ငါ တကယ်ကို သန်မာနေသလိုပဲ (၂)
Vol. 3 Ch. 24
ဘာသာပြန် - Toxic
လီဟောင်က ဘာမှပြန်မပြောဘဲ သူတို့နောက်ကနေ တိတ်တဆိတ် လိုက်လာခဲ့လေသည်။ တခြားအဖွဲ့ဝင်တွေကလည်း စပ်စုချင်စိတ်ဖြင့် စုရုံးလာကြ၏။ လျူယန်က လူငယ်လေး၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်လေသည်။
"မင်းမှာရှိတဲ့ အရည်အချင်းတွေကို အကုန်ထုတ်ပြလိုက်စမ်းပါ၊ ဘာမှ ဖုံးကွယ်မထားနဲ့နော်။ မင်းက အားနည်းလွန်းနေတော့ ဖုံးကွယ်ထားလည်း အပိုပဲ။ မင်းရဲ့ အစစ်အမှန် စွမ်းရည်ထက် လျှော့ပြနေရင် မင်းပဲ နစ်နာလိမ့်မယ်။ အဖွဲ့မှူးဆီမှာ အဖိုးတန်တဲ့ ရတနာတွေ အများကြီး ရှိသေးတယ်နော်..."
လီဟောင်က ဘာမှပြန်မပြောဘဲ ထိုအမျိုးသမီးနှင့် ဝေးရာသို့သာ နားကို အနည်းငယ် ရှောင်လိုက်လေသည်။
ကျွန်တော့်နားကို လာပြီး လေမမှုတ်ပါနဲ့လားဗျာ၊ တကယ်ကို နေရခက်လို့ပါ။
"ဟိဟိ..."
လျူယန်က ပျော်ရွှင်စွာ ပြုံးလိုက်၏။ လျူလုံကတော့ သူတို့နှစ်ယောက်ကို ဂရုမစိုက်ဘဲ ဆက်လျှောက်နေသော်လည်း တခြား အမျိုးသမီးအဖွဲ့ဝင်လေးကတော့ ခပ်တိုးတိုး ရယ်မောလိုက်လေသည်။
"အစ်မယန်... သူ့ကို စမနေပါနဲ့တော့..."
"ဘယ်သူက စလို့လဲ..."
လျူယန်က သဘောကျစွာ ရယ်လိုက်ပြီး -
"လီဟောင်လေးက ကြည့်လို့ကောင်းလို့ပါဟဲ့။ ငါတို့အဖွဲ့က လူတွေကိုပဲ ကြည့်ဦးလေ... တစ်ယောက်က ဝါးလုံးရှည်လို ပိန်ချောင်နေတယ်၊ တစ်ယောက်က နံရံကြီးလို ဗိုက်ရွဲနေတယ်။ အဖွဲ့မှူးက ကြည့်ကောင်းတယ် ဆိုရပေမဲ့လည်း အသက်ကြီးနေပြီလေ၊ အရေပြားတွေကလည်း ကြမ်းထော်နေတာပဲ။ သူက ကိုယ့်ကိုယ်ကိုယ်လည်း ဂရုမစိုက်ဘူး။ လီဟောင်လေးကတော့ အသာဆုံးပဲ..."
ကျန်တဲ့ အမျိုးသား သုံးယောက်စလုံးမှာ ခြေလှမ်းတွေ တုံ့ခနဲ ဖြစ်သွားသော်လည်း ဘာမှတော့ ပြန်မပြောကြပေ။ လီဟောင်ကတော့ သူ ဘာမှမလုပ်ဘဲနဲ့ လူသုံးယောက်ကို တစ်ပြိုင်နက် ရန်စမိလိုက်သလို ခံစားလိုက်ရလေသည်။
ဒါတွေက ကျွန်တော် ပြောတာ မဟုတ်ဘူးနော်၊ လျူယန် ပြောတာ။ ကျွန်တော့်ကို လာပြီး အပြစ်မပုံကြပါနဲ့ဗျာ။
မကြာခင်မှာပင် သူတို့သည် လေ့ကျင့်ရေး ပစ္စည်းကိရိယာတွေ စုံလင်လှသည့် ဧရိယာသို့ ရောက်ရှိလာကြ၏။
လျူလုံသည် ခုနက ကိစ္စတွေကို ဘာမှမဖြစ်သလိုပင် အေးအေးဆေးဆေး ပြန်ပြောလိုက်လေသည်။
"ဒီ စွမ်းအားရှင် တွေရဲ့ နယ်ပယ် မပေါ်လာခင်ကတည်းက လူသားတွေထဲမှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ရှိခဲ့ဖူးတယ်။ မင်းရဲ့ဆရာဆိုရင်လည်း မူလငါးသွယ်ကျမ်းကို အဆုံးစွန်ထိ လေ့ကျင့်ထားတဲ့အတွက် တကယ့်ကို ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ ရှိခဲ့တာပဲ..."
