ပြန်လည်ရောက်ရှိခြင်း (၁)
Vol. 3 Ch. 29
ဘာသာပြန် - Toxic
အခန်းတွင်း၌ ကြယ်တာရာစွမ်းအားများက တဖိတ်ဖိတ် တောက်ပနေသော်လည်း အပြင်ဘက်သို့မူ လျှံထွက်သွားခြင်း မရှိပေ။ အခန်းပြင်ပရှိ မည်သူတစ်ဦးတစ်ယောက်မျှ၊ စွမ်းအားရှင်တစ်ဦးပင် ဖြစ်လင့်ကစား ထိုစွမ်းအင်များကို မြင်တွေ့နိုင်ခြင်း သို့မဟုတ် အာရုံခံနိုင်ခြင်း မရှိကြချေ။ စတာလစ်သည် သူ၏စွမ်းအားများကို အဝေးသို့ ပျံ့နှံ့စေခြင်း မရှိဘဲ အတားအဆီး၏ အစွန်းသို့ ရောက်ရှိသွားသော စွမ်းအင်မှန်သမျှမှာလည်း ဟင်းလင်းပြင်အတွင်းသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်သာ ဖြစ်သည်။
ထို့ပြင် အခန်းထဲ၌ ပန်သာဟု ခေါ်သော ခွေးနက်ကလေး တစ်ကောင်လည်း ရှိနေပေသေးသည်။ ထိုခွေးကလေးသည် လျှံထွက်လာသော စွမ်းအင်မှန်သမျှကို အကုန်အစင် စုပ်ယူပစ်လိုက်သဖြင့် စွမ်းအင်တစ်စက်လေးမျှပင် အလဟဿ မဖြစ်သွားချေ။
လီဟောင်မှာမူ မိမိကိုယ်တိုင် တတ်နိုင်သည်ထက် ပို၍ စွမ်းအင်များကို စုပ်ယူမိသွားလေပြီ။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ခွန်အားများ ပြည့်လျှံနေပြီး နှလုံးခုန်သံများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် မြန်ဆန်နေ၏။ လူငယ်လေးသည် မျောက်ပုံစံသိုင်းကွက်ကို ဆက်တိုက်ဆိုသလို လေ့ကျင့်နေရပြီး သုံးမိနစ်တစ်ကြိမ် အလှည့်ကျ ပြောင်းလဲနေရသည်။ အကယ်၍ သူသာ ထိုပြည့်လျှံနေသော စွမ်းအင်များကို မထုတ်လွှတ်နိုင်ပါက သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားနိုင်ပေသည်။
ထိုသို့ လေ့ကျင့်နေစဉ်အတွင်း၌ပင် သူသည် သိုင်းကွက်ငါးဖြာ အသက်ရှူနည်းလမ်းကို ဆက်လက်အသုံးပြုနေဆဲ ဖြစ်သည်။ သို့သော် နည်းလမ်းတစ်ခုလုံး မဟုတ်ဘဲ အသက်ရှူစနစ်ကိုသာ သီးသန့် အသုံးပြုနေခြင်း ဖြစ်ပေသည်။
အသက်ရှူနည်းလမ်းကို အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်၏။ ပြည့်စုံသော ဗားရှင်းမှာ ကိုယ်ဟန်အနေအထားနှင့် အသက်ရှူစနစ်ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အပိုင်းလိုက် ဗားရှင်းမှာမူ အသက်ရှူစနစ် တစ်ခုတည်းသာ ပါဝင်ပြီး ၎င်းသည်လည်း ထိရောက်မှု ရှိသော်လည်း ပြည့်စုံသော ဗားရှင်းနှင့် နှိုင်းယှဉ်လျှင်မူ အားနည်းလှပေသည်။
"ဟပ်"
