ဆရာတစ်ယောက်ဖြစ်ခြင်း (၂)
Vol. 3 Ch. 28
ဘာသာပြန် - Toxic
"အရပ်ကဗျာထဲမှာ ပါတဲ့ ရတနာတွေက တူညီတဲ့ ဝိသေသတစ်ခု ရှိတယ်"
ယွမ်ရွှော့က ဆက်လက်ပြောဆိုလိုက်သည်။
"အဲဒါက ပြင်ပလူတွေ သုံးလို့မရတာပဲ။ ကျန်းယွမ် အရှင်လတ်လတ် မီးရှို့သတ်ခံရတာက သူ့ကိုသတ်တဲ့သူက ကျန်းမိသားစုရဲ့ သွေးမျိုးဆက်၊ ဝိညာဉ် ဒါမှမဟုတ် ကျန်းမိသားစုရဲ့ ဓားမြှောင်ကို သုံးလို့ရစေမယ့် စိတ်ပိုင်းဆိုင်ရာ အချက်အလက်တစ်ခုခုကို လိုချင်လို့ ဖြစ်နိုင်တယ်"
"ပြီးတော့ အမှုတွေဖြစ်တဲ့ အချိန်ကာလ အပိုင်းအခြားနဲ့ ပတ်သက်လို့လည်း ငါ့မှာ အတွေးအချို့ ရှိတယ်။ ဒါက လူသတ်သမား အသုံးပြုတဲ့ စွမ်းအားရှင် နည်းလမ်းတွေရဲ့ မွေးရာပါ ကန့်သတ်ချက်ကြောင့် ဖြစ်ဖို့ များတယ်။ သားကောင်ရဲ့ သွေးမျိုးဆက် ဒါမှမဟုတ် ဝိညာဉ်ကို ထုတ်ယူဖို့အတွက် တစ်ခါ မီးရှို့ပြီးတိုင်း လူသတ်သမားက အိပ်စက်အနားယူရတဲ့ အခြေအနေထဲကို ရောက်သွားပုံရတယ်"
"ဒါပေမဲ့ သူတို့က ပိုပြီး တိုးတက်လာနေတာတော့ အသိသာကြီးပဲ။ ပြောရရင် အဲဒီ အိပ်စက်နားယူရတဲ့ အချိန်က ပိုပိုပြီး နည်းလာတာပဲ"
လီဟောင်သည် သူ၏ဆရာကို မမြင်နိုင်သော်လည်း အဆက်မပြတ် ခေါင်းညိတ်နေမိသည်။ ဆရာကြီးယွမ်ရွှော့သည် အမှုတွဲဖိုင်များကို မနေ့ကမှ စတင်မြင်တွေ့ခဲ့ရသော်လည်း ဤမျှအထိ ကျိုးကြောင်းဆီလျော်စွာ တွေးဆနိုင်ခြင်းအပေါ် သူက အလွန်အမင်း အထင်ကြီးလေးစားသွားရသည်။ ဤသည်မှာ ဆရာကြီး၏ နက်နဲကျယ်ပြန့်သော ဗဟုသုတများကြောင့်ပင် ဖြစ်ပေသည်။
"နောက်တစ်ချက်က သူတို့က မိုးရွာတဲ့နေ့တွေမှာပဲ လှုပ်ရှားကြတယ်။ ဒါက သူတို့ရဲ့ စွမ်းရည်တွေကို မိုးရွာတဲ့ ရာသီဥတုမှာပဲ သုံးလို့ရတယ်လို့ အဓိပ္ပာယ်ရတယ်။ သူတို့က လူသတ်ရုံတင် မဟုတ်ဘဲ မင်းတို့ကို သတ်ပြီးရင် မင်းတို့ ခန္ဓာကိုယ်ထဲကနေ တစ်ခုခုကို စုဆောင်းတာ ဒါမှမဟုတ် ရိတ်သိမ်းတာမျိုး လုပ်ဖို့ လိုအပ်နေတာပဲ"
ယွမ်ရွှော့က ခေတ္တရပ်နားလိုက်ပြီးနောက် ဆက်လက်ပြောဆိုလေသည်။
"ဒီအမှုတွေရဲ့ နောက်ကွယ်ကလူကို လျှော့မတွက်နဲ့။ တကယ်လို့ ပထမဆုံး သေခဲ့တဲ့သူက ကျိန်းမိသားစုဝင် တစ်ယောက်ဆိုရင် ဒီအစီအစဉ်တွေက လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်ကတည်းက စတင်ခဲ့တာပဲ"
