေါ့..."

လီဟောင်က ဘာပြောရမှန်း မသိတော့ပေ။ လျူလုံက သူ မလာခင်ကတည်းက ပြောထားပြီးသားပါ - အဖွဲ့ထဲမှာ သူ့ရဲ့ တာဝန်က ငါးစာ အဖြစ် နေပေးဖို့ဆိုတာ။ ဒါက အခုတော့ တရားဝင် ကြေညာလိုက်ခြင်းပင်။

လျူလုံက မျက်မှောင်ကြုတ်ပြီး လီဟောင်ကို ကြည့်လိုက်၏။

"မင်းကို ငါးစာအဖြစ် သုံးမယ်ဆိုတာ မင်းကို သေခိုင်းတာ မဟုတ်ဘူးနော်။ မင်းရဲ့ ခန္ဓာကိုယ်က အားနည်းပုံရသလို၊ မျောက်ပုံစံ သိုင်းကွက်ကို သိတယ်ဆိုပေမဲ့လည်း ကျွမ်းကျင်မှုပိုင်းမှာတော့ သိပ်ရှိဦးမှာ မဟုတ်ဘူး။ မင်းမှာ အချိန်များများ မရှိခဲ့ဘူး မဟုတ်လား..."

လျူလုံက လေ့ကျင့်ရေး ပစ္စည်းတွေဆီ လမ်းလျှောက်သွားပြီး -

"လာပါ... မင်းရဲ့ အရည်အချင်းတွေကို စမ်းသပ်ကြည့်ရအောင်။ မင်းကို ဘယ်လို လေ့ကျင့်ပေးရမလဲဆိုတာ သိအောင် မင်းရဲ့ အခြေအနေကို ငါ သိဖို့ လိုတယ်။ ပြီးတော့ စွမ်းအားရှင် တွေဆီကနေ မင်း ထွက်ပြေးနိုင်စွမ်း ရှိမရှိဆိုတာကိုလည်း ငါ ကြည့်ချင်သေးတယ်..."

All Chapters