ဆရာတစ်ယောက်ဖြစ်ခြင်း (၁)
Vol. 3 Ch. 27
ဘာသာပြန် - Toxic
ညနေ ၆ နာရီ။ ရုံးဆင်းချိန် ရောက်ပြီ ဖြစ်သည်။
လီဟောင်က သူ့ပစ္စည်းတွေကို သိမ်းဆည်းလိုက်၏။ တတိယမျိုးဆက် 'ဝေါတက်စ်' (Vortex) သေနတ်ကတော့ သူ့ဆီမှာ ရှိနေဆဲပင်။ လျူယန်က သူ့စိတ်ကြိုက် လက်နက်ကို ရွေးခိုင်းခဲ့ပေမဲ့၊ အခုလောလောဆယ်တော့ သူ ဘာမှမရွေးဖြစ်သေးဘူး။ လက်နက်တစ်ခုက ပိုပြီး အစွမ်းထက်လေလေ၊ သယ်ဆောင်ရတာ ပိုပြီး အလုပ်ရှုပ်လေလေ မဟုတ်လား။
လက်ပစ်ဗုံးတွေကတော့ သိပ်မကြီးလှပေ။ အိတ်ကပ်ထဲမှာတင် ထည့်သွားလို့ ရသည်၊ အိတ်ကပ်ထဲမှာတင် ပေါက်ကွဲမသွားဖို့ပဲ လိုတာပါ။
သူ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်၏ - ဒီနေ့လည်း ရာသီဥတုက သာယာနေဆဲပင်။ မိုးလေဝသ ခန့်မှန်းချက်အရလည်း ဒီည မိုးရွာမယ့်ပုံ မပေါ်ပေ။
"မိစ္ဆာအမဲလိုက်သမားများ..."
လီဟောင်က စက်ဘီးပေါ် ခွလိုက်ပြီး၊ အဝေးက ဥပဒေစိုးမိုးရေး အဆောက်အဦးကို လှည့်ကြည့်လိုက်လေသည်။ သူ့ကို တစ်စုံတစ်ယောက်က ဒါမှမဟုတ် လူအချို့က စောင့်ကြည့်နေသလို ခံစားနေရ၏။
လျူလုံလား။ အဖွဲ့က သူ့ကို ငါးစာအဖြစ် သုံးပြီး အစီအစဉ်ကို စတင်ဖို့ စောင့်ကြည့်နေကြတာလား။
"လျူလုံကို မယုံတာ မဟုတ်ပေမဲ့... အပြည့်အဝတော့ ယုံလို့ မရဘူး!"
လီဟောင်မှာ ကိုယ်ပိုင် စံနှုန်းတွေ ရှိသည်။ သူက လျူလုံနဲ့ သိပ်မရင်းနှီးတာကြောင့် ချက်ချင်းကြီး သူငယ်ချင်းတွေလို ဖြစ်သွားမှာ မဟုတ်ပေ။ အဖွဲ့မှူးက တကယ်ပဲ တရားမျှတမှုဘက်က ရပ်တည်နေတာဆိုရင် လီဟောင်ကို တမင်တကာ နာကျင်အောင် လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ... တကယ်လို့ ကြက်သွေးရောင်အရိပ် က သူ့ကို သတ်လိုက်ရင်လည်း အဲဒီလူကြီးက ဘာမှလုပ်ပေးမှာ မဟုတ်ဘူး!
သေသွားတဲ့ စွမ်းအားရှင် တစ်ယောက်ကို ဖမ်းဖို့အတွက် လီဟောင်ကို အနစ်နာခံလိုက်တာမျိုးက လျူလုံအတွက်တော့ မျက်တောင်တစ်ချက် မခတ်ဘဲ လုပ်မယ့် ကိစ္စမျိုးပင်။ အဲဒီလို ဖြစ်သွားခဲ့ရင် ဆရာကြီးယွမ်ရွှော့တောင်မှ ဘာမှပြောနိုင်မှာ မဟုတ်ဘူး! လျူလုံကိုယ်တိုင်က လီဟောင်ကို သတ်တာ မဟုတ်သရွေ့ သူ့ဆရာ ဘာမှလုပ်လို့ မရနိုင်ပေ။
လီဟောင်ရဲ့ လက်ရှိ အတွေးအရဆိုရင်၊ လျူလုံက ကျောက်ဓားနဲ့ ပတ်သက်ပြီး မမေးမြန်းဘဲ ရှောင်နေတာဟာ သူ့ဆရာကြောင့် ဖြစ်နိုင်ပါသည် ။ ဥပဒေစိုးမိုးရေး အဖွဲ့မှူးဆိုတဲ့ ရာထူးကလည်း သူ့ကို အတားအဆီး ဖြစ်နေစေတာပေါ့။
ဘာပဲဖြစ်ဖြစ် လျူလုံက လူယုတ်မာ တစ်ယောက်တော့ မဟုတ်ပေ။ သူက ဥပဒေစိုးမိုးရေး အဖွဲ့ဝင် တစ်ယောက်ဖြစ်သလို 'ညကင်းစောင့်များ' ရဲ့ စောင့်ကြည့်မှုကိုလည်း ခံနေရတာ မဟုတ်လား။
"ဆရာက ဘာမှမလုပ်ပေးရင်တောင်မှ... ဆရာ့ရဲ့ ဂုဏ်သတင်းက ငါ့ကို ကယ်တင်ပေးနေတဲ့ တိတ်ဆိတ်တဲ့ အချက်တစ်ချက်ပဲ..."