"ငါတို့ဆီမှာ ဒီလို ဆန်းကြယ်တဲ့ စွမ်းအားတွေ ပေါ်လာတာ နှစ်ပေါင်းနှစ်ဆယ်ခန့်ပဲ ရှိသေးတာကို သတိရပါ။ တကယ်လို့ ရန်သူက အဲဒီအချိန်ကတည်းက စွမ်းအားရှိနေတာဆိုရင် ဒါက ဘာကို ဆိုလိုသလဲ သိလား။ သူက စွမ်းအားရှင် လောကမှာ အတွေ့အကြုံရင့် ဝါရင့်ကြီး တစ်ယောက်ဖြစ်နေပြီ။ အခုမှ စတတ်တဲ့ လူသစ် မဟုတ်တော့ဘူးလို့ ဆိုလိုတာပဲ"
"ဒါပေမဲ့ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ လူတစ်ယောက်တည်း ရှိနေတာ မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု ဖြစ်နိုင်တယ်။ ဒီအမှုတွေကို စတင်ခဲ့တဲ့ မူလစွမ်းအားရှင်က ထွက်သွားပြီး သူ့ရဲ့ အဖွဲ့ဝင်တွေ ဒါမှမဟုတ် တပည့်တွေက ဒီအခြေအနေကို စောင့်ကြည့်နေတာလည်း ဖြစ်နိုင်တယ်။ အစွမ်းထက်တဲ့သူ တစ်ယောက်က ငွေမြို့တော်မှာ အကြာကြီး အချိန်ဖြုန်းနေမှာတော့ မဟုတ်ဘူး"
လီဟောင်သည် သက်ပြင်းတစ်ချက် ထပ်မံချလိုက်မိသည်။ သူသည် ဆရာကြီးပြောသည့် နောက်ဆုံးအချက်ကို တွေးမိခဲ့သော်လည်း ဤမျှအထိ အသေးစိတ်ကျကျ မစဉ်းစားမိခဲ့ပေ။
"မင်းက ကျန်းမိသားစုရဲ့ ဓားမြှောင်ကို သုံးချင်မှ သုံးနိုင်ပေမဲ့ လီမိသားစုရဲ့ ဓားကိုတော့ မင်း သေချာပေါက် သုံးနိုင်လိမ့်မယ်။ အရင်က ဒါက အစွမ်းမပြဘဲ ငြိမ်နေတာဟာ ကြယ်တာရာစွမ်းအားကို မတွေ့သေးလို့ ဖြစ်နိုင်တယ်။ ဒီနယ်ပယ်က ရှေးဟောင်းယဉ်ကျေးမှုတွေမှာလည်း ရှိခဲ့ဖူးမှာပဲ။ ဒါက ရုတ်တရက် အသစ်ဖြစ်လာတာမျိုးထက် ပြန်ပြီး နိုးထလာတာမျိုးပဲ။ တကယ်လို့ မင်းက လီမိသားစုရဲ့ ဓားကို ဆက်ခံမယ့်သူဆိုရင် မင်းဆီမှာ အဲဒီဓားရှိရင် မင်း အဲဒါကို အသက်သွင်းနိုင်လိမ့်မယ်"
"အသက်သွင်းမယ်"
လူငယ်လေးက နောက်ဆုံးတွင် ပါးစပ်ဟ၍ မေးခွန်းထုတ်လိုက်လေသည်။ လီမိသားစု၏ ဓားဆိုသည်မှာ လျှို့ဝှက်ချက်ဖြစ်သလို လူတိုင်းလည်း သိနေသည့်အရာ ဖြစ်ပေသည်။ အရပ်ကဗျာကို ကြားဖူးသူတိုင်း ၎င်းကို တွေးမိကြသော်လည်း အမှန်တကယ်တွင် ၎င်းမှာ အဘယ်အရာဖြစ်သည်ကိုမူ မည်သူမျှ မသိကြပေ။
"ဟုတ်တယ်၊ အသက်သွင်းတာ။ နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ထားခဲ့တာကို ဒီအတိုင်း လွယ်လွယ်ကူကူ ဘယ်သုံးလို့ ရပါ့မလဲ။ ဒီလို ရတနာတွေကို အသက်သွင်းဖို့ နည်းလမ်းတွေ အများကြီး ငါသိတယ်၊ ဒါပေမဲ့ အဲဒါတွေက မင်းအတွက်တော့ အရမ်း ခက်ခဲလိမ့်မယ်။ အလွယ်ဆုံး နည်းလမ်းကတော့ မင်းရဲ့ သွေးကို သုံးပြီး ကိုယ့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်တာပဲ။ ဒါပေမဲ့ အဓိကအချက်က အဲဒီဓားက တကယ်ပဲ မင်းမိသားစုပိုင် ဖြစ်ရမယ်၊ တခြားသူဆီက လုယူထားတာမျိုး မဖြစ်ရဘူး"