အခန်းတွင်း၌ ခပ်တိုးတိုး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ လီဟောင်သည် ခုန်ပေါက်နေသည်ကို ရုတ်တရက် ရပ်တန့်လိုက်ပြီး လက်များကို မျောက်တစ်ကောင်ကဲ့သို့ ကွေးကာ နံရံကို လှမ်း၍ ဖမ်းဆုပ်လိုက်လေသည်။
မျောက်ပုံစံသိုင်းမှာ ခြေလှမ်းသွက်လက်ရုံတင် မဟုတ်ပေ။ ယခင်က မည်သူ့ကိုမျှ သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိခဲ့သဖြင့် သူသည် ကျန်ရှိသော အစွမ်းများကို အသုံးမပြုခဲ့ခြင်းသာ ဖြစ်သည်။ ယခုမူ သူ၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ အဆမတန် များပြားနေသဖြင့် ၎င်းတို့ကို မထိန်းချုပ်နိုင်ပါက အန္တရာယ်ရှိလာနိုင်ပေသည်။ ထို့ကြောင့် သူသည် ယခင်က မလေ့ကျင့်ဖူးသော နည်းလမ်းများကို အသုံးပြုကာ လက်များကို မျောက်လက်သည်းများသဖွယ် ဝေ့ယမ်းလိုက်တော့သည်။
ဘုန်း
"အား... နာလိုက်တာ"
လီဟောင်သည် အသံထွက်အောင်ပင် ညည်းတွားလိုက်မိသည်။ သူ၏ လက်ချောင်းများမှာ အမှန်တကယ်ပင် နာကျင်နေခြင်းကြောင့် ဖြစ်ပေသည်။
သူ၏ လက်မှာ သွေးသားဖြင့် တည်ဆောက်ထားခြင်း ဖြစ်သဖြင့် နံရံကို ရိုက်ခတ်လိုက်ချိန်တွင် နံရံပေါ်၌ အပေါက်ငယ်အချို့ ဖြစ်သွားသော်လည်း သူ၏ လက်ချောင်းများမှာမူ နာကျင်မှုကြောင့် အော်ဟစ်နေရသကဲ့သို့ ခံစားရသည်။ သူသည် လက်သည်းအချို့ကိုပင် ခွာမိမတတ် ဖြစ်သွားရ၏။ သို့သော်လည်း နာကျင်မှုမှာ အဓိက မဟုတ်ပေ။
နံရံကို ကြည့်လိုက်သောအခါ လူငယ်လေး၏ မျက်နှာမှာ ဝင်းပသွားသည်။ ချောမွေ့သော နံရံမျက်နှာပြင်ပေါ်တွင် လက်သည်းရာအပေါက်များ ဖြစ်အောင် လုပ်နိုင်ခြင်းမှာ ယခင်က သူ မတတ်နိုင်ခဲ့သည့် အရာပင် ဖြစ်သည်။ လက်ချောင်းနှင့် နံရံ ထိတွေ့သည့် နေရာမှာ အလွန်သေးငယ်သဖြင့် ခွန်အားကို အပြည့်အဝ မသုံးနိုင်ခဲ့ခြင်း ဖြစ်၏။ ကွန်ကရစ်နံရံမှာ ချောမွေ့နေသဖြင့် တွယ်ကပ်ရန်အတွက် အထောက်အပံ့လည်း မရှိပေ။ မြေနံရံဆိုလျှင်မူ တွယ်ကပ်ရန် ပို၍ လွယ်ကူပေလိမ့်မည်။
"လျူလုံက မီးဖိုချောင် နံရံကို လက်သီးတစ်ချက်တည်းနဲ့ ဖြိုချခဲ့တာ။ လက်သီးတစ်ချက်ရဲ့ အရှိန်က လက်ချောင်းတွေထက် အများကြီး ပိုအားကောင်းတာပဲ။ ပြီးတော့ ကျန်းမိသားစုရဲ့ မီးဖိုချောင် နံရံက အုတ်နံရံပဲ ရှိတာ။ သူက တကယ်ကို သန်မာတာပဲ၊ ဒါပေမဲ့ ငါလည်း အရင်ကထက် အများကြီး ပိုသန်မာလာပုံရတယ်"