လီဟောင် ကောင်းကောင်း သိပါသည် - သူ့ဆရာရဲ့ အရှိန်အဝါသာ မရှိရင် လျူလုံက ဒီရတနာတွေအကြောင်းကို အတင်းအကျပ် မေးမြန်းမှာ သေချာသလို၊ သူ့ကို သတ်တောင် သတ်ပစ်နိုင်ပါသည်။ ငါးစာအဖြစ် သုံးနေတုန်းမှာ ရတနာတွေကို အတင်းလွှဲပြောင်းခိုင်းတာမျိုးလည်း လုပ်နိုင်သည် မဟုတ်လား။
ဒီလိုမျိုး သိသိကြီးနဲ့ လျစ်လျူရှုပေးထားတာဟာ ယွမ်ရွှော့ကို အားနာလို့ပဲ ဖြစ်ရမည်။
"နောက်ဆုံးတော့... ငါကိုယ်တိုင်က အရမ်း အားနည်းနေလို့ပဲ!"
လီဟောင်ရဲ့ စက်ဘီးလေးက တကျွိကျွိ မြည်ကာ ရှေ့သို့ လိမ့်နေလေသည်။ ကြက်သွေးရောင်အရိပ် အဖွဲ့က သူ့ကို စောင့်ကြည့်နေသလား၊ ဒါမှမဟုတ် လျူလုံတို့က သူ့နောက်ကို လိုက်နေသလား ဆိုတာ သူ မသိပေ။ ပုန်းနေဖို့ ဆုံးဖြတ်ထားတဲ့သူတွေကို ရှာဖို့ဆိုတာ တကယ့်ကို ခက်ခဲလှသည်။
"ငါ လုပ်နိုင်တာ တစ်ခုတည်းကတော့ ပိုပြီး သန်မာလာဖို့ပဲ!"
သူက တိုးတိုးလေး ရေရွတ်လိုက်၏။ သူက ဖော်ရွေလှတဲ့ လျူယန်ကိုတောင် အပြည့်အဝ မယုံကြည်ပေ။ တကယ့် အန္တရာယ်နဲ့ တွေ့တဲ့အခါ သူမက သူ့ကို ကယ်ချင်မှ ကယ်မှာကိုး။
"သူတို့ မလှုပ်ရှားခင်မှာ ငါ ပိုပြီး သန်မာလာဖို့ မျှော်လင့်ရတာပဲ!"
အရင်ကတော့ အစာကြေဖို့ နှေးတာကြောင့်ရော၊ ကြယ်တာရာစွမ်းအား တွေ ကုန်သွားမှာ စိုးတာကြောင့်ရော သူက 'ဓားရည်' ကို အများကြီး မသောက်ရဲခဲ့ဘူး။ ဒါပေမဲ့ အခုကြည့်ရတာတော့... သူသာ သေသွားရင် ကမ္ဘာပေါ်မှာ ရှိသမျှ စွမ်းအင်တွေက သူ့အတွက် ဘာမှ အသုံးဝင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် သူက ဓားကို ရေထဲမှာ အကြာကြီး စိမ်ပြီး ရသမျှ အကုန် သောက်တော့မည်!
ဒါတင်မကသေးဘူး... သူက ကျောက်စိမ်းဓားလေးကို ဖျက်ဆီးလိုက်ရင် စွမ်းအင်တွေ ပိုထွက်လာမလား ဆိုတာကိုတောင် စဉ်းစားနေမိသည်။ အခုအချိန်မှာတော့ ဒါက မိသားစု အမွေအနှစ် ဟုတ်၊ မဟုတ် ဆိုတာက အရေးမကြီးတော့ပေ။ တကယ်လို့ ကျောက်စိမ်းဓားက ပြဿနာကို မဖြေရှင်းနိုင်ရင်တောင်မှ၊ အိမ်မှာ ကျောက်ဓားတစ်လက် ရှိနေသေးတာပဲ!