"ဆရာ... ကျွန်တော် အဲဒါကို စမ်းကြည့်ပြီးပြီဗျ။ အလုပ်မဖြစ်ဘူး"
လီဟောင်က စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောလိုက်ရင်း ပြန်လည်ပြောဆိုလေသည်။ သူသည် ဆွဲသီးလေးပေါ်သို့ သွေးစက်ချ၍ စမ်းသပ်ခဲ့ဖူးခြင်းကြောင့်ပင် ဖြစ်၏။
"ဒါပေါ့... မင်းက ဘာဖြစ်မယ် ထင်နေတာလဲ။ သွေးတစ်စက်ကို ဒီအတိုင်း ချလိုက်ရုံနဲ့ ဘာမှမထူးဘူး။ မင်းက သွေးတွေကို တွေ့ကရာ နေရာမှာ လျှောက်ဖြန်းနေတာကို ဒီနည်းလမ်းလို့ ထင်နေတာလား"
ယွမ်ရွှော့၏ စကားကြောင့် လီဟောင်မှာ ဘာမှပြန်မပြောနိုင်တော့ပေ။
"ဒါက သာမန် သွေးမျိုး မဟုတ်ဘူး၊ အထူးသဖြင့် မင်းလို မျိုးဆက်တွေ အများကြီး ကွာခြားသွားတဲ့ သူတွေအတွက်ပေါ့။ မင်းရဲ့ သွေးမျိုးဆက်က ပြောင်းလဲသွားတာ ကြာပြီ။ မင်းအတွက်တော့ ဒီရတနာကို ဖွင့်နိုင်မယ့် သွေးနှစ်မျိုး ရှိတယ်။ ပထမတစ်ခုက မင်းရဲ့ နှလုံးသွေးပဲ၊ ဒါပေမဲ့ ဒါကိုတော့ ငါ အကြံမပေးချင်ဘူး။ ဒါက ခန္ဓာကိုယ်ကို အရမ်း ထိခိုက်စေတယ်။ ဒါပေမဲ့ တကယ်လို့ မင်း အသက်အန္တရာယ်နဲ့ ကြုံလာလို့ သေတော့မယ့် အခြေအနေမျိုးဆိုရင်တော့ ဓားကို မင်းရဲ့ နှလုံးသားထဲ ထိုးထည့်လိုက်။ သတိထားရမှာက သိပ်ပြီး နက်နက်ကြီး မထိုးမိဖို့ပဲ၊ မဟုတ်ရင် မင်းကိုယ်မင်း သတ်သေလိုက်သလို ဖြစ်သွားလိမ့်မယ်"
လီဟောင်သည် အားနာနာဖြင့် ပြုံးလိုက်မိသည်။ ဆရာကြီး၏ စကားများမှာ တကယ့်ကို အန္တရာယ်များလှပေသည်။
"ဒုတိယ နည်းလမ်းကတော့ သိုင်းကွက်ငါးဖြာကို လေ့ကျင့်ပြီး မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ သွေးမျိုးဆက်ကို မြှင့်တင်တာပဲ။ တကယ်လို့ မင်းသာ ငါ့အဆင့်ကို ရောက်လာရင် သွေးတစ်စက်တည်းနဲ့တင် အဲဒါကို အသက်သွင်းဖို့ လုံလောက်လိမ့်မယ်"
လီဟောင်က ခေတ္တမျှ စဉ်းစားပြီးနောက် ထပ်မံမေးမြန်းလိုက်ပြန်သည်။
"ဆရာ... ဒီလို ပစ္စည်းတွေနဲ့ ဆက်စပ်နေတဲ့ ကြယ်တာရာစွမ်းအားတွေရော ရှိတတ်လားဟင်"
"ရှိတတ်တာပေါ့၊ အခြေအနေပေါ် မူတည်တာပဲ"
ယွမ်ရွှော့က ချက်ချင်းပင် ပြန်လည်ဖြေကြားလေသည်။
