အခန်း (၃၃၃-၃၃၄)
Vol. 31 Ch. 333-334
အခန်း (၃၃၃)။
“အခုက အရမ်းနောက်ကျနေပြီ။ ဧကရာဇ် ယန်ဖန်ကတော့ အခုထိ အစီရင်ခံစာတွေကို ဖတ်ရှုပြီး၊ ဝန်ကြီးချုပ်တွေနဲ့အတူ ဟွာလျှိုနိုင်ငံကို စစ်တပ်တွေစေလွှတ်ဖို့ ကိစ္စတွေကို ဆွေးနွေးနေတုန်း ဖြစ်နိုင်တယ်။ မိန်းမစိုးချုပ် ဝမ်ထောင်ကလည်း ဧကရာဇ်ရဲ့ ဘေးနားမှာ အနီးကပ် ခစားနေရတော့, အခုအချိန်မှာ သူ့ကို ခေါ်ခိုင်းဖို့က အဆင်မပြေနိုင်သေးဘူး။”
နန်းတော်ခြောက်ဆောင်လုံးကို အုပ်ချုပ်ရသည့် မိန်းမစိုးချုပ် ဝမ်ထောင်ကို တွေ့ချင်သည် ဟု ဟုန်ယွိက ပြောလိုက်သောအခါ ကြင်ယာတော်ယွမ်က ခေါင်းခါပြလျက် မတ်တတ်ရပ် ပြီး ပြတင်းပေါက်ကို ဖွင့်ကာ အပြင်ဘက်သို့ ညွှန်ပြလိုက်ပါသည်။
အပြင်ဘက်တွင်မူ လခြမ်းကွေးလေးသည် ကောင်းကင်ယံ၌ မြင့်မားစွာ ချိတ်ဆွဲလို့နေပြီး၊ ကြယ်အနည်းငယ်သည် ဟိုတစ်ပွင့် ဒီတစ်ပွင့် ပြန့်ကျဲနေ၏။ အေးစက်စက် လရောင်သည် ရေများကဲ့သို့ ဖြာကျနေပြီး မြေပြင်ပေါ်၌ ပြဒါးအလွှာပါးလေးတစ်ခု ဖုံးအုပ်ထားသည့် အလား ထင်မှတ်ရပေသည်။
ဟုန်ယွိလည်း ပြတင်းပေါက်ထံ လျှောက်သွားပြီး ကောင်းကင်ရနံ့စံအိမ် အပြင်ဘက်ရှိ နန်းတော်တံတိုင်းတစ်လျှောက် လှမ်းကြည့်လိုက်ရာ၊ ခြောက်မိုင် ခုနစ်မိုင်ခန့် အကွာတွင် ရှိနေသော အတွင်းဝန်ရုံးတော်၏ မြင့်မားသော အမိုးစွန်းများကို မြင်နေရဆဲပင် ဖြစ်သည်။
အတွေးအနည်းငယ် စုစည်းလိုက်သည်နှင့် သူသည် အတွင်းဝန်ရုံးတော်၏ အထက်တွင် နီရဲသော အလင်းတန်းတစ်ခုက ကောင်းကင်ယံအထိ ထိုးတက်နေသည်ကို မြင်လိုက်ရ၏။ ထိုအနီရောင်အလင်းက ကျောက်စိမ်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံထား၏။ ဤအနီရောင် အလင်းသည် ကောင်းကင်နှင့် မြေကြီး၏ နတ်ဘုရားအလင်းတန်းကဲ့သို့ ကောင်းကင်ဘုံ အားလုံးက ဝတ်ပြုကိုးကွယ်ရမည့်အလား အလွန်ကျယ်ပြောပြီး ခန့်ညားထည်ဝါလှသည်။
အထူးပြောနေစရာ မလိုပါ၊ ဤသည်မှာ ဟုန်ရွှန်ကျိ၏ လူသားအင်မော်တယ် စွမ်းအင်များ ပင် ဖြစ်လေသည်။
အမှန်စင်စစ် ဟုန်ယွိ လာစဉ်ကတည်းက ထိုအလင်းတန်းကို မြင်ပြီးသားဖြစ်သည်။ ယခုမူ ကြင်ယာတော်ယွမ်၏ စကားလမ်းကြောင်းအတိုင်း လိုက်ကြည့်ပေးလိုက်ရုံသာ ဖြစ်သည်။
“အနောက်ဘက်ဒေသက အနှစ်သာရ နတ်ဘုရားကျောင်းဟာ ဓမ္မစစ်ပွဲကို စတင်လိုက်ပြီ။ နိုင်ငံအကြီးအငယ် ရာပေါင်းများစွာကို စုစည်းပြီး နယ်စပ်မှာ စစ်သည်တော် သန်းပေါင်း များစွာ တပ်စွဲထားတယ်။ နေရာတိုင်းမှာ တိုက်ခိုက်ဖို့ အသင့်ပဲ။ ဒါက သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ဒါကြောင့် ဧကရာဇ်က ညလုံးပေါက် ဝန်ကြီးချုပ်တွေနဲ့ နိုင်ငံတော်ရေးရာတွေ ကို ဆွေးနွေးနေတာ သဘာဝပဲ။”
ဟုန်ယွိက စကားအနည်းငယ် ပြောလိုက်ပြီး ကြင်ယာတော်ယွမ်၏ ဘေးနားတွင် ယှဉ်ရပ် လိုက်သည်။ ကြင်ယာတော်ယွမ်၏ ခန္ဓာကိုယ်ထံမှ သစ်ခွရနံ့၊ ကတိုးရနံ့နှင့် ဇီးပန်းရနံ့ကဲ့သို့ သင်းပျံ့သော ရနံ့လေးကို သူ ရရှိလိုက်သည်။ အစပိုင်းတွင် သူ ဘာမျှမခံစားရသော်လည်း သေချာလေး ရှူရှိုက်ကြည့်သောအခါ သူ၏ခန္ဓာကိုယ်သည် ပန်းပေါင်းစုံသည့် ဉယျာဉ်ကြီး ထဲ၌ လဲလျောင်း နေသကဲ့သို့ ခံစားရပြီး တစ်ကိုယ်လုံး ရနံ့များ ပြည့်နှက်သွားလေသည်။
ဤရနံ့သည် ဟုန်ယွိ၏ ခန္ဓာကိုယ်ထဲတွင်သာ ပြည့်နှက်သွားခြင်း မဟုတ်ဘဲ သူ၏ စိတ်ဝိညာဉ်ထဲအထိပါ စိမ့်ဝင်သွားသကဲ့သို့ ခံစားရခြင်း ဖြစ်သည်။
ခဏတာအတွင်း ဟုန်ယွိ၏ စိတ်တစ်ခုလုံး ရနံ့များဖြင့် ရီဝေနေတော့သည်။
ကြင်ယာတော်ယွမ်ကို ပြန်ကြည့်လိုက်သောအခါ ဟုန်ယွိသည် ရင်းနှီးမှု တစ်မျိုးကို ခံစားလိုက်ရသည်။ ကြင်ယာတော်ယွမ်နှင့် သူသည် ကံပါလာသကဲ့သို့ ခံစားလိုက်ရပြီး အနာဂတ်တွင် တစ်ခုခု ဖြစ်လာနိုင်သည်ဟုလည်း ထင်မြင်မိလေသည်။
ကြင်ယာတော်ယွမ်၏ အရည်လဲ့နေသော မျက်ဝန်းများ၊ သူမ၏နန်းတွင်းဝတ်စုံ၊ သူမ၏ ဆံပင်ဖြူဖြူလေးများ၊ နှင်းလိုဖြူသော အသားအရေနှင့် သွယ်လျသော လက်ချောင်းလေး များသည် ဟုန်ယွိ၏ စိတ်ထဲတွင် သူမအပေါ် အနှိုင်းမဲ့သော ကြင်နာယုယလိုမူကို ဖြစ်ပေါ် စေသည်။ သူမကို ကာကွယ်ပေးချင်သော စိတ်ဆန္ဒများလည်း တဖွားဖွား ပေါက်ဖွားလာ တော့သည်။
“ဟင်။”
ဤအတွေး ပေါ်လာသည်နှင့် ဟုန်ယွိသည် အသက်ကို ခပ်ဖွဖွရှူလိုက်ပြီး သူ၏ စိတ်ဝိညာဉ် ဖြင့် ဖွဲ့စည်းထားသော အတွေးစတိုင်းကို စိန်တုံးကဲ့သို့ စင်ကြယ်ပြီး စတုဂံပုံစံ ပြောင်းလဲ လိုက်သည်။
“ကြင်ယာတော်ယွမ်၊ ဒါက ဘယ်လို တာအိုပညာရပ်မျိုးလဲ။ ဘာလို့ ဒီလောက်တောင် အစွမ်းထက်ရတာလဲ။ ဒါက မင်းရဲ့ ရေခဲဝိညာဉ် တာအိုထက်တောင် ပိုပြီး အစွမ်းထက်နေ သေးတယ်။ ခုနက ငါ့စိတ်ကို ငါတောင် မထိန်းနိုင်တော့သလို ဖြစ်သွားရတယ်။”
ဟုန်ယွိက ကြင်ယာတော်ယွမ်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။
ခုနက ကြင်ယာတော်ယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရနံ့သည် လူတစ်ယောက်၏ ခန္ဓာကိုယ်၌သာမကဘဲ စိတ်ဝိညာဉ်ထဲအထိပါ စိမ့်ဝင်နိုင်စွမ်း ရှိသည်။ ဟုန်ယွိကဲ့သို့လူမျိုး ပင် မသိလိုက်ဘဲ ထိုအထဲ၌ နစ်မျောသွားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သာမန် တာအို ပညာရပ် မဟုတ်သည်မှာ သေချာပေသည်။
ယင်းကလည်း ဟုန်ယွိသည် ကြင်ယာတော်ယွမ်အပေါ်တွင် အနည်းငယ်မျှ သတိ မထားခဲ့ သောကြောင့်လည်း ပါဝင်သည်။
“မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှာ ငါ့ကို 'ညှို့င်မြေခွေးဘုရင်' လို့ ခေါ်ကြတယ်။ တကယ်တော့ ဒီရနံ့ကမှ ငါ့ရဲ့ တကယ့် လျှို့ဝှက်လက်နက်ပဲ။ အခု ငါ့တာအိုပညာရပ်က အများကြီး တိုးတက်လာလို့ မင်းအပေါ်မှာ စမ်းကြည့်လိုက်တာ။ မင်းလို ကျွမ်းကျင်သူ တစ်ယောက်တောင် ဒါကို မတွန်းလှန်နိုင်ဘူးဆိုတော့ ငါ တကယ်ပဲ ဝမ်းသာမိတယ်။”
ဟုန်ယွိ အံ့အားသင့်သွားသည်ကို မြင်သောအခါ ကြင်ယာတော်ယွမ်သည် ကလေးမလေး တစ်ယောက်ကဲ့သို့ နောက်ပြောင်သော အပြုံးလေးဖြင့် ပြုံးလိုက်သည်။ “ဒီရနံ့ဝိညာဉ် အိပ်မက်”က ငါရဲ့ ရေခဲဝိညာဉ် တာအိုထက် အများကြီး ပိုအစွမ်းထက်ပုံရတယ်။”
