ပြန်လည်ရောက်ရှိခြင်း (၂)
Vol. 3 Ch. 30
ဘာသာပြန် - Toxic
အကယ်၍ ချန်ကျန့်နှင့်သာ နောက်တစ်ကြိမ် ရင်ဆိုင်ရပါက သူ၏ ပါးရိုက်ချက်ကို ရှောင်တိမ်းနိုင်လိမ့်မည်ဟု လီဟောင် ခံစားနေရသည်။ သို့သော်လည်း ထိုသူကို အနိုင်ယူနိုင်ရန်မှာမူ ယခုထက်ထိ မျှော်လင့်ချက် မရှိနိုင်သေးပေ။
ချန်ကျန့်မှာ တစ်ကျိပ်သတ် အဆင့်ရှိသူ ဖြစ်သည်။ ဆယ်ယောက်စာ ခွန်အားလား သို့မဟုတ် ကိုးဆယ်စာ ခွန်အားလား ဆိုသည်ကိုမူ ခွဲခြားရန် ခက်ခဲလှပေသည်။ လီဟောင် သိထားသလောက်မှာမူ တစ်ကျိပ်သတ် အဆင့်နှင့် တစ်ရာဖြို အဆင့်တို့အကြားတွင် ကွာဟချက်မှာ အလွန်ပင် ကြီးမားလှပေသည်။
လျူလုံမှလွဲ၍ မိစ္ဆာအမဲလိုက်အဖွဲ့ဝင် အားလုံးမှာ တစ်ကျိပ်သတ် အဆင့်များသာ ဖြစ်ကြဟန် တူသော်လည်း ၎င်းတို့အကြားတွင်လည်း ခွန်အားကွာခြားမှုများ ရှိနေကြသေးသည်။ လျူယန်မှာ အသန်မာဆုံးဟု ထင်ရသော်လည်း သူမကိုယ်တိုင်ကပင် ယွမ်ယောင်ကို သွား၍ မဆွရန် သတိပေးခဲ့ဖူးလေသည်။
"ငါကတော့ တစ်ကျိပ်သတ် အဆင့်တောင် မရှိသေးဘူး။ ဒါကြောင့် အားသွန်ခွန်စိုက် ကြိုးစားရမယ်။ အနည်းဆုံးတော့ ကိုယ့်အသက်ကို ကာကွယ်နိုင်ရမယ်"
နောင်တွင် ကြုံတွေ့ရမည့် အန္တရာယ်များကြား၌ မိမိကိုယ်ကိုယ် ဘေးကင်းအောင် ထားနိုင်ရန်မှာ အဓိကသော့ချက်ပင် ဖြစ်ပေသည်။ အနီရောင် အရိပ်အယောင်မှာ ပေါ့ပေါ့တန်တန် ရင်ဆိုင်ရမည့် အရာမဟုတ်ချေ။
"ဆက်ပြီး လေ့ကျင့်ရမယ်"
လီဟောင်သည် ယခုအကြိမ်တွင် အသက်ရှူနည်းလမ်းကို အသုံးမပြုတော့ပေ။ သူ၏ ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအားများ ကျန်ရှိနေသေးသဖြင့် သူသည် သိုင်းကွက်ငါးဖြာ ကျမ်းသစ်ကိုသာ ဆက်လက်လေ့ကျင့်နေတော့သည်။ သူသည် အချိန်ကို အကျိုးရှိရှိ အသုံးချရန် ဆုံးဖြတ်ထားခြင်း ဖြစ်ပေသည်။
..................................................