"အရင်က စုံစမ်းစစ်ဆေးရေးမှူးချုပ်ဆိုရင်လည်း သူ့ရဲ့ 'သံမဏိကိုယ်ထည်' ပညာကို အထွတ်အထိပ် ရောက်အောင် လေ့ကျင့်ထားတာ။ သာမန် ဓားတွေ၊ လှံတွေက သူ့အသားကို မဖောက်နိုင်သလို သေနတ်နဲ့ ပစ်ရင်တောင် အပေါ်ယံ အစွန်းအထရုံပဲ ရှိတာ..."
"ဒီလူတွေက သာမန်နယ်ပယ်မှာ သိုင်းပညာတစ်ခုခုကို အမြင့်ဆုံးအထိ လေ့ကျင့်ထားတဲ့ သိုင်းပညာရှင်တွေပဲ။ စွမ်းအားရှင်တွေ မပေါ်ခင်တုန်းကတော့ ငါတို့က သူတို့ကို 'သိုင်းဆရာကြီး' တွေလို့ ခေါ်ကြတာပေါ့။ တကယ့် ဆရာကြီးတွေနဲ့ မဟာဆရာကြီးတွေဆိုရင် လက်နက်တွေကို သူတို့ရဲ့ ခန္ဓာကိုယ်နဲ့တင် ခုခံနိုင်စွမ်း ရှိကြတယ်..."
သိုင်းဆရာကြီးများတဲ့လား။
လီဟောင်က အာရုံစိုက်ပြီး နားထောင်နေမိ၏။ ဒါတွေက သူ့အတွက် အသစ်အဆန်းတွေ ဖြစ်နေသောကြောင့်ပင်။
"သိုင်းဆရာကြီးတွေထဲမှာလည်း အားနည်းတဲ့သူနဲ့ အားကောင်းတဲ့သူဆိုပြီး ရှိကြတယ်။ ခွန်အားဆိုတာက အမြဲတမ်း ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အချက် မဟုတ်ဘူး။ တချို့က လျင်မြန်မှုမှာ အားသန်တယ်၊ တချို့က ခုခံမှုမှာ တော်တယ်၊ တချို့ကတော့ အတွင်းအားကို ကောင်းကောင်း သုံးတတ်ကြတယ်..."
"လူတိုင်းမှာ ကိုယ်ပိုင် အားသာချက်တွေ ရှိကြတော့ ဒါကို အုပ်စုတစ်ခုတည်းအဖြစ် သတ်မှတ်လို့ မရဘူး။ လျင်မြန်တဲ့သူက ခွန်အားကြီးပေမဲ့ နှေးကွေးတဲ့သူကို သတ်နိုင်သလို၊ ခွန်အားကြီးတဲ့သူကလည်း လျင်မြန်တဲ့ သိုင်းသမားကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်တာပဲ..."
"သိုင်းဆရာကြီးတွေမှာ သာမန်လူတွေနဲ့ ကွာခြားစေတဲ့ ထူးခြားတဲ့ အရည်အချင်း တစ်ခုခု အမြဲတမ်း ရှိတတ်ကြတယ်။ အဲဒါကြောင့်လည်း သူတို့ကို သိုင်းဆရာကြီးလို့ ခေါ်ကြတာပေါ့။ ခွန်အားနဲ့ အရှိန်အဟုန်ကတော့ အသိသာဆုံး အချက်တွေပဲ။ ချန်ကျန့်တို့လို ခုခံမှု အပိုင်းမှာ အားသန်တဲ့သူတွေကတော့ အသက်အန္တရာယ်နဲ့ ကြုံရတဲ့ အချိန်မျိုးကျမှပဲ သူတို့ရဲ့ အရည်အချင်းက ပေါ်လာတတ်တာ။ ဒါကြောင့် သူ ဘယ်လောက်အထိ သန်မာသလဲဆိုတာကို တိုင်းတာဖို့ ခက်ခဲတယ်..."
လီဟောင်က ခေါင်းညိတ်လိုက်၏။ ဒါက အဓိပ္ပာယ်ရှိပါသည်၊ သူက လျူလုံကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်ကာ -
"အဲဒါဆိုရင် အဖွဲ့မှူး ဆိုလိုတာက သိုင်းဆရာကြီးတွေကြားမှာ ဘယ်သူက ပိုသန်မာသလဲဆိုတာ ခွဲခြားဖို့ ခက်တယ်ပေါ့။ အဲဒါဆိုရင်... သူတို့ အားလုံးက ဆင်တူကြတာလား..."
"မဟုတ်တာတွေ..."