“ရနံ့ဝိညာဉ်အိပ်မက်လား။” ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က ရနံ့ဂိုဏ်းရဲ့ ထူးခြားတဲ့ ပညာရပ်တစ်ခု မဟုတ်လား။” ဟုန်ယွိက နားထောင်ပြီးနောက် ပြန်ပြောသည်။ “တော်ဝင်ချန်မင်းဆက် မတိုင်ခင်က မဟာကျိုးမင်းဆက် တည်ရှိခဲ့တယ်။ ထိုမဟာကျိုး မင်းဆက် မတိုင်ခင်က မဟာရှင်းမင်းဆက် တည်ရှိခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၊ မဟာရှင်းမင်းဆက်ရဲ့ နောက်ဆုံးနှစ်တွေမှာ သူရဲကောင်းတွေ ပေါ်ထွက်လာခဲ့ပြီး အစွမ်းအထက်ဆုံးကတော့ ရနံ့ဂိုဏ်းပဲ။ ဒါပေမဲ့ ဒီရနံ့ဂိုဏ်းကို မဟာကျိုးမင်းဆက် တည်ထောင်သူက ဖျက်ဆီးခဲ့တယ်။ ငါ သမိုင်းစာအုပ်တွေ ဖတ်ဖူးတယ်၊ အဲဒီမှာ ရနံ့ဂိုဏ်းရဲ့ သူတော်စင် မိန်းမပျို အသုံးပြုတဲ့ တာအိုပညာရပ်အကြောင်း မှတ်တမ်းတွေ ရှိတယ်။ အဲဒီပညာကို သုံးလိုက်ရင် လူတွေဟာ မွှေးရနံ့တွေ ပြည့်နေတဲ့ အိပ်မက်ထဲမှာ နစ်မျော သွားပြီး သူတော်စင် မိန်းမပျိုအပေါ် လုံးဝ သစ္စာရှိသွားကြတယ်၊ သူမရဲ့ ကျွန်အဖြစ်တောင် ခံယူဝံ့ကြတယ်တဲ့။ သူတို့ဟာ သူတော်စင် မိန်းမပျိုကို လုံးဝ ကိုးကွယ်ယုံကြည်သွားပြီး၊ သူမရဲ့ ခွေးတစ်ကောင်လိုပဲ နေချင်ကြတော့တယ်။ သူရဲကောင်းတွေတင် မကဘူး၊ ပြန်လည် ဝင်စားခြင်းကို လွန်မြောက်ထားတဲ့ တစ္ဆေအင်မော်တယ်တွေတောင် အဲဒီ သူတော်စင် မိန်းမပျိုရဲ့ လက်အောက်ခံ ဖြစ်ခဲ့ရတယ်။ ကမ္ဘာကြီးရဲ့ တစ်ဝက်လောက်က ရနံ့ဂိုဏ်းလက်ထဲ ကျရောက်သွားခဲ့တာ။ မဟာကျိုးဧကရာဇ်သာ ပေါ်မလာခဲ့ရင်, ကမ္ဘာ့ သမိုင်းက ပြောင်းလဲသွားနိုင်တယ်။ မင်းက ဒီရနံ့ဝိညာဉ်အိပ်မက် ပညာရပ်ကို သိနေလိမ့် မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။”
“ငါ ဒီရနံ့ဝိညာဉ်အိပ်မက် လျှို့ဝှက်ကျမ်းစာကို မတော်တဆ ရခဲ့တာပါ။ ဒီကျမ်းက 'နတ်ဘုရားရနံ့ ကျမ်းစာသုံးစောင်' ထဲက လူသားရနံ့ကျမ်းပဲ။ ရနံ့ဝိညာဉ်အိပ်မက်ပညာက လူတွေကို ငါ့အပေါ် ကောင်းတဲ့အမြင်တွေ ရှိလာအောင်ပဲ လုပ်ဆောင်နိုင်တာပါ။ တစ္ဆေ အင်မော်တယ်တွေနဲ့ သိုင်းသူတော်စင်တွေကို ကျွန်မရဲ့ အစေခံ ခွေးတစ်ကောင်လို ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းတော့ မရှိသေးပါဘူး။ တကယ်တော့, ငါ နန်းတော်ထဲကို မိဖုရားတစ်ပါးအဖြစ် လာခဲ့တာကလည်း ဒီရနံ့ဝိညာဉ်အိပ်မက်ကျမ်း သုံးစောင်လုံးကို ရှာချင်လို့ပဲ။”
ကြင်ယာတော်ယွမ်က ပေါ့ပေါ့ပါးပါး ဆက်ပြောလိုက်သည်။ “နတ်ဘုရားရနံ့ကျမ်း သုံးစောင်ထဲမှာ ကောင်းကင်ရနံ့ကျမ်းက အမြင့်ဆုံး တာအိုပညာဖြစ်ပြီး၊ မြေရနံ့ ကျမ်းက ဒုတိယ၊ လူသားရနံ့ ကျမ်းကတော့ အနိမ့်ဆုံးပဲ။ တကယ်လို့, တစ်စုံတစ်ယောက်က ကောင်းကင်ရနံ့ကျမ်းကို ရခဲ့ပြီး၊ မင်းအနေနဲ့ တကယ့်ကို ‘စိတ်ခံစားချက် ကင်းမဲ့တဲ့ သူတော်စင်တစ်ဦး မဟုတ်ရင်တော့ ဒီရနံ့ရဲ့ ဆွဲဆောင်မှုနောက်ကို ပါသွားမှာပဲ။ ဒဏ္ဍာရီ တွေအရဆို, မိုနိုဂိုတာရီဟာ သူ့ရဲ့ အစောပိုင်းကာလတွေမှာ ရနံ့ဂိုဏ်းရဲ့ သူတော်စင် မိန်းမပျိုနဲ့ ပတ်သက်မှုတွေ ရှိခဲ့ဖူးတယ်တဲ့။ နောက်ပိုင်းကျမှ သူက အဲဒီသူတော်စင် မိန်းမပျိုကို သတ်လိုက်ပြီး၊ မဟာကျိုးမင်းဆက်လည်း နှစ်ပေါင်း နှစ်ရာတိုင်တိုင် အခြေခိုင် သွားတယ်လို့ ဆိုကြတယ်။
“အဲလိုလား။ ကြင်ယာတော်ယွမ်က ငါ့ကို လူသားရနံ့ကျမ်းစာကို ရွတ်ပြလို့ ရမလား။” ဟုန်ယွိက နားထောင်ပြီး စိတ်ဝင်စားသွားကာ မေးလိုက်သည်။
“အင်း” ကြင်ယာတော်ယွမ်က ထိုင်လိုက်ပြီး ပြောသည်။ “ငါ မင်းကို ဒီလျှို့ဝှက်ကျမ်းကို တိုက်ရိုက် ပြလိုက်တာ ပိုကောင်းမယ် ထင်တယ်။”
ပြောပြောဆိုဆို, ကြင်ယာတော်ယွမ်သည် သူမ၏ နန်းတွင်းဝတ်စုံကို အနည်းငယ် ဖြေလျော့ပြီး အတွင်းခံအင်္ကျီထဲမှ ပိုးပုဝါလေး တစ်ထည်ကို ထုတ်ယူလိုက်ပါသည်။
ဤပိုးပုဝါလေးသည် နူးညံ့ပြီး အရည်လဲ့နေကာ၊ အလင်းမှိန်မှိန်လေး ထွက်ပေါ်နေ၏။ ဟုန်ယွိသည် ယခုအခါ အတွေ့ကြုံများနေပြီ ဖြစ်သဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည်မှာ အထူးပြုလုပ်ထားသည့် ပိုးချည်များဖြင့် ရက်လုပ်ထားခြင်း ဖြစ်ကြောင်း သိလိုက်ပါသည်။
ဤပုဝါလေးကို လှမ်းယူလိုက်သောအခါ ဟုန်ယွိ၏ လက်သည် အနည်းငယ် လှုပ်ရှားသွားပါ သည်။ ထို့နောက်တွင် ဤပိုးပုဝါလေးသည် ကြင်ယာတော်ယွမ်၏ အတွင်းခံထဲမှ ထုတ်လာ ခြင်း ဖြစ်၍၊ သူမ၏ အသားအရေနှင့် ထိတွေ့နေခဲ့ခြင်းဖြစ်ပြီး၊ သူမ၏ ခန္ဓာကိုယ်ရနံ့များ စွဲကပ်နေဆဲ ဖြစ်သည်ကို သူ သတိရသွားသည်။ သူ၏ လက်ချောင်းလေးများသည် မသိမသာ တုန်ခါသွားပြီး စိတ်ထဲတွင် လှိုင်းလေးတစ်ခု ထန်သွားလေသည်။
သို့သော် ချက်ချင်းပင် ဟုန်ယွိ၏ မျက်လုံးများက တဖျတ်ဖျတ် တောက်ပသွားပြီး ထိုအလင်းသည် ပညာဉာဏ်ဓားကဲ့သို့ သူ၏စိတ်ထဲမှ လှိုင်းထန်မှုများကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်ပါသည်။
ကြင်ယာတော်ယွမ်သည် ဟုန်ယွိ၏ မျက်လုံးများထဲမှ အလင်းတန်းကို မြင်သောအခါ "ဉာဏ်ပညာ" အလင်းတန်းဟူသည့် ခံစားချက်ကို ခံစားလိုက်ရပြီး၊ သူမစိတ်က လှုပ်ခတ်သွားပြန်သည်။ “ပညာဉာဏ်ဓားနဲ့ စိတ်အာရုံနောက်စေတဲ့ အတွေးမှန်သမျှကို ချက်ချင်း ဖြတ်တောက်နိုင်တာပဲ…။”
သို့သော် ဟုန်ယွိကမူ ကြင်ယာတော်ယွမ် တွေးနေသည်ကို မသိဘဲ ပိုးပုဝါလေးကို ဖြန့်ကြည့်လိုက်သည်။
ပိုးပုဝါပေါ်တွင် စာလုံးအနည်းငယ် ရေးထား၏ - “လူသားရနံ့ကျမ်းစာ”။
ထို့နောက် ပိုးပုဝါပေါ်တွင် ပန်းမျိုးစုံကို အသက်ဝင်နေသကဲ့သို့ ထိုးထားသည်။ ဂန္ဓမာပန်း၊ သစ်ခွပန်း၊ ဇီးပန်း၊ ပျိုနီပန်း စသည်ဖြင့် အများကြီးပင် ဖြစ်သည်။ ဤပန်းများကို မြင်လိုက်သည်နှင့် ဟုန်ယွိ၏ နှာခေါင်းထဲတွင် ပန်းရနံ့များ ရရှိလာသကဲ့သို့ ခံစားရသည်။ ဤသည်မှာ ထိုးထွင်းသိမြင်ပညာ၏ အထွတ်အထိပ်ပင် ဖြစ်ပေသည်။
ပန်းများ၏ ကြားထဲတွင်မူ လှပသော ကျမ်းစာသားများ ရှိနေသည်။
“ကောင်းကင်တာအိုဟာ ယင်နဲ့ ယန် ဆိုပြီး ခွဲခြားထားတယ်။ ယင်နဲ့ယန်ဟာ အဆုံးမဲ့ လည်ပတ်နေပြီး အဆုံးမဲ့စက်ဝိုင်းအဖြစ် ပေါင်းစပ်ထားတယ်။ လူသားတာအိုကတော့ အကောင်းနဲ့ အဆိုးဆိုပြီး ခွဲခြားထားတယ်။ ကောင်းခြင်းနဲ့ ဆိုးခြင်းရဲ့ ပုံသဏ္ဌာန်တွေဟာ မျက်စိနဲ့ ကြည့်ရင် ရုပ်လှတာနဲ့ အရုပ်ဆိုးတာ၊ နှာခေါင်းနဲ့ ရှူကြည့်ရင် ရနံ့သင်းပျံ့တာနဲ့ အနံ့ဆိုးတာဆိုပြီး ဖြစ်ပေါ်လာတယ်။ ရနံ့သင်းပျံ့တာက ကောင်းတယ်၊ လူတိုင်းကလဲ နှစ်သက်ကြတယ်၊ အနံ့ဆိုးတာက ဆိုးတယ်၊ လူတိုင်း မုန်းကြတယ်။ ဘာလို့လဲ…၊ ဘာလို့လဲဆိုတော့ လူသားတွေရဲ့ မူလစိတ်ဟာ အကောင်းဘက်မှာ ရှိနေလို့ပဲ။ အဲဒီမူလ စိတ်ရဲ့ အကောင်းကိုချစ်တဲ့ သဘာဝကြောင့်ပဲ လူတိုင်းဟာ မွေးရနံ့ကို သဘာဝအတိုင်း ချစ်မြတ်နိုးပြီး အပုပ်နံ့ကိုတော့ သဘာဝအတိုင်း စက်ဆုပ်ရွံရှာကြတယ်… နတ်ဘုရားရနံ့ ကျမ်းစာ သုံးတွဲဟာ ကောင်းကင်၊ မြေကြီးနဲ့ လူသားတို့ ဖြစ်တယ်။ လူသားရနံ့ ကျမ်းဟာ ပန်းပေါင်းတစ်ရာကျော်ရဲ့ ရနံ့ကို စုစည်းထားပြီး၊ စိတ်ကူးပုံဖော်ကြည့်တဲ့အခါ လူတွေကို မွေးရာပါ ရင်းနှီးမှုကို ခံစားရစေတယ်…။ ‘မြေနံ့သာကျမ်း’ ကတော့ ဆေးဖက်ဝင်အပင် တစ်ထောင်ရဲ့ ရနံ့ကို စုစည်းထားပြီး၊ စိတ်ဝိညာဉ်ထဲမှာ ပုံဖော်စေကာ စိတ်ဝိညာဉ်ကို ပြည့်စုံစေတယ်။ ‘ကောင်းကင်နံ့သာကျမ်း’ ကတော့ မဟာစကြဝဠာထဲက နတ်ဘုရားရနံ့ ပေါင်းစုံကို စုစည်းပြီး၊ အဲဒါကို ရှူမိတာနဲ့ နတ်ဘုရားအဆင့်ကို ချက်ချင်း တက်လှမ်းစေကာ မိမိရဲ့ မူလသဘာဝကို ရှင်းလင်းမြင်သာစေတယ်။”