သူသည် သိုင်းကွက်ငါးဖြာ အသက်ရှူနည်းလမ်းကို အချိန်တိုအတွင်း လေ့ကျင့်ရုံမျှဖြင့် ခွန်အားများ သိသိသာသာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ အခြေခံက အလွန်အားနည်းနေခဲ့ခြင်းကြောင့်လည်း ပါဝင်ပေသည်။ လူတစ်ယောက်သည် အားနည်းလေလေ၊ တိုးတက်မှုမှာ ပို၍ ထင်ရှားလေလေပင် ဖြစ်သည်။
လျူလုံ၏ အဆင့်မျိုးတွင်မူ ဆန်းကြယ်သော စွမ်းအားများ အမြောက်အမြားမှာ ဘာမှမဟုတ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုစွမ်းအားများက သူ့အတွက် သိသာသော ပြောင်းလဲမှုများကို ပေးစွမ်းနိုင်မည် မဟုတ်ချေ။
"ဆရာ့ရဲ့ နည်းလမ်းက တကယ့်ကို အံ့သြစရာပဲ"
လီဟောင်သည် သူ၏ လက်ချောင်းများကို အနီးကပ် ကြည့်ရှုလိုက်သည်။ အစပိုင်းတွင် နီရဲနေပြီး လက်သည်းများမှာလည်း ညိုမည်းနေသော်လည်း ကြယ်တာရာစွမ်းအားများ ခန္ဓာကိုယ်ထဲသို့ ဆက်လက်စီးဝင်လာသည်နှင့်အမျှ ထိုဒဏ်ရာငယ်များမှာ လျင်မြန်စွာပင် ပျောက်ကွယ်သွားကြလေသည်။
သူ၏ ကြွက်သားများမှာ ပိုမိုကျစ်လျစ်လာပြီး သွေးလှည့်ပတ်မှုမှာလည်း ပို၍ မြန်ဆန်လာသည်ကို သူ ခံစားရသည်။ အမှန်တကယ်တွင် သူ၏ အရိုးများပင် ပြောင်းလဲလာနေ၏။ ၎င်းတို့မှာ အနှိပ်ခံနေရသကဲ့သို့ ခံစားနေရခြင်းပင် ဖြစ်သည်။
အမှန်စင်စစ် ထိုစွမ်းအင်များက လီဟောင်ကို ဖိသိပ်နေခြင်း ဖြစ်ပေသည်။ သူသည် မူလက အရပ် ၁၇၈ စင်တီမီတာ ရှိပြီး သာမန်အားဖြင့် ပုသူ သို့မဟုတ် ရှည်သူ မဟုတ်ပေ။ သူသည် ချက်ချင်း တိုင်းတာခြင်း မပြုသော်လည်း သူ၏ အရပ်မှာ အနည်းငယ် ပုသွားသည်ဟု ထင်ရသည်။ ဖြစ်နိုင်သည်မှာ တစ်စင်တီမီတာ သို့မဟုတ် ထိုထက်မက ပုသွားခြင်း ဖြစ်ပေလိမ့်မည်။
သူသည် ဖိသိပ်ခြင်း ခံလိုက်ရခြင်းပင် ဖြစ်သည်။ လူတစ်ယောက်၏ ကြွက်သားနှင့် အရိုးများ ပိုမိုကျစ်လျစ်လာလေလေ၊ ၎င်းတို့အတွင်းရှိ ဟာကွက်များ ပို၍ နည်းပါးသွားလေလေပင် ဖြစ်ပေသည်။
"ငါ... ဒီအတိုင်း ဆက်သွားရင် အများကြီး ပုသွားမှာ မဟုတ်ဘူး မဟုတ်လား"
လီဟောင်သည် ဤဖြစ်စဉ်ကို ထူးဆန်းသည်ဟု ယူဆနေမိသည်။ လျူလုံမှာ အရပ်အလွန်ရှည်ပြီး သိုင်းပညာ လေ့ကျင့်သဖြင့် အရပ်ပုသွားသူအကြောင်းကိုလည်း သူ တစ်ခါမျှ မကြားဖူးပေ။
အခြားတစ်ဖက်တွင်မူ လူအများစုမှာ ငယ်စဉ်ကတည်းက စတင်လေ့ကျင့်ကြခြင်း ဖြစ်သည်။ လီဟောင်မှာမူ လွန်ခဲ့သော သုံးနှစ်ခန့်ကမှ စတင်ခဲ့ခြင်း ဖြစ်ပြီး ပထမနှစ်နှစ်မှာလည်း သေသေချာချာ လေ့ကျင့်ခဲ့ခြင်း မရှိပေ။