……
စက်ဘီးလေးက တရွေ့ရွေ့ လိမ့်လာရင်း လီဟောင်ကတော့ ဘာကိုမှ သတိမထားမိဘဲ အတွေးထဲ နစ်နေလေသည်။ မကြာခင်မှာပဲ 'အိုးပင်းလိုက်' (Openlight) ရပ်ကွက်က သူ့မျက်စိရှေ့မှာ ပေါ်လာတော့သည်။
အမှတ် ၃၀၂၊ အဆောက်အဦး ၆။
သူ အိမ်ထဲ မဝင်ခင်မှာပဲ ပန်သာ (Panther) က အရိပ်တစ်ခုလို ထောင့်ကနေ ပြေးထွက်လာ၏။ ဒီခွေးနက်ကလေးက အရင်ကထက် သိသိသာသာကို ပိုမြန်လာတာပဲ။
"ဝု!"
ပန်သာက ဒီနေ့ အခြေအနေ အေးဆေးပါတယ်လို့ ပြောနေသလိုမျိုး အမြီးတနံ့နံ့နဲ့ ဝမ်းသာအားရ ကြိုဆိုနေလေသည်။ လီဟောင် အလုပ်သွားတဲ့ အချိန်မှာ ဘယ်သူမှ ဒီအိမ်ကို လာပြီး စပ်စုတာမျိုး မရှိခဲ့ဘူး။
လူငယ်လေးက မနေ့ကထက် အနည်းငယ် ပိုကြီးလာသလို ဖြစ်နေတဲ့ ခွေးကလေးရဲ့ ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးလိုက်၏။ သူ အိမ်တံခါးကို ဖွင့်၊ အပေါ်အင်္ကျီကို ချွတ်ပြီး မီးဖွင့်လိုက်လေသည်။ လိုက်ကာတွေကို သေချာ ပိတ်ထားတာကြောင့် အခန်းထဲမှာ မီးရောင်က မှိန်ပျပျပဲ ရှိနေ၏။
လီဟောင်က ဆိုဖာပေါ်မှာ ထိုင်ပြီး လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားနေမိသည်။ အရာရာက အရမ်း မြန်ဆန်လွန်းတာကြောင့် သူ အကုန်လုံးကို နားလည်အောင် လုပ်ဖို့ ခက်ခဲနေရ၏။ သဲလွန်စတွေကို သေချာ ခွဲခြမ်းစိတ်ဖြာဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပင်။
"မိစ္ဆာအမဲလိုက်သမားများ၊ ကြက်သွေးရောင်အရိပ်အဖွဲ့၊ ညကင်းစောင့်များ၊ မိသားစု ရှစ်စု... ငါက ဒီမိသားစု ရှစ်စုထဲက တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်နိုင်တယ်!"
"ကြက်သွေးရောင်အရိပ်ရဲ့ ပစ်မှတ်က ငါပဲ။ မိစ္ဆာအမဲလိုက်သမားတွေကတော့ စွမ်းအားရှင် ကို လိုချင်ကြတယ်။ ညကင်းစောင့်တွေကတော့ တခြားနေရာမှာ အလုပ်ရှုပ်နေကြတာဆိုတော့ လာချင်မှ လာမယ်၊ ဒါပေမဲ့ ဆရာက ကွင်းဆင်းတော့မှာဆိုတော့ သူတို့ဘက်က တစ်ယောက်ယောက်တော့ ဒီမှာ ရှိနေလောက်တယ်။"
"မနေ့ညက အရိပ်နဲ့ နောက်ကွယ်က လူက သူတို့အဖွဲ့ရဲ့ အစိတ်အပိုင်း တစ်ခုပဲလား၊ ဒါမှမဟုတ် အကုန်လုံးပဲလား..."
စွမ်းအားရှင် ဘယ်နှယောက်လောက် ရှိနေတာလဲ။
လီဟောင် မသိပေ! ဒါပေမဲ့ တစ်ယောက်ထက်မက ရှိမှာကတော့ သေချာပါသည် ။ မနေ့ညက လူက ကင်းထောက်တစ်ယောက်ပဲ ဖြစ်ဖို့ များတယ်လေ။ သူတို့ တစ်ဖွဲ့လုံး ဖြစ်ဖို့တော့ မရှိနိုင်ဘူး။
"ဒါကို လျူလုံရော စဉ်းစားမိရဲ့လား။ တကယ်လို့ ရန်သူ့ဘက်မှာ စွမ်းအားရှင် သုံးလေးယောက်လောက် ရှိနေရင် မိစ္ဆာအမဲလိုက်သမားတွေ ကိုင်တွယ်နိုင်ပါ့မလား..."