“ကျမ်းစာရဲ့ အစပိုင်း အဓိပ္ပာယ်နဲ့တင် ငါက တကယ်ကို ထိပ်တန်းကျမ်းပဲ။ မိစ္ဆာကျမ်းစာ မဟုတ်ဘူး။” ဟုန်ယွိက ကျမ်းစာ၏ အစပိုင်း စာကြောင်းအနည်းငယ်ကို ကြည့်ပြီး၊ ၎င်းသည် သာမန်ကျမ်းစာမဟုတ်ဘဲ ထိပ်တန်းကျမ်းစာ တစ်စောင်ဖြစ်ကြောင်း သိလိုက် သည်။
ဆက်ပြီး ဖတ်ကြည့်လိုက်သောအခါ စာလုံးတစ်လုံးချင်းစီသည် ရတနာလေးများကဲ့သို့ပင် ဖြစ်နေသည်။
‘နတ်ဘုရားရနံ့ကျမ်းစာ သုံးတွဲ’ အထူးသဖြင့် ‘လူသားရနံ့ကျမ်း’သည် ပန်းမျိုးတစ်ရာ၏ ရနံ့ကို ပုံဖော်ပြီး ဆင်ခြင်နားလည်ပြီးနောက် တစ်ခုတည်းအဖြစ် ပေါင်းစပ်ရခြင်း ဖြစ်သည်။ အတွေးတစ်ချက်ဖြင့် မွှေးရနံ့စွမ်းအင်တွေဟာ လူတွေကို မိမိအပေါ် ရင်းနှီးမူကို ခံစားရစေ ပြီး၊ မိမိကို ချစ်ခင်လာစေကာ အန္တရာယ်ပြုဖို့ မတွေးရဲအောင် လုပ်ဆောင်နိုင်ပါသည်။
မြေရနံ့ကျမ်းစာကမူ ဆေးဖက်ဝင် အပင်ပေါင်း ထောင်ကျော်၏ ရနံ့များကို ခံစားပြီး ဝိညာဉ်ကို ပြန်လည် ကုစားပေးခြင်း ဖြစ်သည်။
ကောင်းကင်ရနံ့ကျမ်းကမူ မဟာစကြဝဠာထဲက နတ်ဘုရားရနံ့တွေကို စုစည်းပြီး အားလုံး ကို တစ်ခုတည်းအဖြစ်ပေါင်းစပ်ကာ၊ ကောင်းကင်နှင့် မြေကြီး၏ အလှတရားတွေကို နားလည်အောင် လုပ်ဆောင်ရခြင်း ဖြစ်ပြီး၊ နတ်ဘုရားအဆင့်သို့ တက်လှမ်းကာ၊ ထိုအခါ နေ၊ လ၊ ကြယ် အားလုံးအပါအဝင် အရာအားလုံးက ကိုယ့်ကို ရင်းနှီးလာကြပေလိမ့်မည်။
“မွှေးရနံ့ကို ကြိုက်ပြီး အနံ့ဆိုးကို မုန်းတာက လူသားတွေရဲ့ သဘာဝပဲ။ ဘာမှ မသိသေးတဲ့ မွေးကင်းစ ကလေးငယ်တောင် အနံ့ဆိုးရှူမိရင် ငိုပြီး၊ သင်းပျံ့တဲ့မွှေးရနံ့ကို ရှူရှိုက်မိရင် ပြုံးတတ်ကြတယ်။ နတ်ဘုရားရနံ့ ကျမ်းသုံးစောင်ဟာ ထိပ်တန်း ကျမ်းတွေပဲ။ အခုနက, ငါ ရနံ့ရှူမိတုန်း တခဏတာ မိန်းမောသွားတာ မဆန်းတော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒါက မူလသဘာဝ လှပတဲ့အရာတွေကို နှစ်သက်တဲ့ ငါ့စိတ်ကို နှိုးဆွပေးလိုက်လို့ပဲ။ ငါ့ရဲ့ နက်နဲတဲ့ တာအိုပညာတောင် မတွန်းလှန်နိုင်ခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး။ တကယ်လို့, ဒါဟာ တိုက်ပွဲထဲမှာသာဆိုရင်, မင်း အဲဒီရနံ့ကို ထုတ်လွှတ်လိုက်လို့ ငါ မိန်းမောသွားရင်, ငါ အကြီးအကျယ် ဒုက္ခရောက်သွားနိုင်တယ်။”
ဟုန်ယွိက သက်ပြင်းချပြီး ပြောသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာက ရနံ့ဂိုဏ်း ကမ္ဘာကြီး ကို လွှမ်းမူလုနီးပါး ဖြစ်ခဲ့တာ မဆန်းတော့ဘူး။”
“ဒါပေမယ့် မင်းကို ထိခိုက်အောင် လုပ်ဖို့ကတော့ မလွယ်ပါဘူး။ မင်းက အသတ်ခံရရင် တောင် ချက်ချင်း ပြန်ရှင်နိုင်တာပဲ။ ဒိုင်ဇင်ကျောင်းတော်ရဲ့ အတိတ်ကျမ်းစာနဲ့ ထိုက်ရှန် တာအိုဂိုဏ်းရဲ့ စိတ်ခံစားချက်ကင်းမဲ့ခြင်း ပညာရပ်တွေကတော့ ရနံ့ဂိုဏ်းရဲ့ ရန်သူတော် တွေပါပဲ။ ဒါပေမဲ့, ငါ ခုနက မင်းကို မိန်းမောအောင် လုပ်နိုင်ခဲ့တာကလည်း မင်းက ငါ့အပေါ် သတိမထားခဲ့လို့ရယ်၊ ငါ့တာအိုပညာက အများကြီး တိုးတက်လာတာကြောင့်ရယ်ပါ။ လူသားရနံ့ကျမ်းတောင် ဒီလောက် ထူးခြားနေရင် ကောင်းကင်ရနံ့ကျမ်းဆိုရင် ဘယ်လိုနေ မလဲ မသိဘူးနော်။” ကြင်ယာတော်ယွမ်က တခစ်ခစ် ရယ်မောရင်း ဟုန်ယွိ၏ လက်ထဲမှ ပိုးပုဝါကို ပြန်ယူလိုက်သည်။
“ဒါကိုတော့ ငါလည်း မသိဘူး။ ဟုန်ယွိက ခေါင်းခါပြပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ပါသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာက မိုနိုဂိုတာရီ စပေါ်လာတုန်းက သူ့ရဲ့ အစောပိုင်း ကာလတွေမှာ ရနံ့ဂိုဏ်းရဲ့ သူတော်စင် မိန်းမပျိုနဲ့ ပတ်သက်မှုတွေ ရှိခဲ့ပေမယ့်, နောက်ဆုံးမှာတော့ ဓားတစ်ချက် ဝှေ့ယမ်းပြီး သူမကို သတ်ပစ်ခဲ့တယ်။ အဲဒီ စိတ်ခံစား ချက် ကင်းမဲ့ခြင်း ပညာရပ်က ဘယ်လောက်တောင် ပြတ်သားလိုက်လဲ… တကယ်လို့, ငါသာဆိုရင်, ကြင်ယာတော်ယွမ်၊ မင်းက ငါ့ရန်သူဖြစ်နေရင်တောင်, ငါ မင်းကို သတ်ဖို့ အထိ ရက်စက်နိုင်မှာ မဟုတ်ဘူး။”
“ဒါကတော့ အသေအချာ ပြောလို့မရဘူးနော်။ အခုနက မင်းမျက်လုံးထဲမှာ ဉာဏ်ပညာဓား ကို သုံးပြီး ငါ့အတွေးလှိုင်းတွေကို ဖြတ်တောက်ပစ်တာ ငါ တွေ့လိုက်ရတယ်။ တကယ်လို့, မင်းသာ ရနံ့ဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုနဲ့ ရန်သူအဖြစ် ရင်ဆိုင်တွေ့ခဲ့ရင်, မိုနိုဂိုတာရီက သူ့ခံစားချက်မဲ့ဓားကို သုံးပြီး သတ်သလိုမျိုး၊ မင်းကလည်း ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိဓားကို သုံးပြီး သူမကို သတ်မှာပဲ။ သဘောတရားတွေက ကွဲပြားပေမယ့် ရလဒ်ကတော့ အတူတူ ပါပဲ…” ကြင်ယာတော်ယွမ်က တိုးတိုးလေး ပြောလိုက်သည်။
“ဒီနေ့ စကားပြောရတာ တကယ်ပဲ ပျော်စရာကောင်းပါတယ်။ ငါ အရင် ပြန်လိုက်ဦးမယ်။ ကြင်ယာတော်ယွမ်လည်း တာအိုပညာကို ဆက်ပြီး လေ့ကျင့်ကြီး၊ သူတော်စင် တောက်ဖူရဲ့ ဝိညာဉ်အတွေးတွေကို ချေဖျက်ဖို့ ကြိုးစားပါဦး။” ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ စကားကို ကြားသောအခါ တခဏတာ မှင်တက်သွားသည်။ ထို့နောက် သူက အထွေအထူး ပြန်မပြောဘဲ ပြုံးလျက် မတ်တတ်ရပ်လိုက်သည်။
“အင်း…” ဟုန်ယွိ ထရပ်လိုက်သည်ကို မြင်သောအခါ ကြင်ယာတော်ယွမ်လည်း တခဏ မှင်တက်သွားခဲ့သည်။ သူမသည် စကားဆက်ပြောချင်သေးပုံ ရသော်လည်း ဟုန်ယွိကို ဆွဲမထားပေ။ သူမက ချိုသာစွာ ပြုံးပြလိုက်ပြီး ဘေးနားမှ အခန်းကို ညွှန်ပြကာ ပြောသည်။ “ဒီရက်ပိုင်းအတွင်းမှာ တခြား အဆင့်မြင့် ကိုယ်လုပ်တော် သုံးယောက်ကလည်း ငါ့ဆီ လက်ဆောင်တွေ အများကြီး ပို့ထားကြတယ်။ ဟိုဘက်အခန်းကို ကြည့်လိုက်ဦး၊ အားလုံး က တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာတွေချည်းပဲ။ အဲဒီညက မူလမြေနန်းဆောင်မှာ ဖြစ်ပျက်ခဲ့တာတွေကို သူတို့လည်း သတင်းကြားထားပုံ ရတယ်။ မိဖုရားခေါင်ကြီးတောင် ငါ့ကို ဘာမှမလုပ်နိုင်မှန်း သူတို့သိသွားတော့ ငါ့ကို မျက်နှာသာပေးဖို့ ကြိုးစားနေကြတာ။ နန်းတော်ထဲကို ရောက်လာကတည်းက ဒါက ပထမဆုံးအကြိမ်ပဲ။ မင်း ချန်ယင်းရှာ အတွက် လက်ဝတ်ရတနာတချို့ ရွေးသွားချင်လား။”
“အို..၊ အဲဒီ ဧကရာဇ် တော်ဝင် ကြင်ယာတော်တွေကလည်း ကိုင်တွယ်ရ လွယ်ကူမယ့် လူတွေ ဟုတ်ပုံမရဘူးပဲ။ တကယ်တော့ တခြား ကြင်ယာတော် သုံးပါးဟာ အတွင်းဝန်ကြီး တွေ ဒါမှမဟုတ် အထက်တန်းစား မိသားစုတွေရဲ့ သမီးတွေဖြစ်လို့ သူတို့ရဲ့ အရှိန်အဝါက နန်းတွင်းရေးရာတွေအပေါ် သက်ရောက်မှု ရှိနေတယ်။ ကြင်ယာတော်ယွမ်က ဒီလောက် ကြင်နာနေမှတော့ ငါ ချန်ယင်းရှာအတွက် လက်ဝတ်ရတနာတချို့ ရွေးသွားပေးရမှာပေါ့။”
ဟုန်ယွိက ပြုံးပြီး အခန်းထဲသို့ လျှောက်ဝင်သွားသည်။ အခန်းထဲတွင် အမှန်ပင် ရတနာများ ပြည့်နေသည်။ ဝိညာဉ်အတွေးလှိုင်းများ ထွက်ပေါ်နေသော လက်ဝတ်ရတနာ တချို့ကို လည်း သူ မြင်လိုက်ရသည်။