"တကယ်လို့ မင်းဆီမှာ ရှိနေရင်တော့ အဲဒါကို စုပ်ယူဖို့ ကြိုးစားကြည့်လို့ ရတယ်။ ဒါပေမဲ့ သိပ်ပြီး ထူးထူးခြားခြားတော့ ဖြစ်လာမှာ မဟုတ်ဘူး"
လီဟောင် အံ့သြသွားရသည်။ ထိုစွမ်းအားမှာ သူ အားကိုးနေရသည့် အရာဖြစ်နေခြင်းကြောင့်ပင်။
"ဆရာ... စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲ သွင်းယူလိုက်ရင် စွမ်းအားရှင် ဖြစ်လာမယ်လို့ ပြောကြတယ် မဟုတ်လား"
"ဘာ... အဲဒီလောက် မရိုးရှင်းဘူးကွ"
ယွမ်ရွှော့က ၎င်းကို မည်သို့ရှင်းပြရမည်နည်းဟု စဉ်းစားလိုက်သည်။
"မင်းရဲ့ အခြေအနေကို ငါ သေချာ မသိသေးတော့ ငါသိသလောက်ပဲ ပြောပြမယ်။ တချို့ ဆန်းကြယ်ပစ္စည်းတွေမှာ ကြယ်တာရာစွမ်းအား အချို့ ပါဝင်နေတတ်တယ်၊ ဒါပေမဲ့ အဲဒီစွမ်းအားက အရမ်းကို အားနည်းတယ်။ မင်း အဲဒါကို စုပ်ယူနိုင်ရင် မင်းရဲ့ ခန္ဓာကိုယ်ကို သန်မာအောင်ပဲ ကူညီပေးနိုင်လိမ့်မယ်။ မင်း ထင်သလောက်တော့ အသုံးမဝင်ဘူး။ ဒါတစ်ခုတည်းနဲ့တင် စွမ်းအားရှင် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
လီဟောင်၏ မျက်လုံးထဲတွင် စိတ်ပျက်မှုများ အရိပ်ထင်သွားရသည်။
"ဒါပေမဲ့ ဒါက ပုံသေသတ်မှတ်ထားတာတော့ မဟုတ်ဘူးပေါ့လေ။ ဘာလို့လဲဆိုတော့ ငါတို့လည်း ဒီစွမ်းအားတွေအကြောင်း မသိသေးတာတွေ အများကြီး ရှိသေးတာကိုး။ ဒါတွေက ငါတို့ဆီမှာ ရှိနေတာ မကြာသေးတော့ ကိုးကားစရာ သာဓကတွေက သိပ်မရှိသေးဘူး"
ယွမ်ရွှော့က ဆက်လက်ပြောဆိုလေသည်။
"အခု ငါပြောမယ့် အချက်က အရေးကြီးဆုံးပဲ။ မင်းမှာ အဲဒီလို ပစ္စည်းတစ်ခု ရှိနေနိုင်တာကြောင့် သိုင်းကွက်ငါးဖြာ ကျမ်းသစ်ထဲမှာ မပါတဲ့ အသက်ရှူနည်းလမ်းတစ်ခုကို ငါ မင်းကို သင်ပေးမယ်"
"အသက်ရှူနည်းလမ်း"
"ဟုတ်တယ်၊ ဒါက သာမန် အသက်ရှူနည်းတွေထက် ပိုပြီး ပြည့်စုံတယ်။ ငါ ရှေးဟောင်းကျမ်းစာတွေ အများကြီးကို လေ့လာပြီး နှစ်ပေါင်းများစွာကြာမှ ပေါင်းစပ်ဖန်တီးထားတာ။ အရင်က မင်းကို ဒါအကြောင်း မပြောခဲ့တာက မင်းမှာ ကြယ်တာရာစွမ်းအားကို စုပ်ယူနိုင်စတဲ့ အခွင့်အလမ်း မရှိလို့ပဲ"
ယွမ်ရွှော့က ရယ်မောလိုက်ပြီးနောက် ဆက်လက်၍ -
"မင်းက အရင်က ဆန်းကြယ်တဲ့ စွမ်းအားတွေနဲ့ မထိတွေ့ဖူးတော့ ဒါက မင်းအတွက် ဘာမှ အသုံးမဝင်ဘူးလေ။ ဒါပေမဲ့ အခုတော့... တကယ်လို့ မင်း ဒီနေ့ ငါ့ဆီ ဖုန်းမဆက်ရင်တောင် ငါ မင်းဆီ လာခဲ့မှာပဲ"