လီဟောင်က စားပွဲကို ခပ်ဖွဖွ ခေါက်လိုက်၏။ အဖွဲ့က အကူအညီ ဖြစ်နိုင်ပေမဲ့၊ သူ့အတွက်တော့ လုံခြုံမှုအပြည့် ရှိမနေဘူး။ အတွေးပေါင်းစုံက သူ့ခေါင်းထဲမှာ ဝင်ရောက်နေပေမဲ့ သူ့ကို ကူညီမယ့်သူတော့ မရှိပေ။
... မဟုတ်သေးဘူး၊ ခဏလေး။
လီဟောင် ခဏလောက် ဝေခွဲမရ ဖြစ်နေပြီးမှ သူ့ရဲ့ ဆက်သွယ်ရေး စက်ကို ထုတ်လိုက်လေသည်။ သူ့ဆရာရဲ့ အကူအညီကို သူ လိုအပ်နေသည် - အနည်းဆုံးတော့ စိတ်သက်သာရာရဖို့ စကားလေးဖြစ်ဖြစ်ပေါ့။
……
ငွေမြို့တော်ရှိ ဗက်တာရစ် ကျောင်းတော် (Veteris Institute)။
ယွမ်ရွှော့က သူ့ခြံဝင်းထဲမှာ အရမ်းကို ကြည့်ရဆိုးတဲ့ လက်ဝှေ့သိုင်းကွက်တစ်ခုကို လေ့ကျင့်နေ၏။ သူ လေ့ကျင့်နေတာက သိုင်းသမား တစ်ယောက်နဲ့ထက်၊ အော်ဟစ်နေတဲ့ ကြက်မကြီး တစ်ကောင်နဲ့ ပိုတူနေလေသည်။ ဒါက 'ကြက်လက်ဝှေ့' (Chicken Fists) လို့ ခေါ်တဲ့ နည်းစနစ်ထက်၊ 'သိုင်းကွက်ငါးဖြာ ကျမ်းသစ်' ထဲက 'ကြက်ငှက်ပုံစံ' သိုင်းကွက်ပင် ဖြစ်၏!
ကျား၊ သမင်၊ ဝက်ဝံ၊ မျောက် နဲ့ ကြက်ငှက်။
မျောက်ပုံစံက ထွက်ပြေးဖို့အတွက် ကောင်းသလို၊ ကြက်ငှက်ပုံစံကတော့ အရှိန်အတွက် ဖြစ်သည် - ဒါက ထွက်ပြေးဖို့အတွက် မျောက်ပုံစံထက်တောင် ပိုပြီး သင့်တော်သေးတာပါ။ ပြီးတော့ သိုင်းကွက် တစ်ခုချင်းစီမှာ သတ်ဖြတ်နိုင်တဲ့ နည်းစနစ်တွေလည်း ပါဝင်နေလေသည်။
မျောက်ပုံစံ ဖြစ်ဖြစ်၊ ကြက်ငှက်ပုံစံ ဖြစ်ဖြစ် အကုန်လုံးမှာ သတ်ဖြတ်နိုင်တဲ့ နည်းလမ်းတွေ ရှိကြသည်။ လီဟောင်ကတော့ သိုင်းကွက်တွေကို အသေးစိတ် မလေ့လာရသေးတာကြောင့် ဒါကို မသိသေးဘူး။ သူကတော့ မျောက်ပုံစံ သိုင်းကွက်ကို ဘေးကင်းဖို့အတွက်ပဲ သုံးလို့ရမယ်လို့ အမြဲ ထင်ခဲ့တာကိုး။
ဝူး!
ယွမ်ရွှော့က ခွန်အားမပါဘဲ ဖြည်းဖြည်းချင်း လှုပ်ရှားနေ၏။ သူ သူ့လက်သီးတွေကို ဝေ့ယမ်းလိုက်တဲ့အခါ တောင်ပံခတ်နေတဲ့ ကြက်မကြီးတစ်ကောင်လိုပဲ။ ကြည့်ရတာ ဘယ်လိုမှ အဆင့်မရှိပေမဲ့၊ လေထဲမှာတော့ ပေါက်ကွဲသံတွေ ထွက်ပေါ်နေလေသည်။
တစ်ရာဖြို အဆင့်! သိုင်းပညာရဲ့ အထွတ်အထိပ်မှာ ရှိခဲ့ဖူးတဲ့သူ!
နှမြောစရာ ကောင်းတာကတော့ သူ့ရဲ့ ကြံ့ခိုင်မှုက အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာခဲ့တာပါပဲ။ စွမ်းအားရှင် တွေ ပေါ်လာတာနဲ့ ခေတ်မီ လက်နက်တွေ ခေတ်စားလာတာကလည်း ဒီလိုလူမျိုးတွေကို တဖြည်းဖြည်းနဲ့ အရေးမပါအောင် လုပ်ပစ်ခဲ့သည်။ ပြင်ပလူတွေရဲ့ မျက်လုံးထဲမှာတော့ သူက စာပေသမား သက်သက်နဲ့ ရှေးဟောင်းယဉ်ကျေးမှု ကျွမ်းကျင်သူ တစ်ယောက်ပဲ ဖြစ်နေတာပေါ့။
တူတူ... တူတူ...