“ဟင်။”
ဟုန်ယွိသည် ရှေ့သို့ လျှောက်သွားပြီး သေတ္တာတစ်ခုကို ဖွင့်လိုက်သည်။ ထိုထဲတွင်မူ ရိုးရှင်းသော ကြံ့ချို ဆံထိုးလေးတစ်ခု ရှိနေသည်။ ဆံထိုးပေါ်တွင်မူ ရိုးရှင်းသော စာလုံး အနည်းငယ် ထွင်းထားသည် - “ဝိညာဉ်”၊ “ပညာ”၊ “အကျင့်သီလ” နှင့် “ကျေးဇူးတရား”။
စာလုံးတိုင်းမှာ ဝိညာဉ်အလင်းတန်းများ ကိန်းအောင်းနေပြီး ဆံထိုးထဲအထိ စိမ့်ဝင်နေ သည်။ ၎င်းသည် ဘာနှင့်မျှ ဖျက်ဆီး၍မရသော ခံစားချက်ကို ပေးစွမ်းနေသည်။
ထို့ပြင် ဆံထိုးပေါ်တွင် မြွေလေးတစ်ကောင်ကိုလည်း ထွင်းထားသည်။ ဤမြွေလေးသည် ကြောက်စရာမကောင်းဘဲ ချစ်စရာကောင်းပြီး ရိုးသားသော ပုံစံမျိုး ရှိပေသည်။
“ဒါက သာမန် ကြံ့ချိုဆံထိုးလေး ဖြစ်ပေမယ့် ပေါ်ကစာလုံးတွေကိုတော့ မဟာ ပညာရှင် တစ်ယောက်က ထွင်းထားတာပဲ။ မဟုတ်ရင် စာလုံးတွေမှာ ဝိညာဉ်အလင်းတန်းတွေ ရှိနေ မှာ မဟုတ်ဘူး။ ဒီဆံထိုးလေးက အဆင်ပြေတယ်။”
ဟုန်ယွိသည် ဆံထိုးကို ယူပြီး သေချာ စစ်ဆေးကြည့်လိုက်သောအခါ ၎င်းသည် မှော်လက်နက်တစ်ခု မဟုတ်ကြောင်း သိလိုက်သည်။ သို့သော် အပေါ်မှ စာလုံးများကိုမူ ရှီဝမ်ယွမ်ကဲ့သို့ မဟာပညာရှင်တစ်ယောက်က ထွင်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် စာလုံးများသည် ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်နေပြီး မပျံ့လွင့်ဘဲ ရှိနေခြင်း ဖြစ်သည်။ ၎င်းသည် မကောင်းဆိုးဝါးများကို နှိမ်နင်းနိုင်စွမ်း ရှိပြီး၊ ပညာရှင်တစ်ယောက်က သူ၏ ချစ်သူကို ပေးထားသော လက်ဆောင်လေး ဖြစ်ပုံရသည်။
ဆံထိုးကို ယူပြီးနောက် ဟုန်ယွိသည် အနည်းငယ် လှုပ်ရှားလိုက်သည်။ သူသည် လေဟာနယ် အသေးစားလေးတစ်ခုကို ဖန်တီးပြီး အပြင်သို့ လျှောက်ထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် နန်းတော်ထဲမှ ထွက်ခွာသွားလေပြီ...
...
“ဟင်။”
ဤအချိန်တွင် ကောင်းကင်ရနံ့စံအိမ်နှင့် ခြောက်မိုင် ခုနစ်မိုင်ခန့် ဝေးသော အတွင်းဝန် ရုံးတော်၌မူ နန်းတော်တံတိုင်းကြီးများကြား၌ မီးရောင်များ တောက်ပနေသည်။ မိန်းမစိုး အုပ်စုများသည် အပြင်ဘက်တွင် စောင့်ကြပ်နေကြပြီး အတွင်းထဲမှာမူ နိုင်ငံရေး ဆွေးနွေးသံများ ထွက်ပေါ်နေသည်။
အတွင်းဝန်ကြီးချုပ် ဆယ်ယောက်ကျော်ခန့်သည် သူတို့၏ ထိုင်ခုံအသီးသီးတွင် ထိုင်နေကြ ပြီး၊ သူတို့ရှေ့မှ အစီရင်ခံစာများနှင့် အရေးပေါ် သတင်းများကို စီစစ်နေကြသည်။ တော်ဝင်ချန် ဧကရာဇ်ယန်ဖန်နှင့် ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိတို့လည်း ထိုအထဲတွင် ရှိနေသည်။
ဟုန်ယွိ နန်းတော်ကနေ ထွက်ခွာသွားသည့် အခိုက်တ့်မှာပင် ဟုန်ရွှန်ကျိ၏ မျက်လုံးများ သည် တဖျတ်ဖျတ် တောက်ပသွားပြီး ထက်မြက်သော အရိပ်အယောင်များ ထွက်ပေါ်လာ လေသည်။
“အရှင်မင်းကြီး… အနောက်ဘက်ဒေသက အနှစ်သာရနတ်ဘုရားကျောင်း မိစ္ဆာဂိုဏ်းဟာ အနောက်ဘက်ဒေသက နိုင်ငံငယ်လေးတွေကို လှည့်စားပြီး တော်ဝင်ချန်ကို တိုက်ခိုက်ဖို့ ဓမ္မစစ်ပွဲကို စတင်လိုက်ပါပြီ။ သူတို့ဟာ နယ်စပ်မှာ စစ်သည်တော် သန်းပေါင်းများစွာနဲ့ တပ်စွဲထားပါတယ်။ မင်းသားယုနဲ့ ကျွန်တော်တို့ဟာ စစ်ဘက်ရေးရာ ဝန်ကြီးဌာနက သတင်းအချက်အလက်တွေကို စီစစ်ပြီး တစ်ခုချင်းစီ လေ့လာကြည့်လိုက်တဲ့အခါ စစ်သည် သန်းချီရှိတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားမဟုတ်ဘဲ သတင်းအမှန် ဖြစ်နေတာကို အံ့သြစွာ တွေ့ရှိရပါတယ်။ အနှစ်သာရနတ်ဘုရားကျောင်းက ဒီလောက်ကြီးမားတဲ့ စစ်ပွဲ ကို စတင်လိုက်တာဟာ သူတို့ရဲ့ ရည်ရွယ်ချက်က မသေးပါဘူး။ တော်ဝင်ချန်က မကြောက် ပေမယ့်လည်း နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးရဲ့ တပ်ဖွဲ့လောက်နဲ့ မလုံလောက်တော့ ဘူး။ ကျွန်တော်တို့ စစ်သည်တွေ ထပ်ပို့ဖို့ တကယ် လိုအပ်နေပါတယ်။”
ထိုအချိန်တွင် အတွင်းဝန်ကြီးတစ်ဦးဖြစ်သော အရပ်ရှည်ရှည် နှုတ်ခမ်းမွှေးရှည်ရှည်နှင့် အရာရှိကြီးတစ်ဦး ထရပ်လိုက်သည်။ သူသည် အလွန် စိတ်ဓာတ်တက်ကြွနေပုံရပေသည်။
သူသည် အတွင်းဝန်ကြီးချုပ်အဖွဲ့၏ အတွင်းဝန်ကြီးလည်းဖြစ်၊ စစ်ဘက်ရေးရာဌာ၏ ဝန်ကြီးတစ်ဦးလည်းဖြစ်သော ဖန်းယိပင် ဖြစ်ပေသည်။
“အို… စစ်သည်တော် တစ်သန်းဆိုတာ အမှန်ပဲလား။ အနောက်ဘက်ဒေသက လူရိုင်းတွေ ကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား။”
တော်ဝင်ချန် ဧကရာဇ်က အနည်းငယ် လှုပ်ရှားလိုက်ပြီး ဟုန်ရွှန်ကျိကို လှမ်းကြည့်လိုက် သည်။
“အရှင်မင်းကြီး… အနောက်ဘက်ဒေသကို စစ်ကူပို့ဖို့က အရေးတကြီး လိုအပ်နေပုံရပါ တယ်။ နတ်ဘုရားတန်ခိုးရှင်ဟာ လက်ရှိ သဲကန္တာရတိုက် နယ်စပ်မှာ စစ်သည် ရှစ်သိန်း လောက်နဲ့ တပ်စွဲထားပေမယ့်လည်း သူတို့ရဲ့ အင်အားတွေက ပြန့်ကျဲနေပြီး၊ ခုခံဖို့ တကယ် ခက်ခဲလိမ့်မယ်။”
ထိုအချိန်တွင် အတွင်းဝန်ကြီးချုပ် ယန်ယူကျိက ထရပ်လိုက်သည်။
“ယန်ယူကျိ… မင်းရဲ့ အမြင်အရဆိုရင် ငါတို့ စစ်သည် ဘယ်လောက် ထပ်ပို့သင့်လဲ။” ဧကရာဇ်ယန်ဖန်က မေးလိုက်သည်။
“အနည်းဆုံး ငါးသိန်း၊ အများဆုံး ရှစ်သိန်းပါ။” ယန်ယူကျိက ခေတ္တခဏ တွက်ချက်ပြီး နောက် ပြောလိုက်သည်။
“တကယ့်ကို ရယ်စရာပဲ။ ဒီလောက်ကြာအောင် ဆွေးနွေးပြီးမှ မင်းတို့ ပေးတဲ့ အကြံဉာဏ် က ဒါပဲလား။” ဧကရာဇ် ရန်ဖန်က ရုတ်တရက် စားပွဲကို အားဖြင့် ထုချလိုက်သည်။ ဒုန်း ဟူသော အသံနှင့်အတူ နန်းတော်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ပင်။ ဧကရာဇ် ရန်ဖန်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး “စစ်သည်တွေ ထပ်ပို့ဖို့၊ စစ်သည်တွေ ထပ်ပို့ဖို့… တစ်ခါတည်းနဲ့ စစ်သည် ငါးသိန်း၊ ရှစ်သိန်းလောက် လှုပ်ရှားလိုက်ရင် တစ်ရက်ကို သုံးစွဲရ မယ့် ငွေကြေးနဲ့ ရိက္ခာက သန်းနဲ့ချီ ကုန်ကျနေပြီ။ တကယ်လို့ စစ်ပွဲက လပေါင်းများစွာ ကြာသွားရင် နိုင်ငံတော်ဘဏ္ဍာတိုက်ဟာ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ အခုမှ အနည်းငယ် ပြေလည်စပြုလာတဲ့ ငွေကြေးနဲ့ ရိက္ခာလည်း ပြန်ပြီး ကျပ်တည်းသွားလိမ့် မယ်။ ငါအလိုရှိတာက နိုင်ငံရဲ့ အင်အားကို အကုန်ထုတ်သုံးပြီး ယှဉ်ပြိုင်ဖို့ မဟုတ်ဘူး၊ အများကြီး အကုန်အကျ မခံဘဲ ဒီစစ်ပွဲကို အလွယ်တကူ အနိုင်ရဖို့ပဲ။”
“ဒီကျွန်တော်မျိုး သေထိုက်ပါတယ်။”
ဟုန်ရွှန်ကျိကလွဲ၍ ကျန်သော အတွင်းဝန်ကြီးချုပ်အားလုံး စားပွဲပေါ်မှ ထွက်ကာ ကြမ်းပြင် ပေါ်၌ ဒူးထောက်လိုက်ကြသည်။
“အရှင်မင်းကြီး… ကျွန်တော်မျိုးမှာ အကြံတစ်ခု ရှိပါတယ်” ရုတ်တရက် ဝန်ကြီးချုပ် လီရှန်ကွမ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
အခန်း (၃၃၄)။
“သြော်… လီရှန်ကွမ်၊ မင်းမှာ ဘယ်လို အကြံဉာဏ်တွေ ရှိလို့လဲ။ ထပြီး ပြောစမ်းပါဦး။”