"ငါ မင်းကို သိုင်းကွက်ငါးဖြာ အသက်ရှူနည်းလမ်းကို သင်ပေးမယ်၊ အဲဒါမှ မင်း စွမ်းအင်တွေကို စုပ်ယူနိုင်မှာ။ သာမန် နေ့စဉ်ဘဝမှာတော့ ငါတို့က ဒီစွမ်းအင်တွေကို မမြင်ရဘူး၊ ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းက ဒါနဲ့ ထိတွေ့နေရပြီ ဖြစ်နိုင်တယ်။ ဒါက မင်းအတွက် ကံကောင်းတဲ့ အခွင့်အရေးပဲ"
"ဆရာရော အဲဒါကို စုပ်ယူနိုင်လားဟင်"
"ငါလား"
ယွမ်ရွှော့၏ ရယ်သံမှာ ပိုမိုကျယ်လောင်သွားလေသည်။
"ဘာလဲ... မင်းက ငါ့ကို ခွဲပေးချင်လို့လား။ ဆန်းကြယ်ပစ္စည်း တစ်ခုထဲမှာ ရှိတဲ့ စွမ်းအားက သိပ်မများလှပါဘူး၊ ငါ့အတွက်ဆိုရင်တော့ ရေကန်ထဲကို ရေတစ်စက် ချလိုက်သလိုပါပဲ။ ဒီလို မှတ်ထားပါ၊ လူတစ်ယောက်က ပိုပြီး သန်မာလေလေ၊ စွမ်းအားရှင် နယ်ပယ်ထဲကို ကူးပြောင်းဖို့ ပိုပြီး ခက်ခဲလေလေပဲ။ ငါတို့လို လူတွေအတွက် အသွင်ပြောင်းဖို့ဆိုတာ သာမန်လူတွေထက် အဆပေါင်းများစွာ ပိုခက်တယ်"
"လျူလုံက စွမ်းအားရှင် ဖြစ်ဖို့ အခွင့်အလမ်း အများကြီး ရှိပေမဲ့ သူ့အတွက် ခက်ခဲနေတာက သူ့ရဲ့ သိုင်းပညာ အခြေခံက အရမ်း သန်မာနေလို့ပဲ။ မင်းအတွက်ကတော့ သိုင်းအခြေခံ မရှိတဲ့အတွက် ပိုတောင် လွယ်ဦးမယ်။ ဒါပေမဲ့ ဒါက ဘာကို ဆိုလိုသလဲဆိုတော့ မင်း စွမ်းအားရှင် ဖြစ်သွားရင်လည်း အားအနည်းဆုံး ကြယ်တာရာအလင်း အဆင့်ပဲ ဖြစ်မှာပေါ့"
လီဟောင် နားလည်သွားပြီ ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူက ထပ်မံမေးမြန်းလိုက်ပြန်သည်။
"ဆရာ... ကျွန်တော် နားလည်တာ မှန်လားဗျာ။ ကျွန်တော်တို့ရဲ့ သိုင်းပညာ အခြေခံက ပိုပြီး သန်မာလေလေ၊ စွမ်းအားရှင် ဖြစ်သွားတဲ့အခါမှာလည်း ပိုပြီး အစွမ်းထက်လေလေ ဆိုတာလေ"
"ဒါပေါ့ကွ။ ငါ့ကိုပဲ ကြည့်ဦး... ငါက တစ်ရာဖြို အဆင့်ပဲ။ တကယ်လို့ ငါက အားအနည်းဆုံး ကြယ်တာရာအလင်း အဆင့်လောက်ပဲ ဖြစ်လာမယ်ဆိုရင် ငါ ဘာလို့ စွမ်းအားရှင် ဖြစ်အောင် လုပ်တော့မှာလဲ။ အဲဒီကောင်တွေ ငါ့ရှေ့ ပေါ်လာရင် ဘယ်သူ နိုင်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး"
ယွမ်ရွှော့က သူ့ကိုယ်သူ ပြောဆိုပြီးနောက် လေသံမှာ တည်ငြိမ်သွားလေသည်။