တစ်ချိန်တည်းမှာပင်။
အိုးပင်းလိုက် (Openlight) ၊ အဆောက်အအုံ ၅ ၏ ခြောက်လွှာ၌ ဖြစ်ပေသည်။
လျူလုံသည် ဝရန်တာတွင် လက်ပိုက်လျက် ရပ်နေပြီး အဆောက်အအုံ ၆ ရှိ အခန်းတစ်ခုကို လှမ်းကြည့်နေသည်။ ထိုအခန်း၏ ပြတင်းပေါက်များကို ပိတ်ထားပြီး လိုက်ကာများကိုလည်း ဆွဲထားသော်လည်း အတွင်း၌ လူတစ်ယောက် ခုန်ပေါက်လှုပ်ရှားနေသည်ကို ဝေဝါးစွာ မြင်တွေ့နေရ၏။ ထိုနေရာမှာ လီဟောင်၏ အိမ်ပင် ဖြစ်ပေသည်။
လျူလုံ၏ ဘေးတွင် အရပ်ရှည်၍ ပိန်လှီသော ဝူချောင် ရပ်နေပြီး သူသည်လည်း ထိုအခန်းကို စောင့်ကြည့်နေလေသည်။ အတန်ကြာပြီးနောက် ဝူချောင်က ခေါင်းခါလိုက်ရင်း -
"သူက မိုးမချုပ်ခင်ကတည်းက လိုက်ကာတွေကို ဆွဲထားတာ။ တော်တော်လေး သတိရှိတာပဲ။ ကျန်းယွမ်ရဲ့ သေဆုံးမှုက လူသတ်မှုဆိုတာကို သူ သံသယဝင်နေတာ ကြာပြီထင်တယ်။ အကြီးအကဲ... ကျွန်တော်တို့ ဒီအတိုင်းပဲ စောင့်ကြည့်နေရမှာလား။ တစ်ယောက်ယောက် ရောက်လာမှာလား"
"ငါလည်း မသိဘူး"
လျူလုံက တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်သည်။
"ဆက်ပြီး စောင့်ကြည့်နေလိုက်"
ဝူချောင်သည် အကြည့်ကို အခြားတစ်ဖက်သို့ လွှဲပြောင်းလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောဆိုပြန်သည်။
"အကြီးအကဲ... ကျွန်တော်တို့ ရပ်နေတဲ့ နေရာက စောင့်ကြည့်ဖို့ အကောင်းဆုံးပဲ။ ကျွန်တော် ပတ်ဝန်းကျင်ကိုလည်း တစ်ပတ်ပတ်ပြီး စစ်ဆေးပြီးပြီ၊ အဆောက်အအုံ ၅ ဘက်ကို ဘယ်သူစိမ်းမှ ရောက်မလာဘူး"
သူက ခေတ္တရပ်နားလိုက်ပြီးနောက် ဆက်လက်ပြောဆိုလေသည်။
"လီဟောင်ကို စောင့်ကြည့်နေတဲ့သူ တစ်ယောက်မှ မရှိတာလား၊ ဒါမှမဟုတ် သူတို့က ဆန်းကြယ်တဲ့ နည်းလမ်းတွေနဲ့ စောင့်ကြည့်နေတာလား"
ရန်သူသည် လီဟောင်၏ နောက်သို့ ကိုယ်တိုင်လိုက်ပါခြင်း မရှိဘဲ ဆန်းကြယ်သော နည်းလမ်းအချို့ကို သုံးနေခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် စွမ်းအားရှင်တစ်ဦးက သာမန်လူတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ရန်မှာ အလွန်ရှားပါးလှပေသည်။
လျူလုံသည် သူ၏ တပည့်ကို ပြန်လည်ချေပခြင်း မပြုသော်လည်း လောလောဆယ်တွင် လီဟောင်နောက်သို့ စွမ်းအားရှင်တစ်ဦး တကယ့်ကို လိုက်နေသည်ဟု သူ မထင်ပေ။ ရန်သူသည် လူငယ်လေးကို တိတ်တဆိတ် စောင့်ကြည့်ရင်း အချိန်ကောင်းကို စောင့်နေခြင်းသာ ဖြစ်နိုင်သည်။ ဖြစ်နိုင်သည်မှာ လီဟောင် ပြောခဲ့သည့် မိုးရွာသောနေ့များပင် ဖြစ်ပေလိမ့်မည်။