တော်ဝင်ချန် ဧကရာဇ်သည် ကြမ်းပြင်ပေါ်၌ ဒူးထောက်နေသော လီရှန်ကွမ်ကို ကြည့်ကာ လက်ကို အသာအယာ မြှောက်ပြလိုက်သည်။
လီရှန်ကွမ်သည် မတ်တတ်ရပ်ပြီးနောက် ကြည်လင်ပြတ်သားသော အသံဖြင့် ပြောကြား သည် - “ကျွန်တော်မျိုး အမြင်ရတော့ အခုတစ်ခေါက် အနောက်ဘက်ဒေသရဲ့ ကျူးကျော်မှု ဟာ သေးငယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ အနောက်ဘက်ဒေသက နိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်က ကျွန်တော်မျိုးတို့ နိုင်ငံတွေနဲ့ မတူဘူး။ သူတို့က ဘာသာရေးနဲ့ နိုင်ငံရေးကို ပေါင်းစပ်ထား တာ။ အနှစ်သာရ နတ်ဘုရားကျောင်းကပဲ အရာရာကို လွှမ်းမိုးထားပြီး၊ လူတိုင်းက ‘မူလ စွမ်းအင်မဟာနတ်ဘုရား'ကို ကိုးကွယ်ကြတယ်။ ဘုရင်တွေတောင်မှ အဲဒီ မိစ္ဆာဂိုဏ်းချုပ် ဆီကနေ ဘိသိက်ခံယူရတာပါ။ အခုတစ်ခေါက်မှာ အဲဒီမိစ္ဆာဂိုဏ်းချုပ်က ဓမ္မစစ်ပွဲကို စတင် လိုက်တော့ နိုင်ငံပေါင်းရာကျော်က တုံ့ပြန်လာကြတယ်။ သူတို့ဟာ စစ်သည်တော် အမြောက်အမြားကို စုစည်းခဲ့ကြတယ်၊ အထူးသဖြင့် ဟွာလျှိုနိုင်ငံဆိုရင် စစ်သည် ခြောက်သိန်းလောက်အထိ ထုတ်သုံးပြီး အင်အားအကုန်လုံးနီးပါး အသုံးထားတာပါ။ တခြားနိုင်ငံတွေနဲ့ ပေါင်းလိုက်ရင် စစ်သည် သန်းချီရှိနေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ တော်ဝင်ချန်ရဲ့ သဲကန္တာရတိုက် နယ်စပ်က ခံတပ်တွေကို ခေတ်အဆက် ဆက် ပြုပြင်ထိန်းသိမ်းလာခဲ့တာဆိုတော့ အလွန်ခိုင်ခံ့ကြီးမားလှပါတယ်။ မိုင်ပေါင်း သုံးထောင်ကျော် ရှည်လျားပြီး ခံတပ်တွေကို စောင့်ကြပ်နေကြတဲ့ လူတွေကလည်း ဝါရင့် စစ်ဗိုလ်ချုပ်ကြီးတွေချည်းပါပဲ။ အနောက်ဘက်ဒေသက နိုင်ငံတွေ အလုံးအရင်းနဲ့ တိုက်ခိုက်လာတောင်, အချိန်တိုအတွင်း ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အနောက်ဘက်ဒေသက နိုင်ငံပေါင်း ရာကျော်ဟာ စည်းလုံးမှု မရှိကြပါဘူး။ သူတို့ရဲ့ တပ်ဖွဲ့တွေဟာ တစ်ဖွဲ့ချင်းစီပဲ တိုက်ခိုက်ကြမှာ ဖြစ်လို့၊ ပေါင်းစည်းဖို့ ခက်ပါလိမ့်မယ်။ ကျွန်တော်တို့ သူတို့ကို တစ်ဖွဲ့ချင်းစီ ချေမှုန်းသွားလို့ ရပါတယ်၊ စစ်သည်တွေ အများကြီး ထုတ်သုံးပြီး ရိက္ခာတွေ ဖြုန်းတီးနေစရာ မလိုပါဘူး။”
“မင်း စကားတွေ အများကြီး ပြောခဲ့ပေမယ့် တကယ့် လက်တွေ့ကျတဲ့ နည်းလမ်းကိုတော့ မပြောရသေးဘူးနော်။”
တော်ဝင်ချန် ဧကရာဇ်သည် ပြန်လည်ထိုင်လိုက်ပြီး လီရှန်ကွမ်ကို စိုက်ကြည့်ကာ စကားလုံးတစ်လုံးချင်းစီကို အလေးအနက်ထား ပြောကြားလိုက်သည်။ သူ့အသံထဲတွင် ပြင်းထန်သော ဖိအားတစ်ခု သဘာဝအလျောက် ပါဝင်နေ၏။
အခြား အတွင်းဝန်ကြီးများ အားလုံးပင် ချွေးအေးများ ထွက်ပေါ်လာသည်။
“ကျွန်တော်မျိုး ဆိုလိုတာက စစ်သည် တစ်ထောင်ထက် စစ်ဗိုလ်ချုပ် တစ်ယောက်က ပိုအရေးကြီးတယ်လို့ ဆိုတာပါ။ နန်းတော်အနေနဲ့ စစ်သည်တွေကို ဉီးဆောင်ဖို့ ထူးချွန်တဲ့ စစ်ဗိုလ်ချုပ် တစ်ဒါဇင်လောက်ကို ရွေးထုတ်ပြီး၊ အထူးမြင်းစီးစစ်သည်တွေနဲ့အတူ နယ်စပ် ကို ဖြတ်ကျော်ပြီး အနောက်ဘက်ဒေသထဲအထိ လျှပ်တပြက် စီးနင်း တိုက်ခိုက်ရမှာပါ။ ရန်သူနယ်မြေရဲ့ အတွင်းပိုင်း အားနည်းချက်ကို အခွင့်ကောင်းယူပြီး၊ လူတွေ, ရွှေငွေတွေကို လုယက်သိမ်းပိုက်ဖို့မဟုတ်ဘဲ အရင်က ချန်ပီယံမြို့စား မြက်ခင်းလွင်ပြင်မှာ လှည့်လည် တိုက်ခိုက်ခဲ့သလိုမျိုး နေရာအနှံ့ လမ်းမှာ တွေ့သမျှလူကို သတ်မယ်၊ တွေ့တဲ့အိမ်ကို မီးရှို့ မယ်၊ လိုအပ်တဲ့ ရိက္ခာကိုတော့ လုယူပြီး ဖြည့်တင်းမယ်။ စစ်သည် တစ်သောင်းလောက် ရှိရုံနဲ့တင် နေရာအနှံ့ ပရမ်းပတာ ဖြစ်အောင် လုပ်နိုင်ပြီး၊ အနောက်ဘက်ဒေသက နိုင်ငံတွေ ကို ထိတ်လန့်သွားအောင် လုပ်နိုင်ပါတယ်။ ဒါက ပထမဆုံး နည်းလမ်းပါပဲ။”
လီရှန်ကွမ်က ပြတ်သားစွာ ပြောလိုက်လေသည်။
“အိုး… အဝေးတိုက်စစ်မှာ ကျွမ်းကျင်တဲ့ မြင်းစီးစစ်ဗိုလ်ချုပ်တွေကို စေလွှတ်ပြီး ရန်သူ့ နယ်မြေအထဲ ဝင်တိုက်ခိုင်းရမယ် ဟုတ်လား။ ရိက္ခာမပါ၊ ထောက်ပံ့ရေးမပါ၊ လုယက်မှု မလုပ်ဘဲ သတ်ဖြတ်ပြီး မီးရှို့ရုံပဲလား။ ဒါကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ ရိက္ခာနဲ့ စစ်ကူမရှိဘဲ တစ်ကိုယ်တော် ဝင်တိုက်ရင်တော့ တစ်တပ်လုံး ချေမှုန်းခံရနိုင်တယ်။ ဒါက အနှောင့်ယှက်ပေးတဲ့ ပုံစံမျိုးလောက်ပဲ ဖြစ်မှာပါ။ ဒါ့အပြင် အနောက်ဘက်ဒေသက မြက်ခင်းလွင်ပြင်တွေလို မဟုတ်ဘူး။ အနောက်ဘက်ဒေသမှာ မြို့တွေ အများကြီး ရှိတယ်၊ မြက်ခင်းလွင်ပြင်မှာတော့ မြို့တွေ မရှိဘူးလေ။”
ဟုန်ရွှန်ကျိသည် လီရှန်းကွမ်၏ စကားကို ကြားသောအခါ မလှုပ်မယှက် ထိုင်နေလျက် လက်တစ်ဖက်ဖြင့် စားပွဲအစွန်းကို ပွတ်သပ်ရင်း ခံစားချက်ကင်းမဲ့သော အသံဖြင့် ပြောလိုက်သည်။
“နှောင့်ယှက်ပေးတာက ကဏ္ဍတစ်ခုပေါ့။ နောက်ထပ် ကဏ္ဍတစ်ခုကတော့ တော်ဝင်ချန် အတွက် ထူးချွန်တဲ့ ပါရမီရှင်တွေကို ရှာဖွေဖို့နဲ့ မိုင်ပေါင်း ထောင်ချီ တိုက်ပွဲဝင်နိုင်တဲ့ သူရဲကောင်းတွေကို သွေးသစ်လောင်းပေးဖို့ပါပဲ။ ကျွန်တော်မျိုး ယုံကြည်တာကတော့ အခု ကျင်းပမယ့် စစ်ဘက်ဆိုင်ရာ စာမေးပွဲမှာ ဒီလို ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်မယ့် ပါရမီရှင် အနည်းငယ် ပါလာလိမ့်မယ် ဆိုတာပါပဲ။” လီရှန်ကွမ်က ဟုန်ရွှန်ကျိကို ကြည့်ပြီး ပြောသည် “ဒါက ပထမဆုံး အချက်ပါ။ အစီရင်ခံစာထဲမှာ ရေးထားတဲ့ နောက်ထပ် အချက် ရှစ်ချက်လည်း ရှိပါသေးတယ်။ အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ကြည့်ရှုပေးတော်မူပါ။”
ထိုသို့ ပြောပြီးနောက် သူ၏ဝတ်ရုံလက်မောင်းထဲမှ ထူထဲသော အစီရင်ခံစာကို ထုတ်ကာ ဧကရာဇ်ထံ ဆက်သလိုက်ပါသည်။
တောင်ဝင်ချန် ဧကရာဇ်သည် မိန်းမစိုးကို ၎င်းအစီရင်ခံစာအား ယူခိုင်းပြီး သေသေချာချာ ဖတ်ရှုလေသည်။ သူ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပြဘဲ ပြောလိုက်သည် “မင်းရဲ့ ဒီအကြံပြုချက် ကိုးချက်က တွေးခေါ်ပုံတွေ ရှင်းလင်းပါတယ်။ ဒါပေမဲ့ တချို့ အပိုင်းတွေက ပညာရှင်တစ်ယောက်ရဲ့ အမြင်သက်သက် ဖြစ်နေပြီး စိတ်ကူးယဉ် ဆန်လွန်းတယ်။ ငါတို့ ဒါကို ထပ်ပြီး ဆွေးနွေးရဦးမယ်။ မင်းက ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဝန်ကြီးတစ်ဦးပဲ။ ပြီးခဲ့တဲ့အခေါက် ကျောက်စိမ်းမြို့တော်ရဲ့ စာမေးပွဲတွေကို မင်းပဲ ကြီးကြပ်ခဲ့တာ။ အခုတစ်ကြိမ်က အထွေထွေ စာမေးပွဲကြီးပဲ။ လူပေါင်း သောင်းနဲ့ချီပြီး တစ်နေရာတည်းမှာ စုဝေးကြလိမ့်မယ်။ ဒါဟာ မကြုံစဖူးတဲ့ အမျိုးသားရေး အခမ်းအနားပဲ။ မင်း စစ်ရေးကိစ္စတွေကို စိတ်ပူနေစရာ မလိုပါဘူး။ ဒီတစ်ခေါက် မြို့တော်စာမေးပွဲ အခမ်းအနားကြီးကို စနစ်တကျနဲ့ အောင်အောင်မြင်မြင် စီမံခန့်ခွဲနိုင်တာဟာ မင်းအတွက် အကြီးမားဆုံးသော အောင်မြင်တဲ့ အကျိုးဆောင်မှု ဖြစ်လိမ့်မယ်။”