အတွေးနောက်သို့ အလုပ်က လိုက်လေသည်။ သူသည် လက်ကို ကွေးမထားတော့ဘဲ ဖြန့်လိုက်ပြီး ရှေ့မှ နံရံကို လှမ်း၍ ဖမ်းဆုပ်လိုက်ပြန်သည်။
ဘုန်း
လက်သည်းများနှင့် နံရံ ပွတ်တိုက်သံက ကြက်သီးထဖွယ် ထွက်ပေါ်လာပြီး သူ၏ လက်ချောင်းများမှာ နံရံအတွင်းသို့ နစ်ဝင်သွားကြသည်။ သိပ်မနက်သော်လည်း လက်ဝါးရာတစ်ခု ထင်ကျန်ရစ်ရန်မှာမူ လုံလောက်လှပေသည်။ သူသည် အတွင်းဘက်ရှိ ကွန်ကရစ် အဆောက်အအုံကိုမူ မထိမိပေ။ သို့သော် နံရံမှာ တုန်ခါသွားသကဲ့သို့ ခံစားရသည်မှာ သူ၏ ထင်ယောင်ထင်မှား ဖြစ်နိုင်သကဲ့သို့ အမှန်တကယ်လည်း ဖြစ်နိုင်ပေသည်။
ထင်ရှားသည်မှာ ဤတိုက်ကွက်သည် ယခင်ကထက် ပိုမိုပြင်းထန်လှခြင်းပင် ဖြစ်သည်။
"ကျားလက်သည်း"
ဤသည်မှာ သိုင်းကွက်ငါးဖြာ ကျမ်းသစ်ထဲတွင် ပါဝင်သော ကျားပုံစံသိုင်း၏ တိုက်ကွက်တစ်ခု ဖြစ်ပေသည်။ လီဟောင်သည် အခြားသိုင်းကွက် လေးမျိုးကို မျောက်ပုံစံသိုင်းလောက် မကျွမ်းကျင်သော်လည်း ၎င်းတို့ကို လုံးဝ လေ့ကျင့်မထားခြင်း မဟုတ်ပေ။ ယွမ်ရွှော့သည် သူ၏ တပည့်ကို သိုင်းကွက်အားလုံး သင်ကြားပေးခဲ့သော်လည်း လူငယ်လေးမှာ မျောက်ပုံစံသိုင်းကိုသာ အဓိကထား လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။
ကျားပုံစံသိုင်းသည် တိုက်ပွဲများအတွက် ပို၍ သင့်တော်သည်ဟု သူ ခံစားရပြီး ယခုအခါ၌လည်း ကျားလက်သည်း တိုက်ကွက်မှာ ပိုမိုအားကောင်းကြောင်း သူ တွေ့ရှိလိုက်ရသည်။ ၎င်းသည် ခွန်အား အသုံးပြုပုံ၊ ကိုယ်ဟန်အနေအထားနှင့် အသက်ရှူစနစ်တို့တွင် ကွဲပြားမှု ရှိပေသည်။
ခြေလှမ်းသွက်လက်သော မျောက်ပုံစံသိုင်းမှာ လမ်းကြောင်း ရှာဖွေရာတွင် သင့်တော်သော်လည်း ခွန်အားပိုင်းတွင်မူ ကျားလက်သည်းကို မယှဉ်နိုင်ပေ။
"ဟုတ်တယ်၊ ကျားပုံစံသိုင်းက သိုင်းငါးမျိုးထဲမှာ တိုက်စစ်အတွက် အသင့်တော်ဆုံးပဲ"
လီဟောင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲငယ်များကို သတိပြုမိပြီး စိတ်လှုပ်ရှားနေမိသည်။ သူသည် ယခင်ကထက် ပိုမိုသန်မာလာလေပြီ။ သူ၏ ကြွက်သားများမှာ လျင်မြန်စွာ တုံ့ပြန်နိုင်ကြပြီး ခြေလှမ်းများမှာလည်း ပို၍ ပေါ့ပါးနေ၏။
၎င်းမှာ အလေးမပြီး ပြေးနေရရာမှ အလေးများကို ချပစ်လိုက်သကဲ့သို့ ပေါ့ပါးလွတ်လပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ကြယ်တာရာစွမ်းအား၏ အာနိသင်များလော။ ထိုအာနိသင်များမှာ အလွန်ပင် သိသာလှပေသည်။