စက်မြည်သံက ယွမ်ရွှော့ရဲ့ လေ့ကျင့်မှုကို ရပ်တန့်သွားစေသည်။ သူက ဘေးမှာချထားတဲ့ ဆက်သွယ်ရေး စက်ကို တစ်ချက်ကြည့်လိုက်ပြီး ကောက်ကိုင်လိုက်၏။
"မင်း ဥပဒေစိုးမိုးရေး အဖွဲ့ထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီလား..."
"ဟုတ်ကဲ့!"
ယွမ်ရွှော့ မအံ့သြပေ။ သူ့ရဲ့ နောက်ဆုံးတပည့်က တစ်ခုခု လုပ်တော့မယ်လို့ ပြောရင် တွေဝေနေမှာ မဟုတ်ဘူးဆိုတာ သူသိသည်လေ။ ဒီဂုဏ်သရေရှိ ပရော်ဖက်ဆာကြီးက လီဟောင် သူ့ဆီ ဖုန်းဆက်တာဟာ တစ်ခုခု လိုအပ်နေလို့ ဆိုတာကိုလည်း ရိပ်မိပုံရသည်။
"ဘာကိစ္စလဲ..."
ယွမ်ရွှော့က ရယ်မောလိုက်ပြီး -
"ကိုယ့်ကိုယ်ကိုယ် သံသယ ဝင်နေတာလား။ လျူလုံက ဒီနေ့ မင်းကို အသိတရား ရအောင် လုပ်လိုက်လို့လား။ မင်းမှာ ဘာအရည်အချင်းမှ မရှိဘူး၊ ပြင်ပလောကမှာ မရှင်သန်နိုင်ဘူးလို့ ထင်နေတာလား..."
"နည်းနည်းပါ ဆရာ..."
လီဟောင်က သက်ပြင်းချကာ ဝန်ခံလိုက်၏။
"ဆရာ... ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ ဒီလို ဆန်းကြယ်တဲ့ ကမ္ဘာကြီး ပေါ်လာပြီးတဲ့နောက်၊ စာပေလေ့လာတဲ့ ပညာရပ်တွေက အနာဂတ် ရှိပါဦးမလားဗျာ..."
လူငယ်လေးက စွမ်းအားရှင် တွေရဲ့ စွမ်းအားကို မြင်တွေ့ပြီးတဲ့နောက် စာပေလေ့လာမှု နယ်ပယ်ရဲ့ အနာဂတ်က မှောင်မိုက်နေသလို ခံစားနေရသည်။ နောင်အနာဂတ်မှာ ဒီကမ္ဘာကြီးက စွမ်းအားရှင် တွေရဲ့ လက်ထဲ ရောက်သွားမှာလား။ သူ့ဆရာနဲ့ သူတို့လို သာမန်လူတွေကရော အေးအေးချမ်းချမ်း နေထိုင်နိုင်ပါ့မလား။
"စာပေသက်သက်ပဲ လေ့လာနေရင်တော့ အနာဂတ် မရှိဘူးဆိုတာ မှန်တယ်! ဒါပေမဲ့ အင်အားကိုပဲ သုံးတဲ့သူတွေအတွက်ကတော့ အနာဂတ်က ပိုတောင် မရှိသေးတယ်!"
ယွမ်ရွှော့က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်လေသည်။
"စစ်အင်အား သက်သက်နဲ့ အရာရာကို အောင်နိုင်သွားတဲ့သူမျိုး ငါ တစ်ခါမှ မကြားဖူးဘူး။ လူသားတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကသာ ကမ္ဘာကြီးကို စည်းလုံးစေပြီး အရာရာကို အစိုးရနိုင်မယ့် သော့ချက်ပဲ!"
"သိုင်းလမ်းစဉ်ကို လျှောက်တဲ့သူတွေက ငါတို့ရဲ့ ဗဟုသုတတွေကို လေ့လာဖို့ ကြိုးစားရင် အလုပ်နှစ်ဆလုပ်မှ ရလဒ်တစ်ဝက်ပဲ ရနိုင်ပေမဲ့၊ ငါတို့က သိုင်းလမ်းစဉ်ကို လိုက်စားရင်တော့ အလုပ်တစ်ဝက်နဲ့တင် ရလဒ်နှစ်ဆ ရနိုင်တယ်! မင်း အခုထိ အချိန်ဖြုန်းခဲ့တယ်လို့ မတွေးလိုက်နဲ့ - ဒါတွေ အကုန်လုံးက အခြေခံ အုတ်မြစ်တွေပဲ!"