“ကျွန်တော်မျိုး နာခံပါ့မယ်။” မိမိပင်ပန်းကြီးစွာ ရေးသားထားသော အစီရင်ခံစာကို ဖတ်ပြီး နောက် တော်ဝင်ချန်ဧကရာဇ်က ချီးမွမ်းခြင်း သို့မဟုတ် ဆုလာဘ်ပေးခြင်း မရှိသည့်အပြင် ပညာရှင်တစ်ယောက်၏ အမြင်သက်သက်သာ ဖြစ်သည်ဟု ပြောလိုက်သော်လည်း လီရှန်ကွမ်၏ မျက်နှာတွင်မူ တုန်လှုပ်မှု အလျင်းမရှိပေ။ ယင်းအစား သူသည် မာန်တက်ခြင်းမရှိသလို မျက်နှာငယ်ခြင်းလည်း မရှိဘဲ တည်ငြိမ်စွာ ရှိနေ၏။
“နောက်ကျနေပြီ။ မင်းတို့အားလုံး ပြန်ပြီး နားကြတော့။ ဧကရာဇ်အကြံပေး၊ ခဏနေခဲ့ပါ ဦး။ ငါကိုယ်တောင် မင်းကို မေးစရာ ကိစ္စတွေ ရှိသေးတယ်။”
ဧကရာဇ် ယန်ဖန်က မတ်တတ်ရပ်လိုက်သည်။
“ကျွန်တော်မျိုးတို့ ထွက်သွားခွင့်ပြုပါ။”
ဧကရာဇ်၏ အမိန့်ကို ကြားသောအခါ အတွင်းဝန်ကြီးများ အားလုံး နောက်ဆုတ် ထွက်ခွာ သွားကြလေသည်။
အချိန်အတော်ကြာပြီးနောက် ညချမ်းကာလ၏ တိတ်ဆိတ်မှုထဲတွင် ဧကရာဇ်နှင့် ဟုန်ရွှန်ကျိတို့ နှစ်ဦးတည်းသာ ခန်းမဆောင်ကြီးထဲ၌ ကျန်ရစ်တော့သည်။
“ရွှန်ကျိ… ငါ မင်းရဲ့သား ဟုန်ယွိကို တွေ့ခဲ့တယ်။ သူက တကယ်ကို မွေးရာပါ ပါရမီရှင်ပဲ။ သူ့သိုင်းစွမ်းအားက နတ်ဘုရားလမ်းစဉ်ထဲ ရောက်နေပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က မင်းလောက် မထူးချွန်သေးပေမယ့် သူဟာ ကမ္ဘာပေါ်ရှိ ထိပ်တန်းသိုင်းပညာရှင်တွေထဲက တစ်ယောက် ဖြစ်နေပြီ။” ဧကရာဇ် ယန်ဖန်က ပြောသည် “ပြီးတော့ ငါ သူ့ကို ကတိပေး ထားပြီးပြီ။ တကယ်လို့ သူသာ ကြီးမားတဲ့ အကျိုးဆောင်မှုကြီး လုပ်နိုင်ခဲ့ရင် မန်ပိုင်ယွန်ကို နတ်ဘုရားမဘွဲ့ အပ်နှင်းပြီး တောင်ပိုင်းဒေသရဲ့ ပူဇော်မှုကို ခံယူစေမယ်လို့ပေါ့။”
“အရှင်မင်းကြီးက ဒီကလေးကို ကျေးဇူးတရားတွေနဲ့ သိမ်းသွင်းချင်လို့လား။ ကျွန်တော်မျိုး တော့ အဲလို မထင်ဘူး။ ဒီကလေးက စိတ်နှလုံး အေးစက်ပြီး ကောက်ကျစ်တယ်။ သူက သူ့အင်အားကို ဖုံးကွယ်ထားတတ်ပြီး၊ ယဉ်ပါးအောင် လုပ်လို့မရတဲ့ ဝံပုလွေပေါက်လေး တစ်ကောင်ပဲ” ဟုန်ရွှန်ကျိသည် ဧကရာဇ်၏ စကားကို ကြားသောအခါ မျက်လုံးများ ဝင်းလက်သွားသည်။
“ယဉ်ပါးအောင် လုပ်လို့မရတဲ့ ဝံပုလွေပေါက်လေး ဟုတ်လား။” တော်ဝင်ချန် ဧကရာဇ်က အသာအယာ ပြုံးလိုက်သည် “ဒီစကားက နည်းနည်းတော့ ပြင်းထန်လွန်းပါတယ်၊ ဒါပေမဲ့ မင်း ဘာကို ဆိုလိုလဲဆိုတာ ငါ နားလည်ပါတယ်။ ဒီကလေးဟာ လူကောင်းတစ်ယောက်လို့ ငါလည်း မထင်ပါဘူး။ လီရှန်ကွမ်လိုပဲ သူက သူ့နှလုံးသားထဲမှာ ပညာရှင်တွေရဲ့ မူဝါဒတွေ ရှိနေတယ်။ ဒီလိုလူမျိုးကို ကောင်းကောင်း ထိန်းချုပ်နိုင်ရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ မထိန်းချုပ်နိုင်ရင်တော့ သူက ထောင်လွှားပြီး နာခံမှုမရှိတဲ့ ဝန်ကြီးတစ်ယောက် ဖြစ်လာ လိမ့်မယ်။ မင်းနဲ့ ငါဟာ အရာရှိတွေအဖြစ် နှစ်ပေါင်းများစွာ ရှိလာခဲ့တာဆိုတော့ ငါတို့ အင်ပါယာ တရားရုံးအတွက် ပါရမီရှိပြီး ထောင်လွှားတဲ့ အရာရှိမျိုး မလိုအပ်ဘူးဆိုတာ မင်း သိမှာပေါ့။ ဒီလိုဝန်ကြီးမျိုးက ထိန်းချုပ်ရ အလွန်ခက်တယ်။ အင်ပါယာတရားရုံးအတွက် လိုအပ်တာက ပါရမီရှိပြီး သစ္စာရှိ နာခံတတ်တဲ့လူမျိုးပဲ။ ဒါပေမဲ့ လက်ရှိမှာ အင်ပါယာ တရားရုံးမှာ လူရည်ချွန်တွေ အလွန်ကို ရှားပါးနေတယ်။ သူက ထောင်လွှားတဲ့ အရာရှိ ဖြစ်နေရင်တောင် ငါတို့ သူ့ကို သုံးရမှာပဲ။”
“အရှင်မင်းကြီး ပြောတာ မှန်ပါတယ်” ဟုန်ရွှန်ကျိက ခေါင်းညိတ်သည် - “ဒါပေမဲ့ သူ့ကို သုံးပြီးရင်တော့ သူ့ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကိုပါ ကျွန်တော်တို့ စဉ်းစားရဦး မယ်။”
“ဒါပေါ့။ အော်… ဒါနဲ့ စာမေးပွဲအတွက် ပြင်ဆင်နေတဲ့ ဖန်းမိသားစုက ရှစ်နှစ်သားအရွယ် ဖန်းယွမ်အကြောင်း မင်း ကြားဖူးလား။” တော်ဝင်ချန် ဧကရာဇ်က ရှေ့သို့ ခြေလှမ်းနှစ်လှမ်း တိုးကာ မေးလိုက်သည်။
“ဒီကလေးက ထူးခြားပါတယ်။ သူဟာ အသက်ငါးနှစ်မှာ အခြေခံပညာရှင်အဆင့် ဖြစ်ခဲ့ပြီး၊ အသက်ခုနစ်နှစ်မှာ အင်ပါယာ စာမေးပွဲတွေကို အောင်မြင်ခဲ့တယ်။ တာအိုမှော်ပညာရပ် ကိုလည်း ကျွမ်းကျင်တယ်။ ဒါ့အပြင်, ဒီကလေးရဲ့ ကျင့်ကြံမှုက အလွန်နက်နဲပြီး သေခြင်း ရှင်ခြင်း အတားအဆီးကိုတောင် ဖြတ်ကျော်ပြီးသွားပြီ။ ကျွန်တော်မျိုး သူ့ကို လေ့လာ ကြည့်သလောက် သူဟာ တစ္ဆေအင်မော်တယ်အဆင့်ကို ရောက်နေပြီ။”
“အော်..၊ ဒါဆို သူက တစ္ဆေအင်မော်တယ် တစ်ယောက်ရဲ့ လူဝင်စားများ ဖြစ်နေမလား။” တော်ဝင်ချန် ဧကရာဇ်က မေးသည်။
“မဟုတ်ပါဘူး၊ တကယ်လို့ သူသာ တစ္ဆေအင်မော်တယ်တစ်ယောက်ရဲ့ လူဝင်စားဆိုရင် ဘာလို့ ဒီလောက် ထောင်လွှားနေမှာလဲ။ ကျွန်တော်မျိုး မြင်တာကတော့ သူက ကျွမ်းကျင်သူတစ်ယောက်ရဲ့ လမ်းညွှန်မှုကို ရရှိထားပြီး၊ ကိုယ်တိုင် တစ္ဆေအင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ မွေးရာပါ ပါရမီရှင်ပဲ ဖြစ်ရမယ်။” ဟုန်ရွှန်ကျိက ပြောသည်။
“ဘာ… ရှစ်နှစ်အရွယ် တစ္ဆေအင်မော်တယ် ဟုတ်လား။ ဒါက အနှိုင်းမဲ့ ပါရမီရှင် မဟုတ်ဘူး လား။ ကျွမ်းကျင်သူတစ်ဦးရဲ့ လမ်းညွှန်မှု ရရှိခဲ့ရင်တောင် ဒီလိုအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား။” တော်ဝင်ဧကရာဇ်သည် အနည်းငယ် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
“သမိုင်းတစ်လျှောက်မှာ အသက် ၈ နှစ်နဲ့ တစ္ဆေအင်မော်တယ် ဖြစ်တဲ့သူတွေ ရှိခဲ့ဖူးတယ်။ ဒါက မဆန်းပါဘူး။ ဒါ့အပြင် သူ့ကို သင်ကြားပေးတဲ့လူကလည်း တကယ့် အနှိုင်းမဲ့ ဆရာတစ်ယောက် ဖြစ်လိမ့်မယ်။” ဟုန်ရွှန်ကျိ၏ မျက်နှာအမူအရာက မပြောင်းလဲပေ “ကျွန်တော်မျိုးဘဝမှာ အနှိုင်းမဲ့ ပါရမီရှင်တွေကို အများကြီး တွေ့ခဲ့ဖူးတယ်။ ပါရမီရှင်တွေ ဟာ ကြီးပြင်းဖို့ အချိန်လိုအပ်ပါတယ်။ ကျွန်တော်မျိုး လက်ထဲမှာ သေဆုံးသွားတဲ့ ပါရမီရှင်တွေတောင် ဒါဇင်နဲ့ချီပြီး ရှိပါတယ်။”
“မင်းဆိုလိုတာက မိုနိုဂိုတာရီလား။” တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ပြောသည်။
“အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ အစီအစဉ်တစ်ရပ် ရှိထားပြီးသားပဲ။ ကျွန်တော်မျိုးအနေနဲ့ ဘာထပ်ပြောနေစရာ လိုဦးမှာလဲ။ မိုနိုဂိုတာရီဟာ ဒီနှစ်တွေမှာ လူသူမနီးတဲ့နေရာမှာ ကျင့်ကြံ နေထိုင်နေခဲ့တယ်။ သူ တစ်ခုခု လုပ်နေမှာ အသေအချာပဲ။ ဒါ့အပြင် ကျွန်တော်မျိုး က သူ့အကြောင်း တော်တော်သိပါတယ်။ သူက 'ကောင်းကင်အနှစ်သာရဆေးလုံး' ကို ဖော်စပ်ပြီး လူသားအင်မော်တယ် ဖြစ်ချင်နေတာပါ။ ဒါပေမဲ့ လူသားအင်မော်တယ်ဆိုတာ သိုင်းပညာရဲ့ အမြင့်ဆုံး အဆင့်ပဲ။ ဆေးလုံးတွေ အသုံးပြုရုံနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဖြစ်နိုင်ခဲ့ရင်တောင် အဲဒါက လူသားအင်မော်တယ် တစ်ပိုင်းလောက်ပဲ ဖြစ်မှာပါ။ ကျွန်တော်မျိုး တစ်ယောက်တည်းနဲ့တင် သူတို့ကို အကုန် သတ်ပစ်နိုင်ပါတယ်။”