လူငယ်လေးမှာ ဤနေရာတွင် ရှိနေပြီး မည်သည့်နေရာသို့မျှ ထွက်ပြေးတိမ်းရှောင်မည် မဟုတ်ပေ။ အကယ်၍ သူက ထွက်ပြေးရန် ကြံစည်ပါက လွန်ခဲ့သော အချိန်ကတည်းက ပြုလုပ်ခဲ့လိမ့်မည် ဖြစ်ပေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လျူလုံက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
"ငါတို့ဆီမှာ ကြယ်တာရာစွမ်းအား ဘယ်လောက်ကျန်သေးလဲ"
"၁၂ တုံး (Cubes) ရှိပါတယ်"
ဝူချောင်က ပြန်လည်ဖြေကြားလေသည်။
"ဓာတ်သဘာဝ ပါတာက ၁၀ တုံး၊ ဓာတ်သဘာဝ မပါတာက ၂ တုံးပါ"
လျူလုံက တစ်စုံတစ်ခုကို တွေးတောနေဟန်ဖြင့် -
"နက်ဖြန် သူ အလုပ်လာတဲ့အခါ ငါ့ဆီ လာခိုင်းလိုက်ပါ။ ဓာတ်သဘာဝ မပါတဲ့ ၂ တုံးကို ထုတ်ယူလိုက်။ သူ့ကို စုပ်ယူခိုင်းကြည့်ပြီး ဘာဖြစ်မလဲ ကြည့်ရအောင်"
ဝူချောင်သည် ထိုအမိန့်ကြောင့် အလွန်အံ့သြခြင်း မရှိသော်လည်း အနည်းငယ် အားကျနေမိသည်။
"အကြီးအကဲ... ငါတို့ဆီမှာ ဒါတွေ အများကြီး မရှိဘူးလေ၊ ပြီးတော့ ဓာတ်သဘာဝ မပါတဲ့ဟာက ပိုတန်ဖိုးရှိတာ။ ဓာတ်သဘာဝ ပါတဲ့ဟာကို အရင် စမ်းကြည့်ခိုင်းရင် မကောင်းဘူးလား"
ဓာတ်သဘာဝ ပါဝင်သော ကြယ်တာရာစွမ်းအားများတွင် မီး၊ လျှပ်စီး စသည့် စွမ်းအင်များ ပါဝင်တတ်သည်။ ၎င်းတို့သည် စုပ်ယူသူနှင့် ကိုက်ညီမှသာ အကျိုးရှိပေလိမ့်မည်။ ဝူချောင်ကဲ့သို့သော သိုင်းသမားများအတွက်မူ ဓာတ်သဘာဝ မပါသော စွမ်းအင်မှာ မည်သည့် ဘေးထွက်ဆိုးကျိုးမျှ မရှိဘဲ ခန္ဓာကိုယ်ကို သန်မာစေသဖြင့် ပို၍ အဖိုးတန်လှသည်။
"သူက အရမ်း အားနည်းလွန်းတယ်"
လျူလုံက အေးဆေးစွာပင် ပြန်ပြောလိုက်သည်။
"ငါတို့က စွမ်းအားရှင်တွေ အများကြီးရှိတဲ့ ညကင်းစောင့်တွေ မဟုတ်ဘူး။ တကယ်လို့ သူက ဓာတ်သဘာဝ ပါတဲ့ စွမ်းအားကို စုပ်ယူရင်း ခန္ဓာကိုယ်က လက်မခံဘဲ ပေါက်ကွဲသွားရင် ငါတို့ ဘာမှ မတတ်နိုင်ဘူး။ သူ ပေါက်ကွဲသေသွားရင် မင်းက အစာအဖြစ် ပြန်လုပ်ချင်လို့လား"
ဝူချောင်မှာ ဘာမှ ထပ်မပြောတော့ပေ။ လီဟောင်မှာ တကယ်ပင် အားနည်းလွန်းလှသဖြင့် အသင်းဝင်စ လက်ဆောင်အဖြစ် ပေးသင့်သည်မှာ မှန်ကန်ပေသည်။ သို့သော် သူ၏ စိတ်ထဲ၌ သံသယတစ်ခု ကျန်ရှိနေသေးသဖြင့် ခပ်တိုးတိုး မေးလိုက်မိသည်။
"အကြီးအကဲ... သူ့ကို တစ်ခါသုံး အစာအဖြစ်ပဲ ခေါ်ခဲ့တာလား၊ ဒါမှမဟုတ် တကယ်ပဲ လေ့ကျင့်ပေးဖို့ စိတ်ကူးရှိတာလား"
လျူလုံက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