ပန်သာသည် ဓားရည်နှင့် ပထမဆုံး ထိတွေ့ပြီးနောက် အမွေးများ အဘယ်ကြောင့် တောက်ပလာခဲ့သနည်းဆိုသည်ကို သူ ယခုမှ နားလည်တော့သည်။ လီဟောင်သည် ထိုစဉ်က ပန်သာမှာ ခွေးဖြစ်နေသဖြင့် အာနိသင် ကွဲပြားခြင်း ဖြစ်နိုင်သည်ဟု ထင်ခဲ့မိသည်။ ယခု ပြန်စဉ်းစားကြည့်လျှင်မူ...
"ဒုက္ခပဲ"
ခွေးကလေး သောက်ခဲ့သည့် ခွက်ထဲတွင် စွမ်းအင်များ ပိုမိုပါဝင်နေခဲ့ခြင်း ဖြစ်ရမည်။ သူသည် ဒုတိယခွက်ကို သောက်ခဲ့ခြင်း ဖြစ်သော်လည်း ခွေးကလေးက ပထမဆုံး သောက်ခွင့်ရခဲ့ခြင်းကြောင့် သူ၏အတွက် စွမ်းအင်အကြွင်းအကျန်များသာ ကျန်ရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ပန်သာကို သူ သတိရသွားသည်။ ထိုခွေးကလေးသည် ယနေ့တွင် ထူးထူးခြားခြား ငြိမ်သက်နေခြင်းကြောင့်ပင် ဖြစ်၏။
လီဟောင်က ခေါင်းကို စောင်းငဲ့ကြည့်လိုက်ရာ အံ့သြသွားရသည်။ ခွေးနက်ကလေးသည် ဗိုက်ကို အပေါ်လှန်ကာ လူငယ်လေးနှင့် တူညီသော အသက်ရှူနှုန်းဖြင့် အသက်ရှူနေသည်။ ထိုခွေးကလေးမှာ လေ့ကျင့်နေခြင်းပင် ဖြစ်ပေသည်။
"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ"
လီဟောင်မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ပန်သာက သူ့စကားကို နားလည်နိုင်သည်မှာ လက်ခံနိုင်စရာ ရှိသော်လည်း ဤမျှအထိ ဉာဏ်ကောင်းမည်ဟု သူ မထင်ခဲ့ပေ။ ၎င်းမှာ သူ့ကို အတုယူကာ သိုင်းကွက်ငါးဖြာ အသက်ရှူနည်းလမ်းကို လေ့ကျင့်နေခြင်း ဖြစ်သည်။
လီဟောင် လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်သောအခါ ကျောက်စိမ်းဓားလေးထံမှ ကြယ်တာရာစွမ်းအားများ ထွက်ပေါ်လာခြင်းလည်း ရပ်တန့်သွားပြီး အခန်းတွင်းရှိ စွမ်းအင်များမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ လူငယ်လေးသည် ခွေးကလေးကို စောင့်ကြည့်နေပြီး ခွေးကလေးထံရှိ ကြယ်ရောင်များ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ပန်သာက မျက်လုံးများကို ဖွင့်လိုက်ပြီး လီဟောင်က သူ့ကို ကြည့်နေသည်ကို မြင်သောအခါ လှမ်းခုန်ကာ လူငယ်လေးကို အတင်းပွတ်သီးပွတ်သပ် လုပ်တော့သည်။
လီဟောင်က အနည်းငယ် ရှောင်တိမ်းလိုက်သော်လည်း ပန်သာက ဂရုမစိုက်ဘဲ လူငယ်လေး၏ ခြေထောက်ကို လျက်နေလေသည်။
"သွားစမ်းပါ"
လီဟောင်က ခွေးကလေးကို ဖယ်ထုတ်လိုက်ပြီး ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ -
"မင်းက လူနဲ့ ပိုတူလာတာလား"
၎င်းမှာ ကောင်းသည့်အချက် ဖြစ်နိုင်သကဲ့သို့ မကောင်းသည့်အချက်လည်း ဖြစ်နိုင်သဖြင့် သူက မျက်မှောင်ကြုတ်၍ စဉ်းစားနေမိသည်။ ပန်သာသည် သာမန်ခွေးတစ်ကောင်ထက် ပိုမိုထူးခြားလာနေခြင်း ဖြစ်ပေသည်။
သာမန်လူတစ်ယောက်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် တစ်ယောက်ဖြစ်သည့် လီဟောင်အနေဖြင့် ဤသည်မှာ မလိုလားအပ်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်မလားဟု စိုးရိမ်မိသည်။ သို့သော် ဆန်းကြယ်သော စွမ်းအားရှင်များနှင့် သာမန်လူများ မမြင်နိုင်သည့် အနီရောင် အရိပ်အယောင်များအကြောင်း သူ စဉ်းစားမိလိုက်သောအခါ ထိုစိုးရိမ်မှုမှာ ပျောက်ကွယ်သွားရ၏။
ယခုခေတ်တွင် လူသားနှင့်တူသော ခွေးတစ်ကောင်အကြောင်းကို မည်သူက ဂရုစိုက်နေမည်နည်း။ ထိုအနီရောင် အရိပ်အယောင်မှာ ဘာလဲ။ ၎င်းမှာ လူသားပင် မဟုတ်ချေ။
အနည်းဆုံးတော့ သူသည် ပန်သာနှင့် ရင်းနှီးပြီး ၎င်း၏ သခင်တစ်ဝက် ဖြစ်ပေသည်။ တကယ်လို့ ၎င်းမှာ သာမန်ထက် ပိုမိုထူးခြားလာမည်ဆိုလျှင်လည်း ဖြစ်ပါစေတော့။
"ဆရာက သိုင်းကွက်ငါးဖြာ အသက်ရှူနည်းလမ်းကို ပြင်ပလူတွေကို မသင်ပေးရဘူးလို့ ပြောထားတယ်"
လီဟောင်သည် ခေါင်းကိုက်သလို ခံစားလိုက်ရရင်း ခွေးကလေးကို ကြည့်လိုက်မိသည်။
"မင်းက ငါ့ကို အတုယူရုံပဲဆိုတော့ တော်သေးတာပေါ့။ မင်းက အသက်ရှူစနစ်ကိုပဲ သင်ယူခဲ့တာဆိုတော့ ကျန်တဲ့ နည်းလမ်းတွေကိုတော့ မသိသေးဘူး မဟုတ်လား"
အသက်ရှူစနစ်မှာ အသက်ရှူနှုန်းနှင့် ချွေးပေါက်များကို ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ခွေးကလေးမှာ ထိုအချက်ကို အကောင်းဆုံး အတုယူနိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ကျန်ရှိသော နည်းလမ်းများမှာမူ ခြေလက်များကို ဖြန့်ကျက်ထားသည့် အနေအထားနှင့် အခြားသော နည်းစနစ်များ ဖြစ်ပေသည်။ ပန်သာမှာ ထိုအချက်များကိုမူ သင်ယူနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် လူသားနှင့် ခွေးမှာ မတူညီကြပေ။ ခွေးနက်ကလေးမှာ နည်းလမ်းအားလုံးကို သင်ယူနိုင်ခဲ့လျှင်ပင် ၎င်းကို အပြည့်အဝ အသုံးပြုနိုင်ရန်မှာ မသေချာလှချေ။
"တခြား တစ်ယောက်ယောက်၊ တစ်ခုခုက ငါ့ရဲ့ အသက်ရှူနည်းလမ်းကို သင်ယူသွားတာ ငါ့ရဲ့ ပေါ့ဆမှုပဲ"