"ကဲ... အပိုတွေ ပြောမနေနဲ့တော့၊ ငါ့အကြောင်း မတွေးနဲ့၊ မင်းက အရမ်း အားနည်းသေးတယ်။ ငါပြောတာ သေချာနားထောင်။ ငါ မင်းကို သိုင်းကွက်ငါးဖြာ အသက်ရှူနည်းလမ်းကို သင်ပေးမယ်၊ ဒါပေမဲ့ ဒါကို ဘယ်သူ့ကိုမှ မပြောပါနဲ့၊ သေရင်တောင် မပြောနဲ့။ ဘယ်သူ့ကိုမှ မသင်ပေးနဲ့။ ငါ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ထားသမျှ အကုန်လုံးက ဒီထဲမှာ ရှိတယ်။ စွမ်းအားရှင်တွေ ပေါ်လာတာ နှစ်နှစ်ဆယ်ပဲ ရှိသေးတာ၊ ညကင်းစောင့်များ ဖန်တီးထားတဲ့ နည်းလမ်းတွေတောင် ငါ့ရဲ့ ဖန်တီးမှုကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ဒါက ဗဟုသုတရဲ့ စွမ်းအားပဲ။ အဲဒီကောင်တွေက စွမ်းအားရှင် စွမ်းရည်တွေအကြောင်း ဘာသိမှာလဲ။ ငါက သာမန်လူ ဖြစ်နေပေမဲ့ ဒီစွမ်းအားတွေက အဲဒီကောင်တွေ မရှိခင်ကတည်းက ရှိခဲ့တာဆိုတာ ငါသိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကတည်းက ငါ ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒါတွေအကြောင်း ဖတ်ခဲ့ဖူးတာ"
ယွမ်ရွှော့သည် မိမိကိုယ်မိမိ အတန်ကြာအောင် ချီးမွမ်းပြောဆိုပြီးနောက် သိုင်းကွက်ငါးဖြာ အသက်ရှူနည်းလမ်းကို စတင်ရှင်းပြလေသည်။ လီဟောင်က အာရုံစိုက်၍ နားထောင်လိုက်ရာ ထိုနည်းလမ်းမှာ အလွန်ပင် ရိုးရှင်းနေသည်ကို တွေ့ရလေသည်။
ရုတ်တရက် လည်ပင်းတွင် ဆွဲထားသည့် ကျောက်စိမ်းဓားလေးထံမှ တောက်ပသော ကြယ်တာရာစွမ်းအားများ ထွက်ပေါ်လာသည်။ လီဟောင်သည် ထိုစွမ်းအင်များကို သူ၏ ချွေးပေါက်တိုင်းမှတစ်ဆင့် လျင်မြန်စွာ စုပ်ယူနေတော့သည်။
ယွမ်ရွှော့သည် ဆက်သွယ်ရေးစက်ကို ချလိုက်ပြီးနောက် သဘောကျစွာဖြင့် ခေါင်းခါလိုက်လေသည်။
"မင်းလေးကတော့... လီမိသားစုရဲ့ ဓားက ငါထင်ထားတာထက်တောင် ပိုပြီး ထူးခြားနေတာပဲ။ ငါကတော့ ဓားအကြီးကြီး တစ်လက်လို့ ထင်နေတာ၊ တကယ်တော့ အဲဒီ ကျောက်စိမ်းဆွဲသီးလေးကိုး"
အခန်းကျဉ်းလေးထဲတွင် လီဟောင်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြည့်လျှံလာသည့် စွမ်းအင်များကြောင့် မျောက်တစ်ကောင်ကဲ့သို့ ခုန်ပေါက်လှုပ်ရှားရင်း လေ့ကျင့်နေတော့သည်။ သူ၏ဘေးတွင်လည်း ခွေးနက်ကလေး ပန်သာသည် လူတစ်ယောက်ကဲ့သို့ ပက်လက်လှန်ကာ နှာခေါင်းမှတစ်ဆင့် ကြယ်တာရာစွမ်းအားများကို မှန်မှန်ရှူသွင်းရှူထုတ် ပြုလုပ်နေလေတော့သည်။