"သူ အသက်ရှင်နေသရွေ့တော့ ငါတို့ရဲ့ အသင်းဖော်ပဲ။ ငါတို့ရဲ့ ရဲဘော်ရဲဘက် တစ်ယောက်အနေနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ပေးရမယ်၊ သင်ပေးသင့်တာကို သင်ပေးရမယ်။ တကယ်လို့ သူ သေသွားရင်တော့... အဲဒါကတော့ ငါ ထပ်ပြောနေဖို့ မလိုတော့ဘူး ထင်တယ်"
ဝူချောင် နားလည်သွားပြီ ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူသာလျှင် အသင်း၏ အစိတ်အပိုင်း ဖြစ်ပေလိမ့်မည်။
လျူလုံ ထွက်သွားပြီးနောက် ကောင်းကင်မှာ မကြာမီ မှောင်မည်းသွားသည်။ လီဟောင်သည် အိမ်ထဲတွင် မျောက်ပုံစံသိုင်းကို အပူတပြင်း လေ့ကျင့်နေဆဲ ဖြစ်ပေသည်။ ကြမ်းပြင်ပေါ်တွင် သူ၏ ချွေးများမှာ ရွှဲနစ်နေလေပြီ။
ထိုစဉ်မှာပင် ကြမ်းပြင်ပေါ်၌ ပက်လက်လှန်နေသော ပန်သာက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ လီဟောင်သည် မျက်ခုံးပင့်ကာ ခွေးကလေးကို ကြည့်လိုက်မိသည်။ တစ်စုံတစ်ယောက် ရောက်နေသလော။
သူ မော့ကြည့်လိုက်သောအခါ နှလုံးခုန်သံများ ရပ်တန့်မတတ် ဖြစ်သွားရ၏။ သူသည် အမြန်ပင် မျောက်ပုံစံသိုင်း၏ အစပျိုး အနေအထားသို့ ပြောင်းလဲလိုက်သော်လည်း ယခင်ကထက် ခွန်အားကို များစွာ လျှော့ချထားလိုက်သည်။ သူသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေရပြီ ဖြစ်သည်။
သူ၏ မျက်လုံးထောင့်မှနေ၍ ပြတင်းပေါက်မှန်ပေါ်တွင် ကပ်နေသော အနီရောင် အရိပ်တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။ အနီရောင် အရိပ်အယောင်မှာ သူ၏ အိမ်သို့ ရောက်ရှိလာလေပြီ။
"လျူလုံ ဒီနားမှာ ရှိနေမလား"
"သူရော ဒါကို မြင်နိုင်ပါ့မလား"
လီဟောင်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်လျှံနေသည်။ ထိုအရိပ်မှာ သူ့ကို စောင့်ကြည့်ရန် လာခြင်းလော။ သူသည် ဘာမှမမြင်သကဲ့သို့ ဟန်ဆောင်နေရုံမှတစ်ပါး အခြားမရှိပေ။
သူသည် ပင်ပန်းနွမ်းနယ်ဟန်ဖြင့် လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်ကာ ရေချိုးလိုက်သည်။ ထိုအနီရောင် အရိပ်မှာ ပြတင်းပေါက်မှတစ်ဆင့် ဖောက်ဝင်လာကာ မှန်ပေါ်တွင် ကပ်နေဆဲ ဖြစ်သည်။
"စိတ်အေးအေးထားပါ၊ သူက ငါ့ကို စောင့်ကြည့်ရုံပဲ လာတာ ဖြစ်မှာပါ။ ဆရာကြီး ပြောသလိုပဲ အချိန်မတန်သေးရင် သူ ငါ့ကို မသတ်နိုင်ဘူး။ စိတ်လျှော့ထား... ငါ ဘာမှမမြင်ဘူး၊ လေ့ကျင့်ရတာ ကောင်းတယ်၊ လျူယန်ရဲ့ ရင်သားတွေက တော်တော်ကြီးတာပဲ၊ ဒါတွေက တိုက်ပွဲဝင်တဲ့အခါ အခက်အခဲ မဖြစ်ဘူးလား မသိဘူး"