ဟုန်ရွှန်ကျိက ယုံကြည်မှု အပြည့်ဖြင့် အေးဆေးစွာ ပြောလိုက်လေသည်။
“ရွှန်ကျိ… မင်းရဲ့စိတ်ဝိညာဉ် အနှောင်ဖွဲ့တွေကို ဖောက်ထွက်ပြီးတဲ့နောက် မင်းရဲ့ သိုင်းပညာက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာပဲ။ မင်း နောက်ဆုံး နယ်ပယ်ကို ချိုးဖျက် ပြီး၊ လူသားအင်မော်တယ်ကို ကျော်လွန်တဲ့ ဒဏ္ဍာရီလာ 'လေဟာနယ် ဖြိုခွဲခြင်း' အဆင့်ကို ရောက်နိုင်မလား ငါ သိချင်မိတယ်။ အဲလိုသာ ဆိုရင်တော့ မိုနိုဂိုတာရီလည်း ဘာမှ မဟုတ်တော့ဘူး…။” တော်ဝင်ချန် ဧကရာဇ်က ဟုန်ရွှန်ကျိကို ကြည့်ပြီး တစ်ခုခု ပြောချင် ပုံရသော်လည်း စကားလုံးများက သူ့နှုတ်ခမ်းဖျားသို့ ရောက်သောအခါ “မင်း သွားနိုင်ပြီ” ဆိုသော စကားလေးခွန်းသာ ပြောဖြစ်သွားလေသည်။
ဟုန်ရွှန်ကျိသည် တော်ဝင်ချန် ဧကရာဇ်ကို ကြည့်ကာ အသာအယာ ဦးညွှတ်ပြီး ထွက်ခွာ သွားလေသည်။
“အရှင်မင်းကြီး… ဒီနေ့တော့…” ဧကရာဇ်၏ နောက်ကွယ်မှ မိန်းမစိုးချုပ် ဝမ်ထောင်က အခွင့်အရေးကို အရယူကာ အလောတကြီး မေးလိုက်သည်။
“ဒီညတော့ ငါ ကြင်ယာတော်ယွမ်ဆီ သွားမယ်” ဧကရာဇ် ယန်ဖန်သည် မတ်တတ်ရပ်ကာ ခြေလှမ်းစလိုက်လေသည်။
“အရှင်မင်းကြီး ကောင်းကင်ရနံ့စံအိမ်ကို ကြွချီပါလိမ့်မယ်…”
မိန်းမစိုး၏ ဘဲသံကဲ့သို့သော အော်သံက ပျံ့နှံ့သွားတော့သည်။
ရာသီဥတုသည် တဖြည်းဖြည်း ပို၍ နွေးထွေးလာပြီး အစိမ်းရောင် မိုးမခစံအိမ်၏ ရှုခင်းများ သည် တောက်ပလှပနေပေသည်။ ကျောက်စိမ်းမြို့တော်တစ်ခုလုံး၏ အခြေအနေမှာလည်း တင်းမာသော အငွေ့အသက်များ လွှမ်းခြုံနေ၏။ အခြားအကြောင်းကြောင့် မဟုတ်ဘဲ မနက်ဖြန်သည် တော်ဝင် စာမေးပွဲကြီး ကျင်းပမည့် နေ့ဖြစ်သောကြောင့်ပင်။
နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သော ဤမြို့တော်စာမေးပွဲသည် ပါရမီရှင်များကို ရွေးချယ်ရန်အတွက်သာမကဘဲ၊ ပို၍အရေးကြီးသောအချက်မှာ တစ်စုံတစ်ယောက်သည် ဤစာမေးပွဲတွင် အောင်မြင်သွားပါက အထက်တန်းလွှာလောကသို့ ခြေလှမ်းနိုင်မည် ဖြစ်ပြီး၊ တစ်ကမ္ဘာလုံးတွင် နာမည်ကျော်ကြားလာမည့် အခွင့်အရေး ဖြစ်နေခြင်းပင် ဖြစ်သည်။
ထို့ပြင် ယခုတစ်ခေါက် အင်ပါယာစာမေးပွဲသည် နန်းတော်၏ မူဝါဒ အပြောင်းအလဲများဖြင့် ရောနှောနေသဖြင့် အတွင်းပိုင်း၌ ရှုပ်ထွေးမှုများ ရှိနေသည်ကို ပြသနေ၏။
ဟုန်ယွိကမူ အလျင်မလိုပေ။ ယခုအချိန်တွင် သူသည် သိုင်းလေ့ကျင့်ရေးကွင်း အစွန်း၌ ထိုင်လျက် မုကလေး၊ ရှန်ထိုက်ဇူနှင့် ချီဇီယန်တို့ လေ့ကျင့်နေသည်ကို ကြည့်ရူနေသည်။ မင်းသားဟီထံမှ လာပြီး သူ့လက်အောက်ခံ ဖြစ်လာခဲ့ကြသော ကျွမ်းကျင်သူ လေးဦး ဖြစ်သည့် သခင်ကျိုး၊ လီလဲ့၊ ဝမ်ဖေးယန်နှင့် အကြီးအကဲရှန်တို့ကိုမူ မြင်တွေ့ရခြင်း မရှိပေ။
ထိုသူများသည် ကျောက်စိမ်းမြို့တော်တွင် ပေါ်ပေါ်ထင်ထင် နေထိုင်၍ မရပေ။ ယင်းအစား သူတို့သည် မုရုံယန်၏ ကုန်သည်အဖွဲ့ထဲ၌ ပုန်းကွယ်လျက် လျှို့ဝှက်ကိစ္စများကို တိတ်တဆိတ် လုပ်ဆောင်နေကြသည်။
ထို့ပြင် ထိုသူများသည် ဟုန်ယွိ၏ ယုံကြည်ရသော လက်ထောက်များ ဖြစ်ကြသော်လည်း သူ အယုံကြည်ရဆုံးသော သူများတော့ မဟုတ်ကြပေ။
ဟုန်ယွိ အယုံကြည်ရဆုံးသော သူများမှာ သူ၏ တာအိုလက်တွဲဖော် ချန်ယင်းရှာနှင့် ရှန်ထျန်းယန်၊ ရှန်ထိုက်ဇူ၊ မုကလေး၊ ချီဇီယန်၊ ရွှေပင့်ကူနှင့် နင်ဂျာဘုန်းတော်ကြီးတို့ပင် ဖြစ်ကြသည်။
ဤသူများကသာ သူ၏ တကယ့်အဓိက အမာခံများဖြစ်ကြပြီး ကျန်လူများမှာ နောက်ခံ အဖွဲ့ဝင်များသာ ဖြစ်ကြသည်။
ထို့ပြင် သခင်ကျိုး၊ လီလဲ့၊ ဝမ်ဖေးယန်နှင့် အကြီးအကဲရှန်တို့သည် သိုင်းပညာရော တာအို ပညာရပ်များတွင်ပါ အကန့်အသတ်တစ်ခုသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ တိုးတက်ရန် အခွင့်အလမ်း သိပ်မရှိတော့သဖြင့် ဟုန်ယွိသည် နတ်ဆိုးနတ်ဘုရားသွေးစက်ကို ရရှိပြီး နောက် ၎င်းတို့ကို တိုက်ကျွေးရန် ရည်ရွယ်ချက် မရှိပေ။
နတ်ဆိုးနတ်ဘုရား သွေးသုံးစက်အနက် တစ်စက်ကို သုံးပိုင်း ခွဲလိုက်ပါသည်။ တစ်ပိုင်းကို ကြင်ယာတော်ယွမ်အား ပေး၍ မိန်းမစိုးချုပ် ဝမ်ထောင်ကို သိမ်းသွင်းရန် အသုံးပြုခဲ့သည်။ ကျန်သော နှစ်ပိုင်းကိုမူ မုကလေးနှင့် ရှန်ထိုက်ဇူတို့ကို ပေးလိုက်၏။
မုကလေးနှင့် ရှန်ထိုက်ဇူတို့သည် မူလကပင် ရှင်တန်သိုင်းသခင်အဆင့်၏ အထွတ်အထိပ် သို့ ရောက်ရှိနေကြသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ယခုအခါ သူတို့သည် ၎င်းကို သောက်သုံးပြီးနောက် ချက်ချင်းပင် မဟာသခင်နယ်ပယ်သို့ ရောက်ရှိသွားကြသည်။ ထို့ပြင် သူတို့၏ သိုင်းပညာသည် အနာဂတ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာပေလိမ့် မည်။
နတ်ဆိုးနတ်ဘုရားသွေးစက်သည် တိုင်ရှန်တာအိုဂိုဏ်း၏ မြေအနှစ်သာရဆေးလုံးများ ထက်ပင် ပို၍ ထူးခြားသော ဆေးဖြစ်ပေသည်။ ၎င်းကို သောက်သုံးပြီးနောက် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုလုံးကို သန်မာစေသော အာနိသင် ရှိသည်။ ထို့ပြင် မည်သည့် ဆေးဘေး ထွက်ဆိုးကျိုးမျှလည်း မရှိပေ။
ဒုတိယမြောက် နတ်ဆိုးနတ်ဘုရား သွေးတစ်စက်ကိုမူ ဟုန်ယွိက သုံးပုံ ပုံလိုက်ပြန်သည်။ တစ်ပုံကို ချီဇီယန်အား ပေးသည်၊ နောက်တစ်ပုံကို နင်ဂျာဘုန်းတော်ကြီးအား ပေးပြီး နောက်ဆုံးတစ်ပုံကိုမူ မင်းသားယုအတွက် ပြင်ဆင်ထားလိုက်သည်။
မင်းသားယုသည် သူ ကူညီချင်သော သူဖြစ်သည်။ အကယ်၍ သူသည် အကန့်အသတ်ကို ချိုးဖျက်ပြီး သိုင်းသူတော်စင် ဖြစ်လာနိုင်လျှင် သူ၏ အနာဂတ်သည် တောက်ပလာပေလိမ့် မည်။ ပြီးခဲ့သည့် တစ်ခေါက်က သူသည် မြေအနှစ်သာရဆေးလုံးကို သောက်သုံးခဲ့ပြီးသား ဖြစ်သည်။ ယခုတစ်ခေါက် နတ်ဆိုးနတ်ဘုရားသွေးစက် အနည်းငယ်သည်လည်း မင်းသားယုကို အကန့်အသတ် ဖောက်ထွက်နိုင်ရန် ကူညီပေးနိုင်ပေလိမ့်မည်။
နောက်ဆုံး နတ်ဆိုးနတ်ဘုရား သွေးတစ်စက်ကိုမူ အရေးပေါ် အခြေအနေများအတွက် သဘာဝအတိုင်း ချန်ထားလိုက်သည်။
…
မုကလေးသည် သူမလက်ထဲတွင် ငါးမန်းသတ်ဓားကို ကိုင်ဆောင်ထားသည်။ သိုင်းလေ့ကျင့်ရေးကွင်းထဲ၌ သူမ၏ ပုံရိပ်သည် ရေပေါ်၌ ဝဲပျံနေသော ပျံလွှားလေးကဲ့သို့ အလွန်ပင် ပေါ့ပါးလှ၏။ သူမ၏ ခြေထောက်များသည် မြေမှ ဖုန်မှုန့်များနှင့်ပင် မထိတွေ့ ပေ။ သူမ၏ ဓားသိုင်းသည် အလွန်ပင် ထက်မြက်လှသည်။ တစ်ခါတစ်ရံ ထိုးနှက်သည်၊ တစ်ခါတစ်ရံ ခုတ်ပိုင်းသည်၊ တစ်ခါတစ်ရံ အားကို ထုတ်သုံးလိုက်သောအခါ ရှည်လျား သော “ဓားစွမ်းအင်”တစ်ခု ထွက်ပေါ်လာလေသည်။
ရှုး!