"……"
လီဟောင်က ငြိမ်ကျသွားရလေသည်။ အခုလေးတင် ခွဲခြားဖို့ ခက်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။
လျူလုံက လူငယ်လေးဘက်သို့ လှည့်လိုက်ပြီး -
"သိပ်ပြီး အများကြီး မစဉ်းစားနဲ့။ သန်မာတဲ့သူက သန်မာတာပဲ၊ အားနည်းတဲ့သူက အားနည်းတာပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်တုန်းက သိုင်းဆရာကြီးတွေကို အဆင့်ခွဲခြားတာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီလို လူတွေက အများကြီး မရှိခဲ့ကြဘူးလေ။ တစ်ကျိပ်သတ်၊ တစ်ရာဖြို၊ တစ်ထောင်လွှမ်း။ ဒါတွေက သိုင်းဆရာကြီးတွေရဲ့ အဆင့်အတန်းတွေပဲ..."
လီဟောင်က မျက်တောင်ခတ်လိုက်၏။ ဒီနာမည်တွေက... အရမ်းကို တည့်တည့်ကြီး ဖြစ်နေသည် မဟုတ်လား။ ရိုးရှင်းလွန်းနေသလိုပင်။
"ဒီနာမည်တွေရဲ့ အဓိပ္ပာယ်က ရှင်းနေတာပဲ မဟုတ်လား..."
လျူလုံက လူငယ်လေး ဘာတွေးနေသလဲဆိုတာ သိပုံရ၏။
"ဟုတ်တယ်၊ ဒါက အရမ်းကို တည့်တည့်လင်းလင်းပဲ။ ဒီမှာရှိတဲ့ လူတိုင်းက စစ်တပ်ထဲက စစ်သားတစ်ယောက်ရဲ့ အရည်အချင်းမျိုး ရှိကြတယ်။ သိုင်းဆရာကြီးလို့ အသိအမှတ်ပြုခံရဖို့ အနိမ့်ဆုံး လိုအပ်ချက်ကတော့ စစ်သားတစ်ကျိပ် (၁၀ ယောက်) ကို ထိပ်တိုက်ရင်ဆိုင်ပြီး သတ်နိုင်ဖို့ပဲ။ အဲဒါက 'တစ်ကျိပ်သတ်'S အဆင့်ရဲ့ အခြေခံပဲ..."
"အဲဒီထက် မြင့်တာကတော့ 'တစ်ရာဖြို'အဆင့်ပဲ။ ဒါက မင်းထင်ထားတာထက် အများကြီး ပိုခက်ခဲတယ်။ တကယ်လို့ မင်းက စစ်သား တစ်ရာကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်ရင် မင်းက အဲဒီအဆင့်ကို ရောက်သွားပြီပေါ့..."
" 'တစ်ထောင်လွှမ်း'အဆင့်ဆိုရင်တော့..."
လျူလုံက သက်ပြင်းအရှည်ကြီး ချလိုက်ကာ -
"ဒါက သီအိုရီအရပဲ ရှိတာပါ။ တကယ်တမ်းမှာတော့ သာမန်လူတစ်ယောက်က ဘယ်လောက်ပဲ သန်မာပါစေဦးတော့၊ စစ်သား တစ်ထောင်နဲ့ ရင်ဆိုင်ရရင် သေဖို့ပဲ ရှိတာပဲ။ အဲဒါက ခေတ်မီ လက်နက်တွေ မပါရင်တောင်မှ ဖြစ်နိုင်တာပဲ..."
"တိုက်ပွဲအတွင်းမှာ မင်းရဲ့ ခွန်အားနဲ့ ခံနိုင်ရည်က ကုန်ဆုံးသွားမှာပဲ၊ ဘယ်လောက်ပဲ သန်မာတဲ့သူဖြစ်ဖြစ် ကန့်သတ်ချက် ဆိုတာ ရှိတာပဲ။ 'တစ်ထောင်လွှမ်း' အဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ စွမ်းအားရှင် တွေ ပေါ်လာတဲ့ အခါမှာတော့ တချို့က တကယ်ပဲ ဒီအဆင့်ကို ရောက်သွားကြတယ်..."
လီဟောင်က အံ့သြသွားပြီး မေးခွန်းတစ်ခု မေးလိုက်လေသည်။
"အဲဒါဆိုရင် အဖွဲ့မှူး ပြောပုံအရဆိုရင်... တကယ့် စွမ်းအားရှင် တွေက အဲဒီအဆင့်မှာ ရှိပြီး၊ အားနည်းတဲ့သူတွေကတော့ 'တစ်ကျိပ်သတ်' နဲ့ 'တစ်ရာဖြို' အဆင့်မှာပဲ ရှိကြတာပေါ့..."
"အဲဒီလောက်ပဲလား..."