သူသည် ကြောက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် အခြားအတွေးများကို အတင်းဝင်အောင် ကြိုးစားနေခြင်း ဖြစ်သည်။ သူ၏လည်ပင်းရှိ ကျောက်စိမ်းဓားလေးမှာမူ သာမန်ဆွဲသီးတစ်ခုကဲ့သို့ ငြိမ်သက်နေ၏။ ရေချိုးပြီးနောက် အပြင်သို့ ထွက်လာသောအခါ ထိုအရိပ်မှာ ပျောက်ကွယ်သွားလေပြီ။
ပန်သာသည်လည်း ဧည့်ခန်းထဲတွင် ကြွက်ကလေးတစ်ကောင်ကဲ့သို့ ငြိမ်သက်နေခဲ့ပြီး အနီရောင် အရိပ် ပျောက်ကွယ်သွားမှသာ သက်ပြင်းချနိုင်တော့သည်။ လူနှင့် ခွေးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြသည်။
"မင်းလည်း မြင်တယ်ပေါ့လေ၊ မင်းက ငါ့ထက်တောင် သရုပ်ဆောင် ကောင်းသေးတယ်"
လီဟောင်သည် ရန်သူက သူ့ကို လာရောက်ကြည့်ရှုခြင်းမှာ သတ်ဖြတ်ရန် အချိန်တန်၊ မတန် စစ်ဆေးနေခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။
"တောက်... မင်းတို့က ငါ့ကို ဘာမှတ်နေတာလဲ"
သူသည် အရှုံးမပေးရန် ဆုံးဖြတ်လိုက်သည်။ သူ၏ လက်ထဲတွင် ဆန်းကြယ်သော ကျောက်စိမ်းဓား ရှိနေပြီး ဆရာကြီး၏ နည်းလမ်းများကိုလည်း သိရှိထားသဖြင့် မိမိ၏ ကံကြမ္မာကို မိမိဘာသာ ပြောင်းလဲရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
"သူတို့ ဘယ်လောက်ပဲ သန်မာပါစေ၊ မအောင်နိုင်တာတော့ မဟုတ်ပါဘူး"
လီဟောင်က သွားကို တင်းတင်းစေ့လိုက်သည်။ သူတို့သာ တကယ် သန်မာပါက အဘယ်ကြောင့် ဤမျှအထိ သတိထားနေရသနည်း။ ၎င်းမှာ သူတို့သည် တစ်စုံတစ်ခုကို ကြောက်ရွံ့နေခြင်းပင် ဖြစ်ရမည်။
သူတို့ ကြောက်နေသည်မှာ ညကင်းစောင့်များ ပင် ဖြစ်ပေလိမ့်မည်။
"ငါ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်နေရမှာလဲ"
လီဟောင်သည် မိမိကိုယ်ကိုယ် နှစ်သိမ့်လိုက်ပြီး ပန်သာကို လှမ်း၍ ဆဲဆိုလိုက်သည်။
"တောက်... မင်းကတော့ အသုံးမကျဘူး၊ အဲဒါကို မြင်တိုင်း အမြဲတမ်း အရင်ဆုံး ငိုနေတာပဲ"
ခွေးကလေး၏ မျက်လုံးထဲတွင် အပြစ်မရှိဟန်များ ပြည့်နေသည်။ သူသည် ခွေးကလေးသာ ဖြစ်ပြီး အလွန်အားနည်းလှသဖြင့် ကြောက်ရွံ့နေခြင်းမှာ သဘာဝပင် ဖြစ်ပေသည်။
လူငယ်လေးနှင့် ခွေးကလေးမှာ ဧည့်ခန်းထဲတွင် အတန်ကြာအောင် တိတ်ဆိတ်စွာ ထိုင်နေကြပြီးနောက် လီဟောင်သည် ဆက်သွယ်ရေးစက်ကို ယူလိုက်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။
"ပြောစမ်း"
လျူလုံ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
"ကျွန်တော့်ကို တစ်ယောက်ယောက် စောင့်ကြည့်နေတယ်လို့ ခံစားရတယ်"
"အင်း"
လျူလုံက တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်လေတော့သည်။