လီဟောင်သည် သာမန်အခြေအနေမျိုးတွင် အသက်ရှူနည်းလမ်းကို လေ့ကျင့်နေလျှင်ပင် အစအဆုံး အပြည့်အဝ ပြသမည် မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားပါက နည်းလမ်းတစ်ခုလုံး ပျက်ပြားသွားနိုင်ခြင်းကြောင့် ဖြစ်ပေသည်။
သို့သော် သူ၏ရှေ့တွင် ခွေးတစ်ကောင်သာ ရှိနေသဖြင့် သူက သတိလက်လွတ် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ သူ၏ ပြင်းထန်သော အသက်ရှူနှုန်းများကြောင့် ပန်သာမှာ အရာအားလုံးကို မြင်တွေ့ပြီး သင်ယူသွားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ခြေရင်းရှိ ခွေးနက်ကလေးမှာ တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် သူ၏ခေါင်းကို မော့ကြည့်လာပြီး မျက်လုံးများထဲတွင် ချော့မြှောက်ပဟန်များ ပါဝင်နေသည်။
လီဟောင်က မျက်မှောင်ကြုတ်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
"မင်း ငါ့စကားကို နားလည်တယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် ငါနဲ့အတူ ရှိနေချိန်ကလွဲရင် အခု သင်ယူခဲ့တာကို အသုံးမပြုနဲ့။ ပြီးတော့... အချိန်ရရင် ဆရာ့ဆီကို သွားရမယ်။ ဆရာက ခွေးတစ်ကောင်ကို တပည့်အဖြစ် လက်ခံချင်ပါ့မလားပဲ"
ရုတ်တရက် သူက ပြုံးလိုက်မိသည်။ ဤစကားမှာ မိမိကိုယ်ကိုယ် စော်ကားနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။
"ထားလိုက်ပါတော့၊ ငါ ဘာမှ မပြောခဲ့ဘူးလို့သာ မှတ်ထားလိုက်"
လူငယ်လေးသည် ဆရာကြီးကို နောက်ပြောင်လိုသော်လည်း ယွမ်ရွှော့မှာ ခန့်မှန်းရခက်သူ ဖြစ်ကြောင်း သူ သတိရလိုက်သည်။ အကယ်၍ ဆရာကြီးသာ ပန်သာကို တပည့်အဖြစ် တကယ်လက်ခံခဲ့လျှင် နောင်တွင် မိတ်ဆက်ပေးသည့်အခါ "ဒါက ငါ့တပည့် လူသား လီဟောင်ပဲ၊ ဒါကတော့ ငါ့ရဲ့ တခြားတပည့် ခွေးနက်ကြီးပဲ" ဟု မိတ်ဆက်ပေးနေပါက လီဟောင်မှာ ရှက်လွန်းသဖြင့် သေချင်စိတ်ပင် ပေါက်သွားနိုင်ပေသည်။
ပန်သာမှာမူ ဘာတွေဖြစ်နေမှန်း မသိသော်လည်း လူငယ်လေးက ပြုံးနေသဖြင့် ဝမ်းသာအားရ အမြီးနန့်နေလေသည်။ ခွေးများသည် လူသားတို့၏ ခံစားချက်ကို နားလည်ကြပြီး ပန်သာမှာလည်း စောစောက အနည်းငယ် ကြောက်လန့်နေခဲ့ခြင်း ဖြစ်သည်။ ယခုမူ လူသားက ပြုံးနေသဖြင့် အရာအားလုံး အဆင်ပြေသွားပြီဟု ၎င်းက ယူဆလိုက်ခြင်း ဖြစ်ပေသည်။