လျူလုံက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး -
"မင်း သူတို့နဲ့ တကယ် တိုက်ခိုက်ကြည့်တဲ့ အခါကျမှ သိလိမ့်မယ်။ 'တစ်ရာဖြို' အဆင့်က လူတစ်ရာကို တစ်ယောက်တည်းနဲ့ နှိမ်နင်းနိုင်တာ။ သူတို့ရဲ့ အရှိန်နဲ့ ခွန်အားက ဘယ်သူနဲ့မှ မတူဘူး၊ အဲဒီအပြင် စွမ်းအားရှင် တွေမှာ ရှိတဲ့ ထူးခြားတဲ့ အရည်အချင်းတွေလည်း ပါသေးတယ်။ 'တစ်ရာဖြို' အဆင့်ရှိတဲ့ သိုင်းဆရာကြီး တစ်ယောက်တောင်မှ သူ့ရဲ့ ပြိုင်ဘက် စွမ်းအားရှင် နဲ့ တွေ့ရင် အနိုင်ရဖို့ မသေချာဘူး။ ဒါကို မင်းက အားနည်းတယ်လို့ ထင်နေတာလား..."
လီဟောင်က ငြိမ်သွားရလေသည်။ တစ်ရာဖြို အဆင့်... ဒါက နားထောင်လို့တော့ မခေလှပေ၊ ဒါပေမဲ့ တကယ်လို့ သူသာ ရက်စက်တဲ့ စစ်သား တစ်ရာနဲ့ ရင်ဆိုင်ရရင်တော့ သူ ဝင်သွားတာနဲ့ ဝိုင်းရိုက်ခံရပြီး သေသွားမှာ အမှန်ပဲ။
လူငယ်လေးသည် လျူလုံ၏ ခွန်အားကို ရုတ်တရက် စပ်စုချင်စိတ် ပေါ်လာတော့သည်။
"အဖွဲ့မှူးက 'တစ်ရာဖြို' အဆင့်လား..."
လျူလုံကတော့ အေးအေးဆေးဆေးပင် ရှိနေသော်လည်း လျူယန်က ပြုံးပြီး ဝင်ဖြေလိုက်လေသည်။
"အဲဒီလိုပဲ ပြောလို့ရတာပေါ့၊ သူက အဲဒီအဆင့်ထဲမှာ ပါတယ်လို့ ပြောလို့ရတယ်။ သူကိုယ်တိုင်က မသန်မာရင် ငါတို့ကို ဘယ်လိုလုပ်ပြီး စွမ်းအားရှင် တွေဆီ ခေါ်သွားမလဲ။ သူတို့က တကယ့်ကို သန်မာကြတာ။ အားအနည်းဆုံး စွမ်းအားရှင် တစ်ယောက်တောင်မှ 'တစ်ရာဖြို' အဆင့်ရှိတဲ့ သိုင်းသမားထက် ပိုပြီး တိုက်ခိုက်ရ ခက်တယ်..."
ဒါက လီဟောင်အနေနဲ့ အဖွဲ့မှူး ဘယ်လောက်အထိ သန်မာသလဲဆိုတာကို ပထမဆုံးအကြိမ် နားလည်လိုက်ခြင်း ဖြစ်သည်။ ဒါကတော့ သီအိုရီအရ သိလိုက်ရခြင်းသာ ဖြစ်သည်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆင့်တွေက ဘယ်လောက်အထိ ထိရောက်သလဲဆိုတာ သူ မမြင်ဖူးသေးသောကြောင့်ပင်။
တစ်ရာဖြို တဲ့လား။ နာမည်ကတော့ မိုက်သားပဲ၊ ဒါပေမဲ့ ကြောက်စရာကြီးလို့တော့ မထင်ရသေးပါဘူး။
"ကျွန်တော့်ဆရာကရော..."
"မင်းဆရာက သူ့ရဲ့ အထွတ်အထိပ် ရောက်ခဲ့စဉ်တုန်းကတော့ 'တစ်ရာဖြို' အဆင့်ပေါ့၊ ဒါပေမဲ့ အခုတော့ အသက်ကြီးလာပြီလေ။ သူ့ရဲ့ ခံနိုင်ရည်နဲ့ အရှိန်တွေက အရင်လို မဟုတ်တော့ဘူး၊ ဒါကြောင့် အခုတော့ အဲဒီအဆင့်မှာ ရှိတော့မှာ မဟုတ်ဘူး..."
လျူလုံက ခေါင်းခါပြလိုက်ပြီး -
"အရင်တုန်းကတော့ ထိပ်တန်း သိုင်းဆရာကြီး တချို့က ဒီအဆင့်ကို ရောက်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ အခုလို ခေတ်မီ လက်နက်တွေနဲ့ စွမ်းအားရှင် တွေ ပေါ်လာတဲ့အခါမှာတော့ လူတိုင်းက ဆန်းကြယ်တဲ့ စွမ်းအားတွေဘက်ကိုပဲ အာရုံရောက်ကုန်ကြတော့တာပေါ့။ သာမန် သိုင်းပညာတွေကို အပင်ပန်းခံ လေ့ကျင့်ချင်တဲ့သူက အတော်လေး နည်းသွားပြီ..."