မုကလေးသည် သိုင်းလေ့ကျင့်ရေးကွင်း ဘေးရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ ရုတ်တရက် ပြေးဝင်သွားသည်။ ခြေထောက်နှစ်ဖက်ဖြင့် ထိုသစ်ပင်ပေါ်သို့ ကြောင်ကတိုးတစ်ကောင် ကဲ့သို့ ခုန်တက်သွားပြီး သူမ၏ ဓားကို ချိန်ရွယ်လိုက်သည်။
ပုချိ…။
သစ်ကိုင်းပေါ်၌ နားနေသော ပိန်ညင်းငှက်လေး တစ်ကောင်သည် ထိမှန်သွားပြီး 'ပုချိ' ဟူသော အသံနှင့်အတူ အောက်သို့ တန်းတန်းမတ်မတ် ပြုတ်ကျသွားလေသည်။
သို့သော် မုကလေး၏ ဓား ထွက်သွားပြီးနောက် သူမသည် ချက်ချင်းပင် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ မည်သည့် အသံမျှ မထွက်ဘဲ သူမ၏ လက်ကို ဆန့်ထုတ်ကာ ပိန်ညင်း ငှက်လေးကို လက်ထဲတွင် ဖမ်းယူလိုက်၏။
“ငှက်ကလေး… မုလေးက နင့်ကို မသတ်ပါဘူး။ ငါက လေ့ကျင့်ဖို့အတွက်ပဲ သုံးတာပါ။ နင့်ကို နှိပ်နယ်ပေးလိုက်ရုံတင်ပါ” မုကလေးသည် ပိန်ညင်းငှက်လေးကို လက်ထဲတွင် ကိုင်ကာ ပွတ်သပ်ပေးလိုက်သည်။ ပိန်ညင်းငှက်လေးသည် သတိရလာပြီး အတောင်ပံများ ခတ်လျက် ထိတ်လန့်တကြား ပျံသန်းသွားတော့သည်။ ၎င်းသည် သစ်ပင်ပေါ်၌ နားနေဆဲဖြစ်ပြီး ခေါင်းလေးကို စောင်းကာ မုကလေးကို ကြည့်နေသည်မှာ တစ်ခုခုကို စဉ်းစားနေသည့်အလားပင်။
“ကောင်းတယ်။”
မုကလေး၏ လှုပ်ရှားမှုများကို မြင်သောအခါ ဟုန်ယွိက မချီးကျူးဘဲ မနေနိုင်တော့ပေ။
မုကလေး၏ ဓားသိုင်းနှင့်အတူ သူမသည် ချက်ချင်းပင် သစ်ပင်ပေါ်သို့ တက်ကာ ပိန်ညင်း ငှက်ကို ထိမှန်စေခဲ့သည်။ ထက်မြက်သော ဓားဦးသည် ငှက်ကလေး၏ ခန္ဓာကိုယ်ကို ထိမှန်ခဲ့သော်လည်း ၎င်းသည် တုန်ခါသွားရုံသာ ရှိပြီး သတိမေ့သွားခြင်း ဖြစ်သည်။ ထို့နောက် သူမသည် သစ်ပင်အောက်သို့ ဆင်းကာ ငှက်ကလေးကို ဖမ်းယူခဲ့သည်။ ဤလှုပ်ရှားမှုများ အားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားခြင်း ဖြစ်သည်။ သူမ၏ အရှိန်၊ နည်းစနစ်နှင့် အားထုတ်မှုသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပေ ပြီ။
ဟုန်ယွိကိုယ်တိုင်လည်း သဘာဝအတိုင်း ထိုသို့ လုပ်နိုင်သော်လည်း မုကလေးသည် မဟာဆရာသခင်နယ်ပယ်၌သာ ရှိသေးသည် မဟုတ်ပါလား။
အထူးသဖြင့် မုကလေး၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် တစ်သားတည်း မဖြစ်သေးသည် ကို ဟုန်ယွိ မြင်နိုင်ပေသည်။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း …
ရွှေပင့်ကူသည် ဟုန်ယွိ၏ ပခုံးပေါ်တွင် ထိုင်လျက် အားရပါးရ လက်ခုပ်တီးနေသည်။ သူမ က အော်ပြောလိုက်သည် - “အစ်မမုလေး… အစ်မက တကယ်ကို တော်တာပဲ။ ကျွန်မ လူပြန်ဝင်စားပြီးရင်လည်း အစ်မလိုမျိုး လွတ်လပ်ပေါ့ပါးအောင် သိုင်းပညာတွေ လေ့ကျင့်ချင်တယ်။ နှိုင်းယှဉ်ကြည့်ရင်တော့ ထိုက်ဇူက နွားကြီးတစ်ကောင်လိုပဲ! မဟုတ်ဘူး… နွားမဟုတ်ဘူး၊ တောဆင်ရိုင်းကြီး တစ်ကောင်လိုပဲ။”
အဝေးတစ်နေရာတွင် ရှန်ထိုက်ဇူသည် ပျက်သုန်းခြင်းရှစ်မျိုးလှံပုဆိန်ကို ကိုင်ဆောင်ကာ ကခုန်သကဲ့သို့ လေ့ကျင့်နေသည်။ နင်ဂျာဘုန်းတော်ကြီးသည် မြေပြင်ပေါ်ရှိ ထိုင်ခုံပတ် ပေါ်၌ တင်ပလ္လင်ခွေ ထိုင်လျက် ရှန်ထိုက်ဇူ သိုင်းလေ့ကျင့်နေသည်ကို ကြည့်နေ၏။
ရှန်ထိုက်ဇူ၏ လှံပုဆိန်ရှည်ကြီး ဝှေ့ယမ်းလိုက်တိုင်း လေထုကို ဖြတ်တောက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားစေသည်။ မြေပြင်ပေါ်၌ နက်ရှိုင်းသော ခြေရာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ ၎င်း၏ စွမ်းအားမှာ နှိုင်းယှဉ်စရာမရှိပေ။
“မုကလေး… ခဏနားလိုက်ဦး။ ဒီဘက်ကို လာပါဦး၊ ငါ တစ်ချက်လောက် ကြည့်ချင်လို့” ဟုန်ယွိသည် ရွှေပင့်ကူကို ဖမ်းယူပြီး သူ၏ ပခုံးပေါ်မှ ချလိုက်သည်။ သူမကို စားပွဲပေါ်၌ ထိုင်ခိုင်းလိုက်ပြီး မုကလေးကို လှမ်းခေါ်လိုက်သည်။
“အင်း… အစ်ကိုယွိ” မုကလေး၏ ဖြူစင်သန့်ရှင်းသော မျက်နှာပေါ်တွင် ချွေးစ တစ်စမျှ မရှိ ပေ။ သူမ လျှောက်လာသောအခါ အစေခံမိန်းကလေး အနည်းငယ်က သူမ၏ မျက်နှာနှင့် လက်များကို ဆေးကြောရန် ရေနှင့် တဘတ်များကို ယူဆောင်လာပေးကြသည်။
ယခုအချိန်တွင် မုကလေးသည် အရင်တုန်းကလိုမျိုး အစေခံမိန်းကလေး မဟုတ်တော့ပေ။ သူမသည် သွယ်လျပြီး ကျော့ရှင်းလှပကာ ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည်။ မျိုးရိုးကြီး မိသားစုမှ အမျိုးသမီးငယ်များနှင့် နှိုင်းယှဉ်လျှင် သူမတွင် ဖော်ပြ၍မရသော ကျက်သရေ ရှိနေပေသည်။
ထို့ပြင် ဟုန်ယွိသည်လည်း ဤညီမလေးကို ထပ်ပြီး ဒုက္ခမခံစေတော့သည်မှာ သဘာဝပင်။ နေ့တိုင်း သူမကို ပြုစုစောင့်ရှောက်ရန် အစေခံမိန်းကလေး ၁၀ ယောက်ကျော် ရှိပေသည်။
“သဘာဝအတိုင်း ဆိုရင်တော့ မင်းရဲ့ သိုင်းပညာဟာ မဟာဆရာအဆင့်ကို ရောက်နေပြီ၊ မင်းရဲ့ အငွေ့အသက်တွေကိုလည်း ထိန်းချုပ်နိုင်နေပြီဆိုတော့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် ဟာ တစ်သားတည်း ဖြစ်နေသင့်ပြီ မဟုတ်လား။ ဒါပေမဲ့ ငါကြည့်ရသလောက် မုကလေး… မင်းက စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် တစ်သားတည်း မဖြစ်သေးဘူး။ ဘာကြောင့်လဲလို့ ငါ သိချင်မိတယ်။ ငါ တာအိုပညာရပ်တွေကို ကျင့်ကြံရာမှာ အာရုံစူးစိုက်နေရတော့ မင်းကို ဂရုမစိုက်မိသလို ဖြစ်သွားတယ်။ ငါ တစ်ချက်လောက် ကြည့်ပါရစေဦး။”
မုကလေး လျှောက်လာသည်ကို မြင်သောအခါ ဟုန်ယွိသည် သူမ၏ ဆံပင်များကို သပ်ရပ် အောင် လုပ်ပေးပြီး အင်္ကျီကို ပြင်ပေးလိုက်သည်။ သူသည် ညီမလေးကို ဂရုစိုက်သော အစ်ကိုကြီး တစ်ယောက်နှင့် တကယ်ပင် တူလှပေသည်။ ထို့နောက် သူသည် လက်ကို လှည့်လိုက်ရာ သူ၏ မျက်ခုံးနှစ်ခုကြားမှ အတွေးတစ်ခုသည် မုကလေး၏ မျက်ခုံးနှစ်ခု ကြားသို့ တိုးဝင်သွားလေသည်။
“ငါ့ရဲ့ တာအိုပညာရပ်တွေက အခုဆိုရင် အတော်ကို နက်ရှိုင်းနေပြီ။ တကယ်လို့ မုကလေး သာ တကယ်ပဲ ဧကရာဇ်အကြံပေး ယုဝမ်မုရဲ့ လူပြန်ဝင်စားဆိုရင်တော့ ငါ တစ်ခုခုကို ရှာတွေ့နိုင်မှာပါ။” ဟုန်ယွိသည် မုကလေး၏ မျက်ခုံးနှစ်ခုကြားသို့ သူ၏ အတွေးများ ဝင်ရောက်သွားစဉ် စိတ်ထဲမှ တွေးတောနေမိလေသည်။