လီဟောင်သည် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ အချိန်ရလျှင် သူ၏ဆရာကို ပြောပြလိုက်မည်။ ဆရာကြီး၏ စရိုက်အရ သူက စိတ်ဝင်တစား ရှိနေမည်ဖြစ်ပြီး ခွေးတစ်ကောင်က သူ၏ အသက်ရှူနည်းကို သင်ယူသွားခြင်းအပေါ် စိတ်ဆိုးမည် မဟုတ်ချေ။
ပန်သာကို ဂရုမစိုက်တော့ဘဲ လီဟောင်သည် ကျောက်စိမ်းဓားလေးကို ထုတ်ယူကာ အရောင်တောက်နေသော မျက်လုံးများဖြင့် အနီးကပ် လေ့လာလိုက်သည်။
"ကြယ်တာရာစွမ်းအား"
ထိုဓားထဲတွင် စွမ်းအားများ အတော်အတန် ရှိနေပုံရသည်။ သေချာသည်မှာ လူအများစုမှာ ထိုစွမ်းအားထက် ကျောက်စိမ်းဓားကိုသာ ပို၍ စိတ်ဝင်စားကြမည် ဖြစ်ပေသည်။
ဆရာကြီး၏ စကားအရ ဆန်းကြယ်သော ပစ္စည်းတိုင်းတွင် စွမ်းအင် အကန့်အသတ်သာ ရှိပေသည်။ အချို့သော ပစ္စည်းများမှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အသုံးပြုရုံဖြင့် စွမ်းအင်များ ကုန်ခမ်းသွားနိုင်၏။ လျူလုံအနေဖြင့် မိသားစု အမွေအနှစ်များကို ဂရုမစိုက်ခြင်းမှာ ထိုပစ္စည်းများတွင် စွမ်းအင် အနည်းငယ်သာ ရှိသဖြင့် အသုံးမဝင်ကြောင်း သူ သိရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ နောက်ထပ် အချက်တစ်ခုမှာ သူကိုယ်တိုင် ထိုရတနာများကို အသုံးမပြုနိုင်ခြင်းလည်း ဖြစ်နိုင်ပေသည်။
လီဟောင်မှာမူ အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။ လျူလုံသည် တစ်စုံတစ်ခုကို ကြံစည်နေသလားဟု သူ တွေးတောခဲ့သော်လည်း ယခုမူ ထိုသို့ မဟုတ်နိုင်ကြောင်း သူ သိလိုက်ရသည်။
"သူတို့က ဒီအမွေအနှစ်တွေကို ဂရုမစိုက်ပေမဲ့ ငါကတော့ ဂရုစိုက်တယ်"
လီဟောင်က ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ ဆရာကြီးက ထိုစွမ်းအင်မှာ အလွန်နည်းပါးသဖြင့် သူ့အတွက် အသုံးမဝင်ဟု ယူဆသကဲ့သို့ လျူလုံကလည်း အလားတူပင် ယူဆပေလိမ့်မည်။ သို့သော် လီဟောင်မှာမူ တစ်ဆယ်သတ် အဆင့်ပင် မရှိသေးသော အားနည်းသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် စွမ်းအင် အနည်းငယ်မှာပင် သူ့အတွက် အလွန်အဖိုးတန်လှပေသည်။
"ငါ့ရဲ့ အရှိန်၊ ခွန်အားနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံတွေက အရင်ကထက် အများကြီး ပိုကောင်းလာပြီ။ အခု ငါ့ရဲ့ အဆင့်ကို စမ်းသပ်ကြည့်ရင် ဘယ်အဆင့်လောက် ရှိမလဲ သိချင်မိပါရဲ့"
သေချာသည်မှာ သူသည် တစ်ဆယ်သတ် အဆင့်သို့ ရောက်ရှိရန်မှာမူ လိုအပ်နေသေးပေလိမ့်မည်။