"ကြယ်တာရာစွမ်းအား တွေကို ကိုယ့်ခန္ဓာကိုယ်ထဲ သွင်းလိုက်တာနဲ့ တစ်ဆင့်တည်းနဲ့ ကောင်းကင်ပေါ် ရောက်သွားသလို ဖြစ်သွားတာလေ။ ခန္ဓာကိုယ်က သန်မာလာပြီး စွမ်းရည်တွေကလည်း မြင့်တက်လာတယ်။ သာမန်လူတစ်ယောက်က တစ်ရက်တည်းနဲ့တင် 'တစ်ကျိပ်သတ်' အဆင့်ကို ရောက်နိုင်သလို၊ အချိန်အတန်အကြာမှာတော့ 'တစ်ရာဖြို' အဆင့်ရှိတဲ့ ဆရာကြီး တစ်ယောက် ဖြစ်လာနိုင်တာပဲ။ အဲဒီလိုမျိုး လွယ်လွယ်နဲ့ ရနိုင်နေတာကို ဘယ်သူက ရှေးဟောင်း သိုင်းပညာတွေကို အပင်ပန်းခံ သင်နေတော့မှာလဲ..."
လျူလုံက လီဟောင်ကို ကြည့်ပြီး သက်ပြင်းချလိုက်လေသည်။
"စွမ်းအားရှင် တွေရဲ့ နယ်ပယ်က လူသားတွေရဲ့ ခန္ဓာကိုယ် ကန့်သတ်ချက်ကို ကျော်လွန်သွားပြီ။ အဲဒါက လူသားတွေကို သူတို့ ဖြစ်နိုင်တဲ့ အခြေအနေထက် ပိုပြီး မြင့်မားတဲ့ အလားအလာတွေကို ရရှိစေတာပေါ့။ ရေအနည်းငယ်ပဲ ပါတဲ့ သစ်သားပုံး တစ်ပုံးကတောင်မှ ဝိုင်ခွက်တစ်ခွက်ထက် ပိုပြီး ရေဆံ့တာပဲ မဟုတ်လား။ သာမန် သိုင်းဆရာကြီးတွေက ဝိုင်ခွက်လေးတွေလိုပဲ၊ စွမ်းအားရှင် တွေကတော့ အဲဒီ သစ်သားပုံးကြီးတွေပေါ့။ မင်း နားလည်လား..."
လူငယ်လေးက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။ ဒါက တကယ်ကို ရှင်းလင်းလွန်းသဖြင့် စိတ်ပျက်စရာတောင် ကောင်းနေသေးသည်။
သာမန် သိုင်းသမားတွေက သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို ကြယ်တာရာစွမ်းအား တွေ မသွင်းနိုင်သရွေ့ သူတို့ရဲ့ ကန့်သတ်ချက်ကို ဘယ်တော့မှ ကျော်လွန်နိုင်မှာ မဟုတ်ပေ။ နှစ်ပေါင်းများစွာ အပင်ပန်းခံ လေ့ကျင့်ခဲ့ရင်တောင်မှ အခုမှ စပြီး စွမ်းအားရှင် ဖြစ်လာတဲ့ လူတစ်ယောက်ရဲ့ အောက်မှာပဲ ရှိနေဦးမှာပဲ။ ဒါက ဘယ်လောက်တောင် မျှော်လင့်ချက် မရှိစရာ ကောင်းသလဲ။
ယွမ်ရွှော့ကိုပဲ ကြည့်ဦးလေ၊ သူက ငယ်ငယ်ကတည်းက လေ့ကျင့်လာခဲ့တာ အခုဆို အသက် ခုနစ်ဆယ်ကျော်ပြီ။ သူက သိုင်းလောကမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးပေမဲ့၊ အခုတော့ 'တစ်ကျိပ်သတ်' အဆင့်လောက်ပဲ ရှိတော့မှာ ဖြစ်နိုင်သည်။
ဒီလို စွမ်းရည်မျိုးက စွမ်းအားရှင် လောကမှာဆိုရင်တော့ အတွေ့အကြုံမရှိတဲ့ အဆင့်လောက်ပဲ ရှိသေးတာပေါ့။
အသက် ခုနစ်ဆယ်ကျော်မှ ဆရာကြီး ဖြစ်လာတဲ့သူက လူငယ်လေးတွေနဲ့ပဲ ယှဉ်နိုင်တာပေါ့လေ။ ဆရာဖြစ်သူက ဘာလို့ မူလငါးသွယ်ကျမ်း ကို အသက်ဘေးက လွတ်အောင် ထွက်ပြေးဖို့အတွက်ပဲ သုံးရမယ့် ပညာလို့ ပြောခဲ့တာလဲဆိုတာ မဆန်းတော့ပေ။ ဒါက လူသတ်ဖို့အတွက် မဟုတ်ဘဲ ကျန်းမာရေးအတွက် လေ့ကျင့်တဲ့ ပညာမျိုး ဖြစ်နေတာကိုး။ တကယ့် အခြေအနေက စိတ်ပျက်စရာ ကောင်းလွန်းလို့ ဆရာက အမှန်အတိုင်း မပြောခဲ့တာ ဖြစ်နိုင်ပါသည်။
လျူလုံက မိတ်ဆက်ပေးပြီးနောက် လေသံပြောင်းလိုက်လေသည်။
"ကဲ... သွားပြီး စမ်းသပ်ကြည့်လိုက်ဦး။ မင်းရဲ့ အရှိန်၊ ခွန်အားနဲ့ အရည်အချင်းတွေကို ငါတို့ ကြည့်ချင်သေးတယ်..."