"တကယ်လို့ မင်းသာ စွမ်းအားရှင် ဖြစ်သွားခဲ့ရင်၊ ဉာဏ်ပညာနဲ့ ထက်မြက်မှုတွေက တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဆိုတာ မင်း သိလာလိမ့်မယ်။ အဲဒါတွေက မင်းရဲ့ ရှေ့ခရီးလမ်းကို ပိုပြီး ချောမွေ့စေမှာပဲ!"
တပည့်ဖြစ်သူ လမ်းပျောက်နေတဲ့ အချိန်မှာ အလင်းပြဖို့က ဆရာတစ်ယောက်ရဲ့ တာဝန်ပင်။ လီဟောင်အနေနဲ့ စွမ်းအားရှင် နယ်ပယ်နဲ့ ပထမဆုံး ထိတွေ့ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် သံသယဝင်တာက သဘာဝကျလှပါသည် ။ ဒါပေမဲ့ သူ့တပည့်ရဲ့ ယုံကြည်ချက်တွေ ဒီအချိန်မှာ ယိမ်းယိုင်မသွားဖို့ကလည်း အရေးကြီးလှ၏။
"ငါ့ကိုယ်ငါ လောကမှာ အနှိုင်းမဲ့တယ်လို့တော့ မပြောချင်ပေမဲ့၊ ဒီဆန်းကြယ်တဲ့ စွမ်းအားတွေ မပေါ်ခင်မှာ ငါက ပိရမစ်ရဲ့ ထိပ်ဆုံးမှာ ရှိခဲ့တဲ့ လူအနည်းငယ်ထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ ငါက တိုက်ခိုက်ရေးထက် ရှေးဟောင်းယဉ်ကျေးမှု သုတေသန နယ်ပယ်မှာ ပိုပြီး နာမည်ကြီးခဲ့တာ။ အဲဒါကြောင့်လည်း ငါက ဒီလောက်အထိ လူသိများနေတာပေါ့!"
"ငါ့ခေတ်က သိုင်းအင်အားကိုပဲ အားကိုးခဲ့တဲ့သူတွေကတော့ ခေတ်မီ လက်နက်တွေ ပေါ်လာတဲ့အခါမှာ မကောင်းတဲ့ အဆုံးသတ်တွေနဲ့ ကြုံခဲ့ရတယ်။ လူသိများလေလေ၊ မြန်မြန် သေလေလေပဲ! ဒါပေမဲ့ ငါ့ကို ကြည့်ဦး... ငါ အခုထိ အသက်ရှင်နေတုန်းပဲ။ ငါက အဲဒီ စွမ်းအားရှင် တွေအတွက် ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက်ပဲ - ငါ့အပေါ်မှာ ကန့်သတ်ချက်တချို့ ရှိပေမဲ့၊ ငါသွားချင်တဲ့ နေရာကို သွားပြီး လုပ်ချင်တာကို လုပ်လို့ရနေတုန်းပဲ။"
"စွမ်းအားရှင် တွေက အခုလောလောဆယ် သန်မာနေနိုင်ပေမဲ့၊ သူတို့ကို ထိန်းချုပ်နိုင်မယ့်သူ ဒါမှမဟုတ် သူတို့ကို စီရင်နိုင်မယ့်သူ မရှိဘူးလို့ မဆိုလိုပါဘူး..."
လီဟောင်က သူ့ဆရာရဲ့ စကားတွေကို ငြိမ်ပြီး နားထောင်နေရင်း ရင်ထဲက အကြိတ်အခဲလေးက နည်းနည်းလေး လျော့ပါးသွားသလို ခံစားလိုက်ရသည်။ ခဏအကြာမှာတော့ ယွမ်ရွှော့က အားရပါးရ ရယ်မောလိုက်လေသည်။
"ဥပဒေစိုးမိုးရေး အဖွဲ့အကြောင်းကို အများကြီး မတွေးပါနဲ့။ လျူလုံနဲ့ သူ့လူတွေက တကယ့် ပြဿနာကြီးနဲ့ ကြုံလာရင် ဖြေရှင်းနိုင်ချင်မှ ဖြေရှင်းနိုင်မှာ။ ဒါကြောင့် ငါ အရင်က ပြောခဲ့သလိုပဲ... မင်း ဘယ်အချိန်မဆို ငါ့ဆီ လာပုန်းလို့ ရတယ်..."
"ဆရာ... 'ညကင်းစောင့်များ' က ငွေမြို့တော်ရဲ့ အခြေအနေကို သိနေကြပြီလားဟင်..."