လီဟောင်က ဘာမှထပ်မပြောတော့ပေ။ ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူးဆိုတာ သူ ကောင်းကောင်း နားလည်လိုက်ပြီ ဖြစ်သည်။ သူ တတ်ထားတဲ့ မျောက်ပုံစံ သိုင်းကွက်လေးကတော့ ဒီလူတွေရှေ့မှာ ဘာမှ မဟုတ်တာ အမှန်ပဲ။ ဒါကြောင့် သူသည် လေ့ကျင့်ရေး ဧရိယာထဲသို့ ပြေးဝင်လိုက်ပြီး မျောက်တစ်ကောင်လို ခုန်ပေါက်ကာ၊ ပတ်ဝန်းကျင်က သဲအိတ်တွေကိုလည်း ရံဖန်ရံခါ ထိုးနှက်ပြလိုက်လေသည်။
……
လေ့ကျင့်ရေး ဧရိယာ၏ အပြင်ဘက်တွင်မူ။
လျူလုံက တိတ်ဆိတ်စွာ ကြည့်နေလေသည်။ ပိန်ချောင်နေသော ဝူချောင်က ခဏကြာ ကြည့်ပြီးနောက် ခေါင်းခါလိုက်၏။
"သူက သာမန်လူထက်တော့ ပိုသန်မာပါတယ်၊ ငါတို့ဆီက ဝါရင့် စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့လည်း သိပ်မကွာပါဘူး။ ဒါပေမဲ့... အဖွဲ့မှူး၊ သူက စွမ်းအားရှင် တွေရဲ့ တိုက်ခိုက်မှုကိုရော ရှောင်နိုင်ပါ့မလား..."
"သူကတော့ 'တစ်ကျိပ်သတ်' အဆင့်တော့ မဟုတ်တာ အမှန်ပဲ..."
ဗိုက်ရွဲရွဲနှင့် ချန်ကျန့်က လေးလေးပင်ပင် ပြောလိုက်၏။
"အများဆုံး နှစ်ယောက်၊ သုံးယောက်လောက်ပဲ ရင်ဆိုင်နိုင်မှာပါ။ မိစ္ဆာအမဲလိုက်သမားတွေ အဖွဲ့မှာ ဒီလောက်အထိ အားနည်းတဲ့သူကို ပထမဆုံးအကြိမ် လက်ခံလိုက်တာ ထင်တယ်နော်..."
လီဟောင်ရဲ့ အရည်အချင်းက စစ်သား နှစ်ယောက်၊ သုံးယောက်လောက်နဲ့ တွေ့ရင်တော့ အသုံးဝင်နိုင်ပါသည်၊ သူက ရန်သူတွေကိုတောင် ပြန်သတ်နိုင်ဦးမှာပါ။ ဒါပေမဲ့ နှစ်ယောက်၊ သုံးယောက်နဲ့ ဆယ်ယောက်ကြားမှာ ဆယ်ဆလောက် ကွာခြားချက် ရှိနေသေးသည်။ သူတို့မျက်စိထဲမှာတော့ လူငယ်လေးက အားနည်းလွန်းနေလေသည်။
လျူယန်ကတော့ လက်ပိုက်ပြီး သဘောကျစွာ ကြည့်နေ၏။
"သူက ကြည့်လို့ကောင်းသားပဲ၊ ငါတို့အဖွဲ့ရဲ့ အဆောင်အယောင်လေးအဖြစ် ထားလို့ရတာပေါ့။ သူက အကူအညီပေးတာတွေနဲ့ သတင်းအချက်အလက်တွေ ခွဲခြမ်းစိတ်ဖြာတာတွေ လုပ်ပေးလို့ရတယ်။ ရှင်တို့လို လူကြမ်းကြီးတွေနဲ့ မတူဘဲ သူက ရုံးပိုင်းဆိုင်ရာ အလုပ်တွေနဲ့ ပိုသင့်တော်တယ်..."
သူတို့အဖွဲ့မှာ လီဟောင်လို လူမျိုး တစ်ယောက်လောက် ရှိသင့်နေတာ ကြာလှပြီ ဖြစ်သဖြင့် လျူယန်ကတော့ အဖွဲ့ဝင်သစ်ကို လက်ခံလိုက်ခြင်းမှာ ဘာမှ မှားယွင်းမှု မရှိဘူးဟု ထင်နေလေသည်။
ကျန်တဲ့လူတွေကလည်း ပြန်စဉ်းစားကြည့်ပြီးနောက် သူမပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်သွားကြ၏။
" 'တစ်ကျိပ်သတ်' အဆင့်က ခေတ်မီ လက်နက်တွေနဲ့ တွေ့ရင် တကယ်ပဲ အရေးပါလို့လား..."
လျူယန်က ဆက်ပြောလိုက်လေသည်။
"ပေါက်ကွဲမှု တစ်ခုတည်းနဲ့တင် သူတို့လည်း သေသွားမှာပါပဲ။ ဒါပေမဲ့ 'တစ်ရာဖြို' အဆင့်တွေကျရင်တော့ သိုင်းသမားပဲဖြစ်ဖြစ်၊ စွမ်းအားရှင် ပဲဖြစ်ဖြစ် ကိုင်တွယ်ရ တော်တော် ခက်သွားမှာပဲ..."
အဲဒီအဆင့်မှာ အဓိက အခက်အခဲကတော့ ပစ်မှတ်ကို အမိအရ ဖမ်းဖို့ပဲ ဖြစ်၏။ မျက်စိက ရန်သူကို မြင်နေရမယ်၊ ဦးနှောက်က အမိန့်ပေးလိုက်မယ်၊ ဒါပေမဲ့ ရန်သူက မင်းရှေ့ကို ချက်ချင်း ရောက်လာပြီး မင်းကို လက်ဝါးနဲ့ ရိုက်သတ်သွားလိမ့်မည်။ အဲဒီအချိန်ကျရင် ဘယ်လောက်ပဲ စွမ်းအားကြီးတဲ့ လက်နက်ဖြစ်ဖြစ် အသုံးမဝင်တော့ပေ။
ခေတ်မီ လက်နက်တွေက 'တစ်ရာဖြို' အဆင့်ထက် အားနည်းတဲ့သူတွေအတွက်ပဲ ထိရောက်တာ ဖြစ်သည်။ ဒါပေမဲ့ 'တစ်ရာဖြို' အဆင့်ရှိတဲ့သူက တခြားအရာတစ်ခုကို အာရုံရောက်နေတဲ့ အချိန်မျိုးမှာဆိုရင်တော့ သူ့ကို လက်နက်နဲ့ သတ်နိုင်ဖို့ ဖြစ်နိုင်ပါသေးသည်။
"သူ့ကို လက်နက်တစ်ခုခုတော့ ပေးထားရမယ်..."
လျူလုံက ခေါင်းညိတ်လိုက်၏။
"ပေါ့ပါးပြီး သုံးရလွယ်ကူတာမျိုး ရွေးပေးလိုက်ပါ။ သူ့ရဲ့ အရည်အချင်းထက် သူ့ရဲ့ ဦးနှောက်က ပိုပြီး အရေးကြီးတယ်။ တကယ်လို့ ငါတို့သာ သူ့အတွက် ကြယ်တာရာစွမ်းအား တွေ ရအောင် လုပ်ပေးနိုင်ရင်၊ သူက စွမ်းအားရှင် ဖြစ်မလာရင်တောင်မှ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အရှိန်ကို မြှင့်တင်ပေးဖို့က လွယ်ကူပါတယ်..."
အဖွဲ့မှူးက ခပ်တိုးတိုး ရယ်လိုက်ပြီး -
"အဓိက အချက်က သူက ဒီကို ရုံးအလုပ် လုပ်ဖို့ချင်တင် လာတာ မဟုတ်ဘူး။ သူက ရှေးဟောင်း စာပေတွေမှာ ကျွမ်းကျင်တဲ့သူပဲ။ သူက ယွမ်ရွှော့လောက် မတော်သေးဘူး ဆိုပေမဲ့လည်း ငါတို့ရဲ့ ရည်ရွယ်ချက်တွေအတွက်တော့ လုံလောက်ပါတယ်..."