လီဟောင်က ခဏစဉ်းစားပြီး မေးလိုက်၏။
"ငါ မသိဘူး။ သိရင် သိနိုင်ပေမဲ့ သူတို့က အခင်းဖြစ်တဲ့ နေရာကို ပထမဆုံး ရောက်လာမယ့်သူတွေ မဟုတ်ဘူး။ လျူလုံနဲ့ သူ့လူတွေက တကယ့်တော့ ရှေ့တန်းက အသေခံရမယ့် နယ်ရုပ်လေးတွေပဲ!"
ယွမ်ရွှော့က ဘာမှမထောက်ညှာဘဲ ပြန်ဖြေလိုက်၏။ 'မိစ္ဆာအမဲလိုက်သမားများ' အဖွဲ့ရဲ့ တကယ့် အခြေအနေက ကြောက်စရာ ကောင်းလှပါသည် ။
"ညကင်းစောင့် အဖွဲ့ဝင်က အများကြီး မရှိဘူး။ အဲဒါက စွမ်းအားရှင် တစ်ယောက်ချင်းစီက အရမ်း တန်ဖိုးရှိပြီး အလွယ်တကူ အနစ်နာမခံနိုင်ဘူးလို့ ဆိုလိုတာပဲ။ ငွေမြို့တော်ရဲ့ လက်ရှိ အခြေအနေက မသေချာသေးတော့၊ လျူလုံတို့လို အသေခံအဖွဲ့ကို အရင်ဆုံး လွှတ်လိုက်တာပေါ့။"
"တကယ်လို့ သူတို့ အောင်မြင်သွားရင်တော့ ကောင်းတာပေါ့၊ မအောင်မြင်ရင်လည်း အရှုံးက သိပ်မကြီးဘူး။ အဲဒီအချိန်မှာ ညကင်းစောင့်တွေက ရန်သူ့ရဲ့ အရည်အချင်းကို အကြမ်းဖျင်း သိသွားလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် သိပြီး ရန်သူ့အစွမ်းကို သိတာက အောင်မြင်ခြင်းရဲ့ လမ်းစပဲ - အဲဒီကျမှ သူတို့က ငွေမြို့တော်မှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဘယ်လောက်အထိ အင်အားသုံးရမလဲဆိုတာ ဆုံးဖြတ်ကြလိမ့်မယ်။ ဒါကြောင့်လည်း ညကင်းစောင့်တွေက ပေါ်လာခဲတာပေါ့။"
ဒီအဖွဲ့အစည်းက သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ပြင်ပလူတွေ မသိအောင် ထိန်းသိမ်းထားကြသည်။ လျူလုံတို့လို အစွန်အဖျား အဖွဲ့တွေကတော့ ကင်းထောက်တွေ သက်သက်ပါပဲ။ သူတို့ သေသွားလည်း ဘာမှ မဖြစ်ပေ။ ဒါပေမဲ့ တကယ်လို့ သူတို့က စွမ်းအားရှင် တစ်ယောက်ကို သတ်နိုင်ပြီး စွမ်းအားရှင် ဖြစ်လာခဲ့ရင်တော့၊ သူတို့ အဖွဲ့ထဲ ဝင်လာတဲ့အခါ ညကင်းစောင့်တွေရဲ့ အင်အား တိုးလာတာပေါ့။
ဒါက ငွေမြို့တော်အပေါ် ဖုံးလွှမ်းနေတဲ့ တကယ့် အမှောင်ထု ဖြစ်ပြီး ယွမ်ရွှော့က ဒါကို ကြိုတင် မြင်ထားခဲ့တာ ကြာပါပြီ!
လီဟောင် သက်ပြင်းလေး ခပ်ဖွဖွ ချလိုက်၏။
... ဘယ်လောက်တောင် အကျိုးအမြတ် ကြည့်လိုက်သလဲ!
သူ့ဆရာရဲ့ စကားတွေက သူ့ရှေ့က မြူနှင်းတွေကို ဖယ်ရှားပေးလိုက်သလိုပါပဲ။ 'မိစ္ဆာအမဲလိုက်သမားများ' အဖွဲ့က ညကင်းစောင့်တွေနဲ့ အဆက်အသွယ် ရှိနေနိုင်တာကို သူ နားလည်သွားသည်။ လျူလုံက ညကင်းစောင့် အဖွဲ့ရဲ့ အပြင်ပန်း အဖွဲ့ဝင် တစ်ယောက် ဖြစ်နေမလား။
မဖြစ်နိုင်တာတော့ မဟုတ်ဘူး!
"အများကြီး မတွေးနဲ့တော့..."
ယွမ်ရွှော့က ရုတ်တရက် ပြောလိုက်၏။
"မင်း မလာချင်ရင်လည်း ငါ မင်းကို အတင်းမခေါ်ပါဘူး။ မင်းလည်း အခြေအနေကို ပိုသိလာပြီဆိုတော့၊ မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ငါ မင်းကို အခြေခံလေးတွေ ရှင်းပြပေးမယ်။"
... ဗျာ?
လီဟောင်က သူ့ဆရာက သူ့ကို ရတနာတစ်ခုခု ပေးမလားလို့ ထင်နေတာ၊ ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်ပုံရဘူး။
ယွမ်ရွှော့က ရုတ်တရက် လျှို့ဝှက်စကားလုံးတွေကို ပြောင်းသုံးလိုက်၏ - ဒါက သူနဲ့ သူ့တပည့်တွေကြားမှာပဲ သုံးတဲ့ ထူးခြားတဲ့ ဆက်သွယ်မှု နည်းလမ်းပင်။ ဒီလို ပညာရှင်ကြီး တစ်ယောက်အတွက် သတင်းစကားတွေကို တခြားလူ မသိအောင် ပို့ဖို့ နည်းလမ်းတစ်ခု ဖန်တီးရတာက အရမ်း လွယ်ကူလှပါသည် ။
"လီမိသားစုရဲ့ ဓား၊ ကျန်းမိသားစုရဲ့ ဓားမြှောင်... အဲဒါတွေက ကလေးကဗျာထဲမှာ ပါတဲ့ မိသားစုတွေ ဖြစ်သလို၊ သီးသန့် ဆန်းကြယ်ပစ္စည်းတွေလည်း ဖြစ်နိုင်တယ်။ အရင်တုန်းကတော့ ဒါတွေက ဟာသတွေ ဖြစ်ခဲ့ပေမဲ့၊ အခုအချိန်မှာတော့ မဟုတ်တော့ဘူး!"
လီဟောင် အံ့သြသွားသော်လည်း အမြန်ပင် ပြန်တည်ငြိမ်သွား၏။ လျူလုံတောင်မှ အမှန်တရားကို ခန့်မှန်းနိုင်ရင်၊ သူ့ဆရာက ဘာလို့ မသိဘဲ နေပါ့မလဲ။ လီဟောင်ရဲ့ မျက်လုံးထဲမှာတော့ ယွမ်ရွှော့က သူသိသမျှ လူတွေထဲမှာ အထက်မြက်ဆုံးနဲ့ အသိဉာဏ် အရှိဆုံး လူသားပင် ဖြစ်သည်။
"မင်းမှာ အဲဒါတွေ ရှိနေတာက ကောင်းချီး တစ်ခုလည်း ဖြစ်နိုင်သလို၊ ကျိန်စာတစ်ခုလည်း ဖြစ်နိုင်တယ်။ ကျန်းယွမ် သေဆုံးခဲ့တာက ဒါနဲ့ ပတ်သက်နေနိုင်တာပဲ။ ပြောရရင် စွမ်းအားရှင် တွေက မင်းကို မျက်စိကျနေကြပြီ၊ အဲဒါကလည်း သူတို့ လိုချင်တဲ့အရာ ဖြစ်ဖို့ များတယ်။ မိသားစု ရှစ်စုရဲ့ ကလေးကဗျာက နှစ်ပေါင်းများစွာကတည်းက ပျံ့နှံ့နေခဲ့တာ။ ငါလည်း ကြားဖူးပေမဲ့ အဲဒါ ဘယ်ကနေ စတာလဲဆိုတာ ငါမသိဘူး။ ဘယ်နေရာမှာမှ မှတ်တမ်းမတင်ထားဘဲ မျိုးဆက်တစ်ခုကနေ တစ်ခုကို ပါးစပ်ရာဇဝင်လိုပဲ လက်ဆင့်ကမ်းလာတာ ဖြစ်နိုင်တယ်..."
"ငါ့ရဲ့ သုတေသနအရဆိုရင်တော့ ဒီကဗျာက ရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ ပတ်သက်နေနိုင်တယ်။ မင်းက ငါ့တပည့်ဆိုတော့ ဒါတွေအကြောင်း အနည်းအကျဉ်း သိမှာပါ၊ 'သိုင်းကွက်ငါးဖြာ ကျမ်းသစ်' ကို ငါ ရှေးဟောင်းနေရာ တစ်ခုမှာ ဘယ်လို တွေ့ခဲ့သလဲ ဆိုတာမျိုးပေါ့။ ငါက အဲဒီနည်းလမ်းကို နည်းနည်းလေး ပြုပြင်လိုက်တာပဲ ရှိတာ။"
လီဟောင်က သူ့ဆရာရဲ့ စကားတွေကို တိတ်ဆိတ်စွာ နားထောင်နေမိလေသည်။