ကျန်တဲ့ အဖွဲ့ဝင်တွေကလည်း စဉ်းစားပြီး ခေါင်းညိတ်လိုက်ကြလေသည်။ ဒါက အမှန်ပင်။ လီဟောင်က နည်းလမ်းပေါင်းစုံနဲ့ အသုံးဝင်နိုင်တာကြောင့် သူ့ကို အဖွဲ့ထဲ ထည့်လိုက်တာက ကောင်းတဲ့ အကြံဉာဏ်ပဲ ဖြစ်ပေလိမ့်မည်။
……
တိုင်တွေကြားမှာ ဟိုဘက်ဒီဘက် ခုန်ပေါက်နေရင်း လီဟောင်သည် သူ့ကိုယ်သူ အခြေအနေ ကောင်းနေသည်ဟု ခံစားလိုက်ရ၏။ အနည်းဆုံးတော့ အရင်ကထက် အများကြီး ပိုသန်မာလာတာ ဖြစ်သည်။ သူသည် လေ့ကျင့်ရေး ဧရိယာထဲမှ အမောတကောဖြင့် ထွက်လာပြီး မျှော်လင့်ချက်ကြီးစွာဖြင့် မေးလိုက်လေသည်။
"အဖွဲ့မှူး... ဘယ်လိုလဲဗျ။ ကျွန်တော်နဲ့ 'တစ်ကျိပ်သတ်' အဆင့်က ဘာတွေ ကွာခြားနေသေးလဲ။ ကျွန်တော့်ကိုရော အဲဒီအဆင့်ထဲက တစ်ယောက်အနေနဲ့ သတ်မှတ်လို့ ရပြီလား..."
သူကတော့ လူဆယ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တယ်လို့ အပြည့်အဝ ယုံကြည်နေလေသည်။
ထိုအချိန်တွင် လျူလုံမှာ အိုးတိုးအမ်းတမ်းဖြင့် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။ ဒီကလေးက ဘယ်ကနေ ဒီလောက်အထိ ယုံကြည်မှုတွေ ရနေတာလဲ။ ဒါက 'တစ်ကျိပ်သတ်' အဆင့်ရဲ့ စွမ်းဆောင်ရည်လို့ ပြောလို့ရလား။
ကျန်တဲ့ အဖွဲ့ဝင်တွေလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာလည်း ခက်သားပဲ။ 'တစ်ကျိပ်သတ်' အဆင့်တဲ့လား။ အိပ်မက်ပဲ မက်နေလိုက်တော့!
တိတ်ဆိတ်မှုက ကြာမြင့်လာသည့်အခါ လီဟောင်သည် တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရ၏။
"အဲဒါဆို... 'ကိုးယောက်သတ်'လား..."
သူက မရဲတရဲဖြင့် ထပ်မေးလိုက်လေသည်။
ပြန်ကြားလိုက်ရသည်မှာတော့ အေးစက်လှသော တိတ်ဆိတ်မှုပင်။
"ငါးယောက်... လား..."
တိတ်ဆိတ်နေဆဲပင်။
လီဟောင်၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
မဖြစ်နိုင်တာ။ 'ဓားရည်' သောက်ပြီးကတည်းက ငါ တကယ်ကို သန်မာနေသလို ခံစားနေရတာလေ။ ငါ ဆရာနဲ့တောင် ယှဉ်နိုင်နေပြီပဲ။ ဆရာက 'တစ်ရာဖြို' အဆင့်ဆိုရင် ငါကလည်း သိပ်မဝေးသင့်ဘူး မဟုတ်လား။ ဆရာက မျောက်ပုံစံ သိုင်းကွက်ကို ငါးမိနစ်လောက်ပဲ လုပ်နိုင်တာ၊ ငါက အခု ကိုးမိနစ်လောက်အထိ လုပ်နိုင်နေပြီလေ။
လျူလုံက နောက်ဆုံးတွင် ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။
"သိပ်ပြီး အများကြီး မစဉ်းစားပါနဲ့... မင်း ကြောက်ရမှာက အားနည်းတာ မဟုတ်ဘဲ ပျင်းရိတာပဲ။ ကြိုးစားပြီး လေ့ကျင့်ပါ၊ အချိန်တန်ရင် 'တစ်ကျိပ်သတ်' အဆင့်ဆိုတာ ဘာမှ မဟုတ်ဘူးဆိုတာ မင်း သိလာမှာပါ..."
တိတ်ဆိတ်မှုက ထပ်ပြီး ကြာရှည်သွားပြန်၏။ ဒါပေမဲ့ လီဟောင်ကတော့ နားလည်သွားပါပြီ။
တောက်... ငါက ငါးယောက်တောင် မသတ်နိုင်ဘူးလား။
သူသည် ကြက်သွေးရောင်အရိပ် ကို သတ်ချင်နေသေးတာ ဖြစ်သည်။ တကယ်တော့ မသိခြင်းကပဲ ပျော်ရွှင်စရာ ဖြစ်ခဲ့ပြီး၊ မိုက်ရူးရဲဆန်တဲ့ သတ္တိတွေကို ပေးခဲ့တာ ဖြစ်နေတော့သည်။